Monday, October 11, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၃၃) အဆက် (၁)

မြေပြင်ကနေပြီး အချက်ပြတာတွေ ဘာတွေ လုပ်မနေတော့ဘူး။ နောက်ထပ် နှစ်ရက်စောင့်ပြီးရင် နောက်ဆုံး အခေါက် ပြန်လာရမယ်။ ဒုတိယအခေါက်လာတဲ့အခါ မြေပြင်ကမီးပုံရှို့ပြီး မီးခိုးနဲ့ အချက် ပြတာ တွေ့ရင်တော့ မင်းက ချက်ချင်း ပြန်လှည့်မောင်း ထွက်ပြေးပေတော့။ နောက်ထပ်လည်း လုံးဝ မလာ ပါနဲ့"
ဆယ်လီသည် ခရိတ်၏ လက်တစ်ဖက်ကို ညင်သာယုယစွာ ဆုပ်ကိုင်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကျွန်မဆီကို ရောက်အောင် ဆက်ဆက်ပြန်လာခဲ့ပါ ဒါလင်ရယ်"
ဆယ်လီက အလွန်ချစ်မြတ်နိုးဟန်ဖြင့် ပြောလိုက်ရာ ခရိတ်လည်း စိတ်ထဲကြည်နူးပီတိဖြစ်လျက် သူမ၏ လက်ကို ခပ်ကြာကြာ ဆုပ်ကိုင်ထားလိုက်သည်။
"ဟော....ဟိုမယ် ကြည့်စမ်း"
ဆယ်လီက ပြောလိုက်၍ အောက်သို့ လှမ်းကြည့်လိုက်သောအခါ ကျယ်ပြန့်သော အညိုရောင် မြေပြင်တွင် ချိဇာရီမြစ်ကို သစ်ပင်များကြားမှ မြင်နေရလေသည်။
"ဇမ်ဘေဇီမြစ်ရေများစခန်းကို ရောက်လာပြန်ပြီပေါ့"
ဆယ်လီက ပါးစပ်မှ ရေရွတ်လိုက်မိသည်။

တစ်ချိန်က သူတို့ကိုယ်တိုင် ပင်ပန်းကြီးစွာ တည်ဆောက်ခဲ့သော ခရီးသည်များအတွက် စခန်းများ ရှိရာ သို့ ရှောင်ကွင်း၍ မောင်းနှင်ပျံသန်းလေသည်။
ထိုအချိန်၌ ခရိတ်နှင့် ဆယ်လီတို့ နှစ်စဦးလုံး၏ စိတ်ထဲ၌ ဤဒေသနယ်မြေကို သတိရလွမ်းဆွတ် သလို ခံစားနေကြရလေသည်။
ဆယ်လီသည် လေယာဉ်ကို တဖြည်းဖြည်း နိမ့်သည်ထက် နိမ့်အောင် ပျံသန်းရာ သစ်ပင် ထိပ်ဖျားလွတ်ရုံ အလွန်နိမ့်လာပြီ ဖြစ်သည်။ ထို့နောက် သူမသည် လေယာဉ်ကို စက်ဝိုင်းသဏ္ဍာန် ပြန်ကွေ့ မောင်း လေသည်။

"ဟောဟိုမှာ ကြည့်စမ်းဟေ့"
ခရိတ်က ပြောရင်း ညွှန်ပြလိုက်သည်။
အောက်သို့ ငုံ့ကြည့်သောအခါ မြေပြင်တွင် မှောင်ခိုတိရစ္ဆာန်ခိုးသတ်သူများ လက်ချက်ဖြင့် သေဆုံး သွားသော ကြံ့သတ္တ၀ါများ၏ အရိုးစုများကို မြင်ရလေသည်။
ထိုနေရာတွင် လေယာဉ်ဆင်းသက်ရမည်ဖြစ်ရာ ဆယ်လီသည် ဆင်းသက်ရန် ပြင်ဆင်လေသည်။ အင်ဂျင် စက်ရှိန် လျှော့လိုက်သောအခါ ကုန်ပစ္စည်းတွေ အဆမတန်တင်ထားသော အလေးချိန် ကြောင့် လေယာဉ် သည် မငြိမ်ဘဲ အနည်းငယ် လူးလေသည်။

သို့ရာတွင် လေယာဉ်မောင်း အတတ်ပညာ အလွန်းကျွမ်းကျင်သူ ဆယ်လီက အောင်မြင် ချောမောစွာပင် ဆင်းသက်နိုင်လေသည်။
သည်တော့မှ ဆယ်လီသည် ဟင်းခနဲ သက်ပြင်းချနိုင်တော့သည်။
"ဘုရားသခင် တန်ခိုးတော်ကြောင့် တော်ပါသေးရဲ့"
ဖရန်စစ္စတောင်းမြို့မှ ခရိတ် ၀ယ်ယူလာသော ပစ္စည်းများတွင် သစ်ပင်ငယ်များကို နေရောင်ခြည် အပူရှိန်မှ ကာကွယ်ရန် ဖုံးအုပ်သည့် နိုင်လွန်ပိုက်မျးလည်း ပါလာလေရာ လေယာဉ်ပေါ်မှ ပစ္စည်းများကို မြန်မြန် သယ်ချ ပြီးနောက် စုပုံ၍ နိုင်လွန်ပိုက်ဖြင့် ဖုံးအုပ်ထားလိုက်ကြသည်။

အားလုံးပြီးစီးသောအခါ ခရိတ်နှင့် ဆယ်လီတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြလေသည်။
"ကျွန်မတော့ ပြန်သွားရမှာကို မသွားချင်ဘူးရှင့်"
"ဟုတ်ပါတယ်၊ ငါကလည်း မင်းကို မသွားစေချင်ပါဘူး။ "ဒါပေမယ့် အခြေအနေအရ မသွားလို့ မဖြစ်ဘူး။ ကဲ… မြန်မြန်သာ သွားပေတော့"
ခရိတ် က ပြောရင်း ဆယ်လီအား နမ်းရှုပ်နှုတ်ဆက်လေသည်။

လူချင်းခွာလိုက်ပြီးနောက် ဆယ်လီသည် လေယာဉ်ပေါ်သို့ ပြန်တက်ကာ မောင်းထွက်လေသည်။
မကြာမီ လေယာဉ်ငယ်သည် မြေပြင်မှ ကြွတက်လာကာ ကောင်းကင်တွင် ချောမောစွာ ပျံသန်း လေသည်။
ခရိတ်သည် ကောင်းကင်မှ လေယာဉ်ကို မျက်စိတစ်ဆုံး ကြည့်နေပြီး လုံးဝ ပျောက်ကွယ်သွားတော့ မှသာ ရိုင်ဖယ်သေနတ်တစ်လက်ကို ကောက်ယူ၍ ကျောပိုးအိတ်ကိုလည်း ပခုံးတွင် လွယ်လိုက်ပြီး နောက် ဆရာမ ကလေး ဆာရာအား လှမ်းကြည့်လိုက်သည်။

သူမက စားသောက်ဖွယ်များနှင့် ရေဘူးများကို ကိုင်ထားပြီး ပစ္စတိုလ်သေနတ်တစ်လက်ကို ခါးတွင် ထိုးထားလေသည်။
"ဘယ့်နှယ်လဲ သွားဖို့ အဆင်သင့်ပဲလား"
ခရိတ်က မေးလိုက်လျှင် ဆာရာက ခေါင်းညိတ်ပြလိုက်ပြီး ခရိတ်သွားရာနောက်မှ လိုက်လျှောက် လေသည်။
ခရိတ် က ခပ်သွက်သွက် လျှောက်သွားသဖြင့် ဆာရာသည် နောက်မှမီအောင် ကြိုးစား၍ လိုက် လျှောက်ရှာ သည်။

နှစ်ယောက်သား လျှောက်သွားကြရင်း မွန်းလွဲပိုင်းတွင် သူတို့သည် တောင်ပူစာတစ်ခုသို့ ရောက် သွားကြလေသည်။ တောင်ပူစာ၏ ထိပ်ပေါ်သို့တက်၍ ကြည့်လိုက်သောအခါ မြစ်ကမ်းနံဘေးရှိ ဇမ်ဘေဇီမြစ်ရေများစခန်း အဆောက်အအုံများကို လှမ်းမြင်ရလေသည်။

ဤနေရာသည် အလွန်အန္တရာယ်ရှိကြောင်း ခရိတ်က တွက်မိလေသည်။ သို့သော် မီးခိုးနှင့် အချက် ပြရန် မီးဖိုတစ်ခု မီးမွှေးလိုက်သည်။ ထို့နောက် နှစ်ယောက်စလုံး တောနားရှိ ချုံပုတ်များကြားတွင် ၀င်ပုန်း နေလိုက်သည်။ အကယ်၍ ရန်သူတစ်စုံတစ်ယောက် မမျှော်လင့်ဘဲ ရောက်လာပါက ချုံခို တိုက်ခိုက် နိုင်ရန် ၀င်ပုန်းနေလိုက်ခြင်း ဖြစ်သည်။
ခရိတ်နှင့် ဆာရာတို့သည် တစ်ယောက်နှင့်တစ်ယောက် စကားလည်းမပြော၊ လှုပ်ရှားခြင်းလည်း မပြုဘဲ စိတ်ရှည်လက်ရှည် ထိုင်စောင့်နေကြရာ အချိန်သုံးနာရီခန့် ကြာသွားလေသည်။ သူတို့၏ မျက်လုံးများကသာ ပတ်ဝန်းကျင်ကို သတိထားကြည့်နေကြသည်။

ယင်းသို့ အထူးသတိထားနေသည့်ကြားမှပင် သူတို့သည် အံ့အားသင့်သွားကြရလေသည်။
အလွန်နီးကပ်လာသော နေရာမှ ဘာမှမမြင်ရဘဲ မာတာဘယ်လီဘာသာဖြင့် တစ်စုံတစ်ယောက် စကား ပြော လိုက်သောကြောင့်ပင် ဖြစ်သည်။
"အို…ကူဖီလာ၊ သင်သည် ငါတို့အတွက် ငွေယူလာပို့ပေးခြင်းပေလား"

သည်တော့မှ ခရိတ်လည်း အသံကို မှတ်မိပြီး မရှေးမနှောင်းမှာပင် မလှမ်းမကမ်းရှိ ချုံပုတ်အတွင်းမှ ပြောက်ကျားခေါင်းဆောင် ရဲဘော်လွတ်ကောက်၏မျက်နှာကို သတိပြုမိလေသည်။
"အို…အသင် ကူဖီလာ၊ ကျွန်ုပ်တို့အား သင်သည် လုံးဝမေ့သွားပြီဟု ထင်ခဲ့မိသည်"
ရဲဘော်လွတ်ကောက်က ပြောရင်း ချုံပုတ်ထဲမှထွက်ကာ ခရိတ်တို့နှင့် ခြေလှမ်းဆယ်လှမ်းမျှ ကွာ သည့်နေရာ သို့ ချဉ်းကပ်လာလေသည်။

ခရိတ်ကလည်း တည်ကြည်လေးနက်သော ဣနြေ္ဒဖြင့်-
"အို…အသင်ရဲဘော် လွတ်ကောက်၊ ယခု လာရခြင်းမှာ သင်တို့အား ငွေပေးရန် လာခြင်းမဟုတ်၊ သင်တို့ ငွေတစ်ပြား မှ ရမည်မဟုတ်။ သင်တို့သည် ယခု အချိန်မှစ၍ အလွန်ပင်ပန်းပြီး အန္တရာယ် များလှသော လုပ်ငန်း များကိုသာ လုပ်ရချေတော့မည်ဖြစ်၏"ဟု ပြောလိုက်လေသည်။

ရဲဘော်လွတ်ကောက်နှင့်အတူ မာတာဘယ်လီ ပြောက်ကျားသုံးဦးတို့လည်း ပါလာကြလေသည်။ ထိုသုံးဦးစလုံးမှာ ကျန်းမာသန်စွမ်းပြီး ကြောက်စရာကောင်းသော အသွင်သဏ္ဌာန် ရှိကြသည်ကို ခရိတ်က သတိပြု မိသည်။
သူတို့သည် မီးပုံမှမီးများ လုံးဝ ကြွင်းကျန်သည်အထိ ငြိမ်းသတ်လိုက်ကြသည်။ ပြီးနောက် ဆက် သွားကြ ရမည့် လမ်းတွင် ရန်သူတပ်သားများ ခိုအောင်းခြင်း ရှိမရှိလေ့လာရန် ရှေ့ပြေးကင်းထောက် အဖြစ် ထွက်သွားကြလေသည်။

ပြောက်ကျားခေါင်းဆောင် ရဲဘော် လွတ်ကောက်က ခရိတ်အား ရှင်းပြလေသည်။
"ယခု ငါတို့ဆက်သွားကြမှ ဖြစ်မည်။ ဤနေရာကဲ့သို့ အကာအကွယ်မရှိသော နေရာမျိုးတွင်ဆို လျှင် ရှိုနာစစ်သားများ အမဲလိုက်ခွေးများလို ငါတို့နောက်သို့ တကောက်ကောက် အနံ့ခံလိုက်လာ ကြမည်ဖြစ်သည်။ သင်နှင့် ငါတို့ နောက်ဆုံး တွေ့ခဲ့သည့် နောက်ပိုင်း ငါတို့ လူအတော်များများ ဆုံးရှုံးခဲ့ရပြီဖြစ်သည်။ ရဲဘော် ဒေါ်လာပင်လျှင် ရန်သူက ဖမ်းသွားလေပြီ"
"မှန်ပါ၏။ ကျွန်ုပ် ရဲဘော်ဒေါ်လာအကြောင်း သိပြီးဖြစ်သည်"

ခရိတ်က ဤသို့ပြောလိုက်ခြင်းမှာ သူကိုယ်တိုင် ရဲဘော်ဒေါ်လာအား မြင်ခဲ့ရသောကြောင့်ပင် ဖြစ် သည်။ ဒေါ်လာခမျာ ထိုညက ကင်းလင်းစခန်းတွင် ခရိတ်အား အပြစ်ရှိကြောင်း ရန်သူဘက်မှ သက်သေ ထွက်ဆိုခဲ့ပုံကိုလည်း ကောင်းစွာ မှတ်မိပေသည်။
ရဲဘော်ဒေါ်လာသည် ရှိုနာစစ်သားများက ရိုက်နှက်ညှဉ်းပန်း၍ အတင်းထွက်ဆိုခိုင်းသောကြောင့် မိမိအား ဆန့်ကျင်လျက် သက်သေထွက်ဆိုခဲ့ရကြောင်းကိုလည်း ခရိတ် သိပေသည်။
သို့နှင့်ပင် သူတို့သည် ညမှောင်စပြုချိန်မှစ၍ နှစ်နာရီခန့် ဆက်တိုက်လျှောက်သွားကြလေ သည်။

မြစ်ကြီး၏ ကမ်းခြေတစ်လျှောက် သစ်ပင်ဝါးပင်များ၏ အကာအကွယ်ကို သူက သွားကြခြင်းဖြစ် လေသည်။ သူတို့သွားသည့်လမ်းတွင် ဘေးရန်မရှိအောင်လည်း ရှေ့ပြေးကင်းအဖြစ် သွားနှင့်သူ ရဲဘော်သုံးဦး တို့က ကြိုတင် လမ်းရှင်းပေးပြီးဖြစ်၍ အနှောင့်အယှက် တစ်စုံတစ်ရာ မတွေ့ရချေ။
နောက်ဆုံး တွင် သူတို့သည် မာတာဘယ်လီ တိုင်းရင်းသားတို့၏ လျှို့ဝှက်ပြောက်ကျားစခန်းသို့ ရောက်သွား ကြသည်။

ထိုအချိန်၌ စခန်းတွင် အမျိုးသမီးများက စားသောက်ဖွယ်များ ချက်ပြုတ်နေကြရာ အမျိုးသမီး တစ်ဦး သည် ဆာရာကိုမြင်လျှင် မှတ်မိပြီး ၀မ်းသာအားရ ပြော၍ ဖက်ရှာလေသည်။
"ဒီအမျိုးသမီးက ကျွန်မအဒေါ်ရဲ့ သမီးအငယ်ဆုံး ဖြစ်ပါတယ်"
ဆာရာက ခရိတ်အား ရှင်းပြလေသည်။
ခရိတ်သည် ဆာရာနှင့် စကားပြောရာတွင် အင်္ဂလိပ်စကား လုံးဝမပြောဘဲ မာတာဘယ်လီဘာသာ ဖြင့်သာ ပြောလေသည်။

ပြောက်ကျားစခန်းမှာ နေချင့်စဖွယ် ကောင်းမွန်သပ်ရပ်သည့် နေရာမျိုးမဟုတ်ဘဲ ရေခန်းခြောက် သွေ့နေသော ချောင်းတစ်ခု၏ ကမ်းပါးတွင် မြေကြီးကိုတူးကာ အပေါ်၌ ပေါက်နေသော သစ်ပင် များ၏ သစ်ကိုင်း သစ်ခက်များ၏ အကာအကွယ်ကို ယူထားလေသည်။
စခန်းရှိ လူများအဖို့ ဇိမ်ခံပစ္စည်း အသုံးအဆောင်ဆို၍ ဘာမှမရှိ။ လူတိုင်း လူတိုင်း၏ ကိုယ်ပိုင် ပစ္စည်းများကလည်း အရေးရှိလျှင် ကျောပိုးအိတ်ထဲထည့်၍ လွယ်ပြေးနိုင်အောင် အနည်းငယ်မျှ သာလျှင် ရှိကြ လေသည်။

ရဲဘော်လွတ်ကောက်သည် ခရိတ်အား အစီအစဉ်ကို ရှင်းပြလေသည်။
"ငါတို့သည် တစ်နေရာတည်း ကြာကြာနေခြင်းမှာ မသင့်။ ရှိုနာစစ်သားများက မြေပြင်မှ ငါတို့၏ လှုပ်ရှားမှုကို ကောင်းကင်မှ လေယာဉ်ဖြင့် လိုက်ရှာကြည့်ပါက မြင်သွားနိုင်သည်။ အန္တရာယ်ရှိ သည်။ ရန်သူအနေဖြင့် ငါတို့၏ ခြေရာများကို လိုက်ကြည်ခြင်းအားဖြင့် ငါတို့ သွားရန်လမ်းကို သိရှိ နိုင်သည်။ ထို့ကြောင့် ငါတို့သည် တစ်နေရာတည်း ကြာကြာမနေသင့်။ ယခု မကြာမီ ခရီးဆက် သွားကြမှ သင့်ပေမည်"

ထိုအတောအတွင်း စခန်းရှိ အမျိုးသမီးများက စားသောက်ဖွယ်ရာများယူလာပြီး တည်ခင်းဧည့်ခံကြ ရာ ခရိတ်သည် အစားအစာများကို မြင်တော့မှ သူမည်မျှ ဆာလောင်မွတ်သိပ်ကြောင်း သိရတော့ သည်။
မစားမီ ခရိတ်သည် သူ၏ ကျောပိုးအိတ်ထဲမှ စီးကရက်ဘူးများ ထုတ်ယူ၍ ပြောက်ကျားရဲဘော်များ အား ဝေငှပေးလိုက်သည်။ မာတာဘယ်လီ တိုင်းရင်းသားရဲဘော်များ ပထမဆုံးအကြိမ် ပျော်ရွှင်စွာ ပြုံးနေ ကြသည် ကိုလည်း ခရိတ်က သတိပြုမိသည်။

ပြောက်ကျားရဲဘော်များက စီးကရက်တစ်လိပ်တည်းကို မီးညှိပြီး တစ်ယောက်တစ်လှည့်စီ လက် ဆင့်ကမ်းလျက် ဖွာနေကြပုံမှာလည်း စိတ်ဝင်စားဖွယ် ကောင်းပေသည်။
"သင်တို့၏အဖွဲ့တွင် လူအင်အား မည်မျှရှိပါသနည်း"

ခရိတ်က မာတာဘယ်လီ ဘာသာဖြင့် မေးလိုက်ရာ ရဲဘော်လွတ်ကောက်က စီးကရက် သောက် နေရာမှ-
"ငါတို့ အဖွဲ့တွင် အင်အားနှစ်ဆယ့်ခြောက်ယောက် ရှိပါ၏။ သို့သော် စခန်းမှ မနီးမဝေးတွင် အခြား တပ်ဖွဲ့တစ်ဖွဲ့ ရှိပါသေးသည်"ဟု ပြန်ဖြေလေသည်။
ခရိတ်သည် ပြောက်ကျားရဲဘော် နှစ်ဆယ့်ခြောက်ဦးနှင့်ပင် လုံလောက်ပြီဟု တွက်မိသည်။ အထူး သဖြင့် ရန်သူ က လုံးဝ မရိပ်မိဘဲ အလစ်တွင် ၀င်စီးနိုင်ပါက အလွန်ကောင်းမည်ဟုလည်း စဉ်းစားမိ လေသည်။

ဆက်ရန်
.

1 comment:

kztk said...

ပျောက်ကျား စနစ်နဲ့ တွယ်တော့မယ်ထင်တယ်နော်..

Thanks.