Saturday, November 13, 2010

မြစိမ်းပြာ ကမာရွတ် အပိုင်း (၃၄)

"စိတ်ပျက်လွန်း လို့ဗျာ၊ ကြောင်တွေကို ပွေ့ဖက်၊ နမ်းရှုပ်နဲ့ အပျိုကြီးတွေ သိပ်လုပ်တာ၊ ကျုပ် မပြော လိုက် ချင်ဘူး၊ အဲဒါယောက်ျားကို မပွေ့ရ၊ မဖက်ရ၊ မနမ်းရလို့ ကြောင်ကို လုပ်နေတာ"
"မှန်လိုက်တာ ဆရာ၊ သူတို့မသိလို့ ဆရာရဲ့၊ ကြောင်ဆိုတာ ပွေ့ရဖက်ရ နမ်းရတာ မဟုတ်ဘူး၊ ချက်စား ရတာ ကြောင်ဆီပြန် မဆလာအုပ် သိပ်ကောင်းတာ ဆရာ၊ ဟဲ-ဟဲ ဒီတစ်ခါ ဆရာ့ အခန်းလာရင်း ဖမ်းထား လိုက်၊ ကျွန်တော် ချက်ကျွေးမယ်"

"ကျုပ် စားဖူးပါတယ်၊ သိပ်တော့ မကြိုက်လှဘူးဗျ"
"ဟာ…. ဆရာစားဖူးတာ၊ အိမ်ကြောင်မို့ နေမှာပါ၊ တောကြောင်ဆို သိပ်ကောင်းတာ၊ ဆရာ ကုန်ရင် ဒီမှာ ရမ် ရှိသေးတယ်နော်"
"ရှိတယ်…….. ကျုပ်ဆီမှာလဲ ရှိတယ် တော်ပြီလေ၊ ဒါလောက်ပဲ ၀ီစကီပဲ သောက်မယ်"
သင်္ကြန်လေ ကလေးက တဖြူးဖြူး တိုက်ခက်လာတယ်။ ရုတ်တရက် မိုးကအုံ့သွားပြီး သင်္ကြန်ရိပ် ဆင် လာတယ်။
"ကိုဝင်းအောင် ကျုပ်သီချင်းဆိုချင်တယ်ဗျာ"

ဆရာဦးသက်ဦရဲ့ မျက်မှန်အောက်က မျက်လုံးတွေက ရီဝေနေကြတယ်။
"ဟာ… သိပ်ဆိုတာပေါ့ ဆရာရယ်၊ ဆို…….ဆို ဆရာဆိုချင်သလောက်ဆို"
ဆရာဦးသက်ဦး က ၀ီစကီ ဖန်ခွက်ကို တစ်ကျိုက် ကျိုက်လိုက်တယ်။
"တောအစမှာလေ ဒေါနနဲ့ဇီဇ၀ါ
 ဇီဇ၀ါ သရဖီ မြတ်လေး ပျံမွှေးကန္ဓမာ"

ဦးရဲ့ အောင်မြင်လှတဲ့ အသံဝါကြီးကို ၀ရန်တာကကြားလိုက်ရတဲ့ လတ်တစ်ယောက် မျက်လုံးပြူး သွားတယ်။ ဟော- ဦးသီချင်းဆိုနေပြီ။ သူ့မူပိုင် မြိုင်ဟေမန်ကို ဆိုပြီးဆိုတော့ ဦးမူး နေပြီလား၊ လတ်လိုက် သွားမှပါ။
ကြည့်ပါဦး၊ ဟိုတစ်ယောက်ကလဲ တွဲမိသလား မမေးနဲ့ လက်ခုပ် လက်ဝါးတီးလို့၊ ပါးစပ်ဆိုင်းနဲ့ လိုက်ဆို နေတာ မကရုံ တစ်မည်ပဲ။
"အို……ဇလပ်တာ ထပ်တစ်ရာ
ထပ်တစ်ရာ ဇလပ်တာ
ကြိုင်လှိုင်မြိုင်လုံးရယ်
မြိုင်လုံးရယ်မွှေး မြိုင်လုံးရယ်မွှေးဗျာ"

အပေါ်လွှာက အပျိုကြီး နှစ်ကြီးနဲ့ အလည်ရောက်နေတဲ့ အန်တီမေရီတို့ ၀ရန်တာမှာ ထွက်လာကြ သလို မယ်အေး တို့လဲ ၀ရန်တာမှာ ထွက်လာကြတယ်၊ ဟိုဘက်ဝရန်တာမှာပဲ ဖိုးဘတင်နဲ့ အမြွာညီအစ်မက ပွဲကြည့်ပရိသတ်။
"ဟေ့….ဆန်နီ ကမယ်ကွာ၊ လာကွာ၊ ဆရာနောက်တစ်ကျော့ နောက်တစ်ကျော့"
"ရတယ်"

"သင်းတပျံ့ပျံ့ ဆင်းရနံ့ ရယ်တဲ့ကြိုင်စွာ လှိုင်စွာ
ဂေါ်ဖီ ပင်မင်း အင်ကြင်းရွှေဝါ
ဂေါ်ဖီ ဂေါ်ဖီ ပင်မင်း အင်ကြင်းရွှေဝါ
ယင်းမာ အို-ယင်းမာ
ကြိုင်လှိုင် မြိုင်လုံးရယ်
ကြိုင်လှိုင်မြိုင်လုံးရယ်
မြိုင်လုံးရယ်မွှေး
မြိုင်လုံးရယ်မွှေး ဗျာ"

ကိုဝင်းအောင်နဲက အတူအံ့သြစရာ ကောင်းအောင် ကျကျနန က, နေတဲ့ ဆန်နီကိုကြည့်ပြီး ဦးသက်ဦးက အားရပါးရ လက်ခုပ်တီးပေးနေတယ်။
"အို….ဘာတဲ့တုံး၊ ရွှေမန်းဆန်နီလေးရဲ့ ဟေ့…….ယင်းမာ ယင်းမာ……."
ကိုဝင်းအောင်ကလဲ သူကတာရပ်ပြီး ဆန်နီကို လက်ခုပ်တီးပေးပြန်တယ်။ ဆန်နီကနေပုံကို ကြည့်ပြီး ၀ရန်တာ ပွဲကြည့် ပရိသတ်က သဘောကျနေကြတယ်။ အန်တီမေရီ ကတော့ မျက်ရည် တောင်ဝဲလို့ သူ့သားလေးကို ကြည့်နေတယ်။
"လာလာလေ လှမ်းခဲ့ပါ့ ပန်းပါနဲ့ဒါရူ
မောင်သည်းအူငယ် သည်မြိုင် ကိုယ်ပန်းလှချည်ရဲ့
အိုခင်ရဲ့"
"မောင်မောင်ဖုရာ့"

ကျကျနနလက်အုပ်ချီပြီး ထူးလိုက်တဲ့ ကိုဝင်းအောင်ရဲ့ အချိတ်အဆက်မိတဲ့ အသံကြောင့် ၀ရန်တာ ပွဲကြည့်ပရိသတ် အမြွာညီအစ်မက လက်ခုပ်တီးသြဘာပေးတယ်။
"အပန်းတော် အပန်းတော် ဖြေစို့ကွယ်"
"ကောင်းလိုက်ပါပေ့ ဆရာရယ်၊ ဟိုးဟိုး ရွှေမန်းဆန်နိ သီချင်းဆုံးပြီ"
ကလို့ သိပ်ကောင်းနေတဲ့ ဆန်နီကို ကိုဝင်းအောင်ကဆွဲပြီး ထိုင်ခိုင်းတယ်။

"ဦးရေ ထမင်းမစားသေးဘူးလား"
လတ်က ဦးလက်ကို အသာတွဲခေါ်ဖို့ အနားရောက်လာတယ်။
"အို………နေပါဦး ခင်ဗျား၊ ထမင်း ထွက်မပြေးပါဘူး၊ ဆရာမရဲ့၊ လာပါကျွန်တော်တို့ကို  လုပ်အား ပေးစမ်း ပါဦး၊ ဟိုမှာ မယ်အေးလဲလာပြီ ဆရာထပ်ချဦး၊ အမြည်းပါလာပြီ"
ကိုဝင်းအောင်တို့ လင်မယား နှစ်စုံတွဲကို အပေါ်ဝရန်တာကနေ လှမ်းကြည့်ရင်း အန်တီမေရီက စကားစတယ်။
"အန်တီခင်လးတို့ အောက်လွှာ ၀ိုင်းဆရာက တော်တော်ပျော်တတ်တဲ့လူပဲ"
"အမယ်လေး၊ ဟိုလူကြီးကလဲ အပျော်သမားကြီးပါပဲ၊ သူ့ကြည့်တော့ မျက်နှာတည်ကြီးနဲ့၊ ဆိုလိုက်တဲ့ သီချင်း၊ အံ့ရော"
အန်တီခင်လေးကတော့ သူကြောက်လန့် အမြင်ကတ်တဲ့ ဆရာဦးသက်ဦကို သြဘာပေးတယ်။ အန်တီမေရီ က အသံတိုးတိုးနဲ့ အန်တီခင်လေးနား ကပ်လာတယ်။
"အဲဒီလူက ထောင်ကျဖူးသတဲ့ အန်တီခင်လေးရဲ့"

"ဟာ…….ဘယ်သူလဲ"
အန်တီခင်လေး လက်က အထိတ်တလန့်နဲ့ ရင်ဘတ်ပေါ် ရောက်သွားတယ်။
"ဟိုလူလေ၊ အန်တီခင်လေးတို့ အောက်လွှာက ၀ိုင်းဆရာပြောတာ"
"ဟင်………ဟုတ်လား၊ ဘာမှုနဲ့တဲ့လဲ"
"ကျုရှင် စာရွက်စာတမ်းမှုလို့ ပြောတာပဲ"
"ဟုတ်ရဲ့လား အန်တီမေရီရယ်၊ အနုကြမ်းမှုတွေဘာတွေတော့ မဟုတ်ပါဘူးနော်၊ ကျွန်မတို့က အထက်နဲ့အောက်ထပ်နေရတာ၊ အဲဒီလူကလဲ ခဏ ခဏ ဟိုဟာလာတောင်း၊ ဒီဟာတောင်းနဲ့"
"ကြီးမေကလဲ၊ သူ့ဟင်းတွေ ခဏ ခဏ လာပေးတာကျလဲ ပြောဦးမှပေါ့"

ခုတလော လူတစ်ဖက်သားကို အထင်အမြင်သေးနှိမ့်ချမှုနဲ့ ကြီးတော်လုပ်သူကို မကြည်ဖြစ်နေ တဲ့ မယဉ်မွန်က မနေနိုင်ဘဲ ၀င်ပြောမိတယ် ကြီးမေက မယဉ်မွန်ကို ဒေါသနဲ့ ကြည့်တယ်။
"ဟဲ့…… သူ့ဟင်းတွေ ငါမှမကြိုက်တာ၊ ပေးလဲအလကားပဲ"
"ဟုတ်တယ်၊ သူက ထူးထူးဆန်းဆန်း ဟင်းလေးတွေ ဘာလေးတွေတော့ ချက်တတ်တယ်၊ မေရီဆီလဲ လာလာပို့တယ်၊ ဆန်နီကတော့ သူ့ကိုသိပ်ခင်တာပဲ"
"အို………ကျွန်မကတော့ သူ့ဟင်းတွေကို တကယ်မကြိုက်တာ၊ စားလဲမစားရဲဘူး၊ တစ်ခါဟင်းလာ ပေးရင် ကျွန်မကြောင်လေးတေါကို ချက်စားချင်တယ် ပြောကတည်းက ကျွန်မသူ့ကို မယုံတော့ ဘူး၊ နေပါဦး၊ သူတို့က အခန်းပိုင် မဟုတ်ဘူးနော်"

"မဟုတ်ဘူးလေ အန်တီခင်လေးရဲ့၊ ကန်ထရိုက်ဆီက တစ်နှစ်စာချုပ်နဲ့ ငှားတာ၊ ဒီနှစ်ပြီးရင် သူတို့ ပြောင်း မှာပါ"
"ကောင်းပါ့လေ့ ကောင်းပါလေ့၊ ဘာမှုဖြစ်ဖြစ် ထောင်ထွက်ဆို ကျွန်မကတော့ ကြောက်တာပဲ၊ နေရ ထိုင်ရ တာ များလဲမကောင်းဘူး အန်တီမေရီရယ်၊ ဟိုဟာကြောက်ရ၊ ဒီဟာလန့်ရနဲ့၊ ကျွန်မ ကြောက် နေတာ တစ်ခု ရှိသေးတယ်၊ ပူလွန်းရင် ငလျင်လှုပ်တယ်ဆို၊ ငလျင် လှုပ်ရင်တော့ ကျွန်မတိုက တူဝရီး"
"မဟုတ်ပါဘူး အန်တီခင်လေးရယ်၊ ငလျင်မလှုပ်ပါဘူး၊ လှုပ်တော့လဲ နည်းနည်းပါးပါးနဲ့ ဒီတိုက်တွေ ဘာမှမဖြစ်ပါဘူး၊ မကြောက်ပါနဲ့၊ စိတ်တွေကိုလျှော့ အန်တီခင်လေးရေ၊ ပူစရာတွေ မတွေးနဲ့၊ စိုးရိမ် စရာ တွေ မတွေးနဲ့၊ ရှင်တို့ မေရီတို့က အသက်ကြီးပြီ"

"ဟုတ်တယ်………ဟုတ်တယ်"
"ဘာလဲ၊ စိုးရိမ်တာက တူမအတွက်လား၊ တူမ မစိုးရိမ်ရတော့ပါဘူး၊ အန်တီခင်လေးလိုပဲ နေတော့ မှာပါ ဘယ်နှယ့်လဲ……. မွန်ဟုတ်လား"
မယဉ်မွန်က ရယ်နေပေမယ့် အန်တီခင်လေး မျက်နှာက ဟန်မဆောင်နိုင်ဘူး။ ဟိုစပ်စု မကြီးက သေချာ ကြည့် နေတယ်။
"သူလိမ္မာရင် သူ့ဖို့ပေါ့ အန်တီမေရီရယ်၊ ကျွန်မ နေဖို့နဲ့ သေဖို့၊ သေဖို့ဘက် နီးနေပါပြီ"

ကြီးမေရဲ့ ၀မ်းပန်းတနည်းပြောတဲ့အသံကို ကြားရတော့လဲ မယဉ်မွန် ကြီးမေကို သနားမိသား။ ဒါပေမယ့် ကြီးမေရယ် မွန်မလိမ္မာချင်ဘူး မွန်မိုက်ချင်နေတယ်။ မွန်ကြီးမေ ပစ္စည်းတွေကိုလဲ မရချင် နေပါစေ။ ကြီးမေ သိရင်တော့ ကြီးမေငိုဦးမှာပဲ။ မွန့်ကို ကြီးမေနားလည်ရင် ကောင်းမယ်။ မေတ္တာ ကို နားလည် ရင်ကောင်းမယ်။ လက်ထပ်ခြင်းဆိုတာ ကိုယ့်အားကိုယ်မကိုးချင်တဲ့ မိန်းမပျင်းတွေရဲ့ အလုပ် ဆိုတဲ့ ခပ်ကြောင်ကြောင် အပျိုကြီး အတွေးအခေါ်မျိုးတွေနဲ့ မွန့်ကိုလာမဆုံးမနဲ့။ ချစ်ခြင်း မေတ္တာတို့၊ တစ်ယောက် နဲ့တစ်ယောက် အပြန်အလှန်နားလည်မှု၊ အပြန်အလှန် အားကိုး တွယ်တာမှုတို့တွေကို ကြီးမေ နားမလည် နိုင်ပါဘူး။

"ဟော…..အန်တီခင်လေးရေ၊ ဟိုမှာ ပွဲစားဒေါ်သင်းသင်းတို့ ကားနှစ်စင်းနဲ့ပါလား"
ဟုတ်သားပဲ။ တစ်စီးက အက်စ်အီးအညိုနုလေး။ တစ်စီးက ပတ်ဘလစ်ကာ အမိုးဖွင့် အပြာလေး။
"အမယ်………အန်တီမေရီ၊ ဟိုနောက်က ကားပေါ်ကဟာ ရေခဲသေတ္တာ မဟုတ်လား"
"ဟုတ်တယ် ဟုတ်တယ်၊ ၀ယ်လာတာ ထင်တယ်၊ ဒီနေ့ပွဲ ညွှန့်မြက်မြက်လေးတော့ ဘယ်သူ့ ပေါ်က လှီး လိုက်တယ် မသိဘူး၊ နေဦး အန်တီခင်လေးရဲ့၊ အသစ်တော့ မဟုတ်ဘူး၊ စကင်းဟင်း စကင်းဟင်း"
"အဟောင်း ကို ပြောတာလား"

"ဟူတ်တယ်လေ၊ တစ်ပတ်ရစ်ပေါ့ အန်တီခင်လေးရဲ့"
"အို…..စက်ပစ္စည်းဆိုတာ သုံးမှသုံးအသစ်ပဲ ကောင်းတယ်နော"
"ဒါပေါ့ အန်တီခင်လေးရဲ့၊ အင်း….ရေခဲ သေတ္တာလေး တစ်လုံးကတော့ နွေရာသီကျလိုတယ်၊ မေရီလဲ အခန်း တစ်လွှာ ရောင်းဖြစ်ရင် ၀ယ်ရဦးမယ်။ သွားတော့မယ် အန်တီခင်လေးရေ"
အန်တီမေရီ တစ်ယောက် အနီးကပ်စပ်စုလို့ရတဲ့သူ့အောက်ထပ်ကို ခန္ဓာကိုယ်နဲ့မလိုက်အောင် အလွန် လျင်မြန် သွက်လက်စွာ ပြေးဆင်းသွားတယ်။
ပြန်ဆင်းသွားရင်း ဖိုးဘတင်တို့ ၀ရန်တာ တံခါးပေါက်ရောက်တော့ အန်တီမေရီ အဆင်သင့် ဖွင့်စောင့် နေတဲ့ အမြွာ ညီအစ်ကိ လှမ်းပြီးနှုတ်ဆက် လိုက်သေးတယ်။

"သမီးတို့အမေ ရေခသြေတ္တာ ၀ယ်လာတယ် ထင်တယ်၊ ဟုတ်လား"
အမြွှာညီအစ်မက အလိုက်အထိုက် 'ဟုတ်ကဲ့ အန်တီ' လုပ်ပေမယ့် အန်တီမေရီ ဆင်းသွားတာနဲ့ နောက်ကျော်ကိုရှုံ့မဲ့ လျှာ်ထုပ်ပြကြတယ်။
"ဖြူပြာ………သမီးတို့ အဖေရောပါလား"
နောက်ဖေး က ထွက်လာတဲ့ ဖိုးဘတင်က သားကိုမျှော်နေတဲ့သူပီပီ မေးတယ်။

"မပါဘူးလေ အဘိုးကလဲ၊ ဖေကြီးက သူ့ဟာသူ သွားတာပဲ၊ သူ့ဟာသူ ပြန်လာမှာပေါ့၊ မေကြီးနဲ့ ကိုအာကာပဲပါတယ်၊ အဘိုး……….ဟိုမှာ မေကြီးရေခဲသေတ္တာ ၀ယ်လာပြီသိလား"
"ဟေ……ဟုတ်လား၊ ညည်းတို့ အမေဆန္ဒပြည့်တာပေါ့၊ ညည်းတို့အမေက လိုချင်နေတာကို"
"အဘိုးက မလိုချင်ဘူးလား၊ ရေခဲရေ မကြိုက်ဘူးလား"
"မကြိုက်ပေါင်ဗျာ၊ အဘိုးက လက်ဖက်ရည် တစ်ကရားရှိပြီးတာပဲ"
အမြွှာညီအစ်မ နှစ်ယောက်က လှောင်ပြောင်ပြီး ရယ်ကြတယ်။ ဖိုးဘတင်က သူတို့ အာရုံစိုက် နေတဲ့ အောက် ကိုလှမ်းကြည့်လိုက်တယ်။
"ဟဲ့…..လူတွေအများကြီးပါလား၊ ဧည့်သည်တွေ ထင်တယ်"

"မသိဘူးလေ၊ သမီးတို့ သိတာက အန်တီခင်ပဲ သိတယ်"
"ဟေ့…….ကြည်ပြာ၊ ဟိုရယ်ဒီမိတ် အစိမ်းနှနဲ့ ကောင်မလေးက ဘယ်သူလဲ မသိဘူး၊ အင်္ကျီ လှတယ်နော်"
"အေး ဟုတ်တယ်၊ ငါလိုချင်တာ အဲဒါမျိုး၊ ကောင်မလေးနဲ့ အင်္ကျီနဲ့ တခြားစီပဲ၊ ပါးရွဲ့နေတယ်နော် ကောင်မလေး က၊ တွေ့လား"

ဆက်ရန်
.

1 comment:

ကိုဇော် said...

တဆက်တည်း စာအုပ်ကိုင် ဖတ်ရရင် အတော်ကောင်းမှာဗျာ..ဟီး
မျှော်လျက်..