Friday, November 12, 2010

သဒိုး အပိုင်း (၁ဝ)

တစ်ရက်……..

ပန်းညို အခင်းထဲ သွားနေတုန်း ဒိုးကလေး အိမ်ကိုရောက်နေတယ်။ အခင်းထဲမှာက ဘယ်သူ ခူးစားစား ရယ်လို့ မြေကလေး ဖျာသုံးလေးချပ်စာလောက်မှာ ငရုတ်၊ ရုံးပတီ၊ ချဉ်ပေါင်၊ ခရမ်း စသည်ဖြင့် စိုက်ထားတော့ တစ်အိုးစာ တစ်နပ်ချက် သွားခူးတာပါ။ ပန်းညိုရဲ့ စိုက်ခင်းကို ရွာကလည်း စားချင်သူကတစ်ချက်စာ တစ်ခါကြော် ကြုံသလို ခူးကြတယ်။ ပန်းညို ၀ိုင်းထဲဝင်လာ တော့ တဖျန်းဖျန်း ရိုက်သံ တွေ ဆက်တိုက်ကြားရလို့ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားခဲ့တယ်။

ဝိုင်းထဲ ရောက်တော့ ဒိုးကလေးက ၀ါးခြမ်းမာမာ တစ်ချောင်းနဲ့ နွားတွေကို ကျုံးရိုက်နေတာ တွေ့ရပြိ။ ပန်းညိုက ဆံပင်ကို ချက်ချင်း ပြင်ထုံးလိုက်တယ်။ ထဘီကို တိုတိုပါ အောင်ဝတ်ပြီး ဒိုးကလေးကို ၀င်လုံးတယ်။ ပန်းညို ရုတ်ရက် ရောက်လာတာကိုလည်း မသိလိုက်တော့ မြေပေါ်ကို ပက်လက်လဲ ကျသွားတယ်။ ဒါပေမယ့် ဒေါသနဲ့ ချက်ချင်းထာတဲ့ပြီး ပန်းညိုကို ၀ါးခြမ်းနဲ့ ကျော်ဖြတ် ရိုက်လိုက် တယ်။ ဖျင်းခနဲ နာကျင်သွားရာက ပန်းညို လူစိတ်ပျောက်သွားတယ်နဲ့ တူပါရဲ့။ ဒိုးကလေး သျှောင် ကိုဆွဲပြိး ဂုတ်ကို ဖိနှိပ် ထားရာက ကျောကို အုန်းခနဲ အုန်းခနဲ ထုတော့တာပါ။ ဘယ်နှချက် ထုမိတယ် မသိဘူး။ ဒိုးကောင်းက အမေရေ လို့ အော်ပြေးလာလို့ ရပ်လိုက်ရတယ်။ နွားတွေကတော့ ဒိုးကလေး ဘယ်လောက်တောင် ရိုက်ထား တယ် မပြောတတ်ဘူး။ နောက်ကို ပေဆုတ်ဆုတ်ရင်း ကြိုးရှိသလောက် ရုန်းနေကြလေရဲ့။ နွားတစ်ကောင် များ ဆတ်ဆတ်တုန်နေ လိုက်တာ သနားစရာတောင် ကောင်းတယ်။

ပန်းညိုက ဒိုးကလေးလဲနေတဲ့အတိုင်း ပစ်ထားခဲ့ပြီး အိမ်ပေါ်တက်လာခဲ့တယ်။ ကနေ့တော့ ဒိုးကလေးနဲ့ ပန်းညို လယ်ကံမယားကံ ကုန်ပြီနဲ့တူပါရဲ့။ လနဲကချီ နှစ်နဲ့ချီပြီး မျိုသိပ်ခဲ့ရတဲ့ ဒေါသ၊ သဒိုးဦးကြာပေါ်ရဲ့ သမီး ဆိုတဲ့ ဗီဇ၊ အပြစ်မဲ့တဲ့ နွားတွေကို သေလုအောင် ရိုက်ရပေါ့ မလားဆိုတဲ့ အငြိုး…..။ အားလုံး စုဆုံ ကျရာက ပန်းညို ပွင့်ထွက်သွားခဲ့တယ်။ အိမ်ရှေ့ အိမ်နဲ့ ဘေးအိမ်က လူတေါ ရောက်လာပြီး ဒိုးကလေးကို ထူပေး ကြတယ်။ အိမ်ရှေ့ကပြင်ပေါ် အသာလှဲပေး ထားခဲ့ကြတယ်။ တစ်ရေးနိုးတော့ ပန်းညို ဒေါသ တွေပြေပြီ။ လင်လှဲနေရာက ပြင်ဘက် ထွက်လာတော့ ဒိုးကလေးက ငုတ်တုတ်။ ချည်တိုင်ကနွားတွေကို ညအမှောင် ထဲက လှမ်းကြည့်နေတယ်။ ပန်းညိုက ဒိုးကလေးဘေး ၀င်ထိုင်ပြီးမေးတယ်။

"တော် ဘာလုပ်သာတုံး……. ကျုပ်နွားတွေမှာ ဘာအပြစ်ရှိလို့တုံး……. တော်ရိုက်ထားသာ နွားတွေကို သွားကြည့်စမ်း…… အဖီးချင်း ယှက်နေသာများ နာနတ်သီးသာ ကြည်တော့ ကျုပ်လည်း ဒေါသ မထိန်းနိုင်ဘူး တော်……… တောင်းပန်ပါရဲ့……"
ဒိုးကလေး က သူဘာလုပ်ခဲ့တယ်ဆိုတာ မသိသလို နှုတ်ဆိတ်ကြီးနဲ့ ထိုင်နေတယ်။ တော်တော် ကြာမှ စကားတစ်ခွန်း ပြော လေရဲ့။ သည်စကားကြားတော့် ပန်ညို တုန်လှုပ်သွားခဲ့ ရပြီ။ သူ့အဖေ သဒိုးဦးကြာပေါ် တုန်းက တစ်ခါကြားခဲ့ရသလို ခုလည်းလင်က သည်စကား ပြောပါ့ပကော။

"ငါ ၀ိုင်းထဲဝင်လာတော့ နွားတွေက ငါ့ကိုနှာမှုတ်ကြသယ်…… ငါ့ကိုခွေ့ဖို့ အားယူကြသယ်……… ခွာတွေရှပ်ပြီး တဘူးဘူး အော်ကြသာများ သုံးကောင်စလုံးပဲ…. ဒါနဲ့ ၀ါးခြမ်းဆွဲပြီး ရိုက်ပစ် လိုက်သာ…… မှတ်ကြ ရောဟ…….."

ဒိုးကလေးက ပြောနေပေမယ့် ပန်းညိုက ဖအေဘိုးကြာပေါ်ကို စိတ်ရောက်သွားခဲ့တယ်။ အဖေလည်း သည်လိုဖြစ်ခဲ့ဖူးတာပါလား။ တစ်ခါက အဖေ့ကို လူတေါက သွေးအလူးလူးနဲက ရွာထဲအိမ်ကို ပြန်ပို့ခဲ့ကြတဲ့ အဖြစ် ကို ပန်းညိုမမေ့ဘူး။ အဲသည်နေ့က အဖေချောက်ထဲကို စောစော ရောက်သွားခဲ့တယ်။ သည်တုန်း ကတော့ အိမ်က စောစောထသွားတဲ့အခါတွေပေါ့။ ချောက်ထဲမှာ နေ့ရော ညပါ မနေသေးဘူး။ မနက် နေထန်းတစ်ဖျား လောက်က နွားတွေထဲမှာ ရှားရှား ပါးပါးချိုလက်ပြတစ်ကောင် ဆွဲလာခဲ့သတဲ့။ ချိုကုပ် ချိုတောင်၊ ချိုတယ်လူးစသဖြင့် ချိုအမျိုး မျိုးထဲမှာ ချိုလက်ပြက ထူးခြားတဲ့ချို။ ချိုတစ်ဖက်တောင် ချိုတစ်ဖက်လဲ ဆိုတော့ သူများ လက်ပြ သလိုဖြစ်နေလို့ ချိုလက်ပြ ခေါ်တာပါ။ နွားက နသန်တော့ မဟုတ်ဘူး။ အိုပြီ။ ဆွဲလာသူက သူ့နွားဖြစ်ကြောင်း၊ မကြာခင် ရွာက အသားသယ်မယ့် လှည်းလိုက်လာမယ့် အကြောင်း ပြောပြီး ဘိုးကြာပေါ်ကို အပ်တယ်။ ဘိုးကြာပေါ် ကအေးအေးပါပဲ။ ဆေးလိပ်တစ်ဖွားတောင် သောက်နေ  လုက်သေးတာပါ။
"မင်းက ဘယ်ရွာကတုံး"

"အိုးဖုတ်ကုန်းက"
"မင်းတို့ရွာတွေမယ် ဒိုးမရှိရော့လားကွာ……. အဝေးကြီး ဆွဲလာရသယ်လို့………"
"ရွာမှာ မလုပ်ချင်လို့ဗျ……… ရွာကမလုပ်ဖို့ တားနေကြသာ…. ကျုပ်ကလုပ်ချင်လို့ ဆွဲလာသာ.. အသား တော့ မြိုင်လှဈေး သွင်းရမှာပဲ……"
"မင်းနွားက ချိုလက်ပြပါကောကွ….. ရှားကရှားနဲ့……. အကျိုးကောပေးခဲ့ရဲ့လား………."
"ပေးသယ် မပေးသယ် မှုတ်ပေါင်ဗျာ……… နကန်ချက် နာတော့ ထလုပ်သာမျိုးပါ"

သည်အချိန်မှာ နွားရှင်က ချိုလက်ပြ နအိုကြီးကို အနားက သဖန်းပင် ပင်စည်မှာ ချည်တယ်။ ဘိုးကြာပေါ်က တဲထဲ ၀င်ပြီး ရေသောက်တယ်။ အိုးကခေါင်အဆင်းက အခြင်တန်းမှာ ကြိုးနဲ့ ဆိုးထားတဲ့အိုး။ သောက်ချင် သူက လှမ်းခပ်သောက်လို့တော့ရတယ်။ ဘိုးကြာပေါ်က ထိုင်လျက်က ဓားရွေးနေ တုန်းမှာပဲ နွားချည် ထားတဲ့ ကြိုးကထောင်းခနဲ ပြတ်ပြီး နွားက တဲထဲကို ရှိသမျှအားနဲ့ ၀င်ခွေ့တော့ တာပါ။ ရေသောက်နေတဲ့ နွားရှင် က ဘေးဘက်က ခပ်သောက်နေတာဆိုတော့ နွားဝင်လာတာ လည်းမြင်ရော နောက်ကို ခုန်ဆုတ် လိုက်တယ်။ ဒါပေမယ့် ဘိုးကြာပေါ်က တော့မလွတ်ပါဘူး။ ငုံ့ခတ်လိုက်တဲ့ ချိုချက်နဲ့ နောက်ကို လွင့်သွား ရာက တဲတိုင်ကို ကျောနဲ့ဆောင့်မိသွားတယ်။

တဲတိုင်အညွတ်မှာ ရေအိုးက ကြိုးဆိုင်းပြုတ်ပြီး ဘိုးကြာပေါ်ခေါင်းပေါ် တည့်တည့်ကြီး ကျလာတယ်။ နွားဆောင့် တဲ့ ဒဏ်ရာ၊ တိုင်နဲ့ ကျော်နဲ့ ရိုက်မိတဲ့ ဒဏ်ရာ၊ ရေအိုးပြုတ်ကျတဲ့ ဒဏ်ရာ တွေနဲ့ ဘိုးကြာပေါ် မေ့သွားတော့ တာပါပဲ။ ဒါတောင် ဘိုးကြာပေါ်ကို တရှူးရှူးအော်ပြီး ခတ်နေတုန်းပါ။ နွားရှင်က ချက်ချင်းပဲ ပြတ်သွား တဲ့ ကြိုးစကျန်တာကို ဖမ်းပြီး နဖားကြိုးလှန်ဆွဲ တော့မှ အခွေ့ရပ်တော့ တယ်။ သခင် ကိုက်လိုက်မှန်း သိတော့နွားက ငြိမ်ကျသွားပြီး ဆုတ်ကန် ဆုတ်ကန်နဲ့ တုန်နေရာက ရုန်ပြေးတော့တာပါ။ နွားရှင်ရဲ့ အမဲသည်မယ့် လှည်းရောက်လာတော့ ဘိုးကြာပေါ်ကို လှည်းပေါ်ကောက်တင်ပြီး အိမ်ပြန်ပို့ခဲ့ကြတယ်။ သည်ဒဏရာနဲ့ ဘိုးကြာပေါ် တစ်လလောက် ကုယူရတာပါ။

"အဖေသိတယ်…….. နွားကြီးက ဆွဲလာကတည်းက အဖေ့ကို ပေပြီး ကြည့်နေသာ ပန်းညို မရဲ့ …… အရင်က မဖြစ်ဖူးဘူး… တုန်နေတဲ့နွား၊ ကြောက်နေတဲ့နွား၊ မျက်ရည်ကျတဲ့နွား၊ ပေဆုတ်ဆုတ် လုပ်နေတဲ့နွားတွေ တွေခဲ့ပါရဲ့…….. အဲသည်နွားကတော့ ချည်ထားတဲ့ကြိုးတောင် ပြတ်သွားသာ ကြည့်တော့……. ကံကြီးလို့ မသေသယ်……… အဖေ့ကို နွားတွေ မုန်းကြပြီ"
ဘိုးကြာပေါ် ကိုတော့ ရွာဆေးနဲ့ပဲ ကုခဲ့ရတာပါ။ နံတွေ ကျိုးမကုန်ပေသိ နံရိုးတွေ နိမ့်သွားလို့ တစ်သက်လုံး ခရှိုက်(ခါးရှိုက်)ကြီးနဲ့ နေသွားခဲ့ရတယ်။

နောင်များတော့ နွားတွေကို အမြဲသတိထား ခဲ့ရတယ်။ မကြာမကြာ နွားတွေရဲ့ အတိုက်အချုက်ခံရတာတွေ ရှိခဲ့တယ်။ အခုလည်း လင်သားဖြစ် တဲ့ဒိုးကလေးက သည်စကားမျိုး ပြောနေပါပကော။ နွားတွေက ရန်လုပ်ကြလို့တဲ့။ ဒိုးကလေးနဲက သည်နွားတွေ ကွဲသြွးတာ ဘာကြာသေးလို့တုန်း။ ရန်သူလို သဘောထား ရအောင် ဘာအကြောင်း ရှိလို့တုန်း။ တစ်ရွာက ရောက်လာတဲ့ သူစိမ်းကိုတောင် နွားတွေက ချစ်ခင် ကြပါလျက်ကာ နဲ့ ဒိုးကလေးကျမှာ ဘာဖြစ်လိုက သည်လိုဖြစ်ရတာလဲ။

သည်လို အဖြစ်မျိုး ဒိုးကလေး ကြုံခဲ့ရတာ နှစ်ခါ သုံးခါရှိပါပြီ။ အစတုန်းကတော့ သတိမထားမိခဲ့ ဘူး။ တစ်ခါ က ရွာလှည်းသမား ကိုတေနောင် ရွာထဲလှည်းမောင်း ၀င်လာတာနဲ့ ဒိုးကလေး အနောက်ချောင် အရက်သွား သောက်တာနဲ့ ကြုံတယ်။ ကိုတေနောင်နဲက ဒိုးကလေးက ရွယ်တူတွေ။ ငယ်ငယ်က ကစားဖော် ကစားဘက်။ အရက်ဆိုင်ချောင်က ဒိုးကလေးထွက်လာတာ တွေ့တော့ ကိုတေနောင်က လှမ်း နှုတ်ဆက်တယ်။
"ဟေ့ကောင် ဒိုးကလေး……. စောစောစီးစီကွာ…….. မနက်ရေချခဲ့ရော့လား…… မင်းနဲကတော့ ခက်ပါ့ကွာ……."
"တေနောင်…….. နေဦး……. ငါပါလိုက်မယ်"

ကိုတေနောင်က လှည်းရပ်ပေးတာ့ ဒိုးကလေးက လှည်းရှေ့က ပန်းပြီး လှည်းနောက်မြီးဘက် စိုက်ထိုး စိုက်ထိုး နဲ့ လျှောက်လာတ.်။ အရက်က မူးနေတော့ မဟုန်နိုင်တာနဲ့ အနားကနွား နံဘေးကို လှမ်းကိုင် လိုက်တယ်။ သည်မှာတင် နွားက ဆက်နဲတုန်သွားပြီး ဘူးခနဲ ထအော်ရာ။ ကိုတေနောင်တောင် ကြောင်းသွားလေရဲ့။ ဒိုးကလေးက အကိုင်မခံရကောင်းလားဆိုပြီး လှည်းထမ်း ပိုးတုံးရှေ့သွားရပ်တယ်။ သည်မှာတင် နွားနှစ်ကောင်က ပြိုင်တူအော်  လိုက်ကြပြီး နောက်ကို ကျို့ခနဲ ဆုတ်လိုက်တာကနေ ပတ်ချာလှည့်လိုက်တာ လှည်းတစ်ပတ်လည်ကရော။ လည်လို့လှည်းတည့်သွာတာနဲ့ ရုန်းပြေးကြတော့တာ ဒိုးကလေး ကျန်ရစ်ခဲ့တယ်။ ကိုတနောင်ကလည်း လှည်းက နောက်ကြောင်းပြန်နေတော့ ကြိုးကို စုံဆွဲပြီး တောင့်တယ်။ ရပ်သွား အောင်ပါ မရပ်ဘူး။ နွားတွေက ပြေးလျက်ပဲ။

"ဟကောင်တွေရ….. အဖေ့သားတွေ ဘယ်လိုဖြစ်သာတုန်းဟ……. ရော်ရပ်ကြဦးဟ"
လမ်းပေါ်မှာတော့ မူးမူးနဲက ရပ်နေတဲ့ ဒိုးကလေးပဲ ကျန်ရစ်ခဲ့တယ်။ မျက်လုံးပြူးကြီးနဲ့ လှမ်းကြည့် နေရုံပဲ တတ်နိုင်တော့တယ်။ လှည်းကပြေါ်ပြိး။ ကိုတေနောင်လည်း တဟေးဟေး တဟားဟားနဲ့ ပါသွားလေရဲ့။ သည်အဖြစ်ဟာ ဒိုးကလေးအတွက် ပထမဆုံးဖြစ်ခဲ့တဲ့ အဖြစ်ဆိုတော့ အမှတ်ထင် ထင်ရှိခဲ့တယ်။ သည်အကြောင်း ကိုလည်း ရွာထဲကတစ်ဆင့် ပန်းညိုကြားခဲ့ရပြီးပြီ။

တစ်ခါကလည်း ပန်းညို သတိထားမိလိုက်တာ ရှိတယ်။ ဒိုးကလေးနဲ့သူ မြောက်ရွာက အပြန် ရွာထဲ ၀င်တော့ ကိုဆာမိ နွားအုပ်ကြီးနဲ့ဆုံတယ်။ ကိုဆာမိက ရွာထဲက နွားတွေကို အငှားကျောင်း တဲ့သူဆိုတော့ နွားအကောင်နှစ်ဆယ် အစိတ်အမြဲပါတတ်တယ်။ ကိုဆာမိက နွားတွေနဲ့ ရွာထဲက အထွက် ပန်းညိုနဲ့ ဒိုးကလေး က ရွာထဲအ၀င်။ ရွာဆူးတံခါးနား ဆုံကြတော့ နွားတွေက ရွာဘက် ပြန်လှည့်ကြတယ်။ ကိုဆာမိက လှည့်ပြန်လာတဲ့ နွားတွေကို နကန်နဲ့ ဆီးရိုက်တယ်။ ရိုက်ပေမယ့် နွားတွေက ရိုက်နေတဲ့ နကန်ဆီကိုပဲ စွတ်ဝင် နေကြတော့ ၀ရုန်းသုန်းကား ဖြစ်ကုန်ကြတာပေါ့။ ပုံမှန် အားဖြင့် နွားဆိုတာ နကန်ကို ကြောက်ကြမြဲ မဟုတ်လား။ အခုတော့ ပန်းညိုနဲက ဒိုးကလေး သည်ဘက်မှာ ရှိနေကြတာကို နွားတွေလန့်နေကြတာ ထူးတော့ ထူးဆန်းသားလို့ ပန်းညို အောက်မေ့မိခဲ့သေးတယ်။

အခုလည်း အိမ်က နွားတွေက မခိုးမခန့်ရှိကြပြီ။ မခင်မတွယ်ရှိကြပြီ။ သည်အချိန်မှာ ပန်းညိုက လေအေး ကလေး နဲ့ ဖျောင်းဖျရှာတယ်။ မပြောင်းကောင်းပေသိ လင့်အကျိုးကို ငဲ့ပြီးပြောရတော့တာ ပါပဲ။
"တော် အကုသိုလ် ကြီးနေပြီကော…. အစ်ကို့အလုပ်တွေ ရပ်လိုက်စေချင်ပါပြီ……. ကျုပ်လုပ် ကျွေး ပါ့မယ်တော်…. တော်အရက်သောက်ချင်သောပါ……… ဖဲရိုက်ချင်ရိုက်ပေါ့……. ကျုပ်နပူနဆာ လုပ်တော့ပါးချ…….. သဒိုးအလုပ်တော့ မလုပ်ပါနဲ့တော့……. တော်နဲ့ရတဲ့ ကလေးနှစ်ယောက်မှာ အကြီးကောင်က သဒိုးဖြစ်……. နှမက အမဲလည်ရောင်းရတဲ့ အဖြစ်မျိုး မဖြစ်ချင်စမ်းပါနဲ့ တော်…….."
သည်တစ်ခါတော့ ဒိုးကလေးက ငြိမ်လို့။ သူ့ကိုယ်သူလည်း သိပုံပေါ်ပါရဲ့။ ပန်းညိုမျက်နှာကို လှမ်းကြည့်တယ်။ အိမ်ကလေးထဲမှာ မှောင်နေတော့ ကောင်းကောင်းမမြင်ရဘူး။

"ဒိုးကောင်း တို့ကို ရှင်းပြုရဦးမှာ ရှိသေးတယ်……. ငါပိုက်ဆံရှာရဦးမှာပါ ပန်းညိုရာ…… ကလေးတွေ ရှင်ပြု ပြီးရင် ငါမလုပ်တော့ဘူး အော်မေ့ပါသယ်……… နောက်လေးငါးနှစ်ပေါ့ဟာ….."
ပန်းညို ကတော့ သက်ပြင်းချရုံပေါ့။ အကုသိုလ်ကို တွန်းဖယ်ဖို့ များ ဈေးဆစ်နေရသေးသလား အစ်ကိုရယ် လို့သာ စိတ်ထဲက ညည်းမိပါရဲ့။

ဆက်ရန်
.

2 comments:

ahphyulay said...

ကျွန်တော် ရောက်တဲ့ နေရာကပဲ
ဝင်ဖတ်ခဲ့ တော့ တယ်၊
ဒိုးကလေးရဲ့  အပိုင်းပါပဲ။
အကုသိုလ် တွန်းဖယ်ဖို့ များ ဈေးစစ်နေရသေး
သလား ဆိုတဲ့  စာတန်းလေးက အခု ရောက်နေတဲ့ 
ပို့ (စ) လေးရဲ့  အသက် ပဲ ထှုပါတယ်။

Anonymous said...

မရွှေစင် ပြိုင်တူတင်ပေးနေတဲ့ ဆရာသော်တာဆွေနဲ့ ဆရာမ ခင်ခင်ထူး ဝထ္ထုနှစ်ပုဒ်က တောသူတောင်သား ဆင်းရဲသားဘဝအကြောင်း ဖွဲ့တာချင်း တူတယ်။ မကောင်းမှုနဲ့ ကျင်လည်နေရတဲ့သူကို ဇာတ်လိုက်ထား ရေးတာချင်းလဲ တူတယ်။ ရေးတတ်တာ ဖတ်ကောင်းတာချင်းလဲ တူတယ်။ ဒါပေမယ့် ဆရာမစာက ပိုစိတ်ကြည်နူးရသလိုပဲ။ လူအားလုံး အဆိုးချည်း မဟုတ်တာကို ဖတ်ရင်း မြင်လာတယ်။ ရိုးသားတဲ့ စရိုက်လေးတွေလဲ ပါအောင် ထည့်ထည့်ရေးလို့။

ဆရာသော်တာ့ဆွေ ဇာတ်လိုက်တွေကျတော့ ကလေးအစ လူကြီးအဆုံး ရိုက်ပေါက်လေးနဲ့ ရိုက်ပေါက်ကြီးပဲ ကွာတယ်။ လူကြားမကောင်းအောင် မိုက်ရိုင်းတဲ့ ကလေးရယ် ကြက်ခိုးရုံတင် မကဘူး မနက်စောစော မိန်းမမြင်ရင် ဆွဲလားလွဲလား လက်သရမ်းချင်တဲ့ ဖအေရယ်။ မသိတဲ့သူက တောသားဆို အထင်သေးသွားမှာတောင် စိုးရတယ်။