ထို့ကြောင့် ဂျေမီက အတန်းထဲတွင် အားကစား ထူးချွန်ဆုံး ကျောင်းသား တစ်ယောက်ကို ခေါ်ပြီး စိန် ခေါ်သည်။
...... မင်းနဲ့ ဆရာနဲ့ ဘောလုံးပစ်တမ်း ကစားမယ်၊ မင်းနိုင်ရင် မင်းကို အဆင့် ...က.. ပေးမယ်၊ ဆရာနိုင်ရင် မင်း ဟောဒီ ကျောင်းစာတွေ တစ်ရက်တည်းနဲ့ အိမ်မှာ အပြီးလုပ်ရမယ်...
စနေနေ့ မနက်တွင် အားကစား ဝါသနာအိုးတွေရော၊ ဝါသနာမပါသူ ကလေးတွေပါ ကွင်းထဲသို့ လာကြည့် ကြသည်။ ဤနည်းဖြင့် နောက်စနေ ပွဲစဉ်များတွင်လည်း ဆက်တိုက် စည်ကားတော့၏။ အချို့က ဆရာဂျေမီ အလွန်ကောင်း သည် ကြား၍ လာကြည့်ကြခြင်း ဖြစ်သည်။ သို့သော် အများစုက မယုံကြ၊ သက်လတ်ပိုင်း ရောက်နေပြီး ဗိုက်ရွှဲစ ပြုနေပြီဖြစ်သည့် သည်ဆရာ့ပုံက ဘယ်လိုမှ ဘောလုံး သမားတစ်ယောက် မဖြစ်နိုင် ဟု သတို့ ထင်ကြ၏။
ပွဲတိုင်းပွဲတိုင်း မိနစ်ပိုင်းအတွင်း ပြတ်သွားသည်ချည်း။ ဆရာနှင့် ကစားသူတိုင်း ခွေးရူးဖြစ်ကြရ၏။ ဘိုလစ်ဗီးယားတွင် လက်ပစ်ဘော ချန်ပီယံဟောင်းတစ်ယောက် ဖြစ်ခဲ့ဖူးကြောင်း ကျောင်းသားများ မသိရှာကြ။ ဤသို့ဖြင့် ကျောင်းသားတွေ ဆရာ့ကိုရော၊ လက်ပစ်ဘောကိုပါ ပို၍ စိတ်ဝင်စားလာကြသည်။
ဂျေမီ ၏ စိန်ခေါ်ပွဲများမှာ စိတ်ဓာတ်ရေးရာတွင် ပျက်ပြားကျဆင်းနေသည့် ကျောင်းသားများကို အာရုံ ပြောင်းဖို့ သက်သက်ဖြစ်သည်။ သို့သော် အားကစားတွင် တက်ြွကလာလျှင် ပညာသင်ချင်စိတ် အတွက်ပါ ခွန်အား တစ်ရပ် ဖြစ်လာနိုင်သည်။ သူတို့အားလုံး ဦးတည်ချက်မဲ့ကာ ခပ်ပျင်းပျင်းကလေးတွေ ဖြစ်နေကြ၏။
သူတို့နှင့် သူငယ်ချင်းလိုလည်း ပေါင်းရမည်။ တစ်ပြိုင်နက်တည်းတွင် သူတို့ကြောက်အောင်လည်း ဟန်ကိုယ့်ဖို့ လုပ်ထားရမည်။ သူတို့၏ ဝတ်စားဆင်ယင်မှုနှင့် ကျောင်းချိန်မမှန်ပုံတို့က စကိုင်သည်။ သူတို့ကို စိတ်ဆိုးအောင် ဆွပြီးမှ သူတို့၏ စိတ်ဝင်စားမှုကို ရယူရ မည်။
...... ဟေး ကလေးမ၊ မင်းမိတ်ကပ်လိမ်းတာ ထူလှချည်လား၊ ဘာလဲ ဒရယ်ကူလာ နဲ့ ချိန်းထားလို့လား ......
...... ဟေး ဂျော်နီ၊ မင်းတို့ မက်ဆီကို တောင်ပေါ်သားတွေ သင်္ချာတော်တယ် ကြားဖူးပါတယ်၊ မင်းက ဘယ်လို ဖြစ်တာလဲ ...........မြည်းတွေကိုတောင် ဂဏန်းတွက်တတ်အောင် သင်ပေးလို့ ရပါတယ်ကွာ ....
သူတို့နာမည် အားလုံးကို မှတ်မိဖို့မလွယ်။ ကျောင်းသားတွေကို ဂျော်နီဟုပင်ခေါ်ပြီး၊ သူတို့ ကိုယ်ရေး မှတ်တမ်း ကြည့်ကာ သင့်သလို နာမည်ပေးထားလိုက်သည်။
သူတို့ကို စာသင်ရသည်မှာ ထင်သလောက် ခရီးမပေါက်၊ အားမရ။ ပို၍ အဆင့်အတန်းမြင့်သည့် သင်္ချာ စာအုပ် ဝယ်ပေးဖို့ ဌာနမှူးကို ပြောသည်။ ဌာနမှူးက ယဉ်ယဉ်ကလေးနှင့် ခပ်သွက်သွက် ပယ်ချသည်။
...... ဒီကလေးတွေအတွက် ဒါလောက်ပဲ တော်ပါပြီ ဆရာရယ်။ အတန်းထဲမှာ တွက်စရာတစ်ပုဒ်လောက် ငြိမ်အောင် ပေးထားရင်ပြီးတာပဲ။ ဒါထက် မနှစ်က သူတို့အမှတ်တွေ ဆရာတွေ့ပြီးပြီလား....ဟု ဌာနမှူးက မေးသည်။
......မတွေ့ရသေးပါဘူး ဆရာ၊ ဒါပေမဲ့ သူတို့ တော်တော်လေး တိုးတက်လာပါပြီ။ ကျွန်တော် ဆက်တွန်း ချင်ပါတယ်....
......လုပ်မနေပါနဲ့ ဆရာရယ်။ စာအုပ်ဝယ်ဖို့ ကျောင်းမှာ ပိုက်ဆံလည်း မရှိပါဘူး....
......ဟုတ်ကဲ့။ ခုလို ကျွန်တော့်ကို အချိန်ပေးပြီး ဆွေးနွေးတဲ့အတွက် ကျေးဇူးပါပဲ ဆရာ.....
ဆရာ တွေ၊ လုံခြုံရေးတွေနှင့် ရဲအရာရှိတို့သည် ကျောင်းသားအချင်းချင်း ချကြသည့် ရန်ပွဲများကို နှိမ်နင်း ဖို့လည်း နှစ်စဉ်တာဝန်ယူကြ ရသည်။ အများအားဖြင့် အုပ်စုလိုက် ရိုက်ပွဲများ ဖြစ်တတ်ကြ၏။ ကျောင်း အုပ်ချုပ်ရေး ပိုင်းမှ ရန်မများဖို့ ရည်စူးပြီး ချမှတ်ထားသည့် စည်းကမ်းတစ်ခုမှာ တစ်လွှဲ ဆံပင်ကောင်း သလိုမျိုးဖြစ်နေ၏။ မတည့်သည့် အုပ်စုများကို ကော်ဖီဆိုင်တွင် တစ်ခြမ်းစီ ထိုင်စေပြီး၊ လှေ ကား အတက်အဆင်း ကိုလည်း ခွဲပေးထား၏။ သည်တော့ လမ်းသရဲပျိုးခင်း ကျောင်း၏ ကော်ဖီဆိုင်မှာ တိရစ္ဆာန်ရုံ နှင့် တူလာ၏။
လူလွန်မသားကလေးများက စာအုပ်တွေနှင့် နံရံကို ပစ်ပေါက်တမ်း ကစားကြ၏။ ဘယ်အုပ်စုမှ မပါသည့် ရိုးရိုး ကျောင်းသားများက ကော်ဖီဆိုင်ကို မဝင်ရဲကြတော့။ သူတို့ အပိုင်စီးထားသည့် လှေကားနားသို့လည်း မသီရဲကြတော့။ ဆရာများပင် ဝေးဝေးက ရှောင်ကြရတော့၏။
၁၉၇၅ ခုနှစ် နွေဦးပိုင်းတွင် ဂါးဖီးလ် အထက်တန်းကျောင်းကို စစ်ဆေးရေးအဖွဲ့ ရောက်လာသည်။ ရှုပ်ပွ ညစ်ပတ်ကာ ဖြစ်ချင်တိုင်း ဖြစ်နေသည့် ကျောင်းကို တွေ့သွားသည်။ ပျက်စီးလုနီးနီး ဖြစ်နေပြီဟု အဖွဲ့က ကောက်ချက်ချပြီး ကျောင်းအုပ်ချုပ်ရေး တစ်ဖွဲ့လုံး ပြောင်းပစ်လိုက်သည်။
ဤသို့ဖြင့် ဆရာ ဂျေမီအက်စကာလန်တီသည် နောက်တစ်နှစ် ဆက်လုပ်ဖို့ စိတ်ကူးပေါက်ပြန်လေသည်။ သူက ဇွဲမလျှော့။ ဤတွင် အားတက်စရာအဖြစ်နှင့် ကြုံရသည်။ တစ်နေ့တွင် မမျှော်လင့်ဘဲနှင့် လူမည်း ကျောင်းသား တစ်ယောက် ဆရာ့ စားပွဲရှေ့တည့်တည့်တွင် လာရပ်သည်။ သူ့မျက်နှာမှာ အမာရွတ်ကြီးနှင့်။
...... ဒီမယ် ဆရာ ... ဆရာ့နာမည်ကို ကျုပ်မကြိုက်ဘူး၊ အက်စကာလန်တီ တဲ့ ဟုတ်လား၊ ဆရာ့ကို နာမည် တစ်ခု ပေးရမယ် .....
......ကျေးဇူးတင်ပါတယ်ကွာ၊ ဆရာတော့ အက်စကာလန်တီ ကိုပဲ ကြိုက်တယ်..........မရဘူး။ ကျွန်တော် နာမည်ရွေးထားပြီးပြီ၊ ဆရာ့နာမည် ...ကီမို..၊ တစ်ကိုယ်တော် လင်းယုန်ပေါ့ ဆရာ....
------------------

အရူးထောင်မှ သင်တန်းများ
၁၉၇၅ ခုနှစ်၊ ဆောင်းရာသီတွင် အုပ်ချုပ်ရေးပိုင်းမှ ပို၍ တင်းကြပ်လာသည်။ ကျောင်းသား မဟုတ်ဘဲ ကျောင်းသား လမ်းသရဲများနှင့် ဝင်ရောပြီး သောင်းကျန်းနေသည့် ဆိုးသွမ်းလူငယ် ၂၅၀ကို ကျောင်းဝင်းထဲမှ မောင်း ထုတ်သည်။ သူတို့ အသက်မှာ ၁၉ နှစ်မှ ၂၅ နှစ် အတွင်း အရွယ်များဖြစ်၏။ ပြတင်းပေါက် အားလုံး နှင့် ဝင်းတံခါးများကို အားလုံးသော့ခတ်လိုက်သည်။
လုံခြုံရေးဝန်ထမ်းများက တစ်ချိန်လုံး ကင်းလှည့်စောင့်ပေးကြ၏။ မြင်မကောင်းအောင် လက်စွမ်းပြ ထားသည့် နံရံအားလုံး ကို ဆေးပြန် သုတ်လိုက်သည်။ ဂျေမီတစ်ယောက် အရမ်းတက်ကြွနေ၏။ မီးကုန် ယမ်းကုန် သင်တော့သည်။
ပထမဆုံး အထောက်အကူပြု ပစ္စည်းများဖြင့် သူတို့ အာရုံကို ဆွဲဆောင်ဖို့ ကြိုးစားရမည်။ ကျောင်းသား အများစုက စာသင်ချိန်တွင် နားမထောင်ကြ။ စာကောင်းကောင်း သင်ယူနာကြားသည့် ကျောင်းသားများက ဆရာ့ မေးခွန်း ကို ဖြေလျှင် သူတို့က ဝိုင်းလောင်ကြ၏။
တစ်နေ့ သင်္ချာသင်ချိန်တွင် အပိုင်းဂစန်းအကြောင်းကို ဂျေမီရှင်းပြသည်။ စားသောက်ဆိုင်တွင် လုပ်စဉ်က ရခဲ့သည့် ဆောင်းသည့် ဦးထုပ်ကြီးယူလာပြီး အတန်းထဲတွင် ဆောင်းသည်။ ပြီးတော့ ပန်းသီးတွေကို စားပွဲပေါ် စီတင်လိုက်၏။ တစ်လုံးကို လျှပ်တစ်ပြတ် အတွင်း အစိတ်ပေါင်းများစွာဖြစ်အောင် လျင်မြန်စွာ လှီး ပေးလိုက်၏။ မိန်းကလေးများ ကျိတ်ရယ်သံကြားရသည်။
နောက်တန်းမှ ကျောင်းသားတစ်ယောက်က ......နေ့လယ်စာ စားချိန်ရောက်ပြီဟေ့ ..... ဟု လှမ်း နောက်သည်။ သို့သော် သူတို့အားလုံး တဟားဟားနှင့် အာရုံစိုက်လာကြပြီ။ စကား တစ်ခွန်းမှ မပြောသေးဘဲ အစိတ် တွေကို ထပ်ပိုင်းသည်။ အချို့ နှစ်ပိုင်း၊ အချို့ လေးပိုင်း၊ အချို့ကို ငါးပိုင်း။
လေးပိုင်း ပိုင်းထားသည့် အစိတ်ကို ယူပြီး အရှေ့တန်းမှ ကျောင်းသူတစ်ဦးဆီသို့ တစ်ပိုင်းပစ်ပေးလိုက်၏။
......အဲဒါ ဘယ်လောက်လဲ ဆွန်ညာ ....
......လေးပုံတစ်ပုံပါ ဆရာ ....
......ဒါဆို ဆရာ့ဆီမှာ ဘယ်လောက်ကျန်သလဲ....
ကျောင်းသူကလေး အဖြေမဆုံးမီ သူက တစ်စိတ်ကို ပါးစပ်ထဲ ပစ်ထည့်ပြီးပြီ။ ဂျေမီက မျိုချပြီး ......မင်း ဖြေတာ နှေးလို့ မှားသွားပြီ၊ ဟောဒီမှာ တစ်ဝက်ပဲ ကျန်တယ် .....
......................................
အတန်း၏ တုံ့ပြန်မှုကို တဖြည်းဖြည်း ရလာသဖြင့် ဂျေမီ အားတက်ဝမ်းသာလာသည်။ သူလို ဇွဲနပဲဖြင့် ဆရာ စိတ်ပြင်းထန်သည့် စိတ်တူ သဘောတူ ဆရာတစ်ယောက် ရှာသည်။ ၂၄ နှစ်အရွယ် ဆရာ ဘင်၊ ဂျင်နီနက်ဇ် ကို သွားတွေ့၏။ သူက လူသစ်။ ဆန်းသစ်သည့် အတွေးအခေါ်များနှင့် စိတ်ကူးယဉ်သမား။
သူကျောင်းရောက်သည့်နေ့တွင် အတန်းသူ အတန်းသားများက ပညာသားပါပါ သူ့ကို စိန်ခေါ်ကြ၏။ ကျောင်းချိန် နောက်ကျပြီးမှ အတန်းထဲဝင်ကြသည်။ အိမ်စာတွေ ကို ပြီးအောင် လုပ်မလာကြ။ သူ ဘောသင်ပုန်း တွင် ပုစ္ဆာတွေ ရေးနေစဉ် နောက်ဘက်မှ ဟေးလား ဝါးလားနှင့် သောင်းကျန်းကြသည်။ စိတ်ဓာတ် တွေ အကျကြီး ကျသွား၏။ ဆရာဖြစ်သင် ကောလိပ်တုန်းက သင်ခဲ့ရသည်များနှင့် တခြား စီ ပါလား။ အရူးထောင်ထဲ ကို လျှောက်လှမ်း ဝင်ရောက်ခဲ့မိခြင်းပါလား။
အုပ်ချုပ်ရေးပိုင်းမှ အရာရှိများက သူစိတ်ဓာတ် ကျနေသည်ကို ရိပ်မိသည်။ ဆရာ အက်စကာလန်တီ နှင့် သွားတွေ့ ဖို့ သူ့ကို အကြံပြုကြ သည်။
အခန်းထဲ ကို ဝင်လိုက်သည်နှင့် ဆရာ ဘင်၊ ဂျင်မီနက်ဇ် အရမ်းသဘောကျသွားသည်။ တစ်တန်းလုံး တိတ်ဆိတ် ငြိမ်သက်နေ၏။ ကျောင်းသူကျောင်းသားအားလုံး ခေါင်းမဖော်ဘဲ ငုံ့ပြီး ဂဏန်းတွက်နေကြ၏။ ခဲတံ ရေးသံ ခြစ်သံမှအပ ဘာမှ မကြားရ။
......ကျွန်တော့် အတန်းလည်း အဲဒီလို ဖြစ်ချင်လိုက်တာ ဆရာရယ်.... ဟု ဘင်၊ ဂျင်မီနက်ဇ်က အားကျစွာ ဆိုသည်။ အက်စကာလန်တီ က ပြုံးပြီး
......ဆရာနဲ့ ကျွန်တော် နှစ်ရက်လောက် အတန်းချင်း လဲပြီး သင်ကြရအောင်လား ....
ဆရာ ဂျင်နီနက်ဇ် ပထမ ကြောင်သွားသည်။ ပြီးမှ သဘောတူလိုက်၏။ အက်စကာလန်တီ၏ အတန်းထဲ လှမ်း ဝင်လိုက်တော့ ပထမနေ့တုန်းကလိုပင် ငြိမ်သက်လျက်။ ဆရာအက်စကာလန်တီ က သူတို့ကို သင်ခန်းစာတစ်ပုဒ် ပေးသွားသည်။ မိမိအနေဖြင့် လုပ်စရာ သိပ်မရှိပါ။ သင်ခန်းစာထဲမှ မေးခွန်းများ ထုတ်ပေးပြီး နောက်ပိုင်းတွင် အဖြေထုတ်ပေးရသည်။ ပြီးတော့ သူတို့ကို အိမ်စာ လုပ်ခဲ့ဖို့ ပုစ္ဆာတွေ ရွေးပေး လိုက်သည်။
ထိုအချိန်တွင် ဖြစ်နေသည့် မိမိအတန်းထဲမှ မြင်ကွင်းကို နောက်မှ ကြားသိရသည်။ ဘဝသည် ရုတ်ခြည်း ရင်ခုန်စရာ ကောင်းလာသည် ထင်၏။ ထိပ်ပြောင်စ ပြုနေပြီဖြစ်သော ဆရာ အက်စကာလန်တီ သည် ဇာတ်ဟန်ပါပါ ဖြင့် ဘောသင်ပုန်းရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း စကားစသည်။ မျက်လုံးအစုံက တဖျပ်ဖျပ် အရောင်လက်နေ၏။
......ကဲ ... မောင်တို့ မယ်တို့ ဆရာဂျင်မီနက်ဇ် က သူ့အတန်းသားများနဲ့ စကားလာပြောဖို့ မေတ္တာရပ်ခံလို့ ဆရာ ရောက်လာခြင်းဖြစ်တယ်....
ခပ်လေးလေး အင်္ဂလိပ်စကားဖြင့်စပြီး စပိန်စကားနည်းနည်း၊ တောပိုင်း ဘိုလစ်ဗီးယားစကား နည်းနည်းညှပ် ကာ သူ့ကိုယ်သူ မိတ်ဆက်ခြင်းပြုသည်။
......ဆရာဟာ လောလောဆယ် မင်းတို့ရဲ့ အတန်းပိုင်ပဲ၊ အကြီးအကဲပဲ၊ ဟေ့ ... မင်းတို့ ဆရာပြောတာ ကြားကြ လား ......
ပြောပြောဆိုဆို အတန်းထဲ ဆင်းသွားပြီး နောက်ဆုံးတန်းမှ ကျောင်းသားတစ်ယောက် ဖတ်နေသည့် မော်တော်ကား မဂ္ဂဇင်းကို ဆတ်ခနဲ ဆွဲယူလိုက်သည်။
......မင်း ဆရာပြောတာကို နားထောင်ရမယ်၊ အတန်းထဲမှာ ခိုင်းတာကို လုပ်ရမယ်။ အဲဒီအတိုင်း မလိုက်နာ ရင် မင်း အခန်းထဲက လွင့်ထွက် သွားမယ်။ ဘယ်အထိ မင်းရောက်သွားနိုင်သလဲ သိလား၊ ပြောရမှာ သိပ်တော့ မကောင်းဘူး။ ဘာမေးစရာ ရှိသေးလဲ....
စာဆက်သင်သည်။ နောက်ပိုင်းမှ ကျိတ်ရယ်သံများ၊ တီးတိုးသံများ ကြားနေရဆဲ။ တရားခံ ကျောင်းသား သုံးယောက် ကို အတန်းထဲမှ ထွက်ခိုင်းတော့မှ အသံဗလံများ တဖြည်းဖြည်း ငြိမ်သွားသည်။
......ကျုပ်တို့က ဘယ်သွား နေရမှာလဲ ....
မောင်းထုတ်ခံရသည့် ကျောင်းသားတစ်ယောက်က မေးသည်။
......အဲဒါ ဆရာနဲ့ မဆိုင်ဘူး။ မင်းတို့ အခန်းထဲကထွက်ပြီး ဘယ်ကမ္ဘာသွားသွား ဆရာ့အလုပ် မဟုတ်ဘူး။ ဆရာ့အလုပ်က ဒီအခန်းထဲမှာ စာသင်ဖို့ပဲ .....
ဂျေမီ စာဆက်သင်သည်။ နောက်နေ့မနက်မှ ပုစ္တာပေးမည်ဟု ကြေညာလိုက်သည်။ နောက်တစ်နေ့တွင် ပုစ္ဆာပေး၊ အဖြေစစ်၊ ခပ်ပျော် ပျော် အမူအရ်ာဖြင့် အမှတ်တွေ ပေးချလိုက်သည်။ အားလုံး ဘဲဥကွဲရုံ သာသာ တွေချည်း။ မကွဲသူက အနည်းစု။
ကျောင်းသားတွေ စိတ်ထဲ အတွေးတစ်ခု ဝင်သွားသည်။ ဆရာကိုသာဆိုးနှင့် တွေ့နေပါပြီလား။
ဂျေမီက အပေါ်စီးမှ ဆက်ဖိသည်။
......မင်းတို့ တစ်တွေဟာ ငါ့အချိန်ကိုလည်း ဖြုန်းတယ်၊ ဆရာ ဂျင်မီနက်ဇ်ရဲ့ အချိန်တွေကိုလည်း ဖြုန်း နေကြတယ်။ ငါသာဆို မင်းတို့ကို တစ်သက်လုံး အအောင်မပေးဘူး။ မင်းတို့ ဆရာကတော့ သဘော ကောင်းတယ်၊ ပေးကောင်း ပေးမယ်။ ဒါပေမဲ့ ငါတော့ သိပ်မထင်ဘူး.....
နောက်နှစ်ရက်အကြာတွင် ဆရာဂျင်မီနက်ဇ် သူ့အတန်းသူ ပြန်ဝင်သည်။ ဆရာ အက်စကာလန်တီ၏ ဟန်ပန်ဖြင့် ဝင်သွားခြင်းဖြစ်၏။ အချိုးပြောင်းနေသော တပည့်များကို တွေ့ရသည်။ တိမ်းမှောက် တော့မည့် ဆဲဆဲ တွဲတစ်တွဲ နှင့် တူသည့် စာသင်ခန်းသည် အတည်ငြိမ်ကြီး တည်ငြိမ်နေ၏။ အာစရိယ ဂုဏော အနန္တော နေကြ၏။
ပြဿနာတစ်ခု ဖြစ်လာလျှင် ချက်ချင်းရှင်းရမည်။ အမြန်ဆုံး အရေးယူရမည်။ နည်းနည်းကလေး အချိန်ယူ လိုက်သည် နှင့် သူတို့ဘက်မှ ပြင်ဆင်ချိန်ရပြီး ငယ်သည့်အမူကြီးပြီး၊ ကြီးသည့်အမှု သောက်ကျိုးနည်း သည့် ရပ်ဝန်းဒေသဖြစ်ကြောင်း ဆရာအက်စကာလန်တီထံမှ သဘောပေါက်လိုက်ပြီ။
သည်လို အခြေအနေမျိုးသည် မလွှဲမသွေ ရောက်လာနိုင်ကြောင်းလည်း သိနေ၏။ ထို့ကြောင့် အမြဲ အသင့်ပြင်ထား၏။ သည်လို ပြဿနာ မျိုးဖြစ်လာလို့ လက်တန်း မရှင်းနိုင်လျှင် အပျက်အစီးကို ပြင်ဖို့ ပို၍ ပို၍ ခက်သွားတော့သည်။
အတန်းစသည်နှင့် မိန်းကလေးတစ်ယောက်က ယဉ်ကျေးစွာ လက်ထောင်ပြီး -
......ကျွန်မ တစ်ခုပြောပါရစေ ဆရာ။ ဆရာ အက်စကာလန်တီက ကျွန်မတို့အတန်းမှာ ဆရာ မပျော်ဘူးလို့ ပြောပါတယ်။ ကျွန်မတို့အားလုံး စိတ်မကောင်း ဖြစ်နေကြပါတယ် ဆရာ၊ ကျွန်မတို့အားလုံး ဆိုးကြတာပါ....
နောက်တန်းက ကျောင်းသားတစ်ယောက်ကလည်း ထအော်သည်။
......ကျွန်တော်တို့ နောက် မသောင်းကျန်း တော့ပါဘူးဆရာ....
ထောက်ခံသည့် အနေဖြင့် ခပ်အုပ်အုပ် ရယ်သံများကြားလိုက်၏။
......ကျေးဇူး တင်ပါတယ်ကွာ၊ ဆရာလည်း မင်းတို့ဆီက ပညာ တစ်ခုခု ရလိုက်သလိုပါပဲ ....
.............................
သင်္ချာဆိုတာ မခက်ပါ
နောက်နှစ်များတွင် ဆရာ အက်စကာလန်တီသည် ကျောင်းသူ ကျောင်းသားများကို မြှောက်ပင့်လိုက်။ တင်းကြပ်လိုက်၊ ချုပ်ကိုင်လိုက် ဖြင့် သူတို့မျက်စိလည်အောင် လုပ်သည်။
ဘောသင်ပုန်း ရှေ့တွင် ဟန်ပါပါ လမ်းလျှောက်ရင်း သူ့ကိုယ်သူ နာမည်သစ်တစ်ခု ပေးလိုက်သည်။ ကီမိုခေါ် တစ်ကိုယ်တော် လင်းယုန် ထက် ပိုမာသည့်နာမည်။ သူ့ကို ...ချန်ပီယံ.. ဟု ခေါ်ဖို့ အတန်းကို ကြေညာ လိုက်၏။
ပြဇာတ်ဆန်ဆန် အတန်းကို ကိုင်တွယ်ခြင်းနှင့် လူဆိုးကလေးများကို ခပ်ကြမ်းကြမ်း လုပ်ပြရခြင်း အတွက် အကျိုး အမြတ် ဖြစ်ထွန်း ကြောင်းတွေ့ရသည်။
အားကစားတွင် အဆင့်မြှင့်တင်ပေးလိုက်သည်။ ကျောင်းစာတွေကို အိမ်မှာလုပ်ဖို့ ပုံအောပေးသည်။ ကျောင်းလစ် သည့် ကျောင်းသား များ၏ှင့်တင်ပေးလိုက်သည်။ ကျောင်းစာတွေကို အိမ်မှာလုပ်ဖို့ ပုံအော ပေးသည်။ ကျောင်းလစ်သည့် ကျောင်းသား များ၏နာမည်ကို မိတ်ဆွေကျောင်းအုပ်ချုပ်ရေးမှူးထံ စာရင်း ပေးသည်။ အုပ်ချုပ်ရေးမှူးက သူတို့လို ကျောင်းသားများ၏ အမည်စာရင်းကို သေသေချာချာ မှတ်တမ်းတင် ထားသည်။
......အဲဒီလို အုပ်ချုပ်ရေးမှူးမျိုးက တကယ်လိုတာကွ၊ တကယ်ပြတ်တဲ့လူ။ ကားတစ်စီးစာ ပြည့်တာနဲ့ ဂျက်ဆင် ကျောင်း ကို ပြောင်းပေးမယ် တဲ့။ တစ်ယောက်ပဲ လိုတော့တယ် ပြောတယ် ....
ဂျက်ဆင် က ဂါးဖီးလ်ထက် ငါးမိုင်ပိုဝေးသည်။ ကျောင်းအုပ်ဆရာကြီးထက် မိမိက ပိုပြီး အဖြစ်သည်း နေခြင်း များလား ဟု ဂျေမီ တစ်ခါ တလေ စဉ်းစားမိသည်။ ကျောင်းအုပ်လုပ်သူက မိမိလုပ်သမျှ မျှော လိုက် နေ၏။
......ဆရာကြီးခင်ဗျား၊ ကျောင်းသားတချို့ကိုတော့ ဆက်ထားလို့ မဖြစ်တော့ဘူးခင်ဗျ.... ဟု ဆိုလျှင် ......ဒါပေါ့၊ လုပ်လေ၊ ဆရာကောင်းသလို ကြည့်စီစဉ်ပါ၊ ကျောင်းသားတွေ သိပ်များနေတာလည်း မကောင်း ပါဘူး .... ဟု ဆိုတတ်၏။
ခွင့်မဲ့ ရက်ပျက်သမားများနှင့် ယောင်ခြောက်ဆယ် ကျောင်းသားများ၏ အိမ်ကို ဖုန်းဆက်တိုင်ကြားမည့် အစီအစဉ် တစ်ခု လုပ်လိုက်သည်။ လူကြီးမိဘများကို တိုင်ကြားမည်ဟု ခြိမ်းခြောက်ခြင်းက တကယ် တိုင်ကြား သည် ထက် ထိရောက်ကြောင်းတွေ့ရ၏။ တစ်နေ့ တြီဂို ကျောင်းသားများကို ခေါ်ပြောသည်။
......ဆရာ့မှာ အားနည်းချက် တစ်ခုရှိတယ်။ မကောင်းတဲ့အကျင့်ဆိုပါတော့။ စကားပြောရင် သာသာထိုးထိုး ပြောတတ်တယ်။ ဒါကြောင့် မင်းတို့မိဘတွေနဲ့ မတွေ့ချင်တာ။ မင်းတို့ ပိုနာမှာစိုးလို့ပါ။ ဥပမာကွာ တစ်ချိန် ပျက် တဲ့ ကျောင်းသားမိဘနဲ့ တွေ့ရင် နှစ်ကြိမ် သုံးကြိမ် လောက် ပျက်တယ်လို့ ဆရာပြောမိတတ်တယ်။ ဘယ်လို ဘယ်လို ဒီအကျင့် ဝင်နေမှန်း မသိဘူး။
ဤသို့ဖြင့် ဂါးဖီးလ်အထက်တန်းကျောင်းတွင် ဆရာဂျေမီ အက်စကာလန်တီ လုပ်သက်တစ်နှစ် ပြည့်ခဲ့ လေသည်။ သည်တော့မှပင် သည်ကျောင်းတွင် တက္ကသိုလ် အကြိုသင်တန်းများရှိကြောင်း သိရသည်။ သည် အတန်း အောင်ထားလို့ တက္ကသိုလ် ဆက်တက်လျှင် သင်ထားသည့် ဘာသာရပ်များအတွက် အမှတ်ပေါင်း ပေးသည့် စနစ် ဖြစ်သည်။
အကြိုသင်တန်းကို အချိန်ရတိုင်း သင်ဖို့ ဆရာတွေ ကြိုးစားသည်ဆို၏။ ကဲကုလသင်္ချာ ဘာသာရပ်တွင် ကျောင်းသား တွေ မလိုက်နိုင် ကြ၍ ကကြီးက ရှေ့မတိုးဘဲ ဖြစ်နေသည်ဆို၏။ ပဲ့တင်သံ အကြောင်းကို ပြတင်းပေါက် မှ စာအုပ်ပစ်ချကာ မြေကြီးပေါ် ကျသံကို နား ထောင်ရုံလောက်ကလွဲပြီး ရှေ့မတိုးသည့် ကျောင်းသား က ခပ်များများတဲ့။ သည်စာမေးပွဲ အောင်သည့် ကျောင်းသားက လက်တစ်ဆုပ် စာမျှပင် မရှိ ဟု သိရ၏။
သည်သတင်းကြားရတော့ ဂျေမီ စိတ်ဓာတ် အကျကြီး ကျသွားသည်။ တစ်ပြိုင်တည်းတွင် သူသင်ပါရစေဟု ဆန္ဒ ပြုလိုက်၏။ ပြီးမှ ပြန် စဉ်းစားသည်။ ကျောင်းသားတွေ တကယ်လိုအပ်နေသည်မှာ ရည်မှန်းချက် ပန်းတိုင် ဖြစ်၏။ လက်ပစ်ဘောပွဲနှင့် စာသင်ခန်းထဲမှ သရုပ်ပြ ကိရိယာများထက် ပို၍ အာရုံစိုက်နိုင်မည့် အရာ တစ်ခုခု ဖန်တီးရမည်။ အကြိုသင်တန်း ဌာနမှူး ဂျွန်ဘားနက်ဇ် အကူအညီဖြင့် ဂျေမီ အလုပ်စတော့သည်။ အစပိုင်းတွင် ပထမနှစ်က သင်ခဲ့ကြသည့် ဆရာအချို့ကို စည်းရုံးသည်။ ဆရာ ၁၁ ယောက် စာရင်းပေးသည်။ အားလု့း သင်္ချာနှင့် တြီဂိုဆရာတွေချည်း။ ၁၉၇၈ ခုနှစ်တွင် အခြားဆရာတွေရော ဂျေမီ ပါ တောနက်ထဲ တွင် မျက်စိသူငယ်နှင့် ရောက်နေ သည့် ကလေးများလို ဖြစ်နေ၏။
စပြီဆိုကတည်းက သင်တန်း၏ ပုံသဏ္ဍာန် ပြောင်းပစ်ရမည်ဟု ဂျေမီ သဘောပေါက်လိုက်၏။ ဟာသနှော၊ အရွှန်းဖောက် ရမည်။ ခပ်ကြမ်းကြမ်းကိုင်လို့မရ။ ဆရာနှင့် ကျောင်းသားတစ်သားတည်းဖြစ်အောင် ရင်းနှီးမှု ရယူ ရရန် အတန်း ၏ ဆောင်ပုဒ် စာတန်းကြီးရေး ပြီး နံရံတွင် ချိတ်လိုက်၏။
......ကဲကုလကို မကြောက်နဲ့၊ လွယ်လွယ်ကလေးရယ် ....
လုပ်ဖော်ကိုင်ဖက် ဆရာရော့ဖ်က မနှစ်က ကဲကုလမေးခွန်းမိတ္တူ ယူလာပေးသည့် စာရွက်ကို လက်နှင့် ထောက်ပြီး ဂျေမီ သေသေချာချာ ကြည့်သည်။ အားလုံး မေးခွန်းခုနစ်ပုဒ် ပါသည်။ ဘယ်လိုမှ သူတို့ ဖြေနိုင် မည့် မေးခွန်းများ မဟုတ်။ အင်း ... အချိန်က ရှစ်လပဲ ကျန် တော့သည်။ မည်သို့မည်ပုံ သူတို့ကို တွန်းရ ပါမည်လဲ။
အစူးရှဆုံး မျက်လုံးများဖြင့် အတန်းကို စိုက်ကြည့်လိုက်သည်။
......မင်းတို့ အောင်ကိုအောင်ရမယ်။ ဒါပေမဲ့ အက္ခရာသင်္ချာနဲ့ တြီဂိုကို ကျေအောင် ပြန်လုပ်ရမယ်။ ပထမအချိန် ကို ရှစ်နာရီမှာ စမယ်။ တံခါးတွေကို ခုနစ်နာရီမှာ စဖွင့်မယ်။ မနက်တိုင်း ငါးမိနစ် ပုစ္ဆာမေးမယ်။ သောကြာ နေ့ တိုင်း စာမေးပွဲ စစ်မယ်....
သူတို့ကလေးတွေ၏ အသိဥာဏ်ကို နှိုးဆွပေးဖို့ မိမိထံမှ တစ်ခုခု လိုနေသည်ဟု သူ ခံစားနေရ၏။ တြီဂို၊ အင်္ဂလိပ်စာ က စပိန်စကားပြော ကလေးများအဖို့ ခက်ခဲလှသည်။ ရှုပ်ထွေးသည့် သင်္ချာ ဝေါဟာရ များကို သင်လျှင် သူတို့ အထိတ်တလန်ဖြစ်တတ်ကြ၏။ ဆခွဲကိန်းရှာရခြင်းမှာ ပျော်စရာကောင်းကြောင်း သူတို့ နားလည်အောင် မည်သို့ သင်ရပါမည်လဲ။
ဆက်ရန်
.

5 comments:
“ပြီးစ်”..
မမ၊ စစ နဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။
ကြိုက်တယ်..
၁ ၂ ၃ ပေါင်းပြီး ပြန်ဖတ်သွားတယ်..
ဒီစာအုပ်လေး အပိုင်တောင် ၀ယ်ချင်ပြီ... ညီမက အဲလို ဆရာတွေကို သဘောကျတယ်.. သူများတွေနဲ့မတူတဲ့ တာဝန်ကျေဆိုတာထက် ပိုစေတနာထားတတ်တဲ့ ဆရာသမားရဲ့ စိတ်ကို သဘောကျတာ..
သူရဲ့ ကျောင်းသားတွေအပေါ် ချဉ်းကပ်ပုံက စိတ်ဝင်စားဖို့ကောင်းတယ်..
အစ်မရေ...
စာတွေ လာဖတ်သွားပါတယ်။ မ၀င်းမြင့်ရဲ့ သရဲ အကြောင်း ရေးတဲ့ အိုင်စမ်းပြာ ၀တ္ထုတွေ သိပ်ကြိုက်ပါတယ်။ အခုလို တင်ပေးတာ ကျေးဇူးနော်။ အစ်မ ကိုယ်တိုင်ရေးတွေလည်း လာဖတ်ပါဦးမယ်။ ကျွန်မ ဘလော့ဂ် အသစ်လေးကိုလည်း လာအားပေးပါဦးနော်။ အစ်မ ဘလော့ဂ်ကို ကျွန်မ List ထဲမှာ ထည့်ထားတယ်နော်။ အဆင်ပြေလားပာင်။
ဖတ်ရတာ ဘယ်လိုပြောမလဲ။ ဘာဆက်ဖြစ်မလဲ။ ဆိုပြီး တထိတ်ထိတ်နဲ့ ဖတ်နေရတာ။ သူက စိတ်ဓါတ်ကျရင် ကိုယ်လည်း ကျသွားလိုက်နဲ့ပေါ့။ ဆက်ရန် မျှော်နေပါကြောင်း။
ဖတ်စ်...
( ၃ )
Post a Comment