ကျွန်မသည် ကမ္ဘာကြီးထဲမှာမဟုတ်
နောက်တစ်နေ့ ၀ါရှင်တန်ပြန်ရောက်ရောက်ချင်း မိုင်းလ်(စ်)က ကျွန်မကို အသားစ ထုတ်ဖို့ ဆေးရုံ ခေါ်သွား သည်။ အပ်နှင့်စိုက်ပြီး အသားစယူမည်တဲ့။ "အပ်" ဟူသည့်စကားလုံး ကြားလိုက်ရရုံဖြင့် ကျွန်မ ထိတ်ထိတ် ပျာပျာ ဖြစ်နေပါပြီ။ မေ့ဆေးမပေးဘဲ လုပ်ရမည်တဲ့။
အပ်ထိုးသွင်း လိုက်တော့ နာလွန်းသဖြင့် မေ့မျောသွားမလား အောက်မေ့လိုက်သည်။ တစ်ချက်တည်း မဟုတ်၊ နောက်နှစ်နေရာတွင် ထပ်ဖောက်ရသေးသည်။ ချိုင်းအောက်က အကျိတ်ကို ဖောက်တော့ အတော် နက်သဖြင့် ပိုခံရသည်။ တစ်သက်နှင့်တစ်ကိုယ် သည်လိုနာကျင်မှုမျိုး မခံစား ခဲ့ဖူးသဖြင့် ပြီးသွားတော့ ကျွန်မ အသား တွေ တဆတ်ဆတ်တုန် နေတော့သည်။
အဖြေထွက် လာပါပြီ။ ကင်ဆာပါပဲတဲ့။ အလွန်ပျံ့ပွားမှုနှုန်းမြန်သည့် ရင်သားကင်ဆာအမျိုးအစား ဖြစ်ကြောင်း ဒေါက်တာနီကိုဖိုးတစ် စန်းဂရစ်က ကျွန်မကို မျက်စိမျက်နှာပျက်ပျက်ဖြင့် ပြောပြပါ သည်။
သူစစ်ဆေး တွေ့ရှိချက်အရ ကျွန်မ ရောဂါမှာ တတိယအဆင့်ကို ရောက်နေပြီဆို၏။ မကြာခင် ကာလ အတွင်း ကုလို့မရနိုင်တော့ သည့် အဆင့်ကို ရောက်တော့မည်တဲ့။
အေးစိမ့်မည်းမှောင် နက်ရှိုင်းသော ချောက်ကမ်းပါးကြီးထဲသို့ ကျွန်မ ထိုးကျသွားပါလေတော့၏။ ကျွန်မ၏ ခံနိုင်ရည် စွမ်းအား မှန်သမျှ ဘာမျှ မကျန်တော့အောင် ကျဆုံး ပျောက်ကွယ်သွား ကြပါလေ ပြီ။
မျက်မမြင် တစ်ယောက်လို တွယ်မိတွယ်ရာကို ကျွန်မ ဖမ်းဆုပ်လိုက်မိ၏။ ခင်ပွန်းသည်၏လက်ကို ဖမ်းဆုပ်မိ လျက်သား ဖြစ်နေ၏။ ကျွန်မအား ရှေ့ဆက်သွားရမည့်လမ်းကို ညွှန်ပြမည့်လက်များဖြစ်ပါ ၏။ စက်ရုပ်တစ်ခု လို သူ့ လက်များကို ကျွန်မဖမ်းဆုပ်လိုက်မိသည်။
ကျွန်မကို တင်းတင်းဖက်ပြီး ဆေးရုံထဲမှ တွဲခေါ်သွားသည်။ သူကျွန်မကို အကောင်းဆုံး၊ အညင်သာ ဆုံး စကားလုံး များဖြင့်နှစ်သိမ့်ပါသည်။ တဖြည်းဖြည်းနှင့် ကျွန်မ ပြန်ထိန်းနိုင်လာသည်။ သို့သော် အိမ်အပြန်တွင် ကျွန်မ ၏ ခန္ဓာကိုယ်သည် ကမ္ဘာကြီးနှင့် ကင်းကွာနေသလို ခံစားနေရ၏။
ပုံမှန် အတိုင်း သွားလာလှုပ်ရှားနေသော ပတ်ဝန်းကျင်ကို ကျွန်မ ငေးလိုက်လာ၏။
နောက်တစ်ဆင့် မှာ ကင်ဆာရောဂါ ပါရဂူ ဒေါက်တာ ဖီးလစ် ကိုဟင်နှင့်တွေ့ရန်ဖြစ်သည်။ မည်သည့် ကုထုံး ဖြင့် ကုမည်ကို သူက ဆုံးဖြတ်ပေးမည်ဖြစ်၏။ ခွဲရစိတ်ရမည်လား။ သွေးသွင်းရ မည်လား။
ကျွန်မ ကို ဂျော့ဝါရှင်တန် တက္ကသိုလ်ဆေးရုံသို့ ပို့လိုက်သည်။ ဆရာဝန်ဒါဇင်ဝက်လောက် ကျွန်မကို ၀ိုင်းဝန်း စစ်ဆေး ကြ၏။ ဒေါက်တာ ကိုဟင်နှင့် ဒေါက်တာ စန်းဂရစ်တို့လည်း ပါသည်။ သူတို့ နှစ်ယောက်ကို ကျွန်မ ယုံကြည် ကိုးစားနေမိ၏။
လောလောဆယ် ကျွန်မ၏ ကြောက်စိတ်တွေကို ဘေးဖယ်ပြီး တက်တာနာအထူးဆောင်းပါး ကို ကျွန်မ ရေးရ မည်။
ဆောင်းပါး ၄ ပိုင်းရေးပြီးတော့ နေ့စဉ် မှတ်တမ်းတွင် ကျွန်မ ရေးထည့်လိုက်သည်။
" အရမ်းပင်ပန်းနေပါပြီ။ ကင်ဆာအမြစ်တွေ ဘယ်လောက်ပြန့်နေပြီဆိုတာ ဘုရားသခင်မှပဲ သိမယ် "
စင်စစ် အိမ်မှုကိစ္စကို ကြီးကြပ်ရသူက ကျွန်မဖြစ်ပါသည်။ ခုတော့ သည်ရောဂါကြောင့် အားလုံး ဖရိုဖရဲဖြစ်ကုန်ပြီ။ ကျွမ်းကျင်မှု အတိုင်ပင်ခံလုပ်ငန်းလုပ်နေသည့် ကျွန်မယောက်ျားလည်း ကျွန်မကိစ္စ နှင့် အလုပ်ရှုပ် နေပြီ။ သူ့လုပ်ငန်းကို လှည့်မကြည့်နိုင်တော့။ အိမ်အလုပ်တွေကိုပါ သူဝင် လုပ်နေရပြီ။ ကျွန်မ ဘာမှ မလုပ်နိုင်တော့ပါ။ ဗုန်းဗုန်းလဲပါပြီ။
အိပ်ရာပေါ် တွင် တုံးလုံးလှဲရင်း တကယ်မဟုတ်သည့် ဘ၀တစ်ခုထဲကို ရောက်နေသလို စိတ်က ထင်လာ၏။ ကြောက်မက်ဖွယ် အရိပ်မည်းကြီး အမြဲထိုးထားခြင်းခံရနေရသည့်ဘ၀။
ယောက်ျား လုပ်သူက ကျွန်မကို အမျိုးမျိုးအားပေးသည်။ စိတ်ဓာတ်မြှင့်တင်ပေးသည်။
" ကလေးတွေ အတွက် မင်းတိုက်ပွဲဝင်ရမယ်။ အရှုံးမပေးရဘူး"
သို့သော် ကလေးတွေအကြောင်းကြားလိုက်သည်နှင့် ကျွန်မ မျက်ရည်တွေ သွန်ကျလာပြီ။
အေးမြသော လေထန်သောနေ့များတွင် အမျိုးသားက ကျွန်မကို ဆေးရုံခေါ်သွားပြီး စစ်ဆေးမှု များ ဆက်လုပ် သည်။ ကျွန်မ ကိုယ်ထဲမှ ကင်ဆာအမြစ်တွေ ဘယ်လောက်အထိ ပြန့်နေပြီလဲ။
စစ်ဆေးသည် ဆိုရာတွင် သက်သာလှသည်မဟုတ်ပါ။ တစ်ခါစစ်တိုင်း နောက်တစ်ခါ ထပ်မစစ်ချင် လောက်အောင် ပြင်းပြင်းထန်ထန်ခံစားရပါသည်။ အသားနာသည်ထက် ဆိုးသည့်အဖြစ်က ကျွန်မ၏ စိတ်ဓာတ် ရေးရာအပိုင်း ဖြစ်ပါသည်။
ကျွန်မယောက်ျားကတော့ ယုံယုံကြည်ကြည်နှင့် ကြံ့ကြံ့ခိုင်ခိုင် ဆက်လက်လှုပ်ရှားနေ၏။
ရင်သားကင်ဆာ နှင့် ပတ်သက်သမျှ စာအုပ်တွေ ရှာလာပေးသည်။ ဆေးရုံမှ ကင်ဆာ တိုက်ဖျက်ရေး အဖွဲ့အစည်း တွေနှင့် ဆက်သွယ်ပြီး ဆွေးနွေးပွဲတွေတက်သည်။ သို့သော် ဘာကိုမှ ကျွန်မ စိတ်မ၀င်စား တော့ပါ။
ကံကောင်း ထောက်မစွာဖြင့် ကျွန်မ၏ အကျိတ်များ အမြစ်မပွားသေးကြောင်း ဓာတ်ခွဲခန်းအဖြေများ အရ သိရသည်။ ကျွန်မ ခုမှ သက်ပြင်းချနိုင်ပါတော့၏။ အင်း ဘုရားသခင်ရဲ့ ကျေးဇူးတော်ပေပဲ။
ဒေါက်တာကိုဟင် က အရေးတကြီးလုပ်စရာမလိုသေးဘဲ မခွဲခင် ဓာတုကုထုံးဖြင့် စမည်ဆို၏။ အကျိတ်တွေ ကျုံ့သွားအောင် နှင့် အမြစ်တွေမပြန့်အောင် ဆေးသွင်းရမည်တဲ့။
ဓာတ်ကင် သည့် ဆေးသွင်းသည့်ကိစ္စရပ်ကိုလည်း ကျွန်မ ဘာမှမသိပါ။ ကျွန်မတွင် ကြောက်စိတ် ကလွဲပြီး ဘာမှ မရှိတော့ပါ။
" ဓာတ်ကင်ရင် ဆံပင်တွေ ကျွတ်ကုန်တယ်မဟုတ်လားဆရာဟုမေးတော့ ဒေါက်တာကိုဟင်က သေသေ ချာချာ ရှင်းပြသည်။ ဓာတ်ကင်လျှင် ဆံပင်ကျွတ်တတ်သည့်အကြောင်း၊ သို့သော် ကုထုံးပြီးချိန်တွင် ပြန် ပေါက်လာ နိုင်ကြောင်း စသည်စသည်များ။
မည်သို့ဖြစ်စေ၊ ခေါင်းတုံးပြောင်ဘ၀ ရောက်သွားမည်ကိုတော့ ကျွန်မ ကြောက်နေဆဲဖြစ်ပါ၏။ ကျွန်မသည် တက္ကသိုလ် ရောက်ကတည်းက ဆံပင်ပုံကို ပြုပြင်ဖြတ်ညှပ်ခြင်းမလုပ်ဘဲ သည်အတိုင်း အရှည် ထားခဲ့သူ ဖြစ်ပါ သည်။ ဆံပင်ရှည်တွေကပင် ကျွန်မ၏ ထူးခြားသည့် အသွင်သဏ္ဍာန်တစ်ခု ဖြစ်နေ ခဲ့ပါ၏။
သားကလေးမီလန်က ကျွန်မဆံပင်တွေကို အရမ်းသဘောကျသည်။ ငယ်ငယ်ကလေးကတည်းက ကျွန်မ ပေါင်ပေါ် ထိုင်ပြီး နက်မှောင်သန်စွမ်းလှသည့် ဆံပင်တွေကို သူ့လက်ချောင်း သေးသေးကလေးများဖြင့် ဆော့နေ တတ်၏။
သည်ဆံပင် တွေ အားလုံး ကျွတ်ကုန်တော့မည့်အကြောင်း ပြောတော့ သူမျက်ရည်တွေ ကျလာ သည်။ အားလုံး ပြီးရင် ပြန်ပေါက်လာမည့်အကြောင်း ရှင်းပြတော့မှ သူပြုံးပြုံးရွှင်ရွှင်ဖြစ်လာသည်။
----------------------
ဘုရားသခင်အပေါ် သက်ဝင်ယုံကြည်ခြင်းစွမ်းအား
မတ်လလယ် တွင် စပြီး ဆေးသွင်း ဓာတ်ကင်တော့ ကျွန်မဆိုစလောက် အားတက်လာသည်။ ဂျော့ဝါရှင်တန် တက္ကသိုလ် ဆေးရုံ၏ ကင်ဆာဌာနသည် စိတ်ချမ်းမြေ့စရာကောင်းလှသည်။
အခန်းထဲ ၀င်သွားပြီဆိုသည်နှင့် ဆေးသွင်းနေကြသူ၊ ဓာတ်ကင်နေကြသူ ဘ၀တူလူနာများစွာကို ခုတင်အသီးသီးပေါ်တွင် လဲလျောင်းလျက်သားတွေ့ရ၏။ ဓာတုကုထုံးဆိုသည်မှာ ဒါပဲ၊ ဘာကြောက်စရာ ရှိလို့လဲ။ ကျွန်မ အားတက်လာသည်။
ပထမပိုင်းတွင် အုလွန်အစွမ်းထက်သည့် ဆေး ၃ မျိုး ကျွန်မသွင်းရမည်တဲ့။ Cytoxan, Adriamycin, 5-Fluorouracil တို့ဖြစ်၏။ ပြီးမှ မပျို့မအန်အောင် Antiemetic ကျွေးသည်။
ခန္ဓာကိုယ်တွင်း သို့ ဆေးတွေစီးဝင်နေသည်ကို ကျွန်မ အတောင့်သား ကြည့်နေမိ၏။ ဆေးသွင်းနေစဉ် အသက်ရှူရ ခက်သည်။
အစောပိုင်းတွင် တစ်ကြိမ် ဆေးသွင်းလွင် ၄ နာရီကြာသည်။ ကင်ဆာဖြစ်နေသည့် သွေးနီဥတွေကို ခေတ်မီဆေးဝါးများဖြင့် လိုက်လံနှိမ်နင်းနေပြီ။ သည်လို ယုံကြည်နေရမည့်အစား ကျွန်မသည် အော့ချင်အန်ချင်ဖြစ်ကာ ကြောက်စိတ်တွေဝင်ပြီး အားလျော့အားငယ် ဖြစ်နေသည်။
ဆေးသွင်းနေရင်း ကျွန်မ စိတ်ရောလူပါ ချုံးကျသွားသည်။ တစ်နေကုန်လှဲနေရင်း အဆုံးအစမရှိ သည့် လိုဏ်ခေါင်းကြီး ထဲရောက်နေသလို စိတ်ထဲခံစားရ၏။
ကျွန်မကို ပေးနေသည့် ဆေးဝါးများသည် ရောဂါဖြစ်နေသည့် သွေးနီဥများကိုပါမက အကောင်းပကတိ သွေးဥ များကိုလည်း ထိခိုက်လျက်ရှိကြောင်း ကျွန်မယောက်ျားက သိထား၏။ ထို့ကြောင့် အားရှိမည့် အစားအစာ တွေ ဖိစားရမည်ဟု ကျွန်မကို တိုက်တွန်းသည်။
သူပြောတာဖြစ်နိုင်ပါသည်။ သို့သော် ခက်သည်က ကျွန်မ၏ရသာရုံ လုံးဝပျက်စီးသွားခဲ့ခြင်းဖြစ်သည်။ ဘာမှ စားချင်စိတ် မရှိတော့ ဘာစားစား အရသာမရှိတော့။ တစ်ချိန်လုံး အန်နေတော့၏။
တစ်ခုခု ကို ကြိုးစားပြီးစားလျှင် မျက်ရည်တွေ ကျလာ၏။ ကျွန်မ လုံးဝနေမကောင်းတော့ပါ။
တစ်နေ့တွင် ကျောင်းကအပြန် မီလာဖျားလာသည်။ ကျွန်မ ဝေဒနာကို ခဏမေ့သွားပြီး ထိတ်ထိတ် ပျာပျာ ဖြစ်သွား၏။ ဆရာဝန်ဆီ ချက်ချင်းသွားဖို့ သူ့အဖကို ကျွန်မ အတင်းပြောနေ၏။
အိပ်ခန်းထဲက အပြင်ထွက်တော့မှ ကျွန်မ သည်ရွေ့သည်မျှ အားနည်းနေကြောင်း သိရသည်။ လေအဝေ့ တွင် လွင့်ပါသွားမလား အောက်မေ့ရသည်။ သို့သော် သမီးကလေးအတွက် ပူပူပင်ပင် ဖြစ်နေသဖြင့် ကျွန်မ တွင် အားအင်တွေ ၀င်လာနေသလိုခံစားရ၏။ တော်ပါသေးသည်။ ရိုးရိုးတုပ်ကွေးမိလာခြင်းဖြစ်၍ သူ့ကို ကျွန်မ တို့ ဆရာဝန်ပေးသည့်ဆေးတွေ တိုက်ကြသည်။
တစ်စတစ်စနှင့် ပုံမှန်လောကထဲသို့ ကျွန်မ ပြန်ရောက်လာသလို စိတ်ထဲထင်လာ၏။ သစ်လွင် တောက်ပ သည့် အရောင်တွေ ကို သတိထားမိလာ၏။ ပတ်ဝန်းကျင်အသံဗလံတွေကို ကြားပြီး အားတက်လာ၏။ အိပ်ရာထဲ တွင် တစ်နေကုန်လှဲနေပြီး ရောဂါအကြောင်း တွေးနေခြင်းက အခြေ အနေပိုးဆိုးဖို့သာရှိကြောင်း ကျွန်မ စဉ်းစားမိလာ၏။ ကိုယ့်ကိုယ်ကို ပြန်ထိန်းရမည်။ လူကောင်း တစ်ယောက်လို ဣနြေ္ဒမပျက်နေရမည်။
ထိုနေ့မှစပြီး ကျွန်မအလုပ်ကို ပုံမှန်ပြန်လုပ်သည်။ Commercial Times နှင့် China Times သတင်းစာကြီး များတွင် ပုံမှန်အပတ်စဉ်ဆောင်းပါးတွေ ပြန်ရေးသည်။ စာရေးခြင်းတွင် အာရုံပြန်လည်စုစည်းသည်။ အလဟဿ ဖြစ်နေသည့် အချိန်တွေ၊ အဓိပ္ပာယ်ရှိလာ၏။
တစ်ည တွင် နေ့စဉ်မှတ်တမ်းရေးဖြစ်သည်။
" ဘုရားသခင်ကို ကျေးဇူးစကားဆိုပါသည်။ အို အရှင်၊ နောက်ဆုံးတွင် တပည့်တော်မသည် ကြောက်ရွံ့ခြင်း မှ ကင်းဝေးနိုင်ခဲ့ပါပြီ "
လုပ်စရာ တွေ အပုံအပင် ကျန်ပါသေးသည်။ ဒါတွေလုပ်ဖို့ ကျွန်မ အသင့်ပြင်နိုင်ခဲ့ပါပြီ။ ဤသို့ဖြင့် စာပြန်ရေးဖြစ်ခြင်း သည် ကျွန်မအတွက် ဆေးဝါးတစ်လက်ဖြစ်လာခဲ့သည်။
ဆေးသွင်း၊ ဓာတ်ကင်လုပ်နေသည့် ပထမကာလပိုင်းတွင် ကျွန်မ၏ ဆံပင်များပင်သိပ်မကျွတ်ခဲ့ပါ။ သို့သော် သွေးပြန်စစ် ဖို့ ဆေးရုံသွားတော့ တာဝန်ကျသူနာပြုဆရာမ က အမှန်အတိုင်း ပြောပြသည်။
" ဆံပင် ကတော့ မကျွတ်ဘဲ မနေဘူးအစ်မ၊ ကျွတ်မှာပဲ "တဲ့။
မတ်လကုန်ပိုင်းရောက်တော့ လက်နှင့်ထိလိုက်ရုံကလေးဖြင့် ကျွန်မဆံပင်တွေ မြင်မကောင်း ရှုမကောင်း ကြွေကျ နေပါလေတော့၏။ ရေချိုးလျှင် ပိုဆိုးတော့သည်။
ရေပန်းပွားအောက် တွင် ရပ်လိုက်လျှင် ရေနှင့်အတူ ကျွန်မ၏ ဆံပင်တွေ အထွေးလိုက်ပါသွားတော့၏။ ကျွန်မ အထိတ်တလန့် ဖြစ်ရပြန်ပါပြီ။ ရေချိုးခန်းဝင်လျှင် ကျွန်မ မျက်နှာပေါ်တွင် မျက်ရည်နှင့် ရေပေါက်တွေ ရောထွေးနေတော့၏။ ရေချိုးခန်းကို သန့်ရှင်းရေးလုပ် လျှင် ဆံချည်ထွေးတွေကိုကြည့်ပြီး ငိုရပေါင်း လည်း မနည်းတော့ပါပြီ။
နောက်ဆုံးတွင် ဆံပင်တုစွပ်ရသည့် ဘ၀သို့ ကျွန်မ ရောက်ခဲ့ရပါတော့သည်။
မတ်လ ၂၉ ရက်နေ့တွင် ကျွန်မသည်လို မှတ်တမ်းရေးခဲ့ပါသည်။
" ညက အိပ်မက်မက်သည်။ အိပ်မက်ထဲတွင် ကျွန်မ ထိုင်ပေကို ပြန်ရောက်နေ၏။ ကျွန်မ ငယ်ငယ်က နေခဲ့သည့် တဲငယ်ကလေးထဲမှာ အမေနှင့် အစ်မတွေကို ကျွန်မလိုက်ရှာသည်။ တစ်ယောက်မျှ မတွေ့။ အင်း ကျွန်မ အိမ်ကို အောက်မေ့နေလို့ သည်အိပ်မက် မက်တယ်ထင်ပါရဲ့"
ဧညပီလထဲတွင် ကျွန်မ၏ ဒုတိယအဆင့် ကုထုံးစခဲ့သည်။ ကျွန်မ၏ သွေးဖြူဥတွေ အပျက်အစီး များလာ၏။ သူတို့နေရာ ကို အစားထိုးဖို့ နေ့စဉ်ဆေးသွင်းရ၏။
ကျွန်မ ၏ ပင်ကို ခံနိုင်စွမ်းအားလည်း တဖြည်းဖြည်းကျဆင်းလာခဲ့၏။ သာမန်လှုပ်ရှားမှုလေးတစ်ခုကို ကျွန်မ ပင်ပန်း ကြီးစွာ လုပ်နေရပြီ။
မည်သို့ရှိစေ၊ ဘ၀ကို အသစ်တစ်ဖန်စဖို့ ကျွန်မက ဆုံးဖြတ်ပြီးနေပြီ။ ဦးတည်ချက်မရှိသည့် ဘ၀ရပ် တည်မှု မျိုးဖြင့်တော့ ကျွန်မ လူ့လောကတွင် မနေလိုတော့ပြီ။
ဘာမျှမရှိသည့် ဟင်းလင်းပြင်လို နေရာမျိုးမှာ ကျွန်မနှင့် စိမ်းလွန်းလှပါသည်။ ဤသို့ဖြင့် ကြွေထည် မြေထည် အတတ်ပညာ သင်တန်းတစ်ခုတွင် တက်ဖို့ ကျွန်မစာရင်းပေးလိုက်သည်။
ဧပြီလကုန်တော့ ကျွန်မအတွက် အားတက်စရာတစ်ခုတိုးလာသည်။ လော့စ်အိန်ဂျလိစ်တွင်နေ သည့် ကျွန်မ အစ်ကို ဧဒွတ်ရောက်ချလာသောကြောင့် ဖြစ်ပါ၏။
ပြီးတော့ မယုံကြည်နိုင်စရာ၊ မမျှော်လင့်နိုင်စရာအဖြစ် တစ်ခုနှင့်ထပ်ကြုံရသည်။ ကျွန်မ၏ အစ်မကြီး ခရစ်စတီးနာ သည် ထိုင်ပေမှ လိုက်လာပြီး ကျွန်မအနားမှာ လာနေပေးရှာသည်။
အစ်ကို နှင့် အစ်မ ရောက်လာခြင်းကြောင့် ကျွန်မရောဂါ သက်သာသလိုလို ပင်ရှိလာသည်။ ပို၍ ထူးဆန်း သည် မှာ အစားအသောက် ပြန်ဝင်လာခြင်းဖြစ်၏။
အစ်ကိုကြီးဧဒွတ်က သူ့ခံစားမှုကို ဖော်ပြတတ်သူမဟုတ်။ သို့သော် နှလုံးသားက အလွန်နူးညံ့သူ ဖြစ်၏။ ကျွန်မအဖြစ်ကို ကြားရတော့ သူ အရမ်းစိတ်ပူသွားသည်ဆို၏။ ဘယ်သူမှတော့ သူ ထုတ်မပြော။
တစ်ခါတစ်ခေါက်လာလည်ဖို့ သူ့ကို ကျွန်မတို့ လင်မယားဖိတ်သည့် အကြိမ်ပေါင်း မနည်းတော့ပြီ။ တစ်ခါမှ ခေါ်လို့မရ။ ခုတော့ သူ့အလုပ်တွေ ဘေးချိတ်ထားခဲ့ပြီး ဘယ်သူမှမခေါ်ရဘဲ အရှေ့ကမ်းခြေ သို့ အရောက် ပေါက်ချလာ၏။ မောင်နှမသုံးယောက်ပြန်လည်တွေ့ဆုံခန်းမှာ ပျော်စရာကောင်းလှပါသည်။
အစ်ကိုကြီးဧဒွတ်သည် ကျွန်မတို့ညီအစ်မကို ငယ်ငယ်ကလေးကတည်းက ပြုစုပျိုးထောင်လာခဲ့သူ ဖြစ်၏။ သည်တစ်ခေါက် အလာတွင်လည်း ကျွန်မအတွက် ပိုက်ဆံတွေအများကြီးယူလာသည်။ ကျွန်မ မယူရက်ပါ။ လက်မခံချင်ပါ။ သို့သော် ကျွန်မငြင်းလျှင်လည်း သူလက်ခံမည်မဟုတ်ပါ။
အစ်မလုပ်သူကလည်း စာအိတ်နီဖြင့် ကံကောင်းမည့်ပိုက်ဆံတွေ ပေးသေး၏။ ငွေပမာဏက မနည်းလှပါ။ သည် အတွက် ကျွန်မဆီက သူဘာမှ ပြန်တောင်းလိမ့်မည်မဟုတ်ပါ။ သူတို့နှစ်ယောက် စလုံးကို ကျွန်မ မလွန်ဆန် နိုင်ခဲ့ပါ။
စိတ်ဓာတ်တွေတက်ကြွပြီး ပျော်နေသော်လည်း ကျွန်မခန္ဓာကိုယ်က နွမ်းခွေပြေလျော့နေဆဲပင်။ အစ်ကို အစ်မ တွေနှင့် နေချိန် သိပ်မရပါ။ ဆေးရုံတွင် ပေးရသည့်အချိန်တွေက ပို၍ပို၍များလာ၏။
တစ်နေ့ ဆေးရုံမှအပြန် ကျွန်မအပြင်းဖျားပါလေတော့၏။ ချောင်းလည်း အဆက်မပြတ်ဆိုးလာ သည်။ အခြား ဆေးခန်းတစ်ခုသို့ပြေးရပြန်၏။
သည်တစ်ခါ China Times နယူးယောက်ရုံးခွဲမှ ကျွန်မ၏ ရေးဖော် ယွန်ဟေဟွား ရောက်လာသည်။ သူ ကိုယ်တိုင် လည်း ကျန်းမာရေး ကောင်းလှသူမဟုတ်။ အိမ်ထောင်ရေးကလည်း အဆင်မပြေ။ သို့သော် သူက ဘာသာရေး ကို အာရုံပြုပြီး အရာအားလုံး ဘုရားသခင်ထံတွင် အပ်နှံထားခဲ့၏။
သူ၏ တည်ငြိမ်မှုကို ကျွန်မ သဘောကျနေ၏။ သူ့ကြောင့်ပင် ကျွန်မသည် ဘာသာရေးပိုင်းကိုပို၍ အာရုံစိုက် နိုင်လာခဲ့ပါသည်။ သမ္မာကျမ်းစာကိုလည်း ကျွန်မဖတ်သည်။ ဗုဒ္ဓဘာသာစာပေတွေကို လည်း ဖတ်ဖြစ်သည်။ နှစ်မျိုး စလုံးတွင် ကြီးမြတ်သည့် မေတ္တာတရားကို တွေ့ရ၏။ ဘ၀အဓိပ္ပာယ်ကို တွေ့ရ၏။
-------------------------------
ဆက်ရန်
.
7 comments:
အင်း..
ကင်ဆာ ဟာ ဗမာလို အပူနာ လို့  ပြောတာပဲ။
အခုနောက်ပိုင်း အဖြစ်များနေကြတာလေ၊
အဖေ့  တုံးက အသဲကင်ဆာပါ၊ တစ်နာရီ ကြာတိုင်းရှစ်ဆ
ပွားပွားလာတာ၊ ချွေးတွေကိုပြန်လို့ ဗျာ၊ ဒါပေမဲ့ 
ရိပ်သာမှာအနေများတဲ့ သူမို့ လို့  နောက်ဆုံးချိန်ထိ
ကြိုးစား မှတ်သွားရှာတယ်။ အခုတစ်လောသိနေရတဲ့ 
ကိုကြီးကျောက်လို၊ နောက်ဆုံးအချိန်မှာ ရင်ဆိုင်ဖို့ 
အခု ဆံပင်နက်စဉ် ကပဲ လေ့ ကျင့် နေရမှာမဟုတ်လား
အစ်မ..
ဒီပိုစ်ကြောင့် အရင်ထက် သတ္တိ ရှိလာပါပြီ။ အစ်မရဲ့စေတနာကို အများကြီး ကျေးဇူးတင်ပါတယ်။
အမျိုးထဲမှာတော့ မဖြစ်ကြဘူး။
ဒီရောဂါက ခေတ်မှီပစ္စည်းတွေ ဖွံ့ဖြိုးတိုးတတ်မှု ၊ အစားအသောက်တွေနဲ့လည်း ဆိုင်မယ် ထင်တယ်။
မျှော်လျှက်...
ကျွန်တော့်ဂျီးတော်နှစ်ယောက်စလုံး ရင်သားကင်ဆာ နဲ့
ဆုံးရှာတာဗျ..။အပျိုကြီးတစ်ယောက်၊အိထောင်သည်
တစ်ယောက်လေ....။အတော်ဆိုးတဲ့ ကင်ဆာပါဗျာ....။
လူသားတွေကို စိန်ခေါ်နေတဲ့ ဒီကင်ဆာဆိုတဲ့ ရောဂါကြီးကို ဘယ်တော့များမှ အောင်မြင်နိုင်မလယ်မသိဘူးနော်။
ကင်ဆာဆိုတဲ့အသံကြားတာနဲ့ သေမိန့်ကျခံထားသူတစ်ယောက်လို ဖြစ်သွားကြတယ်...
ဒါပေမဲ့ ဒီရောဂါကြီးကို အောင်မြင်စွာကျော်ဖြတ်နိုင်တဲ့ လူသားတွေရှိကြောင်း ဒီဝတ္ထုလေးက သက်သေပြလိမ့်မယ်လို့ ယုံကြည်မိတယ်..
အမြစ်ပြတ်အောင် ကုဖို့ဆေးမရှိသေးတော့ သိပ်တုန်လှုပ်ဖို့ကောင်းတဲ့ ရောဂါ ဖြစ်နေတာပဲ။
မကြာခင် လူသားတွေက အနိင်ယူတဲ့ အချိန်ရောက်လာ ဖို့ပဲ ဆုတောင်းမိတယ်။
ကင်ဆာတွေ အားလုံးအတွက် ဆေး အမြန်ဆုံး ပေါ်လာစေချင်ပါပြီ။
ဟင်းသီးဟင်းရွက် တွေအများကြီးစား ပီးတော့ပြန်ကောင်းသွားတဲ့ အမေ့ရဲ့ သူငယ်ချင်း၁ယောက်တော့တွေ့ဖူးတယ်။
ရင်သားတွေတော့ ၂ဖက်လုံးမရှိတော့ဘူး။
Post a Comment