Wednesday, December 8, 2010

တောင်တန်းများပေါ်၌ အပိုင်း (၃)

ဆင်ဘာဂါမည်နှင့် လူတစ်ယောက်

၁၉၅၇ ခုနှစ်တွင် ကျွန်မ၏ အိမ်ဝန်ထမ်းတစ်ယောက်သည် အနားယူဖို့ အချိန်ကျရောက်လာသည်။ သည်တော့ သူ့နေရာတွင် အစားထိုးဖို့ လူတစ်ယောက် ကျွန်မအတွက် လိုအပ်လာ၏။
ဤတွင် ၁၇ နှစ်သားအရွယ် ဆင်ဘာဂါကို ကျွန်မ လူစားခန့်လိုက်သည်။ သူ့ကို အိမ်တွင်းမှုကိစ္စများအတွက် ကျွန်မ ခန့်ထားလိုက်ခြင်းဖြစ်သော်လည်း သူဝါသနာပါသည်က ကားမောင်းဖို့ဖြစ်၏။ သူက အခါသင့်လို့ အခွင့်ကြုံ တိုင်း ကားမောင်းချင်ကြောင်း ကျွန်မကို ပြောတတ်၏။

သို့သော် သူ့ကို ကားမောင်းသင်ပေးဖို့ ကျွန်မတွင် အချိန်မရှိသလို စိတ်လည်းမ၀င်စားလှပါ။ သို့သော် ဆင်ဘာဂါ က ဘယ်တော့မှ အားမလျှော့။
" မဒမ် နေမကောင်းရင် ဘယ့်နှယ်လုပ်မလဲ "

" ဆရာဝန်က ဂီဟန်ယီမှာပဲရှိတာ၊ ဘယ်သူသွားခေါ်ပေးမလဲ "
" ကျွန်တော် ကားမောင်းတတ်ရင် မဒမ် နေရာတကာ သွားနေဖို့ မလိုတော့ဘူးပေါ့။ ကျွန်တော် လုပ်ပေးမှာပေါ့။ အမျိုးသမီး တစ်ယောက် မလုပ်သင့်တဲ့ကိစ္စတွေမှာ ကျွန်တော် ၀င်ကူနိုင်တာပေါ့ "
သည်လိုနှင့် သူ့ကို ကျွန်မ ကားမောင်းသင်ပေးဖြစ်ပါ၏။တစ်နေ့ ၁၅ မိနစ် ကျွန်မသင်ပေးသည်။ သည့်ထက် ပိုပြီး ကျွန်မ အချိန်မပေးနိုင်ပါ။

၃ လအကြာတွင် ဆင်ဘာဂါသည် အခြေခံကားမောင်းပညာရပ်ကို ကောင်းကောင်းတတ်သွားပြီ။ သို့သော် စတီယာရင် ကိုတော့ မနိုင်သေး။
မိတ်ဆွေ တစ်ယောက်က သူ့ကို ဆက်သင်ပေးဖို့ တာဝန်ယူသည်။ ဆီမီးခွက်လွတ်တွေကို ကားလမ်းတစ် လျှောက် တန်းစီချထားပြီး ဆင်ဘာဂါကို ကားရပ်ပုံ၊ ထွက်ပုံ သူဆက်သင်ပေးသည်။ ကျွန်မက အိမ်အပေါ် ထပ် ပြတင်းပေါက်မှ စောင့်ကြည့်နေ၏။ ဆင်ဘာဂါသည် မီးအိမ်ကလေးတွေကို တစ်လုံးမျှ မလဲစေဘဲ ကွေ့ ကာပတ်ကာ မောင်းပြ၏။ ရှေ့တိုးနောက်ငင်လုပ်ပြ၏။ ရပ်ပြ၏။ ဆုတ်ပြ၏။ ကျွန်မ အံ့သြမဆုံးဖြစ်နေသည်။

သင်တန်းကာလပြီးဆုံးချိန်တွင် ဆင်ဘာဂါသည် အိမ်ထဲကို အခံ့အညားဝင်လာပြီး " မဒမ်နဲ့ ၃ လ သင်လာတာ ထက် မဒမ့် မိတ်ဆွေ ၂ နာရီသင်ပေးတာက ပိုထိရောက်တယ်ဗျ " ဟု ကျွန်မကို ထောပနာ ပြုသည်။

ဤသို့ဖြင့် ဆင်ဘာဂါသည် သူလိုချင်သည့် ရာထူးကို ရသွားလေတော့၏။ ကားမောင်းသမားဘ၀ကို သူ မြတ်မြတ် နိုးနိုး ဂုဏ်ယူစွာ ခံယူ၏။
ကျွန်မအထင် သည်နယ်တရိုးတွင် ပထမဆုံး ကားမောင်းတတ်သူမှာ သူပင်ဖြစ်လိမ့်မည်။

မှတ်မိပါသေးသည်။ ကားမောင်းလိုင်စင်ရဖို့ ဂျီစင်ယင်မှ အစစ်ဆေးခံပြီး အပြန်လမ်းတွင် သူ့ပခုံးနှစ်ဖက် သည် မြင့်တက် နေ၏။ သူ့မိတ်ဆွေအပေါင်းအသင်းတွေက လမ်းဘေးဝဲယာတွင်ရပ်ပြီး သူ့ကို လက်ခုပ် တဖြောင်းဖြောင်း တီးပြီး ကောင်းချီးသြဘာပေးကြ၏။ အမှတ် ထင်ထင်နေ့ဖြစ်လေသည်။
သည့် နောက်ပိုင်း တွင် ဆင်ဘာဂါသည် ကျွန်မ၏ ကိုယ်ရေး ကိုယ်တာအတွက်ကော၊ ဆေးဂန္ဓမာကိစ္စများ အတွက် ပါ သယ်ယူပို့ဆောင်ရေး မန်နေဂျာ ဖြစ်သွားတော့သည်။ ဒရိုင်ဘာအလုပ်သည် ယောက်ျား အပီသ ဆုံး အလုပ် ဟူ၍လည်း သူစွဲစွဲမြဲမြဲယုံကြည်သွားတော့၏။

------------------------------
လွတ်လပ်ရေးနှင့်အမယ်ဘုတ်၏သူ့ချည်ခင်

၁၉၅၀ ပြည့်နှစ်လွန်များသည် ကျွန်မ ဘ၀ကိုရော၊ ကျွန်မတို့ ဒေသကိုပါ ဧရာမအပြောင်းအလဲကြီးများ ဖြစ်စေ ခဲ့သော နှစ်များ ဖြစ်ပါသည်။
၁၉၅၆ ခုနှစ် တွင် ကျွန်မနှင့် ကက်နက်တို့ ကွာရှင်းပြတ်စဲမှု ရုံးကိစ္စများပြီးစီးခဲ့သည်။
၁၉၅၀ ပြည့်နှစ်များသည် မဟာဘုရင့် အာဏာစက် ညှိုးမှိန်ကျဆင်းသည့် ကာလများဖြစ်သည်။

၁၉၅၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် တွတ်စီဘုရင် တတိယမြောက် ချားလ်(စ်) မူဘာရာရူဒါဟီရွာ နတ်ရွာစံ သည်။ ဘုရင်သည် တိုင်းပြည်ငြိမ်းချမ်းအောင် အတတ်နိုင်ဆုံး ကြိုးစားသွားခဲ့၏။ နိုင်ငံရေးအရ ညီညွတ်မှု ရအောင် ဆောင်ရွက်ခဲ့၏။ သို့သော် သူမရှိတော့သည့် နောက်ပိုင်းတွင် အခြေအနေတွေအားလုံး ပြောင်းလဲ ခဲ့သည်။

မကျေနပ်မှုများသည် နိုင်ငံအ၀ှန်း ထိန်းမနိုင် သိမ်းမရ ဖြစ်လာ၏။ တွတ်စီမင်းဆက်သည် တွတ်စီ လူ့မလိုင် ၀ါဒ ကို တည်ထောင်ခဲ့ပြီး ဟူတူတို့အပေါ်တွင် နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်စိုးခဲ့သည်။ တိုင်းပြည်၏ အရေးပါ အရာ ရောက်သည့် ရာထူးမှန်သမျှ ပညာရေးနှင့် သာသနာရေး အချက်အချာနေရာမှန် သမျှ သူတို့ချည်း လွှမ်းမိုး ထားသည်ဟု အသံတွေ ထွက်လာသည်။
လူများစု ဖြစ်သည့် ဟူတူတွေကို ရာစုနှစ်ချီပြီး မည်သို့ မည်ပုံ အနိုင်ကျင့်ခဲ့ပုံအသံများသည် ပို၍ပို၍ ကျယ်လောင် လာသည်။ ထောင်ပေါင်းများစွာသော တွတ်စီတွေ ယူဂန်ဒါနှင့် ကွန်ဂိုတို့သို့ ထွက်ပြေးကြ၏။
၁၉၅၉ ခုနှစ် ပုန်ကန်မှုသည် တွတ်စီစိုးမိုးမှုကို အဆုံးသတ်စေခဲ့သည်မှန်သော်လည်း နောင် ၁၀ နှစ်အကြာ တွင် ကမ္ဘာ့ အရက်စက်ဆုံး လူသတ်ပွဲကြီးဖြစ်လာစေခဲ့၏။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး အကြီးဆုံးခွန်အားဖြင့် သဲကြီး မဲကြီး သတ်သည့် လူသတ်ပွဲကြီးဖြစ်၏။

ပြည်ပြေး တွတ်စီတို့သည် ကွန်ဂိုတွင် ပြန်လည်စုစည်းကာ ရ၀မ်ဒါနိုင်ငံအတွင်းသို့ တစိမ့်စိမ့်ပြန်လည် ခိုးဝင် ခဲ့၏။
ညည တွင် နယ်စပ်ကိုဖြတ်ပြီး လူတွေသတ်၊ စိုက်ခင်းတွေ ဖျက်စပြုလာ၏။ ကီဂါလီမြို့စွန်တွင် ၀င်ပြီးဓားပြ တိုက်၏။ ယူဂန်ဒါ နယ်စပ်ရွာတစ်ရွာတွင် သူပုန်တွေက တစ်ညတည်းနှင့် လူ ၂၇ ယောက် သတ်သွား၏။

ကျွန်မ၏ မိတ်ဆွေ ဥရောပတိုက်သားအားလုံးလိုလို ရ၀မ်ဒါမှ ထွက်ခွာနေကြသော်လည်း ကျွန်မက ခေါင်း မာမာ နှင့် ဆက်နေနေ၏။ သို့သော် စိတ်အားငယ်နေမိ၏။ ကြောက်ရွံ့စိတ်နျင့် အထီးကျန် ဝေဒနာကို သိသိ သာသာ ခံစား နေရ၏။
ပို၍ ဆိုးသည့်အဖြစ်မှာ ၁၉၆၁ ခုနှစ်တွင် အင်္ဂလန်သို့ ကက်နက် ဗြုန်းစားကြီး ထွက်ခွာသွားခြင်းဖြစ်၏။ ခွဲခွာ ခြင်း အထိမ်းအမှတ် အဖြစ်ဖြင့် မူဂွန်ဂို သုံးပုံတစ်ပုံ ပိုင်ဆိုင်ခွင့်ကိုတော့ ကျွန်မလက်ထဲ လွှဲပေးသွားသည်။

၁၉၆၁ ခုနှစ်တွင် ဘယ်လ်ဂျီယံက ရ၀မ်ဒါကို လွတ်လပ်ရေးပေးလိုက်သည့်အခါ အေးအေးချမ်းချမ်းဖြစ်လာ တော့မည် ဟူသည်။ ကျွန်မ၏ မျှော်လင့်ချက်တွေ မြင့်တက်လာသည်။
သို့သော် ချီကတည်းက ယဉ်သကိုဖြစ်ခဲ့ရသည်။ လွတ်လပ်ရေးနေ့ကို နိုင်ငံနှင့်အ၀ှန်း ကျင်းပရမည့် အကြမ်းဖက် သမားများ၏ ခြိမ်းခြောက်မှုများကြောင့် အခမ်းအနားကို မြို့တော်တွင်သာ ကျင်းပမည်။ အစိုးရ အဖွဲ့ဝင် များ နှင့် နိုင်ငံခြားသံတမန်များသာ တက်ရောက်ခွင့်ရှိမည်ဟု အစိုးရရေဒီယိုမှ ကြေညာသည်။

ကျန်ပြည်သူများအနေဖြင့် အိမ်ထဲက အိမ်ပြင်မထွက်ဘဲ ကိုယ့်မိသားစုနှင့် ကိုယ် လွတ်လပ်ရေးပွဲကို ကျိတ်ပြီး လုပ်ကြဖို့ အစိုးရက လိုက်လံဆော်သြသည်ဟူ၏။ ရ၀မ်ဒါလွတ်လပ်ရေးရပြီဆိုသည်နှင့် ကီဂါလီတွင် ဥရောပနိုင်ငံများနှင့် အမေရိကန်တို့က သံရုံးတွေလာဖွင့်ကြ၏။ ဖုန်တထောင်းထောင်းနှင့် မြို့ ကလေးသည် တဖြည်းဖြည်းနှင့် ခေတ်မီမြို့ကြီးဖြစ်လာ၏။ အစိုးရ အဆောက်အအုံတွေ များသည်ထက် များလာ၏။ ကမ္ဘာလှည့် ခရီးသည်တွေ ရောက်လာကြ၏။

အမေရိကန် အစိုးရ က သားသတ်ရုံဟောင်းကြီးကို ၀ယ်ပြီး ပြုပြင်ကာ သ့ရုံးလုပ်လိုက်၏။ ကျွန်မ စိတ်ထဲတွင် ကျွန်မ အတွက် လာဖွင့်ပေးသည့် သံရုံးဟုသဘောထားလိုက်၏။ ရ၀မ်ဒါတွင် အမြဲနေ (ပီအာရ်) အမေရိကန် မြေပိုင်ရှင် ဟူ၍ ကျွန်မတစ်ယောက်တည်းသာ ရှိသည်မဟုတ်လား။
ဤသို့ဖြင့် ကျွန်မသည် သံရုံးကို အ၀င်အထွက်အများဆုံး ဧည့်သည်ဖြစ်လာ၏။ ထိုစဉ် ကျွန်မဘ၀တွင် အထူးခြားဆုံး အမျိုးသမီးတစ်ဦးနှင့်ဆုံရခြင်းဖြစ်ပါသည်။
--------------------------------
ဒီယန်ဖော်ဆေး

တစ်နေ့ ကီဂါလီကိုရောက်ခိုက်တွင် သံအမတ်ကြီးကတော်က ကျွန်မအနားကပ်ပြီး ပြောပြပါသည်။
" တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ အမျိုးသမီးတစ်ယောက် နဲ့ အစ်မတွေ့ရလိ့မ်ယ်၊ သူက ကွန်ဂိုမှာ တောင်ပေါ်လူဝံတွေကို လေ့လာနေတာ။ အစ်မဆီမှာ လာနေပြီး သူအလုပ်ဆက်လုပ်ဖို့ ပြောလိမ့်မယ်။ သတိတော့ထားနော်။ သူက တော်တော် ထူးဆန်းတဲ့အမျိုးသမီး၊ သူ့နာမည်က ဒီယန်ဖော်ဆေး တဲ့ "

သည်လို ပြောဖြစ်ခဲ့သည့်အချိန်မှာ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လထဲတွင် ဖြစ်ပါသည်။ ကွန်ဂိုတွင် သွေးချောင်းစီး ပြည်တွင်း စစ်ကြီး ဖြစ်နေချိန်။
ဒီယန်ဖော်ဆေး၏ တောင်ပေါ်လူဝံသုတေသနလုပ်ငန်း စသည်မှာ ၆ လခန့်သာရှိသေးသည်။ ကွန်ဂိုစစ်သား များက သူ့စခန်းကို ဖျက်ဆီးပစ်လိုက်ကြသည်။ သူ့ကို တောင်ပေါ်မှ သေနတ်နှင့်ချိန် ခေါ်သွားပြီး ဖမ်းထား လိုက်ကြ သည်။ သို့သော် သူ ယူဂန်ဒါကို ထွက်ပြေးလွတ်မြောက်သွားခဲ့၏။

သံအမတ်ကြီးကတော်နှင့် ကျွန်မ သူ့အကြောင်း စကားစပ်မိပြီ မကြာခင် ကျွန်မဆီ စာတစ်စောင်ရောက်လာ သည်။ ဒီယန်က သူ့လုပ်ငန်းကို ကျွန်မ၏ ခြံတွင် အခြေစိုက်ပြီး ဆက်လုပ်ချင်ကြောင်း၊ ခွင့်ပြုဖို့အကြောင်း ရေးလာခြင်း ဖြစ်၏။

နောက်တစ်နေ့ နေ့လယ်စာ စားပွဲတွင် သူ့ကို ကျွန်မ တွေ့ရတော့သည်။ အရပ်မြင့်မြင့်နှင့် စူးရှသည့် အညို ရောင် မျက်လုံးများ ပိုင်ရှင်။ သေသေသပ်သပ်ဝတ်ထားသော်လည်း စီးထားသည့် ကင်းဘတ်ဖိနပ်မှာ စုတ်ပြတ် နေ၏။ အနက်ရောင်ဆံပင်တွေက ပခုံးပေါ်တွင် ထူထပ်စွာ ၀ဲကျနေ၏။

စကားပြောပုံ ကတော့ နားခံသာဖွယ် သိပ်မရှိ။ သူလုပ်ချင်သည့်ကိစ္စ၊ သူလိုချင်သည့်ကိစ္စကိုသာ စိတ်ဝင်စား သည့် လေသံမျိုး။ အမူအရာကလည်း အလားတူပင်။ မာကျောကျောနှင့် ထီမထင်သည့် ပုံစံမျိုး။
ဒီယန်သည် ယဉ်ကျေးဖွယ်ရာအပြုအမူကို လုပ်ရမှန်း လုံးဝ မသိသည့် မိန်းမမျိုးဖြစ်၏။ နေ့လယ်စာ စားပွဲ တွင် ထိုင်မိသည် နှင့် သူက စုတ်ပြတ်နေသည့် မှတ်စုစာအုပ်ကို ထုတ်ပြီး သူ့အလုပ်သူ လုပ်တော့၏။
ဘာနိဒါန်းမှ မပျိုးဘဲ
" ကောင်းပြီ၊ အစ်မကို ကျွန်မ မေးစရာတွေရှိတယ်၊ မေးခွန်း နံပါတ် ၁ ... " ကျွန်မကို လူဝံတွေနှင့် ပတ်သက် သည့် မေးခွန်းတွေ စက်သေနတ်ပစ်သလို ဆက်တိုက်မေးပါလေတော့၏။

" ကိုယ်တို့ အနီးကတောင်တွေပေါ်မှာတော့ လူဝံတွေ မရှိပါဘူး "ဟု ကျွန်မ တိတိကျကျ ပြန်ပြောလိုက်ပါ သည်။
" ဟာ မဟုတ်တာ၊ ရှိပါတယ် "
သူက အခိုင်အမာပြန်ပြောသည်။ ပြီးတော့ ကျွန်မ မြေပေါ်တွင် ယာယီစခန်းဆောက်ပြီး သူအလုပ်ဆက်လုပ် ချင်ကြောင်း ပြော၏။ ကျွန်မဘက်မှ ကန့်ကွက်စရာ မမြင်သဖြင့် သဘောတူလိုက်ပါသည်။
ဒီယန် ဆိုသည့် အမျိုးသမီးကို ပေါ့ပေါ့တွက်၍ မရသည်ကတော့ ထင်ရှားနေသည်။ ကျွန်မကိုယ်တိုင် သူ့ကို သဘောကျ နေမိကြောင်း မကြာခင်သိရသည့်အတွက် ကိုယ့်ကိုယ်ကိုပြန်၍ အံ့သြနေမိ၏။
ကျွန်မ တို့တွေ့ပြီး အတော်ကြီးကြာမှ မူဂွန်ဂိုကို သူရောက်လာသည်။ စခန်းချဖို့ပစ္စည်းတွေ ရိက္ခာတွေ ကားတစ်စီး တိုက်နှင့်။

နောက်ပိုင်းတွင် သူ့စခန်းနှင့် ကျွန်မအိမ်ကို လွန်းပျံသွားလာလှုပ်ရှားနေတော့၏။
သူ့ အကြောင်း ကျွန်မတဖြည်းဖြည်းသိလာသည်။ သူက ကျွန်မထက် အနှစ် ၂ဝ ငယ်သော်လည်း သူ့အပေါ် တွင် အမေတစ်ယောက်လို၊ အစ်မတစ်ယောက်လို စောင့်ရှောက်ဖို့ ကျွန်မ တစ်ခါမှ မစဉ်းစားမိခဲ့ပါ။
ဒီယန် သည် သူ့ကိုယ်သူ သိပ်စိတ်ချယုံကြည်သည့် မိန်းမမျိုးဖြစ်၏။ မိုးထိအောင် လှေကားထောင်ချင်သည့် မိန်းမမျိုး ဖြစ်၏။ သူပကို တစ်စတစ်စ ကျွန်မ သဘောကျလာသည်။ ခင်မင်တွယ်တာလာသည်။ သို့သော် သူနှင့်မိတ်ဆွေဖြစ်ဖို့ သိပ်လွယ်သည်တော့ မဟုတ်။ သူက တစ်ယူသန်။

ကျွန်မ အိမ်က သိုးမွေးကော်ဇောတွေ၊ ခင်းဖုံလွှားတွေ၊ ဆင်စွယ်ပစ္စည်းတွေကို သူက အပြတ်ဝေဖန်သည်။ ကျွန်မ သည် နာမည်ကျော် မုဆိုးကြီး ကက်နက်ကား၏ ဇနီးဟောင်းမှန်းသိတော့ အခြေအနေ ပိုဆိုးသွား သည်။ မိတ်ပျက်မတတ် ဖြစ်သွားသည်။ သူက ကက်နက်ကို လူဝံ ၁၄ ကောင်ပစ်မှုအတွက် တာဝန်ရှိသူဟု သဲသဲ မဲမဲ စွပ်စွဲနေသူဖြစ်၏။
နောက်တော့ သူကစလာသည်။ ကျွန်မတို့ အပေါင်းအသင်းဖြစ်အောင် ဘယ်လိုဆက်ဆံရေးမျိုးနှင့် ဆက်သွား သင့်သလဲ ဆွေးနွေး၏။ ကက်နက်၏ အမည်ကို သူ့ရှေ့တွင် မပြောကြေးဟူသည့် သဘောတူညီမှုဖြင့် ကျွန်မတို့ ပြေလည်သွားကြ၏။

ကျွန်မ၏ အနီးအနားတွင် လူဝံတွေမရှိကြောင်း နောက်ပိုင်း သူလက်ခံသွားသည်။ သည်တော့ ကာရီဆိုကီ ခေါ်သည့် နေရာတွင် ပြောင်းပြီး စခန်းချသည်။
သူ့စခန်း ကို ကျွန်မ အလည်ရောက်သွားသည်။ ဒီယန်သည် ဖြစ်သလို စားနေသည့် မိန်းကလေးဖြစ်၍ ကျွန်မ ၏ ထမင်းချက် ဘီရီကို ၏ လက်ရာ ကြက်ကြော်တွေ အသီးအနှံတွေ ယူသွားသည်။ ဒီယန်က အသီးအရွက် မကြိုက်။ အသီးအရွက် များများစားလျှင် ယားသည် ဆို၏။

ကျွန်မ သူ့စခန်းတွင် ၄ ရက်နေခဲ့သည်။ နေ့စဉ် ထူထပ်လှသော ၀ါးရုံတောထဲကို တိုားကသည်။ ချုံနွယ်ပိတ် ပေါင်းထဲ ၀င်ကြသည်။ တစ်နေကုန် ကျွန်မတို့ လျှောက်သွားနေကြခြင်းဖြစ်၏။ စားစရာဆို၍ ဘီစကွတ်မုန့် ထုပ်နှင့် လက်ဖက်ရည်ဓာတ်ဘူးသာပါ၏။

စခန်းကို ပြန်ရောက်လျှင် မာဂျရင်းနှင့် ပြောင်းဖူးပေါက်ပေါက်လှော်ကြ၏။ ယူလာသည့် ကြက်ကြော် တွေ ကုန်တော့ ကျွန်မတို့ အာလူးကြော်နှင့် ၀က်သားစည်သွပ်ဘူးသာ စားရသည်။ ကျွန်မ ၀မ်းပျက် ပါလေတော့၏။
နောက်နှစ်များတွင်လည်း သူ့စခန်းသို့ ကျွန်မ အကြိမ်ကြိမ်ရောက်သည်။ လူဝံတွေကို လေ့လာရသည့် လုပ်ငန်းတွင် ကျွန်မ စိတ်ဝင်စားလာ၏။ သူတို့ ကျက်စားသည့်နေရာတွေကို လျှောက်ကြည့်သည့်အခါ ပျော် နေ၏။

ဒီယန်ဆီရောက်သည့်နောက်တစ်ခေါက်ကမူ ကျွန်မ အတွက် မမေ့တဲ့နိုင်သည့်အခေါက်ဖြစ်ပါသည်။ သူနှင့် ကျွန်မ ၄ နာရီ လုံးလုံး ပင်ပန်းကြီးစွာ လျှောက်သွားနေခဲ့ကြ၏။
ကွက်လပ် ကလေး တစ်ခုဆီတွင် သူတို့တတွေကို ဘွားခနဲ တွေ့လိုက်ရခြင်းဖြစ်ပါ၏။ ၂၀ ကျော်လောက်ရှိ မည့် လူဝံအုပ်ကြီး။

တချို့က သက်တောင့်သက်သာ လဲလျောင်းရင်း သူတို့ ကံလေးတွေနှင့် ဆော့ကစားလျက်။ တချို့က တစ်ကောင် နှင့် တစ်ကောင် အပြန်အလှန် သန့်ရှင်းရေးလုပ်ပေးနေကြ၏။
အကောင်ငယ်ကလေးတွေက သစ်ပင်ပေါ် ပြေးတက်လိုက်၊ သစ်ကိုင်းတွေပေါ်တွင် တွဲလဲခိုလိုက်၊ ကျွမ်းပျစ် လိုက် နှင့် မြူးထူးပျော်ပါးနေကြ၏။ တကယ့် လူကလေးတွေ ဆော့နေသည့်အတိုင်းပင်။
စိုစွတ် စွတ် တောထဲတွင် ကျွန်မက ခါးညွှတ်ပြီး ရှေ့သို့ တရွေ့ရွေ့ တိုးသွားနေစဉ် မယုံနိုင်စရာမြင်ကွင်းကို လှမ်းမြင် လိုက်ရခြင်းဖြစ်ပါသည်။

ဧရာမ ကျောမည်း လူဝံကြီးတစ်ကောင်သည် ဒီယန် ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာပြီး အတူ ယှဉ် ထိုင်ချ လိုက်ပါသည်။
လူဝံကြီး သည် ဟိုဟိုသည်သည် ဝေ့ကြည့်ပြီး ဒီယန်၏ ပခုံးပေါ်ကို သူ့ဦးခေါင်း ဖြင့် ဖိထားလိုက်သည်။ မိတ်ဟောင်း ဆွေဟောင်းအချင်းချင်း ပြန်ဆုံသည့် မြင်ကွင်းမျိုး။
ထိုစဉ် ပို၍အံ့သြစရာနှင့် ထပ်ကြုံရပြန်သည်။ ပါဗလိုဟု ခေါ်သည့် လူဝံထီးကလေးသည် သစ်ကိုင်း တစ်ကိုင်း မှ လွှဲထည့်ပြီး ကျွန်မ ရင်ခွင်ထဲသို့ ခုန်ဆင်းချလာပါလေတော့၏။ ရုတ်တရက် လန့်သွားသော်လည်း သူ့အမူအရာ ကြောင့် ကျွန်မ ချက်ချင်း အကြောက်ပြေသွားပါသည်။

သူ့ အမူအရာက ညင်သာသည်။ ပျော်ရွှင်နေသည့် ကလေးတစ်ယောက်နှင့်တူသည်။ ပြီးတော့ ကလေး တစ်ယောက် လို သိချင်စိတ်များနေပုံမျိုး။ ကျွန်မမျက်နှာ၊ ဆံပင်တွေ ကို သေသေချာချာ လိုက်ကြည့် နေသည်။ ပြီးတော့ ကျွန်မ နောက်ကျောဘက်ကို လိုက်စမ်းကြည့်နေ၏။
သူ ကျွန်မ ကို အားရပါးရ စစ်ဆေးပြီးချိန်တွင် လူဝံကြီးတစ်ကောင်က ဒီလောက်စပ်စုရမလားဟူသည့် သဘောဖြင့် လာပြီး လက်ဆွဲခေါ်သွားတော့၏။

ကျွန်မ တစ်သက်တာတွင် အမြဲတမ်း သတိရနေမည့် အဖြစ်အပျက်တစ်ခုဖြစ်ပါသည်။ သည်အတွေ့အကြုံ လက်ဆောင် ပေးသည့် ဒီယန် ကိုလည်း ကျွန်မ အမြဲကျေးဇူးတင်နေမည်ဖြစ်ပါသည်။
သည်ကာလသည် ဒီယန့်အတွက် အပျော်ဆုံးအချိန်ဟု ကျွန်မ ယုံကြည်ပါ၏။ သူ့စွမ်းဆောင်ချက်များကို ကမ္ဘာ က အသိအမှတ်ပြုနေသည်။ ဖီးနတ်ဟု သူနာမည်ပေးထားသော ဧရာမလူဝံကြီး သူ့လက်ကို လာကိုင်ကြည့် နေသည့် ဓာတ်ပုံကို ထိုစဉ်က ရိုက်ထားခြင်းဖြစ်သည်။

သူ့ကြိုးစားမှုတွေ ကို ကမ္ဘာက အာရုံစိုက်လာတော့သည်။ ဒိယန် ၀မ်းသာလွန်းလို့ ငိုကြွေးရှာသည်။ ဒီယန် ၏ တောင်ပေါ် လူဝံများအား သတ်ဖြတ်ခြင်းကို ကာကွယ်ဖို့ မမောမပန်းတောင်းဆိုသံသည် တစ်ကမ္ဘာလုံးသို့ ပျံ့သွားလေသည်။
----------------------
ဆက်ရန်
.

1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ပြီးသွားပါကြောင်း
ဆက်ရန်ကို စောင့်မျှော်နေပါသည်း)