Tuesday, November 9, 2010

မြစိမ်းပြာ ကမာရွတ် အပိုင်း (၃၀)

               "ဆန်နီ"
ဆန်နီက အန်တီမေရီ့ အိတ်ထဲက မုန့်ထုပ်ကို ဖောက်ပြီးစားနေပြီ။ သူဆာနေတာ ကြာလှပြီလေ။ အိမ်မှာ ထမင်းမှမချက်ရသေးတာ။ အန်တီမေရီက လက်တို့ပြီး အပေါ်ကိုလက် ညှိုးထိုးပြလိုက်တာနဲ့ ဆန်နီက ခေါင်းတညိတ်ညိတ်နဲ့ သွားဖို့အဆင် သင့်ဖြစ်နေ ပြီ။ အန်တီမေရီက ခေါင်းတညိတ်ညိတ်နဲ့ သွားဖို့ အဆင်သင့်ဖြစ်နေပြီ။ အန်တီမေရီက စာရွက်က လေးတစ်ရွက်နဲ့ နာမည်ရေးပြီးပေးလိုက်တယ်။
ဆန်နီက သူ့ပါးစပ်ကလေးကို စုချွန်လိုက်ပြီး ပျော်ပျော်ပါးပါး အပေါ်ကို တက်သွားတယ်။ မီးပျက်နေလို့ ဘဲလ်နှိပ်လို့ မရပေမယ့် ဆန်နီကတော့ အပေါ်တက်ရမှာကို မပျင်းတဲ့ပြင် ပျော်တောင်နေသေးတယ်။ အပျိုကြီး တို့ အခန်းဆိုတော့ လုပ်စရာရှိတာ လုပ်ကိုင်ပေးရင်း ကြောင်တွေနဲ့ သူဆော့ဦးမယ်လေ။

အန်တီမေရီ ကတော့ ကုလားထိုင်တစ်လုံးမှာ မောပန်းညောင်းညာနေတဲ့ သူ့ခန္ဓာကိုယ်တစ် ခုလုံးကို ပစ်တင် လိုက်ရင်း စီးကရက်တစ်လိပ်ကို မီးညှိတယ်။ ဆန်နီပြန်လာမှ လက်ဘက်ရည်ထွက်ဝယ်ခိုင်းမယ်၊ ဒီနေ့ ညတော့ လက်ဖက်ရည်နဲ့မုန့်နဲ့ပဲ ပြီးတာကောင်းတယ်။ မီးညနေပိုင်းပြန်လာမယ်မှတ်လို့ ၀က်အူချောင်း တွေတောင် ၀ယ်လာတာ တော်ပြီ မီးမမွှေးနိုင်တော့ဘူး။ ဗိုက်ဆာနေပြီ မယဉ်မွန်ဖုန်းလာပြောမှာကို နားထောင် ရဦးမယ်။

"အန်တီမေရီ" စီးကရက်နဲ့ မှိန်းနေတဲ့ အန်တီမေရီ မျက်လုံးတွေဖျတ်ခနဲ ပွင့်လာကြတယ်။ တံခါးဝမှာ လက်နှိပ်ဓာတ်မီးလေး နဲ့ မယဉ်မွန်ကိုမြင်ရတယ်။
"လာ........လာမွန်၊ အန်တီလဲ ခုပြန်ရောက်တာ၊ တော်သေးတယ် အန်တီရောက်လာ တော့ဖုန်းကမြည်လို့ ဘယ်လောက်ကြာနေပြီလဲတောင် မသိဘူး" ဟင်.......ဟုတ်လား အမယ် အပျိုကြီး မလေးပုံစံက စိုးရိမ် ကြောင့်ကြ သွားတဲ့ပုံ ဖုန်းကိုကောက်ကိုင်ပြီး ထူးတဲ့အသံကလဲ ကတုန်ကယင်နဲ့ပါလား။

ဟုတ်ပါတယ် မွန်ပါ၊ ဟင်...ခုနက ဆက်သေးတယ်၊ ဟိုလေဖုန်းခေါ်ပေးတဲ့ အန်တီက အပြင်က ပြန်မရောက်သေး လို့ မွန်တို့ဆီမှာ မီးတွေပျက်နေတယ် ဟုတ်တယ်၊ဘာကိစ္စ ရှိလို့လဲဟင်"
အန်တီမေရီ က စိတ်လှုပ်ရှားနေတဲ့ အပျိုကြီးမကို စီးကရက်နဲ့ မှိန်းရင်း စိတ်ဝင်တ စားကြည့်တယ်၊ တစ်ခုခု တော့ ထူးခြားနေပြီ။ဟော........ကြည့် အပျိုကြီးမနားရွက်တွေ ရဲတွက်ပြီး လက်နှိပ်ဓာတ်မီးကို ဆုပ်ထားတဲ့ လက်တွေ ကလဲ တင်းကျပ်လို့။
"မဟုတ်ပါဘူး ရပါတယ် မွန်တို့က ဈေးသည်ပဲ ဟင့်အင်းလာလို့ရမှာ မဟုတ်ဘူးလေ မွန်တို့ဈေးမပိတ်ဘူး ဝေးလဲ ဝေးတယ်၊ ဟာ....ခက်တာပဲ၊ အင်း....အင်း....ကြီးမေ ကိုပြောကြည့်ဦးမယ်လေ။ ဒါပဲနော် ဟင့်အင်း ကွာ ကြီးမေလိုက်လာလိမ့်မယ်၊ ဒါပဲ..ဒါပဲ ဒါပဲနော်။

ဖုန်းချလိုက်တဲ့ အပျိုကြီးမ လက်ကလေးတွေတုန်လို့ပါလား။ နားရွက်တွေကလဲနီးရဲနေဆဲ။ အန်တီမေရီဆီ လှမ်းပေးလိုက် တဲ့ ငါးကျပ်တန်လေးတောင်တုန်လို့။ကျေးဇူးပဲအန်တီ၊ သွားမယ်နော်"
"သြော်... အင်း ဆန်နီတော့ မွန်တို့အခန်းထဲမှာ အန်တီခင်လေးနဲ့ စကားကောင်း နေပြီထင်တယ် မွန်ပြန်သွားရင် ပြောလိုက်ဦးနော် အန်တီသူ့ကို လက်ဖက်ရည်ဝယ်ခိုင်း ရဦးမယ်။
"ဟုတ်ကဲ့........ ဟုတ်ကဲ့အန်တီ" ဒါနဲ့ခုဆက်တာမွန်သူငယ်ချင်းလား ၊ဟင်း-ဟင်းစပ်စုတယ် မထင်နဲ့နော် မွန့်ဆီ တစ်ခါ မှ ဖုန်းမလာဘူးလို့ မွန်နဲ့ဘယ်ကိုချိန်းနေကြတာလဲ ဘယ်သွား ကြမလို့လဲ။
လှည့်ထွက် ဖို့ ဟန်ပြင်တဲ့ မွန်ခြေထောက်တွေတုံ့ခနဲ ဖြစ်သွားတယ်။ဘုရား...ဘုရား၊ တော်တော် ကြောက်စရာ ကောင်းတဲ့ မိန်းမကြီးပါလား၊ သူအကုန်လုံးကို နားထောင်နေတယ်။ ကြီးမေကိုများ ပြန်ပြော ရင်တော့ ဒုက္ခပါပဲ အိုဘာရမလဲ အပျိုကြီးပေမယ့် ဈေးသည်အပျိုကြီးပဲ ဒါလောက်တော့ ဟန်ဆောင် တတ်ပါတယ်။

"သြော်......... မွန်သူငယ်ချင်းမဟုတ်ပါဘူး၊ မွန့်မောင်လေးပါ ကြီးမေအောက် မွန်တို့ဦးလေးက မွေးတာလေ မောင်နှမ ၀မ်းကွဲ တွေပေါ့ သွားမယ်နော် အန်တီ ဆန်နီကို မွန်လွှတ်လိုက်မယ်" တစ်ချိုးတည်းလစ်သွားတဲ့ အပျိုကြီး မလေးရဲ့ မပိရိတဲ့ဟန်ဆောင်မှုကို အန်တီမေရီက နှုတ်ခမ်းတွေမဲ့ရင်းနဲ့ လှောင်ပြောင် ကျန်ရစ် ခဲ့တယ်။
မြစိမ်းပြာသုံးထပ်တိုက်ရဲ့ မီးပျက်ညမှာအားလုံးပဲ စောစောအိပ်ယာဝင်ကြတယ်။ ဒါပေမယ့် လှောင်ပိတ် အိုက်စပ် နေတဲ့ ခိုအိမ်ကလေးတွေထဲမှာ ဘယ်သူမှ အိပ်မရကြဘူး။ ခိုကလေး တွေလို တောင်ပံ တဖျပ်ဖျပ် ခါ လူးလှိမ့်ရင်း နဲ့ ပထမဆုံးမီးပျက်ညကို လွန်မြောက်ဖို့ကြိုးစား ကြတယ်။

အပျိုကြီးနှစ်ယောက် အခန်းဆီကတော့ စိုးရိမ်သောကတွေနဲ့ အိပ်ပျော်စပြုတဲ့ အပျိုကြီးအန်တီခင်လေးက မက်နေကျ ငလျင်အိပ်မက်ကိုမက်ဖို့ ပြင်တယ်၊ ကြည်နူး ချိုမြနွေးထွေးမှုတွေနဲ့ ယစ်မူးရီဝေနေတဲ့ အပျိုကြီး မယဉ်မွန် ကတော့ အိုက်ခြင်း၊ ပူခြင်း၊ မှောင်မိုက်ခြင်းဆိုတာ ဒီကမ္ဘာလောကမှာ မရှိလေသယောင်။
ကိုဝင်းအောင် တို့ အောက်လွှာလဲ အမှောင်ထဲငြိမ်သက်သွားပြီ။ ဦးတည်ရာမဲ့ လွင့်ပါးနေတဲ့ အာကာ ရဲ့ ဂီတာသံ သဲ့သဲ့ကသာ မီးပျက်ညကိုဖုံးလွှမ်းသွားတော့တယ်။ မီးပျက်ရက် သုံးရက်မြောက်နေ့ဟာ ကြာသာပဒေး နေ့ဖြစ်ပြီး ဦးနဲ့လတ်တို့ရဲ့ နားရက်ဖြစ်ပေမယ့် မနားရတဲ့ဦးက စိတ်တိုစွာနဲ့ ရေချိုး ခရီးကို ထွက်ရ တော့တယ်။

လတ်တို့မိဘများအိမ်မှာ ရေချိုး အ၀တ်လျှော်သွားကြရမယ်လေ။ ဦးကရေချိုးအ၀တ် လျှော် သွားခြင်းသွား သူ့သူငယ်ချင်း အိမ်သွားချင်တယ်။ လတ်ရေချိုးအ၀တ်လျှော်ချိန်မှာ သူငယ် ချင်းနှစ်ယောက် ပုလင်းလေး ဖွင့်ပြီး နှပ်ချင်တယ်။ လတ်ကမသွားချင်ဘူး မသွားချင်ဘူးဆိုတာက ဒီလိုပါ လတ်အိမ်ကို မရောက်တာကြာပြီလေ၊ ဖေဖေတို့ မေမေတို့ကိုလဲ မတွေ့တာကြာပြီ။ မောင်နှမတွေကိုလဲ မတွေ့တာကြာပြီ။ လတ် ဦးအလို ကိုလိုက်ပေါင်းများပြီပဲ၊ ဒီတစ်ခါတော့လတ်အလိုကို ဦးလိုက်ရမှာပေါ့။

ကျုပ်က မသွားချင်လို့ပြောတာမဟုတ်ဘူးဗျာ၊ ခင်ဗျားဟာ ခင်ဗျာစဉ်းစားကြည့် ဒေါ်ချတ်လစ် ခင်ဗျားတို့ အိမ်က လူတွေကများ နေစရာထိုင်စရာမရှိနဲ့ ကျုပ်မနေတတ်ဘူးဗျာ ခင်ဗျားအ၀တ် တွေကလဲ အများကြီး ကျုပ် သူငယ်ချင်း ဆီမှာက ဘာမှပြသနာမရှိဘူး ဘယ်သူမှလဲမရှိဘူး အေးအေးဆေးဆေးပဲ။
လတ် ကတော့ နေမထိထိုင်မသာဖြစ်နေတဲ့ ဦးကိုဘာမှ ပြန်ပြောပါဘူး၊ ယူစရာရှိတာကိုပဲ ယူဖို့ပြင် နေလိုက်တယ်။ ဘယ့်နှယ်လဲ ဒေါ်ချတ်လစ် နောက်ရက်မှ ခင်ဗျားတစ်ယောက်တည်း သွားရင်ကောင်းမယ် ထင်တယ်နော်။

"အို.........မကောင်းပါဘူး ဦးကလဲ ချတ်လစ်ဒီနေ့ပဲ သွားချင်တယ် အိမ်ကိုမရောက်တာကြာပြီဦးရဲ့ သြော်....ဒီမျိုးချစ်နဲ့တော့ ခက်နေပါပြီဗျာ လတ်ကနှုတ်ခမ်းဆူလိုက်တာ ဟုတ်တယ်၊ဟုတ် တယ် လတ်တို့ကတော့ ဒေါ်မျိုးချစ်ပဲ မျိုးချစ်ရတဲ့ အရသာဦးဘယ်သိမလဲ ဦမှာမှ ညီအစ်ကိုမောင်နှမမရှိဘဲ။
"ကျုပ်ညနေ အထိတော့ မနေဘူးနော် ဒီနေ့ဟာကျုပ်နားရက် ညနေကျရင် သိပါတယ် သိပါတယ်နော် လတ်အားလုံး သိပြီးသား အကုန်စီစဉ်ပြီးသား အ၀တ်လျှော် ရေချိုးပြီးတာနဲ့ ပြန်လာမယ် အိမ်ကနေ ဦးအတွက် အမြည်း ညနေစာအားလုံးချိုင့်နဲ့ ထည့်ခဲ့မှာ လတ်အားလုံးစီစဉ်ပြီးသား လာပြောမနေနဲ့သိလား"
ဒါဆိုလဲ ပြီးတာပါပဲဗျာ အ၀တ်သာမြန်မြန်လျှော်" ကြည့်တော့လေ ဦးတစ်ယောက်ဟာ လတ်အိမ် သွားတော့မယ် ဆို ဒီလိုချည်းပဲ။

ကဲ.......သွားမယ်
အိုကေ ဒေါ်မျိုးချစ်ရှေ့ကကြွ
'ဦးနော်'
လတ်တို့ တိုက်ပေါ်ကဆင်းလာတော့ လတ်တို့လိုပဲ အထုပ်အပိုးတွေနဲ့ ဟို ဆရာကို ၀င်းအောင်တို့ သးအဖ တစ်တွေနဲ့ ယေက္ခမကြီးတို့ ရေချိုးအ၀တ်လျှောက်ထွက်ဖို့ လှေကား ရင်းမှာ စိုင်ပြင်းနေတာ တွေ့ရ တယ်။ 'ဘယ်လိုလဲဗျ'

အလို ထူးထူးဆန်းဆန်း။ ဦးတစ်ယောက် ဟိုး ၀ိုင်းဆရာကို နှုတ်ဆက်လို့ပါလား။ ဟိုကိုလူရွှင် ကတော့ ပြောမနေ နဲ့ဦး နှုတ်မဆက်ခင်ကတည်းက မျက်မှန် တ၀င်းဝင်း၊ သွားအဖြဲသားနဲ့။
'ဟဲ...ဟဲ ခ၀ါသည်သွား လုပ်ရမယ်လေဆရာ၊ တတ်တဲ့ပညာ မနေသာဆိုသလိုပေါ့ ဆရာရယ်၊ မိန်းမ အ၀တ်လျှော်တာ ကို ကျွန်တော်က နည်းနည်းမှ သဘောမကျဘူးဆရာ ရဲ့ ဟဲဟဲ........'
'အမျိုးသမီး က ရုံးသွားတယ်ပေါ့'

ဟဲဟဲ.....ဟုတ်တယ်ဆရာ၊ ဆရာတို့ရော ဒီနေ့ နားရက်လား၊ အ၀တ်လျှော်ထွက်မလို့ ထင်တယ် ဟဲဟဲ
'ဟုတ်တယ် ဗျာ၊ ကျုပ်သိပ်စိတ်ပျက်တာပဲ၊ အမျိုးသမီး  အိမ်သွားလျှော်ရမယ်ဗျာ'
"ဟဲဟဲ........ ကျွန်တော်တို့ကတော့ အားမနာရတဲ့ အင်းလျားသွားမှာ ဆရာ၊ ဟိုတုန်းက ရည်းစား နဲ့ ချိန်းတွေ့ ရတဲ့ အရသာနဲ့အခု အ၀တ်တွေလျှောက်ရတဲ့ အရသာ ဘယ်လိုများ ခြားနားလဲလို့လဲ သိရတာပေါ့ ဆရာရယ်"

ကိုဝင်းအောင် ရဲ့ ပေါက်ကရလေးဆယ်စကားထဲကို ဆန်နီရဲ့ အားပါးပါး သံက၀င်လာတယ်။ ဆန်နီလဲ အထုပ်အပိုး တွေနဲ့။ ဆန်နီက ဦးကို နှုတ်ဆက်နေတာ။
"ဆန်နီ ပါလား၊ သူလဲ ခင်ဗျားတို့နဲ့ လိုက်မလို့ထင်တယ်"
`ဟုတ်တယ်ဆရာ၊ သူက အပြောအဆို ပြေပြေလည်လည်ရှိတယ်မဟုတ်လား၊ အင်းလျားမှာ အ၀တ်လျှော် နေတုန်း လာဖမ်းရင် ပြေလည်အောင် သူ့ပြောခိုင်းရအောင်လို့ ဆရာ`
ဆန်နီက ဦးရှေ့မှာရပ်ပြီး သူ့ခေါင်းပေါ်က ဦးထုပ်ကို ပြ နေတယ်။သြော်....ဦးထုတ် က ဦးက နယူးရီးယား လက်ဆောင် ပေးထားတဲ့ ဦးထုပ်ကလေးလေ။
"အိုကေ...အိုကေ၊ လှတယ်...လှတယ်နော်၊ ဆန်နီ နဲ့ လှတယ်"

ဦးက ဟက်ဟက်ပက်ပက်တောင်ရယ်လို့။ ဆန်နီက မဆိုးဘူး။ ဦးရဲ့ မျက်နှာတည်ကြီးကို ရယ်အောင် လုပ်နိုင် တာပဲ။ လတ်တို့ သွာမယ်လုပ်တော့ ဆန်နီက လတ် ဆွဲထားတဲ့အထုပ် တွေကို လက်ညှိုးတထိုးထိုး နဲ့ မေးပြန် တယ်။ အ၀တ်တွေမှန်းသိတော့ ဇွတ်ဆွဲတော့တာပဲ။ လက်ဟန်ခြေဟန်တွေနဲ့ သူလျှော်ပေးမယ်တဲ့။ သူယူ သွားမယ်တဲ့။ သူ့အားတောင့်တယ်တဲ့။ သနားပါတယ်။ လတ်တို့ အတင်းဆွဲရတယ်။

ဦးကတော့ ဆန်နီကို တဖျစ်တောက်တောက် ပြောမဆုံးတော့ဘူး။ သူနွေရာသီခရီးက ပြန်လာ ရင် ဆန်နီ့ကို တစ်ခုခု ၀ယ်လာပေးဦးမယ်တဲ့လေ။
လတ် တို့ လမ်းထဲရောက်တဲ့ထိ နောက်ကနေ မထွက်နိုင်သေးတဲ့ ဟိုဝိုင်းဆရာရဲ့ နောက် ပြောင်သံကို ကြားနေ ရတုန်းပဲ။
"အဘရေ.........လိုက်မလား၊ အင်းလျားမှာ ဆုံစို့ကွယ်၊ အင်းလျားမှာ ဆုံစို့မောင်ရယ်၊ ဟဲ ဟဲ၊ အဘ စိတ်ကူး မလွဲ နဲ့နော်"
ဖိုးဘတင်တစ်ယောက် မျက်နှာထား ခက်ခက်နဲက ကိုဝင်းအောင်တို့ကို ၀ရန်တာကနေ ရယ်ပြီး ကြည့် နေရ တယ်။
"ဘယ်လိုလဲ အဘ၊ ရေမချိုးဘူးလား" ဖိုးဘတင်က ခေါင်းခါပြလိုက်တယ်။

ဖိုးဘတင်တို့တစ်အိမ်လုံး အပြင်မှာရေချိုး ပြဿနာကို တစ်ခါတည်း ဖြေရှင်းခဲ့ကြဖို့ အမိန့်ထုတ် ထားတယ်။ ဖိုးဘတင် ကလွဲလို့ပေါ့။ ထမင်းဟင်းချက်ဖို့ ရေကိုတောင် ဒီနေ့ ပလတ်စတစ်ပုံးတွေနဲ့ သွားသယ် ရတာ။ အိမ်မှာ ဖိုးဘတင် ချိုးဖိုကရေ ဘယ်ရှိမလဲ။ ဘယ်လိုလုပ်ပြရမှန်းဒလဲ မသိတော့။ ဖိုးဘတင် ကပဲ လူကြီးပီပီ ပြဿနာကိုရှင်းပေးရ တော့တယ်။ လူကြီးပဲကွာ၊ မချိုးလဲ နေနိုင်ပါတယ်ဆိုပြီး ရေဖတ်တိုက်ခြင်းနဲ့ အားလုံးကို ပြေလည်အေးချမ်းအောင် လုပ်လိုက်ပါတယ်။ စိတ်ထဲကတော့ အညာ အိမ်ခြံဝင်းထဲက အုတ်စီရေတွင်းရေ အေးအေးစိမ့်စိမ့်လေးကို တ၀ကြီး ချိုးလိုက်ချင်စိတ် ပေါက်နေတာပေါ့။

ဒီအသက် အရွယ်ရောက်ပြီ။ ရေအတွက် တစ်ခါမူ ဖိုးဘတင်မပူခဲ့ရပါဘူး၊ ခုကျမှပဲ ရေဒုက္ခကို ခံစားဖူးတော့ တယ်။
"အဘရေ၊ တာတာ့..........သွားပြီ၊ စိတ်ချ သိလားအဘ၊ အဘကလွဲလို့ ဖွဲနဲ့ ဆန်ကွဲ၊ ဆန်ကွဲ နဲ့ ဖွဲ......... .ဟဲ့ဟဲ့"
တော်တော်နောက်တဲ့သူငယ်ပဲ။ ဟိုအမယ်ကြီးကို အားနားစရာ။ ဖိုးဘတင်က ၀ရန်တာ ပက်လက် ကုလားထိုင်ပေါ်ကနေ ကြည့်ပြီး ကျန်ရစ်ခဲ့တယ်။ သူ့ထုံးစံအတိုင်း အနားမှာ ရေနွေးဒန်ကရားကို ဘေးချလို့။ နွေရာသီမှာ လက်ဖက်ရည်ကြမ်း သောက်ရတဲ့ အရသာကို ဖိုးဘတင်ရဲ့ သားတွေ၊ မြေးတွေ မသိကြ ပါဘူး၊ လက်ဖက်ရည်ဆိုတာ ကိုယ်တွင်း အေးတယ်ကွ။ ရေခဲရေဆိုတာ အပူပဲ။ ဖိုးဘတင်က ယ်လောက်ပဲ ပူပူချွေးမကတော့ နွေရောက် တာနဲ့ ရေခဲသေတ္တာ အရူးရောဂါ ပိုရင့်လာတတ်တယ်၊

ညကတောင်ပြောနေသေးတယ်။ သူတို့ဗေဒင်က စက်ပစ္စည်းဝင်မယ်လို့ ဟောထားတယ်တဲ့။ ရေခဲသေတ္တာ ပါ ဖြစ်ရမယ်တဲ့လေ။ ဗေဒင်ယတြာကလဲ ယုံလိုက်တာကအလွန်။ ဒီရန်ကုန်မှာ ချွေးမ မမေးဖူးတဲ့ ဗေဒင် ဆရာ ရှိမယ်တောင် မထင်ဘူး။ ဖိုးဘတင်ကြားကြားနေတာပါ။ ဗေဒင်လက္ခဏာ အကြားအမြင် စုံလို့....... စုံလို့၊ အီ၊ တီဆိုတဲ့ အကြားအမြင်ကများ သုံးလေးလလောက် ကြိုတင်စာရင်း ပေးထားရတာတဲ့။ ချွေးမမှာ သူ့အလှည့် ကျဖို့အရေး တော်တော်မရောက်နိုင်သေးလို့ မျှောလိုက်ရာတာ အမော။

အ၀တ်အစား ၀တ်တာတောင် ဗေဒင်ဆရာက ၀တ်ခိုင်းတဲ့ အရောင်ဝတ်ပြီးထွက်တယ်။ ကုန်ရော၊ ပြောပါဘူး ဖိုးဘတင် ကတော့။ သားဂျပန်သွားဖို့ အဆင်ပြေအောင် ဓာတ်ရိုက် ရတာ နဲ့လဲ ပိုက်ဆံက ကုန်လှပြီ။ သားလုပ်တဲ့ သူ ညကမပြောစဖူး ၀င်ပြောလိုက်တာ အတော် အချက် ကျတယ်။ 'မင်းဓာတ်ရိုက်၊ ဗေဒင် မေးတဲ့ ပိုက်ဆံတွေနဲ့ စုဝယ်ရင်တောင် ရေခဲသေတ္တာရတာ ကြာလှပြီတဲ့။ သားလုပ်တဲ့သူကလဲ လိုက်ချင်တယ်။ ရေခဲသေတ္တာကို။ ဘီယာထည့်သောက်ချင်လို့။ လိုချင်ကြတာကတော့ တစ်အိမ်လုံးပါပါ်။ ဒီရေခဲသေတ္တာကို ဘာကြောင့်များ ဒီလောက်လိုချင်နေကြတယ် မသိပါဘူး။ ကဲ......ခုလိုမီးလဲပျက်ရော ပြီးရော မဟုတ်လား။ သူတို့ရေခဲသေတ္တာကြီး ဘာလုပ်လို့ ရဦးမတုံး။'

လက်ဖက်ရည်ကြမ်း တစ်ခွက်ကို ဖိုးဘတင် ငှဲ့သောက်လိုက်ရင် ပက်လက်ကုလားထိုင်းပေါ် ခေါင်းတင်မှေးလိုက်တယ်။
ညကမီးပျက်လို့ တီဗွီရန်မရှိလို့ စောစော အိပ်ရာဝင်ရပေမယ့် အိပ်ရေးပျက်တယ်။ အိုက်လို့ လန့်နိုး တာရယ်၊ မြေးလုပ်တဲ့ကောင် ညဥ့်နက်သန်းခေါင်ထိ တီးနေတဲ့ ဂစ်တာသံကြောင့်  လန့်နိုးတာရယ်။ နံနက်အစောကြီး ကလဲ ဟိုဘက် မောင်ဝင်းအောင်တို့ အလွှာဘက်က ကလေးတွေနဲ့တူပ ရဲ့။ တံခါးကို ဖွင့်လိုက် ပိတ်လိုက်၊ ပြီးတော့ဘာလဲမသိဘူး တကျည်ကျည် နဲ့ဆွသွားလိုက်နဲ့ ဘယ်အိပ်လို့ရတော့မတုံး။ နိုးတော့ တာပေါ့။ အဲဒီကလေးတွေ နွေကျောင်းပိတ်တာ ဖိုးဘတင်ဒုက္ခပဲ။ ဟိုတလောကလဲ မီးမပျက် ခင်လေးတင် အောက်ထပ်က အခန်းလူခေါ်ဘဲလ်တွေ အကုန်လိုက်နှိပ်ကြလို့ လူကြီးတွေ ဒုက္ခ ရောက်ပြီး ပါပကော။

"မန္တလေး နေပြည်တော် ဆရာထူးရဲ့ ဗေဒင်ဟောစာတမ်းတွေ၊ ဗေဒင်ဟောစာတမ်း တွေ"
အလို........ဖိုးဘတင်ရဲ့ နေ့စဉ်ဖျော်ဖြေရေး အစီအစဉ်တွေထဲမှာ နောက်တိုးလာတဲ့ အစီ အစဉ်သစ်ပါလား။ အင်း........ ချွေးမသာဆိုရင်တော့ ကြားတာနဲ့ လက်ခုပ်တီးပြီးသား ဖြစ်နေမှာပဲ။ ပြေးဆင်းဝယ်လိုက်မှာပဲ။

ဖျော်ဖြေနေကျ အစီအစဉ်တွေ တစ်ခုပြီး တစ်ခုဖြတ်သန်း သွားတာကို ဖိုးဘတင် မှိန်းနား ထောာင်ရင်း ငိုက်ခနဲ အိပ်ပျော် သလိုဖြစ်သွားတုန်း ဆူညံလှတဲ့ ကားစက်သံကြီးကြောင့် လန့်နိုးသွားတယ်။ အိပ်ချင်မူးတူးနဲ့ ဖိုးဘတင်တစ်ယောက် အဲဒီတုန်းက ဆူညံဆိုးရွားလှတဲ့ ကားစက်သံဟာ စိတ်ညစ်ရခြင်း၊ စိတ်ရှုပ်ရခြင်းတို့ရဲ့ ရှေ့ပြေး ဖြစ်တယ်ဆိုတာ မသိရှာ သေးဘူး။
ကားစက်သံကြီး ရပ်သွားတာနဲ့ မထူချင်သေးတဲ့ခေါင်းကို ကုလားထိုင်နောက်မှီမှာ ပြန်တင် လိုက်ကာရှိသေး၊ ထူးခြားကျယ်လောင်လှတဲ့ အသံကြီးတစ်ခုကို ကြားလိုက်ရတယ်။
'အာကာတို့၊ ဖြူပြာတို့ ရှိကြသလားဟေ့'

ဖိုးဘတင် ခန္ဓာကိုယ်တောင့်ခနဲ ဖြစ်သွားတယ်။ သုံးထပ်တိုက် အပေါ်ဆုံးထပ်ထိ လွင့်တက် လာအောင် အော်နိုင်တဲ့ မိန်းမမျိုးဟာ တခြားဘယ်သူရှိရဦးမှာတုံး။
'ဟေ့........ သင်းသင်း၊ မောင်ထွန်းနိုင်'

ဖိုးဘတင် ကပျာကယာ ထရပ်လိုက်တယ်။ ၀ရန်တာကနေ အောက်ကိုငုံ့ကြည့်လိုက်တာနဲ့ တွေ့ရပါပြီ။ ထူးခြားသော အသံပိုင်ရှင်။ ဖိုးဘတင်ရဲ့ ချစ်စွာသောခမက်။ သားလုပ်သူရဲ့ ချစ်စွာ သောယောက္ခမကြီ။ အာကာ၊ ဖြူပြာ၊ ကြည်ပြာတို့ရဲ့ ချစ်စွာသော အဘွား။ ချွေးမလုပ်သူရဲ့ ချစ်စွာသော မွေးသမိခင်ကျေးဇူးရှင်။ ရွှေ၊ မြို့ပိုင်ကတော်ကျ ဒေါ်မြမေ (၀ါ)ဒေါ်ဒေါ်မေ ဟာ တိုက်ပေါ်ကို မော်ကြည့်လို့။ ဘီးကျော်ပတ်နဲ့ ပ၀ါနှစ်စ အသာချလို့၊ ရှေးမင်းကတော် ပုံမပျက်၊ ၀တ်စားဆင်ယင်ထားတဲ့ ဒေါ်ဒေါ်မေရဲ့ မျက်နှာက သနပ်ခါးဘဲကျားတွေ ကတော့ ဖြင့် တစ်ခုခုမှားနေသလိုပဲ။ မှားရမယ်၊ မှားရမယ်လေ။ ဟိုတလောက ချွေးမပြောတာ ကြားလိုက်တယ်၊ သူ့အမေ သူငယ်ပြန်သလိုလို၊ စိတ်နောက်သလိုလို ဖြစ်ခိင်နေတယ်တဲ့၊ ဆေးစား နေတယ်တဲ့။

'ဘယ်သူမှ မရှိဘူးလား'
သားလုပ်တဲ့သူ လူကြီးချင်း စကားပြောဖို့ ခေါ်သွားတုန်းက ကြားလို့၊ ကြားလို့ချင်း ဖိုးသတင် လန့်သွားဖူး ခဲ့တဲ့ အသံက ပေါ်လာပြန်ပြီ။ သူ့လိုမအော်နိုင်တဲ့ ဖိုးဘတင် လက်ခါ ပြလိုက်တယ်။

ဆက်ရန်
.

1 comment:

Anonymous said...

အမရာ..တိတ်တိတ်လေး လာလာဖတ်ဖြစ်တယ်
..ဖတ်တိုင်းလဲ ဇာတ်ကောင်စရိုက်တွေ ပေါ်လွင်လွန်းအားကြီးလို့ ပြုံးမိတယ်..
ဆန်နီလေးကိုကြည့်ပီးသဘောတွေကျ ဆန်နီအမေကျတော့လဲ စပ်စုလွန်းလို့ စိတ်ပျက်မိတယ်
အပျိုကြီးစုံတွဲကလည်း ရီရသလို ကိုဝင်းအောင်ရဲ့ စရိုက်ကို ကြိုက်မိတယ်။ ဖိုးဘတင်ကိုဖတ်ရတိုင်း အိမ်ကအဒေါ်ကို သွားသတိရမိတယ်. အိမ်ကအဒေါ်လဲ သူတို့တုန်းက ဘယ်လောက်ဆိုတာ အိပ်ရာဝင်ပုံပြင်ကျနေတာပဲ..ဒီတော့ ကျနော်တို့မှာ သူ့ရှေ့ဆို ဘာမဆိုဈေးကို ထက်ဝက်မက ချပြောနေရတဲ့ ဒွတ်ခကလဲ မသေးဘူး.. ဈေးသိပ်ကြီးလို့ မစားမှာဆိုးရတာကြောင့်လဲ အစားအသောက်ဆို ဈေးလျှော့ပြောရ..ပြောတော့ အမယ်မင်း ဘယ်လောက်ဈေးကြီးကြီး သူမစားချင် ကြောင်ကို စွန့်ကြဲတာ.. ဒီကလူတွေက မျက်ခုန်းတွေပင့်နဲ့ ရွာပတ်..ဟီးဟီးး

လတ်လတ်တို့ကျတော့ သူ့ယောင်္ကျားကို မုန်းလိုက်တာ။ အတ္တကြီးလွန်းလို့..။

ဒီဝတ္တုက ဇာတ်ကောင်စရိုက်တွေ သရုပ်ဖော်တာ သိပ်အသက်ပါတာပဲ။

ကျေးဇူးနော်..အမရေ.. စာကောင်းတွေ မပြတ်တင်ပေးလို့။

မြတ်နိုး