Wednesday, March 2, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၂)

အခန်း(၁)
ဒဏ်ရာရထားသော ခြင်္သေ့ပင်လျှင်
ဟောက်ကြည့်ချင်သေး


    ပါမောက္ခများစွာတို့သည် 'နောက်ဆုံးဟောပြောချက်' ဟူ၍ ခေါင်းစဉ်ပေးထားသော ဟောပြောချက် များ ကို ဟောပြောခဲ့ကြဖူးပါသည်။ ထိုသို့သော ဟောပြောချက်များကို တွေ့ဖူးချင်လည်း တွေ့ဖူးကြ ပါလိမ့်မည်။

    တက္ကသိုလ်နယ်မြေမှာ ဤသို့သော ဟောပြောချက်များသည် လုပ်နေကျ အလုပ်မျိုးပင် ဖြစ်နေပါပြီ။ ပါမောက္ခကြီး များကို ဤဟောပြောချက်မျိုး ဟောပြောပေးဖို့ တောင်းခံလေ့ရှိပါသည်။ အကယ်၍ ပါမောက္ခကြီး က သေတော့မည်ဆိုပါစို့။ ထိုသို့ဆိုလျှင် ပါမောက္ခကြီး အတွက် ဘာအရေးကြီးဆုံးဖြစ်မည် ထင်ပါသလဲ။ ထိုအရေးကြီးဆုံးအရာကို မြွက်ကြားပေးပါဟု မေတ္တာရပ်ခံလေ့ရှိ ပါသည်။ တစ်ဖန် ပါမောက္ခကြီး များ ဟောပြောနေစဉ်တွင်လည်း ပရိသတ်စိတ်ထဲမှာ အလားတူ မေးခွန်းမျိုးကို မစဉ်းစားဘဲ မနေကြပေ။ ကျွန်ုပ်တို့သည် ယခုအချိန်မှာ ကျွန်ုပ်တို့၏ နောက်ဆုံးအ ချိန်ဖြစ်သည်ဟူ၍ သိထားခဲ့ပါလျှင် လောကကြီး အတွက် ဘယ်သို့သော မှတ်သားစရာစကားမျိုး ဖြင့် ပညာပေးခဲ့လိုပါသနည်း။

    မနက်ဖြန် တွင် သေဆုံးပျောက်ကွယ်တော့မည်ဆိုပါက ကျွန်ုပ်တို့၏ အမွေအနှစ်အဖြစ် ဘာကို ထားခဲ့ချင် ပါသနည်း ဟူသော မေးခွန်းမျိုးများ ဖြစ်ပါသည်။
    ကာနက်ဂီတက္ကသိုလ် နောက်ဆုံးဟောပြောချက် အစီအစဉ်ကို လုပ်ခဲ့သည်မှာ နှစ်နှင့်ချီ၍ ကြာခဲ့ပေပြီ။ သို့ရာတွင် ဤအစီအစဉ်ကို စီစဉ်ကြသူများ ကျွန်တော်အား ဟောပြောပေးဖို့ လာ ရောက်ပြောဆိုချိန်တွင် သူတို့သည် သူတို့၏ ထိုဟောပြောချက် အစီအစဉ်ကို 'ခရီးများ' ဟူ၍ အမည်သစ် ပေးထားခဲ့ကြပြီး ဖြစ်သည်။

ဟောပြောပေးရန် အတွက် သူတို့ ရွေးချယ်ထားသော ပါမောက္ခများကို သူတို့ဖြတ်သန်းလာရသော ပုဂ္ဂလိက ခရီးစဉ် တွင်ရော အသက်မွေးဝမ်းကြောင်း ပညာရပ်ခရီးများကို ပြန်ပြောင်း တွေးမိရာများကို ပြောပြရန် မေတ္တာရပ်ခံပြီး ထိုခေါင်းစဉ်ဖြင့် ဟောပြောစေကြခြင်းဖြစ်သည်။ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး ခေါင်းစဉ် မျိုးပင် မဟုတ်သော်လည်း ကျွန်တော်သည် ထိုအတိုင်းဖြင့် ပြင်ပြောဖို့ လက်ခံလိုက်သည်။ ကျွန်တော် ပြောရမည့် အလှည့်ကို စက်တင်ဘာလ ထဲ မှာ ပေးထားပါသည်။

    ထိုသို့ ဟောပြောပေးဖို့ လက်ခံလိုက်ချိန်၌ ကျွန်တော်၏ ပန်ကရိယမှာ ကင်ဆာဖြစ်နေကြောင်း ဆရာဝန် က ပြောထားပါပြီ။ သို့ရာတွင် စိတ်အားမလျှော့။ ဘ၀ကို အကောင်းဘက်ကသာ ရှုမြင်ထားသည်။ ကင်ဆာ ရောဂါ ရလျက် အသက်မသေ ရှင်လျက်ရှိနေသူများတွင် ကျွန်တော်ပါနေ၍ ကံကောင်းသည်ဟုပင် ဆိုနိုင် သေးသည်။

    ကျွန်တော် ရောဂါအတွက် ကုသမှုခံယူနေချိန်တွင် ဟောပြောချက် အစီအစဉ်များကို ဆောင်ရွက် နေကြသူ များက ကျွန်တော့်ထံ အီးမေးလ် တွေ တောက်လျှောက် ပို့နေသည်။ 'ပြောမည့် အကြောင်းအရာ က ဘာပါလဲခင်ဗျာ' ဟု မေးကြသည်။ 'အကြောင်းအရာ အကျဉ်းချုပ်ကလေးကို ပေးစေလိုပါတယ်' ဟုပြောကြသည်။ ကျွန်တော်လို မသေဖို့ မနည်းကြိုးစားနေရ၍ အလုပ်တွေ ဘယ်မျှ ရှုပ်နေသည်ဟု ဆိုစေ၊ ပညာရှင် လောကတွင် မသိကျိုးကျွန်ပြု၍ မရ၊ မျက်ကွယ်ပြု၍ မရသည့် ထုံးစံတွေက ရှိသည်။ သြဂုတ်လ လယ်လောက် ရောက်သည့်အခါ ကျွန်တော် ဟောပြော မည့် ဟောပြောချက်အတွက် ပိုစတာတစ်ခု ရိုက်နှိပ် ရဖို့ ရှိသည်ဟု ကျွန်တော့်အား ပြောပါသည်။ ထိုကြောင့် ကျွန်တော်သည် ပြောမည့်ခေါင်းစဉ်ကို ဆုံးဖြတ် ရတော့မည် ဖြစ်သည်။

    သို့ရာတွင် ထိုသီတင်းပတ်မှာပင် ကျွန်တော် မကြာသေးမီက ခံယူခဲ့သည့် ကုသမှုသည် အရာမထင်၊ ကျွန်တော် နေရတော့မည့်အချိန်သည် လပိုင်းမျှသာ ကျန်တော့သည်ဟူသော သတင်းကို ကျွန်တော် ရသည်။ ရုတ်ခြည်းဆိုသလိုပင် လုပ်ရမည့် အခြားအရာများကလည်း အများအပြား ဖြစ်လာသည်။ ကျွန်တော် သည် ကျွန်တော်တစ်ယောက်တည်း ၏ ၀မ်းနည်းကြေကွဲမှုကို သာမက ကျွန်တော်အား ချစ်ခင် မြတ်နိုး သူများ၏ ဝမ်းနည်း ကြေကွဲမှု ကိုပါ ရင်ဆိုင်ရတော့မည်ဖြစ်သည်။

ကျွန်တော်သည် ကျွန်တော့်မိသားစု ကိစ္စများကို အစီအစဉ်တကျ ဖြစ်ရေးတွင် ကျွန်တော်ကိုယ် ကျွန်တော် ပုံပေးရပေလိမ့်မည်။ သို့ပင် ဖြစ်သော်လည်း ထိုသို့သော လုပ်စရာတွေ ဘယ်မျှပင်ရှိနေရှိနေ၊ ဟောပြော မည်ဟူသော စိတ်ကူးကိုမူ ခါထုတ်၍ မရနိုင်ဘဲ ဖြစ်နေသည်။ နောက်ဆုံးဟောပြောချက် ဟူသော အမည် ခေါင်းစဉ် နှင့် အညီ ကျွန်တော်၏ ဟောပြောချက်မှာ တကယ်ပင် နောက်ဆုံးဟောပြောချက်ဖြစ်မည် ဟူသော အတွေးက ကျွန်တော့်အား အားပေးလျက်ရှိသည်။ ကျွန်တော် ဘာကိုပြောလျှင် ဖြစ်မည်နည်း၊ ကျွန်တော့် ဟောပြောချက်ကို မည်သို့လက်ခံကြမည်နည်း။ ကျွန်တော် ဟောပြောချက်ပြီးအောင်ကော ဟောပြောနိုင်ပါမည် လော။

    'သူတို့ကတော့ ကိုယ်မပြောဖြစ်တော့ဘူးဆိုပြီး နောက်ဆုတ်လိုက်မယ်ဆိုရင် နောက်ဆုတ် ခွင့် ပြုကြ မှာပါပဲ၊ ဒါပေမဲ့ ကိုယ်က ဒီဟောပြောချက်ကို တကယ်ပဲ ဟောပြောလိုက်ချင်တယ်လေ' ဟု ကျွန်တော်က ကျွန်တော့် ဇနီးလေး ကို ပြောပြပါသည်။

    ဂျေးသည် အမြဲသဖြင့် ကျွန်တော်အား နှစ်သိမ့် အားပေးနေတတ်သူဖြစ်သည်။ ကျွန်တော် က စိတ်အား ထက်သန် လိုက်သည်သာ ဖြစ်သည်။ သို့ရာတွင် သူက ဤနောက်ဆုံးဟောပြောချက် ဟောပြောမည့် ဟူသော စိတ်ကူး ကို သံသယရှိနေ၏။ ကျွန်တော်တို့သည် ပစ္စဘတ်မှ အရှေ့တောင် ဗာဂျင်နယားကို ရွှေ့လာ ခဲ့သည်မှာ မကြာသေးခင်မှ ဖြစ်သည်။ ဤသို့ ရွှေ့လာရခြင်းမှာ လည်း ကျွန်တော် သေဆုံး သွားပြီး နောက်တွင် ဂျေး နှင့် ကလေးများ ဂျေး ၏ မိသားစုနှင့် နီးနီးနားနား နေနိုင်အောင် ဖြစ်သည်။

ဂျေးက ကျွန်တော်၏ အဖိုးတန်လှသော အချိန်ကို ကိုယ့်ကလေးတွေနှင့် အတူ နေသောအားဖြင့်ဖြစ်စေ၊ အိမ်သစ် မှာ ထုပ်ပိုးလာသော ပစ္စည်းပစ္စယများ ကို အထုပ်မှဖြေ၍ နေထားတကျ ဖြစ်သောအားဖြင့် ဖြစ်စေ ကုန်လွန် စေချင်၏။ ထိုအဖိုးတန်အချိန် ကို ဟောပြောချက် ရေးပြီးနောက် ပစ္စဘတ် သို့ တစ်ခါပြန်ကာ သွားဟောပြော စသည့် အလုပ်များဖြင့် ကုန်မသွားစေချင် ပေ။

    'အတ္တဆန်တယ်လို့ပြောချင်လည်း ပြောတော့မောင်၊ ကျွန်မတော့ မောင့်ကို အကုန်လုံး လိုချင်တာပဲ၊ မောင် ဒီဟောပြောချက် အတွက် ကုန်တဲ့အချိန်တွေဟာ ကျွန်မတို့အဖို့တော့ ဆုံရှုံးသွား တဲ့ အချိန်ပဲ၊ ဘာဖြစ်လို့ လည်းဆိုတော့ အဲဒီအချိန်ဟာ ကျွန်မနဲ့ ကလေးတွေဆီက ယူသွားတဲ့အချိန် ဖြစ်လို့ပဲ' ဟု ဂျေး က ပြောပါသည်။

    သည်စကား ဘယ်ကလာသည်ကို ကျွန်တော် နားလည်ပါ၏။ ကျွန်တော် ဒီရောဂါ ရလာက တည်းက ကျွန်တော် ဂျေးပြောတာကို လက်ခံ လိုက်နာမည်။ ဂျေး၏ ဆန္ဒကို လိုက်လျောမည်ဟု ကိုယ့်ဘာသာကိုယ် ကတိသစ္စာ ဆိုထားသည်။ ကျွန်တော်၏ မကျန်းမာမှုကြောင့် ဖြစ်ပေါ်လာသည့် ၀န်ထုတ်ဝန်ပိုးကို နည်းနိုင်သမျှ နည်းအောင် လုပ်သွားရန်သည် ငါ့တာဝန်ဖြစ်သည်ဟူ၍လည်း ကျွန်တော် သိမြင်ထားပြီး ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ကျွန်တော်သည် မျက်စိနှစ်လုံး ဖွင့်လိုက် သည်နှင့် နိုးနေသမျှ အချိန်အတွင်း ကျွန်တော် မရှိတော့သည့် နောက် ကျွန်တော့်မိသားစု၏ အနာဂတ်အတွက် စီစဉ်စရာရှိသည်များကို စီစဥ်ခြင်းဖြင့် အချိန်ကုန် နေစေခဲ့ခြင်း ဖြစ်သည်။

သို့ပင်ဖြစ်သော်လည်း နောက်ဆုံးဟောပြောချက် ဟောပြောခဲ့မည် ဟူသော အာသာဆန္ဒ ကို မစွန့်လွှတ် နိုင် ဘဲ ဖြစ်ရပြန်သည်။
ကျွန်တော်၏ တက္ကသိုလ်ဆရာဘ၀ သက်တမ်း တစ်လျှောက်လုံးတွင် ကျွန်တော်သည် တော်တော် ကောင်းသော ဟောပြောချက် များကိုလည်း ပြောဟောခဲ့ပြီး ဖြစ်ပါ၏။ သို့ရာတွင် ကွန်ပျူတာဌာန တွင် စကားပြော အကောင်းဆုံးဟူ၍ ယူဆ သတ်မှတ်ခံရခြင်းမှာမူ အနူတောတွင် အချောဆုံးလူပါ ပဲဟု အဆိုခံ ရဘိသို့ ရှိပါလိမ့်မည်။ ကျွန်တော်သည် ထိုအချိန်အခါတုန်းကပင်လျှင် ငါ့မှာ အများကြီးရှိသည်။ ငါ့မှာ ရှိတာတွေ အိတ်သွန်ဖာမှောက် ပြောလိုက်ရလျှင် နားထောင်သူတွေကို တစ်စုံတစ်ရာ ထူးခြားတာမျိုး ကိုတော့ ပေးနိုင်လိမ့်မည် ဟု ကျွန်တော့စိတ်မှာ အထင်ရှိခဲ့သည်။ ပေးနိုင်မည့်အရာသည် 'ပညာ' ဟု ဆိုလိုက်လျှင် ကြီးကျယ်သော စကားလုံးတော့ ဖြစ်ချင်ဖြစ်သွား မည်။ အမှန်တော့ ထိုစကားလုံး အတိုင်း သာပဲ ဖြစ်ပေလိမ့်မည်။

    ဂျေးသည် ဟောပြောချက်ကိစ္စအတွက် စိတ်မပျော်နိုင်ဘဲ ဖြစ်သည်။ သို့ဖြင့် နောက်ဆုံး၌ ကျွန်တော် တို့သည် ကျွန်တော်တို့၏ ပြဿနာကို မီချဲရ်ီစ် ထံသို့ ဆောင်ယူသွားကြသည်။ ရီးစ် သည် လွန်ခဲ့သည့် လ အနည်းငယ် ကတည်းက ကျွန်တော်တို့ သွားသွားတွေ့ နေခဲ့ရသည့် စိတ်ကုဆရာဝန်ဖြစ်ပါသည်။ သူက မိသားစု အတွင်း၌ မိသားစုအဖွဲ့ဝင် တစ်ဦးဦးသည် ကုမရတော့သည့် ရောဂါတစ်မျိုးမျိုး နှင့် ရင်ဆိုင် နေရသည့် အခါမျိုးတွင် အကူအညီပေးနိုင်သည့် ပညာရပ်ကို အထူးပြု သင်ယူလာခဲ့သူ ဖြစ်ပါသည်။

    ဂျေးက ရီးစ်ကို ပြောပြသည်။
    'ရန်ဒီ အကြောင်း ကျွန်မသိတယ်၊ သူက အလုပ် ကို လုပ်နေရမှာ ဆိုတဲ့ လူမျိုး၊ သူ ဒီဟော ပြောချက်ကို စပြီးပြုစုပြင်ဆင် လုပ်တာ နဲ့ကို သူ ဘယ်လိုဖြစ်သွားမယ်ဆိုတာ ကျွန်မ သိတယ်၊ ဒီဟောပြောချက်က အချိန် သိပ်ကုန်မှာ'
    ဂျေးက ဆက်ပြောသေးသည်။ ကျွန်တော်တို့ဘ၀တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် လွှမ်းမိုး အနိုင်ယူတော့ မလောက်ဖြစ်နေသော ပြဿနာများကို ရှောင်ဖယ်ချင်သည့်အနေဖြင့် ဤဟော ပြောချက်ကို လုပ်ဖို့မလို ဟု ထင်ကြောင်း လည်း ဂျေးက စောဒက တက်သည်။

    ဂျေး စိတ်ထဲမှာ ကသိကအောက်ဖြစ်နေသည့် ပြဿနာတစ်ခုကလည်း ရှိသေးသည်။ စီစဉ်ထားသည့် အချိန် အတိုင်း ဟောပြောရမည်ဆိုလျှင် ကျွန်တော်သည် ဂျေး၏ ၄၁ နှစ်မြောက် မွေးနေ့မတိုင်မီရက်တွင် ပစ္စဘတ်သိုလ် သို့ လေယာဉ်ဖြင့် သွားရမည်ဖြစ်၏။ 'ဒီမွေးနေ့ဟာ ကျွန်တော်တို့နှစ်ယောက် အတူတွဲ ဆင်နွှဲ ရမယ့် ကျွန်မ ရဲ့ နောက်ဆုံးမွေးနေ့ပါ' ဟု ဂျေး က ကျွန်တော့်ကို ပြောပါသည်။ 'မောင်က ကျွန်မ မွေးနေ့ မှာ တကယ်ပဲ အဲဒီ ကို သွားတော့မှာလား' ဟု လည်း စကားနာ ထိုးပါသည်။

    အမှန်တကယ်အားဖြင့်လည်း ထိုနေ့တွင် ဂျေးကို ထားပြီး သွားရမှာပါကလားဟု တွေးမိ သည့်အခါ ကျွန်တော့် ရင်မှာ မချိပါပေ။ သို့ပင်ဖြစ်သော်လည်း ကျွန်တော်သည် ဟောပြောချက် ဟူ သော စိတ်ကူးကို မစွန့်လွှတ် နိုင်ပြန်ပါ။ ကျွန်တော်သည် ထိုဟောပြောမည့် ကိစ္စကို ကျွန်တော်၏ ပညာရှင်ဘ၀တွင် နောက်ဆုံး အချိန်ကလေး ဟု သိမြင်ထားမိပြီ ဖြစ်၏။ ကျွန်တော့်၏ 'အလုပ်မိသားစု' ကို နောက်ဆုံးခွဲခွာ နှုတ်ဆက် သည့် အနေဖြင့်လည်း ဖြစ်ပေသည်။

ထို့ပြင် ကျွန်တော်ဟောပြောမည့် နောက်ဆုံးဟောပြောချက်သည် အားကစားလောကမှာ အနားယူ တော့မည့် ဘေ့စ်ဘောသမားသည် သူ၏ အကောင်းဆုံး နောက်ဆုံးရိုက်ချက်ကို ရိုက်ပြပြီး သူ၏ အားကစား ပရိသတ် ကို နှုတ်ဆက် သွားသည်နှင့်လည်း တူလှသည် ဟု ကျွန်တော်က စိတ်ကူးယဉ် အတွေးနှင့် တွေးနေမိကြောင်း ကိုယ့်ဘာသာပြန်တွေ့နေရသည်။ ဂွိုင်းဟော့ဘ် ဆိုလျှင် အသက်အရွယ်လည်း ထောက်နေ သူ့မှာ သွေးတွေလည်း ထွက်နေသည့်ကြားက သူ၏ 'ဟုမ်းရန်း' ရိုက်ချက်ကို ပြ၍ နှုတ်ဆက် သွားသည် မဟုတ်ပါလော။

    ဒေါက်တာရီးစ်သည် ဂျေးနှင့် ကျွန်တော်တို့ ပြောသမျှကို နားစိုက်ထောင်သည်။ ဂျေးကို သူမြင်မိ သည်ကား ဂျေးသည် မိမိ၏ ခင်ပွန်းနှင့်အတူတူ ပြည့်စုံသော ဘ၀တစ်ခုကို ဆယ်စုနှစ်များ စွာ တည်ဆောက် သွားကာ သာသမီးများကို ကြီးကောင်ဝင် အရွယ်ရောက်အောင် မွေးကျွေးသုတ်သင် သွားမည် ဟူသော ရည်ရွယ် ချက်မျိုး ထားသည့် ကိုယ့်လင် ကို တကယ်ချစ်မြတ်နိုးတတ်သော စိတ်ဓါတ်ခိုင်မာသည့် အမျိုးသမီး ကောင်း တစ်ဦးဖြစ်သည် ဟု ဆို၏။ ယခုသော် ကျွန်တော်တို့၏ အတူနေထိုင်လာသော ဘ၀သည် နေရဖို့ လ အနည်းငယ်သာ ရှိတော့မည် ဟု ဆိုသည်။ ကျွန်တော့်ကိုကား ဒေါက်တာရီးစ်က ဤသို့မြင်သည်။ ကျွန်တော် သည် ယခုတိုင်အောင် ကိုယ့်အိုးကိုယ့်အိမ်၌ အပြည့်အ၀ အနားယူဖို့ အသင့်မဖြစ်သေးရာ ညောင်စောင်း ပေါ်သို့ တက်ဖို့ ရာလည်း အသင့် မရှိသေးသူလည်း ဖြစ်သည်... ဟူ၏။

    'ဒီဟောပြောချက်ဟာ  ကျွန်တော် ဂရုတစိုက် ရှိလာခဲ့တဲ့ လူအများအပြားက ကျွန်တော့်ကို သွေးနဲ့ခန္ဓာ တည်မြဲနေသေး တဲ့ အဖြစ် နဲ့ နောက်ဆုံးမြင်တွေ့ရမယ့် အချိန်ဖြစ်ပါတယ်' ဟု ကျွန်တော်က ခပ်ရှင်းရှင်းပင် ပြောလိုက်ပါသည်။

ဆက်ရန်
.

5 comments:

Anonymous said...

မရွှေစင်ဦးရေ
စာလာဖတ်ပါတယ်ခင်ဗျာ.

ခင်မင်သော
မောင်မောင်

ကိုဇော် said...

ဒီလို အချိန်မှာ ဒီလို လွန်ဆွဲမှုတွေ ကြုံရတာ ထုံးစံလို ဖြစ်နေတယ်။

Angelhlaing(May everybody be happy and healthy! said...

မမရေ ညီမလေးစာလာဖတ်တာပါ။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။

လသာည said...

ဒီပိုစ်က ခွန်အားတွေကို အများကြီးပေးတဲ့အတွက် ရွေးချယ်တင်ပေးတဲ့ မမကို ကျေးဇူးတင်ပါတယ်။

ရင်ထဲထိတဲ့စကားလေး ရှိတယ်..

“ကျွန်တော် သည် ကျွန်တော်တစ်ယောက်တည်း ၏ ၀မ်းနည်းကြေကွဲမှုကို သာမက ကျွန်တော်အား ချစ်ခင် မြတ်နိုး သူများ၏ ဝမ်းနည်း ကြေကွဲမှု ကိုပါ ရင်ဆိုင်ရတော့မည်ဖြစ်သည်။ ” ဆိုတာလေး...

Anonymous said...

ဖတ်ရတာ နည်းလို့ အားမရဘူး။စိတ်ဓာတ်ခွန်အားရှိစေတဲ့ စာတွေဖတ်ပီး ခွန်အားတွေ ရတယ်မမရေ။ကျေးဇူးတင်ပါတယ်။
အနော်