ပင်လက်ပံကြွေချိန်ကျပြီမို့
နွေပေါက်လာ လို့ လေရူးကလေး ဝှေ့ချင်သည်နှင့် ကျွမ၏ ငယ်ဘ၀အရိပ်များသည် ကျွမထံ ပြေးပြေး လွှားလွှား ရောက်လာတတ်မြဲ ဖြစ်ပါ၏။ အညာ၏ နွေသည် တစ်မျိုးချစ် စရာ ကောင်းသည်။ ကျွန်မတို့ရွာက မြင်းခြံနယ် ခြောက်လက်ရွာ တွေထဲက ရွာကလေးဖြစ် ပါသည်။ သည်အချိန်ဆိုလျှင် ရွာမှ ကျွန်မ သတိ အရဆုံး ကတော့ ဘုန်းကြီးပျံကွင်းထဲက ဒုံး ရုပ်ကြီးများနှင့်တူသော လက်ပံပင်အိုကြီးတွေကို ဖြစ်သည်။
လက်ပံပင်ကြီး တွေက အိုလေ လက်ပံပွင့်တွေ ခဲနေအောင် ပွင့်လေဆိုတော့ အမေက အိုကံကောင်းသည့် သစ်ပင် တွေ လို့ ပြောတတ်သည်။ ဖြူခြောက်ခြောက် ရိုးတံကြီးတွေဆီက နီစွေးစိုဖတ်နေသော အပွင့်တွေ ပွင့် တတ်တာ ကိုက လှလို့နေသည်။ လက်ပံပွင့်တွေ ရဲပတောင်းကြီးခတ်အောင် ပွင့်တတ်သည့် လက်ပံပင် အိုကြီး ငါးပင် က ကျွန်မတို့သစ်ခင်း အစပ်မှာရှိသည်။ သည်အပင် တွေက ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင် လာခဲ့ သည့် အမွေဆိုင်အပင်များဖြစ်သည်။ ကျွန်မတို့ မမွေးမီကပင် သည်လက်ပံပင်ကြီးတွေက လက်ပံပွင့် တွေ ကို ကျွန်မ တို့ မိကြီး ဖကြီး၊ ဒွေးကြီးဒွေးလေး တို့ ကောက်ခဲ့ကြရော့မည်။
ကျွန်မ ငယ်စဉ် က ရွာမှနေကြသော အမေ့အစ်မက မွေးသည့် ညီအစ်မ၀မ်းကွဲများ နှင့် အတူ လက်ပံပွင့် ကောက်ထွက် ရတာ ကိုပဲ ပျော်ခဲ့ရသည်။ ထန်းခေါက်တောင်းခေါ်ကြသည့် ထန်းလျှော်တောင်းကိုယ်စီဖြင့် လက်ပံပင်ကြီး တွေရှိရာကို သွားကောက်ကြရတာ ကလည်း နေကုန်နှင့်နေခန်း။ "လက်ပံပွင့်ချိန် ခွေးရူးချိန်၊ လက်ပံ ရဲရဲ ခွေးကဆွဲ"စသဖြင့် ပါးစပ်ကလည်း အော်ကြရင်း လေမွှေ့တိုင်း ကြွေလာတတ်သည့် လက်ပံပွင့် တွေ ကို မြေမကျခင် လိုက်ဖမ်းကြတာကိုလည်း သတိရမိ၏။
"များများရအောင် ကောက်ခဲ့ကြ၊ ရေကြီးခါ ကျရင် လက်ပံခေါင်း ခြောက် အကောင်းလုပ်စား ကြရသာရယ်။ ရေကြီးခါ ဟင်းလေးချက်များတော့ စားရတာကို မတင်းတိမ်ပေါင်တော်"
ကြီးတော်မှာလိုက်သည့် စကားကို ကျွန်မတို့ သဘောပေါက်ပါသည်။ ရေကြီးခါဆိုတာ ၀ါဆို၊ ၀ါခေါင် ဧရာဝတီမြစ် ရေတိုးပြီဆိုလျှင် ကျွန်မတို့ မြစ်နားကမ်းနားရွာတွေထဲ မြစ်ရေ တွေ ချောင်းပေါက်၊ ထူးပေါက် တွေထဲ က တိုးဝင်လာတတ်သည်။
ရွာအရှေ့အနိမ့်ပိုင်းဘက် ရေဦးထိုးသွားရာက ဆက်မသွားနိုင်တော့လို့ ရေအီပြီဆိုလျှင် ရွာထဲမှာ ရေတွေ ခါးလယ် လောက် ရောက်ပြီ။ သည်အခါ သစ်ခင်းစိုက်ခင်းတွေ ပျောက်ပြီး အိမ်ပေါ်မှာပဲ တစ်လထိုးသီးတင်း ချက်ပြုတ် စားကြ ရတာမို့ တစ်နွေလုံးစုထားသည့် လက်ပံခေါင်း ခြေက်တွေက ဟင်းမယ်ဖြစ်ရတော့သည်။ ၀က်သား၊ ငါးခြောက်ရိုး စသည်ဖြင့် မတည်ကာ ပဲပုန်းရည်နှင့် လက်ပံခေါင်းခြောက်ဟင်းလေး အိုးကြီးက အိုလို့သာ ဟောင်းကရော့။ ကျွန်မတိုကရွာထဲက ရေတွေမဆင်းသရွေ့ ဟင်းလေးကျိုထားသည့် အိုးကြီး ကလည်း ဖိုခွင်ပေါ် က ဆင်းရသည်မရှိ။ တစ်ချက်တစ်ချက်မှ ဗွက်ကနဲထဆူတတ်သည့် အိုးကြီးကို မီးကျီးဖြင့် နှပ်ကာ ပစ်ထားလေ့ရှိသည်။ သောက်ကြစားကြ စမ်းပါလေ့။
သည် ဟင်းရနံ့ က ကျွန်မတို့ တစ်အိမ်တည်းက ထွက်နေခြင်းမဟုတ်ပါ။ အိမ်တိုင်းဆီက ထွက်နေကျ ရေကြီးခါ ကျေးလက်မီးဖိုချောင်နံ့ ဖြစ်၏။ ရေကြီးခါဆိုတော့ တစ်အိမ့်တစ်အိမ့် နွားစာကျင်းကို လှေလုပ်ကာ ကူးကြ ရသည်။ နွားစားကျင်းကို အိမ်တိုင်ချည်ပြီး အိမ်ကပြင် လှမ်းတက်လိုက်သည်နှင့် သည်အိမ်မှာလည်း လက်ပံခေါင်း ဟင်းလေးချက်နံ့ က ဆီးကြိုနေ တတ်၏။
"လက်ပံခေါင်း ခြွေတာ ကြီးတောပြမယ်၊ သည်မှာကြည့်၊ ညည်းတို့တစ်သက်လုံး စားရမှာ၊ ဟောသာက ပွင့်ဖတ် တွေ ခြွေပစ်လိုက်၊ ဒါက အူတိုင်ထပ် က မျက်ချေးဆံ ကလေးတွေ အမည်းစေ့ ကလေး တွေ တွေ့လား၊ အဲဒါတွေလည်း ခြွေပစ်၊ လက်ပံခေါင်းချည်း ကျန်ပစေ"
ကြီးတောက လက်ပံလေး၊ ငါးပွင့်လောက် ခြွေပြသည်နှင့် ကျွန်မတို့လည်း လုပ်တတ်သွား ကြပြီ။ လက်ပံခါင်းစိုစိုတွေကို အိမ်ရှေ့တလင်းပြန့်မှာ ကတ်ကြမ်းခင်းကာ လှမ်းကြရသည်။ ဂျွမ်းဂျွမ်းမြည်အောင် ခြောက်ပြီဆိုမှ မြေအိုးတုတ်တွေထဲထည့် လှောင်ရသည်။ မခြောက်လျှင် မှိုလိုက်တတ်ပါသည်။ ကျိုချင်တော့မှ အိုးတုတ်ထဲမှနှိုက်ကာ ကျိုကြရသည်။
လက်ပံသီး တွေရင့်ကြပြီ ဆိုလျှင်တော့ လက်ပံသီးပုတ်ဖို့ ထွက်ကြရပြန်ပြီ။ လက်ပံပွင့်တွေ ကြွေတုန်းက သူ့အပင် ကိုယ့်အပင် မရှိပါ။ မည်သူမဆို ၀ဲကျလာတတ်သေ လက်ပံပွင့်တွေ ကို လုနိုင်ကောက်နိုင်ကြပါ၏။ လက်ပံသီး ကိုတော့ ပိုင်ရှင်ကသာ ပုတ်ခွင့်ရှိသည်။ လက်သီး ပုတ်သည်ဆိုခြင်းမှာ လက်ပံသီးများကို ၀ါးလုံး ရှည်ရှည်ဖြင့် လှမ်းပုတ်ချခြင်းကို ဆိုလိုပါသည်။ လက်ပံသီးက အရင့်လွန်၍ ခြောက်သွေ့သွားလျှင် လက်ပံမှို ရရန် အသီးမကွဲခင် ပုတ်ချရခြင်းဖြစ်သည်။
လက်ပံသီးပုတ်ချိန်က သစ်ခင်းကိုင်းခင်းနားချိန် ဖြစ်သည်။ လှည်းအား၊ လူအားချိန်ဆိုတော့ ထန်း လက်ခုတ်ခြင်း၊ လက်ပံပုတ်ခြင်း၊ မန်ကျည်းသီးပုတ်ခြင်းတွေ သည်ရာသီမှာ လုပ်ကိုင်ကြရသည်။ လက်ပံပုတ် သည့်အခါ ၀ါးလုံးရှည်များသုံးကာ သစ်ပင်ခွဆုံပေါ်တက်ပြီး ရိုက်ချရခြင်း ဖြစ်သည်။ ကောက်သူတွေ က နိုင်အောင် ကောက်ကြပေရော့။ လှည်းတစ်စီးတိုက်၊ နှစ်စီးတိုက်၊ သုံးစီးတိုက်၊ အသီးများ သည့်နှစ်တွေ ဆိုလျှင် လေး၊ ငါးရက် ပုတ်ကြရသည်။
လက်ပံသီးတွေ လှန်းချိန်မှာ အသီးကွဲတွေကြားက လွင့်တက်လာတတ်သည့် လဲမှို့စက လေးတွေ လိုက်ဖမ်းရတာ၊ လေနှင့်မှုတ်ကြရတာကလည်း ကျေးလက်ကစားနည်း ဖြစ်သည်။ လက်ပံသီးတွေ ခြောက်ပြီ ဆိုလျှင်တော့ လက်ရိုက်ဟုတ်ဖြင့် ထုရိုက်တာ အခွံမာတွေ ခွာကြ ရသည်။ အတောင့်ထဲက လက်ပံမှို့ဖတ် ကလေး တွေက စက်နှင့်ကြိတ်ထည့်ထားသလို အသီးကန့်ထဲမှာ ကျစ်ကျစ်ကလေး ရှိနေတတ်၏။ ဒါကိုမှ တောင်းထဲ ထည့်ကာ ဒလက်ဖြင့် နာနာမွှေလိုက်တော့ လက်ပံမှို့တွေက ပွပွကြွကြွဖြစ်လာသည်။ ဒလက်လှည့် နာလေပွ လေ။ လက်ပံမှိုစေ့တွေက တောင်းအောက်ခြေမှာ ကျန်ရစ်ခဲ့၏။ ဒလက်လှည့်သူက ပါးစပ်ပေါက်၊ နှာခေါင်းပေါက်လုံအောင် အ၀တ်စည်းထားရသည်။ မှို့တွေဝင်တတ်လို့ ဖြစ်သည်။
ဒလက်လှည့်ရာက လွင့်တက်လာသော မှို့စကလေးတွေက တစ်ရွာလုံးပျံ့လေ သည်။
တချို့နှစ် တွေမှာ လက်ပံမှို့ လိုချင်သူသုံးချင်သူတွေက ကြိုမှာထားတတ်ကြသည်။ ကြိုမှာ သူမရှိတော့လည်း မြင်းခြံဈေး ပြေးရောင်းကြရ၏။ ပုဆိုးဟောင်းတွေကို ထိပ်မှစုချည်က လက်ပံမှို့တွေ သိပ်ထည့်ပြီးလျှင် အပေါ် က ကျကျနန ချည်ရသည်။ မှို့အိတ်ကြီးတွေကို အလုံးလိုက် နေပြကြရသေးသည်။ အထုပ်ဖြည်ကာ အထက် အောက် လှန်ပေးရသည်။
"တစ်နှစ် တစ်နှစ်လဲမှို့ဖိုးနဲ့ ဆန်ဝယ်ထားကြသာပဲ။ တချို့များ ဆန်ကချည်း တစ်တင်းခွဲ အိတ်လေး၊ ငလုံး ရကြသာရယ်အေ့"
ကျွန်မတို့ရွာက လက်ပံပင်ကို လဲပင်၊ လက်ပံမှို့ကိုလဲမို့၊ လှဲ့ဝါစသဖြင့်လည်း အလွယ်ခေါ် ကြပါသေးသည်။ လက်ပံမှို့တချို့ကို အိမ်အတွက်ချန်က ခေါင်းအုံး သစ်ထိုးကြသည်။ ခေါင်းအုံး ဟောင်းတွေထဲက မှို့ဟောင်း တွေထုတ်ပြီး မှို့သစ်လဲကြသည်။ မွေ့ရာရယ်လို့ ချုပ်ကြသူမရှိသလောက်ပင်။ ခေါင်းအုံးထဲ မွေ့သပ်ပြီးလျှင် အဟ အတိုင်း ထားကြရသည်။ အမယ်ကြီးတွေ၊ ကြီးတော်ကြီး တွေက ချုပ်ကြလိမ့်မည်။
အရွယ်ကျန်သေးသည့်သားသည် မိခင်တွေ၊ အပျိုတွေကို အချုပ်မခံ။ သားသမီး မီးဖွားရခက်တတ်သည်၊ မြုံတတ်သည်ဟု ယုံကြည်ကြလို့ ဖြစ်သည်။ ဒါကလည်း အယူသည်းလေ ခြင်းလို့ပဲဆိုဆို ကျွန်မတို့ရွာတွေ မှာတော့ သည်အလေ့ကျန်နေသေးသည်။ မြို့ကြီးတွေမှာ ရေမြုပ်ခေါင်းအုံး၊ ဂွမ်းကပ်ခေါင်း အုံးတွေ"တာ"စားသော်လည်း ကျွန်မတို့ရွာမှာ လက်ပံမှု့ခေါင်းအုံးကိုမှ ခေါင်းအေးသည် ဟုယူဆကြသည်။ "မြို့ခေါင်းအုံး တွေများ အုံးတာ နဲ့ ခေါင်းကိုက်ကရော"လို့လည်း ဆိုကြသေး၏။
ဘိုးဘွားပိုင် လက်ပံတောကြီး က မျိုးဆက်တွေကို လက်ပံမှို့တွေ ပေးနေတုန်းပဲ ဖြစ်သည်။ လက်ပံပင် တွေ ကို အဘိုးအဘွားများက ဘယ်သူဘယ်အပင်ရယ်လို့ ခွဲတမ်းချ အမွေ ပေးခဲ့တာ မဟုတ်ပါ။ ငါးမပေါက် မိသားစုတွေ လက်ပံတောက ထွက်သမျှ လဲမှို့ကို တစ်နှစ်တစ်လှည့်စီ ယူကြရခြင်းဖြစ်သည်။ ကျွန်မ တို့မိသားစု အလှည့် ဆိုတာ တွက်နေ စရာမဆို။ သူ့နှစ်နှင့်သူ ခွဲတမ်းသိကြပြီးသားဖြစ်၏။
"သည်နှစ် သည်အမေ မမြတင်အလှည့်ပေါ့အေ။ မှို့သုံးလေးပိဿာ လောက်တော့ လှည့်ရ ဦးမယ်၊ ငါ့အလှည့် ကျမှ ပြန်ဆပ်ရုံပ"
ကြီးတောက သည်နှစခေါင်းအုံးအသစ်ကလေး နှစ်လုံးသုံးလုံးထိုးကာ မြေ၀မ်းကွဲအလှူမှာ အလှူ ကူချင် သည်ဟု ဆိုသည်။ ကျွန်မတို့ရွာက ခေါင်းအုံးတစ်လုံး မှိုတစ်ပိဿာ ချိန်ခွင် နှင့်ချိန်ကာ မှို့ထိုးတက်ကြသည်။ မှို့ထိုး ပြီးခါစ ခေါင်းအုံးဖောင်းဖောင်းကားကားကြီးတွေက အအုံးရခက်သော်လည်း အသားတကျ ဖြစ်သွား ပြန် တော့ အိအိစက်စက် ရှိလှသည်။
ကျွန်မကတော့ လက်ပံပင်တွေကို အကြောင်းပြုကာ ဆွေဆွေမျိုးမျိုး တို့သွေးစည်းချစ်ခင် နေရစ်အောင် စီစဉ် ခဲ့ကြသော ဘိုးကြီးဘေကြီးများ၏ မျှတသော စိတ်ထားကိုသာ လေးစား နေမိပါသည်။ တစ်ခါတစ်ရံ ကျွန်မ တို့နေထိုင်သည့် မန္တလေးကို သန့်ပြီးစင်ပြီးသား လက်ပံမှို့တွေ ရောက်လာတတ်သည်။ တစ်ခါတစ်ရံ ရောင်းချပြီး မှ ငွေ နှင့်တိုက်ကာ ပဲလေး၊ နှမ်းလေး၊ ကြက်သွန်ကလေး ပို့ပေးတာလည်း ရှိသည်။
ကျွန်မတို့ အောက်မျိုးဆက်တွေကတော့ လက်ပံမှို့ကို စိတ်မ၀င်စားကြတော့ပါ။ တစ်ခါ တစ်ရံ အမေကျိုတတ်သော လက်ပံခေါင်းချဉ်ရည်ကိုလည်း အရသာရှိသည် မထင်ကြ တော့ပါ။ တစ်လောကတော့ ဖောင်းကားကုန်း ရှိ လက်ပံပင် ကြီးတွေထဲက တချို့သေကုန် ကြပြီဆိုသည့် စာတိုကလေး သင်္ဘောကြုံဖြင့် ရောက်လာ ခဲ့၏။ ဘာရမ်းမှန်းမိသိဘဲ ကျွန်မ လွမ်းမိပါသည်။ သေချာတာကတော့ နောက်ထပ် လက်ပံပင် တွေ ဘယ်သူမှ မစိုက်ကြတော့ခြင်းဖြစ်သည်။ နောက်မျိုးဆက်တွေအတွက် ရည်စူးကာ စိုက်ပျိုးကြသူ တွေလည်း မရှိ။ ရှိဦးတော့ ပင်လက်ပံခံစားမှုတွေကော ရှိကြပါဦးမလား။
ကျွန်မတို့ မြို့သစ်ကို ပြောင်းမလာခင် ဧရာဝတီမြစ်ဘေးတိုက်ခန်းတွေမှာ နေခဲ့ကြရသေး သည်။ တာပေါင်ရိုး တစ်လျှောက် လက်ပံပင်တန်းကြီးရှိသည်။ ရွာကိုလွမ်းလျှင် လက်ပံ ပင်တန်းဘက် လျှောက်သွား လိုက်ရုံ၊ ပင်လုံးကျွန်ရဲမှည့်နေသည့် အပင်ကြီးတွေအောက်မှာ ငယ်ဘ၀အလွမ်းပြေလက်ပံပွင့်ကြွေတွေ ကောက်ခဲ့ မိသည်။ တစ်နှစ်တစ်ခါ နှစ်ခါဆိုသလို လက်ပံခေါင်းကလေး ကျိုဖြစ်ခဲ့သေးသည်။ မြို့သစ် မှာတော့ လက်ပံပင်မရှိ၊ လွမ်းချင်ရင် တော့လည်း မြစ်ဆိပ်လက်ပံပင်ကြီးတွေ ရှိရာသွားဖို့သာ ရှိ၏။
လက်ပံပွင့်ချိန်ရောက်ပြန်ပြီ။ ရွာကို လွမ်းခွင့်ကြုံပြန်ပြီ။ သည်နှစ်တော့ လက်ပံမှိုခွဲတမ်းရ လျှင်ခါင်းအုံးသစ် ကလေးထိုး ရပါဦးမည်။ မြို့မှာအမြဲတမ်းခေါင်းပူနေရသော ကျွန်မတို့ အဖို့ လက်ပံမှို့ခေါင်းအုံးကလေးက ခေါင်းအေး သည်ဆို သာကော။
ဆက်ရန်
.
2 comments:
ကျနော်ကမန်းလေးနဲ့ ၃၂ မိုင်ဝေးတဲ့မြို့လေးက ကျနော်လည်းလက်ပံမှို့ထည့်တဲ့ခေါင်းအုံးပဲကြိုက်တယ် ပိုနုညံ့တယ် လက်ပန်ပင်ုကီးတွေရဲ့အကိုင်းအဖျားမှာမပွင့်ပဲ အရင်းမှာကပ်ပွင့်တာကလည်းတမျိုးကြည့်ကောင်းတယ်
မင်းကွန်းကလက်ပန်ပင်ကြီးတွေသိပ်လှတယ် ဧရာဝတီမြစ်ကြီးကိုလွမ်းတယ်
အစ်မရေ အညာဒေသရဲ့ အဓိက လက်ပံပွင့်နဲ့ လက်ပံမှို့အကြောင်းလေးက စိတ်ဝင်စားဖို့ကောင်းလိုက်တာ.. ညီမတို့ကျတော့ အထက် အရပ်ဆိုတော့ လက်ပံတွေနဲ့ ဝေးတယ် .. လက်ပံခေါင်းဟင်းတောင် တစ်ခါလား ၂ခါလား စားဖူးတယ်.. လက်ပံကောက် ကဗျာလေးကျောင်းမှာ သင်ရကတည်းက လက်ပံပွင့်ကို ဟင်းချက်တာ စားဖူးချင်တာ။
ဆရာမခင်ခင်ထူးရဲ့ ဒီစာလေးဖတ်ပြီး ကြည်နူးသလို ခံစားရတယ်..
ကျေးဇူး အစ်မရေ
Post a Comment