Saturday, January 1, 2011

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၁၈)

(၁၁)
အရူး၏သစ္စာ

ဆရာတို့သွားလေရာကိုကြည့်ရင်း ကျွန်တော်တစ်ယောက် ငိုခဲ့ပါ၏။ သို့ရာတွင် နောက် တစ်နေ့၌ ကျွန်တော် တို့တစ်ရွာလုံး ငိုပွဲဆင်ကြရသည်။
ဆရာ၏ အမှာစကား အတိုင်း ရွာရှိအပျိုအားလုံး ကန်မကြီး၊ ဥသျှစ်ပင်စသော တစ်ပါးရွာများ ကို ညတွင်းချင်း ရှောင်ရှား ကုန်ကြသည်။ ကြေးရေတတ်တို့လည်း တစ်အိမ်ထောင်လုံးလို လို လှည်းကိုယ်စီဖြင့် ပြေးကြ သည်။

မပြေးနိုင် မပြေးသာသူတို့သာ ဒုက္ခကြမ္မာကို ရောက်လာမည်မှန်းသိလျက် ပင့်သက်ရှူ အံ ကြိတ်ရင်း စောင့်မျှော်နေကြရသည်။
စောင့်မျှော်နေကြသည့် အတိုင်းလည်း နောက်တစ်နေ့ ဆွမ်းခံချိန်၌ တစ်ရာခန့်ရှိသော ဂျပန်စစ်တပ်သည် ကျွန်တော် တို့ရွာကို ၀ိုင်းတော့သည်။
မြင်သမျှ လူ ကို ရိုက်သည်။ တွေ့သမျှလူကို စစ်သည်။ ရှိသမျှအိမ်ကို ရှာသည်။

သူတို့မွှေလို့အားရမှ နီပွန်တပ်မတော်ကို အာဏာဖီဆန်သောရွာအား ထိုက်ထိုက်တန်တန် ဆုံးမ တော့သည်။
ဂျပန်တို့သည် ရွာကိုမီးတင်ရှို့သည်။ ရွာတစ်ဝက်ပြောင်၏။
ကျွန်တော်တို့၏ လောကဓာတ်ကျောင်းကိုလည်း မီးတင်ရှို့ရာ ကျွန်တော်တို့ကျောင်းတွင် မက သိမ်တစ်ခု နှင့် ဦးလေးပုကြီး ၏ ကျောင်းပျက်တစ်ခြမ်းပါ ပါသွားတော့သည်။
ဂျပန်တို့ ပြန်သောအခါ ရွာရှိလူကုန်သည် မီးလောင်ပြင်ကိုကြည့်၍  ငိုသူငို၊ အံကြိတ်သူ ကြိတ်နှင့် ဖြစ်နေကြ သည်။ ငိုသူရော အံကြိတ်သူရော အားလုံး၏နား၌ ဆရာကိုအုန်းဖေ ပြောခဲ့သော စကားသည် ပဲ့တင်ထပ် နေ၏။

"တစ်ခုတော့ ကျုပ်မှာခဲ့မယ်၊ ဒီဂျပန်ကောင်တွေကို တစ်နေ့ ဗမာတစ်မျိုးသားလုံး ခံချလိမ့် မယ်၊ အဲဒီ အချိန် မတိုင်ခင် လိမ်လိမ်မာမာ စည်းစည်းရုံးရုံးနေကြ"
ကျွန်တော့်အဘသည် မီးလောင်ပြင်ကိုကြည့်ရင်း အံကြိတ်နေသည်။ သူကြီးကမူ ပေါ်မလာ။ ရွာသူရွာသား အားလုံးက မျက်နှာငယ်များဖြင့် အဘထံ ၀ိုင်းလာကြသည်။
အဘ သည် ဆို့နင့်သောရင်ကို မျိုသိပ်၍ သူတို့အား စကားပြောသည်။

"ရွာသူရွာသားတို့ ၀မ်းလည်မနည်းကြနဲ့၊ အားလည်းမငယ်ကြနဲ့၊ တစ်ချိန်တုန်းက ကျုပ် တို့ရွာကို ကုလားဖြူတွေက ဒီလိုပဲ မီးတင်ရှို့ခဲ့ဖူးတယ်၊ ဟုတ်တယ်မဟုတ်လား"
ရွာသူရွာသားများက ဖြိုင်ဖြိုင်ညီညီ လက်သီးလက်မောင်းတန်း၍ အော်ကြသည်။
"ဟုတ်တယ်…ဟုတ်တယ်…ဟုတ်တယ်"
အဘသည် ကြေကွဲမှုနှင့် ဒေါသရောသော သူတို့အသံများ ငြိမ်သည်အထိ စောင့်ပြီးမှ စကား ဆက်ပြော သည်။

"ကျုပ်တို့ရွာ မီးရှို့ခဲ့တဲ့ ကုလားဖြူတွေ ဒီနေ့မရှိတော့ဘူး၊ ကျုပ်တို့ရွာတော့ ရှိသေးတယ်"
တက်ကြွ နေသော ရွာသူရွာသားများက သံပြိုင်အော်ကြသည်။
"ရှိနေသေးတယ်…ရှိနေသေးတယ်"
အဘ သည် ရွာသူရွာသားများအား စူးစိုက်ကြည့်ရင်း အဓိပ္ပာယ်ရှိရှိဆိုသည်။
"ဒီတော့…ကျုပ်တို့ တစ်ခုပြောမယ်၊ သဘက်ခါမှာ ဒီမီးလောင်ပြင်ပေါ်မှာ အိမ်တွေပြန် ဆောက်ရမယ်၊ ဒါပဲ"
အဘ သည် စကားတိုတိုဖြတ်၍ လူအုပ်ကြားထဲမှ ထိုးထွက်သွားသည်။

အဘစကားကို လူတိုင်းလိုက်နာကြသည်။ နောက်တစ်နေ့နံနက်၌ လှည်းရှိသူတို့က လှည်းပေးကြသည်။ လှည်း မရှိသူတို့က လုပ်အားစိုက်ကြသည်။ လုပ်အားမစိုက်နိုင်သော ကြေးရေတတ်တို့က ငွေကြေးနှင့် ထမင်းထုပ် များ ထောက်ပံ့ကြသည်။ သူကြီးဦးသာဇံကြီး ပင် မနေရဲ၊ ကျွန်တော်တို့ တစ်ရွာလုံး ရိုးလေး တွင်ဝင်၍ သစ်ခုတ်သူကခုတ်၊ ၀ါးခုတ်သူက ခုတ်၊ အင်ဖက်ခူးသူကခူး၊ ကိုယ်တာဝန် ကိုယ်ကျေပွန်စွာ လုပ်ကြ၏။

မီးရှို့သူတို့ ရှို့ကြပါစေ၊ သို့ရာတွင် ဤတောဤတောင် ဤမြေရှိသမျှ အိမ်ဆိုတာလည်း ဖြစ်ရမည်။ အဘ ပြောသကဲ့ သို့ ကျွန်တော်တို့ရွာသည် ရှိရမည်။
အဘ သတ်မှတ်ခဲ့သည့်အတိုင်း တစ်ရက်ကျော်သောအခါ မီးလောင်ပြင်၌ အိမ်အသီးသီး ပြန်ပေါ်ခဲ့သည်။ ကျွန်တော် ၀မ်းနည်းဆုံးမှာ သွပ်မိုးကျွန်းကာ နှင့် ကျွန်တော်တို့၏ ကျောင်း ကြီးကို ပြန်မဆောက် နိုင်တော့ခြင်းပင်ဖြစ်သည်။ ကျောင်းကို ပြန်ဆောက်၍လည်း မထူး တော့။

ကျွန်တော်တို့တစ်ကျောင်းလုံး၌ ဆရာနှစ်ဦးသာ ရှိခဲ့ဖူးသည်။ ဆရာကိုအုန်းဖေနှင့် ဆရာကိုကြင်ခဲသာ ဖြစ်သည်။ ဆရာကိုအုန်းဖေ မရှိသည့်နောက် ဆရာကိုကြင်ခဲသည် ဤကျောင်းကို မည်သည့်နည်းနှင့်မျှ ဆက်လက်မထောင်နိုင်၊ တစ်ချောင်ချောင်တွင်မှိုင်း ရင်း ရွာပျက်ရတုပိုဒ်စုံကြီး တစ်ပုဒ်များ စပ်နေမည်လား မပြောတတ်။
ဤသို့ဖြစ်ပျက်ပြီး သုံးရက်ခန့်အကြာ၌ ကျွန်တော်သည် ဦးလေးပုကြီးနေသော ကျောင်း ပျက်ကြီးဆီ ထွက်ခဲ့ သည်။

ယခင်က ဦးလေးပု၏ကျောင်းကြီးသည် ယိုင်နေယွင်းနေ ဆွေးနေပါ၏။ သို့ရာတွင် ကျောင်းဟူ၍ မှတ်မိ နိုင်သော ပုံသဏ္ဌာန်၌ ရှိသေးသည်။
ယခုမူ တစ်ခြမ်းမီးလောင်ထားသဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။

ဤကျောင်းပျက်ကြီးအပေါ်၌ ဦးလေးပု အလွန်သံယောဇဉ်ကြီး၏။ အကြောင်းမှာ ဤရွာ၌ ဦးလေးပု သောင်တင် ကတည်းက ဤကျောင်းပျက်ကြီးသည် ဦးလေးပုတစ်ဦးတည်း အပိုင်စားသော ရွှေနန်းတော်ကြီး ဖြစ်ခဲ့သည်။ ဤရွှေနန်းတော်ကြီး မီးခချိန်၌ ဦးလေးပု တစ် ယောက် သောကမီးလောင်နေမည်လော မပြောတတ်။ သို့ရာတွင် ကျောင်းပေါ်သို့ ကျွန်တော်ရောက်သောအခါ ကျွန်တော့်အတွေးတို့သည် တက်တက်စင် မှားကြောင်း သိရ သည်။

ခြကိုက်နေသော သေတ္တာအပျက်ကြီးဘေး၌ ကုပ်ကုပ်ကုပ်ကုပ်နှင့် ဦးလေးပုသည် အလုပ် ရှုပ်နေ၏။ မည်မျှ အလုပ်ရှုပ် သနည်းဆိုသော် ကျွန်တော် တက်လာသည်ကိုပင် သူသတိ မမူမိ။
ဦးလေးပုသည် ဂုံနီအိတ်ကြီးတစ်ခုတွင်းသို့ ပစ္စည်းများ ထိုးသွင်းထည့်နေသည်။ ခါတိုင်းကဲ့ သို့ ဥသျှစ်သီး များ ချည်းမဟုတ်၊ ဥသျှစ်သီးများလည်း ပါသည်။ ငှက်ပျောဖီးများလည်း ပါ သည်။ ငါးရံ့ခြောက်များလည်း ပါသည်။ အမဲခြောက်များလည်း ပါသည်။ ကျွန်တော်ကပ် သွားချိန်၌ ဦးလေးပုသည် ဆန်တစ်ပြည်ခန့်ကို ဂုံအိတ် တွင်း သို့လောင်းထည့်ရန် ကြိုးစား နေသည်။ အရေးထဲ ဂုံအိတ်က အစနှစ်ခုပူးနေ၍ ဦးလေးပု ၌ အခက်အခဲ တွေ့နေ၏။

"ဦးလေးပု…ဘာလုပ်နေတာလဲ"
ဦးလေးပုသည် ထိတ်လန့်တကြား ကျွန်တော့်အား ပြန်ကြည့်သည်။ မည်သို့မျှတော့ စကားမပြန်နိုင်။ ကျွန်တော် က ဂုံနီအိတ်အစနှစ်ခု ဖြဲပေးသည်။ ဦးလေးပုက ဂုံအိတ်တွင်း သို့ ဆန်တစ်ပြည် လောင်း ထည့်သည်။ ထို့နောက် ကျောင်းထောင့်တစ်နေရာသို့သွား၍ ကျစ်ကနဲ ကျစ်ကနဲ အားရပါးရ တံတွေး ထွေးနေတော့သည်။
"ဦးလေးပု…ခင်ဗျား ကျုပ်တို့ရွာက သွားတော့မလို့လား"
ကျွန်တော် က ၀မ်းနည်းပန်းနည်းဖြင့် မေးမိသည်။ ဦးလေးပုက ကျွန်တော့်အနီး ပြန်ကပ်လာသည်။ ထို့နောက် မှုန်ကုပ်ကုပ် နှင့် ဆိုသည်။

"ငါက ရွာက ဘာကြောင့် သွားရမှာလဲ…သွားရင် ငါ စပိုင်ဖြစ်သွားမှာပေါ့"
"ခင်ဗျားက ဘာကြောင့် စပိုင်ဖြစ်ရမှာလဲ ဦးလေးပုရ"
"အေးလေ…ဒါဖြင့် မင်းက ဘာကြောင့် ငါ ရွာကထွက်သွားမယ်လို့ ပြောရတာလဲ"
ကျွန်တော် သည် ဦးလေးပုအား ဆက်စကားမပြောလို၍ စိတ်ပျက်လက်ပျက် ထိုင်နေသည်။ ထိုအခါကျမှ ဦးလေးပု သည် ကျွန်တော့်အနားသို့ ကပ်လာသည်။
"ငယ်လေး…စပိုင်လုပ်ရမှာ သိပ်ကြောက်ဖို့ ကောင်းတယ်၊ စပိုင်ဆိုရင် ဂျပန်က ခြေသည်း လက်သည်း ခွာ တယ်ကွ"
အရေးထဲ ဦးလေးပုသည် ဘာတွေလာပြောနေသနည်း။ ကျွန်တော်က စိတ်တိုစွာ ပြန်အော်သည်။

"ဒီခွေးတိရစ္ဆာန်ဂျပန်တွေ လက်သည်းခွာစမ်းပါစေ…ဒီကောင်တွေပေါ် ဗုံးကျပြီးသေအောင် ကျုပ် သိပ်ပြီး စပိုင် လုပ်ချင်တယ်"
ဦးလေးပု၏မျက်လုံးများ အရောင်တောက်လာသည်။
"ငယ်လေး…မင်း တကယ်ပြောတာလား"
"ကျုပ် တကယ်ပြောတာဗျ…ဦးလေးပုလို ဗိုလ်စကားတတ်ရင် ကျုပ် တကယ်စပိုင်လုပ် တယ်"
"မင်း က ဘာလို့ စပိုင်လုပ်ချင်တာလဲ"

"ကျုပ်ဆရာလည်း ပြေးရပြီ…..ကျုပ်ရွာကိုလည်း မီးရှို့သွားတယ်၊ ကျုပ်ဒီဂျပန်ကောင် တွေကို တိုက်ချင် တယ်" ဦးလေးပုသည် ဘာမျှမပြောဘဲ သူ့သေတ္တာကြီးဖွင့်သည်။ သေတ္တာတွင်းမှ အင်္ဂလိပ် သတင်းစာ အဟောင်းများကို ထုတ်ယူသည်။ ထို့နောက် ဟိုလှန်ဒီလှန်နှင့် ဘာရှာသည်မသိ ရှာနေ၏။ အတန်ကြာမှ ဓာတ်ပုံ တစ်ပုံကို ထောက်ပြသည်။
"ဟောဒီမှာတွေ့လား………မင်း သေသေချာချာကြည့်"
ဦးလေးပု ပြသော ဓာတ်ပုံမှာ ကုလားဖြူတစ်ကောင်၏။ ဓာတ်ပုံဖြစ်သည်။ သူ့ခေါင်းထက်၌ ထူးထူး ဆန်းဆန်း ဦးထုပ်တစ်မျိုး ဆောင်းထားသည်။
"အဲဒါဘယ်သူလဲဗျ"

"ကင်းဂျော့ ဿီစစ်"
"အဲဒါ ဘာလဲဗျ"
"ကွာ……….. မင်းကလည်း…….. ဟို…….ခြောက်ခု…အဲ…အဲ ဂျော့ဘုရင်"
"ခင်ဗျားဘုရင် ကို……… ကျုပ်ကဘာလုပ်ရမှာလဲ"
ဦးလေးပုသည် ကုပ်ကုပ်ကုပ်ကုပ်နှင့် ထွက်သွားပြန်သည်။ ကြေးဆင်းတုတော်တစ်ခုကို တွန်မ၍ ဆင်းတုတော် အခေါင်းတွင်းမှ စက္ကူထုပ်များ ယူလာသည်။
"အဲဒါ လေနတ်သားတွေကွ……… ငါစုထားတာ၊ ငါဖတ်ပြမယ်၊ မင်းနားထောင်" ဦးလေးပုသည် လေသံနှိမ့် ၍ ဖတ်ပြတော့သည်။

"ဂျော့ဘုရင်မင်းမြတ် မိန့်တော်မူသည်…….တဲ့၊ မြန်မာပြည်သူပြည်သားများ……တဲ့၊ ဂျပန်ကို မကူညီကြ နဲ့…..တဲ့"
ကျွန်တော်သည်ပို၍ စိတ်တိုလာ၏။ ထို့ကြောင့် ဘုပြန်ပြောသည်။
"ခင်ဗျားဂျော့ဘုရင်က စဖြီးပါဗျာ၊ ဂျပန်တွေက ကျုပ်တို့ကို ဒီလောက်နှိပ်စက်နေသော ခင်ဗျား မမြင်ဘူးလား၊ ဘယ်မှာလဲ ခင်ဗျား ဗြိတိသျှစစ်တပ်တွေ"
ဦးလေးပု သည် တဟဲဟဲရယ်သည်။ ထို့နောက် တံတွေးကို သုံးလေးချက် ဆက်တွေးလိုက် ပြီးဆက်ပြော၏။

"ငါ့လူက သိပ်ညံ့တာပဲ၊ မင်းလေယာဉ်ပျံသံတွေ မကြားဘူးလား၊ အဲဒီဗြိတိသျှတပ်တော် တွေပေါ့ကွ"
ဦးလေးပု က ဤသို့ပြောမှ ကျွန်တော်သည် သတိရမိတော့သည်။
"ဟာ ဦးလေးပု ကျုပ်သတိရပြီ၊ လွန်ခဲ့တဲ့ သုံးလေးညက လေယာဉ်ပျံသံကြားတော့ ကျုပ်ထွက်မပြေးပဲ စောင့်ကြည့် တယ်၊ လေယာဉ်ပျံပေါ်က မှိုပွင့်ကြီးလို အပွင့်ကြီးတစ်ခုကျ လာတယ်၊ အဲဒါဘာကြီးလဲ"
"နင် အဲဒါတွေ အကြောင်း ဘယ်သူ့လျှောက်ပြောသလဲ"
"ပြည်ရွှေဆံတော် စူးရပါစေရဲ့ဗျာ……ကျုပ်ဘယ်သူ့မှ မပြောရပါဘူး"
ဦးလေးပုသည် သူ့လေနတ်သားနှင့် သတင်းစာများကို ပြန်သိမ်းသည်။ ၎င်းနောက် အလွန်လျှို့ဝှက်သော အမူအရာဖြင့် မေးသည်။

"ငယ်လေး မင်းဂျပန်ကို တကယ်သောက်မြင်ကပ်သလား"
"ဂျပန် ကို ကျုပ်သောက်မြင်ကပ်တာမဟုတ်ဘူး၊ သတ်ချင်နေတာ"
ဦးလေးပု သည် ဘာမျှမပြောတော့ဘဲ သူ့ဂုံနီအိတ်ကြီးကို ထမ်း၍ ကျွန်တော့အားခေါ် သည်။

"မင်းဂျပန်သတ်ချင်ရင် ငါနဲ့လိုက်ခဲ့၊ ဘာမှတော့ စကားဆက်ရှည်မနေနဲ့"
ဦးလေးပုက ဂုံနီအိတ်ကြီးထမ်း၍ ရှေ့မှသွားသည်။ ကျွန်တော်က နောက်မှလိုက်သည်။ ဦးလေးပုသည် ရွာမှ ထွက် ၍ ရိုးကလေးဆီသို့ ရှေ့ရှုသွားသည်။
"ဦးလေးပု ခင်ဗျားဘယ်လဲ"
ဦးလေးပုက လှည့်ကြည့်၍ ပြောသည်။

"မင်းခါတိုင်းလိုက်ရင် ဘယ်လဲလို့ မမေးဖူးပါဘူး"
ဦးလေးပုပြောသည်မှာ မှန်၏။ ထို့ကြောင့် ကျွန်တော်သည် ဆက်လက်မမေးတော့ဘဲ သစ္စာရှိစွာဖြင့် နောက်မှ လိုက်ခဲ့သည်။
ဦးလေးပုသည် ဦးပွားသိုက်တွင်းများဆီ ကျွန်တော့်အား ခေါ်ခဲ့သည်။ သိုက်တွင်းများကို ကျော်၍ တစ်ဖက်လျှိုတွင်းထဲသို့ ဆင်းသည်။ ထို့နောက် စမ်းချောင်းကလေး တစ်ခုအတိုင်း ဆက်လျှောက်သည်။ ဂျုံးဂျုံးကျရေတံခွန်နား ရောက်သောအခါ ရပ်လိုက်၏။ သူရပ်သဖြင့် ကျွန်တော်လည်း ရပ်ရသည်။

ဦးလေးပုသည် ကျေက်ဆောင်တစ်ခုထက်တက်၍ သူ့ပါးစပ်ပေါက် ကို လက်ဝါးနှစ်ခုနှင့် ကာလျှက် အသံ ကုန် ဟစ်သည်။
"အောက်အီး…….အီး……….အွတ်"
"အောက်အီး……..အီး…….အွတ်"
ဤသို့အော်ပြီးသောအခါ ဦးလေးပုသည် ကျောက်ဆောင်ပေါ်၌ အေးအေးဆေးဆေးထိုင် ၍ဂုံနီအိတ် ကို ဖွင့်လျက် ဥသျှစ်သီးတစ်လုံးထုတ်ကာ ငြိမ်းချမ်းစွာ စားနေတော့၏။
ကျွန်တော် သည် ဦးလေးပုအား စိတ်ပျက်လက်ပျက် ကြည့်မိသည်။ ဦးလေးပုကြီး အရူးဖောက် ပြီလော။
သို့ရာတွင် ဦးလေပု ဥသျှစ်သီးစားနေသည်မှာ ခါတိုင်းလိုပင် ဣနြေ္ဒရရဖြစ်သည်။

ကျွန်တော်သည် စိတ်ပျက်လက်ပျက် ဦးလေးပု ဥသျှစ်သီးစားနေသည်ကို ကြည့်နေဆဲ နောက်မှ ခြေသံလိုလို ကြား သဖြင့် လှည့်မိသည်။ တွေ့လိုက်ရသည့်သဏ္ဌာန်မှာ ကြောက်စ ရာဖြစ်၏။
တောင်ကမ်းပါးတောပင်များကို ကျောခိုင်းလျက် ထွားကြိုင်းသော လူကြီးတစ်ဦး ရပ်နေ သည်။ သူ့ကိုယ်၌ အစိမ်းရောင် စစ်ဝတ်စုံ ကို ၀တ်ထားသည်။ မဖြီးဘဲထားသည့် ဆံပင်များ ပွနေသကဲ့သို့ မုတ်ဆိတ် ပါးသိုင်းမွေး များ လည်းရှည်နေသည်။ သူ့လက်တွင်း၌ တစ်ထောင်သာသာခန့်ရှိသေနတ်တစ်မျိုးကို ကိုင်ထားသည်။ ဤသေနတ်ပြောင်းဝက ကျွန်တော်တို့နှစ်ဦးအား ချိန်ထားသည်။
ကျွန်တော် က တုန်လှုပ်နေသမျှ ဦးလေးပုသည် ဥသျှစ်သီးစားမပျက်ဘဲ ထိုသူအား အေးချမ်း စွာဆိုသည်။

"မစိုးရိမ်ပါနဲ့ ဆရာကြီး….ဒါ… ငယ်လေးကျုပ်တူကလေးပါ"
သို့ရာတွင် ထိုသူက မည်သို့မျှ စကားမပြောဘဲ လက်ဟန်ခြေဟန်နှင့်သာ ကျွန်တော်တို့ နှစ်ဦးကို မတ်တတ်ရပ် ရန် ပြောသည်။ ကျွန်တော်က မတ်တတ်ရပ်လိုက်၏။ ဦးလေးပုက လည်း သူ့အိတ်ကြီး ကို ထမ်း၍ မတ်တတ်ရပ် သည်။
ရပ်သည်။ ထိုသူက လက်ရပ်ခေါ်သဖြင့် ကျွန်တော်တို့နှစ်ဦး သူ့ဆီသွားသည်။ အနီးရောက်သော် သူက ကျွန်တော် တို့ အား ရှေ့ဆက်သွားခိုင်းသည်။ သူက ကျွန်တော်တို့နောက်မှ သေနတ်နှင့်ချိန်ရင်း လိုက်လာသည်။

ကျွန်တော်တို့သည် အလွန်ချောင်ကျသော ဂူတစ်ခုရှေ့ရောက်လာ၏ ဤနေရာရောက်မှာ ထိုသူက ကျွန်တော် တို့အား ရပ်ခွင့်ပေးသည်။ ကျွန်တော်သည် ဘာလုပ်ရမည်မသိ ကြောင်နေခိုက် ဦးလေပုသည် အိတ်ကြီးကိုဖွင့်၍ တစ်စုံတစ်ခု နှိုက်မည်ပြုသည်။ သို့ရာ တွင် ထိုသူသည်  လျင်မြန်စွာဖြင့် အိတ်ကြီးကို  ဦးလေးပု လက်မှ ဆွဲယူသည်။ သေနတ် ပြောင်ဝကို ကျွန်တော်တို့ဘက်ချိန်းထားရင်း လက်တစ်ဖက်ဖြင့် အိတ်တွင်း မှ အရာတို့ကို သွန်းကြည့်၏။ အိတ်တွင်းမှ ဥသျှစ်သီး၊ ငှက်ပျောသီး၊ ငါးခြောက်စသည့်တို့ ကျလာမှ ထိုသူသည် ကျေနပ်ဟန် သူ့သေနတ်ကို ပခုံး၌လွယ်ပြီး ကျွန်တော်တို့အား စကားပြောသည်။

"ဒီကလေး ဘယ်ကလဲ"
"ကျုပ်တူလေးပါ ဆရာကြီးရာ"
"ခင်းဗျား ဘာကြောင့် ဒီကလေးကိုခေါ်လာရသလဲ"။
ဦးလေးပုသည် ရုတ်တရက်  မဖြေနိုင်ဘဲ ကျွန်တော့်ကိုတစ်လှည့်  ထိုသူကိုတစ်လှည့် သနားဖွယ်ကြည့်နေ၏ မနေနိုင် သော ကျွန်တော်က ၀င်ပြောရသည်။
"စိတ်မရှိပါနဲ့ ဆရာကြီးရာ၊ ကျုပ်က ဂျပန်ဆို သိပ်သတ်ချင်တယ်။ ဦးလေပုက ဒီလိုက်လာ ရင် ဂျပန် သတ်ရမယ် ဆိုတာနဲ့ ကျုပ်လိုက်လာတာ"
    ထိုသူသည် စူးစမ်းစွာဖြင့် ကျွန်တော်မျက်နှာအား ကြည့်သည်။ ကျွန်တော်က ဆက်တောင်းပန်သည်။ "ကျုပ်စကားကို ယုံပါဆရာကြီးရာ၊ ဂျပန်တွေက နှိပ်စက်လိုက ကျုပ်တို့လည်း ထွက်ပြေးရပြီး၊ ကျုပ်တို့ ရွာလည်း မီးရှို့သွားပြီး၊ ကျုပ်ကိုခင်ဗျားလက်ထဲက သေနတ်မျိုး တစ်လက်ပေးစမ်းပါ။

"ကျုပ် ဂျပန်တွေကို အကုန်ပစ်သတ်မယ်"
ထိုသူသည် မယုံတစ်ဝက် ယုံတစ်ဝက်နှင့် ဦးလေးပုအား လှမ်းမေးသည်။
"ဒီကလေးပြောတာ အမှန်တွေပဲလား"။
ဦးလေးပိုသည် ခေါင်းကို တဆက်ဆက်ညိတ်၍ နှုတ်မှလည်း တဖွဖွပြောသည်။
"အမှန် ပါပဲ အမှန်ပါပဲ၊ ဒီကလေး မညာတတ်ဘူး၊ ဟုတ်ဖူးလား၊  ငါ့လူရာ၊ ငါ့လူ ဘယ်တုန်း က ညာဖူးလို့လဲ"
ကျွန်တော် ကလည်း ထိုသူ့မျက်နှာထားကြည့်၍ ဦးလေပုစကားထောက်ခံကြောင်း ခေါင်းညိတ်ပြမိသည်။

မမျှော်လင့်ဘဲ သူသည် ဟတ်ဟက်ပက်ပက်ရယ်မောသည်။ ကျွန်တော်က လိုက်ရဲသော် လည်း ဦးလေးပုက သူ့မျက်လုံးများ မပွင့်အောင် ထိုသူနှင့်အတူ လိုက်ရယ်သည်။ ထိုသူအ အရယ်ရပ်သည်အထိ ဦးလေးပုက ရယ်တုန်းရှိသေးသည်။ ထိုသူက မျက်နှာပိုးသတ်၍ ဦးလေးပိုအား တည်ကြည်စွာ စူးစိုက်ကြည့်လိုက်သည်။ ထိုအခါ ဦးလေးပုသည် မျက်နှာကို  ချက်ချင်းအရိတ်အုပ်လိုက်ပြီး မျက်တောင်ပုတ်ခတ်ပုတ်ခက်နှင့် ဟိုကြည့် ဒီကြည့်ကြည့်၏ ကံအားလျော်စွာ အနီး၌ ဥသျှစ်သီးတစ်လုံးတွေ့သဖြင့် ဆွဲယူလိုက်ပြီး အခွံခွာကာ မျက်လွှာ လေးချ၍ ငြိမ်ငြိမ်ဆိတ်ဆိတ်စားနေတော့၏။
ထိုသူက လျင်မြန်စွာ ထလိုက်ပြန်၍  ဦးလေးပုနှင့် ကျွန်တော်တို့ကိုယ်တို့အား လိုက်စမ်း သည်။  ဘာမျှ မတွေ့သော် သူက သူ့သေနတ်ပြောင်းကို ကျွန်တော်တို့ရင်ဘက်၌   တေ့ လိုက်ပြီး ခက်ထန်စွာပြောသည်။

"ဟေ့ မင်း ရီးတီးရားတား မလုပ်နဲ့၊ သေသွားမယ်။ နားလည်လား၊  ငါမေးတာဖြေစမ်း... "
 ကျွန်တော်သည် ထိုသူ့မျက်နှာကို ကြည့်မိသည်။ သူ့မျက်နှာကြီးက သူပြောသည့်အတိုင်း တကယ်လုပ်မည့် ဟန် ခက်ထန် နေသည်။ ထို့ကြောင့် သူ့အမေးကို လျင်လျင်မြန်မြန် ဖြေလိုက်ရသည်။
 "ဖြေ...ဖြေပ့ါမယ်ဗျာ။ ကျုပ်ကိုတော့ မသတ်ပါနဲ့"
"မင်းနာမည် ဘယ်သူလဲ... "
"သန့်ဇင်..... "
"ရွှေဂူ... "
"မင်း ဂျပန် တွေ့ဖူးလား.... "
"တွေ့ဖူးတယ်.... "
"ဘယ်မှာတွေ့ဖူးသလဲ"

"မြို့မှာလည်း တွေ့ဖူးတယ်၊ တစ်နေ့က ရွာလာမီးရှို့တော့လည်း တွေ့ဖူးတယ်"
"ရွာ ဘာလို့မီးရှို့လဲ... "
"ကျွန်တော်ဆရာက ဂျပန်ကိုသတ်လို့"
"မင်းဆရာ...ဘာလို့ ဂျပန်သတ်တာလဲ"
"မင်းဘာလို့ ဒီလိုက်လာလဲ"
"ကျုပ် ဂျပန်ကို ပြန်သတ်ချင်တယ်...၊ ဦးလေးပုကြီးက သူ့နောက်လိုက်ခဲ့ရင် ဂျပန် ကိုသတ်ရမယ်လို့ ပြောတယ်"

"ငါဒီမှာရှိမှန်း  မင်းသိလား"
"ဟင်းအင်း......... မသိဘူး၊ နေဦးဗျ....ကျုပ်သတိရပြီး"
ထိုသူသည် မျက်နှာကြီးကြုတ်၍ ကျွန်တော်အားကြည့်သည်။
"မင်းဘာသတိရတာလဲ"
"ကျုပ်..တစ်ညက မှိုပွင့်လို့ဟာကြီး လေယာဉ်ပျံပေါ်က ကျတာတွေ့ရတယ်။ အဲဒါ ခင်ဗျား မဟုတ်လား။
"ဘာကွ"
"ဟုတ်ပါတယ်... ခင်ဗျားပဲဖြစ်ရမှာပဲ"

"ကျုပ် ဘယ်သူ့မှ လျှောက်မပြောဘူး.... ခင်ဗျား စပိုင်မဟုတ်လား၊ ကျုပ် စပိုင်နဲ့သိပ် တွေ့ချင်းနေတယ်ဗျ"
ထိုသူသည် ရုတ်တရက် ကြောင်းသွား၏ ကျွန်တော်အား မေးခွန်းဆက်မထုတ်နိုင်၊ ကျွန်တော်ကသာ ဆက်ပြောသည်။
"ခင်ဗျား စပိုင်ဆိုရင်... ကျုပ်ကို သေနတ်နဲ့ မပစ်ပါနဲ့ဗျာ၊ ခင်ဗျားမှ ဓာတ်ခွက်မပါဘုးလား၊ ဓာတ်ခွက်ပါရင် လေယဉ်ပျံတွေခေါ်ပြီး ဂျပန်တွေအပေါ် ဗုံးကြဲခိုင်းစမ်းပါဗျာ၊ ခင်ဗျားမပြောချင်နေပါ။ ကျုပ်ကို ဓာတ်ခွက် ပေး၇င်... ခင်ဗျားတို့ ဂျော့ဘုရင်ဆီ ကျုပ်ကိုယ်တိုင် လှမ်းအကြောင်းကြားပါ့မယ်ဗျာ"

ဆက်ရန်
.

1 comment:

မေဓာဝီ said...

အမကြီးရေ ... ဖတ်ပြီးသွားပြီ ...

သန့်ဇင်လိုပဲ ညီမလဲ ငယ်ငယ်တုန်းက စပိုင်လုပ်ချင်တာ ... ဟီးးး :)

ဆက်ရန် မျှော်နေတယ်နော်။ နက်ဖန် ...