Tuesday, November 9, 2010

သော်တာဆွေ ၏ ဘွန္တောကြက်သူခိုး အပိုင်း (၂)

အခန်း(၁)

"မနုသတ္တ ဒုလ္လဘသည် ရခဲဘိခြင်း ရစဉ်တွင်းရယ် အရင်း မပျက် အမြတ်ထွက်အောင် ဆောင်ရွက် ကြလော့၊ ဒါနကိုပြု သီလကိုစုကာ ဘာဝနာကို စီးဖြန်းပါမှ သံသရာ ဤစခန်းက လွတ်လမ်းကို မြင်တော့သည်။ ဘွန္တော သပုရိသ အပေါင်း သူတော်ကောင်းတို့"
ကျွန်တော်တို့ အိမ် မြောက်ဘက်ဆီမှ ဤအသံ ပေါ်ထွက်လာသည်။ လင်းအားကြီးဘက်၏ အရုဏ် တက်လု နီးတွင် ရွာပြေ လူနေအိမ်ခြေ၏ ဆိတ်ငြိမ်ခြင်းကို ဖောက်ထွင်းလိုက်လေသည်။ ယနေ့ သည် ဥပုသ်နေ့ ပါတကား၊ နံနက်ခင်းလေပြည်လည်း ချိုမွှေးအေးမြလှသည်။

ကျွန်တော်တို့ရွာ ဆရာတော်ဘုရားကြီး၏ အစီအမံဖြင့် လပြည့်လကွယ် ရှစ်ရက်ဥပုသ်နေ့ နံနက် ခင်းများ၌ လင်းကြက်မတွန်မီမှစ၍ ကာလသား လူငယ်များကို နိဗ္ဗာန်ဆော်စေသည်။ တစ်ယောက် တစ်လှည့် အော်ရန်၊ နှစ်ယောက်တစ်တွဲ တွဲပေးထားသည်။ "ဘွန္တောသပုရိသအပေါင်း သူတော် ကောင်းတို့" ဆိုသော အပိုဒ် ကျသောအခါ၌ သံပြိုင်ကြိတ်လိုက် ရသည်။ ဆိုသားကျနေသမို့ မြိုင်ဆိုင် ဝေဆာလှသည်။ တစ်ယောက် တည်း ရှိလှပေသည်။ ဘုန်းဘုရား ရေးပေးသော စာကလေးများလည်း (ကိုယ့်ဆရာမို့ ကိုယ်ဆိုတော့) ကောင်းလှပေ၏။ နားထောင်စမ်းပါဦးလော့။

"သင် ... အခု နောက်မကျ ရောက်ခဲ့ရသည့် လူ့ဘ၀မှာ ရှေ့ဆက်၍ မြန်းနိုင်သည့် လမ်းခွခရီးဆုံ တည်း။ ဤခရီး မှာ သာသနာရောင်လင်း၊ ပြောင်ပြောင်ဝင်းသမို့ မုချ ကံကောင်းလှသည်။ ထကြွ နိုးကြား မြတ်တရား ကို အားရုဏ်တက်ကြကုန်လော့ ... ဘွန္တော သပုရိသ သူတော်ကောင်းအပေါင်း တို့"
"ဟေ့ ..."
ကျွန်တော် အာမေဍိတ်သံနှင့်အတူ မြည်လိုက်မိသည်။

ယခုလို နံနက်မိုးသောက်ယံဘက်တွင် ဤလို စာသံ ပေ သံ တရားသံတို့ကို ကြားရသူတို့မှာ ဘ၀င်ငြိမ့်၍ ပိတိ ဆိမ့် ပေမည်။ ရတနာသုံးပါး သတိရကာ ဘုရားပုထိုးကို ထ၍ ရှိခိုးကြပေလိမ့်မည်။ ကျွန်တော်မူကား ဘွန္တော သပုရိသ မဟုတ်သူပီပီ သောက်လွဲ စိတ်ကူးပေါက်မိကာ ...
"ဟေ့ ... မနော် ... မနော် ..."
ခပ်အုပ်အုပ် အသံဖြင့် လက်ဝဲဘက်တွင် အိပ်နေသော ကျွန်တော်ဇနီးသည် အုံမာဒါနီရယ်လို့ လက်နှင့် တို့လိုက်ရာ ...
"ဘာရဲဂျ ... ကျွန်တော်ပါ"

သားတော်မောင် ဟစ်တစ်လုံး၏ ငေါက်ဆတ်ဆတ် အသံပေါ်ထွက်လာသဖြင့် "ဟင် ... သောက်ကမြင်း မသားလေး ဘယ်အချိန်များ ကြားပြန်ဝင်အိပ်နေပါလိမ့်" ဟု စိတ်ထဲမှ ရေရွတ်လိုက် ပြီး သူ့အပေါ် လက်ကျော် ၍ တစ်ဖက်သော တင်ပါးဆုံကို လှမ်းပွတ်လိုက်ရတာ ...
"ဟေ့ ... မနော် ... မနော်"
"ဘာတုန်းတော့ ကလေးတွေ နိုးနေပြီ၊ ကျုပ် ဒီဘက်က အငယ်ကို နို့တိုက်နေရတယ်၊ သူ့ ... ဟင်း ... ဘုရားပုထိုး တော့ ရှိခိုးမယ် စိတ်မကူးဘူး"
အို ... နင်ကလဲ မဟုတ်ပါဘူးဟ၊ စကားပြောချင်လို့ပါ"

"ဘာများတုံး"
"ခု အော်လာတဲ့အသံ ကြားတယ်မှုတ်လား"
"ကြားသားပဲ"
"နောက်ပိုင်းမှာ အင်ဖူးအသံ ပျောက်နေတယ်၊ မှိုနီရိုးတစ်ယောက်တည်း အော်နေရတယ်၊ အမှန်က မှိုနီရိုးရဲ့ "မနုသတ္တဒုလ္လဘ" ပြီးတဲ့အခါမှာ အင်ဖူးက "ငါးပါးပဉ္စသီ" ကို အော်ဖို့ကွ၊ အခု မှိုနီရိုးကပဲ နောက်တစ်ပုဒ် ဆက်အော် ရတယ်၊ အဲဒီတစ်ပုဒ်အဆုံးမှာ အင်ဖူးရဲ့ "ဘွန္တော" သံပြိုင် မပါဘူးကွ"
"အဲဒါ ဘာဖြစ်လဲ၊ အို ... သွတ် ... သွတ် ... သွတ် ... သွတ် ကလေးကလဲ နို့ကို သွားဖုံးနဲ့ ကြေးလိုက်တာ"

"သွားပေါက် ခါနီးပြီမို့ ဟာပဲကွာ၊ ငါ့စိတ်ထင်တော့ အင်ဖူးဟာ တစ်အိမ်အိမ် ကြက်ဝင်ခိုးပြီကွ"
"အို ... တော့မလဲ မဟုတ်တာတော်၊ နိဗ္ဗာန်ဆော်ရင်းတော့လဲ ခိုးပါ့မလား"

"အမယ် ... ငါလေ ဒီကောင့်ဓာတ်သိကွ၊ အရင်တစ်ပတ်က သူနဲ့ငါနဲ့ အတွဲက တုန်းကလေ "ကိုလေးတက်ပုတစ်ယောက်တည်း ဆက်အော် စမ်းပါဗျာတဲ့။ "ရရင် တစ်ယောက်တစ်ဝက်" ဆိုပြီး နောက်ဖေး လမ်းကြားထဲ ခိုးသွားတာ၊ မကြာဘူး ဒေါ်ဇာနု အိမ်က ကြက်မတမ်းလေးရလာလို့ အဲဒီ မနက် တို့ တစ်ခြမ်း စားလိုက်ရတယ် မဟုတ်လား"

ဤတွင် ကျွန်တော့်မိန်းမသည် တစ်ဖက်မျက်နှာလှည့်၍ ကလေးနို့တိုက်နေရာမှ လက်နောက်ပြန် ကျွန်တော့် ပေါင်တွင်းကြော ကို ဆွဲလိမ်လိုက်ရာ သို့မှာလည်း အမှတ်တမဲ့မို့ ကျွန်တော့်နည်းတူ ကြားက သားတော် မောင် ဟစ်တလုံး ပင် ဖြစ်နေပြန်ရာ ငချွတ်ကလး မခံရပ်နိုင်တော့ဘဲ ...
"အမယ်လေး ... ခင်ညားတို့ နှစ်ယောက်ကြား နေရတာဂျာ တစ်ယောက်က ကုတ်လိုက်၊ တစ်ယောက် က ဆိတ်လိုက်နဲ့ ကြာရင် ကျုပ်သေရပါလိမ့်မယ်" ဟု ဆိုပြီး တစ်ဖက်သို့ ထပြေးလေ ၏။
သူ့အမေ ပင် ရယ်မိကာ ဟစ်တလုံး ကျွန်တော့် ကိုယ်ပေါ် ကျော်သွားသည်၌ ...

"ဟိုလူကြီး ဒီဘက်ကိုတိုးစမ်း"
"တိုးပါတယ်ဗျာ"
ကျွန်တော်သည် ဤနေရာမျိုး၌ မိန်းမပေါင်တွင်းကြော လိမ်တာတော့ အင်မတန် သဘောထားကြီး သူ ဖြစ်ပါသည်။ ကျွန်တော့်မိန်းမသည် လက်နောက်ပြန်ပင် ဆွဲလိမ်ကာ ...
"ဒါနဲ့ အဲဒီကြက်သားတုံး က ကိုယ်ပြောတော့ ကိုမောင်ခိုကြီး အိမ်က ကြက်မကလေးဆို၊ သူ့မိန်းမ မမြစ် ကလေး မီးနေတာ ငါးခူး ငါးပိဖိုး ငရုတ်ကောင်းဖိုးရအောင် တစ်ခြမ်း ခွဲရောင်းတာ၊ သုံးဆယ့် ငါးကျပ်သား လောက် ရှိတာ၊ သုံးမတ်တည်းနဲ့ပဲရတာ သိပ်တော်တာပဲဆိုလို့ ကျုပ်ပိုက်ဆံ လက်ငင်း ထုတ်ပေး လိုက်ရ ပါလားဟင် ... ဆန်ပေါက်ဈေးနဲ့ တစ်ပြည်ခွဲ ပေးပါရစေ ဆိုတာတောင် မရဘူး"

"အို ... ဒါတော့ကွာ ... ဟဲ ... ဟဲ ... တို့ ဘွန္တာရင်း ကြက်ခိုးတာ ပေါ်တော့လဲ ဘယ်ကောင်းမလဲ၊ နို့ပြီး ပိုက်ဆံသုံးမတ် ကလဲ ကိုယ်က အိမ်မှာ ဟင်းကောင်းကလေးရှိရင် ထမင်း မစားခင် ထန်းရည် လေးဘာလေး ချလိုက် ချင် သေးတာပဲကိုးကွ ... ဟဲ ဟဲ ... ဟဲ ... ဟဲ ... ဟိတ် ... ဟိတ် ... မနော် ... မနော် ... တကယ် နာတယ်ကွာ" သူ့လက်ကို ချုပ်ကိုင် လိုက်ရပြီး ကျွန်တော့် ကျောဘက် ရောက်နေသော ဟစ်တလုံးအား "ဟေ့ ... လူလေး၊ စောစောစီးစီး မျက်နှာထသစ်ပြီး ဟင်း ကုပ်ထဲ ဆင်း နွားသေးတင်ချေပါလားကွာ"

"ဟင့်အင်းဂျာ ... မနက်အချောကြီး ချမ်းတယ်"
"ဒီရာသီ များ ချမ်းနေရသေးလားကွာ၊ မင်းကြီးရင် လယ်လုပ်စားမယ်ဆို၊ လယ်ထွန်တော့ စောစော ထနိုင်အောင် ခုနှယ် ထဲ က ကျင့်မှပေါ့ကွ"
"ဟင့်အင်းဂျာ .. ခညာကြီးဥာဏ် ကျွန်တော် တိပါတယ်"
"မင်း ... ဖအေထက် သားတစ်လကြီးကလေးချည်း လုပ်ချင်တယ်၊ လူကြီးစကားများတော့ ဘယ်တော့မှ နားမထောင် ဘူး"
"ထောင်တင့်မှ ထောင်မယ်ဂျ၊ ခင်ညားကော ကျွန်တော့် ဂျကား နားထောင်လို့လား"

"ဘာများ ငါက မင်းစကား နားမထောင်လို့လဲ"
"ညကလေ ... အိမ်က ကြက်မလေး ရိုက်ချက်ကျွေးပါ ချိုတာလေ"
"ဟာ ... ဒါကတော့ ဘယ်ဖြစ်မလဲကွာ၊ ညီညီလေး ခမဲကြက်ကွ၊ နို့ပြီး တစ်အိမ်လုံးမှ ဒီတစ်ကောင် တည်း ရှိတော့တာ၊ မျိုးဆက်ကလေး ထားဦမှာပေါ့"
ကျွန်တော်သည် ကိုယ့်သားလည်း အစားသရဲသည်ဖြစ်၍ အိမ်တွင် ကြက်မ သုံးလေးမ အမြဲ မွေးထားလေ့ ရှိပါသည်။ စားကြက် မပြတ်ခဲ့ပါချေ။ သို့ရာတွင်  ကျွန်တော်တို့ တောရွာ နှစ်စဉ် ထုံးစံ အတိုင်း နွေလယ် လောက် အပူပြင်းတန်ချိန်၌ ကြက်နာကျ၍ အိမ်တိုင်းလိုလိုပင် ကြက်မျိုး ပြုတ်မတတ် ဖြစ်ကုန်သည်။

ကျွန်တော့်အိမ်၌ နာပြီးသေ၍ ချည့်နဲ့ ကျန်ခဲ့သော ကြက်ကလေး သုံးလေးကောင် သားတော်မောင်၏ အိပ်ရာဝင် ပူဆာချက်ကြောင့် ကုန်ခဲ့ပါပြီ။ ယခုလက်ရှိ အုန်းခွံ မလေး တစ်ကောင် မနော်အမေ ကျွန်တော့် ယောက္ခမ ကက်ကက်လန်မကြီးက ကျွန်တော်တို့၏ နောက်ကလေး သူ့မြေးကလေးကို ခမဲပေးထား၍ ကျန်ရှိနေခြင်း ဖြစ်ပါသည်။ သည်ကြက်များ ရိုက်စားလိုက်မိရင်တော့ ယောက္ခမကြီးက ထဘီဒူးဆစ်မပြီး ဆူလိုက်မယ့် ဖြစ်ခြင်းဗျာ၊ တွေး ... မတွေးဝံ့ပါဘူး။ ထို့ကြောင့် ဤကြက်မကလေးကို ဟစ်တလုံးက ပူဆာပြီ ဆိုလျှင် ကျွန်တော်တို့ လင်မယားနှစ်ယောက်မှာ ကိုယ့်သားကိုယ်ပင် ရှိခိုးမတတ် တောင်းပန်ခြင်းအမူ ပြုရလေ့ ရှိပါသည်။

"မနုသတ္တဒုလ္လဘ သည် ရခဲဘိခြင်း ရစဉ်တွင်းဝယ် ..."
ဤအသံသည် ကျွန်တော်တို့အိမ်ကို ကျော်လွန်သွားချေပြီ။
"ဟေ့ ... ဟေ့ ... မနော်၊ မှိုနိရှိုး တစ်ယောက်တည်း သူရတဲ့ နှစ်ပုဒ်ဘွဲ့ တစ်လှည့်စီ ကြိတ်နေပြီကွ၊ အင်ဖူး တော့ ဘယ်အိမ်များ ၀င်ခိုးနေပါ့လိမ့်"
"ဘယ်အိမ်ခိုးခိုးတော် ... ကျွန်မကျော ဟောဒီနား ကုတ်ပေးစမ်းပါ"

ဤအခိုက်တွင် ကျွန်တော်တို့ ခြေရင်းဆီမှ ...
"၀ုတ် ... ၀ုတ်"
ကျွန်တော် နားစွင့်ထောင်ကာ ...
"ဟော ... ရန်လုံ ဟောင်တယ်ဟေ့"
ကျွန်တော် ပုဆိုး ဖိုသီဖတ်သီနှင့် ကပျာကသီထကာ ...
"မနော် ... လှံ ... လှံ ... ဘယ်မှာ ထားလိုက်မိလဲကွ"
"တော့ခေါင်းရင်း က တိုင်မှာပဲ မဟုတ်လား"
"မတွေ့ဘူးကွ ... မီးခြစ် ခြစ်စမ်းပါဦး"

"မီးခြစ်တောင် ဘယ်ရောက်ပါလိမ့်၊ ဒီကလေး နို့တစ်ဖက်နဲ့ ... အင့် ... အင့် ... တွေ့ပြီ"
"ပေး ... ပေး"
ကျွန်တော် မီးခွက်ကို ထွန်းလိုက်မှ လှံကို အိပ်ရာ ခြေရင်းတွင် သွားတွေ့သည်။
"ငါ့သား က လှံကို ယူ ယူ မကစားပါနဲ့ ပြောတယ်ကွာ"
"ဘတူယူကဂျားလို့လဲဗျ၊ ညီညီလေး လေးဖက်ထောက်သွားတော့ လှံလဲကျမှာ စိုးရတယ် ချိုပြီး ခင်ညားကြီး ဘဲ  ရွှေ့ထားလိုက်တယ် ... မှုတ်လား"
"အေး ... အေး ... ဟုတ်ပါတယ်ကွာ၊ ငါမေ့လို့"

ပြောပြောဆိုဆိုနှင့် ကျွန်တော် အိမ်အောက် ရောက်လာခဲ့သောအခါတွင် ကျွန်တော် နောက်ကျလေ ပြီ။ အိပ်တန်း ပေါ်၌ ကြက်မကလေး မရှိတော့ပြီ။ ကျွန်တော်တို့ အိမ်တောင်ဘက်ဆီမှ အင်ဖူး၏ အော်သံကို ကြားရ လေသည်။
"ပါနာတိပါတ် သူ့သက်သတ်ခြင်း၊ အဒိန္နဒါန သူ့ဥစ္စာ ခိုးယူခြင်း၊ မုသာဝါဒါ မဟုတ်မမှန် လုပ်ကြံ ပြောဆိုခြင်း၊ ကာမေသု မိစ္ဆာစရာ သူတစ်ပါးသားမယားကို ပြစ်မှားခြင်း၊ သူရာမေရိယာ သေရည် သေရက်ကို သောက်စားခြင်း တည်း ဟူသော မကောင်းမှုတို့မှ ဝေရာမဏိ သိက္ခာပဒ ရှောင်ကြဉ်ရန် ပဋိပါတ် သိက္ခာပုဒ်တော် အကျင့်မြတ်ကို မပြတ်ဆော်ကတည်ကြကုန်လော့ ဘွန္တောသပုရိသ အပေါင်း သူတော်ကောင်း တို့"

မှိုနီရိုးနှင့် နှစ်ယောက်ယှဉ်ကာ သူကအော်သွားစဉ် ကျွန်တော်က နောက်မှ ကြံရွယ်လှံ တိုကလေး ကို ကိုင်ကာ သုတ်သုတ် သုတ်သုတ်နှင့် ပြေးလိုက်သွားသည်။ ခွေးမသား လက်ပူးလက်ကျမိရင် တော့ကွာ... မိ လည်း မိမှာပဲ၊ ဒီအချိန် ဘယ်သူမှ ၀င်မထားနိုင်သေးဘူး။
အဆင်သင့်ပင် သူ့ဘွန္တော အဆုံး၌ သူ့ကိုမီ၍ ...ဟေ့ အင်ဖူး'
ခပ်ငေါက်ငါက် အော်လိုက်ရာ ငနဲဆင်ခနဲ လှည့်ကြည့်ပြီး....

'...ဟာ လန့်လိုက်တာဗျာ၊ ကိုလေးတက်ပု...ဘာတုံးဗျ'
'ဘာတုံးဗျ  လုပ်မနေနဲ့ မင်းအချင်းချင်းတောင် မရှောင်ဘူး ပြန်ပေး၊ ဘယ်မလဲ ငါကြက်မ'
သူအံ့အားသင့် ဟန်ပြုလျက်...
'ဟာ ... ဘယ်ကြက်မလဲဗျာ'
သူသည် ပုဆိုးတစ်တည်စည်း တစ်ထည်ခြုံဖြစ်လေရာ..
'မင့်ပုဆိုးခြုံ ဖွင့်လိုက်စမ်း'

'ဟာ....ချမ်းလို့ ခြုံထားတာပါဗျာ'
'ဟေ့...ရှည်မနေနဲ့'
ပြောပြောဆိုဆိုနှင့်ပင် ကျွန်တော် သူ့ပုဆိုးခြုံကို ဆတ်ခနဲ ဆွဲချလိုက်လေသည်။
သို့သော် ကျွန်တော်မျှော်လင့်တာကို မတွေ့ရ လက်မဲ့ဖြစ်နေ၍ သူကပင် အသံမာကာ....
'ကိုလေးတက်ပု က ကျွန်တော့်ကို ဘာကြောင့်အရမ်းစွပ်စွဲရတာလဲဗျာ'
'ဟေ့....အင်းဖူးရာ၊ မင့်လက်ထဲ ခုမတွေ့ရပေမယ့်လို့ မင်းပဲဆိုတာ ငါအတပ်သိပါတယ်ကွ၊ မင်းအသံဟာ အတော်ကြာကြီး ပျောက်နေတယ်၊ မှိုနီရိုးတစ်ယောက်တည်းချည်း အော်နေတာ ငါကြားတယ်'
'ဒါက ကျွန်တော် ခလုတ်တိုက်မိတာ နာနေလို့ပါဗျာ၊ မယုံမှိုနီရိုး မေးကြည့်ပါ'

'အောင်မာ... ငါ့မယုံငါ့မယားမေးကြည့်ဆိုတဲ့ အပေါက်မျိုးတွေ လုပ်မနေပါနဲ့၊ မင်းတို့ချင်း ရှယ်ယာ အစုစပ် ဖြစ်မှာပဲ'
ဤတွင် မှိုနီရိုးက...
'အမယ်.. ကိုတက်ပုကြီး၊ ခင်ဗျားကျွန်တော့် ကိုတော့ဒီလိုတည့်ပြီး မစွပ်စွဲနဲ့၊  ဘုန်းကြီးကြီး လျှောက် လိုက်မယ်ဗျ၊ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်တစ်လှည့်လျှောက်အော် လာတာ တစ်ရွာလုံး က သိတယ်ဗျ'

'အေးပေါ့ကွာ၊ လက်ပူးလက်ကြပ်မဟုတ်တော့ ခံရတာပေါ့'
ဘုန်းကြီးကြီး လျှောက်လိုက်မယ် ဆိုကတည်းက ကျွန်တော့ သူ့တို့ကို အလုပ်ပျက်အောင် ဆက်မေး မနေ၀ံ့တော့ပါ၊ ဘာသာ သာသနာကိစ္စကိုးဗျ၊ စိတ်ထဲ အခဲမကျေနှင့်ပင် အိမ်သို့ ပြန်ခဲ့ရပါသည်။
ရောက်၍ အကျိုးအကြောင်း ပြောပြသည် ၌ ကျွန်တော့ကို အဆူပူဆုံး မှာ ဟစ်တလုံး ဖြစ်ပါတော့သည်။

ဆက်ရန်
.

5 comments:

Anonymous said...

ဖတ်လို့ကောင်းတယ် အစ်မ
နောက်နေ့တွေလည်း တင်ပေးအုံးနော်
ကျေးဇူး အကြီးကြီး တင်တယ်။

မြစ်ကျိုးအင်း

Anonymous said...

မမတို့ ပဲကောင်းတယ် ...ကြိုက်သလောက်ဆွဲလိမ် ...
လူမှားစရာ ကြားမှာကလေးမရှိဘူး...

ကိုဇော် said...

အခုနေများ သူတို့ ပြောသလို စကားနဲ့ ရေးလိုက်ရရင်လည်း အတော်ကို အူမြူးစရာပဲ။

ကိုအောင် said...

အခုတလော သူခိုးပူတွေ များနေပါလား ...

Anonymous said...

ကလေးက အဖေအမေကို ခင်ဗျားကြီးလို့ သုံးတာကျတော့ စိတ်ကြမ်းကိုယ်ကြမ်း မိသားစုစရိုက်ပေါ်အောင် ရေးတယ်ဆိုပေမယ့် တစ်ခါမှ မကြားဘူးတော့ အဆန်းပဲနော်။ အပြင်မှာ မရှိသလောက် ရှားမယ်ထင်တယ်။ တောရွာတွေမှာလဲ ဒါမျိုး တခါမှ မကြားဖူးဘူး။ ကလေးပေါက်စလေးပေမယ့် မိဘက ဘာမှမပြောရင်တောင် အရပ်က ကြားတာနဲ့ လာရိုက်သွားမှာ။