Monday, November 1, 2010

မြစိမ်းပြာ ကမာရွတ် အပိုင်း (၂၂)

"ကျုပ်က မရဘူး၊ စာသင်နေတဲ့အချိန်မှာ ဆရာကို ဂရုမစိုက်ဘဲ နေတာလောက်ဒေါ သဖြစ်တာမရှိဘူး၊ စာသင်နေရင်း ဆရာကိုလှောင်တာ၊ပြောင်တာ၊ ရိတိတိပြောတာ မခန့်လေးစားပြောတာ၊ ကျုပ်သိပ်မုန်းတာ၊ ကျုပ် ကျုပ်တာ လုပ်နေတုန်းကဆို မခန့်လေးစား ပြောတဲ့ကောင်တစ်ကောင် ကျုပ်ဆွဲထိုးပြစ်တာ"
"ထိုးပစ်တယ် ဘုရား...ဘုရား...ဦးရယ်"

"ထိုးပစ်တယ်လေ၊ ကျုပ်ကို မခန့်လေးစား ပြောတာကိုး၊ ကျုပ်က စာသင်ရင်းနဲက စကားစပ်မိပြီး သူခိုး ငတက်ပြား အကြောင်းကို ပြောပြမိတယ်၊ငတက်ပြား ငှက်ပျောဖက်ပေါ် အိပ်နိုင်တာတို့၊ လမ်းလျှောက် နိုင်တာ တို့ပေါ့ဗျာ၊ ကျုပ်က ရယ်စရာပြောတာပါ၊ ငှက်ပျောဖက် ပေါ် လမ်းလျှောက်နိုင်တယ်ဆိုတော့ ဒီလိုမျိုးလေး လျှောက်လို့နေမှာပေါ့ကွာလို့ ကျုပ်က လျှောက်တဲ့ဟန်ပန် လုပ်ပြတာကို အဲဒီကောင် တစ်ကောင် က သံသေးသံကြောင်နဲ့ လှမ်းအော် တယ်။ "ဆရာအဲဒီလိုလျှောက်ဖူးတယ် မဟုတ်လား" တဲ့ ကျုပ်ဒေါသ ထွက်လိုက်တာဗျာ။ အဲဒါ ကျုပ်ကိုသူခိုးလို့ပြောလိုက်တာပေါ့၊ ဘာရမလဲ၊ အဲဒီကောင် ဆီတန်းသွားပြီး မင်းမလား ငါ့ကိုဆိုပြီး ဆွဲ ဆွဲထိုးပစ်လိုက်တာ၊ ဟောလို ဟောလို ဆင့်ကာ ဆင့်ကာကို ထိုးပစ် လိုက်တာ၊ ကျုပ်ကမရဘူး"

ပြောရင်းက ဒေါသနဲ့ ခြေဟန်လက်ဟန်နဲ့ ပါလာတဲ့ ဦးကိုကြည့်ပြီး လတ်သက်ပြင်းပဲ ချနိုင်တော့တယ်။ ဦးလုပ်ပြ နေတဲ့ လက်သီးထိုးပုံနဲ့ဆိုရင် ကျောင်းသားလေး တော်တော် နာရှာမယ်။
စာအုပ်ကလည်း မတွေ့ပါဘူးဗျာ၊ လိုချင်ပြီဆိုရင်ရှာမရဘူး၊ ကျုပ်အဲဒါမျိုး သိပ်စိတ် ပျက်တာပဲ"
စာအုပ်ဗီရို တံခါးကို ဂျိုးခနဲနေအောင် ဦးကဆောင့်ပိတ်လိုက်တယ်။ လာပြန်ပြီပြသနာ တစ်မျိုး၊ သိပြီးသား လတ်ဝင်ရှင်း မပေးပဲ သူဘယ်တော့မှ ရမှာမဟုတ်ဘူး။
"ဘယ်စာအုပ်လဲ ဦးရဲ့၊ လတ်ကိုပြောတာ ၊လတ်ရှာပေးမယ်" ဟိုဟာဗျာ Essential Themes of Buddhist Lectures" အဲဒါတွေ လာမပြောနဲ့၊ လတ်မသိဘူး စာအုပ်အရောင်ပြော၊ အရွယ်ပြော"
"အင်း...ကာဗာ အရောင်က ငုဝါရောင်၊ အ၀ါရောင်ပါပဲ၊ ဆိုက်က၀တ္ထုဆိုက်မဟုတ်ဘူး၊ ကွာတိုဆိုက်ပေါ့ ဗီရို ထဲမှာ တော့ မရှိတာသေချာတယ်၊ ကျုပ်ထင်တယ် ၊စာအုပ်စင်ပေါ် မှာပဲရှိမယ် ။

အမယ်လေး၊ အမယ်လေး ဦးရယ်၊ ဖယ်ပါ ဖယ်ပါ၊ ဒီခွေးခြေပေါ်ကနေ မမီမကမ်းနဲ့ တစ်ခါ လိမ့်ကျပြီး တာလေး မေ့သွားပြီလား၊ ဖယ်...လတ်ရှာမယ်၊ လတ်ရှာပါ့မယ်။
လတ်က ခွေးခြေခုံ အမြင့်ကို မီးဖိုထဲက သွားယူပြီး ပေါ့ပေါ့ပါးပါး တက်ရှာတယ်။ ခန္ဓာကိုယ် သေးသေး လေးကို စာအုပ်စင်မှာ ကုပ်တွယ်ပြီးရှာတယ်။
"ဒေါ်ချတ်လစ် လိမ့်ကျမယ်နော်" "မကျဘူး၊မကျဘူး၊ စိတ်ချ၊ ရှာနေကျ၊ ပိုင်ပြီးသား မပူနဲ့" "ပြီးတာပါပဲဗျာ၊ ပြီးတာပါပဲ" "ဟော... ရော့...ရော့... ဒီစာအုပ်မဟုတ်လား"
လတ်က အောင်နိုင်သူ ရဲ့ ဟန်ပန်နဲ့ အ၀ါရောင် စာအုပ်ကို ပစ်ချပေးလိုက်တယ်။ "အိုကေ...အိုကေ၊ တော်တယ်.... တော်တယ်၊ ဒေါ်ချတ်လစ်တော်တယ်"
လတ်လတ်ထွေး တစ်ယောက်အဲလို ချီးမွမ်းသံများ ဦးဆီက ကြားရလို့ကတော့ မျက်နှာတစ်ခုလုံးကိုပြုံးလို့။ ကြည်နူး တဲ့ မျက်စောင်းကလေး တစ်ချက်ကိုလဲ ထိုးလိုက်သေး တယ်။

"ဦးဘ၀မှာ လတ်မပါရင် ဘာမှ မဖြစ်ဘူးသိရဲ့လား" "အလိုလေးဗျာ၊ ငါးဆယ့်ငါးနှစ်လုံးလုံး ကျုပ်တစ်ယောက် တည်း ဒီလိုပဲ ၊ နေလာခဲ့ ဖြစ်တာပါပဲဗျာ"
ဘာဖြစ်လို့လဲ၊ ဘာဖြစ်လဲ။ ကဲ...အဲဒီတုန်းက ဦးထမင်းကောင်းကောင်း စားရလို့လား၊ စာအုပ် တွေ့အောင် ရှာလို့ရသလား၊ ကျောကုတ်ခိုင်းပြီး ဇိမ်ခံချင်လို့ရသလား၊ ကဲ" "ပြောတာမှ ကျောယားလာပြီကွာ၊ ကုတ်စမ်း ပါဦး" "မလုပ်ပါဘူး၊ မလုပ်ပါဘူး၊ လတ်မေးတာသာ ဖြေစမ်းပါ"

"ဒီလိုလား၊ ခင်ဗျားမေးတာတွေအကုန်လုံး၊ အကယုံ..အကုန်ရ၊ ပိုက်ဆံရှိရင် အကုန်ရ၊ ထမင်းကောင်း ဟင်းကောင်း စားချင်၊ အကောင်းဆုံးဆိုင်မှာသွားစား၊ စာအုပ်ရှာဖို့နဲ့ ကျောကုတ်ခိုင်းဖို့က ငယ်ငယ် ချောချော ကောင်မလေးတစ်ယောက် ပိုက်ဆံပေး ငှားထားလိုက် အိုကေ"
ဦး စနေမှန်း သိပေမယ့် လတ်ထုံးစံအတိုင်း ရှူးရှူးရှဲရှဲ ဖြစ်လာပြီ။" ကဲ...ကဲ...ခရီးထွတ် တော့ရော ဘယ်သူက ဂရုစိုက် သလဲ ပြုစုသလဲ ပြောစမ်းပါ"
"အိုး.. သိပ်ရှိ... သိပ်ရှိပေါ့၊ ကျုပ်သူငယ်ချင်းတွေလေ၊ သူငယ်ချင်းတွေနဲ့ ခရီးထွတ်ရတာပျော်လို့၊ ကျိုက်ထီးရိုး တို့၊ ပုဂံညောင်ဦးတို့ ပုပ္ပားတို့ လျှောက်သွားကြတာ ပျော်လို့။

ဟုတ်တယ် ဟုတ်တယ်၊ သူ့ သူငယ်ချင်းတွေက ပြုစုမယ်၊ ဂရုစိုက်မယ် အားကြီးကြီး၊ အဲဒီ ဦးသူငယ်ချင်းတွေက ကျိုက်ထီးရိုးအတက်တွေမှာ တွဲခေါ်သလား၊ ဒူးနာတော့ ဆေးလိမ်းပေးကြသလား၊ ချွေးအေး မပပ်အောင် ချွေးသုတ်ပေးသလား၊ ဝေါ့ကင်းရှူး စီးပေးသလား ဝေါ့ကင်းရှူးထဲဝင်နေတဲ့ ခဲလုံးသေး တွေကိုရော ထုတ်ပေးသလား ပြီးတော့..။
"ဟား..ဟား၊ မြို့ညောင်...မျောက်ညို စိတ်ဆိုးနေပြီဟေ့" အသက်မရှုဘဲ ကက်ကက်လန်အောင် ရန်တွေ့နေ တဲ့ လတ်ကိုကြည့်ပြီး ဦးကတဟားဟား အော်ရယ်တယ်။
"ကဲပါ.. ကပါဗျာ၊ အဲဒါတွေ အကုန်လုံး ချတ်လစ်ဆိုတဲ့ ကောင်မလေးကမှ လုပ်ပေးတာပါနော်၊ တော်တယ် နော်၊ ချတ်လစ်က သိပ်တော် သိပ်တော် ၊ ဟုတ်လား"
ဒီလို ဆိုတော့လဲ မရွှေလတ်တို့ မြန်လိုက်တဲ့အမျိုး။ ချက်ချင်း အရည်ပျော်ပျော့ပျောင်း သွားပြီး၊ မျက်နှာက ကျေနပ် ကြည်လင်လို့။

"တော်တယ်ဆိုရင် လတ်ကို ဆုပေးပေါ့လို့" "ဘာဆုလဲ၊ပြော" "ဒီဆု....ဒီဆု"
လတ်က မူနွဲ့နွဲ့နဲ့ သူ့ပါးကို လက်ညှိုးနဲ့ထောက်ပြတော့  ဦးကရှက်သလိုလို ကြီးနဲ့ ဆုပေးတယ်။ ပြီးတော့ ထုံးစံ အတိုင်း " အရူးမ"တဲ့။ လတ်က ဦးလက်မောင်းကို ကိုက်ပစ်လိုက်တယ်။
"ကဲ...ဖယ်ကွာ၊ ဟိုမှာ ဆတ်တလိုက နယူးစ်လာနေပြီနဲ့တူတယ်၊ သွား သွား ၊ ကိုယ့်နေရာကိုယ်သွား၊ အိပ်ငိုက် ရအောင်သွား"
လတ်နေရာက တီဗွီနဲ့တစ်စောင်းကျတဲ့ နှစ်ယောက်ထိုင်ခုံလေ။ ခေါင်းအုံးကို လက်တန်းပေါ်တင်ပြီး လတ် က အမြဲ အိပ်ပြီးကြည့်နေကျလေ။

ဦးကရီမုကွန်ထရိုးကို နှိပ်လိုက်တယ်။ ဂြိုဟ်တုလာနေပြီ။ ခဏတော့လတ်စိတ်ဝင် တစားကြည့်လိမ့်မည်။ သတင်းနှစ်ခု သုံးခုပြီတာနဲ့ လတ်ငိုက်စပြုနေပြီ။ ဂြိုဟ်တုပြီးလို့ နိုင်ငံခြားဇာတ်လမ်းတွဲတွေ လာတဲ့ အချိန် မှာတော့ လတ်သိပ်ငိုက်လို့ကောင်းနေပြီ။ ရုပ်ရှင်ကြည့်ရင် အမြဲအသံထွက် ဘေးဆိုက်ပေးပြီး ကြည့်တတ်တဲ့ ဦးရဲ့ "သြော်" "ဟင်" "ဟာ" "ဟဲ-ဟ" ဒီလိုလားဆိုတဲ့ အာမေဍ္ဍိတ်သံတွေကို မကြားတစ်ချက် ကြားတစ်ချက် နဲ့  လတ်လတ်ထွေးတစ်ယောက် ကောင်းကောင်းငိုက်ပြပါတော့မယ်။

အဲဒီအချိန်မှာပဲ နှလုံးသွေးပျက်ချင်စရာ ကောင်းလှတဲက မီးသတိပြုကား ဥသြသံဆူးဆူးဟာ ညဉ့်ဦးယံမှာ ထိပ်လန့်တုန်လှုပ်ဖွယ် ထွက်ပေါ်လာတယ်။
စက္ကန့်ပိုင်းအတွင်းမှာ ငြိမ်သက်စ မြစိမ်းပြာလမ်းသွယ် တစ်ခုလုံး လှုပ်ရှားဆူညံ သွားခဲ့တယ်။
သုံးထပ်တိုက်ရဲ့ အလွှာတွေမှာလဲ လှုပ်ရှားဆူညံလို့။ ၀ရန်တာအသီးသီးမှာ လူအသီးသီး ချက်ချင်း ရောက်လာ ကြတယ်။ မီးသတ်ကား ဥသြသံတွေကလဲ အဆက်မပြတ် ထွက်လာနေတယ်။
မီး...မီး..မီး... တဲ့။

နှစ်ယောက်ထိုင်ခုံပေါ်ကနေ အိပ်ချင်မူးတူးနဲ့ လတ်ခုန်ထလိုက်တယ်။ မီး-ဟုတ်လား၊ မီး။ ဟုတ်တယ်၊ ဥသြသံ တွေ။
"ဦး....ဦးရေ"
"ဒီမှာ ဒီမှာ၊ ကျုပ် ဒီမှာ"
ဦးက ၀ရန်တာမှာ။ တုန်ယင်နေတဲ့ လတ် လက်တွေကို ဦးက ခပ်တင်းတင်း ဆွဲယူတဆုပ်ထားတယ်။" မကြောက်နဲ့ လေ၊ ဘယ်မှာလောင်မှန်းလဲ မသိသေးဘဲနဲ့ ဘာဖြစ်နေတာလဲ၊ မီးဥသြသံ ခင်ဗျား မကြား ဘူးလား "ကြောက်တာပေါ့ ဦးရဲ့၊ လတ်တို့လမ်းထဲကမှတ်လို့၊ လန့်သွားတာပေါ့"

    ဘာလန့်စရာရှိလဲ၊ ဖြစ်တော့ကော ဘာဖြစ်လဲ " အိုး..ဦးကလဲ ဖွ...ဖွ၊ မဖြစ်ပါစေနဲ့၊ ဖွ...ဖွ၊ တိုက်ခန်း ကြွေးလေး တောင် မကြေသေးပါဘူး ဦးရယ်၊ မီးလောင်ရင် ဒီအခန်းတွေက လေထဲမှာပျောက်သွားမှာ၊ လတ်တို့က ပြေးရမှာ၊ ကျန်ရစ်ခဲ့ မြေကြီးနဲ့လဲ ကိုယ်နဲ့ဘာမှမဆိုင်၊ ဆိုင်တာက အန်တီမေရီ တစ်ယောက် တည်း ရယ်၊ မီးရယ် လတ်တို့လမ်းကို ဘယ်တော့မှ မလာပါနဲ့နော်"
    "ဘာတွေလျှောက်ပြောနေတာလဲ အသာနေစမ်းချတ်လစ်၊ ဟော-မီးသတ်ကားတွေက လာနေတုန်းပါလား လတ်က နားနှစ်ဖက်ကို ပိတ်လိုက်တယ်။"ရှေ့လျှောက်ဒီအသံတွေ ကြားရတော့မယ်၊ ခုဆိုကြည့် ပါလား၊ ဆောင်းတောင်မကုန်သေးဘဲနဲ့၊ လာပြီ ဒီအသံတွေ"

    "နွေပေါက်တော့မယ်လေ၊ ဆောင်းကကုန်ခါနီးပြီပဲ ဒီတိုင်းဆို နွေရာသီခရီးထွတ်ရမှ တောင် ခပ်လန့်လန့်" "လန့်ရင်ခင်ဗျား နေခဲ့ပေါ့၊ ကျုပ်ကတော့ ထွတ်မှာပဲ၊ တစ်နှစ်လုံး ဒီအခန်းကျဉ်းလေးထဲမှာ ပိတ်လှောင်ပြီးနေနေရတာ၊ ဒီအားတဲက တလလေးမှ ခရီးမထွက်ရင် ကျုပ်တို့ကလူကိုမဟုတ်တော့ဘူး၊ တိရစ္ဆာန် တွေ၊ တိရစ္ဆာန်ရုံက တိရစ္ဆာန်တွေနဲ့ ဘာထူးမှာလဲ"
    ပြောရင်းနဲက စိတ်တိုဒေါသဖြစ်လာတဲ့ ဦးကလက်ကပါ ထုံးစံအတိုင်းပါလာပြီး ၀ရန်တာကို ဖြန်းခနဲပုတ်လိုက်သေးတယ်။ "ကျုပ်ကတော့ သွားမှာပဲ မီးလောင်လို့ ပြာတစ်မှုန်မှ မရလဲနေပစေ" "သွားမှာပါ ဦးရယ် လတ်လဲထွက်ချင်တာပေါ့ ။ ဒါပေမယ့်" လတ်ကစကားကို ရှေ့မဆက်နိုင်ဘဲ ဘာပြောလို့ ပြောရမှန်း မသိ ဖြစ်နေတယ်။ လတ်မကြားချင်တဲ့ မီးသတ်ကာသံတွေကတော့ ပိုပြီးဆူညံလာပါလား။

    မီးသတ်ကား ဥသြသံကို ကြားတဲ့အချိန်မှာ အန်တီခင်လေးက ဘုရားရှိခိုးနေဆဲ။ နှစ်ဆယ့်လေးပစ္စည်း ပဋ္ဌာန်းရွတ်ပြီး အရပ်ရှစ်မျက်နှာကို စည်းချနေရင်း တန်းလန်း အန်တီခင်လေး တုံ့ခနဲ ရပ်သွားတယ်။
    ပြီးတော့ လက်အုပ်ချီရင်းက ရင်တွေ တဒိုင်းဒိုင်းတုန်လာပြီး လက်အုပ်ချီထားတဲက လက်တွေပါ တဆတ်ဆတ်တုန်လာတယ်။
     "မွန်ရေ... မီး..မီး" အော်လိုက်ချင်တဲ့ အန်တီခင်လေး ပါးစပ်ကို တစ်ယောက်ယောက် က ပိတ်ဆို့ထားသလိုပဲ၊ အသံထွက်လို့မရဘူး

    ကြီးမေ၊ ကြီးမေ၊မီးသတ်ကားသံတွေကြားလား၊ ဘယ်ကလဲ မသိဘူး မယဉ်မွန် အိပ်ခန်းထဲကနေ ပြန်ထွက်ပြေးလာရင်းက သူ့ကြီးမေကို မြင်တော့ "ဟောတော့" လို့ အော်လိုက်တယ်။
    ကြီမေ၊ ကိုယ်တော်ကြီး ကိုယ်တော်လေး ၀င်နေပြန်ပြီလား၊ ဒုက္ခပဲ အရေးထဲမှာ" ကြီးမေနားကို မယဉ်မွန် ကပ်သွားတော့ ကြီးမေ မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်နေတာကို တွေ့တော့မှ ကပျာကယာ ပခုံးကို လှုပ်လိုက် ရတယ်။

    ကြီးမေ... ကြီးမေ၊ သတိထားလေ သတိရရချင်း အန်တီခင်လေးက ၀ုန်းခနဲ ကုန်းထတယ်။ မွန်...မွန်၊ ပစ္စည်းတွေသိမ်းလေ၊ ပစ္စည်းတွေ"
    အို...ကြီးမေကလဲ၊မွန်တို့နဲ့ဝေးပါတယ် မီးမမြင်ရပါဘူး၊လာပါ ၀ရန်တာက သွားကြည့်ရ အောင်" မွန်က ကြီးမေကိုဆွဲခေါ်ပြီး ၀ရန်တာကို ထွက်ခဲ့တယ်။ အိပ်ရာဘေးက ရှူဆေးဗူးကိုလဲ ယူပေးလိုက်တယ်။ အန်တီခင်လေး က ရှူဆေးကိုမျက်စိလေးမှိတ်ရှူရာက... မွန် မီးတကယ်ဝေးတယ်နော်၊ မီးတောက်မြင်တာနဲ့ ပစ္စည်းသိမ်းကြားလား၊ ဈေးလဲ မဟုတ်ပါဘူးနော်"
    "ဈေးမဟုတ်ပါဘူး ကြီးမေရဲ့" မီးဆိုတာ သိပ်မြန်တာ၊ သိပ်မြန်တာ၊ ဘုရား ဘုရား ဘုရားတန်ခိုး တော်ကြောင့် ခုနှစ်ရက်သားသမီး ၊ မီးဒုက္ခနဲ့ကင်းဝေးကြပါစေ၊ ဘုရားတပည့်တော်မတို့ တိုက်ကိုလဲ မီးကွင်း ပါစေ"

    "ဘယ်နားလောင်နေမှန်းကို မသိဘူး၊ မီးသတ်ကားတွေသွားတာကတော့ အများကြီးပဲ "အင်း... မီးရေးထင်းရေးဆို ဟောဒီ အပေါ်ဆုံးထပ်က မလွယ်လိုက်တာနော်၊ ပစ္စည်းသယ်ဆင်းဖို့ ခပ်ခက်ခက် တစ်ခေါက် က နှစ်ခေါက် ပြန်သယ်ဖို့ဆိုတာဝေးလို့၊ ဈေးချိုတာကလွဲရင် ဟောဒီအပေါ်ဆုံးထပ်ဟာ ဘာမှ မကောင်းဘူး"
    "ဟော...ကြီးမေ၊ လမ်းထဲကလူတွေ လမ်းထိပ်ပြေးကြပြီ၊ လမ်းထိပ်မှာတော့ ဘယ်မှာတယ်သိမှာပဲ"
    "ဘုရား ဘုရာ... ဝေးပါစေ၊ ဝေးပါစေ ကမာရွှတ်မြို့နယ် မဟုတ်ပါစေနဲ့၊ မွန်...အထုပ်မမေ့စေနဲ့နော်၊ ကြီးမေ မေ့တောင် မေ့မနေနဲ့ ကြားရဲ့လား"
    "ဟုတ်ကဲ့ပါ"

    မီးသတ်ကားတစ်စီးရဲ့ ဥသြသံက ရုတ်တရက် စူးစူးရှရှ ပေါ်လာပြန်တယ်။ အန်တီခင်လး ရှူဆေးဗူးကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်တယ်။ လူသားလေးယောက် မိခင်ရဲ့ ၀မ်းကြာတိုက်ထဲကို သန္ဓေတွယ် ခိုအောင်း ရောက်ရှိလာတဲ့ ကိစ္စနဲ့ လှုပ်လှုပ်ရှားရှား ဖြစ်နေတဲ့ ကိုဝင်းအောင်တို့ အခန်းမှာတော့ မီးဥသြသံ ကြားတာနဲ့ နောက်တောက်တောက် ပြောင်တောင်တောင် ကိုဝင်းအောင်ရဲ့ အသံကျယ်ကျယ်က ချက်ချင်း ထွတ်လာတယ်။

    "ဟော ဈေးဦးပေါက် နွေဦးတေးသံဟေ့၊ လာပြီဟ"  ပြောပြောဆိုဆို ကိုဝင်းအောင် ၀ရန်တာ ဘက် ထွက်ပြေး သွားတဲ့အချိန်မှာ ကလေးတွေက ဖအေနောက် အပြေးလိုက် သွားကြတယ်။ သစ်သား လိုက်ကာ ကို မယ်အေးက လှမ်းကိုင်ရင်း အောက်ပိုင်းတစ်ခုလုံး ချည့်သွားသလို ခံစားလိုက်ရတယ်။ အောက်ပိုင်း သေသွားသလိုမျိုးကြီး။ မလှုပ်နိုင် မရှားနိုင် တော့ဘဲ အားတွေလဲ ကုန်သွားသလိုပဲ။ မီးဥသြသံ ကြားလိုက်တာနဲ့ မယ်အေး အမြဲတမ်းဖြစ်နေကျ။ အလျင်အိမ်တွေတုန်းက ပစ္စည်းထုပ်ရွတ်ပြီး မယ်အေး ခဏခဏ ပြေးခဲ့ဖူးပြီလေ။

    "မီးလား...မီးလားဟင်၊ ကိုကျော်...အမေ"
    အိပ်ရာထဲမှာ မူးနေတဲ့ ဝေေ၀တစ်ယောက် မျက်လုံးတွေပွင့်လာတယ်။ ၀ရန်တာ ဘက်ပြေးမလို့ လုပ်နေတဲ့ ယောက်ျားလုပ်သူက မိန်းမနား ပြန်ထိုင်ရပြီး မိန်းမလက်တွေကို ဆုပ်လိုက်တယ်။
    "မီးကအဝေးကြီးပါကွာ၊ အိပ် အိပ်။ မှိန်းနေလိုက်၊ ဝေမှိန်းနေလိုက်တယ် ၊ အမေ" ပြန်မှိန်းသွားတဲ့ မိန်းမကိုကြည့်နေဖို့ မအေကို မျက်ရိပ်ပြထားခဲ့ပြီး ဖိုးကျော်လဲ ၀ရန်တာဘက် ပြေးတယ်။
    "မီးမြင်ရလည်း အစ်ကိုအောင်"

    မမြင်ရပါဘူးကွာ၊ အင်းစိန်ဘက်ကလားမသိဘူးကွ၊ သောက်ကျိုးနည်း မီးသတ်ကား သွားတာတော့ မနည်းဘူး၊ လောင်လိုက်လို့ကတော့ သွားပြီဟေ့၊ မတွေးရဲဘူး"
    မီးသတ်ကား  ဥသြသံစူးစူး တစ်ခု အဆက်မပြတ် ဆွဲပြီးသွားပြန်တယ်။ ယုယနဲ့ မြတ်နိုးက ပြိုင်တူအော်ကြတယ်။ "ဖေကြီး...တီဗွီထဲက မီးသတ်ကား၊ တီဗွီထဲက မီးသတ်ကား"
`    "ဟဲ့...ကလေးတွေ ငြိမ်ငြိမ်နေစမ်း ဖိုးအောင်ရယ်၊ဟောဒီမီးသတ်ကား ဥသြသံကြားရ ရင် လူကိုတစ်မျိုးကြီး ဖြစ်ဖြစ်သွားတာပဲ"
    လှုပ်ရှားလို့ ရသွားတဲ့မယ်အေးတစ်ယောက်လဲ ၀ရန်တာဘက်ရောက်လာတယ်။ ကိုဝင်းအောင်က မိန်းမ ကို ကြည့်ပြီးရယ်တယ်။

    "မယ်အေးရာ၊ မင်းချည်းမှ တစ်မျိုးဖြစ်တာ မဟုတ်ဘူး ငါလဲဖြစ်တာပဲဟ၊ အေး...မင်းလို မီးကြောက်လို့တော့ မဟုတ်ဘူး ၊သြော် ဒီအချိန်ရောက်လာရင် ကျွန်တော့စိတ်တွေ ဖောက်လာတယ်"
    "ဖိုအောင်၊ ဘယ်လိုဖြစ်နေတာလဲ"
    "စိတ်ဖောက်တဲ့ အကြောင်းပြောနေတာလေ၊ တို့လိုကျူရှင်ဆရာတွေကို စိတ်ဖောက် အောင် ခြိမ်းခြောက် နေတဲ့ နွေဦးတေးသံ နှစ်ခုရှိတယ်ကွ၊ ဟောဒီ  မီးသတ်ကားဥသြသံရယ်၊ တိရစ္ဆာန်ဥသြသံရယ်၊ သူတို့ အသံတွေကြားရင် နွေရောက်တော့ မယ်တဲ့၊ နွေရောက်ရင် ငါတို့တစ်တွေ ဘိုင်ပြတ် တော့မယ် လေကွာ၊ သူများတွေကတော့ ဥသြသံလေးများကြားရင် စိတ်တိုလွန်းလို့ ဖမ်း ဖမ်းပြီးချက် ချက်စားပစ် လိုက်ချင်တယ်"

    "စားလို့ကောင်းလားဟင် ဖေကြီး"
    "ကောင်းမှာပေါ့ သမီးရယ်၊ အသားမှန်ရင် ကောင်းတာချည်းပါပဲ" မယ်အေးက ထုံးစံအတိုင်း မျက်စောင်းပဲ ထိုးနိုင် တယ်။ သားအဖတစ်တွေ လိုက်လဲလိုက်တယ်။
    "ဟေ့...မယ်အေး၊ ခုလိုကျတော့လဲ အိမ်မရှိတာတောင်ကောင်းပြန်ရောကွနော်၊ ကိုယ့်အိမ်ပိုင် လေးသာရှိရင် ခုလောက်ဆို တီကောင် ဆားပုံသလို လွှန့်လွှန့် လွှန့်လွှန့်၊ စပ်ဖျဉ်းဖျဉ်းနဲ့နေမှာ၊ ဟော... အိမ်မရှိတော့ ဘာမှ ပူစရာမလိုတော့ဘူး ဟဲ ဟဲ"

    "သွားစမ်းပါ၊ မဆိုင်တာတွေလာပြောမနေနဲ့" "ဟောဗျာ၊ ခက်တော့နေပေါ့ပဲ၊ ဒီအချဉ်ကလေးနဲ့တော့၊ ဟေ့...ဖိုးကျော်ရေ၊ ငါတို့အောက်စနည်းနာရအောင်ဟေ့လာ"
    ကိုဝင်းအောင်က ယောက်ခခေါ်ပြီး အောက်ဆင်းဖို့ ပြင်တော့ တားမရမှန်းသိလျက်နဲ့  မယ်အေးက တားပြန် တယ်။
    "ဖိုအောင်ကလဲ၊ ကိုယ့်အိမ်မှာ ကိုယ်နေစမ်းပါ၊ ဘာကိစ္စသွားနေမှာလဲ" "အိုကွာ၊ ဘယ်နေရာ မှာ လောင်တယ်၊ ဘာကြောင့် လောင်တယ်၊ ဘယ်လောက်ပါသွားတယ်၊ ကိုယ်နဲမဆိုင်ပေမယ့်  မြန်မာပီပီ သိချင်တယ်ကွ ဟဲဟဲ၊ သိပြီးတော့မှ ဝေဖန်ရေးလေကန်ရေး လုပ်လို့ကောင်းမှာပေါ့"

    "ဖေကြီးသမီးတို့လဲ လိုက်မယ်" "ဟ...ငါ့သမီးတွေက အာဇာနည်တွေပဲ၊ ကဲ...ဒီတစ်ခါတော့ မလိုက်ပါနဲ့ အာဇာနည်မတို့ရယ်၊ နောက်တစ်ခါမှလိုက်၊ ဖေကြီးဥသြ ဖမ်းခဲမယ်"
    "ဥသြချက်ကျွေးနော် ဖေကြီး" "ကျွေးမှာပေါ့ကွာ စိတ်ချ" သားအဖတစ်တွေကို မယ်အေး သက်ပြင်းချရပြန်တယ်။
    မီးသတ်ကား ဥသြသံတွေက ဆူညံပြေးလွှားတုန်း။ ဒီနွေရာသီမှာ ဒီလိုအသံတွေနဲ့ ဘယ်နှစ်ကြိမ်လောက် ထိတ်လန့် ရဦးမှာပါလိမ့်နော်။ ၀ရန်တာလက်တန်းကိုကိုင်ပြီး မယ်အေး ကောင်းကင်ကြီးကို မော့်ကြည့် မိတယ်။

ဆက်ရန်
.

2 comments:

ဧပရယ်လ်ပူး@ပူးတေ said...

ဖတ်ရတာ ရင်တောင်မောတယ်မမရယ်။ မီးသတ်ကားသံကြားရင်ကို လူက အလိုလိုစိတ်ဆင်းရဲမိတယ်... သူတို့တိုက်ခန်းထိများ ပါသွားမလားလို့ နောက်တပိုင်းကို သိချင်နေမိတယ်...

ကိုဇော် said...

မီးသတ်ကားတွေ ဥသြသံ ကြားရင် တကယ့် မထိတ်သာ မလန့်သာကို ဖြစ်တယ်။ ဘယ်သူပဲ လောင်လောင်ပေါ့လေ။