ကျွန်တော် ဦးကြီးစကားနှင့် စိတ်ပါသလို ဖြစ်မိကာ ...
'ခုချက်ချင်း စပါးက ဘယ်မှာ ရောင်းရမလဲ'
'အမယ်လေး ... ဟောဒီအနား ဆန်သည်မတွေ အပုံကွာ ဟု ဆိုပြီး သူ့အိမ်ခေါင်းရင်းဘက်က အိမ်တွင် အိမ်ရှေ့၌ စပါးဖျာလှမ်းနေသော မိန်းမကို လှမ်း၍ ...
'ဟေ့ ... ဖွားသက်'
ပုဆိုး ခေါင်းပေါင်းကြီး နှင့် စပါးမွှေနေရ၍ မျက်နှာမမော့အားဘဲ ...
'တော'
'နှင် စပါးတစ်တင်းလောက် ၀ယ်မလား'
'ခုတော့ မ၀ယ်နိုင်သေးဘူးတော်ရေ့ ...၊ ကျွန်မတို့က တစ်တင်းပြီးမှ တစ်တင်းဝယ်နိုင်တာ၊ ပိုက်ဆံက လက်ထဲ နှစ်တင်း ရင်းဖို့ ရှိတာ မဟုတ်ဘူး'
'လျှော့ဈေး နဲ့ ရောင်းမယ်ဟယ်၊ တို့က အခုအသုံးလိုလို့' ဤတွင် မဖွားသက် က ခေါင်းမော့ကာ ...
'ဘယ်လောက်နဲ့ ရောင်းမလဲ'
'သုံးကျပ်ပဲတင်း'
'အမယ်လေး ... ဒါ ကျွန်မတို့ လျှောက်ဝယ်နေတဲ့ဈေးပဲတော်၊ ဘယ်မှာ လျှော့လို့တုံး'
'ဒါဖြင့် မူးတင်းထားမယ်ဟာ ... ယူ'
'ဒီတစ်ပဲ သက်သာတာနဲ့တော့ ယူနိုင်သေးဘူးတော်၊ အခု ပိုက်ဆံက ကျွန်မလက်ထဲရှိတာ မဟုတ်ဘူး၊ အမေရယ် အဖေသေတဲ့နေ့မှာ ဘုန်းကြီးငါးပါးလောက် ဆွမ်းကျွေးမယ်လို့ ကတ်သီး ကတ်သတ် စုထားတဲ့ ပိုက်ဆံကလေး ထဲက အကျိုးအကြောင်း ပြောပြပြီး ချေးရမှာ၊ အဲဒါ သုံးပဲ တင်းရရင်တော့ ယူမယ်တော်'
ဤတွင် စုံထောက်ကြီးက ကြားဝင်၍ ...
'အယမ်နေး ဖွားတက်ကယ်၊ နင်နို့လို ဂျဘားသတင်းတုန်းမူ နားမူး ညတ်နေထဲ့ဟာက ဒီပိုက်ချန် ကလေး တမူးတပဲ ကြောနေရတေးလားဟာ'
မဖွားသက်ကလည်း မခေ ...
'ပြောရတယ်' ကိုဂန်ဂျားကြီးရေ့၊ ကျွန်မတို့ စပါးတစ်တင်း က ဆန်ဖြစ်အောင် လုပ်လိုက်ရတာလဲ ကြည့်ဦး၊ မနက် နေထွက်ကတည်းက နေလှန်း၊ ညနေစောင်းမှကြိတ်ထိုး၊ ညမှာ ဆန်ဖွပ်၊ အဲ ... ဆန်ဖြစ်တော့မှလဲ မနက် လေးလေးပင်ပင် ကြီးရွက်ပြီး လျှောက်ရောင်းရသေးတယ်၊ ကျွန်မတို့ အလုပ်က ရှင့်အလုပ်လို ပိုက်ဆံ ရလွယ်တာ မဟုတ်ဘူးတော်ရေ့၊ ရှင်ကတော့ အမှုတစ်ခု စုံထောက်လိုက်ရတယ်ဆိုရင် ပိုက်ဆံငါးမူးမျိုး ခြောက်မူးမျိုး ဘတ်ခနဲ ရတာတော့'
ဦးဖက်ထုပ်ကြီးကလည်း ကြားဝင်ပြန်ကာ ...
'အေးလေ ... ဒါက အလုပ်ကြမ်း နဲ့ ဥာဏ်စခန်းဆိုတော့လဲ ဘယ်တူမလဲဟာ'
ဦးကြီးဖြိုး က ကျွန်တော့်ကို ကြည့်ကာ ...
'ဘယ့်နှယ်လဲကွာ တက်ကလေး၊ တစ်မူးတည်း ကွာတာ ကိုယ် အသုံးလိုတုန်းပဲ ရောင်းလိုက်ကွာ'
ကျွန်တော်က လူကြီးစကား မပယ်ရှားလို၍ ခေါင်းညိတ်လိုက်သည်၌ တ်စဖက်အိမ်သို့ လှမ်းကာ ...
'ဟေ့ ... ဖွားသက်၊ ယူဟာ ပိုက်ဆံတော့ ခုပေး၊ စပါးတော့ ဟော့ဒီ တက်ပုအိမ်မှာ နင်ကြိုက်တဲ့ အချိန်မှာ ခြင်ပေးမယ်'
'အင်း ... အမေ့တောင် ဘယ်လိုက်ရှာရပါ၊ ဒေါ်သာလိတို့ ခြံထဲများ ပြောင်းကူစိုက်ရအောင် သွား လာမသိဘူး၊ ကျွန်မ လိုက်ရှာချေမယ်၊ ဟော့ဒီ စပါးဖျာ ကြက်လာတာ မြင်ရင် တစ်ဆိတ်မောင်း လိုက်ပါတော်'
မဖွားသက် တို့ သားအမိမှာ မအေမုဆိုးမ သမီးမုဆိုးမ အိမ်တွင် ကျီးမောင်း၊ ကြက်နှင့်ခိုင်းဖို့မှ ကလေးမြေးငယ် အခြွေအရံ မရှိ။ သမီးက မအေအိုကြီးကို နွေရာသီ ၌ ကြိတ်ထိုးမောင်းထောင်းဖြင့် ဆန်ရောင်း ၍ လုပ်ကျွေးရသည်။ မိုးတွင်းမှာ သူများလယ်တွင် ကောက်စိုက် မြက်နုတ် အလုပ်ငှားရ သည်။ ဆောင်းအခါ မှာ ကောက်ရိတ်ရသည်။ စပါး ရွက်ရသည်။
အမယ်ကြီးကား မည်မည်ရရ ဘာမျှ မလုပ်နိုင်တော့။ သူ့အိမ်နောက်ဖေးက နနွင်းတက်ပေါ်လျှင် တော့ တူးပြီး အမှုန့်ထောင်း၍ ရွက်ရောင်းနိုင်သေးသည်။ အခြားအချိန်မျိုးဆိုလျှင်ကား ထမင်း တစ်နပ်များ အလကား စားရအောင် အခုန မဖွားသက်ပြောသည့်အတိုင်း ဒေါ်သာလိတို့လို နည်းနည်းပါးပါး ချောင်ချောင် လည်လည် ရှိသော အိမ်မျိုးတို့၌ ပြောင်းစိုက်လို ပေါင်းသင်လို မိမိတတ်နိုင် သမျှ အကူအညီကို ပေးရရှာ၏။ ကြီးကြီး မားမား သားလူပျိုတစ်ယောက် ရှိခဲ့ရာ ရွာကို ကရင်ဝင်စဉ်၌ ကျေးရွာကာကွယ်သည့်ဘက်မှ အသတ်ခံ လိုက်ရသည်။
အမယ်ကြီး၏ မူးစု ပဲစု ပိုက်ဆံကလေး ဖြစ်၍ မဖွားသက် က တော်တော် နှူးရဟန် တူသည်။ ထမင်းအိုး တစ်လုံးချက် လောက်ကြာမှ ကျွန်တော်တို့ ရ၏။
ပိုက်ဆံတို့ မည်သည် လူ၏ ခိုင်းစရာ ဖြစ်လေရာ မကြာမီ၌ အဘွားအိုကြီး၏ ဘုန်းကြီးဆွမ်းကျွေးရန် သည် ကျွန်တော် တို့ အိတ်ထဲ၌ ထန်းရည်ဖိုး အရက်ဖိုး ဖြစ်လေ၏။ ဤပိုက်ဆံသည်လျှင် တစ်ကြိမ် သောအခါ လူသတ်မှု မဖြစ်ခဲ့ဘူးဟု အသူ ပြောနိုင်အံ့နည်း။
'ရော့ဟေ့ .. တက်ကလေး၊ သုံးကျပ်သုံးပဲတင်းပဲ၊ ကိုဖက်ထုပ်ကြီးက ထီစာအုပ်ထုတ်လဗျာ'
ဦးကြီးဖြိုး က အော်ဒါပေး၏။
ဦးဖက်ထုပ် က အိတ်ထဲမှ တစ်အုပ်ထုတ်၍ ...
'ရော့ဟေ့ ... တက်ပု၊ ဟောဒီတစ်အုပ်က နောက်ဆုံး အရွက်၊ ဒါမျိုးက ပေါက်တတ်တယ်၊ မြို့က လူတွေက ဒါကို လတ်စွမ်းလို့ ခေါ်ကြတာပဲကွ၊ ငါတော့ ဘာမှန်းမသိဘူး၊ နံပါတ်ကလဲ အဆန်း ကလေးဟေ့၊ ခ-၇၅၇၅၇၅ တဲ့၊ ၇၅ သုံးခု ကွ၊ လက်ကီးနှမ်းပတ်ပေါ့'
ဦးကြီးဖြိုးက ဖောက်၍ ...
'ခင်ဗျားပြောတာ ရွံစရာကြီးဗျ'
'ဟ ... ဖြိုးကြီးရ၊ ဒါ မြို့က အင်္ဂလိပ်စာတတ်တဲ့ လူတွေ ခေါ်တာကွ၊ ကျက်သရေရှိတဲ့ စကားတဲ့၊ ကဲ့ ... ရော့၊ အတိတ် နေရပ် မင်းဟာမင်း ရေးမလား၊ ငါ ရေးပေးရမလား'
'ကျွန်တော့် ဟာ ကျွန်တော် ရေးမှာပေါ့'ဆိုပြီး သူ့ဆီက ဖောင်တိန်စုတ်ကို ယူလိုက်တာ ဟင် ... ခင်ဗျားဟာ မင် ရှိရဲ့လားဗျ'
'ရှိပါတယ်ကွ၊ ခါ ... ခါ၊ အေး ... ထွက်လာပြီ၊ ရေးတော့'
ချစ်မယား ကို ပြန်ပေါင်းထုပ်ရန် မောင်တက်ပု လှည်းဝင်ရိုးပင်ရွာ စုစပ်မြို့အပိုင်
ဦးကြီးဖြိုး သည် ကျွန်တော် ရေးတာကို ကြည့်ပြီး ...
'ဟာ ... ငါ့တူက မယားကို ဒါလောက်ပဲ အစွဲအလမ်းကြီးတာဟေ့'
'စွဲလမ်းရမယ် ဦးကြီး၊ သူပဲ ကောင်းကျိုးပေးတာ'
'အေး ... အေး ထီပေါက်ပြီး ပြန်ပေါင်းထုပ်နိုင်ရုံ မက ကြက်ပေါင်ကျော် ကလေးနဲ့လဲ တွဲဖက်လို့ မြည်းနိုင် ပါစေ ကွယ်၊ ကဲ ... ဦးဖက်ထုပ် ခင်ဗျာ့စကားအတိုင်း တစ်ကျပ်ပေး၊ ရော့ ... ဖင်ကြားကြီး ဘိုးခိုအိမ်သွား၊ တစ်ကျပ်ဖိုး ဆွဲချေဟေ့'
ကျွန်တော်တို့ စုံထောက်ကြီးမှာ ဤနေရာမျိုးတွင်လည်း ဖင်ပေါ့လှ၏။ ခင်ဗျားတို့ မြို့စုံထောက်ကြီး ဦးစံရှားကား ဒါမျိုး ခိုင်းစေလို့မှ ရပါ့မလား'
ဦးကြီးဖြိုးက ၀င်းဝရောက်သွားကာ ဦးဂန်ဂျားကို လှမ်း၍ မှာလိုက်သေး၏။
'ဟေ့ ... ဖင်ကြားကြီး ခိုကြီးကို တစ်ကျပ်ဖိုး ငါလုံးရအောင် ပြောယူခဲ့ကွာ'
ဦးဂန်ဂျား မှာ လက်တစ်ခြမ်းနှင့် ခြေတစ်ဖက် မသန်ရကား စောင်းငန်းစောင်းငန်း၊ စိုက်ထိုးစိုက်ထိုး နှင့် အရှိန် နှင့် လိမ့်ရသည်ဖြစ်၍ သာမန်လူတို့ထက် ခရီးသွားမြန်၏။
မကြာမီ ကျည်တောက်ကြီးဆွဲ၍ ပြန်ရောက်လာ၏။ ဦးကြီးဖြိုးက ဆီး၍ ...
'ငါးလုံး ရခဲ့ရလားကွ'
'ရခဲ့တယ်၊ ကိုရင်ချိုး က ဆိုလို့ ပေးလိုက်တာတဲ့၊ ဒီကြင်နု ဆို နှေးလုံးနှုန်းပဲတဲ့'
'အေးကွာ၊ ခိုကြီး က ငါ့ဆိုရင် ခင်ပါတယ်' ဆိုပြီး ...
'ဟာ ... ဖင်ကြားကြီးရ၊ အုန်းမှုတ်ခွက်ပါခဲ့ရဲ့လား၊ ငါမေ့လို့ မမှာလိုက်မိဘူး'
'မှာတရာ မနိုပါဘူး ကိုရင်ချိုး ရာ၊ ဒါညိုးကို အနိုနို တိပါတယ်' ဟု ဆိုပြီး သူ့ခါးပိုက်ထောင်မှ အုန်းမှုတ်ခွက်ကို ထုတ်၏။
'အေး ... စုံထောက်ဆိုတာ အဲလို စေ့စပ်မှာပေါ့ကွ၊ ထန်းရည်ဆိုတာ အုန်းမှုတ်ခွက်နဲ့မှ ကောင်းတယ်၊ တချို့ နားမလည် တဲ့ လူတွေက ငါတွေးပြီး ရယ်ချင် သေးတယ်၊ တစ်ခါ ပန်းမောင် အိမ်ကို မြို့ကလူတွေလာတော့ ထန်းရည် ၀ယ်တိုက်တာကိုးကွ၊ ပန်းမောင်ဆိုတဲ့ကောင်က အသောက်အစားဆို ဘာမှ နားလည် တဲ့ အကောင် မှုတ်ဘူး' စကားပြော ၎င်းပထမဆုံးခွက် ငဲ့လိုက် ပြီး ... 'ရော့ ... ဦးဖက်ထုပ် က ကျုပ်တို့အထဲမှာ အကြီးဆုံး အရင်နှိပ်လိုက်' ဟု ခွက်ကမ်းပြီးမှ ... 'အဲဒါ ထန်းရည် အိမ်ရောက်တော့ တကတဲ ဖန်ချိုင့်ထဲ ကို ပိတ်ပါး နဲ့ အထပ်ထပ် စစ်ထည့်ပြီးမှ ဖန်ခွက်နဲ့ တိုက်တာကိုးကွ၊
သူကတော့ မြို့သားတွေ ရယ်ဆိုပြီး သန့်သန့်ပြန့်ပြန် ဖြစ်အောင် ကြိုးကြိုးပမ်းပမ်း ပြုစုရှာတာပါပဲ၊ ဒါပေမယ့် ထန်းရည် မှာတော့ သူ့ပိတ်ပါးနဲ့ အထပ်ထပ် စပ်ထားကြောင့် အထဲ အမှုန်အနှစ်တွေ မရှိတော့ဘူး၊ ဖန်ချိုင့်ထဲ ဖန်ခွက်ထဲ မှာ ထုံးရေလိုကြည်လို ဘာမှ ထန်းရေရဲ့ သဘာဝ သတ္တိ မရှိတော့ဘူး၊ အနံ့ပဲ ရှိတော့တာ ပေါ့လကွာ၊ ရော့ ... တက်ကလေး ... မင့်အလှည့်'
ကျွန်တော်က မယူသေးဘဲ ...
'နေပါဦး ... ဦးကြီးရ၊ ဦးဖက်ထုပ်ပြီးရင် ဦးကြီးက အသက် အကြီးဆုံး မဟုတ်လား'
'ဟ ... ခွက်ကိုင်တဲ့သူက ဘယ်လောက်ပဲ ကြီးကြီး နောက်ဆုံးမှ သောက်ရတယ်၊ ပထမဦးဆုံး တစ်ခွက်သာ အသက်ကြီးဆုံး လူ ရွေးရတယ်၊ နောက်ခွက်တွေကျတော့ အငယ်အကြီး မထားတော့ ဘဲ လူအစဉ်အတိုင်း လှည့်ရတယ်၊ ဒါ အသောက်သမား စည်းမျဉ်းကိုးကွ၊ မှတ်ထား ခွက်ကိုင်တဲ့ လူမှာလဲ အင်မတန် သတိထား ရတယ်၊ ခွက်ကျော် မပေးရဘူး၊ နောက်ဆုံး အပတ်ကျရင် အားလုံး မျှသွားအောင် အမှန်းအဆ နဲ့ ငှဲ့တတ်ရတယ်၊ မသကာ ကိုယ် အငတ်ခံသင့် ခံလိုက်ရတယ်'
ကျွန်တော် သောက်ပြီးသောအခါ၌ ဦးဂန်ဂျားအတွက် ငှဲ့ရင်း ...
ထန်းရေ မှာ ဟော့ဒီလို အမြှုပ် ရှိတယ်ကွ၊ အမှုန် အနှစ်တွေ ရှိတယ်ကွ၊ ပျားကောင်တွေ ပုရွက် ကောင်တွေ ရှိတယ်ကွ။ ဒါကို ပိတ်ပါးနဲ့ စစ်မပစ်ရဘူး၊ အမြှုပ်နဲ့ ပျားပုရွက်ကောင်တွေကို ပါးစပ်နဲ့ မှုတ်သောက်နိုင်ရမယ်၊ ဒါကြောင့် အုန်းမှုတ်ခွက် နှုတ်ခမ်းကျယ်ကျယ်ဟာ ထန်းရည်သောက်ဖို့ရာ အကောင်းဆုံးလို့ ပြောတာပေါ့ကွ'
ဦးဂန်ဂျား သောက်ပြီး ပါးစပ်မှ ချွတ်ချွန်သောအခါ၌
'ဘယ့်နှယ်လဲဟေ့ ဖင်ကြားကြီး ကောင်းရဲ့လား'
ဦးဂန်ဂျားက နှုတ်ခမ်းပါးနားလျက်ရင်း ဟေ့ခနဲ လေတက်လိုက်ပြီး ...
'ဟာ ... ကောင်းတယ်၊ တိတ်ကောင်းတာပဲ'
'အပေါ့ ကောင်းလား၊ အလေးကောင်းလားကွ'
'ကိုရင်ချိုး သောက်ကြည့်လေ'
'ဦးကြီးဖြိုး တစ်ခွက်မော့လိုက်ပြီး ပါးစပ်မြုံလျက် ...'
'အင်း ... သီးရင့် ဖြတ်စပဲကွ အပေါ့ကောင်း၊ မောင်ခိုက ထန်းကိုင် ချိုးခံကောင်းတော့ ဒီဖြတ်စရေ မှာပဲ အချိုဓာတ် အချဉ်ဓာတ်မပါဘဲ ပေါ့ခါးပြီး မွှန်နေတယ်။ အင်း ... ဒါမျိုးမှ မူးတယ်ကွ၊ ဟော့ဒီ ထန်းစဖြတ်စမှာ ထန်းကိုင် ချိုင်းခံမတတ်ရင် ချဉ်ရင်လဲ ချဉ်သကွ၊ ချိုရင်လဲ ချိုလေးနေသကွ၊ ချဉ်ရင် ၀မ်းသက်သကွ၊ ချိုလေး နေရင် မိန်းမကြိုက်ရဟန်းကြီး ကြိုက်ပေါ့ကွာ၊ ဒါပေမယ့် ရင်ကယ် တတ်တယ်၊ ကဲရော့ ဦးဖက်ထုပ်'
ဦးဖက်ထုပ် သည် မသောက်သေးဘဲ ခွက်ကို သူ့ရှေ့ယူချေပြီး ...
'ဖြည်းဖြည်းလကွာ၊ ဇိမ်လေးနဲ့ လုပ်မှာပေါ့'
'ကျုပ် နည်းလည်ပါတယ်၊ ဒီနှစ်ပတ်တော့ သွက်သွက်ကလေး လှည့်လိုက်ဦးမှာပေါ့ဗျ၊ နည်းနည်း ရတီတီ ကလေးရှိမှ စကားစနပြောရင်း ဇိမ်ယူရတာပေါ့၊ ဟော့ နှေးရမယ့် အပတ်ကျတော့ ခင်ဗျာ့ကို ကျွန်တော်က လက်ထဲ အရောက် မပေးဘူး၊ ဟော့ဒီရှေ့မှာ ချထားလိုက်မယ်၊ ခင်ဗျားသောက်ချင် တဲ့ အချိန်ကျမှ ကောက်သောက်၊ ကဲ ... ခုတော့ အမြန်ပဲ ကြိတ်လိုက်ဦး'
ဦးဖက်ထုပ်ကြီး မော့နေရသောအချိန်၌ ဦးကြီးဖြိုးက ကျွန်တော့် ကြည့်၍ ...
'ဟေ့ ... တက်ကလေး၊ မင်းကတော့ အမြည်း လို လိမ့်မယ်၊ သွားကွာ မီးဖိုထဲမှာ မနေ့က ၀က်သားဟင်း ကလေးရှိတယ်'
' အရီးချစ်စု ရှိလား'
'မရှိဘူးကွာ အကုန်သာခပ်ခဲ့၊ ဟော့ဒီ ဦးဖက်ထုပ်လဲ မြည်းရအောင်'
လေးငါးတုံးမျှ ရှိသည်။ ကျွန်တော် အကုန်လုံးခပ်ခဲ့၍ လူဝိုင်းထဲရောက်သောအခါ၌ ၀မ်းမသွားဘူး လားကွ'
ဦးကြီးဖြိုးက ကျွန်တော့်ကို ထန်းရည်ခွက်ပေးပြီး ...
'ဟာ ... နည်းနည်းပါးပါး ကိစ္စ မရှိပါဘူး၊ များရင်သာ မကောင်းတာ၊ ဆိုးတာက ပေရေ နဲ့ ၀က်သား ဗျ၊ အဲဒါများ ဘယ်တော့မှ တွဲဖက်လို့ မသုံးလေနဲ့ ၀မ်းသွားလို့ တုံးလုံး ဖြစ်သွားမယ်သာ မှတ်ထား'
ကျွန်တော်အပြီး၌ ဦးဂန်ဂျားသို့ ခွက်လှမ်းရင်း ...
'ရော့ဟေ့ ... ဖင်ကြားကြီး' ဆိုပြီးနောက် 'စကားအဆင်သင့်တုန်း ပေရေနဲ့ ၀က်ဟာ ဘယ်လောက် မတည့် သလဲဆိုတာ ပြောရဦးမယ်၊ တစ်ခါက အခု ဂျပန်ခေတ်က သေသွားတဲ့ ဖိုးသင်းကလေးပေါ့ ကွာ၊ သူ့ အိမ်နောက်ဖေး က ပေပင်ကြီးအဖူးမှာ အရေတက်ခံကာ ညှပ်ချက်ကလဲမိတော့ ထွက်လိုက် တာဟေ့ အောက် ကို စဥ့်အိုးကြီးထဲ ရေမယောက်နဲ့ (ရေတံလျှောက်) သွယ်ချရတယ်၊ တစ်နေ့နေ့ ရေအိုး ဒန် ဆယ့်လေးပါးလုံး ရတယ်၊ အဲဒါ ရွာမှတော့ ပေရေကို တယ်သောက်တာ မရှိဘူး၊ သူ့မြို့က ကုမ္ပဏီကို သွားသွား သွင်းရတယ်၊ ထန်းရည်ကို အင်္ဂလိပက်လို ပိုက်ဆံနဲ့ တစ်မတ်ခြောက်ပေးရတဲ့ အချိန်မှာ သူ့ ပေရေတာ ဆယ်လုံးသွင်းရတယ်၊ ခုတော့ ထန်းရည်နဲ့ ရောရောင်းတာပေါ့ကွာ'
သူ့ခွက်လှည့် မော့သောက်လိုက်ပြီးနောက် ဦးဖက်ထုပ်အတွက် ငှဲ့၍ ရှေ့မှာ ချလိုက်ပြီး ...
'အဲဒါ တစ်နေ့တော့ ဖိုးသင်းကလေးဟာ ကုမ္ပဏီက ငွေထုတ်ခဲ့ပြီး ပေရေပုံးအခွံတွေ ထမ်းပြန် အလာ လမ်းမှာ သူ့အသိအိမ်က ၀က်ကလေးနှစ်ကောင် ဈေးအဆင်သင့်တာ နဲ့ မွေးဖို့ ၀ယ်တယ်၊ ၀ယ်ပြီး အိမ်သယ်ဖို့ က သူ့ပေရေပုံကြီးတွေ က စက်ဆီပုံးကြီးတွေ၊ ရေနံဆီပုံကြီးထက်လဲ ကြီးတယ်၊ ကျယ်လဲ ကျယ်တယ်၊ ၀က်ကလေး တစ်ကောင်စီ ချောင်ချောင်ချိချိနဲ့ နေနိုင်တာကိုး၊ ဒါနဲ့ သူ့ရှေ့ တစ်ကောင် နောက်တစ်ကောင် အဆင်သင့် ပဟဆိုပြီး ထည့်ထမ်းခဲ့တယ်၊ အိမ်ရောက်တော့ ၀က်ကလေးတွေ အသက် မရှိတော့ဘူး။
ဦးကြီးဖြိုးသည် ခေတ္တစကာရပ်၍ ဆေးပေါ့လိပ်မီးညှိကာ နှစ်ဖွာ သုံးဖွာ ဖွာလိုက်ပြီးမှ ...
အဲဒီဝက်ကလေးတွေ အသက်မရှိတာက ဘာမှအံ့သြစရာ မဟုတ်သေးဘူး၊ ပေရေနံ့ကြောင့် လည်းကောင်း၊ အသက်ရှူကျပ် လို့လည်းကောင်း သေတယ် ပြောနိုင်သေးတယ်၊ အဲ ... ထူးဆန်းတာက တကတဲ ၀က်ကလေး တွေ အသားဟာ ကိုင်လို့မရတော့ဘူး၊ တစ်ခါတည်း နူးညံ့ အိရိပြီး လက်နဲ့ထိလိုက်တာနဲ့ ပဲ့ပဲ့ ကျကုန်တယ်'
သောတရှင် အားလုံးပင် အံ့သြကြရတယ်သည်။ ပြီးမှ ဦးကြီးဦးဖက်ထုပ်ဘက် လှည့်ကာ ...
'အဲဒါ ဝက်သား နဲ့ ပေရေနဲ့ သောက်လို့ ၀မ်းပေါက်တယ်ဆိုတာ ဘာမှ အံ့သြစရာ မရှိဘူးဗျ၊ အဲ ... ပေရေ မပြောနဲ့၊ ပေထန်းလျက် နဲ့ ၀က်သားတောင် ရှောင်ရှားတော့ဗျို့၊ တစ်ခါက ဘုန်းကြီး တစ်ပါး ပေါ့ ... ၀က်သား ဟင်းတွေ နဲ့ နင်းကန်ဘုန်းပေးအပြီး လက်ဖက်ရည်ပွဲမှာ အချိုတည်းတာ တကတဲ ပေထန်းလျက်ဖြစ်နေလို့ ၀မ်းတော် လားပါရောလား'
ဤမှ ဦးဖက်ထုပ်သည် သူ့ရှေ့ချထားသော ထန်းရည်ခွက်ကို ကောက်မော့လိုက်ပြီးနောက် ...
'အင်း ... ဖြိုးကြီးက ပေရေနဲ့ ၀က်သား မတည့်တာ ပြောတော့ ငါက အမဲသားနဲ့ ထန်းရည် အကြောင်း ပြောရဦးမယ်'
'ကြားဖူး ကြုံဖူးတာလေးတွေရှိ လုပ်ပါဦးဗျာ' သက်ကြီးစကား သင်ငယ်ကြား ဆိုတာလို ကျွန်တော် တို့ လူငယ် များ မှတ်ရ သားရအောင်'
ကျွန်တော်က အဘိယာဇက ပြုလိုက်ပါသည်။ ဦးဖက်ထုပ်သည် ဦးကြီးဖြိုးဆီက ဆေးပေါ့လိပ်ကို ယူဖွာ လိုက်ပြီး ...
'ဒါက ငါ့ကိုယ်တွေ့ကွ၊ ငါတို့ ဆိုးတုန်းပေတုန်းအရွယ်ကပေါ့ကွာ၊ အခု ရွှေဘိန်းဘိုးမျှင်ရယ်၊ သေတဲ့ မန်းညွန့်ကြီး ရယ်၊ အခုမှ နောင်တ၊ တရားရပြီး အသောက်အစားအားလုံး ဖြတ်ထားတဲ့ မွန်းထွန်းစိန် ရယ်၊ ငါရယ် ငါးယောက်သား ဇောင်ငါးကုန်းရွာက နွားမကလေးတစ်ကောင်း ခိုးပေါ်စားကြတာ။ ရွှေဘိန်း အိမ်နောက်ဖေးက ထန်းပင်ကြီး အောက်မှာပေါ့၊ အဲဒီထန်းပင်ချည်ပြီးထုတာပဲ၊ တကဲ ဖျက်ကက်ပြီးလို့ ၀ယ်တဲ့ လူတွေလာပြီး ၀ယ်ပြုသွားကြပြီး တို့လက်ထဲ နက်ဖြန်ထမ်းရောင်းဖို့ ငါးတွဲ လောက်အကျန်မှာ ဇောင်းငါးကုန်း က လူတွေ လိုက်လာကြတယ် ကြားတော့ အမြန်ဖျောက်ဖျက် ရတာကိုကွ၊
သူတို့ရှာမှာကလဲ ငါတို့အိမ်တွေမှာပဲ လူချင်းတွေက ကာလသားချင်း ဓာတ်သိတွေပဲ၊ ဒီတော့ တို့အိမ်တွေမှာ ၀ှက် လို့ ဘယ်နည်းနဲ့မှ မဖြစ်ဘူး၊ ဒီငါးတွဲကြီး ဘယ်အိမ်ကမှလဲ လက်ခံဝံ့ မှာ မဟုတ်ဘူး။ ဒါနဲ့ ရွှေဘိန်းကပဲ အကြံ ရတယ်ဟေ့၊ အမဲသား တွေ သူက နှစ်တွဲ၊ မန်းညွန့်ကြီးက သုံးတွဲ ခါးချိတ် ပြီး ထန်းပင်ပေါ် တက်သွားတယ်၊ အပေါ်ရောက် ထန်းရည်ကလဲ ချပြီးသား၊ ကျည်တောက် တွေထဲ မှာ သိပ်ထားလိုက်တယ်၊ ကျည်တောက် ချိတ်ပုံ၊ အပေါ်က အ၀တ်ပတ်ပုံ ဟန်မပျက် ဆိုတော့ ထန်းစ ကလဲ အကျမပျက်ဘူးပေါ့ကွာ။
'နွားမခေါင်း ရယ်၊ ခြေထောက်ရိုး ရယ်၊ သားရေ ရယ်တော့ ဆုံးချင်ဆုံးပါစေဆိုပြိး ဟိုရွာ့ပြင်က ရေတွင်းအိုကြီး ထဲ ခဲဆွဲပြီး ပစ်ချလိုက်တယ်၊နောက်ထန်းပင်အောက်က သွေးစ သွေးနတွေ ပြာနဲ့ဖုံးသိမ်း၊ အမှိုက်သရိုက်တွေ ထပ်အုပ်ပြီးခြံမီးရှို့ တဲ့ အပေါက်မျိုး လုပ်နေလိုက်တယ်၊ ခွေးမသားတွေ သူကြီးနဲ့ လာရှာကြတော့ ဘယ်တွေ့လိမ့်မလဲကွာ၊ သူတို့ရှာကြတာ စပါးပုတ်တွေထဲရော၊ ကောက်ရိုးပုံတွေထဲရော နှံ့ရော နှံ့ရော ညတော်တော်မှောင်မှ ပြန်သွား ကြာတယ်၊ ဒါအရှာရပ်တာ မဟုတ်သေးဘူးကွ၊ သူကြီးက ညအရိပ်အခြည် ချောင်းကြည့်နေပြီး မနက်ထပ်ရှာကြဦးမှာကွ။
'တို့အဲဒီည စားပွဲထိုင်ကြတာကတော့ ရွာ့တောင်ဖျားက မန်းညွှန့်ကြီး တူကလေအိမ်မှာကွ၊ ဟင်းစားက ၀မ်းတွင်းသား ရယ်၊ ရင်ဒူးရယ်၊ မိုးခိုသားရယ်၊ နွားမ တင်ပါးသားကလေးရယ် စုစုပေါင်း သုံးပိဿ လောက်ပေါ့ကွာ၊ ရေအိုးဒန်အိုးကြီးနဲ့ တစ်အိုးတည်း ရောချက်လိုက်တာပဲ၊ ပထမ လက်စက်ရေခန်း၊ နေက်တစ်ရေဆူ ဆိုကတည်းက ခပ်စားကြတာကွာ၊ ကောင်းလိုက်တဲ့ဖြစ်ခြင်း၊ နွားမက ငယ်ငယ် ထွတ်ထွတ် ကလေးလား၊ အားလုံးမှ ၁၇ ပိဿ ထွက် ကလေးပဲ၊ ငါ့ချီး ထူးရော ထူးရော၊ နွားမတင်ပါး သားကလေး ဆိုတာ များ ဘယ်ကြက်သားနဲ့ ဘာဆိုင်သလဲကွာ၊ ဖြူဖွေးပြီးတော့ ၀ါးလိုက်မှဖြင့် ထုတ်ထုတ် ထုတ်ထုတ် နဲ့......ချိုလိုက်တာက အလွန်အမင်း။
ဆက်ရန်
.

No comments:
Post a Comment