Friday, February 18, 2011

လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၃၀)

အခန်း ၁၄

၂၀၀၆ ခုနှစ် နိုဝင်ဘာလ အစောပိုင်းမှာ မာလာဝီဆရာဖြစ်သင် ကောလိပ်က အဖွဲ့တစ်ဖွဲ့ ၀င်ဘီ မူလတန်းကျောင်းကို စစ်ဆေးဖို့ ရောက်လာပါတယ်။ အဲဒီမှာ ကျောင်းဝင်းထဲက လေရဟတ်ကို သူတို့ မြင်သွားပြီး စာကြည့်တိုက်မှူး မစ္စက်ဆီကိုလိုကို ဘယ်သူဆောက်တာလဲ မေးပါတယ်။ ဆရာမက ကျွန်တော့်နာမည် ပေးလိုက်တော့ သူတို့က သူတို့ရဲဌာနမှူး ဒေါက်တာအမ်ချာဇိုင်းကို ဖုန်းဆက်အကြောင်း ကြားပါတယ်။

နောက် သိပ်မကြာပါဘူး။ ငါးနာရီခရီးကို မောင်းပြီး ဒေါက်တာ အမ်ချာဇိုင်း ရောက်ချလာတယ်။ ဒေါက်တာ အမ်ချာဇိုင်းက အသက် မငယ်တော့ပါဘူး။ ဆံပင်တွ ဖြူဖွေးနေပါပြီ။ ကြင်နာတတ်တဲ့ မျက်လုံးတွေနဲ့ စကား ပြောကောင်းတဲ့ လူကြီးတစ်ယောက်ပါ။ ချီချီဝါဘာသာစကားကိုကော၊ အင်္ဂလိပ်စကားကိုပါ ဌာန်ကရိုဏ်း ကျကျ ပြောနိုင်သူ ဖြစ်ပါတယ်။
"ဆရာ့ကို အားလုံး ပြောပြပါလား"

သူက ကျွန်တော့်ရဲ့ လေရဟတ်ရာဇ၀င်ကို မေးပါတော့တယ်။ အရင်တုန်းကလည်း အာပေါက်အောင် ရှင်းပြဖူးတာမို့ သူ့ကို အထစ်အငေါ့ မရှိ ကျွန်တော် ဇာတ်ကြောင်းပြန်လိုက်ပါတယ်။ ပြီးတာနဲ့ ကျွန်တော် လုပ်ထား တဲ့ မီးခလုတ်တွေနဲ့ ဆိုက်ကဒ်ဘရိတ်ကာကို ခေါ်ပြလိုက်ပါတယ်။ သူက ခေါင်းတညိတ်ညိတ်နဲ့ နားထောင်ရင်း မေးခွန်းတွေကို အသေးစိတ် မေးပါတော့တယ်။
"မင်း မီးလုံးလေးတွေက သေးလှချည်လား။ ဘာဖြစ်လို့ ကြီးကြီးမသုံးတာလဲ"

"မီးလုံးကြီးတွေ အေစီလိုပါတယ် ခင်ဗျာ။ ဒါက ဒီစီ မီးလုံးလေးတွေပါ။ မော်တော်ကား မီးလုံးအဟောင်းတွေ ကို ကျွန်တော် ရှာသုံးထားတာပါ"
"ဘယ်နှတန်း အောင်လဲ"
"အထက်တန်းကျောင်း ရောက်တဲ့နှစ်မှာပဲ ကျွန်တော် ကျောင်းထွက်လိုက်ရပါတယ်"
"ဒါဆို လျှပ်စစ်တို့၊ ဗို့အားတို့ဆိုတာတွေ မင်း ဘယ်လိုလုပ်သိလဲ"
"ဆရာကြီးတို့ရဲ့ စာကြည့်တိုက်က စာအုပ်တွေ ကျွန်တော် ငှားဖတ်ပါတယ် ခင်ဗျာ"

"မင်းကို သင်ပေးတဲ့လူ ရှိလား၊ ဘယ်သူက မင်းကို ကူညီသလဲ"
"ဘယ်သူမှ မရှိပါဘူး ခင်ဗျာ၊ ကျွန်တော့်ဘာသာ လေ့လာပြီး လုပ်တာပါ"
ဒေါက်တာ အမ်ချာဇိုင်းက အဖေနဲ့ အမေ့ကိုလည်း တွေ့ပြီး စကားပြောပါသေးတယ်။
"ခင်ဗျားတို့သားလေးရဲ့အစွမ်းနဲ့ အိမ်မှာ မီးရနေပြီ။ အဲဒီအတွက် ဘယ်လို ခံစားရလဲ"
အမေက ဖြေပါတယ်။

"ကျွန်မတို့ ဂုဏ်ယူနေတာပါရှင်။ အစကတော့ သူရူးသွားမလားလို့ စိတ်ပူလိုက်ရတာ"
ဒေါက်တာအမ်ချာဇိုင်း ခေါင်းယမ်းပြီး ရယ်ပါတယ်။
"ကျွန်တော်တစ်ခု ပြောပါရစေ၊ ဒီကလေးရဲ့ စွမ်းရည်ကို ခင်ဗျားတို့ သိပ်သဘောပေါက်ပုံ မရဘူး။ သူဟာ အံ့သြ စရာကောင်းလောက်အောင် ထက်မြက်တဲ့ ကလေးပါ။ ဒါဟာ အစပဲရှိပါသေးတယ်။ ၀ီလျံကမ်ကွမ်ဘာကို လူတွေ အများကြီးလာတွေ့တာ ခင်ဗျားတို့ မြင်ကြရလိမ့်မယ်။ ဒီကလေးဟာ ထွန်းထွန်းပေါက်ပေါက် ဖြစ်လိမ့်မယ်လို့ ကျွန်တော် စိတ်ထဲက သိနေတယ်။ ခင်ဗျားတို့  အဆင်သင့်သာ ပြင်ထားကြပေတော့"

ဒီဆရာကြီး ကျွန်တော့်ကို လာတွေ့တဲ့အတွက် ကျွန်တော် စိတ်လှုပ်ရှားနေတယ်။ စိတ်လည်း ရှုပ်သွားတယ်။ ဘယ်သူမှ ဒီလို မေးခွန်းတွေ ကျွန်တော့်ကို မမေးဖူးဘူး။ သူ့လို စိတ်ဝင်စားတဲ့သူမျိုးလည်း မတွေ့ဖူးသေးဘူး။
မြို့ကို ပြန်ရောက်တော့ သူ့အပေါင်းအသင်းတွေကို ဒေါက်တာ အမ်ချာဇိုင်းက ကျွန်တော့်အကြောင်း ပြောပြ တယ်။
"ဟာ့ ဒါသတင်းထူးပဲ။ ဒီကလေးအကြောင်း တစ်ကမ္ဘာလုံး သိအောင် လုပ်ရမယ်" လို့ ၀ိုင်းပြောကြတယ်။
ဒေါက်တာအမ်ချာဇိုင်းက သဘောတူတယ်။

"ကျုပ်လည်း အဲဒီအတိုင်း မြင်တယ်"
နောက်တစ်ပတ်မှာ ဒေါက်တာအမ်ချာဇိုင်း ပြန်ရောက်လာတယ်။ ရေဒီယို ၀မ်းက သတင်းထောက် တစ်ယောက်လည်း ပါလာတယ်။ နာမည်ကျော် အီဗာဆင် မာဆီယာပေါ့။ သူ့အသံကို ကြားဖူးနေတာ ကြာပါ ပြီ။ သူက ကျွန်တော့်ကို ဗျူးဖို့ ကျွန်တော့်အိမ်အထိ ရောက်လာပါတယ်။
သူ စမေးပါတယ်။

"ဒီဟာကို မင်း ဘာလို့ ခေါ်သလဲ"
"လျှပ်စစ်လေလို့ ကျွန်တော် နာမည်ပေးထားပါတယ်"
"ဘယ်လို အလုပ်လုပ်သလဲ ပြောပြပါလား"
"ပန်ကာရွက်တွေ လည်တဲ့အခါ ဒိုင်နမိုကနေ လျှပ်စစ်အား ထွက်လာပါတယ်"
"အဲဒါနဲ့ မင်းဘာ ဆက်လုပ်မယ် စိတ်ကူးသလဲ"

"မာလာဝီ တစ်နိုင်ငံလုံးက ရွာတွေကို ရောက်အောင် ကျွန်တော် လုပ်ပေးချင်ပါတယ်။ ဒါမှ မီးရော၊ ရေရော သူတို့  ရကြမှာ"
ရေဒီယိုက ပြန်လာမယ့် ကျွန်တော့်အသံကို နားစွင့်နေတုန်း ဒေါက်တာအမ်ချာဇိုင်း ရောက်လာပြန်တယ်။ ဒီတစ်ခါတော့ သတင်းထောက်တွေ အများကြီး ပါလာတယ်။ တကယ့်မီဒီယာလောကက အထင်ကရပုဂ္ဂိုလ် တွေ၊ "မတ်ဇီဝီသူ" "ဇိုးဒိယက်" ရေဒီယိုကရော။ Daily Times, The Nation, Malawi News နဲ့ Guardian News က သတင်းထောက်တွေ တပြုံကြီးနဲ့ ရောက်လာတာပါ။ ကားပေါ်ကနေ တိုးဝှေ့ဆင်းလာကြပြီး လေရဟတ်ဆီကို ကိုယ်စီ လွယ်လို့လေ။

နှစ်နာရီလုံးလုံး သူတို့တစ်တွေ အိမ်ထဲကို အလုအယက်ဝင်ပြီး ကျွန်တော့်ရဲ့ ၀ိုယ်ယာသွာ်တန်းပုံ၊ ခလုတ် တွေ တည်ဆောက်ပုံနဲ့ ဘရိတ်ကာကိုလည်း အသေးစိတ် ဓာတ်ပုံရိုက်ကြတယ်။
ရွာထဲက လူတွေရော၊ ဈေးထဲက လူတွေပါ ကျွန်တော်တို့ ၀င်းထဲကို စုပြုံရောက်လာကြတယ်။ မြို့က သတင်းထောက် တွေကို သူတို့တစ်ခါမှ မမြင်ဖူးကြဘူးလေ။
"ဟာ့ ဟိုမှာ ကြည့်စမ်း၊ အဲဒါ ဇိုးဒိယက်ကက နိုဝဲလ်အမ်ကူဘီရဲ့အသံ။ သူပဲ၊ သူပဲ"
"ခုမှ လူကိုယ်တိုင် မြင်ဖူးတယ်၊ လူချောပဲ"
"ဟိုမှာကြည့်၊ သူ ၀ီလျံ့ကို မေးနေပြီ"

သတင်းထောက်တစ်ယောက်က လေရဟတ်ပေါ်တက်ပြီး ပူလီဘီးတွေနဲ့ ပန်ကာရွက်တွေကို လေ့လာရင်း အနီးကပ် ဓာတ်ပုံရိုက်နေတယ်။ အပေါ်ကနေ အောက်ငုံ့ကြည့်ပြီး သူ လှမ်းအော်တယ်။
"ဒေါက်တာအမ်ချာဇိုင်း၊ ဒီကောင်လေးဟာ တကယ့်ပညာရှင်လေးပဲဗျ"

"ဟုတ်တယ်၊ ဟုတ်တယ်၊ တိုင်းပြည်က မွဲနေတော့ ဒီကလေးမျိုးတွေကို မြေတောင်မြှောက်မပေးနိုင်ဘူး။ သူ့ကို ကျောင်းပြန်ပို့ပေးရင်လည်း ပညာရေးစနစ်က ချာတူးလန်နေတော့ ဘာမှ တတ်မှာ မဟုတ်ဘူး။ မောင်ရင်တို့ကို ခေါ်လာတာ ဒီကလေးအကြောင်း ကမ္ဘာက သိစေချင်လို့၊ နိုင်ငံတကာရဲ့ အကူအညီရစေချင် လို့"
ဒေါက်တာအမ်ချာဇိုင်းက သူလည်း ငယ်ငယ်က ဆင်းရဲခဲ့တဲ့အကြောင်း၊ ဒါပေမဲ့ သူ့အဖေက ပညာရဲ့ တန်ဖိုး ကိုသိတော့ သူ့ကို ဆင်းဆင်းရဲရဲနဲ့ ကျောင်းထားပေးခဲ့တဲ့အကြောင်း ကျွန်တော့်ကို ပြောပြပါတယ်။

ဒေါက်တာအမ်ချာဇိုင်းက အစိုးရပညာသင်ဆုနဲ့ အမေရိကန်၊ ဗြိတိန်နဲ့ တောင်အာဖရီက တက္ကသိုလ်တွေမှာ တက်ခဲ့ပြီး ပါရဂူဘွဲ့ ရယူခဲ့တာ ဖြစ်ပါတယ်။ မာလာဝီပညာရေးဌာနမှာ အလုပ်ဝင်ပြီး ကျောင်းသုံးစာအုပ် တွေ ရေးခဲ့တယ်။ ကျွန်တော်တို့ ရှစ်တန်းမှာ သင်ရတဲ့ Standard Eight English စာအုပ်ဟာ သူရဲ့ စာအုပ် ပါ။ စာနယ်ဇင်းသမားတွေ  ပြန်သွားပြီး နောက်တစ်နေ့ကျမှ ရေဒီယိုဝမ်းက ကျွန်တော်နဲ့ အီဗာဇင်မာစီယာရဲ့ အင်တာဗျူး လွှင့်ပေးပါတယ်။ ရေဒီယိုနားမှာ မိသားစု ၀ိုင်းနားထောင်ကြပါတယ်။

အသံလွှင့်ကြေညာသူက "ကာစန်ဂူမြို့နယ်၊ ၀င်ဘီရွာကလေးမှာ လျှပ်စစ်လေ" ကို တီထွင်တဲ့ လူငယ်လေး တစ်ယောက် ပေါ်လာခဲ့ပါတယ်" အစချီပြီး ကျွန်တော့်အကြောင်း စပါတယ်။ ကျွန်တော့်အသံလည်း ပေါ်လာ ရော အစ်မတစ်သိုက် လက်ခုပ်ထတီးကြပါတယ်။

နောက်အပတ်မှတ် Daily Times က ပိုပြီး ပြည့်ပြည့်စုံစုံ ရေးပါတယ်။ ခေါင်းစည်း စာလုံးမည်းကြီးနဲ့ "ကျောင်းထွက်ထားရတဲ့ ကလေးတစ်ယောက်ရဲ့ စွမ်းအား" လို့ ရေးလာပါတယ်။ ကျွန်တော့်အခန်းထဲမှာ ၀ိုင်ယာကြိုး တွေ ဆက်နေတဲ့ ကျွန်တော့်ဓာတ်ပုံလည်း ပါလာတယ်။ အဲဒီတုန်းက ရယ်ချစ်စိတ် မနည်းမျိုသိပ် ထားခဲ့ရပါတယ်။
ညနေပိုင်းမှာ သတင်းစာကိုင်ပြီး ဈေးပိုင်းကို ကျွန်တော် ထွက်ခဲ့ပါတယ်။ လူတကာကို သတင်းစာပြပြီး "ဒီမှာကြည့်၊ ကျွန်တော် မရူးဘူးဗျ" လို့ လျှောက်ပြောနေမိတယ်။

သူတို့က
"အေးပါကွာ၊ ရေဒီယိုကလည်း တို့ကြားပြီးပါပြီ။ ဒါထက် မင်း ဘလင်တိုင်းယားကို သွားရတာပေါ့၊ ဟုတ်လား"
"ဘယ်ဟုတ်မလဲဗျ၊ ကျွန်တော့်အိမ်ကို သူတို့ လာတာ"
"ဟုတ်လား၊ တို့ဂုဏ်ယူပါတယ်ကွာာ။ တို့  အရမ်းသဘောကျနေတာကွ။ မင်းဖြေတာတွေလည်း သိပ်ကောင်း တာပဲ"
ကျွန်တော့် လေရဟတ်ကို လာကြည့်တဲ့လူတွေ ဆယ်ဆလောက် ပိုများလာပါတယ်။

သတင်းစာထဲပါလာပြီး ဟိုလေးတကြော် ဖြစ်တော့မှာပဲ သေသေချာချာ ပြန်လေ့လာပြီး ပြင်စရာရှိတာတွေ ပြင်ရပါတယ်။ ဒီတော့မှပဲ နောက်ဖေးက ထနောင်းပင်ကြီးဟာ လေကြောင်းကို ပိတ်နေမှန်း သတိထားမိပါ တော့တယ်။ ဒါထက် မြင့်မြင့်ဆောက်နိုင်ရင် ပိုပြီးလေရမှာ သေချာသွားပြီ။ အဖေက သတင်းစာ ချိုင်းညှပ်ပြီး သူရောင်းနေကျ ဆေးရွက်ကြီးပွဲရုံကို တိုင်အရှည်ကြီးတွေ သွားအလှူခံပါတယ်။ ဒီလိုနဲ့ သုံးဆယ့်ခြောက်ပေ မြင့်တဲ့ လေရဟတ်ကြီးကို နေရာရွှေ့ပြီး ကျွန်တော် တည်ဆောက်နိုင်ခဲ့ပါတယ်။ အဲဒီအခါ လေကြောင့်သင့် သွားပြီး ကျွန်တော့်ပန်ကာရွက်တွေ နှစ်ဆလောက် ပိုမြန်လာပါတယ်။ အဲဒီအခါ ဗို့အားလည်း ပိုတက်လာပါ တယ်။

သတင်းထောက်တစ်အုပ်ကြီးနဲ့ ကျွန်တော်တို့အိမ်ကို ရောက်လာပြီး မြို့ပြန်အရောက်မှာ ဒေါက်တာ အမ်ချာဇိုင်းက သူ့အပေါင်းအသင်းတွေနဲ့ အစည်းအဝေး ထိုင်ပါတယ်။
"ကျုပ်အထင်တော့ ဒီကလေးကို ကျောင်းပြန်ပို့ရမယ်။ သူ ဒီထက် တိုးတက်လာအောင် ပညာတတ်ဖို့ လိုတယ်။ ဒါမှ ပိုပြီး တီထွင်တတ်လာမယ်။ ပညာတတ်မှလည်း သူ့ကို လူတွေ လေးစားလာမယ်"
အားလုံး က သဘောတူတယ်။ ပညာသင်စရိတ် ထောက်ပံ့နိုင်တဲ့ အဖွဲ့အစည်းတစ်ခုခု ရှာဖို့ ၀ိုင်းဆွေးနွေးကြ တယ်။

ဒေါက်တာအမ်ချာဇိုင်းက
"ရှာတာလည်း ရှာတာပေါ့လေ၊ ဒါပေမဲ့ သူ့ကို အမြန်ဆုံး ကျောင်းပြန်တက်စေချင်တယ်။ ကျွန်တော်တို့ ဌာန ကပဲ သူ့အတါက် ကျောင်းလခ စုလိုက်ကြရအောင်။ ဟောဒီမှာ ကျွန်တော့်လခထဲက ခွဲထည့်မယ်"
အိတ်ထဲက ငွေစက္ကူတစ်ထပ် ဆွဲထုတ်ပြီး ဒေါက်တာက စားပွပြေါ် တင်လိုက်တယ်။
အဲဒီတစ်နေ့တည်းမှာပဲ ငွေ ၂၀၀၀ စုလို့ရခဲ့တယ်။

အဲဒီရက်သတ္တပတ်ထဲမှာပဲ ဒေါက်တာအမ်ချာဇိုင်းက ပညာရေး ၀န်ကြီးဌာနနဲ့ ဆက်သွယ်ပြီး ၀ီလျံအတွက် ကျောင်းကောင်းကောင်း ရွေးပေးဖို့ လျှောက်ထားလိုက်တယ်။ အကြောင်းမပြန်တာနဲ့ သူကိုယ်တိုင် အထက်တန်း ပညာဦးစီးဌာနကို လိုက်သွားတယ်။ တာဝန်ခံအမျိုးသမီးကို သူ မေးတယ်။

"ကျုပ်လျှောက်လွှာ ဘာထူးလဲ"
"ကျွန်မတို့ ရပါတယ်။ လောလောဆယ် မတွေ့သေးလို့ပါ"
"ခင်ဗျားတို့က တယ်ကြာတာကိုး။ ခင်ဗျားတို့ ရှာနေတာနဲ့ သူ အရွယ်ကြီး သွားတော့မယ်၊ မြန်မြန်လုပ်ကြပါ"
ဒေါက်တာအမ်ချာဇိုင်းက ကားပေါ်တက်ပြီး ကာစန်ဂူက တိုင်း ပညာဝန်ရုံးကို တန်းမောင်းလာခဲ့ပါတယ်။
တိုင်းပညာဝန်ကလည်း အမျိုးသမီးပါပဲ။

"ကျွန်မတို့ ဆရာ့စာကို ဖတ်ရပါတယ်။ စိတ်ဝင်စားပါတယ်"
"စိတ်ဝင်စားနေရုံနဲ့ မပြီးဘူးလေ။ ဒီကလေး အမြန်ဆုံး ကျောင်းတက်ဖို့ အရေးကြီးတယ်"
"ကျွန်မတို့မှာ စည်းမျဉ်းတွေ၊ လုပ်ထုံး လုပ်နည်းတွေလည်း ရှိသေးတယ်လေ"
"ခြွင်းချက်ဆိုတာလည်း ရှိပါသေးတယ်။ အဲဒီစည်းမျဉ်းတွေကို ခြွင်းချက်နဲ့ မကျော်လွှားနိုင်ဘူးလား"
"ကောင်းပြီလေ။ ကျွန်မကိုယ်တိုင် အဲဒီလေရဟတ်ကို သွားကြည့်မယ်"

အိမ်က ခိုင်းတဲ့ ဗာဟီရအလုပ်တွေနဲ့ ကျွန်တော် ဈေးပိုင်ရောက်နေတဲ့အချိန်မှာ တိုင်းပညာဝန် ရောက်လာပါ တယ်။ သူနဲ့အတူ အလုပ်သမား ၀န်ကြီးဌာနက လူတွေလည်း ပါလာတယ်။ လေရဟတ်ဝန်းကျင်မှာ ဥရောပ ၀တ်စုံပြည့်နဲ့ သူတို့အားလုံး ချွေးတွေ ရွှဲရွှဲနစ်လို့။ သူတို့ ဘာအတွက် ရောက်လာတယ်ဆိုတာ မပြောဘူး။ ကျွန်တော့်အမေကို ၀င်ကြည့်ပါရစေဆိုတာလောက်ပဲ ပြောတယ်တဲ့။

အလုပ်သမားဝန်ကြီးဌာနက လူတစ်ယောက်က သူ့အဖွဲ့သာတွေကို ပြောတ်။
"တော်တော် တော်တဲ့ ချာတိတ်ပဲ။ အစိုးရလုပ်ငန်းခွင်မှာ သူ့လို ကလေးတွေရရင် သိပ်ကောင်းမှာ" လို့ ပြောတယ်။
တိုင်းပညာအမျိုးသမီး သူ့ရုံးခန်း ပြန်ရောက်ရောက်ချင်း ဒေါက်တာအမ်ချာဇိုင်းကို ခေါ်တယ်။

"ရှင်ပြောတာ မှန်တယ်။ ဒီကလေးကို ကျောင်းပြန်ထားဖို့ လိုပါတယ်။ ကျွန်မတို့ ရောက်ခဲ့ပြီးပြီ"
"ဟုတ်ကဲ့၊ ဘော်ဒါထားပေးမှ ဖြစ်မယ်၊ သိပ္ပံဦးစားပေးသင်တဲ့ ကျောင်းဖြစ်ဖို့ လိုပါတယ်။ မြန်မြန်လုပ်ပေးပါ"
"ကျွန်မ ကြိုးစားပါ့မယ်။

ဆက်ရန်
.

No comments: