Saturday, January 1, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၂ဝ)

အကယ်၍ သူ့မြို့ထဲသို့ လာခဲ့ပါမူ အဖမ်းခံချင်ခံရလိမ့် မည်။ သူ့ဘောင်းဘီများကိုတော့ ဤဂုစ္ဆာမကြီးက တန်ရာတန်ကြေး မပေးဘဲ ယူလိုက်ပြီ။ ဘောင်းဘီ အကောင်းစားများကို ၀ိုင်တစ်စိတ်ပေး၍ ယူလိုက်ခြင်း သည် မတရား ကျလွန်းလှ၏။ ယင်းကဲ့သို့ တွေး လိုက်မိသောအခါ ပီလွန်သည် မစ္စက်တော်ရဲလီးအပေါ် အကြီးအကျယ် ဒေါပွလာသည်။

" ခဏနေရင် ကျုပ်သွားတော့မှာပါ " ဟု သူက မစ္စက်တော်ရဲလီးကို လှမ်းပြောသည်။ မစ္စက်တော်ရဲလီး သည် ဘောင်းဘီ များကို မီးဖိုတစ်ဖက်ရှိ အခန်းကလေးထဲမှ ကြိုးတန်းပေါ် လှမ်းတင်လိုက်သည်။
" အေး သွားတော့၊ ဂွတ်ဘိုင်" ဟု မစ္စက်တော်ရဲလီးက နှုတ်ဆက်ပြီး ညစာချက်ဖို့အတွက် စတိုခန်းထဲသို့ ၀င်သွား သည်။ ပီလွန်သည် ကြိုးတန်းပေါ်မှ ဘောင်းဘီများကိုသာမက ဒင်နီ၏ စောင်ကိုပါ လှမ်းယူပြီး အခန်းထဲ မှ ခပ်သုတ်သုတ် ထွက်လာခဲ့လေ၏။

ပီလွန်သည် ကောင်ကြီးဂျိုးကို ထားခဲ့သည့် သောင်ပြင်ဘက်သို့ ပြန်လာသည်။ သဲပြင်ပေါ်တွင် တထိန်ထိန် တညီးညီး ဖြစ်နေသော မီးပုံကြီးကို အဝေးမှပင် လှမ်းမြင်နေရ၏။ မီးပုံကြီးရှေ့တွင် တလှုပ်လှုပ်ဖြစ် နေသော အရိပ်မည်းမည်းများ။ အမှောင်ရိပ်များသည် ပတ်ဝန်းကျင်တွင် ကျရောက်လျက် ရှိလေပြီ။ သူသည် မီးပုံမှ မီးရောင်ကိုအားပြု၍ လျှောက်လာခဲ့သည်။ အနီးသို့ ရောက်သွားသည့်အခါကျမှပင် မိန်းကလေး ကင်းထောက် အဖွဲ့ဝင်များ ဖြစ်နေသည်ကို တွေ့ရသည်။ သူသည် သတိထား၍ လျှောက် ကာ သူ့သူငယ်ချင်း ကို မျက်စိရှာသည်။

ပထမတော့ သူသည် ကောင်ကြီးဂျိုးကို မမြင်။ အတန်ကြာရှာမိသောအခါမှ သူ့တစ်ကိုယ်လုံးကို သဲများ ဖြင့်ဖုံး၍ သောင်ပြင်ပေါ်၌ လှဲအိပ်နေသော ကောင်ကြီးဂျိုးကို လှမ်းမြင်ရသည်။ ကောင်ကြီးဂျိုးမှာ အအေးဒဏ် ကို အပြင်းအထန် ခံနေရသည်။ သူ့ကိုမြင်သောအခါ ရုတ်တရက် စကား မပြောနိုင်။ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လျက်ရှိသည်။ ပီလွန်က ဂျိုးထံသို့ လျှောက်သွားပြီး ဘောင်းဘီ များကို မြှောက်ပြ သည်။

" ရော့ဟေ့ ဂျိုး၊ မင်းဘောင်းဘီတွေကို ပြန်ရတာ ၀မ်းသာပေတော့ "
ဂျိုးသည် သွားချင်တဆတ်ဆတ်ရိုက်ကာ တစ်ကိုယ်လုံးတုန်လျက်ရှိသည်။ " ငါ့ဘောင်းဘီတွေကို ဘယ် အကောင် ခိုးသွားတာလဲ ပီလွန်၊ ဘောင်းဘီမပါဘဲ ငါ အခုလိုကြီး လှဲနေရတာ နာရီပေါင်းကို မနည်း တော့ဘူး၊ ဟိုကောင်မလေးတွေ ရှိနေလို့ ဘယ်ကိုမှလည်း မသွားရဲဘူး "

ပီလွန်သည် မီးပုံကြီးကိုပတ်၍ ခုန်ပေါက်ပြေးလွှားနေကြသည့် ကောင်မလေးများနှင့် ကောင်ကြီးဂျိုးကြား မှ ရပ်ကာ အကာအကွယ်ပေးနေရသည်။ ကောင်ကြီးဂျိုးသည် သူ့ကိုယ်၊ ပေါင်နှင့် ခြေထောက်များ၌ ကပ် နေသော သဲများကို ခါချပြီး ဘောင်းဘီများကို ကသောကမျော ၀တ်သည်။ ထို့ နောက် နှစ်ယောက် ဘေးချင်း ယှဉ်ကာ သဲသောင်ပြင်ပေါ်အတိုင်း မွန်ထရေးမြို့ဘက်သို့ ဦးတည်၍ လျှောက်သွားကြသည်။ သောင်ပြင်၏ နောက်ဘက် ရှိ သဲသောင်ကြီးများသည် ခုန်၍ အုပ်ဖမ်းရန် အသင့် စောင့်ဆိုင်း ချောင်းမြောင်း နေကြသည့် အမဲလိုက် ခွေးကြီးများနှင့် တူလှ၏။ လှိုင်းဂယက်များ သည် အသာအယာ ရိုက်ခတ်လျက် ရှိသည်။ ညသည် အေးလှ ၏။ အပူငွေ့များသည် တဖြည်းဖြည်းချင်း ဆုတ်ခွာသွားနေကြလေပြီ။

ပီလွန်သည် ယခုအချိန်ထိ ငေးငိုင်တွေဝေနေဆဲ။ ကောင်ကြီးဂျိုးသည် ပီလွန်စိတ်ညစ်နေသည်ကို ရိပ် မိသည်။ နောက်ဆုံးတွင် ပီလွန်က ကောင်ကြီးဂျိုးကို လှည့်ကြည့်ပြီး " ငါတို့အနေနဲ့ အခုကြုံခဲ့ရတဲ့ အဖြစ်ကို ကြည့်ပြီး မိန်းမတစ်ယောက်ကို ယုံကြည်စိတ်ချခြင်းဟာ မိုက်မဲမှုကြီးတစ်ခုပဲလို့ သင်ခန်းစာ ယူရမယ်" ဟု ပြောလေ သည်။
" ငါ့ဘောင်းဘီ တွေ ခိုးသွားတာ မိန်းမလား " ဟု ကောင်ကြီးဂျိုးက မေးသည်။ " ဘယ်သူလဲကွ၊ ငါ့ကို ပြောစမ်းပါ၊ ဒီကောင်မကို ဆောင့်ကန်ပစ်လိုက်မယ် "

ပီလွန်ခေါင်းယမ်းသည်။ " သူ့ကို အပြစ်ဒဏ်ပေးပြီးပါပြီ၊ သူ့အပြစ်နဲ့သူ ခံသွားရတြ့သဘောပဲ၊ အဲဒါဟာ အကောင်းဆုံးသော အပြစ်ပေးနည်းပဲကွ။ သူက မင်းဘောင်းဘီတွေကို ရသွားတယ်၊ လောဘတက်ပြီး ၀ယ်တာ၊ ဟောအခုတော့ အဲဒီဘောင်းဘီတွေ သူ့လက်ထဲမှာ မရှိတော့ဘူး"

ဤစကားများမှာ ကောင်ကြီးဂျိုး နားလည်သဘောပေါက်ရန် အလွန်အလှမ်းဝေးသည့် စကားများဖြစ်၏။ သို့သော်လည်း ကောင်ကြီးဂျိုးက စပ်စပ်စုစု လုပ်၍ မေးမြန်းခြင်းမပြု။ ပီလွန်ကလည်း ဤအဖြစ်ကို လျှို့ဝှက်သည်းဖို ဇာတ်လမ်းအဖြစ်သာ ထားချင်သည်။ " အေးကွာ၊ ငါ့ ဘောင်းဘီတွေကို ပြန်ယူလာ တဲ့ အတွက် မင်းကို ကျေးဇူးသိပ်တင်တယ် ပီလွန်" ဟု ကောင်ကြီးဂျိုးက ပြောသည်။ သို့သော်လည်း ပီလွန်သည် ဒဿနိက အမြင်တစ်ရပ်ပေါ်တွင် စိတ်ဝင်စားပြီး အလေးအနက် ဆင်ခြင်စဉ်းစားနေသဖြင့် ကောင်ကြီးဂျိုး၏ ကျေးဇူးတင် စကားကို မကြားနိုင်။

" တကယ်တော့ကွာ၊ ဒီကိစ္စဟာ အလကားပါ" ဟု ပီလွန်က ရေရွတ်သည်။ "ဒီကိစ္စတစ်ခုလုံးကို ခြုံကြည့်ပြီး ငါတို့ယူထားလိုက်တဲ့ သင်ခန်းစာက တန်ဖိုးသိပ်ရှိတာကွ"
သူတို့သည် သောင်ပြင်ထက်မှနေ၍ တောင်ကုန်းပေါ်သို့ တက်လာကြပြီး ဓာတ်ငွေ့စက်ရုံ မျှော်စင်ကြီး ရှေ့မှ ဖြတ်လျှောက်လာခဲ့ကြသည်။

ကောင်ကြီးဂျိုးသည် ပီလွန်နှင့် ပေါင်းရသင်းရသည့်အတွက် များစွာ ပျော်ရွှင်လျက်ရှိ၏။ " သူငယ်ချင်း အပေါင်းအသင်း တွေပေါ်မှာ အလွန်စောင့်ရှောက်တဲ့ကောင် တစ်ယောက်ပါလား၊ ကိုယ့်သူငယ်ချင်း အိပ်ပျော်နေချိန် မှာ အန္တရာယ်မဖြစ်အောင် စောင့်ရှောက်ကာကွယ်ပေးရှာတယ်" ဟု တွေးသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပီလွန်ကောင်းကျိုးဖြစ်အောင် ကျေးဇူးတုံ့ပြန်မည်ဟုလည်း ဆုံးဖြတ်လိုက် လေသည်။
-------------------

ဒင်နီသည် သန့်ရှင်းရေး အလုပ်သမားတစ်ဦး၏ ထောင်အဖမ်းကို ခံရခြင်းနှင့် ဒင်နီနှင့် သူငယ်ချင်းများက သူ့ကို ၀ိုင်း၍ ကယ်တင်ကြခြင်း

ဒိုလိုရက်စ် အင်ဂရာစီယာ ရာမီးရာက်ဇ်သည် တော်တီလာဖလက် ရပ်ကွက်၏ အစွန် အမြင့်ပိုင်းကျကျ နေရာ တွင် အိမ်ငယ်ကလေးတစ်လုံးနှင့် နေထိုင်သည်။ သူသည် မွန်ထရေးမြို့ထဲမှ ဂုဏ်သရေရှိ အမျိုးသမီး ကြီး တချို့၏ အိမ်များသို့ သွားရောက်ပြီး အိမ်မှုကိစ္စများကို လုပ်ပေးကိုင်ပေးခြင်းဖြင့် အသက်မွေးသည်။ သူသည် မိန်းမချော မိန်းမလှတစ်ယောက်မဟုတ်။ ပိန်ကြုံသော မျက်နှာသည် ပီဆာနိုးမ တစ်ယောက် စစ်မှန်ကြောင်း ဖော်ပြနေသည်။ သို့သော်လည်း သူ၏ ကိုယ်လုံးကိုယ်ပေါက်ထဲတွင် ကာမဂုဏ်အာရုံကို ခံစားချင် လာအောင် ဆွဲဆောင်နိုင်သည့် လှုပ်ရှားမှုများရှိသည်။ တချို့ယောက်ျားများကတော့ လိုဏ်သံပေါက်နေသည့် သူ့အသံကို စွဲကြ သည်။ ပြင်းပြသော ရာဂဆန္ဒကို ဖော်ပြနေသည့် သူ့မျက်လုံးများ သည် သွေးသားတောင့်တမှု တစ်ခုတည်းကိုသာ အဓိကထားကြသော ဖိုသတ္တ၀ါများအတွက် ဆွဲဆောင်မှု အပြည့်ရှိ လေသည်။

သူသည် အပြောအဆို တိုတောင်းပြီး အပြုအမူ ကြမ်းတမ်းသည်။ သူ၏ အပြောအဆိုနှင့် အပြုအမူများကို ကြည့် ပါက နည်းနညိးကလေးမှ နှစ်လိုဖွယ်ရာမရှိ။ သို့သော်လည်း တစ်ခုနှင့်တစ်ခု ပေါင်းစပ်ဖွဲ့စည်း လျက်ရှိသော အခြားချစ်ခင်မက်မောဖွယ်ရာ အရည်အသွေးများက ရှိနေသဖြင့် သူ့ကို " တော်တီလာဖလက် မှ ချစ်စရာ ရာမီးရက်ဇ်" ဟု အမည်ပေးထားကြသည်။
မည်သို့ပင်ဖြစ်စေ ရာမီးရာက်ဇ်တစ်ယောက် သားကောင်ရှာသည့်အခါများတွင် သူ၏ လှုပ်ရှားမှုများကို မြင်ရသည် မှာ အလွန်စိတ်သာယာဖို့ ကောင်းသည်။

သူ့အိမ်ရှေ့ ၀င်းခြံတံခါးကို မှီ၍ ရပ်နေသည့် ကိုယ် ဟန်အမူအရာ၊ အိပ်ချင်မူးတူး ဖြစ်နေဟန်ဖြင့် ပြောနေသည့် သူ့အသံ။ နွေရာသီ လှိုင်းလုံးများ လှုပ်ရှားနောကည့်နှယ် ဘယ်ပြောင်းညာနွဲ့ အိအိစက်စက် လှုပ်ရှား နေကြသော တင်ပါးကြီးများ၊ ဤ အရာအားလုံးသည် မြင်သူတကာတို့၏ စိတ်နှလုံးကို ဆွဲကိုင်ခါယမ်းလျက်ရှိသည်။ သို့ဖြစ်ရာ ဤကမ္ဘာ လောကတွင် ဤမျှလောက်လေးနက်ပြီး ဤမျှလောက် အဓိပ္ပာယ် ပါသော လှုပ်ရှားမှုမျိုးကို သူ့လောက် မည်သူမှ ဖန်တီးနိုင်မည် မဟုတ်ဟုပင် ထင်ရလောက်၏။

သာမန် အချိန်များတွင်မူ သူ့အသံသည် စွာတာတာနှင့် စူးစူးရှရှ နိုင်လွန်းသည်။ မျက်နှာထားကလည်း ခက်ထန် မာကျော လှ၏။ သွားလာလှုပ်ရှားပုံများကလည်း လေးလံထိုင်းမှိုင်းလှ၏။ သူ့စိတ်နေစိတ်ထား မှာလည်း တစ်ကိုယ်ကောင်း ဆန်လွန်းသောအတ္တက လွှမ်းမိုးလျက်ရှိသည်။ သို့သော်လည်း ရက်သတ္တ တစ်ပတ် လျှင် တစ်ကြိမ် နှစ်ကြိမ်မျှ နူးညံ့ပျော့ပျောင်းသော အတ္တစိတ်ဝင်လာလေ့ရှိသည်။ အထူးသဖြင့် ထိုစိတ် သည် ညနေစောင်းအချိန်များတွင် အများဆုံး ၀င်လာတတ်လေသည်။

ဒင်နီ အမွေစားအမွေခံ တစ်ဦးဖြစ်လာသည်ဟူသော သတင်းကို ချစ်စရာ ကြားသည့်အခါ သူ ၀မ်းမြောက် ၀မ်းသာဖြစ်သည်။ တော်တီလာဖလက်ရပ်ကွက်အတွင်းမှ အခြားသော မိန်းမများပြုလုပ်သကဲ့သို့ သူ့ကိုယ်သူ ဒင်နီ၏ ဇနီးမယားအဖြစ် စိတ်ကူးယဉ် အိပ်မက်မက်သည်။ ညနေတိုင်း ချစ်စရာသည် သူ့ အိမ်ရှေ့ ၀င်းတံခါးတိုင်ကို တင်ပါးတစ်ဖက်နှင့် မှေးမှီ၍ရပ်ကာ သူ့အိမ်ရှေ့မှ ဒင်နီဖြတ်အလာကိုမျှော်သည်။ သူ့ထောင်ချောက် ထဲသို့ ဒင်နီ ကျအလာကို စောင့်စား သည်။ သို့သော်လည်း အချိန်တွေသာ အများကြီး ကုန်သွားသည်။ ငါးစာပစ်ထားသော သူ့ထောင်ချောက်တွင်းသို့ ဒင်နီကျမလာ၊ ထောင်ချောက်ထဲသို့ ကျလာနေသူ များမှာ အိမ်ခြေရာမဲ့ ရက် အင်းဒီးယန်း လူမျိုးများနှင့် ပီဆာနိုး လူမျိုးများသာဖြစ်သည်။

သူတို့ လူစုမှာ အိမ်ခြေရာခြေရှိဖို့ မဆို ထားနှင့်၊ အ၀တ်အစားပင် ကောင်းကောင်း မ၀တ်နိုင်သည့် လူများဖြစ်သည်။ အများအားဖြင့် သူတို့ လူစုမှာ အ၀တ်အစား စုတစုတ်ပြတ်ပြတ် ပေပေရေရေနှင့် တောပုန်း လိုလို ၀ရမ်းပြေးလိုလို လူစားများသာဖြစ်လေသည်။

ချစ်စရာအနေဖြင့် အဘယ်မှာလျှင် ကျေနပ်နိုင်ပါမည်နည်း။ ဒင်နီ၏ အိမ်မှ ကြည့်လျှင် ချစ်စရာ၏ အိမ် သည် တောင်ကုန်းအမြင့်ပိုင်း၌ တည်ရှိသည်ဖြစ်ရာ ဒင်နီမကြာခဏ လာတတ်သည့်လမ်း မဟုတ်။ သူမလာလျှင် ကိုယ်ကသွားရမည်ဟူသော သဘောဖြင့် ဒင်နီကို အရှာထွက်ဖို့မှာလည်း ချစ်စရာ မလုပ်နိုင်သည့်ကိစ္စ၊ အဘယ်ကြောင့် ဟူမူ သူသည် အမျိုးသမီးတစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။ အကယ်၍ ဒင်နီက သူ့အိမ်ဘက် သို့ လျှောက်လာမည်။ သူနှင့်ဆုံမိပြီး စကားပြောကြမည်။ ထိုအခါ အိမ် ထဲဖိတ်ခေါ်ပြီး ၀ိုင်တစ်ခွက် တစ်ဖလား တိုက်မည်။

ထို့နောက် ဖိုသဘာဝက အင်အားကြီးပြီး မ ဆိုသော သတ္တ၀ါ၏ အားနည်းမှုများကြောင့် ကိုယ်ပိုင် ပစ္စည်းများ ကို ထိုးအပ်ရသည်က တစ်မျိုး၊ သို့သော်လည်း သူ့အိမ်ဝင်း တံခါးမှ ခွာထွက်ပြီး သူ့ထံသွားဖို့ ဆိုသည်ကတော့ တွေးပင် မတွေးဝံ့။

ဤသို့ဖြင့် ချစ်စရာသည် ဒင်နီရောက်အလာကို ညနေတိုင်း မျှော်လင့်စောင့်စားခဲ့၏။ သို့သော်လည်း သူ မျှော်လင့်သည့်အတိုင်း ဖြစ်မလာသဖြင့် ကံကြမ္မာက ပေးသည့် လက်ဆောင်များ ဖြစ်သော ဂျင်း ဘောင်ဘီဝတ် လူဆန်းစားများကိုသာ လက်ခံရယူခြင်းဖြင့် အချိန်ကုန်လာခဲ့ရသည်မှာ လပေါင်းများစွာ ကြာလာ ခဲ့သည်။ သို့သော်လည်း တော်တီလာဖလက် ရပ်ကွက်အတွင်း၌ သွားစရာလမ်းမှာ များများ စားစား ရှိသည် မဟုတ်ပေ။ မည်သည့်နည်းနှင့်မဆို တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဒင်နီသည် ဒိုလိုရက်ဇ် အင်ဂရာစီယာ ရာမီးရက်ဇ်၏ အိမ်ဝင်းတံခါးရှေ့မှ ဖြတ်လျှောက်လာမိသည်သာဖြစ်၏။ ထင်သည့်အတိုင်းပင် တစ်ရက် တွင် ဒင်နီသည် ချစ်စရာ၏ အိမ်ရှေ့မှ ဖြတ်လျှောက်လာသည်။

အမှန်တော့ သူတို့သည် တစ်ယောက်နှင့် သိကျွမ်းလာခဲ့ကြသည်မှာကြာပြီ။ ချစ်စရာအနေဖြင့် ဒင်နီ အလာ ကို ယခုလောက်အထိ အကြီးအကျယ်မျှော်လင့် စောင့်စားရသည့် အဖြစ်မျိုးနှင့် လုံးဝ ကြုံခဲ့ဖူးခြင်းမရှိ။ ယခုတစ်ကြိမ် သည် ပထမဆုံး အကြိမ်ဖြစ်၏။ ထိုနေ့မနက်က ဒင်နီသည် ဗဟို ထောက်ပံ့ရေး ကုမ္ပဏီမှ ပိုင်ဆိုင် သော ကြေးနီပြားပတ် စည်ပိုင်းတစ်လုံးကို တွေ့သည်။ သူတွေ့သော စည်ပိုင်း၏ အနီးအနားတွင် ကုမ္ပဏီ မှ လူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိသဖြင့် စည်ပိုင်းသည် အသုံး မလိုတော့၍ စွန့ပစ်လိုက်သည့် ပံ့သကူ ပစ္စည်းတစ်ခုဟု သူ့သလောနှင့်သူ လိုရာဆွဲ၍ ဆုံးဖြတ်လိုက်ကာ အပိုင်စီးလိုက်၏။ ထို့နောက် စည်ပိုင်း မှ ကြေးပြားအားလုံးကို ခွာ၍ ဆာလာအိတ် တစ်လုံးတွင် ထည့်သည်။

ပြီးတော့ ပင်လယ်ဓားပြ၏ လက်တွန်းလှည်းကို ခဏငှားပြီး ပင်လယ်ဓားပြကိုပင် တွန်းပို့ခိုင်းသည်။ သူသည် ထိုပစ္စည်းကို အနောက်ပိုင်း ဒေသ ထောက်ပံ့ရေးကုမ္ပဏီသို့ ယူသွားပြီး သုံးဒေါ်လာနှင့် ရောင်းသည်။ စည်ပိုင်း ကိုမူ ပင်လယ်ဓားပြလက်သို့ ၀ကွက်အပ်လိုက်သည်။

" မင်း ထည့်ချင်တာ ထည့်ရတာပေါ့ကွာလ ဟု ဒင်နီက ပြောသည်။ စည်ပိုင်းလွတ်ကို ရသည့်အတွက် ပင်လယ်ဓားပြမှာ အလွန်အမင်း ပျော်မြူးလျက်ရှိလေသည်။
ထို့နောက် တိကျပြတ်သားသော အစီအစဉ်ဖြင့် တော်ရဲလီးဆိုင်သို့ တန်း၍သွားရန် တောင်ကုန်းပေါ်မှ ဆင်းလာ ခဲ့၏။ ငွေသုံးဒေါ်လာသည် သူ့အင်္ကျီအိတ်ကပ်ထဲတွင် အသင့်ပါလာသည်။
ဒင်နီ လျှောက်လာနေခိုက်တွင် ဒိုလိုရက်ဇ်၏ ချိုအေးသာယာသော သီချင်းဆိုသံကို ကြားရသည်။ ထိုအခါ ဒင်နီ သည် ရှေ့ဆက်၍ မလျှောက်နိုင်တော့ဘဲ ရပ်လိုက်သည်။ သူ၏ မူလအစီအစဉ်များထဲတွင် တော်လှန်မှု တစ်ရပ်ဖြစ်ပေါ်လာသည်။ " နေကောင်းရဲ့လားချစ်စရာ" ဟု သူကလှမ်း၍ နှုတ်ဆက်သည်။

" ကျွန်မ နေကောင်းတယ် ဆိုတော့ကော ဘာထူးမှာလဲ၊ ကျွန်မရဲ့ မိတ်ဆွေ သူငယ်ချင်းတွေက ကျွန်မကို ဆေးဖော် ကြောဖက်တောင် လုပ်ကြတော့တာမှ မဟုတ်တာ" ဟု ကနွဲ့ ကလျလေသံဖြင့် ခနဲ့ တဲ့တဲ့ ပြောသည်။ သူ့တင်ပါးများကိုလည်း နိမ့်ချည်တစ်ခါ မြင့်ချည်တစ်လှည့် ဖြစ်သွားအောင် ခါလိုက် ယမ်းလိုက် လှုပ်လိုက် သည်။
" နင့်စကားက ဘာအဓိပ္ပာယ်လဲဟ" ဟု ဒင်နီက မေးသည်။

" ရှင်းပါတယ်၊ ကျွန်မရဲ့ မိတ်ဆွေ ဒင်နီတောင်မှ ကျွန်မဆီ အလည်လာလို့လား"
" အခု ငါ နင့်ဆီ အလည်လာတာလေ "
ချစ်စရာက ၀င်းတံခါးကို အနည်းငယ် ဟလိုက်သည်။ " ကိုယ့်မိတ်ဆွေချင်း ခင်မင်ကြောင်း ပြတဲ့ အနေနဲ့ အိမ်ထဲ ၀င်ပြီး ၀ိုင်လေးတစ်ခွက် တစ်ဖလားမှ မသောက်တော့ဘူးလားရှင်ရယ်" ဒင်နီက အိမ်ထဲသို့ ၀င်လိုက် သွားသည်။" ရှင်က ဒီဘက်ကို ဘာလာလုပ်တာလဲ" ဟု ဒိုလိုရက်ဇ်က ချိုးမကလေး ကူသံမျိုးဖြင့် ထပ်မေး ပြန်သည်။
ထိုအခါ ဒင်နီသည် အမှားတစ်ခု ပြုမိသည်။ သူ ဤဘက်ပိုင်းသို့ လာရသည့် အကြောင်းကိစ္စကို အခြောက် တိုက် မကြွားသင့်ဘဲ ကြွားမိသည်။ သူရလာသည့် ငွေသုံးဒေါ်လာ အကြောင်းကိုလည်း ထုတ် ဖော်ပြော မိသည်။

" ကျွန်မမှာ ၀ိုင်က အလုံအလောက် မရှိတော့ဘူးရှင့်၊ အပ်ထောက်အရွယ်လောက်ရှိတဲ့ ခွက်ကလေး နှစ်ခွက်စာ လောက်ပဲ ရှိတော့တယ်" ဟု ဒိုလိုရက်ဇ်က ပြောသည်။
သူတို့သည် ချစ်စရာ၏ မီးဖိုခန်းထဲတွင် ထိုင်ကာ ၀ိုင်တစ်ယောက်တစ်ခွက် သောက်ကြသည်။ နောက် တစ်ခဏမျှ အကြာတွင် ဒင်နီသည် ချစ်စရာကို ကိုယ်ထိလက်ရောက် ထိကပါး ရိကပါး လုပ်သည်။ သူ သိထား သမျှ ဆိုလျှင် ချစ်စရာသည် ဤအပြုအမူမျိုးကို လွယ်လွယ်နှင့် လက်ခံတတ်သူ မဟုတ်။ အခုအခံ ရှိတတ်သည်။ ယခုတော့ အထင်နှင့်အမြင် များစွာ ကွာနေသဖြင့် အံ့သြနေမိ၏။ ချစ်စရာ သည် သူပြုသမျှ နုတော့ မည့် အနေအထားကို ဖော်ပြနေသည်။ ထိုအခါ သူ့ရင်ထဲတွင် ပြင်းပြသော အလိုရမ္မက် ပေါက်ဖွား လာသည်။

" ရှင် ကနေ့ည ကျွန်မနဲ့ ထပ်တွေ့ချင်သေးတယ် မဟုတ်လား ဒင်နီ" ဟု ချစ်စရာက မြှူဆွယ်သံဖြင့် မေးသည်။ သူ့မျက်လုံးများကလည်း အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်ကာ ဖိတ်ခေါ်လျက်ရှိ၏။
ဒင်နီ ကလည်း ချက်ချင်း သဘောပေါက်သည်။ " အေး ငါ တစ်ခေါက်ပြန်လာခဲ့မယ်" ဟု ကတိပေး လိုက်သည်။

ဒင်နီသည် မူလက စိတ်ကူးစီစဉ်ထားသည့်အတိုင်း တော်ရဲလီးဆိုင်သို့ သွားရန် တောင်ကုန်းပေါ်မှ ပြန် ဆင်းလာခဲ့သည်။ သူ့ရင်တွင်း၌ စောစောက ဖြစ်ပေါ်ခဲ့သော ရမ္မက်ဆန္ဒသည် အသွင်တစ်မျိုး ပြောင်း လာသည်။ ရိုင်းစိုင်းပြီး မာန်ဖီနေသော ၀ံပုလွေတစ်ကောင်၏ စိတ်မျိုးမှသည် စိတ်လှုပ်ရှားမှုအားကြီးသော ၀က်ဝံတစ်ကောင်စိတ်မျိုးသို့ ကူးပြောင်းသွားသည်။ " ချစ်စရာအတွက် ငါ ၀ိုင်ဝယ်သွားမယ်" ဟုေ တွးသည်။
တောင်ကုန်းဆင်ခြေလျှော လမ်းအတိုင်း ဆင်းလာနေခိုက် လမ်းခုလတ်တွင် ပက်ဘလိုနှင့် ဆုံမိသည်။ " မင်း ဘယ်သွား မလို့လဲ" ဟု ပက်ဘလိုက မေးသည်။

ဆက်ရန်
.

No comments: