အခန်း(၄)
ဟယ် ... ကွာမယ်၊ ကွာမယ်ဆိုတုန်းက မတားကြတာက အရပ်က၊ တကယ့် တကယ်ကွာပြီးလို့ လွမ်းရတော့ ငါ ဘာလား ဟဲ့။ ဟင် ... ဘယ်သူက လွန်ကြသလဲ၊ တကယ်ဆို 'မလျော်ပါဘူး မောင်တက်ပုရယ်၊ မနော် ရယ်လို့' ၀ိုင်းတားကြပါတော့တဲ့လား။ ခုတော့ သူတို့မှာ ပါးစပ် အပ်နဲ့ချုပ် ထားသလို မြုံလို့ အရပ် အားကိုး လို့တော့ ဘယ်တော့မှ မဟန်ပါဘူးလေ။
လွမ်းပြီဗျ၊ လွမ်းပြီ။
မိတ်ဆွေတို့က အောက်မေ့ကြလိမ့်မယ် (စာကြောင်းချင်း နီးနေတာနဲ့) မင်းတို့ဟာက ဘယ်လောက် များ ကြာသေး လို့လဲလို့။
ကြာပြီလားဗျ၊ ကြာပြီလား။ စက္ကန့်တွေကို မိနစ်ကစား၊ မိနစ်တွေကို နာရီကမျို၊ နာရီတွေကို ရက်က ၀ါးလို့မို့ စုစုပေါင်း အင်း ... လက်ချိုးရေလိုက်ဦးမယ်၊ တစ်၊ နှစ်၊ သုံး အမယ်လေး သုံးရက်တောင် ရှိသွားပါပြီလား၊ ဘုရား ဘုရား ကြာလှပြီကော။
ကျွန်တော့်မယား မျက်လုံးရွဲရွဲ နှာတံပေါ်ပေါ်မကလေးကို တွေးပြီး လွမ်းတယ်။ သတ်ကြပုတ်ကြ တုန်းက သူ ကိုက်လွှတ် လိုက်တဲ့ ကျွန်တော် လက်မောင်းက သူ့သွားရာ အကွင်းကလေးကို ငုံ့ငုံ့နမ်း ပြီး လွမ်းရတယ်။ သူ တစ်ခါ တလေ စိတ်ကောက်ပြီဆိုမှဖြင့် 'ဟင့် ... ဟင့်' ဆိုပြီး ခြေဆောင့်တတ် တဲ့ သူ့ပေါင်တံရှည်ရှည် ခြေသလုံး တုတ်ကတ်ကတ်လေးကို တွေးပြီး လွမ်းရတယ်။
'အမယ်လေး ... မငွေမြိုင်ရယ်' ကျွန်တော့် မယားက ခြေထိုး ခြေဆောင့် ကောင်းလို့ ဇာတ် မင်းသမီးကြီး မငွေမြိုင် လို့လဲ ကျွန်တော်က ချစ်စနိုးခေါ်တယ်၊ 'ငါတော့ လွမ်းတာနဲ့ သေရပါတော့ မယ် မငွေမြိုင်ရယ်'
နွေနှောင်း ရက်ကုန်လို့ ကဆုန်က နယုန်လအကူး တောင်လေက သုတ်ဖြူး မိုးဦးကျပြီဆိုမှဖြင့် ကျွန်တော်တို့ တောသူ တောင်သားတွေမှာ တအားသစ်ရတယ်။ မနှစ်က ဖြစ်သမျှကို ဒီနှစ်အစမှာ ပြန်လှန်လို့ တွေး တရေးရေး မြင်ရတယ်။ ကိုယ်အလုပ်မှားခဲ့တာ အသုံးလွန်ခဲ့တာတွေ ဆင်ခြင်ပြီး ဟင် ... ဒီတစ်မိုးတော့ ကြိုးပမ်း လိုက်မဟဲ့၊ သားကလေးတွေ ရှင်ပြုဖို့ ငွေစုရမယ်။
လင်က ထွန်တုံးထွန်တံပြင်၊ မယားက စပါးဖျာလှမ်း ထင်းခြမ်းတွေ ထင်းစင်ပေါ် တင်တာတင်၊ လင်က ကြိတ်ထိုးတော့ မယားက ဆန်ခါချလို့ ဆန်ပြာရတယ်။
ဟင် ... တွေးမိပါသေးတယ်၊ ကြိတ်ထိုးတဲ့အနား ကြက်များလာလို့ 'လူကလေးရေ ကြက်မောင်း လိုက်ပါ ဆိုမှဖြင့် တကထဲ ဟတစ်လုံးက အသေပစ်တော့တာပါပဲဗျာ၊ သူများအိမ်က ကြက်ဆိုလဲ အလျော်ပေးလို့ ဟင်းစား၊ ကိုယ့်အိမ်က ကြက်များ ဆိုတော့ မီးဖိုပေါ်အမြန်ရောက်၊ မအေကြီး ကတော့ ဗျစ်တီးဗျစ်တောက်နဲ့ 'ဒီလောက်တောင် ဟင်းစားသရဲရပါမို့လားလို့။
ဟင် ... ခုတော့ သည်သားနဲ့ သည်မယား ကျွန်တော်အနားမှာ မရှိတော့ပါလားဗျာ၊ ရှိပစ္စည်း တစ်ဝက် ခွဲလို့ သူတို့ အမေအိမ် သွားနေကြပြီ။
အို ... ယောက္ခမကြီး ... ယောက္ခမကြီး၊ အသင်သာ သမီးနဲ့ သမက်အကြား ၀င်မရှုပ်ငြား က ငါတို့ လင်မယား ကွဲကြမည် မဟုတ်ပါတကား။ လင်နဲ့မယား လျှာနဲ့သွားမို့ ဖြစ်ပြီးခဏ ပြန်လို့တည့်ကြ မည် မဟုတ်ပါလား။
ခုတော့ ယောက္ခမကြီး ကြားဝင်ရှုပ်လို့ ဗရုတ် ဗရုတ် ကွဲသွားကြရတယ်။ ယောက္ခမ ကြားဝင်တော လို့ ဒရော သောပါး ကွဲသွားကြရတယ်။ ယောက္ခမ ကြားဝင်အူလို့ ငြူငြုစူစူ ဖြစ်သွားကြရတယ်။ ယောက္ခမ ကြား ၀င်ဟောင် လို့ မောင်နဲ့မယ်နဲ့ ဝေးသွားကြရတယ်။ လောက၌ ယောက္ခမတို့သည် ကြောက်စရာ သတ္တ၀ါ မျိုးတွေ ပါတကား။ ဤကမ္ဘာမြေ အပြင်ဝယ် ယောက္ခမတို့သည် မရှိအပ်။ သမီးများ အပျိုဖြစ်၍ လင် ယူတော့မည် ဆိုလျှင် ကမ္ဘာ့သမဂ္ဂ သမက် အစည်းအရုံးက သင်းတို့ကို သတ်ပစ်ဖို့ ကောင်းသည်တကား။ သင်း တို့ကို သမီးချောချော မွေးပေးဖို့ သက်သက်သာ အသုံးချဖို့ ကောင်းသည်တကား။
သမီး လင်ရပြီဆိုလျှင် သင်းတို့အား လူ့ပြည်မှ ထွက်ခွာသွားကြစေကုန်သတည်း။
(ဤ ဆောင်ပုဒ်ကို သက်ရှိ သမက်အပေါင်းတို့ ရွတ်ဆိုကုန်ကြလော့၊ ကပ်ကြီးသုံးပါး ကျော်နင်းနိုင် အံ့၊ အန္တရာယ် ခပ်သိမ်း ကင်းငြိမ်အံ့။)
ဟယ် ... သည်လို ကိုယ်တစ်ယောက်တည်း အိမ်ပေါ်ထိုင်ငိုင်နေလို့လည်း မပြီးသေးပါဘူး။ ကြံနိုင် ဖန်နိုင်တဲ့လူဆီ သွားဦးမှ။
မိတ်ဆွေ ကျွန်တော် ဦးကြီးဖြိုးကို မှတ်မိပါလိမ့်မည်။ ယခင်တစ်ခါ ကျွန်တော်တို့ လင်မယား ကွဲစဉ်က သူပင် ပြန်ပေါင်းထုတ်နိုင်ရန် ပေးခဲ့ဖူးသည်။
ထို့ကြောင့် ကျွန်တော်သည် ပုဆိုးတစ်ထည်စည်း တစ်ထည် ခေါင်းပေါင်းဖြင့် ဦးကြီးဖြိုးအိမ်ဆီသို့ လျှောက် ခဲ့သည်။
'တောက် ... သုဝဏ္ဏသာမတို့နဲ့များ ကွာပါ့ကွာ'
အိမ်ရှေ့ရောက်လျှင် အဆင်သင့်ပင် တံစက်မြိတ်အောက်၌ ကျောပြောင်ကြီးနှင့် ဆောင့်ဆောင့် ထိုင်ကာ သူ့သား အား မာန်မဲနေသော ဦးကြီးဖြိုးကို တွေ့ရပါသည်။ ကျွန်တော်ဝင်ပေါက်မှ အသာဝင်ခဲ့ကာ ...
'သားအဖတွေ ဘာများဖြစ်နေလို့လဲ ဦးကြီးဖြိုးရ'
'ဟာ ... ရေလေးတစ်ခေါက် သွားခတ်ပါဆိုတာကွာ။ အလကား ပေတိပေကတ် လုပ်နေတယ်' ဟု ပြောပြီး သူ့သားဘက် ပြန်လှည့်ကာ ...
'နင်တော့လား ... နင့်လိုကောင် မြားများ မှန်မယ်ဆိုရင် ဒုကုလနဲ့ ပါရိကလိုတော့ 'ငါ့သား ... သုဝဏ္ဏသာမ သည် မြားဆိပ် ပျောက်စေသတည်း' လုပ်နေလိမ့်မယ် မအောက်မေ့နဲ့၊ 'ခွေးမသား စံနဂုတ်သည် ချက်ချင်း အသက် ထွက်စေသတည်း' ဆိုပြီး တစ်ချက်တည်း ဖနောင့်နဲ့ ပေါက်သတ် လိုက်မယ် ... မှတ်ထား'
ဤစကားသွား စကားလားကို ထောင်ချင့်ရုံမျှနှင့်ပင် မိတ်ဆွေသည် ကျွန်တော် ဦးကြီး လူရည် လူချင်းကို အကဲခတ်နိုင်လောက်ပြီ ထင်ပါသည်။
ဇာတ်တော်တွင် တစ်နေ့သ၌ ပီဠိယက္ခမင်းသည် နန်းတော်၌ ဟင်းပြတ်၍ မိဖုရားက 'ဟင့်အင်း ... ဟင့်အင်း ... တွား၊ ဟင်းကောင်းကေားင်း မစားရရင်ဖြင့် ရှင့်မပေါင်းနိုင်တော့ဘူး၊ နို့ပြီး ငါးပိချက် လောက် ကျွေးပြီး သူ သိပ် ကဲ တာပဲ' ဟု မူလကျီသွန်နီ လုပ်လေသောကြောင့် မင်းကြီးမနေသာ တော့ဘဲ လေးနဲ့မြား ဆွဲပြီး တောလိုက် ထွက်တယ်၊ မျက်မမြင်လင်မယားနှစ်ယောက်က ရင်ဘတ် စည်တီးနဲ့ ပြေးလာပြီး 'ငါ့သား မြားဆိပ် ပျောက်စေသတည်း၊ ငါ့သား မြားဆိပ် ပျောက်စေသတည်း' လို့ တစ်ယောက်တစ်လှည့် မန်းလိုက် မှုတ် လိုက်ကြတာ ငနဲ မြားဆိပ်ပြေပြီး ထ ထိုင်တယ်။ အဲသည်တော့ မင်းကြီးက ဒဏ်ရာကုဖို့ ဆေးဖိုးဝါးခ ပေးခဲ့ ရတယ်။
သည်ဆေးဖိုးက ပိုတော့ မျက်စိကုဆရာ ခေါ်နိုင်လို့ အဘိုးကြီး အမယ်ကြီး လင်မယားလည်း စက္ခု လေးကွင်း အလင်း ရသွားလေသတည်း။
ဤဇာတ်တော်ကို အခြေပြု၍ ကျွန်တော့် ဦးကြီးက သူ့သားအား ဆုံးမခြင်း ဖြစ်သည်။ ဘယ်လောက် စာပေ ပြောင်မြောက် တဲ့ သြ၀ါဒလဲ ခင်ဗျာ။ သူ့သားနာမည်လည်း ကြည့်ဦးလေ ... စံနဂုတ်တဲ့။ ပထမမူရင်းက ဘယ် ကျမ်းဂန် ထဲကလဲဗျာ ... ဟို မုန့်ဆီကြော် နှုတ်ခမ်းသားဖဲ့စားလို့ စစ်နိုင်တဲ့ဘုရင် 'စန္ဒဂုတ်' မင်းသားနာမည် ယူမှည့်ကာ။ နောက်မှ ကာလရွေ့လျောလို့ ကျေးရွာ စကားသုံးအတိုင်း စံနဂုတ်ဖြစ်ရတာ။ ဤမျှ ဗုဒ္ဓ၀င် ကျမ်းဂန် ကျွမ်းကျင်၍ ပညာရှိ ဖြစ်နေသော ပုဂ္ဂိုလ်အား ကျွန်တော့် ကိစ္စအတွက် အားမကိုးထိုက်ပါလား ခင်ဗျာ။
သူ့စကားကြောင့် သူ့သားစံနဂုတ် အောင့်အောင့်ညှစ်ညှစ်နှင့် ရေထမ်းပုံးဆွဲကာ ထွက်သွားမှ ကျွန်တော့် ဘက်လှည့်ကာ ...
'ဘယ့်နှယ် ... ငါ့တူ မသက်မသာ ငယ်မျက်နှာနဲ့ ဘယ်တွက်တာကြောင့် ဦးကြီးထံပါး အခစား လာသတုံး'
ကဗျာ အလင်္ကာ နဲ့လည်း ပြောတတ်တယ် ခင်ဗျာ့။
ကျွန်တော်သည် သူနှင့်မျက်နှာချင်းဆိုင် ထိုင်လိုက်ကာ တုတ်တစ်ချောင်းကောက်၍ မြေကြီးကို ဟိုခြစ် သည်ခြစ်ပြုရင်း ...
'ဟာ ... ဦးကြီးရာ၊ ကျ ... ကျ ... ကျွန်တော်တော့ ကျွန်တော် မိန်းမ လွမ်းလှပြီဗျ'
ဦးကြီး သည် သူ၏ သွားသံချေးတက်ကြီးတွေကို ဖြဲရယ်လိုက်ကာ ...
'မင့်ဟာ ကလဲ လွန်လှချည်လား၊ ဘယ်နှစ်ရက်များ ရှိသေးလို့လဲ'
'သုံး ... သုံး ... သုံးရက်ကြီးများတောင် ရှိသွားပြီ ဦးကြီးရ'
'အမယ်လေး ... ဒီရက်နဲ့များ ဒီလောက်ဖြစ်ရသလားကွာ'
'ဦးကြီး အရင်ပြောဖူးတဲ့ ဟို ကိန္နရာ လင်မယားဖြင့် ကဲတစ်ညတည်း ချောင်းခြားတာနဲ့တောင်'
'ဟဲ့ ... ဒါတွေက လင်ငယ် မယားငယ် နေရမှန်းမသိ၊ တစ်လင်တစ်မယားကွဲရင် နောက်လင် နောက်မယား ယူရမှန်း လူတွေလိုမှ အသိဥာဏ်မရှိတဲ့ အဟိတ်တိရစ္ဆာန်တွေပဲဟ၊ သင်းတို့ တုပြောနေလို့ ဘယ်ဖြစ်မလဲ၊ နို့ပြီး သူတို့နှစ်ကောင်က တစ်ကောင်နဲ့တစ်ကောင် ဘက်ညီပြီး ပြိုင်တူလွမ်းကြတာကွ၊ မင်းမှာတော့ တစ်ဖက် သတ် ယောက်ျားဖြစ်ပြီး ရှက်စရာ ကောင်းလှတယ် ကွာ'
'မရှက် နိုင်ဘူး ဦးကြီး၊ ကိုယ့်ဝေဒနာ ကိုယ်သာသိတယ်'
'ငါလဲ နားလည်ပါတယ်ဟာ၊ ဒါနဲ့ မင်းဒွေးလေးမယ်ကျင်ကြီး အောင်သွယ် ကောင်းလှတယ်၊ သူ့ပြော ပါလား'
'ပြောပြီးပြီဗျ၊ သူက အပျိုလူပျိုမှတဲ့၊ လင်ကွဲမယားကွဲ ပြန်စပ်ရတာက အိမ်သာ ပျက်ပြင်ရသလိုဟာ မလုပ်ချင် ဘူးတဲ့'
'အေး ... သူပြောတာလဲ ဟုတ်သားပဲကွ၊ ဒါဖြင့် မင့်မိန်းမမင်းပဲ ပြန်ပြီး လူပျိုလှည့်ပါလားကွ၊ သူ ရေခတ်တော့ ထွက်သား မှုတ်လား'
'သူ့အမေကြီးက အမြဲတမ်း ပါတယ်ဗျ။ ကျွန်တော် ချောင်းပေါင်းများလှပြီး သူ့အမေကြီးမပါလဲ ဟစ်တလုံးပါတယ်ဗျ၊ ဒီကောင်လေးက ဟိုကြက်သား သူမစားလိုက်ရတည်းက ကျွန်တော့်ကို စိတ်မကျေဘူး၊ သူ့ လက်ထဲ မှာ ဓားမတိုလေးတစ်ချောင်းနဲ့၊ ကျွန်တော် သူ့အမေနား ကပ်ရင် ခုတ်မတဲ့၊ သူ့အမေကြီးကလဲ မြှောက် ပေးထားတယ်'
'အေး ... မင်းအဖြစ်က အဲဒီကြက်ကိစ္စကို ဆိုးနေတယ်ကွာ'
'ဟာ ... ဦးကြီးရ ဒီကြက်က ကျွန်တောပေးရတာ မဟုတ်ဘူးဗျ၊ ကျွန်တော် ပြောတာ ယုံစမ်းပါ။ ဦးကြီးကို ကျွန်တော် က ဟုတ်ရင် ဘာလို့ ဖုံးကွယ်ထားမလဲ၊ အရှင် ကျွန်တော့် ယောက္ခမကြီး ပယင်းပုတီးနဲ့ဆံစု ခိုးရောင်းပြီး အရက်သောက်ပစ်တာတောင် ဦးကြီးက ပြောတယ် မှုတ်လား'
'အေးလေ ... ငါကတော့ ငါ့တူကို ယုံပါပြီ၊ အရေးကြီးတာက သူတို့ပါယုံမှ မင်းတို့လင်မယား ပြန်စေ့စပ် လို့ကောင်းမယ် မှုတ်လား၊ ဒီတော့ ဒီကြက်ကို ပန်းစုံလက်ထဲ ရောက်အောင် ဘယ်သူ ပေးသလဲဆိုတာကို ခိုင်ခိုင် လုံလုံ ပြနိုင်မှ ဖြစ်မယ်'
'ဒါတော့ အင်ဖူးဖြစ်ရမယ်ဗျာ'
'အေးလေ ... ဒါက မင့်ယူဆချက်တော့ ဟုတ်ပြီ၊ သူတို့ မယုံကြည်မှုက ပဓာနမဟုတ်လား၊ လက်ဆုပ်လက်ကိုင် ပြနိုင်ဖို့ကလိုတယ်။ ပန်းစုံသော်လည်းကောင်း၊ အင်ဖူးက သော်လည်းကောင်း ၀န်ခံမှ ဖြစ်မယ်'
'ကျွန်တော် နှစ်ယောက်စလုံးကိုပဲ ချော့မော့ပြောကြည့်ပြီးပြီ၊ ကောင်မက 'အမယ် ... ဒါ ကျွန်မ အိမ်က ကြက် ပါ'တဲ့၊
'အေး ... အဲဒါကို သူတို့မငြင်းနိုင်အောင် မိမိရရ ဖမ်းပြဖို့ဟာက ဟော ... အဆင်သင့်ပဲဟေ့'
ဦးကြီးသည် လမ်းမဘက် လှမ်းကြည့်လိုက်ကာ ...
'ဟိုမှာ တို့စုံထောက်ကြီး လျှောက်လာတယ်၊ ဟေ့ ... ဖင်ကြားကြီး ခဏလာပါဦးကွ' ဟု လှမ်းခေါ် လိုက်၏။
ခင်ဗျားတို့ ရန်ကုန်က စုံထောက်ကြီး ဦးစံရှားကိုတော့ ကျွန်တော် မမြင်ဖူး၍ ဘယ်ပုံသဏ္ဍာန် နေမည်တော့ မသိ။ ကျွန်တော်တို့ရွာ စုံထောက်ကြီးဦးဂန်ဂျားကား ငယ်စဉ်က ဖွတ်စအိုနာစွဲ၍ နှာခေါင်း ပျောက်ကွယ်သွားပြီး မျက်နှာအလယ်က အပေါက်နှစ်ပေါက်တာ ရှိတော့သည်။ မေးစေ့မှာ ၀မ်းတွင်းပါအတိုင်း တို၍ တစ်ဖက်ရွဲ့နေ၏။ မျက်စိမှာ သူငယ်နာမျက်ခမ်းစပ် ဖြစ်၏။ ဦးခေါင်းမှာ ပေါက်ချွန်းတဲ့သို့ နောက်စေ့ ထွက်၍ နားထင်ကျပ်ကာ နဖူးကျဉ်းမြောင်းလှ၏။
ကိုယ်လက်အင်္ဂါကား အရပ်ပုအိုက်၍ လက်တစ်ဖက် သိမ်နေသည်။ ငယ်စဉ်က ထင်းခုတ်ရင်း သစ်ကိုင်းညှပ်မိသဖြင့် ခြေတစ်ချောင်း မသန်ချေ။ လမ်းလျှောက်လျှင် စောင်းငန်း စောင်းငန်းနှင့် တရွတ်ဆွဲခမန်း ဖြစ်နေသည်။ သို့သော် ဗန်တို ဗန်ရှည် သိုင်းပညာအရာ၌ကား (မိတ်ဆွေတို့ ယုံမည်တောင် မဟုတ်ပါ) လုံးမ၀တတ်ချေ။
ဦးစံရှားမှာ မိန်းမဆိုလျှင် လှည်းထောက်ခွပင် လှည့်မကြည့်သလို ကြားမိ၏။ ကျွန်တော်တို့ ဦးဂန်ဂျားကား ... အခြားသူ ယူမည့်သူမရှိသော ချိုကျိုးနားရွက်ပဲ့တွေကို ရသမျှ အကုန်ယူ၏။ နနွင်းမှုန့်သည်၊ ဆေးရိုးသည်၊ မုန့်စိမ်းပေါင်းသည်၊ ကန်စွန်းရွက်သည် တစ်ယောက်ပြီး တစ်ယောက်၊ တစ်ခါတစ်ရံ နှစ်ယောက်ပြူး။
သူလိုက်ရသော အမှုများကား ကြက်ခိုးမှု၊ နွားထောင့်မှု၊ ပျိုခင်း ဓားနဲ့ခုတ်မှု၊ ကောက်ရိတ်ချိန် ကောက်လှိုင်းမျောက်မှု၊ တစ်ခါတစ်ရံ လင်ငယ်နေမှု၊ ကြာခိုမှုများပါ ငှားသူရှိလျှင် လိုက်သေး၏။
သူသည် အလွတ်စုံထောက် ဖြစ်သော်လည်း သူ၏စွမ်းရည် သတ္တိများကြောင့် ရွာသူကြီးက အလေးမူရလေသည်။ တစ်ကြိမ်သောအခါက သူကြီးကတော် မျောက်မွေးသည်ကို ရှင်းရှင်းပေါ် အောင် စုံထောက်ပေး၍ သူကြီးက ဤမိန်းမကို ၀မ်းသာအားရ ကွာလိုက်ရပြီး သူ့တိတ်တိတ်ပုန်း မိန်းမကို ထင်ထင်ရှားရှား ယူလိုက်ရသဖြင့် ယခု သူကြီး လင်မယားမှာ သူ့ကို ကျေးဇူးတင်လှလေ သည်။ ပထမသူကြီးကတော်လည်း သူ့လင်ငယ်လေးနှင့် ရသွားသဖြင့် ဆေးခြောက် ၅ိသားမျှပင် သူ့ကို ဥာဏ်ပူဇော်။
ကဲ ... ကိုယ်တို့ စုံထောက်ကြီး ဂုဏ်ပုဒ်တော့ ဖော်ထုတ်ပြီးပါပြီ။ ကျွန်တော့် အမှုသွားကို ဆက်ပါ ရစေတော့။
ကျွန်တော့် ဦးကြီးဖြိုးက ကဲ ... မင်းဖြစ်ပုံ အကုန်ပြောပြလိုက်ကွာ ဆိုသဖြင့် ကျွန်တော် မရှက် မကြောက် အလုံးစုံပြောပြီးသည်နောက်၌ ကျွန်တော့်ကို မေးခွန်းများ ထုတ်သည်။
'ပန်းထုံနဲ့ မောင်နဲ့ အခင်းခြစ်တာ ဘယ်နေရာလဲ'
(စုံထောက် ဦးဂန်ဂျားမှာ နှာခေါင်း အခင်ပျက်နေ၍ စကားပြောလျှင် မပီသချေ။ နှာသံပါ၏)။
'ဟာ ... အခင်း မဖြစ်ရပါဘူးဗျ၊ နမ်းရုံတင်ကလေးပါဆိုနေ'
'အေးနေ အဲတီ နမ်းရုံတင်ပဲ၊ ဘယ်နေရာလဲ မေးတာ'
'မချမ်းမြ အိမ်နောက်ဖေး တည့်တည့်က သရက်ပင်ကြီးအောက်မှာ'
'ဟချိန်က ဘယ်ဟချိန်လဲ'
'အရုဏ်တက်စပေါ့'
'ဒါခြင့် အခြေံ ကောရာကျွန်းက ချနွင်းမှုန့်ရောင်ကလေးတန်းပီပေါ့'
'ဟုတ်ပါတယ်၊ ခင်ဗျားမိန်းမ ဒေါ်သဲကြီး ခံတောင်းထဲက မုန့်မွှာများများ ရောထားတဲ့ နနွင်းမှုန့် ရောင်အတိုင်းပါပဲ'
ကျွန်တော် စိတ်မရှည်နိုင်သဖြင့် အရွဲ့တိုက်လိုက်ပါသည်။ ကြည့်ဦးလေ ပြောပုံဆိုပုံလဲ၊ အရှေ့ ဂေါယာကျွန်းတဲ့၊ ကြီးကြီးကျယ်ကျယ် အမယ် သူက ကျွန်တော့် အရွဲ့တိုက်လိုက်တာပဲ သဘောကျ ပြီး။
'အဲတီိလို တိတိကျကျ ကြောဘာမှ သဘောကျတကွ'
သူ့ပေါင်သူပုတ်ပြီး အားပါးရကြီး လုပ်လိုက်ချေသေး။
'ကဲ ... နမ်းတော့ မင်းအခြေ့အနေ နမ်းတာလား၊ နောက်ကနေ နမ်းတာလား'
'ဟာ ... နောက်ကနေ နမ်းရအောင် ခင်ဗျားကြီးက ကျွန်တော့် နွားမှတ်လို့လားဗျ'
'မနုပ်ပူးနေ နောင်မနေးက သဘောမတူဘဲ ခြေ့က အတွား မင်းက နောက်ကနိုက်ရတော့ နောက်ကများနေ ပက်နမ်းရတာလား'
'အစဦး ဖက်လိုက်တော့ နောက်ကနေ ပြီးတော့ပေါ့ဗျ၊ ကိုယ့်လက်ထဲရောက်တော့မှ ဆွဲလှည့်ပြီး ရင်ချင်းအပ် နမ်းတာပေါ့ဗျ'
'ကောင်မနေးက နက်ကာခြင်း ကွယ်ခြင်းကြုတေးလား'
'ဟာ ... ဒါတော့ လက်ကာမှာပေါ့ဗျ၊ ဖက်ရ နမ်းရအောင်ပဲ တမင်ချိန်းတွေ့တဲ့ သမီးရည်းစားတောင် မူလကျီလုပ်သေးတာပဲဗျာ'
'နမ်းတော့ ဘယ့်နှယ်ချုပ် နမ်းနှိုက်ကလဲ'
ကျွန်တော့် စိတ်ထဲ ကသိကအောက် ဖြစ်လာကာ ...
'ဟာ ... နမ်းတာတွေချည့် လျှောက်မေးနေလို့ ဘယ်လို နမ်းနမ်း ဘယ်နှစ်ရှုပ်နမ်းနမ်း ဒါက အမှုကို ဘယ်လို အထောက်အပံ့ရမှာမို့တုံး၊ နမ်းပါတယ်ဆိုမှပဲ ပြီးရောပေါ့ဗျာ'
'မဟုတ်တော့ဘူး၊ မောင်တက်ပုရဲ့၊ အချိန်ကို တိချင်နို့'
'အရုဏ်တက်စပါလို့ ခင်ဗျာ့ ပြောပြီးမှာပဲဗျ'
'ဒီအချိန် မဟုတ်ဘူးနေ၊ ချမ်းတော့ ကြာတဲ့အချိန်ကြောတာ'
'ဒါဖြင့်ဗျာ မင်းဘယ်လောက်ကြာကြာ ဖက်နမ်းနေသလဲပဲ မေးလိုက်ပါတော့'
'ဒါက မင်း ဂမူးရှူးထိုး ရုပ်ရတဲ့ကိစ္စမှာ အချိန် ဘယ်လောက် ကြာသလဲချိုတာကို တိတိကျကျ မှတ်တားနေနိုင်မှာလး'
'နမ်းတာကော ဘယ်နှစ်ရှုပ်လဲဆိုတာကို ဘယ်သူက တိတိကျကျ မှတ်မှာလဲဗျ'
'ဟဲ့ ... တာညှိုးက စိတ်ထဲ တအုံ့နွေးနွေူးနဲ့ ကြံကြံတွေးတော့ ပေါ်ပေါ်နေတာညှိုးကွ၊ မျက်သိထဲ မှာတောင် ညင်ယောင်လာတယ်'
ဤတွင်မှ ကျွန်တော် သဘောပေါက်ကာ ...
'အင်း ... ဟုတ်သဗျို့၊ ကဲ ... ခင်ဗျား ဒီအရှုပ် သိတော့ကော ဘယ့်နှယ်လုပ် အချိန်တွက်မလဲ'
'ဒါကျတော့ နွယ်တာပေါ့ကွာ၊ နာရီချက္ကန့်လက် ကြည့်ပြီးတော့ တစ်ချုပ် ဟောနှစ်ချုပ် ဟောသုံးချုပ်' သူ့နှာခေါင်း ပြတ်ကြီးနှင့် တရှုပ်ပြီးတရှုပ် ရှူပြကာ 'အဲနိုတွက်တာပေါ့ကွ၊ ဒါလဲ အမှုသွားကြည့် တွက်ရတယ်။ သမီးရည်းစားချင်း အေးအေးဆေးဆေး ချိန်းတွေ့တဲ့ 'ဖြည်းညင်းစွာ အနမ်း' နင်မယားချင်း သက်ချူတဲ့ အကြမ်းပတမ်းအနမ်း' မင်းအခုတခြစ်ညိုး 'ဂမူးချူးတိုးအနမ်း' လို့ အခြေအနေအရ ကွဲသေးတယ်ကွ'
'အင်း ... ကျွန်တော်နမ်းတာတော့ ဘယ်ပြန်ညာပြန် လှည့်မွှေးပစ်လိုက်တာ အခါနှစ်ဆယ်ထက် မအောက်ဘူး'
ဦးကြီးဖြိုးက ကြားဖြတ်၍ ...
'ဟာ ... မင့်ဟာ များလှချည့်လား'
'များဆို ကောင်မလေးက မနက်စောစော သနပ်ခါးရေကျဲကလေး လိမ်းလာတာ တယ်မွှေးတာဘဲ ဦးကြီးရ၊ သူကလဲ ရုံးတော့ သောက်မြင်ကတ်ကတ်နဲ့ ရသမျှ အ၀ကြိတ်မယ် ဆိုပြီး နှိပ်ပစ်လိုက်တာ၊ ဟိုဒေါ်သဲပွင့် မြွေပွေးကိုက်မကြီး လာတာမြင်မှ လွှတ်ပစ်လိုက်ရတယ်၊ တောက် ... နာလိုက်တာ'
'အင်း ... ငါ့တူကတော့ တဏှာများပါ့ကွာ၊ မင့် ပြောသာပုံဖြင့် ကောင်မလေးပါးမှာ သနပ်ခါးမှုန့် တစ်မှုန့်မှ ကျန်တော့ ပုံ မပေါ်ဘူး'
'မကျန် ကျန်ကျန်ဗျာ၊ ကိုယ့်ဖို့ ကိုယ်ကြိုးစားပမ်းရတာဆိုပြီးနောက် စုံထောက်ကြီးဘက်လှည့်ကာ 'ကဲ ... ဒီနမ်းတဲ့အချိန်သိတော့ကော အမှု ဘယ်လို အထောက်အပံ့ ဖြစ်မှာလဲ'
'ဖြစ်တာပေါ့ ... မောင့် ထင်မြင်ယူဆချက်မှာ ကြက်တူခိုးဟာ ကြက်ကို တစ်နေရာရာ လည်လိမ်ပစ် ခဲ့ပြီး နောက် ကြ ယူမှာကို ချောင်း နေတယ် ချိုတယ် မဟုတ်လား၊ ဒီတော့ မင်း အဲဒီအနမ်းနေတဲ့ အချိန်အတွင်းမှာ တူ လာယူနိုင်တာပေါ့ကွ'
'နေပါဦး ... ပန်းစုံ ခံတောင်းထဲမှာ ပါလာတယ်လို့ ဒေါ်သဲပွင့်ကြီးက အခိုင်အမာ ဆိုတာပဲ'
'ဟဲ့ ... အဲဒီအချိန်မှာ တူ့ခံတောင်းထဲ ရောက်နေပြီလို့ ဘယ်တူ အတိအကျ ပြောနိုင်မှာလဲ။ မင်း ဖက်နမ်းနေတုန်းက ခေါင်းပေါ်က ကြက်တံကြားသလား၊ ကြက်အရှင် ရှိနေရင် မင်း ဘက်နမ်းနေ လို့ ခံတောင်း ယမ်းတာနဲ့ ကြက်အော်သံ ကြားရတယ်ကွ'
'မကြားမိဘူး'
'နို့ပြီး ကြက်ကလဲ ကိုအီချမန်အင်ကြီးအိမ် ၀င်ရောင်းတယ် ချိုတော့ အရှင်ခြစ်ရမယ်၊ ကိုနား ဟာ ကြက်ကို အတေ မနွယ်ဘူး၊ ဒီတော့ ပန်းစုံဟာ လမ်းသွားရင်း ဘယ်မှာ ၀င်သေးသလဲ ဆိုတာကို ဒေါ်သဲပွင့် မေးရမယ်၊ အဲဒီ သဲလွန်စ ယူပြီး စုံထောက်ရမှာပဲ၊ ကဲ ... ကဲ ... ကျုပ် ဒီအမှု နက်ခံပြီ လေ'
ဦးကြီးဖြိုး ဒါဖြင့် အခုရှုပ်မှ နောင်ရှင်း၊ ဒီအမှုပေါ်ရင် ဘယ်လောက် ပေးရမလဲဆိုတာ ပြောထားဦး။ ပျောက်တဲ့ ကြက်မ ကတော့ နှစ်ကျပ်တစ်မတ်ပဲတန်တယ်'
'ဒါတော့ ကိုရင်ချိုးရာ ကိုယ့်အချင်းချင်းတွေပဲ၊ ကြည့်ပေးတာပေါ့၊ ခုသာ ဟေ့ ... တက်ကနေး' ကျွန်တော် ဘက်လှည့်၍ 'ချဉ်းချားခန်းဝင် ဘို့ တစ်မတ်လောက် နုတ်နုတ်ကွာ'
ဆက်ရန်
.
No comments:
Post a Comment