Tuesday, December 21, 2010

ပဆစ်အိမ် အပိုင်း (၁၃)

"အစပိုင်းတုန်းကတော့ ကျွန်တော်က ၀ါသနာသက်သက်အတွက် အလုပ်လုပ်ခဲ့တာပဲ မသက်ဇင်။ စာပေနယ် ထဲ ၀င်စပညာ မတတ်သေးတဲ့အချိန်ဆိုတော့ သောက်သောက်လဲ ရှုံးခဲ့ တာပေါ့။ ဒီတုန်းက ကျွန်တော် ဟာ အနုပညာသက်သက်ကိုပဲ ကြည့်ခဲ့တယ်လေ၊ မသက်ဇင် ပြောတဲ့ "ဆယ့်ငါးရက်အတွင်း ဆေးလိပ်ဖြတ်နည်း" လို စာအုပ်မျိုးတွေကို ထုတ်ဝေခဲ့ရတာက အနုပညာပိုင်းအရ မဟုတ်ဘူး။ အမြတ် သက်သက် အတွက် ပဲ။ အရှုံးကို ထေမိအောင် ထုတ်ဝေ ရတာပဲ။ ဒီပညာမျိုး တတ်ခဲ့တာက ဘာမှ မကြာ သေးဘူးလေ"

ဦးတင်မောင်သန့်၏ နောက်ပိုင်းတွင် တောင့်တင်းသော ကျောထောက်နောက်ခံ ရှိသည်။ ငွေကြေး အလုံ အလောက် ရှိသည်။ ဤသည်မှာ သူ၏ ဇနီးမှာ ချမ်းသာကြွယ်ဝသောကြောင့် ဖြစ်သည်ကို ဇင် ကြိုတင် လေ့လာ ခဲ့မိသည်။
ဦးတင်မောင်သန့် တို့တွင် အလွန်ခမ်းနားသော တိုက်တစ်လုံး ရှိကြောင်း၊ ဇနီးသည်က အိမ်တွင်းပုန်း ဆံ လှကြောင်း ဇင် သိထားသည်။

ဇင် သိထားခဲ့မိသည် မှာ ဦးတင်မောင်သန့်၏ ဇနီးသည် အလုပ်တိုက်သို့ မည်သည့်အခါမျှ မလာရောက်ခြင်း ဖြစ်သည်။ ဦးတင်မောင်သန့်နှုတ်မှ သူ၏ဇနီးအကြောင်း တစ်ခါမျှ ထုတ်ဖော် ပြောကြားမှု မရှိခြင်း ဖြစ်သည်။

ဇင် တို့ "ပဒေသရာဇာ" သို့ ၀င်ရောက်ခဲ့သော အစဦးပိုင်းရက်များတွင် ဇင်နှင့် ဦးတင်မောင်သန့်တို့ ဆက်ဆံရေး မှာ သာမန်မျှသာ ဖြစ်ပါသည်။ သို့သော် "၀ါဏိဇ္ဇ" အဖွဲ့တွင် ဇင်သည် ဦးတင်မောင်သန့် နှင့် အဦးဆုံး ဆက်ဆံရသူ ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်လည်း ဖြစ်၍ အခြားသူများထက် ပိုမိုနီးကပ်ဆက်ဆံခြင်း ခံရသည်။
အကယ်၍ ဦးတင်မောင်သန့်သာ စိတ်ဝင်စားမည်ဆိုလျှင် "၀ါဏိဇ္ဇ"၌ စိတ်ဝင်စားချင်စရာသူ တွေ များစွာ ရှိသည်။

ဥပမာ … သင်းသင်းအောင် ဆိုပါစို့။ အသက်နှစ်ဆယ့်ငါး။ ၀ါဏိဇ္ဇဗေဒ ဘွဲ့ရပြီးသား။ သည်ကလေးမက ပြည့်ဖြိုး သည်။ တောင့်တင်းသည်။ သွက်လက်ချက်ချာသည်။ ယောက်ျားတို့ စိတ်ဝင်စားခြင်း အများဆုံး ခံ ရသူ ဖြစ်သည်။

ပြီး … ဇင်မေညွန့် ရှိသေးသည်။ အသက် နှစ်ဆယ်နှစ်၊ စာရင်းကိုင်အောင်ပြီးပြီ။ သူကတော့ ရိုးရိုးအေးအေး။ ဖြူဖြူ နွဲ့နွဲ့ မျက်နှာကလေးက နာမည်ကျော် ရုပ်ရှင်မင်းသမီးတစ်ဦးနှင့် တူ သည်။ အထူးသဖြင့် စကား ပြောလျှင် ဆွဲဆောင်မှုနှင့် ပြည့်ဝသည်။ လူတကာ ငေးကြည့်နေရ တတ်သည်။

"၀ါဏိဇ္ဇ" သည် သည်သို့သော် ငယ်ရွယ်တတ်ကြွသည့် ခြေတက်များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သည်အကြား က ဦးတင်မောင်သန့်သည် ဇင့်ကို စိတ်ဝင်စားဟန် ပြလာသည်။
စင်စစ် ဇင်သည် အဖွဲ့ခေါင်းဆောင် ဖြစ်ရုံမက အရွယ်ကလည်း အကြီးဆုံး ဖြစ်သည်။ သိက္ခာ အနေနှင့်လည်း ဇင့် တွင် အပြစ် ပြောစရာ မရှိ။
သည် အစဉ်အလာကို ထိန်းသိမ်းသော အနေနှင့် ဇင်သည် ဦးတင်မောင်သန့်ကို တည်တည် တံ့တံ့ ဆက်ဆံ ခဲ့သည်။ အလုပ်သဘောထက် မပိုအောင် စောင့်စည်းခဲ့သည်။ ကလေးတွေ ရှေ့မှာ ကိုယ်က စံပြဖြစ်ရမည် မဟုတ်လား။

သို့ပေမယ့် တစ်ခါတစ်ရံမှာတော့ အလုပ်သဘောထက် ပိုခဲ့သော အရာများ ရှိခဲ့သည်။
ဇင်သည် အဖွဲ့ခေါင်းဆောင်အနေနှင့် အလုပ်တာဝန် ပိုခဲ့သည်။ အများပြန်ချိန်မှာ မပြန်နိုင်။ "ပဒေသရာဇာ" မှာပင် စစ်ရင်း ဆေးရင်း ကျန်ရစ်ရတတ်သည်။ ထိုအခါ ဦးတင်မေင်သန့်က သူ့ကားနှင့် အဆောင်သို့ လိုက်ပို့ သည်မျိုး ရှိသည်။

"ကျွန်တော် ဆာနေပြီ၊ မသက်ဇင်လည်း ဆာရောပေါ့၊ အိမ်မပြန်ခင် တစ်ခုခု ၀င်စားကြရ အောင်လား" ဆိုကာ စားသောက်ဆိုင် ၀င်ကြသည်မျိုးလည်း ရှိသည်။
"ပပ၀င်း က ကား ကြည့်ပြီးပြီလား၊ မကြည့်ရသေးရင် ၀င်ကြည့်ရအောင်လား မသက်ဇင်" စသည်ဖြင့် အဖော်စပ် ခံရခြင်းမျိုး ရှိသည်။

တစ်ခါတစ်ရံ "ပဒေသရာဇာ" တွင် ဇင်နှင့် ဦးတင်မောင်သန့် နှစ်ယောက်တည်း ကျန်ရစ်တတ် သည်။ လက်နှိပ်စက် တစ်လုံးဖြင့် အလုပ်ရှုပ်နေသော ဇင့်ကို ကြာမြင့်စွာ စူးစိုက်ကြည့်နေတတ် သည်။
"မသက်ဇင်"
ဦးတင်မောင်သန့်အား မော့၍ လှည့်ကြည့်သောအခါ ဇင့်ကို စူးစိုက်ကြည့်နေသည့် မျက်ဝန်းများ နှင့် ရင်ဆိုင် ရတတ်သည်။

"မသက်ဇင် ထမင်းဘယ်မှာ စားသလဲ ဟင်"
"အဆောင်မှာပဲပေါ့"
"ကိုယ့် ဟာ ကိုယ် ချက်စားတာလား"
"ဟင့်အင့်း … ထမင်းချိုင့် မှာစားတာပါ၊ ဇင်က စားတော့ ထမင်းဆိုင်၊ အိပ်တော့ ဇရပ်မှာ ဆိုသလိုပဲ ဦးတင်မောင်သန့် ရဲ့၊ နေတော့ ဘော်ဒါဆေင်၊ စားတော့ ထမင်းချိုင့်ပေါ့၊ တစ်ခါ တစ်ခါ ထမင်းချိုင့်က ဟင်းတွေ ထမင်းတွေ ငြီးစော်နံလာရင်တော့ ကိုယ့်ဟာကိုယ် ချက်စားတာ ပါပဲ"

"မသက်ဇင် မှာ ဆွေမျိုးရင်းချာ မရှိဘူးလား"
"အမေ ရှိပါတယ်"
ဇင် က ရယ်မောလိုက်ရင်း … "ဇင် ပဒေသရာဇာမှာပါ နော်"
"ဟင်"
"သြော် … အမျိုးသားမှတ်ပုံတင်ဌာနများ ရောက်နေသလားလို့၊ အမေးအမြန်း ထူလို့ပါ"

"သြော် … မသက်ဇင်ရယ် … ကျွန်တော်က မသက်ဇင် အကြောင်း သိချင်လို့ပါ"
"ဇင့် အကြောင်း သိရရင် ဦးတင်မောင်သန့် ဆွေးသွားမှာပေါ့"
"ဒါဖြင့် ပြောပြစမ်းပါ၊ ဆွေးချင်လို့ပါ"
ဇင် က ရယ်မောရင်းနှင့်ပင် စကားကို လွှဲပြောင်းပစ်လိုက်သည်။

"စနေနေ့ တိုင်း ဘာလို့ အလုပ် ကမန်းကတန်း သိမ်းသိမ်း ပစ်ရတာလဲ မသက်ဇင်"
"အဲဒီနေ့ မှာ ဇင် အမေ့အိမ်ကို ပြန်တယ်လေ"
"သြော် …"
သည်လိုကနေ တစ်နေ့တစ်ခြား ရင်းနှီးလာသည်။ အကျွမ်းတစ်ဝင် ရှိလာသည်။ ဦးတင်မောင်သန့်တို့ "နမ်စင်း" ၌ ညစာ စားဖြစ်ခဲ့ကြသည်။ အပြန်တွင် ဦးတင်မောင်သန့်သည် ကားကို ပြည်လမ်းမှသည် တက္ကသိုလ် ရိပ်သာလမ်းသို့ ချိုးကွေ့ဝင်ခဲ့သည်။

"ဇင့်ကို ဘယ်ခေါ်သွားမလို့လဲ ဦးတင်မောင်သန့်"
"မစိုးရိမ်ပါနဲ့ မသက်ဇင်၊ ကျွန်တော် မသက်ဇင်နဲ့ အေးအေးဆေးဆေး စကားပြေချင်လို့ပါ"
ကားကို အင်းလျားစောင်း၌ ရပ်သည်။ ဇင်သည် အရေးရှိလျှင် ပြေးနိုင်အောင် ကားတံခါးကို ဆွဲဖွင့် ထားလိုက်သည်။
လေ က တကယ်ဘဲ အေးမြနေသည်။ အင်းယားဝန်းကျင်တွင် မြူဖြင့် မှိုင်းနေသည်။

"တံခါးပြန်ပိတ်ထားလိုက်ပါ မသက်ဇင်၊ ကျွန်တော် လူကြီးလူကောင်းပါ"
ဇင့် အကြံကို ရိပ်မိဟန်နှင့် ဦးတင်မောင်သန့်က ဆိုသည်။ ဇင်သည် မိမိ၏ စိုးရိမ်စိတ် လွန်ကဲမှု ကြောင့် ဦးတင်မောင့်သန့် ၏ သိက္ခာကို စော်ကားသလို ဖြစ်သွားကြောင်း သဘောပေါက်မိ သည်။
"အေးအေး ဆေးဆေး စကားပြောချင်တယ်ဆို" ဇင် ရယ်မောပစ်လိုက်သည်။ တံခါးကို စေ့လိုက်သည်။

"မသက်ဇင်ကို အအေးပတ်ပြီး နမိုးနီးယားတော့ မဖြစ်စေချင်ပါဘူး"
အမှန်ပင် သည်နေ့ က ဇင်သည် ပါးလွှာသော အ၀တ်များကိုသာ ၀တ်ခဲ့မိသည်။
ဦးတင်မောင်သန့် သည် မော်တော်ကား လက်ကိုင်ဘီးမှာ လက်နှစ်ဘက်လုံး တင်ထားသည်။ ဇင့်ကို မကြည့် ဘဲ ပြောသည်။
"မသက်ဇင် ကို ကျွန်တော် ချစ်နေမိပြီ ထင်တာပဲ"

ဇင်ကလည်း နှင်းမှုန်ထဲကိုသာ စူးစိုက်ကြည့်ရင်းက ပြန်ပြောလိုက်သည်။
"ဇင် အပျို မဟုတ်ပါဘူး"
"ကျွန်တော် သိပါတယ်၊ မသက်ဇင် ယောက်ျားရဖူးတယ်၊ ကလေးနှစ်ယောက် ရှိတယ်ဆိုတာ သတင်း ရပြီး ပါပြီ"
"ဦးတင်မောင်သန့်မှာ ဇနီး ရှိတယ်၊ သမီးရှိတယ်ဆိုတာကိုလဲ ဇင် သိနေပါတယ်"
"ကျွန်တော် တို့ အိမ်ထောင်ရေးက သေနေခဲ့တာ ကြာပါပြီ"

"ကွာရှင်းပြတ်စဲတဲ့အကြောင်း သတင်းစာတွေမှာ ကျွန်မ မတွေ့ခဲ့ရသေးပါဘူး"
"သမီးကြောင့်ပေါ၊ ကျွန်တော်တို့နှစ်ယောက် ကွာရှင်းပြတ်စဲလိုက်ပြီဆိုရင် သမီးမျက်နှာငယ် သွားမယ် မဟုတ်လား"
"သမီး ရဲ့ မျက်နှာကို ဆက်လက်ထောက်ထားပြီး စောစောက စကားကို ပြန်ရုပ်သိမ်းစေချင်ပါ တယ် ဦးတင်မောင်သန့်"
သည်တော့ … ဦးတင်မောင်သန့်သည် ဇင့်ဘက်ကို လှည့်ကြည့်သည်။

ဇင်ကတော့ ငေးမြဲပင်။
ဇင့် ရင်ထဲမှာလည်း မည်သို့မျှ ဖြစ်မလာဟု ထင်သည်။ သုံးဆယ်သုံးနှစ် ဆိုသော မိန်းမ တစ်ယောက် အလွယ် တကူ ရင်ခုန်နိုင်စွမ်း မရှိသည်တော့ အမှန်ပင်။
"မသက်ဇင် ကျွန်တော့်ကို စိတ်ဆိုးသွားသလား
ဇင် က ခေါင်း ကို ဖြေညှင်းစွာ ရမ်းခါပြလိုက်သည်။

"ကျွန်တော့်စကားက သိပ် ကွင်းစိမ်း နေသလား မသိဘူး။ သိပ် တဲ့ဒိုး ဆံနေသလား မပြောတတ် ဘူး။ ဒါပေမယ့် … ကျွန်တော် ဒီစကားပြောဖြစ်ဖို့ အတော်ကြိုးစားယူရတယ်ဆိုတာတော့ ယုံပါ"
ဇင်တို့ အကြား မှာ ဆိတ်ငြိမ်နေသည်။

အင်းလျားကန် တစ်ဘက် ပြည်လမ်းတစ်ဘက်မှ ကားမီးရောင်တန်း  ပြိုပြက်သွားသည်။ ကန်ဘောင်ရိုးမှ မီးလုံးတန်း ကလေးတွေသည် ပြာမှိုင်းသော နှင်းမှုန်ကြားမှာ ဝေေ၀၀ါးဝါး ရှိနေ သည်။
"မသက်ဇင် အံ့သြမလား မသိဘူး။ မသက်ဇင်ကို မြင်ရင် မြင်ချင်းထဲက ကျွန်တော် ချစ်မိလိုက် တယ် ထင်တာပဲ။ မသက်ဇင် ပထမဆုံးအကြိမ် ကျွန်တော့် အလုပ်ခန်းကို ရောက်လာကတည်း ကပဲ"
ဇင်ကလည်း ထိုနေ့က အကြောင်းကို အမှတ်တရ ရှိနေမိသည် အမှန်ပင်။ အအေးဆိုင် မှာ စကားမရှိ စကားရှာပြီး အချိန်ဆွဲ ထားသည်ကို သတိရနေသည်။

"ဇင်တို့ အခုထက် ငယ်သွားပြီး တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားဘ၀ ပြန်ရောက်ခဲ့ရင် တော့ ဒီစကးဟာ နားဝင် ချိုစရာ ကောင်းမှာပါ။ ခုတော့ ဇင်တို့က စိတ်ကူးယဉ်ရမယ့် အရွယ် လွန်ခဲ့ပြီလေ။ ဇင်တို့ လက်တွေ့ ဘ၀ထဲကို ရောက်ခဲ့ကြပြီးပြီ။
"မသက်ဇင်မှာ ကျွန်တော်နဲ့ ပတ်သက်လို့ ဘာမှ စိတ်လှုပ်ရှားမှု မဖြစ်ခဲ့ဘူးလား"
"ဇင် … ဦးတင်မောင်သန့်ကို အလုပ်ရှင်တစ်ယောက်အနေနဲ့ လေးစားပါတယ်"

ဦးတင်မောင်သန့်သည် တစ်ဘက်သို့ ပြန်လှည့်သွားသည်။ စောစောကလိုပင် ကားမှန်မှ တစ်ဆင့် ပြင်ပသို့ ငေး နေသည်။
ဇင်တို့ အကြားမှာ တိတ်ဆိတ်ခြင်းက လွှမ်းမိုးဆဲ။
အတော်ကြီး ကြာသွားသည်။
"ဇင် တို့ ပြန်ကြပါစို့၊ အဆောင်က အ၀င်နောက်ကျလို့ မကောင်းဘူး"
ဦးတင်မောင်သန့် သက်ပြင်းရှိုက်သံကို ကြားရသည်။

ကားစက်နှိုးသည်။ ဂီယာသွင်းသည်။
အင်းလျားကို ဖဲကြဉ်ခဲ့သည်။
လမ်း တွင်လည်း စကားမပြောဖြစ်ကြ။
အဆောင်ရှေ့သို့ ရောက်လာသည်။

ဇင်သည် ကားတံခါးကို ဖွင့်လိုက်သည်။ အခါတိုင်းလိုပင် နှုတ်ဆက်စကား ဆိုသည်။
"ဇင် သွားတော့မယ်"
သည်တော့ မှ ဦးတင်မောင်သန့်၏ အသံကို ပြန်၍ ကြားရသည်။
"မနက်ဖြန် အလုပ်လာမယ် မဟုတ်လား"
"မနက်ဖြန် ဒီဇင်ဘာ နှစ်ဆယ့်ငါးလေ။ ရုံးပိတ်ရက်လေ။

ဇင် အမေ့ဆီ … အဲ အမေနဲ့ ကလေးတွေဆီ ပြန်မယ်လေ။
ဇင်အဆောင်အတွင်း ရောက်လာသည့်တိုင် ကားသည် မထွက်မသွားပေ။
အတော်ချည်းကြာမှ မောင်းထွက်သွားသံကို ကြားရသည်။

ဇင်သည် အ၀တ်အစားကို အလျင်မလဲဘဲ ခုတင်ပေါ်သို့ နွမ်းလျစွာ ပစ်လှဲလိုက်သည်။
မျှော်လင့်သောရက်ကို ရောက်လာပါပြီကော။ ထင်မှတ်သည့်အတိုင်း ဖြစ်လာခဲ့ပါပကော။ ယခုတော့လည်း … ဇင် အစဦး ကတည်းက တွေးခဲ့သလို ဦးတင်မောင်သန့်သည် ဇင့်ထံမှ အလိုရှိသော အရာတွေ အများ အပြား ရှိနေပြီ ဆိုခြင်းမှာ ထင်ရှားလာသည်။

ဆက်ရန်
.

4 comments:

ကိုဇော် said...

စကားလုံး အသွားအလာလေးတွေ လှတယ်။
အဟဲ. . . မှတ်ထားဦးမှပဲ။

Thinzar said...

ဒီဇာတ်လမ်းလေးကို ကြိုက်လို့ နေ့တိုင်း စောင့်ဖတ်ဖြစ်တယ် အမ.. ဒါနဲ့ ၀ါဏိဇ္ဇဗေဒ ဆိုတာ ဘာ ဘာသာရပ်လဲမသိဘူးနော်။ မကြားဖူးလို့။

Anonymous said...

@Thinzar
It's eco. Now aday LCCI,ACCA are more pupular.

Min said...

ဝါဏိဇ္ဇဗေဒ = Commerce, Degree (Eg.) ..B.Com
ဘောဂဗေဒ = Economics, Degree (Eg.).. B.Eco