အခန်း(၃၀)
"ကျွန်မကို ခွင့်လွှတ်ပါနော်။ ကျွန်မဟာ ရှင်ညွှန်ကြားခဲ့တာကို လိုက်နာဖို့ ပျက်ကွက်ခဲ့ပါတယ်"
ဆာရာသည် သနားစဖွယ် တောင်းပန်ရှာလေသည်။
တွန်ဂါတာကမူ သူမ၏ မျက်နှာကိုသာ ရွှန်းရွှန်းစားစား စိုက်ကြည့်နေမိသည်။ အလွန် ကြော့ရှင်း လှပပြီး ချစ်စရာကောင်းသော မိန်းကလေးပါတကားဟုလည်း သူ၏ စိတ်ထဲမှ သုံးသပ်နေမိသည်။
သူသည် ဆာရာနှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်ရာ သူမ၏ အလှအတိုင်းအတာကိုပင် မေ့နေခဲ့ သည်။ ထို့ကြောင့် ယခုမှ အားရပါးရ ပြန်ကြည့်နေမိခြင်း ဖြစ်သည်။
"မင်းမှာ အပြစ်မရှိပါဘူးကွယ်။ အခုဟာက မလွဲမရှောင်သာလို့ ဖြစ်ရတာပဲ။ မင်းကို အပြစ်ဆိုစရာ မရှိပါဘူး။ နောက်ပြီး မင်းက ပုန်းရှောင်နေရာက အခုလို ထွက်လာတာဟာလည်း တာဝန်ဝတ္တရား နဲ့ အခြေအနေအရ လိုအပ်တာပါပဲ"
"ကျွန်မ ဘာလုပ်ပေးရမလဲဟင်"
ဆာရာက စိတ်အားထက်သန်စွာဖြင့် မေးလိုက်လျှင် တွန်ဂါတာသည် အရေးတကြီးစကားကို ခပ် တိုးတိုး ပြောလေသည်။
"မင်း သေသေချာချာ နားထောင်စမ်းပါ။ ငါယုံကြည်ရတဲ့ လူတချို့ဟာ ဖွန်ဂါဘီရာရဲ့ တတိယ တပ်မဟာလက်က ထွက်ပြေးလွတ်မြောက်သွားကြတယ်။ သူတို့ကို မင်းက မတွေ့တွေ့အောင် လိုက်ရှာရမယ်။ အခုဆိုရင် သူတို့ဟာ ဘော့ဆွာနာနိုင်ငံထဲ ရောက်နေတယ်လို့ ထင်တယ်"
တွန်ဂါတာသည် ထိုလူများ၏အမည်ကို ပြောပြပြီး ဆာရာအား အလွတ်မှတ်မိအောင် ပြန်ရွတ်ပြခိုင်း ပြီးမှ
"သူတို့ကို ဟောဒီလို ပြောလိုက်"
ထို့နောက် တွန်ဂါတာသည် ဆာရာပြောရမည့်စကားတွေကို အသေးစိတ် ပြောပြလိုက်သည်။ ဆာ ရာကလည်း အလွတ်ရအောင် မှတ်ပြီး တစ်ခေါက် ရွတ်ပြလေသည်။
ထိုအခိုက်မှာပင် ကွင်းစပ်မှ လက်နက်ကိုင် အစောင့်များ သူတို့ရှိရာဘက်သို့ စတင်လျှောက်လာ သည်ကို တွန်ဂါတာက လှမ်းမြင်လိုက်သည်။ မိမိတို့ စကားပြောရန် ငါးမိနစ် အချိန်ပေးထားရာ ယခု အချိန်စေ့သွားပြီဟု ယူဆရပေသည်။
"မင်း ဒီကထွက်သွားလို့ လုံခြုံစိတ်ချရတဲ့နေရာကို ရောက်တဲ့အခါ သူတို့က မင်းကို ငါနဲ့ စကား ဆက်သွယ်ပြောခွင့် ပေးလိမ့်မယ်။ မင်း ဟိုကို ချောချောမောမော ရောက်ရှိကြောင်း ငါသိအောင် သတင်းပို့ဖို့ပါပဲ။ ရေဒီယိုနဲ့ ဆက်သွယ်ရမှာမို့ မင်းဟိုမှာ ကောင်းကောင်းမွန်မွန်ရှိကြောင်း စကား ၀ှက်နဲ့ ပြောရမယ်။ ပြောရမယ့်စကားဝှက်ကတော့ ရှင့်ရဲ့ အလွန်လှပတဲ့ ငှက်ကလေးဟာ ကောင်း ကင်အမြင့်မှာ ပျံသန်းနေပါပြီ။ အဲဒီလို ပြောရမယ်။ ကဲ…လိုက်ဆိုပြစမ်း"
ဆာရာလည်း စကားဝှက်ကို မှန်ကန်အောင် ပြန်ရွတ်ပြပြီးနောက် စိတ်တွေလှုဥပ်ရှားလာကာ တွန်ဂါ တာ၏ ရင်ခွင်သို့ အတင်းတိုးဝင်၍ ဖက်ထားရှာလေသည်။
"ကျွန်မ နောက်ထပ် သခင့်ကို တွေ့ရပါဦးမလား"
"တွေ့ဖို့ မလွယ်ဘူး။ ဒါကြောင့် မင်းက ငါ့ကို မေ့ပစ်လိုက်ပါ"
"ဟင့်အင်း…ဟင့်အင်း ကျွန်မ ဘယ်တော့မှ မမေ့နိုင်ဘူး။ တစ်သက်လုံး မေ့လို့မရဘူး"
ဆာရာက ငိုကြွေးလျက် ပြောနေစဉ်မှာပင် လက်နက်ကိုင်အစောင့်ရောက်လာပြီး အတင်းဆွဲ၍ လူ ချင်း ခွဲလိုက်သည်။
လင်းရိုဗာကားတစ်စီး မောင်းဝင်လာရာ စစ်သားများက ဆာရာအား ကားပေါ်သို့ ဆွဲတင်လိုက်ကြ သည်။
မော်တော်ကား မောင်းထွက်သွားသောအခါ ဆာရာသည် ကားနောက်ဆီသို့ သမင်လည်ပြန် ကြည့် နေရှာလေသည်။
တွန်ဂါတာ၏ စိတ်ထဲတွင် ဆာရာသည် လောက၌ အချောဆုံး၊ အလှဆုံး မိန်းကလေးတစ်ယောက် ဖြစ်သည်ပါတကားဟု ကောက်ချက်ချမိလေသည်။
သုံးရက်မြောက်သောနေ့တွင် တွန်ဂါတာ၏ အကျဉ်းစခန်းသို့ အစောင့်များလာပြီး သူ့အား ဗိုလ်ချုပ်ဖွန်ဂါဘီရာ၏ ယာယီဌာနချုပ် ပြုလုပ်ထားရာ ရုံးခန်းသို့ ခေါ်သွားလေသည်။
"အမျိုးသမီးက ခင်ဗျားနဲ့ ဆက်သွယ်စကားပြောရင် အင်္ဂလိပ်ဘာသာနဲ့ပဲ ပြောရမယ်။ ခင်ဗျားတို့ ပြောတဲ့စကားတွေကိုလည်း အသံဖမ်းယူထားမယ်။ တကယ်လို့ ခင်ဗျားတို့က မာတာဘယ်လီ ဘာသာနဲ့ တစ်ခုခုပြောရင် အသံဖမ်းထားတဲ့ တိတ်ခွေထဲက နောက်ပိုင်း ဘာသာပြန်ယူမယ်"
ဗိုလ်ချုပ် ဖွန်ဂါဘီရာက ပြောရာ တွန်ဂါတာက-
"ကျုပ်တို့ စီစဉ်ထားတဲ့ စကားဝှက်က မာတာဘယ်လီဘာသာနဲ့ ဖြစ်နေတယ်။ ဆာရာက အဲဒီ စကားဝှက်အတိုင်း ပြောမှ ဖြစ်မယ်"ဟု ပြန်ပြောလိုက်သည်။
"ဒါဖြင့် ကောင်းပြီ၊ အဲဒီစကားဝှက်အပြင် တခြား ဘာမှမပြောပါနဲ့။ ရဲဘော်ကြီး အခုလို ပြန်ပြီး ကျန်း ကျန်းမာမာဖြစ်လာတာ တွေ့ရလို့ ၀မ်းသာပါတယ်။ အနားယူပြီး အစာအာဟာရ ကောင်းကောင်း စားလိုက်တယ်ဆိုရင်ပဲ အလွန် သိသာပါတယ်"
တကယ်လည်း တွန်ဂါတာသည် အ၀တ်အစား သပ်ရပ်စွာ ၀တ်စားထားပြီး လူက ကျန်းမာလန်း ဆန်းနေပုံ ရလေသည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ကင်းတပ်မှူး (ကက်ပတိန်)အား ခေါင်းညိတ်၍ အချက်ပြလိုက်ရာ ကက်ပတိန်က တွန်ဂါတာအား စကးပြောခွက် (မိုက်ခရိုဖုန်း)ကို လှမ်းပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် "ရီကော်ဒါ"စက်မှ အသံဖမ်းယူသည့် ခလုတ်ကို နှိပ်ချလိုက်သည်။
ဆက်သွယ်ရေးစက်မှာ ရေဒီယိုတယ်လီဖုန်း စကားပြောသည့်စက် အမျိုးအစား ဖြစ်လေသည်။
တွန်ဂါတာသည် မိုက်ကရိုဖုန်းကို ကိုင်၍ ပါးစပ်နားတေ့ပြီး-
"ကျုပ် တွန်ဂါတာ ဖြစ်ပါတယ်"ဟု စပြောလိုက်သည်။
ချက်ချင်းလိုပင် တစ်ဖက်မှ ဆာရာ၏ အသံကို ပီသစွာ ကြားရလေသည်။
"ဟုတ်ကဲ့ သခင်၊ ကျွန်မ ဆာရာပါ"
ထိုအသံကို ကြားရသည်နှင့် တွန်ဂါတာ၏ စိတ်ထဲ ဖိုလှိုက်လှုပ်ရှားသွားမိလေသည်။
"ဆာရာ မင်း အခု လုံလုံခြုံခြုံ စိတ်ချရတဲ့နေရာ ရောက်နေပြီလား။ အခု မင်းဘယ်က ပြောနေတာ လဲ"
"ကျွန်မ အခု ဖရန်စစ်တောင်းမြို့ကို ရောက်နေပါတယ်။ ဒီက ကြက်ခြေနီအဖွဲ့က ကောင်းမွန်စွာ စောင့်ရှောက်ထားပါတယ် သခင်"
"ပြောစရာ အထူးရှိသေးသလား"
တွန်ဂါတာက မေးလိုက်လျှင် ဆာရာသည် အင်္ဂလိပ်လို ပြောနေရာမှ မာတာဘယ်လီဘာသာသို့ ပြောင်းလျက်-
"ဟုတ်ကဲ့ ရှင့်ရဲ့ အလွန်လှပတဲ့ ငှက်ကလေးဟာ ကောင်းကင်အမြင့်မှာ သန်းနေပါပြီ"ဟု ပြော လိုက်သည်။
ထို့ပြင် သူမကပင် ဆက်လက်၍-
"ဒီမယ် ကျွန်မ တခြားလူတွေကိုလည်း တွေ့ပြီးပြီ။ သခင့်အနေနဲ့ အားမငယ်ပါနဲ့"ဟု ပြောလိုက် သည်။
"အေး…ကောင်းတယ်၊ နောက်ပြီး ငါမင်းကို လုပ်စေချင်တာက"
တွန်ဂါတာ စကားမဆုံးမီ ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် မိုက်ခရိုဖုန်း (စကားပြောခွက်)ကို ဆွဲလုယူ လိုက်ပြီး စကားပြော ဆက်သွယ်သည့် ခလုတ်ကို နှိပ်လိုက်သည်။ ထို့နောက် မိုက်ခရိုဖုန်းကို ကင်း တပ်မှူးလက်သို့ လှမ်းပစ်ပေးလိုက်သည်။
"ဟေ့…အသံဖမ်းထားတဲ့ တိတ်ခွေကို ငါတို့ ယုံကြည်စိတ်ချရတဲ့ မာတာဘယ်လီ အမျိုးသား တစ်ယောက်စီ သွားပို့ပေးပြီး ချက်ချင်း ဘာသာပြန်ခိုင်းလိုက်ပြီးတော့ ဘာသာပြန်ချက် ရေးမှတ် ထားတဲ့စာရွက်ကို ငါ့ဆီ အမြန်ဆုံး လာပို့ခိုင်းလိုက်ပါ။
ဤအမိန့်ပေးပြီးနောက် ဖွန်ဂါဘီရာသည် တွန်ဂါတာဘက်သို့ လှည့်၍
"ကိုင်း…ရဲဘော်ကြီး ခင်ဗျားရဲ့ ချစ်သူနဲ့ စကားပြောခန်း ဒါလောက် ပြီးဆုံးသွားပြီလို့သာ မှတ် လိုက်ပါတော့။ အခု ခင်ဗျားနဲ့ ကျုပ်တို့ ဆက်အလုပ်လုပ်စရာ ရှိသေးတယ်။ လာ…သွားကြမယ်" ဟု ပြောလိုက်သည်။
တွန်ဂါတာသည် ချစ်သူ ဆာရာ လွတ်မြောက်ရေးအတွက် လိုဘင်ဂူလာဘုရင်၏ သင်္ချိုင်းဂူရှိရာ လိုက်ပြပေးပါမည်ဟု လိုက်လျောကတိပေးခဲ့ခြင်းဖြစ်ရာ သူ၏ အကြံက ဖွန်ဂါဘီရာတို့အား တတ် နိုင်သလောက် လှည့်စားအချိန်ဆွဲ၍ သင်္ချိုင်းဂူရှိရာသို့ ကွေ့ကောက်ဝေးလံသော လမ်းမှ ခေါ်သွား ရန်ပင် ဖြစ်သည်။
သို့သော် မည်မျှကြာကြာ အချိန်ဆွဲနိုင်မည်နည်း။ တစ်ချိန်မဟုတ် တစ်ချိန်တွင် သင်္ချိုင်းဂူသို့ ရောက်အောင် သွားရမည် ဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေ၊ အချိန်ဆွဲ၍ ရသမျှ မိမိအဖို့ တန်ဖိုးရှိသည် မဟုတ်ပါလော။ အချိန် တစ်နာရီပိုရ လျှင် မိမိအဖို့ တစ်နာရီပို၍ အသက်ရှင်မည် ဖြစ်သည်။ တစ်နာရီ ပို၍ လွတ်မြောက်ရန် မျှော်လင့် ချက် ရှိနိုင်မည် ဖြစ်ပေသည်။
ထို့ကြောင့် သူသည် သင်္ချိုင်းဂူနှင့် ပတ်သက်၍ ဖွန်ဂါဘီရာအား-
"ကျုပ်ရဲ့ အဘိုးက ခေါ်သွားပြီး ပြခဲ့တာ နှစ်ပေါင်း နှစ်ဆယ်လောက်ရှိပြီ။ ကျုပ် ကောင်းကောင်း တောင် မမှတ်မိဘူး"ဟု ပြောလိုက်သည်။
"ဒီလိုမပြောပါနဲ့လေ။ ခင်ဗျားဟာ အလွန် မှတ်ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ ကျုပ်တို့ သိပြီးသားပါ။ လူနာမည်တွေ၊ လူတွေရဲ့ အင်္ဂါရုပ်တွေကို ခင်ဗျားက ဓာတ်ပုံရိုက်ယူထား သလို ထင်ထင်ရှားရှား မှတ်မိတတ်ပါတယ်။ လွတ်တော်မှာ ခင်ဗျား မိန့်ခွန်းပြောတုန်းက ဘာစာ ရွက်မှတ်စုမှမကြည့်ဘဲ အလွတ်ပြောသွားတာကို ကျုပ်ကိုယ်တိုင် မြင်ခဲ့ပြီးဖြစ်တယ်။ နောက်တစ်ခု ခင်ဗျားအတွက် အချိန်ကုန်သက်သာပြီး မပင်ပန်းဘဲ ရောက်သွားအောင် ရဟတ်ယာဉ်တစ်စင်းပါ စီ စဉ်ထားတယ်"
"ရဟတ်ယာဉ်နဲ့သွားလို့ မဖြစ်ဘူး။ ကျုပ် ပထမဆုံးအကြိမ် သွားခဲ့တုန်းက ခြေကျင်သွားခဲ့ရတယ်။ အခုလည်းပဲ ခြေကျင် သွားမှပဲ ဖြစ်မယ်"
သို့နှင့်ပင် တွန်ဂါတာက ရှေ့ဆောင်လမ်းပြအဖြစ် ရှေ့ဆုံးမှ ဦးဆောင်လျက် တောလမ်းအတိုင်း ခြေကျင် သွားကြလေသည်။
တွန်ဂါတာသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဘိုးအေကြီးနှင့်အတူ သွားရသော လမ်းကို ကြိုး စားစဉ်းစားပြီးသွားရာ သင်္ချိုင်းဂူ လျှို့ဝှက်စွာ တည်ရာသို့ ၀င်ရသည့် တောလမ်းအစကို ရှာမရဘဲ ဖြစ်နေလေသည်။
ထိုနေရာတွင် ကျောက်တုံးများ စုပုံနေသည်ကို သတိရသော်လည်း ယခု ရှာ၍မတွေ့သဖြင့် ခက်နေ လေသည်။
တွန်ဂါတာသည် သင်္ချိုင်းဂူ၏ ၀င်ပေါက်လမ်းစကို ကြိုးစား၍ ရှာလိုက်သည်မှာ သုံးရက်တိတိ ကြာ သွားလေသည်။
သို့သော် လမ်းစကိုမူ ရှာ၍မတွေ့နိုင်ဘဲ ဖြစ်နေလေသည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် စိတ်တိုလာပြီ ဖြစ်သည်။ တွန်ဂါတာက မိမိတို့အား လိမ်လည်လှည့်ဖြား ၍ လမ်းမှားသို့ ခေါ်လာလေသလောဟု သံသယ ဖြစ်လာလေသည်။
စမ်းတ၀ါးဝါးနှင့် ဆက်သွားကြရင်း သူတို့သည် ကျေးရွာငယ်လေးတစ်ရွာသို့ ရောက်သွားလေ သည်။
ထိုရွာငယ်လေးကို မြင်တော့မှ တွန်ဂါတာ မှတ်မိလေသည်။
"ဟုတ်ပြီ ဒီရွာကလေးရောက်ပြီးတော့မှ ကျုပ်တို့ဟာ သင်္ချိုင်းဂူကို ၀င်တဲ့ လမ်းအစကို ရောက် တယ်။ ရွာနဲ့မနီးမဝေးမှာ ချောင်းငယ်တစ်ခုနဲ့ ချောင်းကို ဖြတ်ကူးတဲ့ တံတားရှိတယ်။ နောက်ပိုင်း ကျတော့ တံတားကို ရေတိုက်စားပြီး ပျက်စီးသွားတယ်။ အဲဒီတံတားကို နောက်ထပ် ပြန်ပြီး မဆောက်တော့ဘူး။ ဟုတ်ပြီ ကျုပ် မှတ်မိပြီ။ လာကြပါ ဆက်သွားကြမယ်"
တွန်ဂါတာကပြောရင်း သူကိုယ်တိုင် ရှေ့ဆောင်လျက် ရွာပြင်ဘက်သို့ ထွက်သွားလေသည်။
ဆက်ရန်
.
2 comments:
ကျေးဇူးအများကြီးတင်ပါတယ် ဆရာမ ခင်ဗျာ..
အစ်မရေ..
ကျေးဇူးနော်။ ဖျားနေလို့ မရောက်တာ။
စည်းစိမ်ရှင်ကိုလည်း သတိရနေပါတယ်လို့..
Post a Comment