Wednesday, January 12, 2011

ပန်းသတင်း (၂ဝ၁၁)

ရွှေတိုက်အတွင်းဝန်
ပေါက်မြိုင်မြို့စား ဦးလှဘူး

ဦးမောင်မောင်တင်(၁)(ကေ-အက်စ်-အမ်၊အေ-တီ-အမ်)၏ ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီး၊ တတိယ တွဲ နောက်ဆုံး စာမျက်နှာတွင် ရတနာပုံ ရွှေမြို့တော် ဒုတိထနန်းစံ မာရ်အောင်ရတနာ စေတီတော် ဒါယကာ၊ မင်းတရားလက်ထက် မှူးတော်၊ မတ်တော်၊ မဟာရာဇာစော်ဘွားကြီးမှစ၍ ဘွဲ့အမည် စာရင်းပါ၊ ဗြဲတိုက်အရာရှိများ စာရင်းတွင် အတွင်းဝန် ၇ ဦးအမည် ပါပါသည်။ ၄င်းတို့ အနက် တစ်ဦးမှာ ရွှေတိုက်အတွင်းဝန် ပေါက်မြိုင်မြို့စား ဦးလှဘူး ကို အရှင်နှစ်ပါး ပါတော်မူခန်း၌ စလေဒင်အား နန်းစဉ်ရတနာများ နှင့် နန်းစဉ်အသုံးအဆောင်များကို စာရင်းနှင့်တကွ အပ်လိုက်သူ ဖြစ်ခြင်းကြောင့် လူသိ များ ပါသည်။

နယ်ချဲ့အင်္ဂလိပ်အစိုးရလက်ထက်ရောက်သောအခါ ဦးလှဘူး သည် ကင်းဝန်မင်းကြီးဦးကောင်း၏ တပည့် ဖြစ်သဖြင့် အင်္ဂလိပ်လူဖြစ်သွားသည်ဟု မျိုးချစ်မြန်မာ တို့က ယူဆကြသည်။ ဦးလှဘူးသည် ပုဂံမင်း လက်ထက် မှ စ၍ မင်းမှုထမ်းမျိုးရိုးမှ ဆင်းသက်ခဲ့သူ ဖြစ်ပြီး မင်းတုန်းမင်းတရားကြီးနှင့် သီပေါမင်းတရားတို့ လက်ထက်တော် များတိုင် ရာထူးအဆင့်ဆင့် ကို အောက်ခြေမှ တက်ခဲ့ရ၍ နောက်ဆုံး အတွင်းဝန်အထိ ဖြစ်ခဲ့ရသူဖြစ်ကြောင်း လည်းကောင်း သူ၏သားသည် ကုန်းဘောင်နွယ် မင်းသမီးနှင့် လက်ဆက် ခဲ့၍ လည်းကောင်း၊ သူ၏ဘ၀ဖြစ်စဉ် သည် စိတ်ဝင်စားဖွယ်ရာ ကောင်းလှပါသည်။

သူ့ကို ပုဂံမင်းတရားလက်ထက်တော် အဖ သံတော်ဆင့်ဦးမောင်၊ အမိသံတော်ဆင့်ကတော် ဒေါ်စို တို့မှ သာသနာတော် သက္ကဇ်၂၃၉၀၊ မြန်မာသက္ကဇ် ၁၂၀၈ ခု၊ ပြာသိုလဆန်း ၆ရက်၊ ဗုဒ္ဓဟူးနေ့ ည၊ ဗီဇနာတစ်ပြန်၊ (၄)ခရာ၊ အဿဝဏ္ဏီနက္ခတ်၊ ဒုတိယပါဒ်အ၀င်၊ တဟင်းသာမွန်းတည့်အချိန်၌ အမရပူရမြို့ နန်းတော်ရှေ့ ဦးနှိမ်တံခါး လမ်း၊ မြောက်ဘက်တန်း၊ ခေါင်ဆင်း(၅)ခန်း၊ သုံးဆောင် အုတ်ကြွပ်မိုး၊ ပျဉ်ထောင်အိမ်၌ မွေးဖွား သည်။

သူ၏အဘသံတ်ေဆင့် ဦးမောင်သည် ငယ်ရွယ်စဉ်ကပင် အတတ်ပညာကို သင်ကြားလေ့လာခြင်း အားဖြင့်၊ ဇာတ်၊ နိပါတ်၊ ၀တ္ထု၊ ကဗျာ အလင်္ကာ၊ ရာဇ၀င်စာဟောင်းစာတမ်း၊ ဗေဒင်၊ ဂဏန်း၊ ဓာတ်ကျမ်း၊ ဆေးကျမ်း စသော ပညာဗဟုသုတ နှင့် တကွ၊ ပြည်ရေးရွာမှု၊ လွှတ်မှု ရုံးများကို နားလည်ကျေပွန်သည့်အလျောက်၊ အသက် ၃၅ နှစ် မှ စ၍ ပုဂံမင်းတရားကြီးလက်ထက်တွင် ၆ နှစ်ကျော်တိုင်တိုင်၊ မင်း၏ အပါးတော်တွင် သံတော်ဆင့်ကြီး အရာ နှင့် သူကောင်းပြုခြင်း ခံရသည်။

မင်းတုန်းမင်းတရားကြီး လက်ထက်ရောက်သောအခါ သံတော်ဆင့်ရာထူးမှ နိမ့်ကျသွားသော်လည်း အတွင်းဗြဲတိုက်တော် တွင် လစာရိက္ခာတော်နှင့် မင်းမှုတော်ရှိရာ၊ ခစားထမ်းရွက်နေထိုင်ရသည် အတွင်း၊ ဒူလာရောဂါ စွဲကပ်၍ ၆ လကျော်၊ ဆေးဝါးကုသသော်လည်း ဝေဒနာမှ မထမမြောက်၊ အသက် ၅၀ အရောက် တွင် ကွယ်လွန်သွားလေသည်။ ဦးလှဘူး ၏ မိခင် ဒေါ်စို မှာ၊ အသက် ၆၂ နှစ်မှစ၍၊ သံတော်ဆင့် ဦးမောင် နှင့် လက်ထပ်ပေါင်းသင်းခဲ့ရာ၊ သားယောက်ျား(၃)ယောက်၊ သမီး ၄ ယောက်၊ ပေါင်း ၇ ယောက် ဖွားမြင် သော်လည်း သမီး ၄ ယောက် နှင့် သား ၁ ယောက်မှာ ကွယ်လွန် သွားကြ၍ သား ၂ ယောက် သာ အဖတ် တင်သည်။ အကြီးဆုံးသားကြီးသြရသမှာ မောင်လှဘူးဖြစ် ၏။

မောင်လှဘူးသည် ဘုန်းတော်ကြီးကျောင်း အိမ်စာသင်ကျောင်းများတွင် မနေခဲ့ရပါ။ အသက် ၆ နှစ် ပြည့်သော အခါမှ စ၍ အဖသံတော်ဆင့်မင်းကိုယ်တိုင်၊ သင်ပုန်းကြီးမှ အစပြု၍၊ မြန်မာဘာသာ သင်ရိုး စာတမ်း များကို၊ (ရ) နှစ်ခန့် သင်ကြားပြသရာ၊ ဇာတ်နိပါတ်၊ ၀တ္ထုရာဇ၀င်၊ ကဗျာလင်္ကာ ဧချင်း၊ မော်ကွန်း၊ ဗေဒင်၊ ဂဏန်း၊ လက်ရိုးကျမ်းများနှင့်တကွ၊ စာအရေးအသား အဖတ်အရွတ်၊ စာရင်းအတွက်အချက် စသော ပညာကို၊ နားလည်တတ်ကျွမ်းသည့် အလျောက်၊ အသက် ၁၄ နှစ် အရှိတွင်၊ တရားမရုံးတော်၊ တရားနာခံတော်၊ ဦးမောင် (သူ၏ဖခင်နှင့် အမည်တူ) ထံ အဖသံတော်ဆင့်မင်းက အပ်နှံ၍၊ တရားရုံးစာရေး အဖြစ် သင်ကြားရေးမှတ် ထမ်းရွက် ခဲ့ရ၏။

ထိုနှစ်အတွင်း၌ပင် အဘသံတော်ဆင့်မင်း ကွယ်လွန်သွားသောကြောင့်၊ တရားရုံးတော်မှ နုတ်ထွက်ပြီးလျှင်၊ ဖခင် ၏ မိတ်ဆွေရင်း ဖြစ်သူ၊ သံတော်ဆင့်ကြီး ဦးရွှေလှထံ တပည့်ခံ၍ သင်ကြားလေ့ကျင့်ရေးမှတ် ထမ်းရွက် ရသည်။ သံတော်ဆင့်ကြီးလက်ထက်တော်ကတည်းက၊ သံတော်ဆင့်ကြီးအရာနှင့် သူကောင်း ပြုခြင်း ခံရသူ ဖြစ်သည်။ ပညာဗဟုသုတ အကြားအမြင် နှင့်လည်း ပြည့်စုံသူဖြစ်၍ မင်းတုန်းမင်းတရားကြီး လက်ထက်တော်တွင်၊ မောင်လှဘူး၏ ဖခင်နှင့်အတူ သံတော်ဆင့်ကြီးအရာမှ၊ နိမ့်လျောခဲ့သော်လည်း အတွင်းဝန် လောင်းရှည်မြို့စားမင်း ၏ လက်ထောက်အကြီးအဖြစ်နှင့် အတွင်းတော် ဗြဲတိုက်တွင်၊ ရပ်နေ ဆင့်ဆို၊ စီမံရသော အခွင့် သြဇာ ရှိသည်အလျောက်၊ ထိုသံတောင်ဆင့်မင်း ဦးရွှေလှထံ၊ (၁)နှစ်ကျော် တပည့် ခံ ၍၊ ရေးမှတ်ထမ်းရွက်ခဲ့ရသော မောင်လှဘူးသည် ပညာအရာ ဗဟုသုတနှင့် ပြည့်စုံခဲ့လေသည်။

ဦးရွှေလှ ကွယ်လွန်သွားသော အခါ၊ မင်းတုန်းမင်းတရားကြီး၏ အမိန့်တော်နှင့်၊ အတွင်းတော်၊ လွှတ်တော် များ မှာ အလှည့်သုံးစေရန် စားရေးအင်္ဂါနှင့် ညီညွတ်သူတို့်ကို၊ အတွင်းဝန်ယောမြို့စား ဦးလှိုင် အကြီးအမှုး ပြု၍ စာရေးတော် ၁၀၀ ရွေးကောက်ဖွဲ့စည်းရာ၊ ၁၆ နှစ်ရှိသူ မောင်လှဘူး ကို၊ ဒုတိယတန်း စာရေးတော် အဖြစ် နှင့် စာရင်းထည့်သွင်း စေခိုင်းသောကြောင့် " အနော်ရထာစည်သူ" ဘွဲ့အမည် နှင့် တကွ စာရေးတော် အဖြစ် သို့ ရောက်ရလေသည်။

ဤသို့် ထမ်းရွက်နေထိုင်သည့်အတွင်း၊ သူ၏ အရည်အချင်းကို အတွင်းဝန် ယောမြို့စား က၊ အားရသဖြင့် သားရင်း ကဲ့သို့ ထင်မှတ်ပြီးလျှင်၊သဒ္ဒါအဘိဓါန်ကျမ်းကို ကောင်းစွာတတ်စေပြီးငှာ၊ စာရေးတော်အဖြစ်မှ ခေတ္တ ထွက်စေ ၍ သာမဏေ ပြုပေးပြီး၊ စရိတ် နှင့် တကွ ထောက်ပံ့လျက်၊ ပြည်ဆရာတော်ဘုရားကြီးထံ အပ်နှံ ပေးသော ကြောင့်၊ သက္ကရာဇ် ၁၂၂၅ ခု၊ ပထမ၀ါဆိုလအတွင်း၊ ရှင်သာမဏေ အဖြစ် နှင့် သဒ္ဒါကျမ်း၊ အဘိဓာန်ကျမ်း များကို၊ သင်ကြားရသည်။ ၁ နှစ်နှင့် ၆ လခန့် ရှိသော်၊ သဒ္ဒါကျမ်း ၈ စောင်နှင့်၊ အဘိဓာန်ကျမ်း များကို သင်ကြားလေ့လာတတ်မြောက်သဖြင့်၊ ရှင်သာမဏေအဖြစ် မှ ထွက်၍ စာရေးတော် အဖြစ် နှင့် ပြန်လည် ထမ်းရွက်ရပြန်သည်။

နောက် ၁၀ လခန့်ကြာသော်အခါ၊ ဖွဲ့စည်းရင်း နေက်သွင်းပါ စာရေးတော် ၁၀၀ ကျော်၊ စာရေး တော်ခေါင်း ၂၀ ကျော် တို့ကို၊ သတ်ပုံသတ်ညွန်းရေးနည်းနှင့်တကွ၊ စာရေးအင်္ဂါများကို စမ်းသပ် စစ်ဆေးရမည် အမိန့်တော်မြတ် အရ၊ အတွင်းဝန်ယောမြို့စားမင်းကြီး အမှုးပြု၍၊ အမှာ တော်ရေး ဦးချိမ့် အမှာတော်ရေး ဦးမှတ် တို့ စောင့်ကြပ်ပြီးလျှင်၊ စာရေးတော် ၁၃၀ ကျော် တို့ကို စမ်းသပ်စစ် ဆေးကြည့်ရှူ့သောခါ၊ စာရေးအင်္ဂါ နှင့် အချို့ပြည့်စုံကြ သော်လည်း၊ သတ်ပုံသတ်ညွှန်း ရေးထိုးနည်း နှင့် တကွ၊ စာရေးအင်္ဂါနှင့် ပြည့်စုံ လောက်သူ၊ မောင်သာအောင်၊ မောင်လှဘူး၊ မောင်ကျော်၊၃ ယောက်သာရှိသည်ကို တွေ့ရသည်။ သို့ကြောင့် မင်းတရားကြီး ထံ တင်လျှောက်ရာ၊ အထက် ခန့်ထားရှိသည့် စာရေးတော်ခေါင်းမှ နှုတ်၍ မောင်သာအောင်၊ မေင်လှဘူး နှင့် မောင်ကျော် တို့ကို၊ စာရေးတော်၁၀၀ ကျော် တို့ အပေါ်မှ စာရေးတော် ခေါင်းခန့်၍ " နေမျိုး" ဘွဲ့ နှင်း အစီးအနှင်း ဆောင်ရွက် ပေးသနားတော် မူလေသည်။
   
ထိုစဉ်က၊ မောင်လှဘူးသည် အသက် ၁၉ နှစ်သာ ရှိသေးသည်။ စာရေးတော်ခေါင်း အဖြစ်နှင့် " နေမျိုးရာဇာစည်သူ" ဘွဲ့၊ ဘောင်းဝတ်လုံ အစီးအနှင်း အဆောင်အရွက်များကို သနားတော်မြတ်ခံ ရသည်။ ဤသို့ အထူး ခန့်ထားချီးမြှောက်တော် မူသော၊ စာရေးတော် ခေါင်းရာထူးနှင့် အတွင်းဗြဲတိုက် တော်တွင်၊ ထမ်းရွက် ရ၍ ၂ နှစ် နှင့် ၅ လရှိသောအခါ စာရေးတော်ခေါင်း ရာထူးမှတက်၍ လွတ်တော်တွင် အမှာတော် ရေးအရာ ခန့်တော် မူခြင်း ခံရသဖြင့်၊ ၀န်ထောက်တော် ကင်းဝန်မင်း၏ လက်အောက် ၌၊ အမှုထမ်းရွက် ရသည်။

အမှာတော်ရေးအရာနှင့် ထမ်းရွက်၍ ၈ လခန့်ရှိသောအခါ၊ မင်းတုန်းမင်းတရားကြီးသည် တိုင်းကျိုး ပြည်ကျိုး၊သာသနာတော်အကျိုးနှင့် စပ်သည်များကို ကိုယ်တော်တိုင် ကြည့်ရှု့စီမံ တော်မူ လိုသော၊ ဆန္ဒတော် ဖြစ်ရကား အပါးတော်၌၊ ခစားမြဲအတွင်းဝန်များ အပြင်၊ ၀န်ထောက်တော် ကင်းဝန်မင်း ကို၊ နေ့သုံးကြိမ်၊ ညနှစ်ကြိမ်အတွင်း လက်ဖက်ရည် ဆောင်တော်သို့ ၀င်ထွင်ခစား၊ တင်လျှောက် ထမ်းရွက်ရန် အခွင့် သနားတော် မူသည်။ ထိုအခါ မောင်လှဘူး သည် ၀န်ထောက်တော် ကင်းဝန်မင်း နှင့် အမြဲ ထက်ကြပ် လိုက်ပါရ၍၊ ခစားတင်လျှောက် ရေးမှတ် ထမ်းရွက်ရလေသည်။ (ထိုမှစ၍ မောင်လှဘူးကို မင်းတရား ကြီးက မျက်မှန်းတမ်းတော် မူလေသည်။)

လက်ဖက်ရည်ဆောင်တော် သို့ နေ့ည ၀င်ထွက်ခစားထမ်းရွက်ရသည်မှာ ၅ လ ကြာ၏။ ထိုစဉ်က ကျင်းပသော၊ သုဓမ္မာ ပထမပြန်စာမေးပွဲကြီး၌၊ ဆရာတော်၊ သံဃာတော်တို့ကို မင်း၊ မိဖုရား၊ မင်းညီ၊ မင်းသား၊ မှူးတော်၊ မတ်တော်၊ ကတော် မယားတို့က၊ ဆွမ်း၊ စမဲအချိုပွဲများကို ကောင်းမွန်စွာ ချက်ပြုတ် ပြင်ဆင် ၍၊ အလှည့်ကျအတိုင်း အမိန့်တော် မြတ်နှင့် ပို့သလှူဒါန်း ကြရသည်။ ထိုစဉ်က ဗန်းမော်မြို့ဝန် မင်းကြီး မဟာမင်းခေါင်ကျော်စွာ ဦးတုတ်သည်၊ ဗန်းမော်သို့ ခေတ္တရောက်နေသည်။ ဗန်းမော်ဝန်ကတော် ဒေါ်ခင်လုံ သည် စေတနာသဒ္ဓါတရား နည်းစွာဖြင့်၊ သူ၏ဆွမ်းအုပ်ထဲတွင် ညံ့ဖျင်းသော ဟင်းလျာ များဖြင့်သာ ပေးပို့ကြောင်း အထောက်တော်များ မှ တဆင့် မင်းတရားကြီးရွေနားတော်သို့၊ ပေါက်ကြား သွားသည်။ မင်းတရားကြီးသည် ကင်းဝန်ထောက် ဦးကောင်းအား၊ မေတ္တာစာတပုဒ် ရေးသားစီကုန်းရမည်ဟု အမိန့်တော် ချသည်။

ထိုမေတ္တာ စာကို ဦးကောင်း က သူ၏တပည့် အမှာတော်ရေး မောင်လှဘူး အား ရေးစေသည်။ မောင်လှဘူး သည် ၂ နာရီခန့် နှင့် ပြီးစီး အောင် ပေစာ(၂) ချပ်ခန့်ရှိသော မေတ္တာစာကို၊ မင်းတရားကြီး လက်တော် ရောက် ဆက်သရာ မင်းတရားကြီးက အလွန်အားရ နှစ်သက်တော်မူသည်။ လက်ဖက် ရည်ဆောင် ဗိုလ်ရှုညီလာသဘင် တွင် တစ်ကြိမ်၊ အသံနေအသံထားဖြင့် ဖတ်လျှောက်ခွင့် မရှိချေ။ သို့သော်လည်း ကင်းဝန်ထောက်မင်း က သူ၏ အမှာတော်ရေးကို ပွဲထုတ်လိုသောကြောင့်၊ ဖတ်လျှောက်စေခြင်းဖြစ်သည်။ အမှန် မှာ ဗန်မော်ဝန်ကတော်ကို အရှက်ခွဲလိုက်သည့် ပုံမျိုး ဖြစ် သည်။ ထိုမှသာ အရှက်ရပြီး မှူးမတ် ၀န်ကတော်များ၊ ဟင်းကောင်းကောင်းချက် ၍ သံဃာတော် တို့ကို ဆက်ကပ်မည်ဟု မင်းတရားကြီးက၊ အထင်တော် ရှိသည်။ ဤကိစ္စကြောင့် ဗန်းမော် မြို့ဝန်ဦးတုတ်နှင့် ၀န်ကတော် ဒေါ်ခင်လုံ တို့သည်၊ ပြဿနာ အလွန် ဖြစ်သွားရသည်။ ဦးတုတ် အလွန်အရှက်ရ၍ လင်မယားကွဲမည်အထိ ဖြစ်သွားရာ၊ ကင်းဝန်ထောက် ကပင် ဖျန်ဖြေ ပေးလိုက် ရသည်။ (ဤအကြောင်း ကို၊ ဤမဂ္ဂဇင်း တွင် လက်ထက်တော် မှ ဗန်းမော်ဝန်များ ဆောင်းပါး၌၊ ရေးသားပြီးပါပြီ။)

အမှာတော်ရေး မောင်လှဘူးသည်၊ ကိုယ်တိုင်ဖတ်ရွတ် တင်လျှောက်သောအခါ၊ မေတ္တာစာ၏ ပိဏ္ဏတ္ထ၊ အ၀ယ၀တ္ထ၊ သဘောအဓိပ္ပာယ် ကို နှစ်သက်တော်မူခြင်း၊ ညီလာခံတွင် ဖတ်လျှောက်ဆဲ အခါ၊ ဌာန်၊ ကရိုဏ်း၊ ပယက်၊ သိတိပေ။ ၀နိတ ကျနပီပြင်ခြင်း အားဖြင့် မေတ္တာစာပါ စကား အဓိပ္ပာယ်များကို၊ ရွှေနား တော်တွင်း ဆုပ်၍ သွင်းသကဲ့ သို့၊ ထင်မှတ်အားရတော်မူ သဖြင့် ထိုနေ့၌ပင် အရှေ့ပိုင်း လက်ဖက်ရည် ဆောင်တော် တိုင် ထွင်တော်မူလာပြီးလျှင်၊ အမှာတော်ရေး မောင်လှဘူး ၏ ဦးခေါင်းရင်း ၌ တစ်ခဏမျှ ရပ်တန့် တော်မူပြီး

"အမှာတော်ရေး လှဘူး ရှိလား၊ အမူတော်ကို တိုး၍ ထမ်းနိုင်မည်လား" ဟု မေးမြန်းတော်မူရာ၊ ထမ်းနိုင် ပါကြောင်း သံတော်ဦးတင်၍ မောင်လှဘူးမှာ အမှာတော်ရေးမှာ တိုးတက်ခါ အပါးတော်မြဲ စွဲဖတ် တင်လျှောက်ရသော၊ သံတော်ဆင့်ကြီးအရာ ခန့်တော်မူခြင်းခံရ သည်။ ဖခင် သံတော်ဆင့်ကြီး အရာ သို့ မောင်လှဘူးရောက်ရခြင်းဖြစ်၏။ ဗန်းမော်ဝန်အတွက် မေတ္တာစာရေးမှတ် ဖတ်ရွတ်ပေးရသော၊ ပွဲကြောင့် မောင်လှဘူး ထင်ပေါ်လာ၍၊ ရာထူးတိုးရခြင်း ဖြစ်သည်။    
 
သက္ကရာဇ် (၁၂၃၃)ခုနှစ်အတွင်း၊ အသနားတော်ခံရရင်း "နေမျိုး" ဘွဲ့သို့ တက်၍၊ မင်းလှ စည်သူကျော် ဘွဲ့နှင့်၊ ဘောင်းကတ္ထီပါနီ  ရွှေသားပန်း ၉ တမာရွတ်ထောင်၊ ၉ ရွှေစလွယ်၊ ၉ သွယ်ကို သနားတော်မူခြင်း ခံရသည့် အပြင်၊ မင်္ဂလာသောင်တင်း ပျံလှေတော်ကိုလည်း၊ အုပ်ထိန်း ရ၏။  ၁၂၃၇ ခုနှစ်တိုင်  ၄ နှစ်အတွင်း သံတော်ဆင့်ကြီးအရာအပြင် ၀ါးရင်း တုတ်မြို့အုပ်အရာ၊ အောင်ပင်လယ် နယ်အုပ် အရာ များကို ထပ်မံ ခန့်ထားတော် မူခြင်းခံရသည့် အတိုင်း၊ ကြည့်ရှု အုပ် ထိန်းထမ်းရွက်ရ၏။

၁၂၃၇ ခုနှစ်၊တန်ဆောင်မုန်းလ ရောက်သောအခါ၊ အင်္ဂလိပ်ဘုရင်မင်းမြတ်၏ သားတော်အိမ်ရှေ့စံ အက်ဒ၀ပ် မင်းသား သည်၊ အိန္ဒယတိုင်းကြီးသို့၊ ထိုနှစ် နတ်တော်လတွင်ရောက် တော်မူမည်ဖြစ်၍ နှစ်တိုင်း နှစ်ပြည် မဟာမိတ်ဖြစ်သည့်အတိုင်း၊ မြန်မာနိုင်ငံမှ မင်းတရားကြီး ကိုယ်တော်စား၊ ၀န်ရှင်တော် ကင်းဝန်မင်းကြီး ကို သံတော်ကြီးခန့်ထား၍၊ လွှတ်တော်မူသည်။ ရာဇသံလက်ဆောင်တော်များနှင့် စေလွှတ်ခြင်း ဖြစ်၏။ အီတလီနိုင်ငံ စသော အခြားဥရောပ နိုင်ငံ များသို့လည်း၊ ရာဇမဟာမိတ်ဖွဲ့ရန် ဆက်လက် သွားစေသည်။ သံတော်ကြီးလက်အောက်တွင်၊ သံလက်၊ သံငယ် စသည်တို့ ခန့်တော်မူရာ ၀န်ထောက်တော် မြောင်လှ မြို့စားက၊ သံတော်လတ်၊ သံတော်ဆင့် မင်္ဂလာသောင်တင်ပျံ၊ လှေတော်အုပ် ဦးလှဘူး က သံငယ်အဖြစ်နှင့် လွှတ်တော်စာ ရေးကြီး ဦးဖိုးလှနှင့် ဦးမြဲတို့က လက်အောက်ခံ အရာရှိများ အဖြစ် လိုက်ပါသွားကြရသည်။

အီတလီနိုင်ငံ စသော အခြားဥရောပနိုင်ငံများသို့ လှည့်လည်သွားရောက်ရန်မှာ ကင်းဝန်မင်းကြီး မပါတော့၍ ၀န်ထောက်တော် မြောင်လှ မြို့စားမင်းကို၊ သံတော်ကြီးအရာထားတော်မူသည်။ ဦးလှဘူးအား မဟာမင်းထင်မင်းကျော် ဟူသော ရွှေဘွဲ့နှင့် အနောက်နိုင်ငံသို့ တာဝန်လိုက်ပါထမ်း ရွက်သည့်အတွင်း၊ တစ်လ လျှင် ရန်ပုံတော်ငွေ ၆၀၀၀ အသနားခံစေသည်။ သက္ကဇ် ၁၂၃၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် တွင် ၀န်ရှင်တော် ကင်းဝန်မင်းကြီး အမှူးရှိသော သံတော် အဖွဲ့သည်၊ မန္တလေးမြို့မှ ထွက်တော် မူသည်။ ကာလကတ္တားမြို့တွင် အင်္ဂလိပ်အိမ်ရှေ့စံ မင်းသား နှင့် အိန္ဒယဘုရင်ခံမင်းတို့ထံ၊ သံခင်း၊ တမန်ခင်း ၀င်ရောက်ပြီးပြေပြီးနောက်၊ ဗုဒ္ဓဂယာမဟာဗောဓိ သို့ သွားရောက်ကြရ၍ အတင်တော်၊ အလှူတော် ပြုကာ ဖူးမြော်ကြသည်။ ထိုမှ၊ ကင်းဝန်မင်း ကြီးသည် မန္တလေးမြို့တော်သို့ ပြန်လာခဲ့သည်။

ဝန်ထောက်တော် မြောင်လှမြို့စားမင်းသံကြီးအဖြစ်နှင့် ဥရောပတိုက် အီတလီနိုင်ငံ၊ စပိန်နိုင်ငံ၊ ပေါ်တူဂီ နိုင်ငံ၊ ပြင်သစ်နိုင်ငံသို့ ၁ နှစ်နှင့် ၈ လတိုင်တိုင် လှည့်လည်သွားရောက် ထမ်းရွင်ကြရ သည်။ အီတလီနိုင်ငံ၊ နေပယ်လ်မြို့ သို့ရောက်၍ ဗစ်တိုရီရို အီမယ်နယူရယ်လ် အမည်ရှိသော မင်းမြတ်ရှေ့တော်သို့၊ လက်ဆောင် များနှင့် ၀င်ရောက်ကြသည်။ မြန်မာ သံတော်အဖွဲ့ကို၊ သံကြီးတမန်ကြီးများတို့သာ ဆင်ယင်ရသော ကိုရိုနာဒီတာလိယ ခေါ် တံဆိပ်ဘယက် ၅ ဆင့်မှစ၍ အစဉ်အတိုင်း အီတလီဘုရင်မင်းမြတ်က  ချီးမြှင့် သွားရာ သံလတ်ဖြစ်သော သံတော်ဆင့် ဦးလှဘူး မှာ သြပစ္စယ ခေါ်၊ စတုတတ္ထ တံဆိပ်ဘယ်ကို ရခဲ့သည်။

ထိုနောက်၊ စပိန်နိုင်ငံ မက်ဒရစမြို့တော်သို့ ရောက်၍ ၁၂၃၈ ခု၊ တပို့လဆန်း ၁ ရက်၊ တနင်္ဂနွေနေ့ တွင်၊ ဒွါဒဿမမြောက် အောလ်ဖွန်ဇို ဘုရင်သို့ ရာဇသံလက်ဆောင်တော်များနှင့် ၀င်ရောက်သော အခါ အီဇာဘက်လာဂေါတိုလီကာ တံဆိပ်ဘယက် ကို ရရှိခဲ့သည်။

နောက် ပေါ်တူဂီနိုင်ငံ၊ လစ္စဘုန်းမြို့သို့ ရောက်၍ ၁၂၃၈ ခု၊ တပို့တွဲလဆုတ် ၁၁ ရက်၊ ကြာသာပတေး နေ့ တွင် ပထမမြောက် ဗိကတ် အမည်ရှိသော ဘုရင်မင်းမြတ်ထံ၊ ရာဇသံ လက်ဆောင်များနှင့် ၀င်ရောက်ခစားကြသည်။ ပေါ်တူဂီဘုရင်က၊ သံကြီးတမန်ကြီးများကိုသာ ပေးသနားတော်မူမြဲဖြစ် သော ဦးလှဘူး မှာ ကန်မန်ဝန် ခေါ်သည့် တတိယဆင့် တံဆိပ်ဘယက် ကို ရရှိခဲ့သည်။

ပြင်သစ်နိုင်ငံသို့ ဖြတ်သန်းပြီး၊ အီတလီနိုင်ငံ တူရင်းမြို့အရောက်တွင်၊ မြန်မာနိုင်ငံသို့ ပြန်ရမည်ဟု မင်းတရားကြီးထံမှ အမိန့်တော်မြတ် ရရှိသဖြင့် ပြန်လာကြရာ ၁၂၃၉ ခု၊ ပထမ၀ါဆိုလဆုတ် ၁ ရက်နေ့တွင်၊ ရတနာပုံ နေပြည်တော်သို့ ရောက်ရှိကြသည်။ မင်းတရားကြီးသည် သံခင်းတမန်းခင်း နေဖြင့် ဦးလှဘူး၏ ဆေင်ရွက်ချက်များ ကို နှစ်သက်အားရတော်မူသဖြင့် ၁၂၃၉ ခု၊ ပြာသိုလတွင် ဘုရင်မင်းမြတ်၏ ကိုယ်ရံတော် တပ်အတွင်း ၆စု၊ သေနတ်အမှုထမ်း လူ ၆၀၀၀ ကျော်တို့ကို၊ ဆင့်ဆို စီမံခန့်ထားတော်မူသည်။

သက္ကရာဇ် ၁၂၄၀ ခု၊ နယုန်လတွင် ဦးလှဘူးကို ရှိရင်းရာထူးများအပြင် တိုး၍ တရုတ်ပြည်ကြီးမှ မြန်မာနိုင်ငံတော်သို့ ကုန်းလမ်းကျရောက်သော၊ ကုန်၊ အထည်အလိပ်၊ အသုံးအဆောင်အမျိုးမျိုးတို့အပေါ်၌ ထုံးစံအတိုင်း ကြည့်ရှုအုပ်ချုပ်ကောက်ရသော၊ ဒေးဝန်းအ ကောက်အရာ ခန့်ထားတော်မူပြန်သည်။ ဤသို့ မင်းတုန်းမင်းတရားကြီးက ဦးလှဘူးအား၊ မြောက်စားခြင်းသည် နောက်ဆုံးမြှောက်စားခြင်းပင်ဖြစ်သည်။ မကြာမှီပင် မင်းတရားကြီးသည် နတ်ရွာစံသွားတော်မူသည်။

သားတော် သီပေါမင်းတရား လက်ထက်ရောက်တော်မူသောအခါ ၀န်ကြီးမှူးကြီး၊ ၀န်ထောက်၊ မှူးမတ် တို့အား ပထမဆုံး ချီးမြင့်ရာတွင်၊ ဦးလှဘူးကို ပေါက်မြိုင်မြို့စားအဖြစ် ပေးသနားတော် မူသည်။ ၂၄၀ ခုပြာသိုလဆုတ် ၇ ရက်နေ့၊ ဦးလှဘူးကို ရာထူးတိုး၍ ၀န်ထောက်တော်အရာ ခန့်တော်မူသည်။ မင်းကြီးမင်းလှ မဟာထင်ကျော် ဟူသော၊ မင်းကြီးတပ်ဘွဲ့နှင့်တကွ ကွယ်လွန်သူ ဆောမြို့စားအတွင်းဝန်၊ သနားတော်မူသည်။ ထိုစဉ်က ဦးလှဘူးမှာ အသက် ၃၃ နှစ်သာ ရှိသေး၏။ နောက် သက္ကရာဇ် ၁၂၄၁ ခုနှစ်အတွင်း မင်းတရားကြီး ရာဇဘိသေက၊ မုဒ္ဓါဘိသိက်ကို ခံတော်မူ သောအခါ၊ ၀န်ထောက်တော် ပေါက်မြိုင်မြို့စား ဦးလှဘူးကို မင်းကြီးမင်းလှမဟာဇေယျနန္ဒသင်္ကြ ဘွဲ့မည်သစ် ကို သနားတော် မူပြန်သည်။

နောက်၁၂၄၂ ခုနှစ်၊ တန်ခူးလတွင် ဘုရင်မင်းမြတ်၏ ပဏ္ဍာတော်နှင့် စပ်သမျှကို ထိန်းသိမ်း စောင့်ရှောက် စီမံ ခန့်ခွဲ သော၊ ရွှေတိုက်ဝန်အရာခန့်တော်မူ လေသည်။ ဤရာထူးသည်၊ မင်းတုန်းမင်းတရားကြီး လက်ထက်တော်က၊ အတွင်းဝန်တောင်ခွင် မြို့စားမင်းကြီးအား ခန့်ထားခဲ့သော ရာထူးဖြစ်သည်။ ယုံကြည်တော်မူလွန်း၍သာ၊ ဤရာထူးကို ပေးသနားတော်မူခြင်း ဖြစ်သည်ဟု သိရသည်။ တစ်ဖန် ၁၂၄၅ ခုနှစ်တွင် နိုင်ငံတော်အ၀ှမ်းရှိ အခွန်တော်၊ အကောက်တော် နှင့် စပ်သမျှကို၊ အုပ်ချုပ်စီရင်ရသော အခွန်တော် ဌာနချုပ်အရာ၊ ခန့်ထားတော်မူသည်မှာ ပါတော်မူသည့်အထိဖြစ်သည်။

အင်္ဂလိပ်မင်းလက်ထက် တွင်၊ မန္တလေးမြို့၌ အထက်အောက် မြန်မာနိုင်ငံကို ပေါင်းစပ်ပြီးလျှင် မဟာ ၀န်ရှင်တော် မင်းကြီး ၀ီဘာနာ စီရင် အုပ်ချုပ်တော်မူသော အခါ၊ ၁၂၄၈ ခု၊ ကဆုန်လမှစ၍ ၀န်ရှင်တော် ကင်းဝန်မင်းကြီး၊ တောင်ခွင်မင်းကြီး၊ ပင်းအတွင်းဝန်မင်း၊ ရွှေတိုက်အတွင်းဝန်မင်း၊ ဒီပဲရင်း ၀န်ထောက်မင်း တို့ကို၊ အတိုင်ပင်ခံ ခန့််ထားသည်။ ရွှေတိုက်အတွင်းဝန် ဦးလှဘူးသည် ဒီပဲ ရင်း ၀န်ထောက် ဦးမြဲ နှင့် အတူ၊ တစ်လ ၅၀၀ ကျစီ ရရှိသည်။

ထို့ကြောင့် မျိုးချစ်မြန်မာတို့က ဦးလှဘူးအား အင်္ဂလိပ်အရာရှိအဖြစ် သက်မှတ်ကြခြင်းဖြစ်သည်။ သို့သော် ၁၂၅၃ ခု၊ ကဆုန်လ ဆန်း ၃ ရက်၊ ၁-၅-၁၈၈၉ ရောက်သောအခါ၊ လွှတ်တော်တွင် အတိုင်ပင်ခံထားခြင်းကို ဖျက်သိမ်း လိုက်သောကြောင့်၊ မြန်မာအရာရှိများကို ပင်စင်ပေးရာတွင် ဦးလှဘူးသည် တစ်လပင်စင် ၂၀၀ ကို ခံစား ရလေသည်။ ဆာအာသာကေ၀ိုက် သည် လက်ထောက်ဘုရင်ခံအဖြစ်နှင့် စီရင်အုပ်ချုပ်တော် မူသော အခါ၊ ၁၀၉၇ ခု ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်၊ ရွှေတိုက် အတွင်းဝန် ဦးလှဘူးကို၊ မြန်မာနိုင်ငံတော် ဘုရင်မင်း က အောလ်နာရေဗီ ဥပဒေပြု၊ မင်းတိုင်ပင်အမတ် ခန့်ထားတော်မူ၍၊ မြန်မာနိုင်ငံ ဘုရင်မင်းမြတ် ၏ အတိုင်ပင်ခံ ဥပဒေပြုအမတ်အဖြစ် ထမ်းဆောင်ရပြန်သည်။ ထိုနောက်၊ ဘုရင်ခံ ကမြန်မာနိုင်ငံအတွက် တရား ဥပဒေပြု မင်းတိုင်ပင်အမတ် ၁၄ ယောက်ကို၊ ၁၅-၁၁-၁၉၀၉ နေ့တွင် အသစ်ခန့်ထားရာ ဦးလှဘူး သည်၊ မင်းတိုင်ပင်အမတ်အဖြစ် ထပ်မံထည့်သွင်း ခန့်ထားချီးမြှင့်ခြင်း ခံရပြန်သည်။ ရန်ကုန် သို့ သွားရောက်၍၊ အစည်းအဝေး များ ကို တက်ရောက်ရ၏ အင်္ဂလိပ်မင်း၏ သစ္စာတော်ခံဖြစ်သွားလေပြီ။

သက္ကရာဇ် ၁၂၇၂ ခု၊ တော်သလင်းလဆန်း ၁၁ ရက်၊ ၁၄-၉-၁၉၁၀ နေ့ညဥ့် ၁၂ နာရီအချိန်၊ မြန်မာ ဘုရင် လက်ထက်တော် ရွှေတိုက်အတွင်းဝန် ပေါက်မြိုင်မြို့စား အင်္ဂလိပ်မင်းလက်ထက်၊ ဥပဒေပြု မင်းတိုင်ပင် အမတ် ဦးလှဘူးသည် အသက် ၆၃ နှစ်၊ ၈ လ၊ ၁၇ ရက်နေ့အရောက်တွင် ကွယ်လွန် အနိစ္စရောက်သည်။

ဦးလှဘူးတွင်၊ ပွဲတော်အတွင်းဝန်ကတော်ကြီး သခင်ပုက သမီးကြီးခင်ခင်တင့် နှင့် သားကြီး မောင်မောင်ခန့် နှစ်ယောက် ကို ဖွားမြင်သည်။ သမီးကြီးခင်ခင်တင့်မှာ ငယ်ကလွန်၍၊ သားကြီး မောင်မောင်တင့်မှာ အစိုးရမင်း အမှူထမ်းအရာရှိ အဖြစ်၊ အင်္ဂလိပ်အစိုးရ ချီးမြင့်ခြင်းခံရသည်။ အတွင်းဝန်ကတော် သခင်ပုက၊ သူ၏ တူမ နှင့် ထိမ်းမြားပေးပြန်သဖြင့် ၀န်ကတော်လေးအရာ၌ ဖြစ်လာသော ခယ်ခင်က၊ သားကြီး မောင်ဘမြင့် နှင့် သမီး မလေးတင့်၊ မမျိုးသိမ့်၊ မောင်ဘသင်၊ မစန်းရီ၊ ပေါင်း ၅ ယောက် ဖွားမြင်သည်။ အခြား ဇနီးတစ်ဦးဖြစ်သော၊ မသင် က သားမောင်ကျော်ကို မွေးသည်။ အခြားဇနီးတစ်ဦးဖြစ်သော မဆင့် က သမီး မနှစ် နှင့် မသစ် ပေါင်း နှစ်ယောက်ကို မွေးသည်။ ထို့ကြောင့်၊ ရွှေတိုက်အတွင်းဝန်ပေါက်မြိုင်မြို့စား ဦးလှဘူး ၌၊ ဇနီး ၅ ဦးရှိရာ စုစုပေါင်း သားယောက်ျား ၅ ယောက်၊ သမီး မိန်းမ ၅ ယောက်၊ ပေါင်း ၁၀ ယောက် ထွန်းကား သည်။

သားကြီးမောင်မောင်ခန့်မှာ၊ မြို့သစ်အတွင်းဝန်သမီး ခင်ခင်လတ်နှင့် စုံဖက်ရာ၊ သမီးခင်ခင်ကြီး၊ ခင်ခင်၊ ခင်မမ၊ ပေါင်း ၃ ယောက်ရှိသည်။ ခင်ခင်လတ် ကွယ်လွန်၍ စစ်ကိုင်းမှ မတင်ဦးနှင့် ဆုံခဲ့ရာ၊ သမီး ခင်ခင်တိုး နှင့် ခင်ခင် တို့ကို မွေးသည်။ ၀န်ကတော်ကလေး မယ်ခင်မှ၊ သားကြီးမောင်ဘမြင့် (ဘီအေ) စိုက်ပျိုးရေးဝန် သည်၊ အမ်ရှေ့ဘုရားသားတော် ရွာသာမင်းသားနှင့် လှိုင်ထိပ်ခေါင်တင်အို တို့မှ၊ ဖွားသောသမီးတော် ခေါင်ခေါင်ကလေးနှင့် ခင်ပွန်းဦးမောင်ကြီးတို့၏သမီး၊ လှိုင်ထိပ်ခေါင်တင် မကြီးနှင့် လက်ဆက်ခဲ့သည်။ ဦးဘမြင့်၏ညီမ မလေးတင်သည် ပဲခူးမြို့မှ ဆရာကြီးဦးသာဒင် (နောင်နိုင်ငံတော်ကောင်စီဝင် ဖြစ်လာသူ) နှင့် အိမ်ထောင် ကျရာ သမီး ဒေါက်တာခင်စိမ်းဝင်းကို မွေးသည်။ ရွှေတိုက်အတွင်းဝန်၏ အခြားဇနီး တစ်ဦး ဖြစ်သော မဆင့်မှ မွေးသည့်သမီး မနှစ်ကို၊ ကျောင်းဆရာ မောင်ငွေစံနှင့် ထိမ်းမြားပေးရာ၊ သမီးမအေးကြည် တစ်ယောက်သာ ထွန်းကား သည်။ သမီးငယ် မသစ် သည်၊ ပညာမင်းကြီး ဦးဘ ၏ ဇနီးဖြစ်သည်။

ကိုးကားချက်
ရွှေတိုက်အတွင်းဝန် ပေါက်မြိုင်မြို့စားမင်း ကိုယ်တိုင် သက္ကရာဇ် ၁၂၇၂ခု တော်သလင်းလဆန်း ၅ရက် (၈-၉-၁၉၁၀) နေ့တွင် ရေးသားခဲ့သော လက်ရေးမူ

စာရေးသူ - မောင်သန်းဆွေ (ထားဝယ်)
ကလျှာ မဂ္ဂဇင်း၊ ၂ဝ၁၁ ဖေဖော်ဝါရီ
.

7 comments:

ahphyulay said...

မမရွှီစင်..
လာဖတ်သွားတယ်၊ အဲ့ ဒီခေတ်က လက်ဖက်ရည်တော်ဆိုလား
ကျွန်တော့် သူငယ်ချင်းထဲမှာရှိတယ်ဗျ၊ သူတို့ တစ်မျိုးလုံး
က ရှေ့ မှာ ၊ “ ထိပ် ” တပ်ကြတယ်၊ သူကတော့ 
ထိပ်တင်အောင် တဲ့ ။
အခုလဲ မင်းမျိုးပေါ်နေပြီလေ၊ အဲ..
ထိပ် .. ဟာ..သန်း၊ မဟုတ်သေး ကြိုင်..
မသိတော့ ဘူးဗျာ..။

ခင်တဲ့ 


(အဖြေးလူ)

Ashin Acara said...

Thank you for your post.

ရွှေရတုမှတ်တမ်း said...

ဟဲ့...ဘယ်လိုဖြစ်ကြတာတုန်း..
ဦးလှဘူးအမေဒေါ်စိုက အသက် ၆၂ နှစ်ကြမှ လင်ယူတာ သား ၃ ယောက် သမီး ၄ ယောက်တောင်မွေးတယ်ဆိုပါ့လား...
အံ့ဖွယ်သုတပါလားနော်...

zue said...

ဗဟုသုတယူသွားပါတယ်ရှင်...

Anonymous said...

ကိုကြီးကျောက် ရေ

typing error လားမသိဘူး စာအုပ်က ပြန်အပ်လိုက်လို့ နောက်မှ ပြန်ကြည့်ပြီးပြင်ပေးပါမယ် ၂၆ နှစ်က ပိုမှန်မယ်ထင်တယ်

ရွှေစင်ဦး

မေဓာဝီ said...

ဘကျောက်က အဲဒါမျိုးကျတော့ မြင်တတ်လိုက်တာ။ ဟီးး ။ ၆၂ နှစ်နဲ့ ကလေးတွေ မွေးလို့ရသေးတယ်ဆိုလို့ ဘကျောက် အားတက်သွားပုံပဲ။ :))))

SHWE ZIN U said...

မမေ ရေ

ဟုတ်ပ ကိုကြီးကျောက် က မလွယ်ဘူး အားတက်သွားတာ ဖြစ်နိုင်တယ် ကိုကြီးကျောက် ဆို ၇ ယောက် မကလောက်ဘူး ၇နိုင်သေးတယ်