တိုက်အပေါ်ဆုံးထပ် ညာဘက်ခြမ်းအပေါ်လွှာရဲ့ ညစာထမင်းဝိုင်းကတော့ ထုံးစံအတိုင်း တိတ်တိတ် ဆိတ်ဆိတ် ။
သနပ်ခါးဘဲကျား ၊ အိမ်နေရင်းအင်္ကျီ၊ လုံချည်ဖြစ်ကတတ်ဆန်းတွေနဲ့ ထမင်းကိုပဲ ငုံ့စားနေကြတဲ့ အပျိုကြီး နှစ်ယောက်ကြည့်ရတာ ရုပ်ပျက်ဆင်းပျက်နိုင်လှတယ်။
နံနက်ဈေးသွားချိန်တုန်းကရှိရင်း အသက်ထက် နုပျိုတယ်လို့ထင်ရတဲ့ ရုပ်ရည်တွေ ဟာ ညဦးပိုင်း အိမ်ပဲ ကျပြန်တော့ ရှိရင်းအသက်ထက် ပိုပြီး ရင့်ရော်အိုစာ သွားသလိုပဲ။
အခန်းထဲမှာတော့ ကြောင်တွေရဲ့ ဆော့ကစား၊ ပြေးလွားသံနဲ့ ရေဒီယိုသီချင်း သံသဲ့သဲ့ကပဲ မင်းမူ နေကြ တယ်။
ထမင်းစားပွဲ အလယ်မှာ ထုံးစံအတိုင်း ငါးဟင်းနဲ့ သရက်သီးသနပ်လက်စ၊ ငါးပိကြော်လက်စအပြင် ဒီနေ့ အဖို့တော့ ကန်စွန်းရွက် ချဉ်ရည်ဟင်းပါပါတယ်။ "စားလေကြီးမေ၊ ငါးဖတ်တွေထည့်စားလေ" "စား..စား.. သမီးစား၊ ကြီးမေက ငါးပိကြော်နဲ့ ချဉ်ပေါင်ဟင်းဆို တခြားဘာမှမလိုဘူး" "ဟာ..ကြီးမေကလဲ.. စားပါ၊ ရော့. .ကြီးမေ ဗိုက်သား ကြိုက်ရဲ့သားနဲ့ "
အန်တီခင်လေး မျက်နှာပြုံးယောင် သမ်းသွားတယ်။ ဒီလိုကျပြန်တော့လဲ ဒီတူမလေးဟာ မွေးရကျိုးနပ် လှပါတယ်။
သိတတ်ရှာတယ်၊လိမ္မာရှာတယ်၊ကိုယ့်စကားလဲ မြေ၀ယ်မကျနားထောင်ရှာတယ်။ တချို့ တူ၊ တူမတွေ ဒီလိုဘယ်ဟုတ်မလဲ၊ မွေးရကျိုးမနပ် တဲ့ဟာတွေမှ အများကြီး။ဘာပဲဖြစ်ဖြစ် ဒီအသက်အရွယ်ထိ သူ့ရုပ်ရည် လေး နဲ့ အိမ်ထောင်မပြုပဲနေတာ တစ်ခုတည်းနဲ့ကို အန်တီခင်လေး ကျေနပ်လှပါပြီ။ အင်း ဘာလိုလို နဲ့ ကိုယ့်ရင်ခွင် ထဲ ပိုက်ခဲ့ရတဲ့ ဟာလေးက အသက်သုံးဆယ် ခုနှစ်နှစ်တောင် ရှိနေပြီ ။
အန်တီခင်လေးရဲ့ ကံဆိုးရှာတဲ့ ညီမလေးက မီးဖွားရင်းဆုံးရှာတယ်။ အငယ်ဆုံး ညီမလေးပေါ့။ အန်တီခင်လေး အထက်မှာ အကိုအကြီးဆုံး တစ်ယောက်ရှိတယ် ။ ပြီးတော့ အန်တီခင်လေး ၊ အန်တီ ခင်လေး ပြီးတော့ယောက်ျားလေးတစ်ယောက် ၊ အငယ်ဆုံးက မယဉ်မွန်တို့ အမေပေါ့ ။
အစ်ကိုကြီးရော ၊ မောင်ရော ၊ ညီမရော အိမ်ထောင်ကျတဲ့အထိ အန်တီခင်လေးက အပျိုကြီးဖြစ်နေတော့ တာဝန်မှန်သမျှ အန်တီခင်လေး ခေါင်းပေါ်ချည်းပဲ။ အမေကလဲ အန်တီခင်လေး အသက်နှစ်ဆယ် လောက် မှာ ဆုံးတယ်လေ။ အဖေကတော့ မယဉ်မွန်တို့ အမေဆုံးပြီး မကြာဘူး။ ဆုံးရှာတာပဲ၊ အဖေက သမီးတွေကို ပိုချစ်တယ်။ အငယ်ဆုံးသမီးအတွက် သူတော်တော်စိတ်ထိခိုက်ရှာတယ်။
အဖေဆုံးပြီးတော့ အိမ်ကြီးတစ်လုံးမှာ အန်တီခင်လေးတို့ တူဝရီးပဲကျန်ရစ်တာပေါ့။ ကိုကြီးနဲ့ ကိုလေး ကလဲ အိမ်ထောင်ခွဲတွေ။ မယဉ်မွန်အဖေကလဲ မိန်းမဆုံးကတည်းက သူ့မိဘရှိတဲ့ မြစ်ဝကျွန်းပေါ်ကို ပြန်သွား တာ ပေါ်မလာဘူး။
အဲဒီတုန်းကတည်းက လှည်းတန်းဈေးအဟောင်းမှာ အန်တီခင်လေးက အထည်ဆိုင် ရှိတယ်. အဖေတို့ အမေတို့ကလဲ အရောင်းအ၀ယပဲ လုပ်ခဲ့ကြတာဆိုတော့ အန်တီခင်လေးကလဲ အရောင်းအ၀ယ်ပဲ ၀ါသနာ ပါတယ် ပညာမသင်ချင်ဘူး။ လေးတန်းနဲ့ထွက်ခဲ့တယ်။ မောင်တွေ၊ အစ်ကိုတွေကိုပဲ ဦးစားပေးခဲ့ပါတယ်။
ဒါပေမယ့် သင်းတို့ကကျေးဇူးပြန်ဆပ်ကြတာလေ။ အဖေဆုံးပြီး ကလေးတစ်ဖက်၊ အထည်ဆိုင်တစ်ဖက်နဲမို့ အားကိုးတစ်ကြီးပေါ့။ ယောက္ခမအိမ် နေ နေတဲ့ကိုလေးတို့မိသားစု ကို အိမ်မှာနေဖို့ပြန်ခေါ်တယ်။ သူတို့ မှာ ကလဲ ကလေးကတစ်ယောက်တည်း၊ ကြီးလည်း ကြီးပြီ။ သူ့မိန်းမကလဲ အလုပ်မရှိတော့ အဆင်ပြေ တယ်ပေါ့။ ကိုကြီးကတော့ သူအိုးသူ့အိမ်နဲ့လဲ ဖြစ်နေပြီ ကလေးတွေကလဲ များတယ်လေ။
အဲဒါကို သင်းတို့ ညီအစ်ကိုနှစ်ယောက်က ဘယ်လို မိုက်ရိုင်းသလဲဆိုတော့အိမ်ရော၊ မြေရောရှိသမျှ ပစ္စည်း တွေ ကိုပါ အမွေခွဲကြစို့တဲ့လေ။ မိဘတွေမှ မရှိတော့တာ။ မောင်နှမတွေ အမွေခွဲရမှာပေါ့တဲ့။ တကယ်... တကယ်..နာလွန်းလို့။ အန်တီခင်လေး ပြန်မတွေးချင်ဘူး။ ပြောလဲမပြောဘူး၊ ငါသေရင်မလာနဲ့ နင်တို့သေရင်လဲ မလာဘူးလို့ပြောပြီးပြီ။
ဘယ့်နှယ်တော် ကိုယ့်ညီမ ၊ အစ်မအပျိုနဲ့ တူမလူမမည်လေး အားကိုးရာမဲ့ နေတဲ့အချိန်မှာ သူတို့မို့ ပြောရက် တယ်။ဘယ်ရမလဲ ၊ အန်တီခင်လေး အပြတ်ပြောပစ်လိုက် တာပေါ့။ အမွေမခွဲဘူး မပြောဘူး။ ခွဲမယ်။ ဒါပေမဲ့ ခုချိန်မှာတော့ မခွဲနိုင်သေးဘူး။ ဒီကလေးအရွယ်ရောက်မှခွဲနိုင်မယ်။ ဒီအိမ်ကို ဒီကလေး လည်းဆိုင်တယ်။ အဖေ အမေ လက်ထက်က ကျန်တဲ့ပစ္စည်း စာရင်းနဲ့မှတ်ထား။ လူကြီးတွေ ခေါ်ဆိုပြီး လုပ်ပစ်လိုက်တယ်။ ညီအစ်ကိုနှစ်ယောက်က ဘာမှသိပ်မပြောပေမယ့် သူတို့ မိန်းမတွေကတော့ မကျေနပ်ကြဘူး။ မကျေနပ်လည်း ရုံးသွားကြ ပြောပြီးသား ။ အန်တီခင်လေးက နင်တို့ရှေ့ကသွားရင် ငါက နောက် က လိုက်မယ်ဆိုတာ ပြောပြီးသား။
သူတို့က အဲဒီအချိန်တုန်းကတော့ မသွားခဲ့ပါဘူး။ ဘယ်အချိန်မှာ သွားလဲဆိုတော့ ကလေး ဆယ်တန်း ရောက်တဲ့အချိန်ကျမှလေ။ ကလေးအရွယ်ရောက်ပြီလေ။ ခွဲကြစို့ဆိုတာကို အန်တီခင်လေး က ဘာမှစကားမပြန်ရ ကောင်းလား ဆိုပြီး ဥပဒေအရ လုပ်တော့မယ်ပေါ့လေ။ သူတို့က ယဉ်ယဉ်လေးနဲ့ လာလာ ခြိမ်းခြောက်ကြတယ်။
ကိုယ့်အနေနဲ့ကလဲ နားလည်ပါတယ်။ ခွဲပေးရမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် အန်တီခင်လေး ဘာဖြစ်နေတာလဲဆိုတော့ အိမ်သံယောဇဉ်လေ ။ အိမ်ကို အန်တီခင်လေး သံယောဇဉ်သိပ်တွယ်နေပြီ။ ကိုယ်မွေး ကတည်းက နေလာခဲ့တဲ့အိမ်။ အိမ်ကြီးကခေါင်ပြန့် နှစ်ထပ် သစ်သားအိမ်ကြီး၊ ကျွန်းတွေ သစ်မာ တွေနဲ့ ချည်းဆောက်ထားတာ။ ခြံကလဲ ခြောက်ဆယ်ပတ်လည်ရှိတယ်။ ရေတွင်းကြီးနဲ့၊အုတ်ရေကန်ကြီးနဲ့ ကွမ်းသီးပင် တွေ၊ အုန်းပင်တွေကလဲအများကြီး။
အုန်းသီးဖိုးကိုက တစ်နှစ်တစ်နှစ်မနည်းရတယ်။ သရက်ပင် လည်းရှိတယ်။ ရေတွင်းနားက ငွေပန်းပင်တွေဆို ပွင့်လိုက်တာ ခုပြော၊ ခုမျက်စိထဲမြင် သေးတယ်၊ ဘယ်တော့မှမမေ့ဘူး။ ခုချိန်ထိ ညအိပ်ရင် အိပ်မက် မက်တယ် တုန်း။ အဲဒီလမ်းထဲလဲ အန်တီခင်လေး ဘယ်တော့မှမသွားဘူး။ ခုတော့လဲ ဖျက်ပြီး ဒီလို ကန်ထရိုက် ဆိုတာတွေ ဆောက်ချင်လဲ ဆောက်လိုက်ကြမှာပေါ့။
အန်တီခင်လေးက အိမ်သံယောဇဉ်ကြောင့် အချိန်ဆွဲလေ သူတို့က ဒေါပွလေ ဖြစ်လာကြတယ်။ အိမ်ကြီးကို အန်တီခင်လေး မရောင်ချင်ဘူး အမွေခွဲရင်တော့ ရောင်းရမှာပဲ။ အန်တီခင်လေးမှာလဲ အမ်းယူဖို့ ပိုက်ဆံဘယ်မှာရှိမှာလဲ။ ကိုယ့်လက်ရှိဝင်ငွေရနေတဲ့ ဆိုင်ကိုလဲ အန်တီခင်လေး လက်လွတ်လို့ ဘယ်ဖြစ်မှာလဲ။
နောက်ဆုံးတော့ အန်တီခင်လေး အရှုံးပေးလိုက်ရတော့တယ်။ ဒါပေမယ့် အန်တီခင်လေးက စကားရှင်နဲ့ မောင်တွေကိုပြောတယ်။ ကဲ...ခွဲကြမယ်ဆိုရင် အိမ်ကို အလျင်ဈေးစုံစမ်းကြည့်။ နှိမ်ရင်မရောင်းဘူး။ ဈေးကောင်းရမှ ရောင်းကြေး လို့သဘောတူညီ ချက် ယူလိုက်တာ လောဘသား တွေက သဘောတူ တယ်တဲ့။
အင်း.. အိမ်ကြီးကလဲ အန်တီခင်လေးတို့ တူဝရီးကို သံယောဇဉ် တွယ်ရှာ တယ်နဲ့တူ ပါရဲ့။ ၀ယ်ချင်တဲ့သူ မှန်သမျှက အမွေဆိုင်အိမ်၊ ပြသာနာရှုပ်မှာ ကြောက်တယ်ဆိုပြီး မ၀ယ်ချင်ကြဘူး။ ၀ယ်မဲ့သူကလည်း အိမ်ဈေး၊ မြေဈေး က မကောင်းသေးပဲကိုး။ အိမ်ရောင်းနေတာနဲကို အန်တီခင်လေးတို့ အိမ်ကြီးမှာ ဆယ်နှစ်ကျော်ကျော် နေလိုက် ရသေး သည်။
ဆယ်နှစ်ကျော်ကျော် ကြာပြီးလို့ အန်တီခင်လေး အသက်ငါးဆယ်မှာ အိမ်မြေဈေးကွက်တွေက၊ သိပ်ကောင်း လာပြီလေ။ ၀ယ်ချင်တဲ့သူကလဲ အလုအယက်ဆို တော့ အိမ်ကြီးကို အန်တီခင်လေး လက်လွတ် လိုက်ရတော့တယ်။
အန်တီခင်လေးတို့တူဝရီးက ငွေသုံးသိန်းနဲ့ ဆိုင်နဲ့ရတယ်၊ အတွင်းပစ္စည်းတချို့ ရတယ် အိမ်ထောင်ပရိဘောကတွေရတယ်။ အိမ်ထောင်ပရိဘောကတွေကိုတော့ ထည့်စ ကားမပြောကြလို့ မောင်မင်းကြီးသားတွေကို ကျေးဇူးတင်ရပါသေးတယ်။ တကယ် တော့ သူတို့မလိုချင်လို့ပါ။ အိမ်ထောင် ပရိဘောဂ တွေက ရှေးတုန်းက အဟောင်းအမြင်း ပစ္စည်းတွေကိုး။ သူတို့မလိုချင်တာကိုပဲ ၀မ်းသာပါတယ်။ အန်တီခင်လေးက ဒီပစ္စည်းတွေကို သိပ်မြတ်နိုးတယ်လေ။
ဒီအခန်းမ၀ယ်ခင် အန်တီခင်လေးတို့တူဝရီး အိမ်ငှားနဲ့ လေးနှစ်လောက် နေလိုက်ရသေးတယ်။ အမွေရတဲ့ပိုက်ဆံနဲ့ အိမ်လေးတစ်လုံး ချက်ချင်းပြန်ဝယ်ဖို့ပါပဲ ။ ဒါပေမဲ့ အန်တီခင်လေးနေချင်တာက ခြံလေး၊ ၀င်းလေးနဲ့ အသက်ရှုချောင်တဲ့ အိမ်မျိုးလေး။ အဲဒီအိမ်မျိုးကို အန်တီခင်လေး ပိုက်ဆံနဲ့ လှည်းတန်း တစ်ဝိုက်မှာ မရနိုင်တော့ဘူး။ အင်းစိန်တို့၊ စော်ဘွားကြီးကုန်းတို့မှာပဲ ရတော့မယ်။ အဲဒီနေရာတွေနေလို့လဲ မဖြစ်ဘူးလေ။ ကိုယ်ထမင်းစားရတဲ့ အလုပ်ကလှည်းတန်းဈေးမှာ။ ဒီနား တစ်ဝိုက် မှာပဲ နေမှဖြစ်မယ်၊ စဉ်းစားရင်း စဉ်းစားရင်းနဲ့ ဈေးသစ်ကြီးဆောက်တော့ ဆိုင်သစ်ကိုပြင်ဆင်မွမ်းမံရတာ ပိုက်ဆံ က တော်တော်ထိသွားပြန်တယ်။
နောက်ဆုံးတော့ အန်တီခင်လေး မနေချင်ဆုံး ကန်ထရိုက်တိုက်ခန်းကိုပဲ အမိအရ ဖမ်းကုပ် လိုက်ရ တော့တယ်။ ဟုတ်တယ် အဲဒီ ကန်ထရိုက်တိုက်တွေရဲ့ ဈေးအချိုဆုံး အပေါ်ဆုံးထပ်အလွာလေးကိုတောင် နှစ်သိန်းခွဲတဲ့။ အန်တီခင်လေး မီရုံလေးရယ်။ မီရုံလေးရယ်။ အဲ.. အထုပ်ကလေးကိုတော့ မဖြေရဲ သေးဘူးလေ။ တူဝရီးနှစ်ယောက်ရဲ့ အိုစာနာစာက ရှိသေးတယ်။
မရွှေမွန်ကလဲ အဒေါ်တူလိုက်ပုံတော့ ထားပေမယ့် ဆယ်တန်းကထွက်တယ် ရောင်းတော့မယ်တဲ့။ အန်တီ ခင်လေး ကတော့ ကိုယ့်မျက်စိအောက်မှာတင်နေတော့ ပိုကောင်း
"ဟော...ကြီးမေ၊ ဖိုးကဲတို့ ရန်ဖြစ်ကုန်ပြီ သွားလိုက်ဦး "
"လာခဲ့... လာခဲ့... တုတ်လာပြီနော်"
ကြောင်တွေရန်ဖြစ်ရင်တော့ အခန်းကစိုပြေလှုပ်ရှားသွားတော့တယ်။ တူမလုပ်သူက တိတ်တိတ် ဆိတ်ဆိတ် ပန်းကန်ဆေးရာက အော်တော့ ငြိမ်ပြီးလက်သုတ်နေတဲ့ အဒေါ်လုပ်သူက ဧည့်ခန်းပြေးတယ်။ ဧည့်ခန်း ထဲမှာတော့ ကြောင်မာန်ဖီသံတွေက ဆူညံလို့။
"ဖိုးကဲနော်... ဖိုးကဲ၊ ဘယ်လိုဖြစ်နေလဲ။ အချိုးကိုပြောင်းနေတယ်နော်...နင်...ဟင်း"
"ဟုတ်တယ်..ကြီးမေ၊ ဖိုးကဲ.. ခုတင်ပေါ်လဲလာမအိပ်ဘူး၊ ထမင်းလဲသိပ်မစားဘူး နေမှကောင်းရလား" မယဉ်မွန် က စိုးရိမ်တကြီးပြောရင်း ဧည့်ခန်းဘက်ထွက်လာတယ်။ သူတို့ညီကို နှစ်ယောက်လုံး ပဲ၊ကြောင်မကြီးပဲ ၊ ခုတင်ပေါ်လာအိပ်တယ်၊ ဘာဖြစ်နေတာလဲမ သိဘူး၊ ဆရာဝန်သွားပြအုံးမလားကြီးမေ"
မျက်နှာတစ်မျိုးဖြစ်ပြီး သူ့တူမ အပျိုကြီးလေးဟာ မသိနားမလည်ဆိုးပါလား တွေက ပြာသို၊ တပိုတွဲလေ မွန်ရဲ့၊ ဟိုသင်းကြောင်တွေလိုက်တဲ့ရာသီ၊အဲ..ကြောင်တွေ၊ ယောက်ျား မိန်းမ ယူကြတဲ့ရာသီ သမီးရဲ့"
အပျိုကြီးလေးရော၊ အပျိုကြီးကြီးရော... ငြိမ်သက်သွားကြပြီး ရှက်မျက်နှာကိုယ်စီနဲ့ တစ်ယောက် ကို တစ်ယောက် မကြည့်ကြတော့ပဲ ဧည့်ခန်း ကုလားထိုင်တွေဘေးက အရောင်တစ်ဖိတ်ဖိတ် သစ်သား ကြမ်းပြင် ပေါ်မှာ ထိုင်လိုက်ကြတော့တယ်။ သစ်သားကြမ်း ပြင်ကို ပိုက်ဆံကုန်ပေမယ့် အလျင်အိမ် နဲ့ တူအောင်လို့ဆိုပြီး အန်တီခင်လေးက ခင်တယ်။ ဧည့်ခန်းနေရာပဲ။ မီးဖိုခန်း၊ အိပ်ခန်းမခင်းဘူး။ ကုလားထိုင် တွေပေါ်မှာ တူဝရီးနှစ်ယောက် မထိုင်ကြတဲ့ အကြောင်းကတော့ ကုလားထိုင်ကြိမ်ခင်း မနာအောင်လို့။
ကုလားထိုင် ကြိမ်ခင်းတစ်ကွက်ကို ကြိမ်ထိုးငှားရင် တစ်ရာကျော်ပေးရတာကို။
ပြီးတော့ အန်တီခင်လေးတို့ ကုလားထိုင်ကြီးတွေက ရှေးတုန်းက ကုလားထိုင် ကြီးတွေ။ ကြိမ်ခင်တွေ အကြီးကြီး တွေ၊ ကြိမ်ထိုးငှားရင် ပိုက်ဆံပိုပေးရတယ်။ ရှေးကုလား ယထိုင်ကြီးဘေးက ကြမ်းပြင်မှာ တူဝရီး နှစ်ယောက် ထိုင်ကြပြီး ထုံးစံအတိုင်း အဒေါ်လုပ်သူက စာရင်းတွက်မယ်၊ ကြွေးစာရင်းမှတ်မယ်။ တူမ လုပ်သူက မီးပူတိုက်မယ်၊ အင်္ကျီချုပ်ဖို့ ညှပ်စရာရှိရင် ညှပ်မယ်။ ရေဒီယိုကိုလဲ နားထောင်ရင်းပေါ့။ ရေဒီယို နဲ့တွဲလျက် ကတ်ဆက်ကိုတော့ ဖွင့်လေ့ဖွင့်ထ မရှိကြဘူး။ ဥပုသ်နေ့တို့၊ နတ်တင်တဲ့နေ့တို့ကျမှပဲ နတ်သီချင်းခွေ ဖွင့်တာ။ ဖွင့်စရာကလဲ နတ်သီချင်းခွေတွေပဲရှိတယ်လေ။ ရေဒီယို ကက်ဆက် ၀ယ်တာကိုလည်း နတ်ချင်းတွေ ဖွင့် ချင်လို့ ဝယ်တာကိုး။
ဆက်ရန်
.

1 comment:
ဟိဟိဟိ...အခုလက လူတွေ အဟိုဟာပြုတဲ့ ရာသီ.. အဲလေ..ယောက်ျား ၊ မိန်းမ ယူတဲ့ ရာသီ။ အင်း ဒီလို ပြောလိုက်တော့ ကိုယ်ကပဲ လူမဟုတ်သလိုလို ဟီးဟီး။
Post a Comment