လည်ချောင်းမှာ တစ်ဆို့နေလျက်က ကျိတ်၍ မျိုချခဲ့ရသည်။
"အဖေကော"
"ရွာဘက်သွားတယ်၊ ဒီနှစ်က အရင်နှစ်တွေလို မချောင်ဘူးကွယ်" မှ အစချီကာ အမျိုးသမီးကြီး သည် အလုပ်နှင့် ပတ်သက်၍ မင်းအစ်မ လဲ မင်းအစ်မအလျောက် ပင်ပန်းကြတယ်၊ ငါ့မှာလဲ မြင်တဲ့ အတိုင်းပဲလေ။ အလုပ်သမား ဆယ်ယောက် ဆယ့်ငါးယောက်ကို မနက်စာ ညစာ ချက်ကျွေးနေရ တာ အနှစ် နှစ်ဆယ်တောင် ကျော်လာပြီ။ ဘယ်တော့များမှ ဒီဝန်ထုပ်ဝန်ပိုးကြီး ခေါင်းပေါ်က ကျမလဲ မသိပါဘူး"
စင်စစ် မောင့် မေမေသည် သည်ညည်းချင်းကို ယခုလောလောဆယ်မှာ မညည်းသင့် ထင်သည်။ တကယ်တမ်း တွင် ဇင်သည် သူစိမ်းသက်သက်သာ ရှိသေးသည်။ ဇင့်ရှေ့မှာ မဟုတ်၊ မျက်နှာသိ ဧည့်သည် ရှေ့မှာပင် ရောက်ရောက်ချင်း သည်စကားမျိုး ပြောသင့်သည် မဟုတ်ပေ။
မီးဖိုခန်းတံခါးပေါက်ကို မှီရပ်နေသည့် ဇင်သည် မိန်းမသားပီပီ မောင့်မိခင်ကို ကူညီချင်သည်။ သို့ပေမယ်မ့ ၀င်လုပ်ရန် အချိန်စော စောသေးသည်။ ရင်းနှီးမှု လိုသေးသည်ဟု ထင်သည်။ စိတ်မှာ တော့ အလိုလို ကျဉ်းကျပ်အားနာနေမိသည်။
အိမ်ရှေ့မှာ ကားတစ်စီး ထိုးဆိုက်လာသည်။
"ဟော မင့် အဖေ ပြန်လာပြီ"
မောင့် မိခင်သည် ဇင်တို့ မီးဖိုခန်းမှ ထွက်သွားသည့်အတွက် ၀မ်းသာလိမ့်မည် ထင်သည်။
မောင်က ဇင့်လက်ကို ဆွဲကာ အိမ်ရှေ့သို့ ထွက်လာသည်။
ဇင့် အံသြမိသည်မှာ ဖုန်အလိန်းလိန်းတက်ကာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော မော်တော်ကား မှာ "မာစီဒီး" ဖြစ်နေ၍ပင်တည်း။
မောင့် ဖခင်သည် မောင်နှင့် ရုပ်ချင်းဆင်သည်။ မောင်အသက် ငါးဆယ်ကျော်လာလျှင် ရုပ်မျိုးပင် ဖြစ်ပေလိမ့်မည်။
မောင့် ဖခင်က မရိုင်းလှပါ။ ဇင့်ကို အရေးတစ်ယူပင် နှုတ်ဆက်သည်။
"တို့များရဲ့ အိမ်ကတော့ မြင်တဲ့အတိုင်းပဲကွ။ နေတတ်သလိုသာ နေပေတော့ ကလေးရေ"
ညနေစာ အတွက် ပြင်ဆင်သောအခါ ဇင်သည် မောင့်မိခင်ကို ကူညီသည်။ ထမင်းဝိုင်းမှာ အတော် နှင့် အတောမသတ်။ ကြောက်စရာကောင်းသော စားလုံသောက်လုံး ကြီးကြသည်။ တစ်နေကုန် ပင်ပန်း ထားသော အလုပ်သမားတို့၏ ထမင်းဝိုင်းမှာ စတုဒီသသာ ကျွေးသလို စည်ကားသိုက်မြို့် လှချေသည်။
မောင်တို့ မိသားစုကို အကဲဖြတ်၍ ရလာသည်။
သူတို့သည် တကယ့်အလုပ်သမားများ ဖြစ်ကြသည်။
တစ်နေ့တွင် ဆယ်နာရီကျော် ဆယ့်နှစ်ရာလောက် အလုပ်လုပ်ကြသူများ ဖြစ်သည်။ ပညာ၊ သာယာမှုနှင့် အားလပ်ခြင်း တို့ကို ဥပေက္ခာပြုထားကြသူများ ဖြစ်သည်။
သည်မှာ နေရစဉ် သုံးရက်တွင် ဇင်သည် စိတ်ကျဉ်းကျပ်လျက် ရှိရသည်။ မောင်သည် သူ့ဖခင်၏ ကားကို ယူကာ ဇင့်အား မြို့ဝန်းကျင်ကို လိုက်ပြသည်။ ဇင်တို့အတွဲ ထွက်လာလျှင် မြို့မှ လူများ ၀ိုင်းဝန်းကြည့် ကြသည်။ နောက်ကျောဖက်တွင် တီးတိုးစကားဆို၍ ကျန်ရစ်ကြသည်။
ဇင် နှစ်ခြိုက်မိသည်မှာ တစ်ခုသာ ရှိသည်။
ညနေပိုင်း လမ်းလျှောက်ရသော အရသာ ဖြစ်သည်။
မြို့မှာ ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိသည်။ ယခုလို နွေရာသီတွင် မြစ်ရေကျကာ သောင်သည် အပြန့်အပြော ကျယ်စွာထွန်းနေသည်။ နေ၀င်ဆည်းဆာအချိန် အပြန့်ကျယ်သော သောင်ပေါ်၌ လမ်းလျှောက် ရသောအခါကျမှ ဇင်သည် လွတ်လပ်ပေါ့ပါးသော အရသာကို ခံစားရသည်။
သည်ထက် ကြာကြာနေဖို့ ရည်မှန်းပြီးလာခဲ့ပါလျက် သုံးရက်နှင့်ပင် ဇင်တို့ ပြန်ဖြစ်ကြသည်။
အပြန်တွင်လည်း အလာတုန်းကလိုပင် ဘူတာရုံမှာ ဇင်တို့ အထီးတည်းသာ။
ဇင်သည် ယောက္ခမလောင်းများ နှင့် သော်လည်းကောင်း ယောက်မလောင်း နှင့်သော်လည်းကောင်း မရင်းနှီးခဲ့။ အဖွဲ့မကျခဲ့ ဧည့်သည်သွား ဧည့်သည်လာ။ မေးထူးခေါ်ပြောလောက်ပင်။
ဇင် သည် စိုးရိမ်ဆဲ။ မျက်ကွယ်မှာ မေးမိပြန်သည်။
"သူတို့ တကယ်ပဲ ဇင့်ကို နှစ်ခြိုက်ကြရဲ့လားမောင်"
"နှစ်ခြိုက်ကြပါတယ်"
"မောင် ဘယ်လိုလုပ် သိသလဲ"
"ဒီလိုပဲ သိတာပေါ့"
"မောင် မသိပါဘူး"
"သိပါတယ်။ မကြာခင် ဇင်လဲ သိလာမှာပါ"
"တစ်ခုတော့ ပြောချင်တယ် မောင်။ မောင်နဲ့ လက်ထပ်ပြီး။ အဲဒီ ဂိုဒေါင်ကြီးနဲ့တူတဲ့ ပွဲရုံထဲမှာ အလုပ်သမား လေးငါးဆယ် လောက်ကို ဒိုင်ခံ ထမင်းချက်ကျွေးနေရတဲ့ ဘ၀တော့ မရောက်ချင်ဘူး"
"ဘယ်သူက ဇင့်ကို အဲဒီမှာ ထားမယ် ပြောလို့လဲ၊ မောင်ကိုယ်တိုင် အနှစ်နှစ်ဆယ်ကျော် အဲဒီမှာ နေလာရတာ ပျင်းရိငြီးငွေ့လှပါပြီကွာ။ စိတ်ချပါ။ ဇင် အဲဒီမှာ မနေစေရပါဘူး"
နောက်ရက်သတ္တပတ် အနည်းငယ်ကြာသောအခါ ဇင်ရှိရာသို့ မောင်ရောက်လာသည်။ ဇင်တို့မြို့သို့ ဖြစ်သည်။
"အစ်မက ဇင့်အတွက် လက်ဆောင်ပေးလိုက်တယ်"
စက္ကူဗူးကလေးတစ်ခုကို ဇင့်ရှေ့မှာ ချပြသည်။
"ဘာ လက်ဆောင်များပါလိမ့်"
ဇင်သည် စက္ကူဗူးကို ဖွင့်ကြည့်သည်။
ဇင်၏ မျက်ဝန်းသည် ရွှန်းစိုတောက်ပ လာရသည်။ ရင်တွေ့ပန်းတွေတုန်ကာ မျက်ရည်လည် လုမတတ် ရှိရသည်။
ဘူးထဲမှာ မြင်ရသည်က စိန်လက်စွပ် တစ်ကွင်း။
စိန်သည် အရည်အသွေး ကောင်းလှသည်။ နက်ပြာရောင်ကတ္တီပါ အခင်းပေါ်မှာ တဖိတ်ဖိတ် လက်နေသည်။
"အို … မောင်ရယ်၊ တကယ်ပဲလား"
"တကယ်ပေါ့ဇင်ရ။ မောင် မပြောဘူးလား။ သူတို့ ဇင့်ကို နှစ်ခြိုက်ကြပါတယ်လို့"
ဇင်မှာ ၀မ်းသာလွန်း ၍ မျက်ရည်များပင် လည်လာသည်။
စိန်အကြောင်း နားလည်ဟန်တူသော မေမေက "သိပ်အရည်အသွေးကောင်းတဲ့စိန်ပဲ၊ ကာလ ပေါက်ဈေး လေးငါးသောင်း အထက်မှာ ရှိမယ်" ဟု အကဲဖြတ်သည်။
မေမေ့ နောက်ကွယ်ကျတော့ မောင်ကိုယ်တိုင် လက်စွပ်ကို ဇင်၏လက်သူကြွယ်မှာ ၀တ်ပေးသည်။
"မောင်နဲ့ လက်ထပ်ရမယ့် ကံထူးသူ သတို့သမီးအတွက် ရည်ရွယ်ပြီး လုပ်ထားတာတဲ့။ ကြည့်စမ်း တိုင်းရက်တဲ့ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့် ဆိုတာသလို ဇင့်လက်နဲ့ အံကိုက်ပဲနော်"
အမှန် ပြောရလျှင်တော့ ဇင်တစ်သက်တာတွင် စိန်ကို တစ်ခါမျှ မ၀တ်ဖူးခဲ့ပေ။ ၀တ်ဖို့ဝေး၍ စေ့စေ့ပင် မမြင်ဖူးခဲ့။
ထိုကြောင့်ပင် ဖြစ်မည်။ ညအိပ်တော့ ဇင်သည် မကြာခဏ နိုးနိုးလာသည်။ လက်မှ လက်စွပ်ကို မီးရောင် တွင် မကြာခဏ ထောင်ထောင်ကြည့်သည်။ မီးရောင်တွင် လက်လာသည့် အနီ၊ အ၀ါ၊ လိမ္မော်၊ အပြာ၊ ခရမ်း စသော ရောင်ပြေးကလေးများကို ကြည့်မ၀။ ရှုမဆုံး။
မောင့်ဖခင်၊ မိခင်၊ အစ်မတို့ကို ကျေးဇူးတင်သည်။
အို … အဲသည်နေ့က ဇင့်တစ်သက်မှာ အပျော်ဆုံးပဲ ထင်သည်။
---------------------------
ကံ့ကော်ပန်းရနံ့သည် လှိုင်နေသည်။ ပိတောက်တို့ မိုးရေသောက်ချိုးကာ ပွင့်ခဲ့ဖူးခဲ့ပြီ။ စိန်ပန်နီ စွေးစွေးတို့ ဖွေးဖွေးလှုပ်မျှ ပွင့်ကြသည်။
ထိုင်သူမဲ့ ခုံတန်းလျားကလေးတွေမှာ ဒွိယံဒွိယံ အတွဲကလေးတွေ တွေ့ရစပြုပြီ။
လ အတန်ကြာ ရှင်းလင်းနေခဲ့သော အဓိပတိလမ်းမှာ စည်ကားစ ပြုပြီ။
အတန်ကြာ အသံတိတ်ခဲ့သည့် စာသင်ခန်းများမှာ ညံစီစပြုပြီ။
အမိတက္ကသိုလ် ပြန်ဖွင့်ခဲ့ပြီ။
သို့သော် … ဇင်သည် လည်ကောင်း၊ မောင်သည်လည်းကောင်း တက္ကသိုလ်နယ်မြေသို့ ပြန် မရောက်ခဲ့ကြ တော့ပါ။ ကံ့ကော်မြေကို ကျောခိုင်းခဲ့ကြသည်။
ဇင်တို့ လက်ထပ် ဖြစ်ခဲ့ကြသည်။
လက်ထပ်ပွဲမှာ ဇင် ထင်မှတ်ထားခဲ့သည်ထက်ပင် အကျဉ်းနည်း ဆံနေသည်။
ဇင် မျှော်လင့်ထားခဲ့မိသည်က သိပ်ခမ်းခမ်းနားနားကြီး မဟုတ်သည့်တိုင် အလတ်တန်းစား မင်္ဂလာ အခမ်းအနား ကလေးတော့ ဖြစ်လိမ့်မည်ဟူ၍ပင်။
တကယ်တမ်းကျတော့ ဇင်တို့ ဘာအခမ်းအနားမှ မလုပ်နိုင်ခဲ့။
မိတ်ဆွေအချို့နှင့်အတူ တရားရုံးတွင် လက်မှတ်ရေးထိုးလိုက်သြသည်။ ညနေစာကို ဟော်တယ် တစ်ခုတွင် စားကြ သည်။
သည်မျှသာပါပဲ။
သည်မျှနှင့်ပင် ပုဆိုးတန်းတင် အကြင်လင်မယား ဖြစ်ခဲ့ကြရသည်။
အစကတော့ ဇင်သည် ဘာကြောင့် မောင် ကျောင်းပိတ်ရက်များတွင် မိမိအိမ်၌ သောင်တင်နေခဲ့ သည်ကို မသိ။ ဘာကြောင့် လက်ထပ်ကြပါစို့ဟု တဖွဖွ ပြောခဲ့သည်ကို မသိ။
လက်ထပ် ကြပြီဆိုတော့မှ ရိပ်စားမိရပါတော့သည်။
စင်စစ်တွင် မောင် ပြောသလို မောင့်မိဘများက ဇင့်ကို သဘောမတူခဲ့ကြပါ။ မနှစ်ခြိုက်ခဲ့ကြပါ။
သူတို့က မြို့ခံလူချမ်းသာထဲက မိန်းကလေး တစ်ယောက်နှင့် မှန်းထားသည်။ ထိုမိန်းကလေးမှာ ရုပ်ရည်နှင့် ပညာ မရှိသော်လည်း ငွေရှိသည်။ ဇင့်ကို ပစ်ပြီး ထိုမိန်းကလေးနှင့် လက်ထပ်ဖို့ မောင့်ကို နားချသည်။
မောင်က ငြင်းသည်။
မောင်က ဇင်မှ ဇင်။
သည်လို နှင့် မောင့်ကို သူတို့သားအဖြစ်မှ စွန့်လွှတ်ခဲ့ကြသည်။
ဇင့်အား ပေးခဲ့သည့် စိန်လက်စွပ်မှာ စင်စစ် မောင့်မိဘများဘက်က နောက်ဆုံးအနေနှင့် စွန့်ကြဲ လိုက်သော လက်ဖွဲ့ပစ္စည်းပင် ဖြစ်တော့သည်။
ဇင်တို့ လက်ထပ်ပြီးစီးကြောင်း သတင်းစာ၌ ကြော်ငြာပါလာပြီး ခုနှစ်ရက် ကြာသောအခါ မောင့်မိဘများက မောင့် အား သားအဖြစ်မှ စွန့်လွှတ်ကြောင်း ကြော်ငြာပါလာခဲ့သည်။
ဇင်တို့ အိမ်ထောင့်ရှင် ဖြစ်ခဲ့ကြပြီ။
ဘ၀ကို စတင်ကြရပြီ။
ဘ၀ကို စတင်ရပြီ ဆိုတော့မှပင် ဘ၀ဟူသည်မှာ အလွန်နက်ရှိုင်း မှောင်ပိန်းသော ချောက်ကမ်းပါး ကြီးတစ်ခု ဖြစ်သည်ကို ဇင် သိလာရပါတော့သည်။ မသိနားမလည်နိုင်သော အရာများဖြင့် ပြည့်နက် နေသော အဘိဓမ္မာစာအုပ်ကြီးတစ်အုပ်ကို ကြည့်နေရသည်နှင့်တူကြောင်း သိရပါတော့ သည်။
ဇင်က မိမိ ပညာ ဆက်လက် မသင်သည့်တိုင် မောင့်ကိုတော့ ပညာဆုံးခန်းတိုင် စေချင်သည်။ နောက်ဆုံး နှစ်လည်း ဖြစ်နေသည် မဟုတ်လား။
သို့သော် မောင်ကတော့ ဘ၀ရပ်တည်ရေးအတွက် အလုပ်ဝင်ခဲ့သည်။
သည်အချိန်က ခုနှစ်တန်းအောင်လျှင်ပင် အောက်တန်းစာရေးရဖို့ မခဲယဉ်းလှပေ ကာလမို့ မောင့်လို ပညာတတ် တစ်ယောက်အဖို့ အလုပ်ရဖို့ လွယ်သည်။
မောင် သည် အကောက်ခွန်ရုံးတွင် ကာကွယ်ရေးအရာရှိ ဖြစ်လာသည်။
အစသော် ဇင်သည် မြို့မှာပင် မေမေနှင့်အတူ နေသည်။
ဘ၀ကို စတင်ပြီဆိုသော်လည်း ဇင်တို့မှာ ဘာမျှအဆင်သင့် မဖြစ်သေး။
စနေ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များတွင် မောင်သည် ရန်ကုန်မှနေ၍ ဇင့်ထံ ပြန်လာသည်။ တနင်္ဂနွေ တစ်ပတ်တွင် ဇင်တို့ တွေ့ဆုံရက်မှာ တစ်ရက်ခွဲသာ ရှိသည်။ တစ်ခါတစ်ရံ တာဝန်ပိုလာသည်နှင့် ကြုံလျှင် တော့ တစ်လမှာ တစ်ရက်လောက်သာ တွေ့ခွင့်ရသည်။
ခွဲခွာ၍ မနေချင်။
ပြီး … မောင့်မှာ စားရေး နေရေး မချောင်လှ။
သည်တော့ အတူနေဖို့ စိတ်ကူးရသည်။
သည်မှာ စိန်လက်စွပ်၏ အခန်းကဏ္ဍသည် ပါလာရတော့သည်။
မောင်က စိန်လက်စွပ်ကို ရောင်းဖို့ပြောသောအခါ ဇင် မငြင်းနိုင်ခဲ့။
အရင်းအနှီးဟူ၍ သည်တစ်ခုသာ ပိုင်ဆိုင်သည် မဟုတ်လား။
လေးငါးခြောက်သောင်း တန်မည်ဖြစ်သော်လည်း ရွှေဈေး အိမ်ဈေး၊ ကားဈေးတွေ မတရား ထိုးကျ နေသော ကာလ မို့ သုံးသောင်းငါးထောင် ရအောင်ပင် မနည်း ပြောယူရသည်။
ဇင်သည် ဘ၀ကို တကယ်ပဲ စတင်ရပေပြီ။
ဘ၀ကို စတင်ပြီ ဆိုသည်မှာ စင်စစ် ရေစစ် ပုဝါကနေ ငရုတ်ဆုံ၊ ကျောက်ပျဉ်အထိ ၀ယ်ရခြင်းမျိုး လေလား ဟု တစ်ခါတစ်ခါ ဇင် စဉ်းစားသည်။
အမှန်ပင် ဇင်တို့တွင် လိုအပ်သော အရာတွေက များလှသည်။
ရန်ကုန်ရောက်တော့ တစ်ခြားအရာတွေကို ထားကာ ဇင်တို့ ဈေးဝယ် ထွက်ရသည်။ မောတော့ မောသည်။ သို့ပေမယ့် ပျော်စရာ ကောင်းသည်ဟုလည်း ထင်ပါသည်။
ဈေးတစ်လျောက် ဇင်က လိုချင်တာတွေ လျှောက်ဝယ်သည်။ မောင်က နောက်မှ အထုပ်တွေ တနင့်တပိုးသယ်ကာ လိုက်ရသည်။ ဈေးသည်တွေက် ဇင်တို့ကို ကြည့်ကာ ရယ်ကြသည်။ အခုမှ အိမ်ထောင်ကျကြတာ ထင်ပါရဲ့ အတပ်ဟောကြသည်။
ဇင်တို့ ငှားရမ်းထားသည်မှာ အနံ ဆယ့်နှစ်ပေ၊ အလျား ပေလေးဆယ်လောက် ကျယ်ဝန်းမည့် အခန်းတစ်ခန်း ဖြစ်သည်။ ယင်းအခန်းမျိုး နှစ်ခန်းပါရှိသည့် သစ်သားအိမ် ဖြစ်သည်။ ခန်းဆီးမှာ သင်္ဘောဆေး နံ့ ပင် မပြယ်သေး။
ဆင်းရဲသားရပ်ကွက်ဟုပင် ခေါ်ရချေမည်။ အသားမကျလှသေးသော ကွက်သစ်တစ်ခု။ လမ်းတို့ သည် ကျဉ်းမျောင်းသည်။ ခလုတ် ကန်သင်းနှင့် ရွှံ့ဗွက်ရေအိုင်များ ရှိသည်။ လမ်းပေါ်တွင် ကလေးတို့ ပြေးလွှား ဆော့ကစား ကာ တစ်ခါတစ်ရံ ညစ်ညမ်းစွာ ဆဲရေးတတ်ကြသည်။
အိမ်သို့ စတင်ရောက်ရှိသောနေ့တွင် ဇင်တို့ ဘာမျှနေရာတကျ မထားရသေးချေ။ ပစ္စည်းများကို စုပုံ ထား ရသည်။ ဖွာဆန်ကြဲနေသည်။
ညစာကို ကမန်းကတမ်း ချက်ပြုတ်သည်။ ထမင်းစားကြတော့ စားပွဲခုံ မရှိသေး။ ငါးပိရည်ပန်းကန် မ၀ယ် ရသေး။ ဇွန်းပင် စုံစေ့အောင် မရှိသေးချေ။
ခုတင်ကို မဆင်၇သေး။ မွေ့ရာလိပ် မဖြေရသေး။
ဇင် တို့သည် ကြမ်းပြင်ပေါ်တွင်ပင် ဖျာခင်းကာ အိပ်ဖို့ ပြင်ဆင်ရတော့သည်။
ဘာပဲပြောပြော အဲသည်နေ့ညကို ဇင် မမေ့။
ဇင်တို့ ညဥ့်နက်သည်အထိ ရှေ့ရေးအတွက် တိုင်ပင်ကြသည်။ စီမံကိန်းတွေ ချကြသည်။
မောင်က ဇင့်ကို မေးသည်။
"ဇင် … ကလေး ဘယ်နှစ်ယောက်အထိ ယူမယ် စိတ်ကူးသလဲ ဟင် …"
"လေးယောက်"
"မများဘူးလား"
"မများပါဘူး၊ ဇင်က တစ်ဦးတည်းသောသမီး ဖြစ်ခဲ့တယ် မောင်။ ဇင်ရဲ့ကလေးဘ၀ဟာ ဘယ်လောက် ခြောက်သွေ့တယ် ထင်သလဲ။ သူတစ်ပါး ညီအစ်ကိုမောင်နှမတွေ ကစားတာ ကြည့်ပြီး ဇင့်မှာ အစ်မတွေ၊ အစ်ကို တွေ၊ မောင်တွေ၊ ညီမတွေ ရှိနေစေချင်လိုက်တာ မပြောပါနဲ့ တော့"
"မပြောတော့ပါဘူး"
"ဟင်"
"သြော် … ဇင် လိုချင်သလောက် ယူပါ။ မောင် မပြောတော့ပါဘူးလို့"
ရယ်ကာမောကာ မောင့်ရင်ခွင် ကို လက်သီးနုနုဖြင့် ထုရသည်။
ဇင်တို့ ချစ်ကြသည်။ လွတ်လပ်ပေါ့ပါးစွာ ဖြစ်သည်။
ဆက်ရန်
.

2 comments:
အားကျပါကြောင်း...
ဖတ်ပြီး..
ဟင် သူ့အမေကြီးကိုကျတော့ အိမ်မှာ တစ်ယောက်ထဲ ထားခဲ့တာပေါ့နော်။
သူ့အဖေ့တုန်းကကျတော့ သူတို့ဖို့ ဘာမှ မထားခဲ့နိုင်လို့ တစ်ကိုယ်ကောင်းဆန်တယ်တဲ့။ သူ့ကျတော့ ....
အချောင်လိုချင်တဲ့ စိတ်ဓာတ်တွေ၊ ကိုယ်ကချည်း လိုချင်ပြီး ကိုယ်ဘာမှတာဝန်ပြန်မယူချင်တဲ့ စိတ်တွေတော့ မရှိစေချင်ဘူး။
Post a Comment