အခန်း(၂၇) အဆက်
မာတာဘယ်လီ လူမျိုးတွေရဲ့ နယ်မြေမှာ ခင်ဗျားရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်လာတဲ့ အခြေအနေ ကြောင့် လက်ရှိအစိုးရအပေါ် အနောက်အုပ်စု နိုင်ငံကြီးတွေက ငြိုငြင်လာအောင် ခင်ဗျားက စွမ်းဆောင်နိုင် ခဲ့တာလည်း ကျုပ်သိပါတယ်။ သို့သော်လည်း အပြီးသတ်ကျတော့ ဘယ်လို ဖြစ်လာမလဲ၊ စိတ်ဓာတ် အလွန် တက်ကြွ ပြင်းထန်တဲ့ မာတာဘယ်လီလူမျိုးတွေကို ခင်ဗျား အာဏာရတဲ့အခါ ဘယ်လို ကိုင်တွယ် ချုပ်ထိန်း မှာလဲ"
"ကောင်းပါပြီ ခင်ဗျားရဲ့ မေးခွန်းနှစ်ခုစလုံးကို ကျုပ်က နာမည်တစ်ခုတည်းပြောပြီး ဖြေကြားပါမယ်"
"ဘာနာမည်လဲ"
"တွန်ဂါတာ"
"သြော်…ဒီလိုလား။ ဟုတ်ပြီ တွန်ဂါတာက မာတာဘယ်လီ လူမျိုးတွေရဲ့ ခေါင်းဆောင်မဟုတ်လား။ ဒီလူကို ခင်ဗျားက ရာထူးက ဖယ်ရှားပစ်လိုက်တာ ကျုပ်သိတယ်။ အခုလောက်ဆိုရင် သူ့ကို သုတ် သင်လိုက်ပြီး ရောပေါ့"
"မသုတ်သင်သေးပါဘူး။ ကျုပ်က သူ့ကို လုံခြုံလျှို့ဝှက်တဲ့ ကျုပ်တို့ရဲ့ ပြန်လည်ထူထောင်ရေး စခန်းတစ်ခု မှာ ထိန်းသိမ်း ထားပါတယ်"
"အဲဒီကိစ္စ ရှင်းပြပါဦး"
"အဓိက အကြောင်းကတော့ ငွေကြေးပါပဲ"
"ကျုပ် ကြားသိရသလောက် တွန်ဂါတာဟာ ငွေကြေးချမ်းသာကြွယ်ဝသူ မဟုတ်ဘူးဆိုပါကလား"
ဗိုလ်မှူးကြီး ဘူခါရင်က မှတ်ချက်ချလိုက်လျှင် ဖွန်ဂါဘီရာ ရှင်းပြလေသည်။
"သူက မချမ်းသာပေမယ့် ဒေါ်လာသန်းနှစ်ရာလောက်ရှိတဲ့ ငွေတွေရရှိဖို့အတွက် ဒီလူက အရေးပါ တဲ့ အချက် အချာ အခြေအနေမှာ ရှိတယ်"
"စိန်တွေ ကို ဆိုလိုတာများလား"
"ဟုတ်တယ်၊ တောင်အာဖရိကနိုင်ငံဟာ ကမ္တာပေါ်မှာ စိန်အများဆုံးထွက်တဲ့နိုင်ငံဖြစ်တယ်။ စိန်ဆို ပေမယ့် အညံ့စား၊ အပေါစားစိန်မျိုးတွေဆိုလိုတာ မဟုတ်ဘူး။ အရည်အသွေး အကောင်းဆုံး၊ အဖိုး တန်ဆုံး စိန်မျိုးတွေကို ပြောတာပါ"
ရုရှဗိုလ်မှူးကြီးသည် ခေတ္တ စဉ်းစားသလို ငြိမ်နေပြီးနောက်-
"ဒီအတိုင်းသာ ဟုတ်ရိုးမှန်ရင်"ဟု စကားပြန်စစဉ် ဖွန်ဂါဘီရာက ကြားဖြတ်လျက်-
"တကယ် ဟုတ်လို့ ပြောတာပါဗျ။ ဒါပေမဲ့ အခုလောလောဆယ်တော့ ခင်ဗျားကို အသေးစိတ် ရှင်း မပြနိုင် သေးဘူး။ နောက်မှပဲ ပြောပြပါ့မယ်"ဟု ပြောလိုက်သည်။
"ဒါဖြင့်လည်း ကောင်းပါပြီ။ ကျုပ်တို့ရဲ့ ငွေကြေးအကြောင်း သိပ်ပြောနေတဲ့ ကျုပ်ရဲ့ အထက် လူကြီးတွေကို တစ်နည်းနည်းနဲ့ ကျုပ်က ကတိပေးပြီး နှစ်သိမ့်ထားလိုက်ပါ့မယ်။ ဒါထက် ကျုပ်ရဲ့ ဒုတိယမေးခွန်းဖြစ်တဲ့ မာတာဘယ်လီ လူမျိုးတွေ အားလုံး တစ်ယောက်မှမကျန်အောင် သုတ်သင် ရှင်းလင်းပစ်လို့တော့ မဖြစ်ဘူး မဟုတ်လား"
ဘူခါရင်၏ စကားဆုံးလျှင် ဖွန်ဂါဘီရာက ခေါင်းခါလိုက်သည်။
"ဟုတ်ပါတယ်။ တစ်ယောက်မကျန် သုတ်သင်ပစ်လို့ မဖြစ်နိုင်ပါဘူး။ တကယ်တော့ အဲသလို ရှင်း ပစ်လိုက်နိုင်ရင်တော့ ခွင့်လွှတ်မှာမဟုတ်ဘူး။ ဒါနဲ့ ပတ်သက်လို့ မေးခွန်းရဲ့အဖြေက တွန်ဂါတာပါ ပဲလို့သာ ဖြေရပါမယ်။ ကျုပ်က နိုင်ငံတော်အာဏာကိုရပြီးရင် တွန်ဂါတာဟာလည်း ပြည်သူ ပရိသတ် ရှေ့မှာ ပြန်ပေါ်လာပါမယ်၊ သေပြီလို့ အများက ထင်နေတဲ့ကြားက တွန်ဂါတာဟာ အသက် ထင်ရှား ပြန်ရောက် လာလိမ့်မယ်။ မာတာဘယ်လီလူမျိုးတွေကလည်း သူတို့ရဲ့ ခေါင်း ဆောင် ပြန်ပေါ် လာတာ ကို အတိုင်း မသိ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြလိမ့်မယ်။ သူတို့ဟာ တွန်ဂါ တာအပေါ် အကြွင်းမဲ့ ထောက်ခံ အားပေး ကြလိမ့်မယ်။ အဲဒီအခြေအနေမှာ ကျုပ်က တွန်ဂါတာကို ကျုပ်ရဲ့ ဒုတိယ သမ္မတနေရာ ပေးလိုက် မယ်"
"ဒါပေမဲ့ တွန်ဂါတာက ခင်ဗျားကို အလွန်မုန်းတီးပြီး ပြန်ကလဲ့စားချေမယ် မဟုတ်လား"
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ခေါင်းခါလိုက်ပြန်သည်။
"သူက ပြန်ကလဲ့စေားမချေအောင် လုပ်လိုက်မယ်။ ကျုပ်အနေနဲ့ တွန်ဂါတာကို ခင်ဗျားတိှု့ဆီ ပို့ လိုက်မယ်။ စိတ်ရောဂါဝေဒနာရှင်တွေကို အထူးကုသပေးတဲ့ ဆေးရုံ၊ သီးသန့်ဆေးရုံတွေ ခင်ဗျား တို့နိုင်ငံမှာ ရှိတယ်မဟုတ်လား။ အဲဒီ အထူးကုဆေးရုံတွေ တစ်ခုခုကိုပို့ပြီး စိတ်ငြိမ်ဆေးတွေ၊ မူး ယစ်ထုံထိုင်းစေတဲ့ ဆေးဝါး တွေနဲ့ ကုသပေးလိုက်မယ်ဆိုရင် တွန်ဂါတာ အလွန်ကျိုးနွံပြီး လုံးဝ ရန် မလိုတော့တဲ့ လူတစ်ယောက် ဖြစ်လာလိမ့်မယ်"
ဖွန်ဂါဘီရာက ပြောလိုက်ချိန်တွင် ဗိုလ်မှူးကြီးဘူခါရင်သည် ဗော့ဒ်ကာ အရက်တစ်ခွက် ငုံ့သောက် နေရာမှ မော့ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက ဖွန်ဂါဘီရာအား လေးစားအထင်ကြီးသည့် ဟန်မျိုး ဖြစ်နေ လေသည်။
ဖွန်ဂါဘီရာသည် အလွန်လိမ္မာပါးနပ်သလောက် စိတ်ကူးဉာဏ်အလွန်ကောင်းသူပါတကားဟုလည်းစိတ် ထဲမှ မှတ်ချက်ချမိလေသည်။
"ဗိုလ်ချုပ် ဖွန်ဂါဘီရာ ခင်ဗျား၊ ကျုပ်အနေနဲ့ ခင်ဗျားကို အလွန်လေးစားပါတယ်။ ခင်ဗျားဟာ ဇင်ဘာဘွေနိုင်ငံကို နှစ်ပရိစ္ဆောဒပေါင်းများစွာ အုပ်ချုပ်နိုင်ပါစေလို့လည်း ဆုတောင်းပါတယ်"
ပြောပြောဆိုဆို ဘူခါရင်သည် အနောက်တိုင်း ယဉ်ကျေးမှုထုံးစံအရ အရက်ခွက်ကို ကိုင်မြှောက်၍ ဆုတောင်းရင်း မော့သောက်ချလိုက်သည်။
ဖန်ခွက်ကို ပြန်ချလိုက်ပြီးနောက် ဘူခါရင်သည် ခပ်လှမ်းလှမ်းရှိ တောရိုင်းတိရစ္ဆာန်များ ရေလာ သောက်နေရာသို့ ငေးကြည့်နေလေသည်။
ထိုအချိန်၌ မြင်းကျားတစ်အုပ် ရေလာသောက်လျက် ရှိလေသည်။ မြင်းကျားသတ္တ၀ါများသည် ရေ ကို ရဲရဲမသောက်ကြဘဲ ဂနာမငြိမ် ဖြစ်နေကြသည်။ အကြောင်းမူကား ဤနေရာ၌ ရေသောက်ရန် လာသူ သားကောင်များအား ခြင်္သေ့ကြီးများ အသာချောင်း၍ ဖမ်းသတ် စားလေ့ရှိသောကြောင့်ပင် တည်း။
မြင်းကျားများသည် ရေထဲသို့ ဖြည်းဖြည်းချင်း မရဲတရဲ ဆင်း၍ အခြေအနေကို အကဲခတ် စောင့် ကြည့်ပြီးမှ ရေသောက်ကြလေသည်။
မြင်းကျားများ ရေသောက်ပြီး၍ ကုန်းပေါ်ပြန်တက်ကာ ထွက်သွားတော့မှ ဘူခါရင်သည် ဆက် စကားပြောလေသည်။
"ခင်ဗျား အခုပြောလိုက်တဲ့ ဆေးဝါးကုသနည်းက အလွန်ကြမ်းပါတယ်ဗျ။ တချို့လူနာတွေဆိုရင် ကျုပ်တို့ရဲ့ ကုသမှုဒဏ်ကို မခံနိုင်လို့ ဆေးရုံမှာပဲ သေသွားကြတယ်။ ဒဏ်ကို ခံနိုင်လို့ အသက် မသေဘဲ ရှင်လာရင်တော့ ဒီလူတွေဟာ"
ဤတွင် သူသည် စကားလုံးရှာမရသလို ဖြစ်နေရာ ဖွန်ဂါဘီရာက ၀င်၍-
"သူတို့ရဲ့ ဦးနှောက်ဟာ သာမန်မဟုတ်တော့ဘဲ ပျက်စီးသွားတယ်ဆိုပါတော့"ဟု စကားလုံးရှာပြီး ပြောလိုက်သည်။
"အင်း…သာမန်အရပ်သားစကားနဲ့ ပြောရရင် ဟုတ်ပါတယ်"
"ကျုပ် ရှင်းရှင်းပဲ ပြောပါမယ်။ ကျုပ်က တွန်ဂါတာရဲ့ ခန္ဓာကိုယ်သာ လိုချင်တယ်။ သူရဲ့ ဦးနှောက် ကို လိုချင်တာ မဟုတ်ဘူး"
ဗိုလ်ချုပ် ဖွန်ဂါဘီရာက သူ၏ ဆန္ဒအမှန်ကို ခပ်တွင်းတွင်းပင် ပြောလိုက်ခြင်းဖြစ်သည်။
"ကောင်းပြီလေ၊ ကျုပ်တို့ ကြည့်စီစဉ်ပေးပါမယ်။ ခင်ဗျားက ဘယ်တော့လောက် သူ့ကို ကျုပ်တို့ ဆီ ပို့မှာလဲ"
"နေဦးဗျ စိန်တွေကိစ္စ အရင်လုပ်ရဦးမယ်"
"သြော်…ဟုတ်ပါရဲ့၊ စိန်တွေကိစ္စကလည်း အရေးကြီးတာပဲ။ အဲဒါက ဘယ်လောက် အချိန်ကြာမှာ လဲ"
"သိပ် မကြာပါဘူး"
"ဒါဖြင့် ဒီလိုလုပ်ကြမယ်။ ခင်ဗျားအနေနဲ့ အဆင်သင့်ရှိပြီဆိုရင် ကျုပ်က ခင်ဗျားဆီကို ဆရာဝန် တစ်ဦး လွှတ်ပေးလိုက်မယ်။ အဲဒီဒေါက်တာကို လိုအပ်တဲ့ ညွှန်ကြားချက်နဲ့တကွ ဆေးဝါးတွေ လည်း ပေးလိုက်မယ်။ တွန်ဂါတာ ကို ပြည်ပကိုထုတ်ဖို့ကတော့ ဆင်စွယ်တွေထုတ်တဲ့နည်းအတိုင်း ထုတ်သွားရုံပဲ။ ဇင်ဘာဘွေ လေကြောင်းကုမ္ပဏီ လေယာဉ်တစ်စင်းနဲ့ ဒါရေဆလမ်ဆိပ်ကမ်းမြို့ကို ပထမတင်သွားပြီး ဟိုကျတော့မှ ကျုပ်တို့ရဲ့ ကုန်တင်သင်္ဘောတစ်စင်းက အော်ဒက်ဆာမြို့ကို တင်သွားလိမ့်မယ်"
"ကောင်းပါပြီ၊ သဘောတူပါတယ်"
"ခင်ဗျားက သူ့ကို ဒီအနီးအနားမှာပဲ ထိန်းသိမ်းထားတယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ကျုပ် သူ့ ကို သွားကြည့်ချင်တယ်ဗျာ"
"သွားကြည့်လို့ သင့်တော်ပါ့မလား"
"ကျုပ် ပြောသလိုသာ လုပ်စမ်းပါ"
ဗိုလ်မှူးကြီး ဘူခါရင်က ပြောလိုက်ပုံမှာ မေတ္တာရပ်ခံပုံမျိုးမဟုတ်ဘဲ အမိန့်ပေးသည့်သဘောမျိုး ဖြစ်နေ လေသည်။
အခန်း (၂၈) ဆက်ရန်
.

2 comments:
Thanks.
Ray
တော်တော်ကို ဆိုးတဲ့ တဲ့ ဖွန်ဂါဘီရာနော်....
အခုလို ပြန်တင်ပေးတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ် ဆရာမရေ...
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
Post a Comment