နိဒါန်း
ဤ၀တ္ထုသည် ဒင်နီ ၏ အကြောင်း ဒင်နီ ၏ သူငယ်ချင်းများ အကြောင်းနှင့် ဒင်နီ တို့အိမ်အကြောင်း ကို ရေးဖွဲ့ ထား သော ၀တ္ထုဖြစ်သည်။ ထိုအရာသုံးခုမည်ကဲ့သို့ ပေါင်းစပ်ပြီး တစ်ခုတည်းဖြစ်သွားသည်ကို ဖော်ပြ ထားသော ၀တ္ထု တစ်ပုဒ် လည်း ဖြစ်သည်။
ထို့ကြောင့် ဤ၀တ္ထုထဲ ၌ ဒင်နီ၏ အိမ်အကြောင်း ပြောသည့်အခါ သစ်သား အမိုး၊ သစ်သား အကာ၊ လွှာချင်း နှင့် ထုံးဖြူ များ သုတ်ထားသော ကက်စတိုင်းလ် ဟုခေါ်သည့် စပိန် တောနှင်းဆီရိုင်း များ အုံလိုက် ကျင်းလိုက် ပေါက်ရောက် နေသော အဆောက်အအုံ တစ်ခုအကြောင်းကိုသာ ကွက်၍ ပြောနေခြင်းမဟုတ်။ ဒင်နီ ၏ အိမ် အကြောင်း ပြောနေသည့်အခါ လူတစ်စု အကြောင်းကိုပါ ပြောနေခြင်း ဖြစ်သည်ဟု နားလည်ဖို့ လိုသည်။ ထိုလူတစ်စုအတွင်း ပေါက်ဖွားလာသည့် သာယာမှု နှင့် ပျော်ရွှင်မှု၊ ကိုယ်ချင်းစာမှုနှင့် ကူညီ ရိုင်းပင်းမှု၊ နားလည်ရ ခက်လောက်အောင် နက်နဲလှသည့် ကြေကွဲဝမ်းနည်းမှု များအကြောင်းကိုပါ ပြောနေခြင်း ဖြစ်သည် ဟု နားလည်ဖို့ လိုသည်။
အဘယ်ကြောင့်ဆိုသော် ဒင်နိ၏ အိမ်သည် အင်္ဂလန်ပြည့်ရှင် ဘုရင်အာသာ ညီလာခံ ကျင်းပရာ နေရာ နှင့် တူ၍ ဒင်နီ၏ သူငယ်ချင်းများသည် ထိုညီလာခံတွင် ပါဝင်ဆွေးနွေး ခဲ့ကြသည့် နိုက် ခေါ် သူရဲကောင်းများ နှင့် တူကြသောကြောင့်ပေတည်း။
ထို့ပြင်လည်း ဤ၀တ္ထုသည် ထိုအုပ်စုကလေး မည်ကဲ့သို့ တည်ရှိလာသည်၊ လှပ ၍ အမြော်အမြင်ရှိသော လူ့အဖွဲ့ အစည်းလေး တစ်ရပ် အဖြစ် မည်ကဲ့သို့ ရှင်သန်လာသည်၊ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာသည် စသည် များကို ဖော်ပြထားသော ၀တ္ထုဖြစ်၏။ ဤ၀တ္ထုသည် ဒင်နီ့သူငယ်ချင်းများ၏ စွန့်စားခန်းများ။ သူတို့ လုပ်ခဲ့ သော ကောင်းမှုများ၊ သူတို့၏ အတွေးအခေါ်များနှင့် သူတို့၏ ကြိုးပမ်းအားထုတ်မှု များကို လည်း ဖော်ပြ သည်။
နောက်ဆုံးတွင် ဤ၀တ္ထုသည် ထိုအုပ်စုကလေးအတွင်းရှိ နှစ်လိုဖွယ်ရာကောင်းသည့် အရာဟူသမျှ မည်ကဲ့ သို့ ကွယ်ပျောက်သွားကြရသည်ကိုလည်းကောင်း၊ ဤအုပ်စုကလေး မည်ကဲ့သိုပ ဖရိုဖရဲဖြစ်ကာ မည်ကဲ့သို့ ပြိုကွဲ ပျက်စီး သွားရသည်ကိုလည်းကောင်း ပြောပြလေသည်။
ကာလီဖိုးနီးယားပြည်နယ်၏ ပင်လယ်ကမ်းခြေ တစ်နေရာရှိ မြို့ဟောင်းတစ်မြို့ဖြစ်သော မွန်ထရေးမြို့တွင် ဤ အကြောင်းအရာများ သည် လူသိများပြီး ထင်ရှားသောအရာများဖြစ်၏။ ထပ်တလဲလဲပြောနေကြသည့် အကြောင်းအရာ လည်းဖြစ်၏။ တစ်ခါတစ်ရံတွင် တခမ်းတနား ချဲ့ကား၍ပင် ပြောဆိုတတ်ကြသည်။ တကယ် တော့ ဤဖြစ်စဉ်များကို ပေထက်အက္ခရာတင်၍ မှတ်တမ်းတင်ထားပါက ကောင်းပေလိမ့်မည်။
သို့မှသာလျှင် နောင်အနာဂိတ်ကာလတစ်ခုအတွင်း၌ ရှိလာမည့် ပညာရှင်များသည် ဤပုံပြင် ၀တ္ထုများကို ကြား ကြသည့်အခါ အာသာဘုရင်၏ အကြောင်း၊ ရိုလန် ၏ အကြောင်းနှင့် ရော်ဘင်ဟု ၏ အကြောင်း ပြောသည့် အခါ သုံး နှုန်းပြောဆိုကြသကဲ့သို့ ပြောဆိုခြင်း ပြုကြလိမ့်မည်မဟုတ်။ " ဒင်နီဆိုတဲ့ လူမရှိဘူး၊ ဒင်နီ ရဲ့ သူငယ်ချင်းဆိုတာ လည်း မရှိဘူး။ ဒင်နီရဲ့ အိမ်ဆိုတာလည်း မရှိဘူး။ ဒင်နီ ဆိုတာ စိတ်ကူး နဲ့ ဖန်ဆင်း ကိုးကွယ် နေတဲ့ နတ်တစ်ပါး ပါ၊ သူ ရဲ့ ရည်ညွှန်းထားတဲ့ ရှေးဟောင်း အမှတ်အသားတွေပါ "ဟု လည်း ပြောကြလိမ့်မည် မဟုတ်။
မည်သို့ပင်ဖြစ်စေ ယခုအခါ ဤဖြစ်စဉ်သမိုင်းကို မှတ်တမ်းတင်ထားလိုက်ပြီဖြစ်ရာ ဤဖြစ်စဉ်များ အပေါ်၌ စိတ်ချဉ် ပေါက် နေကြသော ပညာရှင်များ၏ နှုတ်ခမ်းများဆီမှ သရော်သံ လှောင်သံများကို ကြားကြ ရတော့ မည် မဟုတ်။
မွန်ထရေးမြို့ သည် တောင်ကုန်းတစ်ခု၏ ဆင်ခြေလျှောပေါ်၌ တည်ရှိသည်။ သူ့အောက်ဘက် အနိမ့်ထဲတွင် ပြာသော ပင်လယ် တွေရှိ၍ သူ့ နောက်ဘက်တွင် မြင့်မားသော ထင်းရှူးပင်မည်းမည်းများဖြင့် ပြည့်နေသည့် တော အုပ်တစ်ခု ရှိသည်။ မြို့၏ အနိမ့်ပိုင်းများတွင် အမေရိကန်များ၊ အီတလီများ၊ ငါးဖမ်းလုပ်သားများနှင့် စည်သွတ်ဘူး စက်ရုံအလုပ်သမားများ နေထိုင်ကြသည်။
သို့သော်လည်း တောင်ကုန်းအပေါ်ဘက်ရှိ မြို့ဆင်ခြေ ဖုံး နှင့် တောအုပ်ထိတွေ့ဆက်စပ်နေသောနေရာ၊ ကတ္တရာစေးနှင့် လုံးဝ အထိအတွေ့ မရှိသော လမ်းများရှိရာ နေရာနှင့် လမ်းထောင့်များတွင် လမ်းမီးတိုင်ဟူ၍ လုံးဝမရှိသော နေရာများ၌မူ မွန်ထရေးမြို့ ၏ မြို့သူမြို့သား ဟောင်းများ နေထိုင်လျက်ရှိကြလေသည်။ သူတို့သည် ရှေးအခါက ဝေလနယ် အတွင်း၌ ရှေးဟောင်းဘရီဘွန် လူမျိုးများ အခိုင်အမာ အခြေစိုက်ခဲ့ကြသည့်နည်းတူ ထိုနေရာ များတွင် အခိုင်အမာ အခြေစိုက်၍ နေထိုင်လျက် ရှိကြ၏။ သူတို့ကား "ပီဆာနိုး"များပေတည်း။
သူတို့သည် ပေါင်းမြက်များ အလွန်ထူထပ်သော ခြံဝင်းများ အတွင်းရှိ သစ်သား အိမ်အိုအိမ်ဟောင်းများထဲ၌ နေ ကြသည်။ တောအုပ်အတွင်းမှ ထင်းရှူးပင်များသည် စီးပွားရေးဝါဒနှင့် ကင်းသူများဖြစ်၏။ အလွန် ရှုပ်ထွေး သော အမေရိကန် စီးပွားရေးလုပ်ငန်း နည်းစနစ်များနှင့်လည်း လွတ်ကင်းနေသူများဖြစ်၏။ သူတို့ ထံတွင် ဘာမှမရှိ၊ အပေါင်ခံစရာပစ္စည်းလည်း ဘာတစ်ခုမှ မရှိသဖြင့် ထိုစီးပွားရေးစနစ်သည် သူတို့ လူစု ကို အလွန် ပြင်းထန် သော အရှိန်အဟုန်ဖြင့် ထိုးနှက်တိုက်ခိုက်ခြင်းမပြုနိုင်။
ပီဆာနိုးတစ်ဦးဆိုသည်မှာ ဘာလဲ။ သူသည်စပိန်၊ ရက်အင်ဒီးယန်း၊ မက္ကဆီကန်နှင့် ကော့ကေးဆီယန်း သွေးများ ရောနှောပေါင်းစပ်ထားသူဖြစ်သည်။ သူ၏ ဘိုးဘွားဘီဘင်များသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ သို့မဟုတ် နှစ်ရာခန့် က ကယ်လီဖိုးနီးယားပြည်နယ်အတွင်း၌ နေထိုင်ခဲ့ကြသူများဖြစ်သည်။
သူသည် အင်္ဂလိပ်စကားကို ပီဆာနိုး လေသံဖြင့်ပြော၍ စပိန်စကားကိုလည်း ပိဆာနိုး လေသံဖြင့်ပင် ပြောသည်။ သူ့ကို ဘာလူမျိုးလဲဟု အမေးခံရသည့်အခါ သူသည် စိတ်ဆိုးမာန်ဆိုးဖြင့် စပိန်လူမျိုး စစ်စစ် ဖြစ်သည် ဟု ဒေါသ တကြီး အဖြေပေးညပီး သူ့အင်္ကျီလက်မောင်းကို ပင့်တင်ကာ အဖြူရောင် သမ်းနေသည့် သူ့လက်မောင်းအတွင်း သားနုနု ကို ပြသည်။
ရွှံ့စေးဖြင့် ပြုလုပ်ထားသော ဆေးတံတစ်ချောင်း၏ အရောင်ကဲ့သို့ အညိုရောင်သမ်းနေသည့် သူ၏ အသားရောင် သည် နေလောင်ဒဏ်ခံထားရကြောင်းကို ဖော်ပြလျက်ရှိသည်။ သူသည် ပီဆာနိုးတစ်ဦးဖြစ်၍ မွန် ထရေးမြို့ ၏ အပေါ်ဘက် တောင်ကုန်းပေါ်ရှိ " တော်တီလာဖလက်" ဟု ခေါ်သော ရပ်ကွက်အတွင်း၌ နေထိုင် သည်။
ဒင်နီသည် ပီဆာနိုး တစ်ဦးဖြစ်၍ တော်တီလာဖလက်ရပ်ကွက်အတွင်း၌ မွေးဖွားကြီးပြင်းလာရသူဖြစ်ရာ လူတိုင်း က သူ့ကို ခင်ကြသည်။ သို့သော်လည်း သူသည် တော်တီလာဖလက် ရပ်ကွက်၏ ကလေးများထဲမှ ကလေး တစ်ဦး မျှသာဖြစ်၏။ အခြားကလေးများနှင့် မတူအောင် တစ်မူထူးခြားသည့် ကလေးတစ်ဦးတော့ မဟုတ်ပေ။ သူသည် ရပ်ကွက်အတွင်းရှိ လူတိုင်းလိုလိုနှင့် သွေးသား တော်စပ်မှုကြောင့်သော်လည်းကောင်း။ သို့မဟုတ် ဖြစ်ရပ်တစ်ခုခုကြောင့်သော်လည်းကောင်း ဆက်သွယ်မှုရှိနေသူဖြစ်၏။
တော်တီလာဖလက် ရပ်ကွက်အတွင်း၌ အိမ်ငယ်နှစ်လုံးကို ပိုင်ဆိုင်နေသော သူ့အဘိုးသည် အရေးပါ အရာ ရောက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရုံမျှမက သူ၏ ချမ်းသာကြွယ်ဝမှုအတွက် အများ၏ လေးစားမှုကို ခံယူနေရ သူလည်း ဖြစ်၏။ အကယ်၍ တစ်နေ့တခြား ကြီးပြင်းလာနေသော ဒင်နီသည် သစ်တောထဲသွား၍ အိပ်နေခြင်း၊ နွားခြံကြီးများ ထဲဝင်၍ အလုပ်လုပ်နေခြင်း၊ မပေးလိုမကမ်းလိုသူများထံမှ သူ့အတွက် အစားအစာ နှင့် ၀ိုင်အရက် များ လုယူခြင်း စသည်များကို နှစ်နှစ်ခြိုက်ခြိုက် လုပ်နေခဲ့ပါမူ ယင်းကဲ့သို့ ပြုလုပ်နေခြင်း များသည် သူ့တွင် အလွန်သြဇာညောင်းသော ဆွေမျိုးညာတိများရှိ၍ မဟုတ်ပေ။ ဒင်နီသည် ကိုယ်လုံး ကိုယ်ထည် သေးညှက်ညှက်၊ အသားမည်းမည်း၊ အရပ်ပုသော်လည်း တက်တက်ကြွကြွရှိသည်။ သူ့အသက် နှစ်ဆယ့်ငါးနှစ် တွင် သူ့ခြေထောက်များသည် မြင်းတစ်ကောင်၏ ဘေးနှစ်ဖက်ရှိ အတွေးများ အတိုင်း ကွေးလာနိုင်သည်အထိ ခွင်လာခဲ့လေသည်။
ယခုကဲ့သို့ ဒင်နီအသက် နှစ်ဆယ့်ငါးနှစ် အရွယ်ရောက်လာသည့်အခါ ဂျာမနီနှင့် စစ်ဖြစ်ပြီဟူသော ကြေညာချက် ထွက်လာသည်။ စစ်သတင်းကို ကြားသိရသောအချိန်တွင် ဒင်နီ နှင့် သူ၏ သူငယ်ချင်းပီလွန် (ပီလွန် သည် ဘွတ်ဖိနပ် အရောင်းအ၀ယ်လုပ်ငန်းပြုတ်၍ ယောင်သုံးဆယ်ဖြစ်နေသူတစ်ဦး ဖြစ်၏။) သူတို့သည် ၀ိုင် နှစ်ဂါလန်ပုလင်းများဖြင့် သောက်ပွဲကြီး ကျင်းပနေခိုက်ဖြစ်သည်။ ကုန်တင်ကုန်ချ အထမ်းသမား ကောင်ကြီး ဂျိုး သည် ထင်းရှူးပင်များကြား မှ တလျှပ်လျှပ် ထွက်နေသော ပုလင်း အရောင် များ ကို မြင်သည်။
ထိုအခါ သူသည် ဒင်နီနှင့် ပီလွန်ထံ ရောက်လာညပီး အရက်ဝင်သောက်လေသည်။ ပုလင်းများထဲ ၌ အရက် အတော် များများ လျော့လာသည်နှင့်အမျှ နိုင်ငံချစ်စိတ် သည် လူသုံးဦး ၏ ရင်ထဲ၌ ပြင်းထန်စွာ ဖြစ်ပေါ် လာသည်။ ၀ိုင်အရက်တစ်စက်မျှ မကျန်တော့သည်အခါတွင် သူတို့သုံးသီးသည် သူတို့၏ ရဲဘော်ရဲဘက်စိတ် နှင့် သူတို့ တစ်ဦးချင်းစီ ၏ လုံခြုံမှုအတွက် လက်မောင်းချင်းချိတ်ကာ တောင်ကုန်းပေါ်မှ ဆင်း လာကြပြီး မွန်ထရေး မြို့တွင်း သို့ ၀င်ခဲ့ကြသည်။
စစ်သား စုဆောင်းရေး စခန်းတစ်ခုရှေ့ အရောက်တွင် သူတို့သည် အမေရိကန် နိုင်ငံတော်ကြီး အဓွန့်ရှည် ပါစေ ဟု ကျယ်လောင်စွာ အော်ဟစ်၍ ဆုတောင်းပြီး ဂျာမနီနိုင်ငံ ကို အရေဆုတ်ပစ်မည် ဟု အော်ကြီး ဟစ်ကျယ် ကြွေးကြော်ကြသည်။ သူတို့သည် ဂျာမန်အင်ပါယာကြီးကို ပျစ်ပျစ်နှစ်နှစ် ဆဲရေး တိုင်းထွာ ကြသည်။ ပယ်ပယ် နယ်နယ် ကျိန်ဆဲကြသည်။
နောက်ဆုံးတွင် သူတို့၏ အသံများကြောင့် စစ်သားစုဆောင်းရေးစခန်းမှ တပ်ကြပ်ကြီးသည် အိပ်ပျော် နေရာမှ လန့်နိုးလာပြီး ယူနီဖောင်းကို ကသုတ်ကရက် ၀တ်ကာ အပြင်သို့ ထွက်လာသည်။ ဆူဆူညံညံ လုပ်နေ ကြသော သူတို့လူစုကို ငြိမ်ဆိတ်သွားအောင်လုပ်သည်။ ပြီးတော့ သူတို့ကို တပ်သားများအဖြစ် လက်ခံ စာရင်း သွင်းရန် သူ့ခုံတွင် ထိုင်သည်။
တပ်ကြပ်ကြီး က သူတို့ကို သူခုံရှေ့၌ တန်းစီ၍ ရပ်ခိုင်းသည်။ သူတို့သည် အရက်သောက်လွန်း ၍ ကာယိနြေ္ဒပျက်ခြင်း ရှိမရှိဟူသော စစ်ဆေးချက်မှ တစ်ပါး အခြားစစ်ဆေးချက်ဟူသမျှကို အောင်မြင် ကြသည်။ ထို့နောက် တပ်ကြပ်ကြီး က ပီလွန် ကို စတင်၍ မေးခွန်းများမေးသည်။
" မင်း ဘယ်တပ်ကို ၀င်ချင်သလဲ "
" ကျုပ်ကတော့ နေရာမရွေးဘူး" ဟု ပီလွန်က ခပ်ပျော်ပျော် လေသံဖြင့် ဖြေသည်။
" ငါတို့ကတော့ မင်းလိုကောင်းမျိုးတွေကို ခြေလျင်တပ်အတွက် လိုနေတယ်ကွ "ဤသို့ဖြင့် ပီလွန်သည် ခြေလျင် တပ်သားအဖြစ် စာရင်းသွင်းခံရသည်။
ထို့နောက် တပ်ကြပ်ကြီးသည် သူ့မျက်နှာကို ကောင်းကြီးဂျိုးဘက်သို့ လှည့်လိုက်သည်။ ဂျိုးမှာ အမူး ပြေစ ပြုနေပြီ။ " မင်းကတော့ ဘယ်သွားချင်သလဲ"။
" ကျွန်တော် အိမ်ပြန်ချင်တယ် " ဟု ကောင်ကြီးဂျိုးက စိတ်မချမ်းမြေ့သံဖြင့် ပြောသည်။
တပ်ကြပ်ကြီး က သူ့ကိုလည်း ခြေလျင်တပ်မှာပင် စာရင်းသွင်းလိုက်၏။ နောက်ဆုံးတွင် သူသည် မတ်တတ်ကြီး အိပ်ပျော်နေသော ဒင်နီ နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ " ကဲ မင်းကကော ဘယ် သွားချင် သလဲ "
" ဟာ "
" ငါ မေးနေတယ်၊ ဘယ်တပ် ကြိုက်သလဲလို့ "
" ဘာတပ်လဲ "
" မင်း ဘာလုပ်တတ်သလဲ "
" ကျုပ်လား၊ ကျုပ်ဘာမဆို လုပ်တတ်တယ် "
" မင်း အရင်က ဘာလုပ်ဖူးသလဲ "
" ကျုပ်လား ကျုပ်က လားရေဆုတ် တဲ့ ကောင်ပဲ "
" အိုး ... ဟုတ်လား၊ မင်း လားဘယ်နှစ်ကောင်လောက် ထိန်းနိုင်မလဲ "
ဒင်နီက အလွန်ဂရုမစိုက်သည့် အမူအရာဖြင့် ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်သည်။ " ခင်ဗျားမှာ လား ဘယ်နှစ်ကောင် ရှိလဲ "
" သုံးသောင်း လောက် ရှိတယ် " ဟု တပ်ကြပ်ကြီး က ပြောသည်။
ဒင်နီက သူ့လက်တစ်ဖက် ကို ယမ်းလိုက်ပြီး " သူတို့ကို ကြိုးနဲ့ချည်လိုက်ဗျာ " ဟုဆိုသည်။
ထို့ကြောင့် စစ်ကြီးဖြစ်ပွားနေသည့် ကာလတစ်လျှောက်လုံး ဒင်နီသည် တက္ကဆက်ပြည်နယ်သို့ သွားကာ လားများ ကို ကျောင်းနေရ၏။ ပီလွန် ကတော့ ခြေလျင်တပ် နှင့် အတူ အိုရီးဂွန်းပြည်နယ်အတွင်း ၌ လှည့်လည် သွားနေရပြီး ကောင်ကြီးဂျိုးကတော့ ထောင်ကျသွားလေသည်။
--------------
ဆက်ရန်
.

2 comments:
အဲ့ဝတ္ထုလေးဖတ်ရတာ တစ်မျိုးတော့တစ်မျိုးပဲ..။
ဘယ်လိုခံစားမှုမှန်းတောင် မဝေခွဲတတ်တော့ဘူး
မတူညီတဲ့ နေရာဒေသက မတူညီတဲ့ ဓလေ့စရိုက်တွေအကြောင်းစိတ်ဝင်စားဖွယ်ပါ အစ်မရေ
စောင့်ဖတ်ပါမယ်..
Post a Comment