အခန်း (၄)
ကျွန်တော် ဆယ့်သုံးနှစ်ထဲ ရောက်လာတော့ ကျွန်တော့်တစ်ကိုယ်လုံး ပြောင်းလဲလာ တာကို သတိ ပြုမိပါတယ်။ ကျွန်တော်တစ်ယောက် လူပျိုဘ၀ထဲကို ၀င်ရောက်လာခဲ့ပါပြီ။
ငှက်ပစ် မထွက်တော့ဘဲ ရဂီးလ်ဘက်ကို ဂျက်ဖရီတို့နဲ့ တွဲပြီး ဈေးထဲမှာ လတ်လျား လတ်လျား လုပ်တတ် လာပြီ။ ဈေးပိုင်းမှာ ရွယ်တူတွေနဲ့ ကျောက်ဒိုး ပစ်တမ်း ကစားကြပါ တယ်။ ဘော်လုံးပွဲနားထောင်လို့ အားပေး တဲ့ ဘက်က အသင်းရှုံးရင် စိတ်ဓာတ်တွေ အကျကြီး ကျပြီး အိပ်ရာထဲ လဲမတတ်ဖြစ်သွားရော၊ ဒါကြောင့် ဘောလုံးပွဲလည်း နားမ ထောင်ဘဲ နေလိုက်ရပါတော့တယ်။
အဲဒီ အချိန်လောက်မှာပဲ ဂျက်ဖရီက ရေဒီယိုအပျက်တွေရှာပြီး တစ်စစီဖြုတ်ကြည့်တဲ့အလုပ် စပါတယ်။
အဲဒီမှာ ကျွန်တော်နဲ့ပေါင်းပြီးရေဒီယိုပြင်တတ်အောင် လေ့လာကြပါတယ်။
မာလာဝီနဲ့ အာဖရိက နိုင်ငံတော်တော်များများမှာ တယ်လီဗေးရှင်း လွှင့်ဖို့ လျှပ်စစ်မီးမရှိ ကြပါဘူး။ ရွာကလေး ရဲ့ အပြင်ဘက်က ကမ္ဘာကြီးထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ သိဖို့ ရေဒီယိုကိုပဲ အားကိုးကြ ရပါတယ်။ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ ရွာကလေးတွေက စပြီး မြို့ကြီးပြကြီး လမ်းမပေါ်တွေအထိ လူတွေ ရေဒီယို နားထောင်ကြပါတယ်။ လက်ကိုင်ရေဒီ ယိုသေးသေးကလေးတွေပါ။ မာလာဝီတေးဂီတနဲ့ အမေရိကန် သီ ချင်းတွေကို ဘလင် တိုင်း ယားကလွှင့်တဲ့ ရေဒီယိုတူး အစီအစဉ်က ကြားနိုင်ပါတယ်။
လီလွန်းဂွေ က လွှင့်တဲ့ သမ္မာကျမ်းစာတွေလည်းပါတတ်ပါတယ်။
မာလာဝီ အသံလွှင့်ဌာနကို လွတ်လပ်ရေးရပြီးကတည်းက စတင်လွှင့်ထုတ်ခဲ့ပါတယ်။ ကျွန်တော် တို့မာလာဝီ တွေဟာ ရေဒီယိုကို မိသားစုဝင်လို သဘောထားကြပါတယ်။ အဖေက ကျွန်တော် မမှတ်မိ တဲ့ အချိန်တွေ အကြောင်း ပြန်ပြောင်း ပြောပြတဲ့အခါ ရေဒီယိုအကြောင်း အမြဲပါတတ်ပါတယ်။ အမေရိကန်က ဒေါ်လီပါတန် နဲ့ ကင်နီရောင်ဂျားစ်တို့အသံကို စတင် ကြားဖူးကြောင်း၊ ရောဘတ်ဖူမူလာနီကိုလည်း ရေဒီယို မှာ နားထောင်ရလို့ သူ စွဲလမ်းခဲ့တာ ဖြစ်ကြောင်းတွေပေါ့။
အဲဒီခေတ်တုန်းက လယ်ယာကဏ္ဍကို ဦးစားပေးတယ်၊ သမ္မတဘင်ဒါ က လယ်သမားဟာ တိုင်းပြည် ရဲ့ပထမ အရေးကြီး လူတန်းစားလို့ ပြောခဲ့တယ်၊ မာလာဝီတိုင်း တောရှင်းဖို့၊ ထွန် ရေးညက်ဖို့ အမြဲတမ်း တိုက်တွန်း တယ်၊ မိုးမကျမီစိုက်ကြဖို့ အမြဲသတိပေးတယ်၊ နွားချေး ဖြန့်ဖို့လည်း အမြဲပြောတယ်။
ကျွန်တော်တို့ခေတ်ရောက်တော့ ကျမ်းစာနဲ့ တနင်္ဂနွေနေ့မှာလာတဲ့ ထိပ်တန်းသီချင်း အပုဒ် နှစ်ဆယ်ကို မလွတ်တမ်း နားထောင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့တိုင်းပြည်မှာ ရေဒီယို ၀မ်းနဲ့ ရေဒီယို တူး အသံလွှင့်ရုံ နှစ်ခုပဲ ရှိပါသေးတယ်။ နှစ်ခုစလုံး အစိုးရပိုင် အသံလွှင့်ဌာန တွေပါ။ ဒါကြောင့်လည်း ပြင်ပကမ္ဘာကြီးကို လှမ်းကြည့် ဖို့ ကျွန်တော်တို့ရဲ့ ပြတင်းပေါက်က လေးက ကျဉ်းလွန်းတာပေါ့။
ပထမဦးဆုံး ရေဒီယိုကို နားထောင်ရတဲ့အချိန်ကစပြီး အထဲမှာ ဘာတွေထည့်ထားသလဲ။ ဘာကြောင့် အဝေးကြီး အသံ တွေ ဒီအထဲရောက်လာတာလဲဆိုတာ ကျွန်တော်သိချင်နေခဲ့ တယ်။
ဂျက်ဖရီနဲ့ ကျွန်တော် ရေဒီယိုအပျက်ကို စဖွင့်တုန်းက ၀ိုင်ယာကြိုးကလေးတွေ၊ ဆိုက်ကစ် ပြား ကလေးတွေ ကို ကျွန်တော်ငေးကြည့်နေမိတယ်။ ဒီဝိုင်ယာကြိုးကလေးတွေက ဘာလုပ် နေတာပါလိမ့်။ ဘာလို့ အရောင် တွေ ခွဲထားတာပါလိမ့်။ ပြီးတော့ ဘယ်ကလာလို့ ဘယ်မှာ ဆုံးတာလဲ။ သည် ပလတ်စတစ်ပြားကလေးတွေ၊ ၀ိုင်ယာကြိုး အတိုအစ ကလေးတွေ ကြောင့် ဟိုအဝေးကြိးက အသံတွေ ကျွန်တော်တို့အိမ်ထဲကို ဘယ်လို ရောက်လာတာပဲ။ ဟိုးအဝေး ဘုရားကျောင်းက တရားသံတွေ၊ တခြားနိုင်ငံက တေးဂီတသံတွေ ကျွန်တော် တို့ ဆီရောက်အောင် ကြံဆောင်သူရဲ့အသိဥာဏ်ဟာ အံ့မခန်းပါလား။ ဒီအတတ်ပညာမျိုး သူ ဘယ်က ရတာ ပါလိမ့်။
ဟိုစမ်းသည်စမ်းနဲ့ ကျွန်တော်တို့ တဖြည်းဖြည်းသိလာတယ်။ ဆိုက်ကစ်ပြားကလေးတွေထဲ က ၀ိုင်ယာကြိုး ကလေးတွေ စုပြီး အကြီးဆုံးအပြားမှာ ပေါင်းလိုက်ရင် အသံဖြစ်လာတယ်။ ပြီးတော့ ပဲစေ့ကလေးတွေနဲ့တူတဲ့ ထရန်စစ္စတာလေး တွေက ဓာတ်အားကို ထိန်းပေးပြီး စပီ ကာနဲ့ ဆက်သွယ်ပေးတယ်။ ဒါကို ကျွန်တော်တို့ ဘယ်လို သိသလဲ ဆိုရင် ထရန်စစ္စတာတစ် လုံးကို ဖြုတ်ကြည့်လိုက်တဲ့အခါ အသံသိသိသာသာတိုးသွားတာ တွေ့ရ လို့ပါပဲ။ ကျွန်တော် တို့မှာ ခဲဂဟေတို့တဲ့၊ ဂဟေဆော်တဲ့ဂေါက် မရှိပါဘူး။ သွတ်နန်းကြိုး တုတ်တုတ် တစ်ခု ကို ပူရဲလာအောင် မီးဖုတ်ပြီး ဆိုက်ကစ်ထဲက ဂဟေကို ဖြုတ်ရ၊ တို့ရတာပါ။
အက်ဖ်အမ်တို့ အေအမ်တို့ဆိုတဲ့လိုင်းတွေကို ဘယ်လိုဖမ်းတယ်ဆိုတာလည်း ကျွန်တော် တို့သိလာတယ်။ ရေဒီယို မှာ အင်တီနာလို့ခေါ်တဲ့ အာရုံခံပစ္စည်းပါတယ်။ အေအမ်လိုင်းကို ဖမ်းဖို့ သူ့ရဲ့လှိုင်းတွေကရှည်တော့ အတွင်းမှာ အင်တီနာထည့်ပေးရတယ်။ အက်ဖ်အမ်ကျ တော့ လေထဲမှာ ဖမ်းရတာ လှိုင်းကကျဉ်းပြီး သေးငယ် တာ ကြောင့် အင်တီနာကိုအပြင် ထုတ်ထားရတယ်။ အက်ဖ်အမ်ဟာ အလင်းရောင်လိုပဲ။လှိုင်းက သစ်ပင် အမြင့်တွေ၊ အဆောက်အအုံမြင့်မြင့်တွေနဲ့တိုးရင် အတားအဆီးဖြစ်သွားတတ်တယ်။ အနှောင့် အယှက် ဖြစ်တတ်တယ်။
ကျွန်တော်တို့နှစ်ယောက်ဟာ အတွေ့အကြုံကို အခြေခံပြီး သင်ကြားခဲ့ကြတယ်။ ကျွန်တော်တို့ ပညာရဖို့ အတွက် ရေဒီယို တော်တော်များများလည်း စတေးခံခဲ့ကြရတယ်။ အိမ်နီးနားချင်း အဒေါ်တွေ၊ ဦးလေး တွေရဲ့ ရေဒီယိုတွေ ကို ဟိုအိမ်လည်တောင်း၊ ဒီအိမ် လည်တောင်းနဲ့ပေါ့။ ဂျက်ဖရီအခန်းထဲက သေတ္တာ တစ်လုံး ထဲမှာလည်း ၀ိုင်ယာကြိုးတွေ အ ပြည့်၊ အမှားပေါင်းများစွာကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ သူတို့ ရေဒီယို အပျက်ကလေး တွေ ကိုင်ပြီး ကျွန်တော်တို့ဆီ ရောက်လာကြတယ်။ မကြာခင်မှာပဲ ကျွန်တော်တို့ရဲ့ အလုပ် ကလေး စဖြစ်ပါတော့တယ်။
သူ့အမေ ရဲ့အိမ်နောက်မှာ တွဲထားတဲ့ ဂျက်ဖရီရဲ့အိပ်ခန်းကလေးဟာ ကျွန်တော်တို့ရေဒီယို ပြင်ဆိုင် ဖြစ်လာပါပြီ။ အလုပ်အပ်မယ့်လူတွေကို ကျွန်တော်တို့ တမျှော်မျှော်နဲ့ပေါ့။ ကြမ်းပြင် ပေါ်မှာတော့ ၀ိုင်ယာကြိုး တွေ၊ ဆိုက်ကစ်ပြားတွေ၊ မော်တာသေးသေးကလေးတွေ၊ ရေဒီယိုအခွံတွေ ရှုပ်ပွလို့ပေါ့။ ဈေးဦးဖောက် သူကတော့ ဟိုဘက်ရွာက အဘိုးကြီးတစ် ယောက်ပါ။ ရေဒီယိုကလေးကို ချိုင်းကြားမှာ ကြက် တစ်ကောင် ပိုက်သလို ပိုက်လာပါတယ်။
''၀င်ပါခင်ဗျာ၊ ၀င်ပါ''
''ဒီမှာ ရေဒီယိုပြင်တယ် ကြားလို့''
''ဟုတ်ပါတယ် ခင်ဗျာ၊ ကျွန်တော်တို့နှစ်ယောက် ပြင်ပေးနိုင်ပါတယ်။ ဘယ်လိုဖြစ်တာလဲ၊ တဆိတ်ပြောပြပါ ခင်ဗျာ''
''ဟင် မင်းတို့နှစ်ယောက် က ချာတိတ်ကလေးတွေပဲ၊ ဘယ်လိုလုပ် ရေဒီယို ပြင်တတ်မှာ လဲ''
''စိတ်ချပါ ခင်ဗျာ၊ ကျွန်တော်တို့ ပြင်တတ်ပါတယ်။ ဘယ်လိုဖြစ်တယ်ဆိုတာသာ ပြောပြပါ''
''ဖမ်းလို့ မရတော့ နားမထောင်ရတော့ဘူးပေါ့''
''ခဏကြည့်ပါရစေ၊ အင်း ရပါတယ်၊ ကျွန်တော်တို့ လုပ်နိုင်ပါတယ်၊ ညနေပိုင်းလောက် ပြန်လာပါ ခင်ဗျာ''
''ခြောက်နာရီ လောက် အပြီးလုပ်ပေးပါကွာ၊ ဒီနေ့ စနေနေ့ကွ၊ ရေဒီယိုပြဇာတ်ရှိတယ်''
''စိတ်ချ အဘ၊ စိတ်ချ''
ရေဒီယိုဘယ်နေရာမှာ ဘာဖြစ်နေပြီဆိုတာ သိပြီးတဲ့နောက် ကျွန်တော့်အတွက်လိုတာက လျှပ်စစ် ဓာတ်အား ပါပဲ။ ကျွန်တော်တို့ဆီမှာ လျှပ်စစ်ဓာတ်အား မရှိတော့ ဘက်ထရီကို အား ကိုးရတာပေါ့။ ဘက်ထရီ ကလည်း ဈေးကြီးလွန်းတော့ မတတ်နိုင်ပြန်ဘူး။ ဘက်ထရီ ၀ယ် နိုင်လောက်အောင် ကျွန်တော် တို့ ပိုက်ဆံမရကြသေးဘူးလေ။ ဒီတော့ ဈေးနားက အမှိုက်ပုံ မှာပစ်ထားတဲ့ ဓာတ်ခဲအဟောင်းတွေ လိုက်ကောက် ကြရပါတယ်။ အဲဒီအထဲက အားရှိတာ လေးတွေ ရွေးပြီး အလုပ်လုပ်ကြရပါတယ်။
အဖိုတစ်ဖက် အမတစ်ဖက် ၀ိုင်ယာကြိုးနဲ့ထိ ထားပြီး လက်နှိပ်ဓာတ်မီး မီးလုံးကလေးနဲ့ တို့ကြည့်တာပါ။ မှိန်လွန်း နေရင် အားမရှိတော့ ဘူး။ အတော်အတန်လင်းနေသေးရင် အားရှိသေးတယ်ပေါ့။ ပြီးတော့ စက္ကူကတ်ပြား ခပ် မာမာကို လိပ်ပြီး ဓာတ်ခဲတွေစီထည့်ရပါတယ်။ အဲဒီလိုနဲ့ ဓာတ်အားစုပြီး ရေဒီယိုဖွင့်ရပါ တယ်။ ကက်ဆက်ကတော့ အားများလို့ ဒီနည်းနဲ့မရပါဘူး။ ကျားခေါင်းတံဆိပ် တရုတ် ဓာတ်ခဲတွေက မနိပ် ပါဘူး။ ကျွန်တော်တို့ တိုင်းပြည်တွင် မာလာဝီ နေမင်းတံဆိပ် က အကောင်းဆုံးပါပဲ။
လူကြီး တွေက ကျွန်တော်တို့နှစ်ယောက်ကို ကြည့်ပြီး ပြောတတ်ကြတယ်။
''တကယ့်သိပ္ပံပညာရှင်ကလေး နှစ်ယောက်ပဲဟေ့၊ ကြိုးစားကြ၊ ကြိုးစားကြ၊ မင်းတို့ အလုပ် ကောင်းကောင်း ရကြမှာပါကွာ''
ရေဒီယိုပြင်ရတာ စိတ်ဝင်စားပေမယ့် ဒါကို သိပ္ပံပညာရှင်လို့ တစ်ခါမှမထင်မိပါဘူး။ ရေဒီယို အပြင် ကားတွေ ကိုလည်း ကျွန်တော်စိတ်ဝင်စားနေပါတယ်။ ဓာတ်ဆီ က အင်ဂျင်ကို ဘာကြောင့် လည်ပတ် စေတာလဲ ဆိုတာ ကျွန်တော် စဉ်းစားတယ်။ သိပ်ခက်မယ် မထင်ပါ ဘူး။ ကားမောင်းနေတဲ့ လူတစ်ယောက်ကို မေး လိုက်ရင် အဖြေရမှာပေါ့။ ဒါနဲ့ ဈေးနားမှာ ရပ်ထားတဲ့ ကားသမားတစ်ယောက်ကို ကျွန်တော်မေးတယ်။
"ကားကြီးဘာလို့ ရွေ့သွားတာလဲဗျ၊ အင်ဂျင်က ဘယ်လို အလုပ်လုပ်တာလဲ"
ဒါပေမဲ့ ဘယ်ကားဆရာကိုမေးမေး သူတို့ မဖြေနိုင်ကြပါဘူး။ ရယ်ကျဲကျဲနဲ့ ခေါင်းခါပြသွားကြတာ ချည်းပါပဲ။ ကျွန်တော့် မှာ အံ့သြမဆုံး ဖြစ်ရပါတယ်။ အင်ဂျင်က ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ မိသဘဲနဲ့ သူတို့ ဘယ်လို ကားမောင်းနေကြပါလိမ့်။
"ဓာတ်ဆီ က မီးဖြစ်တယ်။ အဲဒီအားနဲ့ အင်း ငါလည်း သိပ် မသိပါဘူးကွာ" တဲ့။
ဈေးထဲက ရေဒီယိုဆိုင်မှာ စီဒီပြားကလေးတွေ ရောင်းနေပြီ။ ကျွန်တော်တစ်ယောက် ရူးမတတ် အောင် စိတ်လှုပ်ရှား နေပြီလေ။ စက်ထဲကို အပြားကလေးထိုးထည့်လိုက်ရုံနဲ့ သီချင်းတွေ နားထောင်နေကြပြီ။
"သူတို့ ဘယ်လိုလုပ်ပြီး ဒီအထဲကို သီချင်းတွေ ရောက်လာအောင် လုပ်တာလဲ"
ကျွန်တော် မေးတဲ့အခါ လူတွေက "ဘယ်သိမလဲကွာ၊ ပေါက်ပေါက်ရှာရှာ၊ သီချင်းနားထောင်ရရင် ပြီးရောပေါ့" လို့ ပြောကြတယ်။ သူတို့တွေက အဲဒီလို ကျေနပ်နေကြပေမယ့် ကျွန်တော့်ခေါင်းကို တော့ မေးခွန်းပေါင်း သောင်းခြောက်ထောင်က တူနဲ့ထုသလို ၀ိုင်းထုနေကြပါတယ်။ ဒီမေးခွန်းတွေ ကို သိပ္ပံ ပညာရှင် ပဲ ဖြေနိုင်မှာပေါ့။ ဒါဆို ကျွန်တော် ဖြစ်စေချင်ဆုံးက သိပ္ပံပညာရှင်ပေါ့။
အဲဒီအချိန်က တစ်ကီလိုမီတာဝေးတဲ့ ၀င်ဘီမူလတန်းကျောင်းမှာ ကျွန်တော် တက်နေဆဲပါ။ လာမယ့်နှစ်မှာ ကျောင်းထွက် လက်မှတ်ရ စာမေးပွဲ ဖြေရပါမယ်။ အောင်ရင် အထက်တန်းကျောင်း ကို ပြောင်းရပါမယ်။ အထက်တန်း ရောက်ရင် သိပ္ပံတွေ အများကြီး သင်ရမယ်။ လက်တွေ့တွေ လည်း လုပ်ရမယ်လို့ ကျွန်တော် ကြားဖူး ထားတယ်။
ကျွန်တော် သိပ္ပံပညာရှင် အရမ်းဖြစ်ချင်နေပါပြီ။ ခုတော့ ကျွန်တော့်အချိန်ပိုတွေကို တောင်ယာ လုပ်ငန်း ထဲမှာချည်း လုပ်အားပေးနေရပါတယ်။ အဖေက ဆေးရွက်ကြီး နဲ့ ပြောင်းကိုပဲ ဆက်စိုက်နေ ပါတယ်။ ဒီဝင်ငွေ နဲ့ ပဲ မိသားစု ကို ကျွေးနေရပါတယ်။
မာလာဝီ မှာ ဆန်နဲ့ပြောင်းကို အဓိကထား စားကြပါတယ်။ မုန့်ဆိုရင်လည်း ပြောင်းနဲ့လုပ်တဲ့မုန့်က ခပ်များများပါ။ ဟင်းလျာကတော့ မုန်ညင်းနဲ့ ဖရုံသီး အဓိကပေါ့။ ဆိတ်သားတို့၊ ကြက်သားတို့ ဆိုတာ ကံကောင်း တဲ့ အခါမှသာ စားကြရတာပါ။ ကျွန်တော်အကြိုက်ဆုံးကတော့ ခရမ်းချဉ်သီးနဲ့ ငါးခြောက်ချက် ပါပဲ။
ခန်ဘာ ခမျာလည်း ကျွန်တော်တို့ ကျွေးတာကို မညည်းမညူ စားရှာပါတယ်။
မာလာဝီ မှာ ယောက်ျားလေးတွေက ယာထဲမှာ ကူရပါတယ်။ အဖေ့ကို ကူမယ့်လူက ကျွန်တော် တစ်ယောက် တည်း ရှိတယ်။ အိမ်မှာ မိန်းကလေးတွေက အမေ့ကို ကူပါ။ ရေခပ်၊ ကလေးထိန်း၊ ပျိုးကျဲ၊ ပျိုးနှုတ်၊ ဆေးခူး၊ ပြောင်းချိုးပေါ့။
မနက်လေးနာရီမှာ အဖေနဲ့ ကွင်းထဲ လိုက်သွားတဲ့အခါ ဟီယားနားလို့ခေါ်တဲ့ ကြောက်စရာ ဧရာမ တောခွေးကြီး နဲ့ တွေ့လို့ စွတ်ပြေးရတဲ့အခါတွေလည်း ရှိပါတယ်။
ရာသီဥတု ကောင်းတဲ့နှစ်တွေမှာ ဓာတ်မြေသြဇာလည်း ကောင်းကောင်း ကျွေးနိုင်တယ်ဆိုရင် ကျွန်တော်တို့ အိမ် မှာ ဆန်အိတ်တွေ၊ ပြောင်းဆန်အိတ်တွေ၊ ဆေးရွက်ကြီးတွေ ကျီအပြည့် ပုံနေပါ တယ်။ ကျီထဲ မဆန့်လို့ ၀ရန်တာ မှာပါ ပြည့်လျှံနေတတ်ပါတယ်။
၂၀၀၀ပြည့်နှစ် ဒီဇင်ဘာလမှာတော့ ရာသီဥတုက ဖောက်လာပါတယ်။ မိုးဦး နောက်ကျလိုက်တာမှ ဒီဇင်ဘာ နောက်ဆုံးအပတ်ထိ မရွာသေးပါဘူး။ ဇန်န၀ါရီ လဆန်းကျမှ မိုးဖွဲဖွဲ စရွာပါတယ်။ တောင်သူလယ်သမားတွေ သည်တော့မှ မျိုးစပါး စကျဲကြရပါတယ်။ မျှော်လင့်ချက်ကြီးစွာနဲ့ မြေသြဇာကျွေးတယ်။ မကြာပါဘူး၊ မိုးကြီး သည်းထန်စွာ ရွာချပါလေရော၊ တစ်ပတ်လုံး ဆက်တိုက် ရွာတာ။ အပင်ပေါက်ကလေးတွ အကုန် မျောပါသွားပါတော့တယ်။ ဒီမှာ ရပ်မနေဘဲ ရေတွေကြီး လာပြီး အိမ်တွေ၊ တိရစ္ဆာန်တွေ မျောပါ ကုန်ပါတော့တယ်။ ကံကောင်းလို့ ကျွန်တော်တို့ အရပ်ဘက် မှာ ရေမကြီးပါဘူး။ ဒါပေမဲ့ စိုက်ထား ပျိုးထား တာလေး တွေတော့ အားလုံးမျောပါသွားပါတယ်။ ဒီနှစ်အတွက် မျှော်လင့်ချက်တွေပါ မျောပါသွားတာပါ။
ကျွန်တော်တို့လိုပဲ ယာသမားတွေ ဘယ်သူမှ ဓာတ်မြေသြဇာ ထပ်မ၀ယ်နိုင်ကြတော့ပါဘူး။ သမ္မတ သစ်ရဲ့ စီးပွားရေး ပေါ်လစီကြောင့် ဓာတ်မြေသြဇာက တစ်အိတ်သုံးထောင်ကျော်သွားပါပြီ။
ရေဒီယိုဝမ်း ကနေပြီး မျိုးစေ့တွေ ဝေပေးမယ်လို့ ကြေညာပါတယ်။ စာရင်းတွေ ကောက်တယ်။ ဒါပေမယ့် ရွာသူကြီး နဲ့ သူ့ဆွေမျိုးတွေလောက်ပဲ ရကြပါတယ်။ ရတဲ့အထဲ ကျွန်တော့်အဖေ နာမည် မပါပါဘူး။ ဒါပေမဲ့ ကိစ္စ မရှိပါဘူး။ မိုးတိတ်သွားလို့ အသက်ရှူချောင်သွားကြပါတယ်။
ရေတွေလျှံပြီး မိုးက ပြန်မရွာတော့ဘဲ ပျောက်ခြင်းမလှ ပျောက်သွားပါတော့တယ်။ တစ်ဆက်တည်း မှာ မြေကြီး ဟာ ကျိန်စာသင့်သလို ခြောက်သယောင်းသွားပါတော့တယ်။ လက်ကျန် ပျိုးပင်ကလေး တွေ၊ မျိုးစေ့ ကလေး တွေကို နေမင်း ဆယ်စင်း တစ်ပြိုင်တည်း ထွက်သလို မီးလောင်တိုက် သွင်းပစ်လိုက်ပါတော့တယ်။
ဒီလို နဲ့ မေလထဲရောက်တော့ ကျန်တဲ့ ပြောင်းပင်တွေဟာ ကြက်သွန်ပင်ကလေးလောက်ပဲ ကျန်တော့တယ်။
"ကျွန်တော် ဘယ်လို လုပ်ကြမလဲဟင် အဖေ"
ကျွန်တော်က ပူပူပင်ပင် မေးကြည့်တော့ အဖေက သက်ပြင်းချပြီး
"အဖေလည်း မပြောတတ်တော့ဘူးကွာ၊ ဒါပေမဲ့ တို့တစ်ဦးတည်း မဟုတ်ဘူး၊ အားလုံး ဖြစ်ကြတာ ပဲ" တဲ့။
အဖေ ပြော တဲ့ အတိုင်းပါပဲ၊ မိုးခေါင်ရေရှး ဒဏ်ကို တစ်နယ်လုံး ခံလိုက် ရပါတယ်။ မိုးခေါင်တာ၊ ဓာတ်မြေသြဇာ မ၀ယ်နိုင်တာ၊ အစိုးရဆီက မျိုးစေ့မရတာတွေ ပေါင်းလိုက်တော့ ဆာလောင် ငတ်မွတ်ခြင်း ဘေးဒဏ် ကို ခံကြရမယ့်ကိန်းဆိုက်လာပါတယ်။
ကောက်သင်းကောက်သလို လိုက်ကောက်တော့ ပြောင်းဆန် ငါးအိတ်ပဲ ရလိုက်ပါတယ်။
တစ်ည မှာ ကျွန်တော် အိပ်ရာဝင်တော့ အဖေ့ကို လှမ်းကြည့်လိုက်တယ်။ ရေနံဆီမီး၊ မှိတ်တုတ် မှိတ်တုတ်မှာ အဖေ့ကို လှမ်းမြင်ရါပတယ်။ ပြောင်းဆန်အိတ် ငါးအိတ် ကို တစ်ယောက်တည်း ထိုင်ကြည့် နေတယ် လေ။
ဆက်ရန်
.
No comments:
Post a Comment