ရည်ရော်မှန်း အိုင်စမ်းရေပြာ
စာရေးသူ - မဝင်းမြင့်
ချစ်ခင်လေးစားပါသော စာဖတ်ပရိတ်သတ် သို့....
စာရေးသူ က ရေပြာအိုင်ဇာတ်လမ်းများနှင့် ပတ်သက်၍ ထပ်လောင်းရေးသား တင်ပြအပ် ပါသည်။
(၁၉၇၄) ခုနှစ် ဇွန်လမှစ၍ သွေးသောက်မဂ္ဂဇင်း တွင် ရေပြာအိုင် မှ သူတော်စင်၊ ရေပြာအိုင် မှ မြွေနိုင်သူ၊ ရေပြာအိုင် မှ စေတီအို၊ ရေပြာအိုင်မှ ရွှေ ကြက်တော၊ ရေပြာအိုင်မှ သစ်စုန်းပင်၊ ရေပြာအိုင်မှ မှော်အောင် အရုပ်၊ ရေပြာအိုင်မှ ဥစ္စာရုး၊ ရေပြာအိုင်မှ ဓာတ်လုံးရှင်၊ ရေပြာအိုင် မှ ကြေးကွင်း ကြီး ဟူသောဇာတ်လမ်း တစ်ဆယ့်တစ်ပုဒ် ကို (၁၉၇၅) ခုနှစ်ဧပြီလအထိ တစ်ဆယ့်တစ် လတိတိရေးသားခဲ့ပြီးနောက် အကြောင်း မညီညွတ်သည့် အတွက် ဆက်လက်ရေးသားခြင်း မပြုတော့ဘဲရပ်ဆိုင်းထားပါသည်။
သို့သော် စာရေးသူအပေါ်မှာ မေတ္တာထားကြသော စာဖတ်ပရိသတ်များ က ရေပြာအိုင်မှ ဇာတ်လမ်းများကို ဆက်လက် ရေးသားရန် တိုက်တွန်းကြပါသည်။
စာရေးသူ သည် ဤဇာတ်လမ်းများကို ရေးသားရာမှ စိတ်ကူးယဉ်သက်သက် ဇာတ်လမ်းများ မဟုတ်ပါ။ သက်ကြီး ၀ါကြီး လူကြီးများပြောပြခဲ့သည့် ရှေးဟောင်း တကယ်အဖြစ်များ၊ စာရေးသူ ကိုယ်တွေ့အဖြစ်များ (၁၉၄၄) ခုနှစ် ကစပြီး (၁၉၆၅)ခုနှစ်အထိ နှစ်ပေါင်းနှစ်ဆယ်ကျော် အချိန်အတွင်းမှာ မြန်မာပြည်အတွင်း နေရာ အနှံ့အပြား ဒေသများမှာ လည်းကောင်း၊ ရခိုင်ပြည်နယ်မှာ သုံးနှစ်ကျော်နေထိုင်ခဲ့၍ လည်းကောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း ခြောက်နှစ် နီးပါးမျှ နေထိုင်ခဲ့၍ လည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှစ်နှစ်ကျော် နေထိုင်ခဲ့၍ လည်းကောင်း၊ ကရင်ပြည်နယ် ဖားအံ့ဘက်တွင် သုံးနှစ်မျှ လည်းကောင်း၊ ကော့ကရိုတ် ဘက် တွင် နှစ်နှစ်ကျော်မျှ လည်းကောင်း နေထိုင်ခဲ့ရစဉ်က ထူးထူးဆန်းဆန်း တွေ့ကြုံခဲ့ရ၊ မှတ်ခဲ့ရ၊ ကြားခဲ့င်္ရသည့် အဖြစ်များ ကို ပြန်လည်ရေးသားခြင်း ဖြစ်ပါသည်။
ထိုသို့ ရေးသားရာမှာ အချို့ အဖြစ်အပျက်များသည် ၀ိညာဉ်လောကနှင့် ထင်ထင်ရှားရှား ဆက်နွယ် ပတ်သက် နေကြသည် ကို အထောက်အထား ခိုင်လုံစွာ ဖြင့် သိရပါသည်။ သို့သော် ယခုခေတ်တွင်ကား သိပံ္ပပညာ တိုးတက်တွန်းကားနေသောခေတ် ဖြစ်သည့်အပြင် ယခုခေတ် လူတွေအနေဖြင့် ၀ိညာဉ် လောက ကို လေးလေးနက်နက် ယုံစားမှု မရှိကြ၊ ယုံစားခြင်းဖြင့် စိတ်ဓာတ်ပျော့ညံ့ရာ ရောက်သွားမည် ဖြစ်သောကြောင့် မယုံလိုကြ၊ ခေတ်နောက်ပြန်ဆွဲသော အယူအဆမျိုးဖြစ်၍ ၀ိညာဉ်လောကနှင့် ပတ်သက် သော အတွေးအခေါ် တွေကို တော်လှန် ဖယ်ရှားနေသည် ဖြစ်သောကြောင့်၊ စာရေးသူသည် ကြားခဲ့၊ မှတ်ခဲ့၊ သိခဲ့ရသည် များကို ခေတ်နှင့်လျော်အောင် သတိထားပြုပြင်ပြီး ဇာတ်လမ်းတိုလေးများသဖွယ် ရေးသား တင်ပြ ခဲ့ပါသည်။
ရေးသား၍ မဖြစ်သည့် ၀ိညာဉ်လောက နှင့် ပတ်သက်သော ကြေကွဲဖွယ်၊ ထူးဆန်းအံ့သြဖွယ်၊ တရားသံဝေဂ ရဖွယ်၊ သနားကြင်နာဖွယ် ဇာတ်လမ်း တွေသည် စာရေးသူမှာ များစွာရှိနေပါ သေးသည်။
သွေးသောက်မဂ္ဂဇင်း တွင် ဆယ့်တစ်လတိတိ ရေးသားခဲ့ပြီးသည့် ဇာတ်လမ်းများအပြင် စာဖတ်ပရိသတ်များ ၏ တိုက်တွန်းချက်အရ ပုံနှိပ်ဖော်ပြခြင်း လုံးဝမပြုရသေးသည့် အသစ်စက်စက် ဇာတ်လမ်းကိုးပုဒ်ကိုပါ ပေါင်းစည်းကာ ရေပြာအိုင်မှဇာတ်လမ်းများ ဟူသော အမည်ဖြင့် ကဉ္စနစာ ပေမှတစ်ဆယ့်နှစ်ကျပ်တန် လုံးချင်းစာအုပ် ကို (၉၇၅) ခုနှစ်၊ ဒီဇင်ဘာလ တွင် ထုတ်ဝေခဲ့ပါသည်။
သို့ပါလျက် ရေပြာအိုင် ဇာတ်လမ်းများကို ဖတိ၍ အာသာမပြောဖြစ်ကြသော စာဖတ်ပရိသတ်များသည် စာရေးသူ နှင့် တွေ့ဆုံ၍လည်းကောင်း၊ စာဖြင့်လည်းကောင်း၊ တယ်လီဖုန်းဖြင့် လည်းကောင်း၊ ရေပြာအိုင် ဇာတ်လမ်း များကို ဆက်လက် ရေးသားရန် အဖန်ဖန် တိုက်တွန်းကြပါသည်။
ရေပြာအိုင်မှ ဇာတ်လမ်းများ အမည်ရှိသော လုံးချင်းဝတ္ထုတွင် နောက်ဆုံးဇာတ်လမ်းမှာ ကျောင်း ဆရာမလေး မခင်ရွှေသည် ရေပြာအိုင်ရွာနှင့် ပတ်သက်သော ထူးဆန်းအံ့သြဖွယ်ရာများ၊ ကြေကွဲ လွမ်းဆွတ်ဖွယ်ရာ များ၊ သတိသံဝေဂ ရဖွယ်ရာများ၊ မျိုးချစ်ဇာတိမာန် ထက်သန်ဖွယ်ရာများ စသည့် အဖြစ်များကို မှတ်တမ်းရေးနေဆဲဝယ် ရေပြာအိုင်ရွာ ဇာတိဖြစ်ပါလျက် ငွေရေးကြေးရေး အတွက်ကြောင့် ဇာတိမာန် ပျက်တော့မည့် မောင်စိန်းမောင်ကို အစဉ်လာကြီးစွာ ဇာတိမာန်စိတ်ဖြင့် အမျိုးကို စောင့်ရှောင့် လာသော ရေပြာအိုင်ရွာ ကို အစဉ်အလာမပျက်စေကြောင်း နားဝင်အောင် ပြောပြသည်။
မောင်စိန်းမောင်က သတိတရားရကာ ရေပြာအိုင်ရွာ အစဉ်အလာကို ပြန်လည်စောင့်ထိန်းသည်။ ငွေကြေားအားဖြင့် လည်းကောင်း၊ အားစိုက်ဖြင့် လည်းကောင်း မခင်ရွှေက မောင်စိန်းမောင်ကို အကူအညီပေးသည်။ ထိုအခါ မောင်စိန်းမောင်က ကျောင်းဆရာမလေး မခင်ရွှေကို ကျေးဇူးတင်ရာ မှချစ်လာသည်။
ရေပြာအိုင်ရွာ တွင် အမျိုးအဆွေလည်းကြီး၊ ပစ္စည်းလည်း ချမ်းသာသော ရွာမျက်နှာဖုံး မိန်းမပျို ကြင်ကြင် က မောင်စန်းအောင်ကို မေတ္တာရှိနေသည်။ ကြင်ကြင်၏မိဘနှင့် အမျိုးအဆွေ များက မောင်စိန်းမောင်နှင့် ကြင်ကြင် ကို သဘောတူသည်။
တစ်ရပ်တစ်ကျေး မှ ရောက်လာပြီး ရွာကလေးငယ်များ ပညာရေးကြောင့် ကျောင်းဆရာမ လုပ်နေသော မခင်ရွှေ ၏ အရည်အချင်း၊ ရပ်ရွာပေါ်မှာထားသည့် စေတနာ၊ ကလေးများ ပညာရေးအတွက် အနစ်နာခံပုံ စသည် တို့ကြောင့် ရွာသူရွာသားအချို့က မခင်ရွှေကို မောင်စိန်းမောင်နှင့် လက်ဆက်ကာ ရေပြာအိုင်ရွာ မှာပင် အစဉ်မြဲ နေထိုင်သွားစေလိုကြသည်။
ဤတွင် မောင်စိန်းမောင်နှင့် ကြင်ကြင်ကို သဘောတူနေကြသော ကြင်ကြင်၏ မိဘဆွေမျိုးနှင့် မောင်စိန်းမောင် ၏ ဆွေမျိုးများက တစ်ဖက်၊ မောင်စိန်မောင်နှင့် မခင်ရွှေကို လက်ဆက်စေလိုသော ရွာသူ ရွာသား တွေက တစ်ဖက် စိတ်ဝမ်းကွဲကြတော့မည့် အဖြစ်သို့ ရောက်လာသည်။ ကြင်ကြင်၏ ဆွေမျိုးအချို့ က မခင်ရွှေကို လိမ္မာပါးနပ်သော စကားများပြောကာ ရှောင်ခိုင်းသည်။
မခင်ရွှေ သည် မောင်စိန်မောင်က သူ့ကို မေတ္တာရှိနေကြောင်း သိသော်လည်း သူကမူ ရိုးရိုးတန်းတန်းပင် ခင်မင် နေခဲ့သည်။ ယခုမောင်စန်းမောင်၊ ကြင်ကြင်၊ မခင်ရွှေတို့ သုံးပွင့်ဆိုင် ဇာတ်လမ်းကြောင့် ရွာမှာ စိတ်ဝမ်း ကွဲစရာတွေ ပေါ်လာတော့မည်ကို လည်းကောင်း၊ ကြင်ကြင်၏ ဆွေမျိုးများက မခင်ရွှေကို မလိုလား မကြည်ဖြူသည့် စကားမျိုး၊ ရေပြာအိုင်မှ ထွက်ခွာသွားစေ လိုသည့်စကားမျိုးကို ဖွင့်ပြော ကြသောအခါ မခင်ရွှေသည် သူသံယောဇဉ်ကြီးလှသော ရေပြာအိုင် မှကလေးငယ်တွေကို ၀မ်းနည်းစွာ ခွဲခွာ ကာ တစ်ခုသောဒေသသို့ အလုပ်ရွှေ့ပြောင်း တာဝန်ယူရန် ရေပြာအိုင်မှ ထွက်ခွာသွားသည်။
ရေပြာအိုင်ရွာမှ မခင်ရွှေ ထွက်ခွာသွားသောအခါ မောင်စိန်းမောင်သည် မခင်ရွှေကို တမ်းတ လွမ်းဆွတ် ကြေကွဲ စွာဖြင့် ကျန်ရစ်ခဲ့သည့် ရေပြာအိုင်မှ လွမ်းရစ်သူ ဟူသော ဇာတ်လမ်းဖြင့် ဆုံးထားပါသည်။
ဤအတွက် စာဖတ်ပရိသတ်များက ရေပြာအိုင် ဇာတ်လမ်းဆုံးထားပုံကိ အားမရတော့ဘဲ ဖြစ်နေကြပါသည်။
ရေပြာအိုင်ရွာ ဆိုသည်မှာ တကယ်ရှိပါသလား၊ ရှိလျှင်မည်သည့်နေရာမှာ ရှိနေသည်ကို များစွာသော စာဖတ်ပရိသတ်တွေက မေးမြန်းကြပါသည်။ ရေပြာအိုင် ဇာတ်လမ်းထဲမှာပါသည့် အဖြစ်များကို စိတ်ဝင်စားစွာ မေးမြန်းကြပါသည်။
ရေပြာအိုင်ဇာတ်လမ်းကို လွမ်းရစ်သူ မောင်စိန်းမောင်နှင့် ရပ်ဆိုင်းမထားဘဲ မခင်ရွှေ နောက်ထပ် တွေ့ကြုံရမည့် ထူးဆန်းသော အံ့သြစရာကောင်းသော အဖြစ်များကို မောင်စိန်းမောင်၊ ကြင်ကြင်တို့နှင့် ပေါင်းစပ်ကာ ဆက်ရေးရန် တိုက်ထွန်းကြသော စာဖတ်ပရိသတ်များကို စိတ်ဆန္ဒပြည့်ဝစေရန် ရည်သန် သော စေတနာဖြင့် ထုတ်ဖော်ရေးသားခြင်း မပြုသေးဘဲ စာရေးသူ ဦးနှောက်ထဲမှာ သိုသိပ် သိမ်းဆည်း ထားသည့် အကြောင်းအရာကို ယခုခေတ်လူတွေ လက်ခံနိုင်စေရန် ဆီလျော်စွာ ပြုပြင် ရေးသားခြင်းဖြင့်-
ရည်ရော်မှန်း အိုင်စမ်းရေပြာ ဟူသော လုံးချင်းစာအုပ်ကို ဆက်လက် ရေးသားလိုက်ရပါသည်။
ရေပြာအိုင် ဇာတ်လမ်းများကို စွဲလမ်းကြသော၊ စာရေးသူ အပေါ်မှာ မေတ္တာထားကြသော၊ စာရေးသူ ကလည်း ချစ်ခင်လေးစားပါသော စာဖတ်ပရိသတ်များ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြစေရန် လေးနက်သော စေတနာဖြင့် ဆုမွန်တောင်းလိုက်ပါသည်။

အခန်း (၁)
မောင်စိန်းမောင် အပေါ်မှာ မည်သို့မျှ ဖောက်ပြန်သော စိတ်မျိုးမထားခဲ့ဘဲ အစ်ကိုသားချင်းလိုသာ ဖြူစင် သည့် ခင်မင်မှုကိုထားခဲ့သည့် မခင်ရွှေသည် ကြင်ကြင်တို့ အသိုက်အ၀န်းမှ လှိုင်းဂယက် ပုတ်သလို မထိခလုတ် ထိခလုပ် ပြောနေကြသည့် စကားတွေကြောင့် မောင်စိန်းမောင် ရှိနေရာ ခြံကြီးသို့ပင် မသွား တော့ ဘဲ လမ်းဖြတ်ထားခဲ့သည်။
ယခု မောင်စိန်းမောင် ရှိနေနရာ ရေပြာအိုင်ရွာကို ခွဲခွာရန် အဆင်ပြေသော အကြောင်း က ပေါ်လာသည်။ ထို့ကြောင့် ၀မ်းသာ ၀မ်းနည်း ဖွယ်သော အကြောင်းမျိုးစုံကို ရင်ဝယ်ပိုက်ပြီး ထွက်ခွာ လာခဲ့သည်။ စိတ်ခိုင်မာ သောသူ ဖြစ်လျက်နှင့် ခွဲခွာရတော့မည့် နောက်ဆုံးအချိန်နှင့် စိတ်ထိခိုက်စရာကောင်းအောင် မောင်စိန်းမောင် ပြောလိုက်သည့်စကား၊ တောတန်းလေး အကွေ့ထဲသို့ လှည်းဝင်တော့မည့် ဆဲဆဲဝယ် မခင်ရွှေ သည် သူနှစ်ရှည်လများ နေထိုင်ခဲ့သည့်ရွာ၊ သူသံယောဇဉ်ကြီးလှသည့် ကလေးငယ်များ ရှိနေသည့် ရွာ၊ သူ့အပေါ်မှာ သွေးရင်းချာလို မေတ္တာထားသည့် ဘွားရွှေအိမ် တို့ သားအမိ နေကြသည့်ရွာ၊ ဤ ရေပြာအိုင်ရွာ ကို နောက်ဆုံး မျှော်ကြည့်လိုက်သည်။
ထိုအခါ သူ့အပေါ်မှာ ကြီးမားသော စွဲလမ်းချစ်ခင်မှု ဖြစ်နေသူ မောင်စိန်းမောင် ၏ ကြေကွဲစွာ လှမ်းမျှော်ကြည့်နေ သည့် သဏ္ဍာန်ကို ပြတ်သားစွာ မြင်လိုက်သည်။
လှည်းက တောတန်းအကွေ့ထဲကို ၀င်လိုက်ပြီ ဖြစ်သည့်အတွက် မောင်စိန်းမောင်၏ ကြေကွဲ လွမ်းဆွတ် သည့် သဏ္ဍာန် သည် မခင်ရွှေ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားစေကာမူ မခင်ရွှေ၏ နှလုံးသားထဲတွင်ကား လွမ်းလွမ်း ဆွေးဆွေး မျှော်ကြည့်နေသော မောင်စိန်းမောင်သဏ္ဍာန်သည် မေ့ပျောက်မရတော့ဘဲ ဖြစ်သွားသည်။
စိတ်ထဲတွင် ၀မ်းနည်းသလို ဖြစ်သွားသည်။ ရင်ထဲမှာ ဟာသလိုဖြစ်သွားသည်။
'' အို..သူနဲ့ငါဘယ်လိုမှ မဖြစ်နိုင်တာကို သူလည်းသိတယ်၊ ငါလည်းသိတယ်၊ သူက စွဲလမ်းနေလို့ ဖွင့်ပြော တာတောင် မှ ငါမတုန်မလှုပ် တည်တည်ငြိမ်ငြိမ် နေခဲ့နိုင်ပါရက်နဲ့ သူ့ရုပ်ဏ္ဍာန်ကို ဘာကြောင့် ငါမနေနိုင်ဘဲ တုန်လှုပ် နေရတာလဲ''
မခင်ရွှေ သည် စိတ်တင်းသော အတွေးမျိုးတွေးကာ မျက်စိမှိတ်ပြီး ဦးခေါင်းကို သွက်သွက်ခါလိုက် မိသည်။
သူ့မျက်စိထဲ မှာ မြင်ယောင်နေသော မောင်စိန်းမောင်၏ ရုပ်သွင်ဏ္ဍာန်ကတော့ ပျောက်သွားပါ သည်။ သို့သော် နှလုံးသားထဲမှာ မှုန်မှုန်မွှားမွှားလေးတော့ ထင်ကျန်ရစ်သည်ကို မခင်ရွှေသိတိထား မိဟန် မတူလေ။
အခန်း(၂)
မခင်ရွှေ အလယ်တန်းပြ ဆရာမအဖြစ် တာဝန်ယူရသည့် ကျောင်းရှိသည့် မြို့ကလေးကား မီးရထားဘူတာရုံ ရှိသည်။ မီးရထားဘူတာရုံနှင့် မြို့ကလေးသည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းသူ နည်းပါးပြီး အားလုံးလိုလိုသည် အရောင်းအ၀ယ် အလုပ်ဖြင့်သာ နေထိုင်ကြသည်။ အရောင်းအ၀ယ်သမား များပြားပြီး မီးရထားဘူတာရုံ ရှိနေသော မြို့ကလေးဖြစ် သောကြောင့် စည်စည်ကားကားပင် ဖြစ်သည်။ ထိုမြို့လေး ၏ အလယ်တန်းကျေင်း အဖြစ်တိုးမြှင့်ရန် ရည်ရွယ်ချက်ရှိသည့် မခင်ရွှေ ကြားသိရသည်။
မည်သည့် အတန်းရှိသည့် ကျောင်းဖြစ်စေ၊ မခင်ေ၇ွှကား သူတာဝန်ထမ်းဆောင်ရသည့် နေရာမှာ ရှိနေသည့် သူ သင်ကြားပေးရမည့် ကလေးတွေကိုမူ သူတတ်သမျှ စေတနာထား သင်ကြားပေးရန် ကား စိတ်ထက်သန် သူလေး ဖြစ်သည်။
စာသင်ကျောင်း သည် မြို့ကလေး၏အစွန်မှာ ရှိပြီး ကျယ်ဝန်းသော ကျောင်းဝိုင်းထဲမှာ သပ်ရပ်လှပသော အဆောက်အအုံ ဖြစ်သည်။ ကျောင်းတစ်ဖက်တွင်မူ လယ်ကွင်းအချို့နှင့် တောတန်းလေး ရှိသည်။ ကျောင်းဝင်း ၏ တစ်ဖက်တွင် ခပ်လှမ်းလှမ်းတွင်မူ ကျယ်ဝန်းသော ခြံကြီး တစ်ခြံနှင့် ခြေတံရှည် ပျဉ်ထောင်သွပ်မိုး အိမ်တစ်လုံးသည် ခြံကြီး၏ အလယ်လောက်မှာ ရှိနေသည်။
''ဆရာမ နေရေးထိုင်ရေးအတွက် ကျွန်တော်တို့ ကူညီပါရစေ၊ ဆရာမ စိတ်ထဲမှာရှိတာ ပြောပါ'' ဟူသော စကား ကို ကျောင်းအုပ်ဆရာကြီး က ဖော်ရွေစွာ ပြောသည်။
ကျောင်းအုပ် ဆရာကြီးကား အသက်အရွယ် အတော်အတန်ပင် ကြီးရင့်နေပြီ။ သူ့ဇနီး၊ သားသမီးများနှင့် မြို့ထဲ မှာ နေထိုင်သည်။ ဤမြို့လေး၏ ဇာတိချက်မြှုပ် ဖြစ်သည်။
''ကျွန်မ အနေနဲ့ ကတော့ ကျောင်းနဲ့နီးနီး သင့်လျော်တဲ့ အိမ်တစ်အိမ်မှာ ထမင်းလခပေးစားနေလို့ ဖြစ်မယ် ဆိုရင် အဲဒီလိုအိမ်မျိုးမှာ နေချင်ပါတယ် ဆရာကြီး''
''ကျောင်းနဲ့ နီးနီး ဆရာမ နေချင်တယ်ဆိုရင် ဟောဟိုခြံကြီးထဲက အိမ်မှာနေနိုင်မလား၊ အိမ်ရှင်များကလည်း နွမ်းပါး ကြတော့ ဒီလိုထမင်းလခနဲ့ ကျွေးရမယ်ဆိုရင် လက်ခံကြပါလိမ့်မယ်။ အဲထမင်းလခအပြင် နေထိုင် ရတဲ့ အိမ်ခန်းခလေးတော့ ဆရာမသင့်တော်သလို ကြည့်ပေးလိုက် ပေါ့၊ တစ်ခုတော့ ရှိပါတယ်ဆရာမ''
ဆရာကြီးစကားက အဆံးမသတ်သေးလေ။
''ဘာဖြစ်လို့ပါလဲ ဆရာကြီး''
''သူတို့အိမ်က ငြီးငွေ့စရာလည်းကောင်း၊ နောက်ပြီးတော့လည်း စိတ်မချမ်းသာစရာလေး ရှိတယ်လေ။ သူတို့က ထမင်းလခပေးစားတဲ့လူကို စိတ်တိုင်းကျအောင် ချက်ကျွေးတော့ ပေးရတဲ့လခနဲ့ တန်တယ် ဆိုရပေမယ့် အဲဒီ စိတ်ချမ်းသာစရာလေးတွေ၊ ငြီးငွေ့စရာလေးတွေ ရှိနေလို့ လူရှောင်တယ်ဆိုရမယ်။ ဆရာမ လိုပဲ တခြားက ပြောင်းလာတဲ့ အမှုထမ်းနှစ်ဦးဆိုရင် ရုတ်တရက် နေစရာရှာမရသေးခင်၊ အထာ မကျသေးခင် မှာ အခုလိုပေါ့ ထမင်းလခပေး စားခဲ့ကြတယ်။ ဒါပေမယ့် နှစ်လပြည့်အောင် ဘယ်သူမှ မနေနိုင်ခဲ့ကြဘူး။ စိတ်မချမ်းသာဘူးဆိုပြီး တခြားမှာဖြစ်သလို ရှာနေကြတယ်။ လူနှစ်ယောက်ရှိပြီ ပြောင်းကြတာ။ အခုတော့သူတို့ကိုယ်တိုင် ကလည်း နာမည်ပျက်တော့ နည်းနည်းရှက်ကြလားမသိဘူး၊ ပြောင်းရွှေ့ ရောက်လာတဲ့ ဆရာ ဆရာမအသစ်ကို အရင်ကလို အိမ်ခန်းရမယ်၊ ထမင်းလခပေး ကျွေးမယ် လို့ မပြောတော့ဘူး''
ဆရာကြီးပြောသည့် စကားတွေကို မခင်ရွှေ စိတ်ဝင်စားလာမိသည်။ ဆရာကြီးရုံးခန်းက လှမ်းမြင်ရသော ထိုခြံကြီး ကို မျှော်ကြည့်သည်။
ခြံကြီး သည် တော်တော်ပင် ကျယ်ဝန်းသည်။ ကြီးမားသော သရက်ပင်ကြီး၊ မရန်းပင်ကြီးတွေက ခြံကြီး တစ်ခုလုံး အုပ်ဆိုင်းနေသည်။ ကြီးမားသော သစ်ပင်ကြီးတွေသည် တစ်ခြံလုံး ညို့ညို့မှိုင်းမှိုင်း ဖြစ်နေသော်လည်း သရက်ပင်နှင့် မရန်းပင်ကိုသာ မခင်ရွှေသိသည်။ အခြား သစ်ပင်ကြီးတွေကို ဘာပင် တွေမှန်း မခင်ရွှေ မသိချေ။
''သရက်ပင် မရန်းပင်တွေ ကတော့ မှိုင်းနေတာပဲ၊ အသီးတွေခူးရောင်းရင် တော်တော် ပိုက်ဆံရမှာ''
မခင်ရွှေ က မျှော်ကြည့်နေရာမှ အမှတ်မထင် ပြောလိုက်မိသည်။ ထိုအခါ ဆရာကြီးက....
''ဒီအပင် တွေ သီးတယ်လို့ ဆရာမ ထင်လား''
ဟုမေးသည်။ မခင်ရွှေက ခြံကြီးကို မျှော်ကြည့်နေရာမှ ဆရာကြီးဘက်ကို ကြည့်လိုက်သည်။
''သရက် နဲ့ မရန်းကတော့ သီးမှာပေါ့ ဆရာကြီး၊ တခြားအပင်တွေက ဘာပင်တွေလဲ မသိဘူး''
မခင်ရွှေ ဖြေလိုက်သည်။
''တခြားအပင်တွေကတော့ တောင်သလဲပင်နဲ့ ကနစိုးပင်တွေပဲ၊ အားလုံးက သစ်ပင်ကြီးမျိုးဆိုတော့ တစ်ခြံလုံး အုပ်ဆိုင်းနေတာပေါ့။ ဟိုတုန်းကတော့ သီးခဲ့ကြတာပေါ့ ဆရာမ။ သူ့အချိန်ရောက်ပြီ ဆိုရင် မရန်းနဲ့ သရက်ကလည်း ခူးမနိုင်အောင် သီးခဲ့ကြတယ်။ တောင်သလဲ ဆိုတာကလည်း တကယ် မှည့်ပြီဆိုရင် တကယ်စားကောင်းတဲ့ အသီးတစ်မျိုးပေါ့၊ ဟို...ရှေးစာဆိုတော်တွေတောင် စာဖွဲ့ခဲ့ကြတာ ဆရာမ ကြားဖူးပါလိမ့်မယ်''
ဆရာကြီး ပြောစကားကြောင့် မခင်ရွှေသည်...
''သစ်ပုလွေ၊ တောင်သလဲရယ်နဲ့၊ နရွဲထောက်ရှာ၊ ရှုတိုင်းငဲ့သာ၊ မာလကာကွယ့် ကနစိုး''
ဟူသော ရှေးဟောင်းကဗျာလေးကို စိတ်ထဲက ကြားယောင်လိုက်မိသည်။ မခင်ရွှေက ဆရာကြီး ဆက်ပြော အံ့သော စကားကို နားထောင်နေလိုက်သည်။ ဆရာကြီးသည် စိတ်ရှည်စွာဖြင့် မခင်ရွှေ သိလိုဟန်ဆန္ဒကို ရိပ်မိသည့် အလျောက် ဆက်ပြောလိုက်သည်။
''သူ့ပင်ရင်း ဥစ္စာရှင် ရှိစဉ်ကတော့ ဆရာကြီးအခုတင်က ပြောခဲ့တဲ့အတိုင်းသီးခဲ့ကြတယ်။ ခြံထွက် အသိးအနှံ တွေ ရောင်းရတဲ့ ငွေကကိုတော်တော်မြတ်မြတ်ကလေး ရတာကြောင့် စားလောက် သောက်လောက်ရှိခဲ့ကြတာပေါ့။ အဲ.... နောက်လူလက်ထဲလည်း ရောက်ကုန်ရော၊ ဘာဖြစ်ကုန်တယ် မပြော တတ် တော့ပါဘူး။ သစ်ပင်တွေ မသီးတော့ဘဲဖြစ်သွားကြတယ် ဆရာမရဲ့''
နားစိုက် ထောင်နေသော မခင်ရွှေသည် များစွာစိတ်ဝင်စားလာသည်။
''ဒါဖြင့် အခုနေကြတဲ့လူတွေက အရင်မူလ ပင်ရင်းဥစ္စာရှင်တွေနဲ့ ဘယ်လိုတော်စပ်ကြပါလဲ ဆရာကြီး''
''အခုလက်ရှိ နေထိုင်တဲ့ ဇနီးမောင်နှံက မူလပိုင်ရှင်ထံက တစ်ဆင့်ဝယ်ထားတဲ့ ခြံရှင်ရဲ့ တပည့်ရင်းတွေပဲ။ သူတို့မှာ သာသမီး တစ်ယောက်မှ မရှိကြဘူး။ အခုရှိနေတဲ့ ကလေးမလေးက ကွယ်လွန်ကုန်ကြတဲ့ တစ်ဆင့် ၀ယ်ခြံရှင် ရဲ့ သမီးလေး ဆရာမရဲ့၊ သနားစရာတော့ ကောင်းပါ တယ်လေ''
ဆရာကြီး က စိတ်မကောင်းဟန်ဖြင့် ပြောလိုက်သည်။
''ဘာဖြစ်လို့လဲ ဆရာကြီး''
မခင်ရွှေ မေးသည်။
''စိတ်မနှံ့ရှာဘူး ဆရာမရဲ့၊ အဲဒါကြောင့်လည်း လူရှောင်ကြတာပေါ့။ အဲဒါ ... ဆရာမ၊ ရုတ်တရက် အဆင်ပြေ တဲ့အိမ် မတွေ့သေးခင်မှာ နေချင်တယ်ဆိုရင် ခဏတစ်ဖြုတ်တော့ နေလေ၊ ဆရာကြီး အိမ်ရှာကြည့် လိုက် ပါဦးမယ်''
''စိတ်မနှံ့တဲ့ အမျိုးသမီးက အရွယ်ဘယ်လောက် ရှိပါပြီလဲ ဆရာကြီး''
''မကြီးသေးပါဘူးကွယ်''
ဆရာကြီးက ပြောရင်းဆိုရင်း ထိုခြံကြီးဆီသို့ မျှော်ကြည့်လိုက်သည်။ ထို့နောက်...
''ဟော ....ဟော....ဟိုကလေးမလေးပဲ ဆရာမ''
ဟု ဆိုကာ လက်ညှိုးညွှန်ပြလိုက်၏။
မခင်ရွှေသည် ဆရာကြီး လက်ညွှန်ပြသရာသို့ ကြည့်လိုက်သည်။ ခြံကြီး၏ အ၀င်ဝနား သစ်ပင်ကြီး တစ်ပင်အောက်ဝယ် ညိုညစ်ညစ်ရောင် ထဘီ၊ ဖြူညစ်ညစ်ရောင် အကျီင်္ဝတ်ထားသည့် မိန်းကလေး တစ်ယောက် ကို မြင်ရသည်။ အသက်အရွယ်ကိုမူ အနီးကပ် ကြည့်ရမြင်ရသည် မဟုတ်သေးသောကြောင့် မခင်ရွှေ က အမှန်အတိုင်း မခန့်မှန်းနိုင်ဘဲ ဖြစ်နေသည်။ သို့သော် အသက်အရွယ်မှာ အနည်းငယ်တော့ ငယ်ရွယ်သူ ဖြစ်ပေလိမ့်မည်ဟု မခင်ရွှေ ထင်မိသည်။ အသားရောင်က ဖြူဖွေးသည်ကိုတွေ့ရသည်။ ဆံပင်တွေ က ဦးခေါင်းထက်မှာ ဖွာရရာကျနေသည်။
ထိုအမျိုးသမီး သဏ္ဍာန် သည် သစ်ပင်ကြီးအောက်မှာ ရပ်ပြီးခြံဝင်းအပြင်ဘက်ကို မျှော်ကြည့် နေသည်။
အဝေးက တွေ့ရမြင်ရသည်ပင် ဖြစ်သော်လည်း ဘာကြောင့်မှန်းမသိ၊ မခင်ရွှေသည် ထိုအမျိုးသမီး သဏ္ဍာန် ကို ကြည့်ပြီးစိတ်ထဲက တနားနေသည်။ ကျောင်းအုပ်ဆရာကြီးက စိတ်မနှံ့ သူဟုပြောခဲ့သည်။ ယခု မခင်ရွှေ အမြင် မှာ စိတ်မနှံ့သူနှင့် မတူဘဲ၊ ကြီးစွာသော ပူဆွေးသောက ဖြစ်နေသူ သို့မဟုတ် အကျဉ်းအကျပ် ဒုက္ခ တွေ့နေသူ ၏ သဏ္ဍာန်မျိုးဟု မခင်ရွှေစိတ်မှာ ထင်လိုက်မိ၏။
ထိုအမျိုးသမီး မျှော်ကြည့်နေသည့် ဟန်မူရာက စိတ်နောက်နေသူ၊ ရူးသွပ်နေသူတို့၏ ဟန်မျိုးမဟုတ်ဘဲ အားကိုးရာ တွေ့နိုးနိုး မျှော်လင့်စောင့်စား ကြည့်မျှော်နေသည့် အသွင်မျိုးဖြစ် သည်ဟု မခင်ရွှေ ထင်လိုက် မိသည်။
ဆက်ရန်
.

4 comments:
ရောက်တတ်ရာရာကို အခေါက်အခက်ခါခါ လာဖတ်တယ်....
မောင်စိမ်းမောင် ၊ မခင်ရွှေ တို့ ရဲ့  မချိတင်ကဲ
လမ်းခွဲက စ တော့ တာပဲဗျို့ ။
ကျွန်တော့် ကို ဒရွတ်တိုက်ဆွဲခေါ် သွားတာလေ..။
မရယ်ပါနဲ့ ၊ တကယ် ထိ ပါတယ် ၊ ဟတ်ဒ် ကိုလေ၊
အမြဲတန်း လာကြည့် တော့ မယ် ရေပြာကို..
အမရေ..ရှဲ့ရှဲ့နီ။
ကျေးဇူး
အရိဂတိုး
မြတ်နိုး
ရေပြာကိုစမဖတ်ခင် ကွန်မန့်ကိုအရင်ဖတ်မိတယ် ဘာလို့လဲဆိုတော့ ငယ်ယုံပူဘော်ကိုဖတ်လိုက်တာ နောက်စာထပ်ဖတ် နိုင်ဖို့ နာရီဝက်လောက်ကြိုးစားရတယ် အခုသူများတွေမန့်ထားတာတော့ ဒရွတ်တိုက်ဆွဲခေါ်သွားတယ်တဲ့ ကျွန်တော်လဲအဲလူခြေထောက်ကို ဆွဲပြီးလိုက်ခဲ့ပြီဗျို့
Post a Comment