Wednesday, December 8, 2010

ရည်ရော်မှန်း အိုင်စမ်းရေပြာ အပိုင်း (၁၉)

ကြင်ကြင် က လိုလားစွာ တုန့်ပြန်သည်။

" ဒီဘုရားအုတ်တိုက်ကို ခတ်တဲ့သော့ အမျိုးအစားကို ကြင်သိလား။ ဒီသော့ အမျိုးအစားကို ကြင်သိလား။ ဒီသော့ အမျိုးအစားကို သိရရင် သော့ရအောင် ကိုမျိုးရှာနိုင်တယ်။ ညဘက်မှာ ဒီအုတ်တိုက်ကို စောင့်တဲ့ လူရှိလား"

" လူစောင့်ရယ်လို့တော့ သီးသန့်မထားဘူး။ ဘုန်းတော်ကြီးကျောင်းနဲ့ ဓမ္မာရုံက နီးတယ်။ ညတိုင် ရောက်ရင်တော့ ဘုန်းတော်ကြီးကျောင်းက ဆယ့်နှစ်နာရီလောက်မှ သံဃာတော်တွေက ကျိန်းစက် ကြတယ်။ နောက်ပြီး မနက်သုံးနာရီ ခွဲတယ်ဆို အုန်းမောင်းခေါက်တာပဲ။ အိပ်ချိန် သိပ်မရှိကြဘူး။ ကြား သုံးနာရီ ကျော်ကျော် အချိန်လေးမှာလည်း သံဃာတော်တွေနဲ့ ကပ္ပိယတွေ အိပ်ကြပေမယ့် ခွေးတွေက ဘယ် မှာ အိပ်ကြတယ် ထင်လည်း ကိုမျိုါ်ရဲ့။ ဓမ္မာရုံပေါ် တက်အိပ်ကြ တော့ ဘုရားဆင်းတုတော်ရှိရာ အုတ်တိုက် က အလိုလို အစောင့်ရှိပြီးသား ဖြစ်နေတယ်လ
ကြင်ကြင် က ရယ်မော ပြောပြသည်။

ကိုမျိုးနှစ်ကမူ မရယ်ဘဲ၊ နက်နက်နဲနဲ အကြံထုတ်နေသလို၊ မျက်မှောင်မသိမသာ ကုန်နေသည်။ ထို့နောက် ...
" ဘုရားအုတ်တိုက် ကိုခတ်တဲ့ သော့ကိုသာ ဘယ်လိုအမျိုးအစား၊ သော့ပုံသဏ္ဍာန်က ဘယ်လိုဆိုတာ ရအောင် စုံစမ်းပါကြင်။ တကယ်လို့ မရရင်လည်း နည်းလမ်းတစ်ခုရှိပါသေးတယ်။ ဖြစ်အောင်တော့ လုပ်ရမှာပေါ့။ တစ်ရက်နှစ်ရက်အတွင်း သိရအောင် ကြိုးစားနော်။ ဒါမှ မခင်ရွှေကို မြန်မြန် လက်စားချေ နိုင်မယ်။ တစ်ခုတော့ ကြင့်ကို ကြိုတင်ပြောပါရစေ
" ပြောပါ ကိုမျိုး "

" ဒီရွာအကြောင်းကို ကိုမျိုး သိရသလောက်ဆိုရင် အစဉ်အလာ သိပ်ကြီးတဲ့ရွာ။ ဒီရွာသူရွာသားတွေ ဟာ တစ်ရပ် တစ်ရွာ က မိန်းကလေး၊ ယောက်ျားလေးတွေကို လက်ထပ်တာ မရှိသလောက်ဘဲ။ ဒီတော့ ကိုမျိုးနဲ့ ကြင် ကို သဘောတူချင်မှ တူကြမယ်။ မတူလို့ ခွဲလိုက်ရင် ကိုမျိုး ရင်ကွဲရချည်ရဲ့။ ဒါကြောင့် မခင်ရွှေ ဒီရွာက ထွက်သည် ဖြစ်စေ၊ မထွက်သည်ဖြစ်စေ၊ ထွက်ရအောင်တော့ ကြိုးစား ရမှာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ကိုမျိုးခေါ်ရာကို ကြင်လိုက်ခဲ့ပါ။ ကိုမျိုးတို့ မိဘတွေထဲမှာနေပြီး ငါးလ တန်သည်၊ ခြောက်လတန်သည် ကြာတော့ မှ ကြင့်မိဘတွေထံကို ပြန်လာကြတာပေါ့။ အဲဒီ အချိန်ဆိုရင် သူတို့ ဘယ်နည်းနဲ့မှ ခွဲကြတော့မယ် မထင်ဘူး။ ကိုမျိုးပြောတာ သဘောပေါက်ရဲ့လား"

ကြင် စီမံသမျှ မငြင်းမဆန် နာခံပါမည်ဆိုသော ကိုမျိုးနှစ်သည် သူကချည်း စီမံနေသည်ကို ကြင်ကြင်က အပြုံး မပျက်ဘဲ ဦးခေါင်းတညိတ်တည်း ညိတ်နေတော့သည်။
ရှင်းရှင်း ဆိုရလျှင် ကြင်ကြင်သည် ကိုစိန်းမောင်ထက် ရုပ်ရည်ပညာ။ ပစ္စည်းသာလွန်သော ကိုမျိုးနှစ်၏ ကြင်နာခြင်း၊ ယုယခြင်းတို့မှာ နှစ်နှစ်ကာကာ စွဲလမ်းမြတ်နိုးနေပြီဖြစ်ရာ ကိုမျိုးနှစ်ပြော သမျှကို မငြင်းမဆန် လိုက်နာ တော့မည်သာ ဖြစ်သည်။ ကိုမျိုးနှစ်က ဆက်ပြောလိုက်သည်။

" ဘုရားက ရတနာတွေရရင် မခင်ရွှေ ခိုးယူတယ်လို့ စွပ်စွဲနိုင်အောင် ဒီရတနာတွေကို သူ့ပိုင်နက်ထဲ ရောက်အောင် ကြံရသီးမယ် ကြင်။ သူနေတဲ့အိမ်ကို သွားထားဖို့က ခဲယဉ်းတယ်။ ဒီတော့ ညဘက်မှာ စာသင်ကျောင်း က သူ့ရုံးခန်းထဲကို တိတ်တိတ်ဝင်၊ သူ့စာရွက်စာတမ်း သိမ်းထားရာ စားပွဲအံဆွဲဖြစ်စေ၊ ဘီရို ထဲဖြစ်စေ ရတနာတွေကို သေသေသပ်သပ်ထည့်ထား၊ နောက်ပြီး ရွာသူရွာ သားတွေက မခင်ရွှေကို သံသယ ဖြစ်လာအောင် ကြင်က ဥာဏ်ဆင်သတင်းလွှင့်၊ အဲဒီတော့ ရွာလူ ကြီးတွေက သူ့ရုံးခန်းကိုဝင်ရှာ၊ ရတနာ တွေ တွေ့၊ မခင်ရွှေတစ်ယောက် ဘုရားပစ္စည်းခိုးမှုနဲ့ အချုပ်ထဲ ရောက်ရင်ရောက်၊ မရောက် ရင်လည်း ရေပြာအိုင်ရွာက ပြေးရတော့မှာပေါ့။ ကိုမျိုးအကြံ ဘယ်လိုလဲ၊ ကြင် သဘောကျရဲ့လား "

" ကောင်းတယ်။ ဒီအကြံ သိပ်ကောင်းတာပဲ။ တစ်ရပ်တစ်ရွာက လေလွင့်ရောက်လာပြီး ငါ့ကို စိတ်ဆင်းရဲအောင် လုပ်နေတဲ့ ဆရာမကြီးတော့ မျက်ခုံးလှုပ်နေပေတော့ လ
ကြင်ကြင်သည် စိမ်းကားရက်စက်သော စကား၊ ကိုယ်ချင်းစာတရား ကင်းမဲ့သောစကားကို ၀မ်းသာအားရ ပြောလိုက်လေသည်။
------------------------
(၁၅)

ကြီးမားသော စီမံကိန်းကိုချကာ ရတနာပစ္စည်းတွေကို ခိုးယူရန် ကြံနေခြင်းခံရသော ဆင်းတုတော် ကား ကြင်ကြင် ၏ မိဘတွေ လူမဖြစ်မီကပင် ဤရေပြာအိုင်ရွာမှာ ရှိနေခဲ့သော ဆင်းတုတော် ဖြစ်သည်။
မိမိ ကိုယ်ခန္ဓာ လှပရေးကိုသာ ဦးစားပေးပြီး မိမိကိုယ်ကို အလှပြင်ရေးကလွဲလျှင် အခြား ဘာအကြောင်း ကိုမျှ စိတ်မ၀င်စားသော ကြင်ကြင်ကား ထိုရေပြာအိုင်ရွာ ဇာတိချက်မြှုပ်ဖြစ်လျက်နှင့် ထိုဆင်းတုတော် အကြောင်း ကို မေးမြန်းခြင်းလည်း မပြုခဲ့။

ဆင်းတုတော်နှင့် ပတ်သက်ပြီး ဘာအကြောင်းအချက်ကိုမျှ မသိခဲ့သော်လည်း မခင်ရွှေသည် ပထမအကြိမ် ရေပြာအိုင်ရွာမှာ နေစဉ်က မျိုးချစ်စိတ်၊ ဇာတိမာန်စိတ် ပြင်းထန်လှစွာဖြင့် သမီးရင်း တစ်ယောက်လုံးကို အသေခံလိုက်သော သူကြီးမင်း ဦးရွှေဇင် အကြောင်းကို ဘွားရွှေအိမ် ပြောပြ၍ သိရသည့် အချိန်ကစပြီး သူ မမြင်ဘူးလိုက်သော သူကြီးမင်း ဦးရွှေဇင်ကို ကြည်ညိုစိတ်ဖြင့် ဦးရွှေဇင် အကြောင်း မှတ်တမ်း ရေးပြီးသော်လည်း စကားအဆက်အစပ်ပေါ်တိုင်း ဦးရွှေဇင်အကြောင်းကို ဘွားရွှေအိမ်အား မေးမြန်းခြင်းဖြင့် ထို ဆင်းတုတော်အကြောင်းကို သိနေ ခဲ့ပြီးဖြစ်သည်။

သူကြီးမင်း ဦးရွှေဇင်သည် အသက်တမျှ ချစ်သော တစ်ဦးတည်းသော သမီး မထားဆွေကို မျိုးချစ် စိတ်၊ ဇာတိမာန်စိတ် ကင်းမဲ့သည့် အမျိုးသားသစ္စာဖောက်တစ်ယောက် ဖြစ်ရကောင်းလားဟူသော ရှားမှ ရှားသည့် စိတ်မာန်ဖြင့် အသေခံလိုက်ပြီးသည့်နောက် သမီးစိတ်ဖြင့် သူကြီးကတော်ကြီးကလည်း သေဆုံး သွားခဲ့သည်။
ထိုအခါ ဘိုးစဉ်ဘောင်ဆက်စပြီး မျိုးနွယ်အလိုက် ချမ်းသာကြွယ်ဝလာသည့် ပစ္စည်းတွေ အစုလိုက် အပုံလိုက်ဖြင့် တစ်ဦးတည်း ကျန်ရစ်သော သူကြီးမင်း ဦးရွှေဇင်သည် သူ့ပစ္စည်းတွေကို အသုံးချရန် စိတ်ကူး လိုက်သည်။

နာကြည်းဖွယ် ကြေကွဲဖွယ် အဖြစ်မျိုးဖြင့် သမီးရင်းတစ်ယောက်လုံးကို သွေးအေးအေးဖြင့် အသေခံ လိုက်ခြင်း၊ ချစ်လှစွာသော ငယ်ပေါင်းဇနီး သူကြီးကတော်ကြီးသည် သမီးစိတ်ကြောင့် သေဆုံးသွား ခဲ့ခြင်း စသည် တို့က ဦးရွှေဇင်ကို လောကီဘက် ငြီးငွေ့သည့်စိတ် ပေါ်ပေါက်လာစေသည်။

အရွယ်ကလည်း ရှိသေးသည်။ သူကြီးမင်းဟူသော ဂုဏ်ကလည်းရှိနေသည်။ ပစ္စည်းတွေကလည်း အစုလိုက်အပုံလိုက် ချမ်းသာနေသည်။ ထို့ကြောင့် ချို့ယွင်းချက် မရှိသော ဦးရွှေဇင်ကို လက်ဆက်လိုသူ အမျိုးသမီးတွေ ရှိပါသော်လည်း ဦးရွှေဇင်ကား လောကီချမ်းသာကို စိတ်မကူး တော့ဘဲ နောင်သံသရာပါစေမည့် အလုပ်ကိုသာ လုပ်ရန် စိတ်ကို ဆုံးဖြတ်လိုက်သည်။
သမီးနှင့် ဇနီးအတွက် စိတ်ထဲမျာ မကောင်းဘဲ ဖြစ်နေသော ဦးရွှေဇင်သည် သူကြီးအလုပ်မှ အနားယူ လိုက်ပြီး ရွာဦးကျောင်းတွင် ကိုးပါးသီလ ခံယူကာ ဥပုသ်ရက်ရှည် စောင့်နေသည်။ ဘုန်း ကြီးထံမှ ကမ္မဌာန်း ကို တောင်းယူပြီး ကျောင်းဝိုင်းကြီး၏ ချောင်အကျဆုံးနေရာ လူသူအရောက် အပေါက် အနည်းပါးဆုံး အစွန်ဆုံး နေရာက တောင်သလဲ ပင်အုပ်ကြီးအောက်မှာ တစ်ယောက်တည်း နေသာရုံ ကမ္မဌာန်း ကျောင်းလေးဆောက်ပြီး နေ့ရောညပါ တရားထိုင်နေလေ သည်။

ဥိးရွှေဇင်သည် စိတ်ကို နိုင်နင်းအောင်ချုပ်ကာ သမာဓိတည်အောင် ကြိုးစားခဲ့ရာ ဇနီးနှင့်သမီးအတွက် ဖြစ်ခဲ့ရသာ ပရိဒေ၀ သောကမီးသည် အေးငြိမ်းလာသည်။ စိတ်သည် တည်ငြိမ် ချမ်းမြေ့လာသည်။ ထိုအခါ ဦးရွှေဇင်သည် လောကီကို စက်ဆုပ်သောစိတ် ဖြစ်ပေါ်လာ သည့်အတွက် လူတွေ သူတွေနှင့် နီးနီးကပ်ကပ် နေလိုသော စိတ် မရှိတော့ချေ။

စုဆောင်းလာခဲ့သော ရွှေတွေကို အရည်ကျိုကာ ရွှေသားဆင်းတုတော်သွန်းသည်။ ဘိုးစဉ်ဘောင်ဆက်က အမွေအနှစ် ရလာသည့် ရတနာတွေကို ဆင်းတုတော်မှာ စီချယ်သည်။ ဆင်းတုတော်နှင့် ပလ္လင်ထားသည့် နေရာ ကို ခိုင်ခံ့သော အုတ်တိုက် ဂန္ဓကုဋိ ဆောက်သည်။ ဆင်းတုတော်ကိန်းဝပ်ရာ ဂန္ဓကုဋိနှင့်ဆက်ပြီး ဓမ္မာရုံအဖြစ် ကျယ်ဝန်းသော ဇရပ်ကြီးကို ဆောက် သည်။
ထိုအလှူကြီး ပြီးသောအခါ ရွာထဲမှာရှိနေသည့် အိုးအိမ်ကျွဲနွား ပရိဘောဂ ပစ္စည်းများကို မရှိဆင်းရဲ သည့် ရွာသူရွာသား တွေအား ကံအလှည့်သင့်သလို ရကြစေရန် မဲလောက်လှူဒါန်းခဲ့ပြီး သူကိုယ်တိုင်ကား ကမ္မဌာန်း ထိုင်နေကျ သလဲပင်အုပ်ကြီးအောက်က ကမ္မဌာန်းကျောင်းလေးမှာသာ နေထိုင်ပြီး တရား အားထုတ် နေတော့သည်။

ဦးရွှေဇင်၏ စိတ်ဓာတ်ကို ကြည်ညိုကြသော ရွာသူရွာသားတွေက တစ်နေ့တစ်အိမ် အလှည့်ကျ နံနက်တစ်နပ်စာ ထမင်းအုပ်လှူသည်ကို ခံယူစားသောက် တရားကျင့်နေရာမှ ကွယ်လွန်သွားရှာ သည်။
ရွာ၏ ကောင်းကျိုးချမ်းသာကို ဆောင်ရွက်ခဲ့သော ဦးရွှေဇင်၊ ဇာတိမာန် မျိုးချစ်စိတ် ပြည့်ဝလွန်းသည့် ဦးရွှေဇင်၊ ဇာတိမာန် မျိုးချစ်စိတ် ပြည့်ဝလွန်းသည့် ဦးရွှေဇင်၊ ရက်ရောသော အလှူဒါနကို ပြုခဲ့သည့် ဦးရွှေဇင် ကို ရွာသူရွာသားတွေသည် ကျေးဇူးတင်ကြသည်။

လွမ်းဆွတ် သတိရကြသည်။ သနားကြင်နာကြသည်။ ထို့ကြောင့် ဦးရွှေဇင် လှူဒါန်းထားခဲ့သည့် ဆင်းတုတော်ကို အသက်ပေး ကာကွယ်ရန် အသင့် စိတ်မျိုးဖြင့် ကြည်ညိုကိုးကွယ်လာကြသည်။ ဆင်းတုတော် ကိန်းဝပ်ရာ ဂန္ဓကုဋိတိုက် သော့ကို ရွာဦးကျောင်းထိုင်ဆရာတော် အဆက်ဆက် ကိုယ်တိုင် ကိုင်တွယ် ထိန်းသိမ်းလာခဲ့ကြသည်။
ဘွားရွှေအိမ် ပြောပြသည့်အတိုင်းဆိုလျှင် ဤဆင်းတုတော်နှင့် ရတနာတွေကို သူကြီးမင်း ဦးရွှေဇင် လှူထား ခဲ့သည်မျာ ဘွားရွှေအိမ်အသက်ဆယ့်လေးနှစ်သမီးက ဖြစ်ရာ၊ ယခု ဘွားရွှေအိမ် အသက် သည် ရှစ်ဆယ်ကျော် နေလေပြီ။ ဤဆင်းတုတော် သက်တမ်းကား နှစ်ပေါင်းခုနစ်ဆယ်ကျော်နေလေပြီ။

နက်ဖြန်သည် လပြည့်နေ့နှင့် တနင်္ဂနွေနေ့ တစ်ထပ်တည်း ဖြစ်သည်။ ထို့ကြောင့် မခင်ရွှေသည် ဥပုသ်စောင့်ရန် ရည်စူးလေသည်။
ဓမ္မာရုံကို တံမြက်စည်းလှည်း၊ သုံးရေ သောက်ရေ ခပ်ထည့်ခြင်း စသည့် အလုပ်တွေ ပြီးစီးအောင် မခင်ရွှေက စောစောလာပြီး လုပ်ကိုင်ဆောင်ရွက်နေလိုက်သည်။ သီလစောင့်မည်လူတွေ ရောက် လာကြပြီး၊ ဘုန်းတော်ကြီးက သီလပေးပြီးသောအခါ ဆင်းတုတော် ကိန်းဝပ်ရာ တိုက်ခန်းအတွင်း မှာ သန့်ရှင်းရေး လုပ်ရန် ဆရာတော်ကြီးက မခင်ရွှေကို ဦးတည်ပြီး တာဝန်ပေးလိုက်သည့်အတွက် မခင်ရွှေက တာဝန် ယူလိုက်ရသည်။

ဒမ္မာရုံကို လာကြသည့် ပရိသတ်ထဲတွင် လှပစွာ ၀တ်စားဆင်ယင်ထားသော ကြင်ကြင် ပါရှိသည်။ မခင်ရွှေကို အစဉ်အညမဲ ရန်သူလိုသာ ဆက်ဆံခဲ့သော ကြင်ကြင်သည် ထူးထူးခြားခြား မခင်ရွှေကို လေးစားခင်မင်စွာ နှုတ်ဆက်စကား ပြောသောအခါ မခင်ရွှေသည် စိတ်ထဲက တော်တော် ထူးဆန်း မိသည်။ သို့သော် ...
" သူ ချစ်တဲ့ ကိုစိန်းမောင်နဲ့ ငါ ဘာမှ မဖြစ်ဘူးဆိုတာကို သူ ရှင်းရှင်းလင်းလင်း သိသွားလို့ စိတ်ပြောင်း သွားတာထင်တယ် "
ဟု အကောင်းဘက် က တွေးကာ ၀မ်းသာမိသည်က အမှန်ပင်ဖြစ်သည်။

ဆင်းတုတော် ကိန်းဝပ်ရာ တိုက်ခန်းအတွင်း သန့်ရှင်းရေး ဆောင်ရွက်ရာမှာ ကြင်ကြင်က သူပါ ကုသိုလ်ယူပါရစေ ဆိုသောကြောင့် မခင်ရွှေ ၀မ်းမြောက်ဝမ်းသာ ကြင်ကြင်ကို တံမြက်စည်းတစ် ချောင်း ကိုယ်တိုင်ယူပေးကာ တိုက်ခန်းအတွင်းသို့ အတူ ၀င်ထိုင်ခဲ့ကြသည်။

ဘုန်းတော်ကြီးက သော့ကို ကိုင်ကာ သန့်ရှင်းရေး လုပ်နေကြသည်ကို ကိုယ်တော်တိုင် စောင့်ကြည့် နေတော်မူသည်။ ကြင်ာကင်သည် လုပ်သင့်သလောက် လုပ်သော်လည်း မခင်ရွှေလောက် အပင်ပန်း မခံချေ။ သန့်ရှင်းရေး ၀င်လုပ်သည် ဆိုသော်လည်း ဦးတည်ရာ အကြောင်းတွေကို အဆက် မပြတ် စကား ပြောရင်း လုပ်နေသည်ကြောင့် အလုပ်က ပြောလောက်အောင် မတွင်ချေ။
မခင်ရွှေ ကမူ စကားမပြောဘဲ လုပ်စရာရှိသည်ကိုသာ သွက်လက်လျင်မြန်စွာ လုက်ကိုင်နေသည်။ ထို့ကြောင့် ဘုန်းတော်ကြီးသည် ...
" ဒီကျောင်းဆရာမ စိတ်ဓာတ်မျိုးကတော့ ချီးကျူးဖို့ တကယ်ကောင်းပါတယ်။ တို့ရွာအတွက် အားကိုး လောက် တဲ့ သူတော်ကောင်းတစ်ယောက်ပဲ "
ဟု စိတ်ထဲက မှတ်ချက် ချတော်မူနေသည်။

သန့်ရှင်းရေးပြီးသောအခ် မခင်ရွှေနှင့် ကြင်ကြင်ကို အရင်ထွက်စေပြီးမှ ဘုန်းတော်ကြီးက ထွက်သည်။ ထို့နောက် တိုက်ခန်းကို ကိုယ်တော်တိုင် သော့ခတ်တော်မူသည်။ ဘုန်းတော်ကြီးသည် တိုက်ခန်းကို သော့ခတ်ပြီးသည့် အချိန်မှာပင် ကျောင်းဝိုင်းတစ်နေရာရှိ ဇရပ်ကို မီးလောင်လေသည်။ မီးလောင်သောဇရပ်နှင့် သိမ်ကြီးက နီးသည်။ သိမ်ထဲတွင် အဖိုးတန် ရှေးဟောင်း ပေစာတွေရှိနေသည်။ ဘုန်းတော်ကြီးသည် သိမ်ကို မီးကူးမည် စိုးရိမ်သောစိတ်ဖြင့် ဒကာ ဒကာမတွေနှင့်အတူ ကပျာကသီ ကြွသွားတော်မူသည်။

လူအား ရေအား နိုင်သောကြောင့် မီးသည် သိမ်ကို ကူးစက်မလောင်လိုက်ရဘဲ ငြိမ်းသွားသည်။ မီးငြိမ်း သွားပြီး အရာရာသည် အေးဆေးငြိမ်သက်သွားသောအခါမှ ဆင်းတုတော် ကိန်းဝပ်ရာ တိုက်ခန်းကို ခတ်သည့် သော့တွဲ ဘယ်နေရာမှာ ကျနေခဲ့မှန်း ဘုန်းတော်ကြီး မသိတော့ချေ။

ဘုန်းတော်ကြီးကျောင်း ရောက်နေသော ရွာသူရွာသားတွေ ပျာယာခတ်ကုန်ကြတော့သည်။ သော့ကား ဘယ်လိုမျှ ရှာမတွေ့တော့ချေ။
မီးလောင်သော ဇရပ်နှင့် ဓမ္မာရုံကား အတော်လေး လှမ်းသည်။ မီးဆိုသောကြောင့် အားလုံး ထပြေး ကြသည်။ ဓမ္မာရုံတွင် လူတစ်ယောက်မျှ မကျန်ခဲ့၊ အခင်းဖြစ်သည့် အချိန်သည် အစအဆုံး တစ်နာရီကျော်ကျော် ကြာခဲ့သည်။

စိတ်လက်မကောင်းစွာဖြင့် ဆင်းတုတော် တိုက်ခန်းကို ညစောင့် အိပ်ရန် စီစဉ်ကြရတော့သည်။ ထိုသော့ ကား သူကြီးမင်း ဦးရွှေဇင် ကိုယ်တိုင် ရန်ကုန်သို့တက်သွားပြီး ၀ယ်လာခဲ့သည့် အာမခံသော့တွေဖြစ်သည်။ ၀ယ်ယူလှူဒါန်းထားခဲ့သည့် နှစ်ပရိစ္ဆေဒကလည်း ကြာမြင့်လှပြီဖြစ်ရာ ရှေးခေတ် ရှေးပုံတွေဖြင့် ဂျာမနီနိုင်ငံ က ထုတ်လုပ်ထားသည့် သော့တွေဖြစ်ရာ ယခုခေတ်တွင် ထိုသော့မျိုးကား လုံးဝ မရှိတော့ချေ။

ထို့ကြောင့် သော့ခလောက်ကို ဖျက်ဆီးယူလိုက်ပြီးမှ နောက်ထပ် သော့ခလောက် သော့အသစ် ၀ယ်ယူအသုံးပြုရတော့မည် ဖြစ်သည်။ သော့အသစ် ၀ယ်ယူရေးအတွက်ကိုလည်း ကျောင်းကိစ္စနှင့် မြို့ပေါ်သို့  တစ်လတစ်ခေါက်လို သွားနေရသည့် မခင်ရွှေကို တာဝန်ပေးလိုက်ကြသည်။

မြို့ပေါ်ရှိ ပညာရေးဌာနမှလူတွေ ရန်ကုန်သို့ မကြာခဏ သွားလေ့ရှိကြသည့်အတိုင်း၊ ထိုလူတွေ စိတ်ချ ရသည့် အာမခံသော့မျိုး၊ ရန်ကုန်မြို့မှ ၀ယ်ယူလာရန် မခင်ရွှေက မှာကြားရမည်ဖြစ်သည်။ ဓမ္မာရုံမျာ ပြန်လည် စုရုံးမိသည့် ဥပုသ်သည်တွေ ဆင်းတုတော်တိုက်ခန်းမှ သော့ပျောက်သည့် အကြောင်းကို စိတ် မကောင်းစွာ၊ စိတ်ပူပန်စွာ ပြောဆိုနေကြသည့် အချိန်တွင်ကား ကြင်ကြင်တစ် ယောက် ဒမ္မာရုံမှာ မရှိတော့ချေ။

မီးလောင်၍ လူတွေဗရုန်းသုန်းကား ပြေးလွှားကြသည့် အချိန်ကပင် ကြင်ကြင်သည် ကြောက်လန့်ပြီး ရွာထဲ သူ့အိမ် သို့ ပြန်ပြေးသွားဟန်တူသည်။
" သော့ပျောက် သည့် အကြောင်းကို ကြင်ကြင် တစ်ယောက်မှ သိပါလေရဲ့လား"
ဟုပင် မခင်ရွှေက တွေးမိလိုက်သည်။
--------------------------
ဆက်ရန်
.

5 comments:

ahphyulay said...

အင်း
ကိုမျိုးနှစ် ၊ မကြင်ကြင် ကတော့ 
“ ဆင်” ကြံ ကြံ နေပြီ။

ငွေစန္ဒာ said...

အမရေ ကိုမျိုးနှစ် နဲ့ ကြင်ကြင် စိတ်ဓါတ်ကဆိုးလိုက်တာနော်။

rose said...

မမရွှေစင်ရေ...အကြွေးကျန်နေတဲ့ မ၀င်းမြင့် စာတွေ လာဖတ်သွားတယ်။ ကျေးဇူး အများကြီး တင်ပါတယ်။

ဧပရယ်လ်ပူး@ပူးတေ said...

ကြောက်တောင်ကြောက်လာပြီ.... မီးလဲ ကိုမျိုးနှစ်နဲ့ ကြင်ကြင်ပဲ ရှို့လားမသိဘူးနော်.... အရေးထဲ မခင်ရွှေက သော့အသစ်ဝယ်ဖို့ တာဝန်ကျသေးတယ်... ဘာတွေ ဆက်ဖြစ်မလဲလို့ ရင်ခုန်ခုန်နဲ့ မျှော်နေမယ်နော် မမရွှေစင်

စိတ်ရှည်လက်ရှည်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်...

Anonymous said...

ကျန်တဲ့ အပိုင်းတွေကို မြန်မြန် တင်ပေးပါ.....အဆက်မပြတ် ဖတ်ချင်လှပြိ..