Saturday, September 25, 2010

မဝင်းမြင့် (ငယ်ယုံပူဘော်) အပိုင်း (၁၅)

အိမ်ထဲမှ ထွက်သွားသော မောင်မင်းဇင်ကို မေမေခင်သည် ငေးစိုက်ကြည့်ရင်း ဆိုဖာပေါ်မှာ မလှုပ်မယှက် ထိုင်နေမိသည်။ ဤသို့သောနည်းဖြင့် စိတ်ဆင်းရဲအောင် လုပ် သည်။ အကြိမ်ပေါင်းများနေပြီဖြစ်သော ခင်ပွန်းသည်အတွက် မေမေခင် စိတ်ထဲမှာ ခံစား ရသော ဝေဒနာကို ဘယ်လိုအကောင်အထည် ဖော်ရမည် ကိုပင် မေမေခင် မပြောတတ် တော့ချေ။ မောင်မောင်မျိုးကို အင်္ကျီချွတ်ယူပြီး ချိတ်မှာ ချိတ်ပေးခြင်း၊ အိမ်နေ၀တ်သည့် အင်္ကျီ လုံချည်ကို လဲလှယ်ပေးခြင်း စသော ပြုမြဲဝတ္တရားတွေကိုပင် ပြုချစ်စိတ် မရှိတော့ ပေ။

သူငယ်ချင်းကို အားနာစိတ်၊ ခင်ပွန်းကို ဒေါသဖြစ်စိတ်၊ အားကိုးပြုစရာ ဆွေမျိုး ကင်းမဲ့သော ကိုယ့်ဘ၀ကို ၀မ်းနည်းစိတ်ဖြင့် ငိုင်တွေနေမိသည်မှာ မည်မျှကြာသွားသည် မသိ၊ သူ့ရှေ့တည့်တည့်မှာ တင်းမာသော မျက်နှာဖြင့် လာထိုင်သော မောင်မောင်မျိုးကို မြင်ရမှ သက်ပြင်းကြီး တစ်ချက်ချပြီး ထိုင်ရာမှထရန် ပြင်လိုက်သည်။

"ဘယ်ကို ထသွားမှာလဲ"
မောင်မောင်မျိုးက လေသံသမာမာဖြင့် မေး၏။
"ထမင်းပွဲ ပြင်မယ်လို့"
မေမေခင်က လေသံပြတ်ပြတ် ဖြေသည်။
"ကောင်မလေး မရှိဘူးလား"
"ရှိတယ်"

"ကောင်မလေးကို ပြင်ခိုင်း ... ခင် ထိုင်ဦး ပြောစရာ ရှိတယ်"
မေမေခင်က ထမည်ဟန်ပြင်ရာမှ မထသေးဘဲ မောင်မောင်မျိုးမျက်နှာကို ပြန်ကြည့်နေ သည်။ ဘာကိစ္စလဲ၊ ဘာပြောမှာလဲ စသည်ဖြင့် မေးလိုစိတ် မရှိတော့ပေ။ ဤမျက်နှာထား မျိုး၊ ဤလေသံမျိုးဖြင့် ပါးစပ်ဟလိုက်လျှင် မောင်မောင်မျိုး၏ နှုတ်ခံတွင်းမှ "ကိုကို" "မမမိ" ဆိုသော အသံတွေသာ ထွက်လာ တတ်သည်ကို မေမေခင်က သိပြီး ဖြစ်သည်။ ထိုကြောင့် ဘာမှ ပြန်မေးဘဲ မတုန်မလှုပ် အေးအေးစက်စက် မျက်နှာ ဖြင့်သာ ခင်ပွန်းသည် မျက်နှာ ကို ကြည့်နေလိုက်၏။

"ကိုကိုနဲ့ မမမိဆီက စာလာတယ်"
မောင်မောင်မျိုးက နိဒါန်းပျို၏။ မေမေခင်က စကားမထွက်ဘဲ ဆိတ်ဆိတ်သာ ကြည့်နေ သည်။ ဤသည်ကို မောင်မောင်မျိုးက မကျေနပ် တကယ်ဆိုလျှင် ...
"ဟုတ်လား ... ကိုကိုနဲ့ မမမိက စာထဲမှာ ဘာတွေရေးလိုက်သလဲ၊ သူတို့ နေကောင်းကြ တယ်တဲ့လား၊ ရန်ကုန် ကို ဘုရားဖူးခေါ်ပါဦးလား"
စသည့်စကားမျိုး မေမေခင်နှုတ်မှ ထွက်စေချင်သည်။ သို့သော် ကိုအောင်စိုးနှင့် မိမိလေးထံ မှ စာရောက်တိုင်း မောင်မောင်မျိုးက အထက်ပါအတိုင်း နိဒါန်းပျိုး၏။ မေမေခင်က အထက် ပါအတိုင်း အေးစက်စက် မတုန်မလှုပ် မျက်နှာဖြင့် ဆိတ်ဆိတ်နေသည်။ အထူးအဆန်း ကား မဟုတ်တော့ချေ။ မကျေနပ်လျက်နှင့်ပင် မောင်မောင်မျိုးက စကားဆက်ပြော၏။

"ကိုကိုနဲ့ မမမိ အလုပ်က ထွက်လိုက်ပြီ၊ ရန်ကုန်ကို အပြီးပြောင်းလာတော့မယ်"
မေမေခင် ဆိတ်ဆိတ်နေ၍ မဖြစ်တော့ပြီ။
"ဘာကြောင့် ထွက်လိုက်တာလဲ"
ဟူသော မေးခွန်းဖြင့် တုံ့ပြန်၏။

"ညီအစ်ကိုနှစ်ယောက် မခွဲချင်လို့၊ အတူနေချင်လို့ ထွက်လိုက်တာ၊ ဒီအိမ်ကြီးက ကျယ်တယ်၊ ကိုကိုနဲ့ မမမိနေဖို့ ဒီအိမ်မှာပဲ အိမ်ဦးဘက်အခန်းတစ်ခန်း အသင့်ပြင်ထားရ မယ်"
မေမေခင်သည် မောင်မောင်မျိုး မျက်နှာ စိုက်င်္ကြည့်လိုက်သည်။ ထို့နောက် စိတ်ကို ခိုင်မာ ပြတ်သားစွာ ဆုံးဖြတ်ထားသောအသံဖြင့် ပြန်ပြော၏။

"ကိုမျိုးအစ်ကိုက အလုပ်ထွက်လိုက်တာ ဟုတ်ကဲ့လား၊ သူ့မိန်းမက ဖဲသမား၊ ဖဲဘိုးရအောင် မှောင်ခိုပစ္စည်း ချသလား၊ လာဘ်စားသလား တစ်ခုခုလို့ အလုပ်ပြုတ်လာ တာ ဖြစ်မှာပေါ့"
မောင်မောင်မျိုး မျက်နှာမည်းသွားသည်။ ကိုအောင်စိုးက စာထဲတွင် အလုပ်ပြုတ်သွားပြီ ဖြစ်ကြောင်း၊ ထောင်မကျအောင် ရှိသမျှ ပစ္စည်းအကုန်ခံ ကြိုးစားခဲ့ရ၍ နေစရာ စားစရာ မရှိတော့သည့်အတွက် ညီလေးအိမ်မှာ နေလည်းနေ၊  စားလည်းစားမည် ဖြစ်ကြောင်းကို သာ စာရေးထားသည်။ ယခု မေမေခင်က အလုပ်ပြုတ်လာတာဟု အတတ် ပြောလိုက် သည်။ ဟုတ်တာဆို နာလိုခံခက် အမျက်ထွက်သွား၏။

"ဟေ့ ခင် ကိုကို့အလုပ်ကိစ္စမှာ မမမိနဲ့ ဘာဆိုင်လဲ၊ မမမိသိက္ခာကို အရမ်းမဲ့ ထိခိုက် ပြောတာတော့ ခင် လွန်တယ်နော်"
မောင်မောင်မျိုးက မရီး ထိသောအခါ မချိအောင် နာသွားသည်။ ထိုသို့ မရီးထိ၍ ဆတ်ဆတ်ခါသည်ကို တွေ့ရသော မေမေခင်က ပိုပြီး ကြည့်မရလာသောကြောင့် သူ သိခဲ့ ရသည့်အတိုင်း ပြောလိုက်သည်။
"ကိုမျိုး မရီး အိမ်မှာ ထမင်းဟင်းကောင်း မချက်ဘဲ ဖဲဝိုင်းရှိရာ လိုက်ပြီး ဖဲရိုက်နေလို့ ရုံးစေ ကြီးက ရုံးအလုပ်က မလုပ်ရဘဲ အိမ်အလုပ်လာလုပ်နေရတယ်ဆိုတာ သူတို့ဆီသွားစဉ်က ခင့်လိုမိန်းမကို ဟိုတယ်ဆိုင် ထမင်းဟင်း ၀ယ်ခိုင်းလို့ သတင်းစုံကြားခဲ့ရတယ်လေ"

မောင်မောင်မျိုးက အံ့အားသင့်ဟန် ပေါ်သွားသည်။ မေမေခင်က ဆက်ပြော၏။
"ရှိသမျှပစ္စည်း ကိုမျိုးဆီက လိမ်ယူထားတာတွေရော၊ ကိုမျိုး လူပျိုဘ၀ အပ်ထားခဲ့တဲ့ ပစ္စည်းရော ပေါင်ပြီး ဖဲရိုက်တာ အားလုံး ကုန်ပြီလေ၊
ဒါကြောင့် ကိုမျိုးအပ်ထားတဲ့ ပစ္စည်းတွေ ပြန်မရဘဲ အဆုံးခံရတဲ့အပြင် ပါသွားတဲ့ ငွေတစ်ထောင်ကိုတောင် တိတ်တိတ်နှိုက်ယူထားလိုက်တာ ခံခဲ့ရတယ် ဟုတ်လား"
"ဟေ့ ... ခင် ... ခင်နော်"

ဤစကားကလွဲပြီး မောင်မောင်မျိုးသည် ပြန်လှန်ချေပရန် ခုခံကာကွယ်ရန် စကားလုံး ရှာမတွေ့တော့ချေ။ ပြောလက်စနှင့် မေမေခင်က မလျှော့ဘဲ ဆက်ပြောသည်။
"သူ့မယားက အိမ်ထောင်ရှင် အလုပ် ဘာမှ မလုပ်ဘဲ ယောက်ျားတွေနဲ့ ဒူးတင် ပေါင်တင် ဖဲလည်ရိုက်၊ ပစ္စည်းဥစ္စာ ဖြုန်းတီးပစ်တာတော့ အဖိုးတန် မိန်းမမြတ်ကြီး နေရာမှာ ထားတယ်၊ ခင့်ကိုတော့ ဦးကျိုးအောင် နှိမ်ဟဲ့၊ မယားနေစ ကြောင်သေမှတဲ့၊ မမမိကို ရိုသေ ရမယ်ဟဲ့၊ သိပ်တော်တဲ့ အစ်ကိုနဲ့ မရီး"
"ဟေ့ ခင် ... တော်ဆို ... တော်နော်"

"မတော်နိုင်ဘူး ကိုမျိုး၊ ဒါတွေကို ခင် မျိုသိပ်သည်းခံလာခဲ့တာ ကြာပြီ၊ အခု ပြတ်ပြတ် သားသား ပြောရမယ့်အချိန် ရောက်လာလို့ ပြောတာ၊ ဆုံးအောင် နားထောင်ဦး"
အေးဆေးတိတ်ဆိတ်စွာ နှုတ်နည်း စကားနည်း နေလာခဲ့သော မေမေခင်က ယခု တင်းမာ ပြတ်သားသော လေသံဖြင့် ချက်ကျကျ ပြောနေသောအခါ ကိုယ့်ဘက်က မှားနေ၊ လွန်နေ သော မောင်မောင်မျိုးသည် ပါးစပ် အဟောင်းသား၊ မျက်လုံးအပြူးသားဖြင့် မေမေခင်ကို ကြည့်နေသည်။ မေမေခင်က ဆက်ပြောသည်။

"ခင့်ကို ကိုယ်ချင်းမစာ၊ နှမချင်းမစာ ချိုးနှိမ်ဖို့ ကြိုးစားကြံစည်ထားသူတွေက ခင့်ယောက်ျား နဲ့ပေါင်းပြီး ခင့်အိမ်ပေါ်မှာ တတ်နေမယ်၊ ခင့်ထမင်းကို စားကြမယ်၊ ခင့်ကို စိတ်ဆင်းရဲ အောင် လုပ်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ လာနေကြမှာကို ... ခင် ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး၊ ကိုမျိုး ဒီခြံဝင်းနဲ့ ဒီအိမ်ကို ၀ယ်တာ ခင့်မိဘလက်ထက်က ကျန်ရစ်တဲ့ အမွေအနှစ်ငွေနဲ့ ၀ယ်တာ၊ ခြံရော အိမ်ရော ခင့်နာမည်နဲ့ ၀ယ်ထား ကိုမျိုး သိသားပဲ၊ ခင်တစ်ယောက်ထဲပိုင်တဲ့ အိမ်ပေါ်ကို  ခင့်လင်ကလွဲပြီး ဘယ်သူ့မှ လက်မခံနိုင်ဘူး"

မေမေခင်က ပြတ်သားတင်းမာစွာ ပြောလာသောအခါ မောင်မောင်မျိုး အနေဖြင့် အစ်ကို နှင့် မရီးကို ဇွတ်ခေါ်တင်ရန် မေမေခင် သွေးပူနေချိန်မှာ မဖြစ်ကြောင်း စဉ်းစားမိသည်။ မေမေခင်သည် သူ့အစ်ကိုနှင့် မရီးကို စိတ်နာနေသည်ဖြစ်ရာ ဇွတ်အတင်း တက်လာလျှင် တရားဥပေဒအရ အရေးယူပါက လူကြား မကောင်း ဖြစ်ပေလိမ့်မည်။ ငါ့အစ်ကိုနဲ့ မရီးကို ဇွတ်ခေါ်တင်ပြီး ဒင်းကို နှိမ်ထားလျှင် မဖြစ်နိုင်ဘူးလားဟု ဆိုစရာ ရှိသော်လည်း၊ မကျေနပ်သော မေမေခင် သူ့အစ်ကို သူ့မရီးအကြောင်း လျှောက်ပြောနေလျှင် မည်မျှ နှိမ်ထားနိုင်စေကာမူ လူတစ်ယောက်ပါးစပ်ကို ပိတ်ထား၍ မရနိုင်ပေ။ သူ့အစ်ကိုနှင့် သူ့မရီး သိက္ခာကျမည်ကို စိုးရိမ်သည်။ မောင်မောင်မျိုး စဉ်းစားနေစဉ်မှာ မေမေခင်က ဆက်ပြော ၏။

"ခင်ဟာ အေးအေးငြိမ်ငြိမ် သိက္ခာရှိရျှိ နေတာ ကိုမျိုး သိတယ်၊ ဖဲသမား အိမ်ပေါ်တင်ထား ရင် ဒီအိမ်မှာ ဖဲသမားတွေပဲ ထွက်ကြ ၀င်ကြမှာ ဒါကို ခင်လုံးဝ မလိုက်လျောနိုင်ဘူး ... "
ပျော့လျှင် ဖယောင်း၊ မာလျှင် သံချောင်း တည်းဟူသော မေမေခင်၏ သဘောထားကို အသေအချာ သိရသောအခါ မောင်မောင်မျိုးက အချိုသပ်ကြည့်၏။

"ကိုကိုနဲ့ မမမိက အခိုက်အတန့် နေမှာပါ၊ သူတို့ အခြေအနေ အဆင်မပြေခိုက်ကလေးမှာ ထမင်းကျွေးထားရမှာဆိုတော့ နှစ်အိုးခွဲစားသလို ဖြစ်နေမှာ အကုန်များမှာပေါ့"
မေမေခင်က လက်ခံလျှင် တော်ပြီ၊ အိမ်ပေါ်တက်မိလျှင် မဆင်းဘဲနေတော့ ဒင်း ဘာတတ် နိုင်မှာလဲ။ ခွင့်မပြုဘဲ ဇွတ်တက်လာလျှင် မေမေခင်ဘက်က ထမင်းချက်ငှားထားသော မိန်းမနှင့် လက်တိုလက်တောင်း ခိုင်းသော ကောင်မလေး ရှိသည်။ ခြံကို ပြုပြင်စိုက်ပျိုးရန် ငှားထားသော မာလီ ရှိနေသည်။ တယ်လီဖုန်းဖြင့် မောင်မင်းဇင်နှင့် မြသွင်အေးကို အချိန် မရွေး ခေါ်နိုင်သည်။ အသိုင်းအ၀ိုင်း အဟန့်အတားလေး ရှိနေ၍ မောင်မောင်မျိုးက အချို သပ်နေခြင်း ဖြစ်သည်။

သို့သော် မေမေခင်က ဦးခေါင်းမာသည်။ "ကိုမျိုး အစ်ကိုနဲ့ မရီးကို ကြင်နာရင် သင့်တော်ရာ မှာ နေရာရှာပေး၊ သူတို့ စားဖို့သုံးဖို့ ထောက်ပံ့ချင်ရင် ထောက်ပံ့ပါ၊ ခင်နဲ့ တစ်အိမ်ထဲ အတူ နေဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး ... "
မေမေခင် စကားက တရားလမ်းကျသည်၊ မှန်ကန်သည်။ ထို့ကြောင့် မောင်မောင်မျိုးသည် အစ်ကိုနှင့် မရီးလာလျှင် နေထိုင်ရန် အိမ်ရှာရလေတော့သည်။ အစ်ကိုနှင့် မရီးကို ဝေးလံ စွာသော နေရာမှာ မထားချင်ပေ။ သူ့မှာ မော်တော်ကား ရှိသော်ငြားလည်း အစ်ကိုနှင့် မရီးမှာ မော်တော်ကား မရှိ။ ညီအစ်ကိုချင်း အချိန်မရွေး လာချင်သည့်အချိန်မှာ ခြေကျင် လျှောက်လာနိုင်မည့် ခရီးအကွာအဝေး လောက် မှာသာ အစ်ကိုနှင့်မရီးကို ထားချင်သည်။

ကံအားလျော်စွာပင် မောင်မောင်မျိုး အိမ်နှင့် လေးဖာလုံခန့် အကွာမှာ တောချုံ သစ်ပင် ထူထပ်သော ခြံဝင်းကျယ်ကြီးနှင့် အိမ်အိုကြီးတစ်ဆောင် တွေ့သည်။ အိမ်ငှားခ ဈေးနှုန်း ကလည်း သင့်လျော်သည်။ ထိုခြံနှင့် အိမ်ကြီးကို မောင်မောင်မျိုးက စကားဆိုထား၏။ သူ့မှာ ငွေကြေးအင်အား ပြန်တွက်ကြည့်ပြီး ၀ယ်ပေးနိုင်သော အခြေအနေမှာ ရှိလျှင် အစ်ကိုနှင့် မရီအား ၀ယ်ပေးမည်ဟု စိတ်ကူးထားသည်။
ကိုအောင်စိုးနှင့် မိမိလေး ရောက်လာသောအခါ မောင်မောင်မျိုးက အိမ်ကြီးနှင့် ခြံကို ပြသည်။ ကိုအောင်စိုးနှင့် မိမိလေးတို့သည် လင်ကိုယ်မယား နှစ်ယောက်ထဲ လာကြသည် မဟုတ်။

သူတို့ ဘုရားတစ်ဆူ ဂူတစ်လုံး ကိုးကွယ်ပင့်ဆောင်လာသော နောင်ဘုရားဆိုသူ ဆရာတစ်ယောက် လာသည်။ နောင်ဘုရားဆိုသူကား အသက်အရွယ်မှာ ကိုအောင်စိုးနှင့် မတိမ်းမယိမ်း ရှိသည်။ အရပ်အမောင်း ကောင်းကောင်း၊ ချောမောခန့်ညားသော မျက်နှာ၊ အသားလတ်လတ်၊ ရှည်လျားနက်မှောင်သော ဆံပင်ကို သျှောင်တစောင်း ဆံမြိတ်ကွင်း ချထုံးကာ ပန်းနုရောင် ပိုးပ၀ါကို ပေါင်းထားသည်။ ပန်းရင့်ရောင် လုံချည်၊ နံ့သာရောင် ပိုးရင်ဖုံးအင်္ကျီ၊ ကြံရောင်ကတ္တီပါဖိနပ်တို့ကို ၀တ်ဆင်ထားရာ မြင်ရသူအဖို့ ကြည်ညို အားကိုးဖွယ် ကောင်းလှသော ပုဂ္ဂိုလ်ပင် ဖြစ်ပေသည်။ အိမ်ကြီးနှင့် ခြံကြီးကို မြင်ရ သောအခါ မိမိလေးက နောင်ဘုရား ဆိုသူအား ...

"သဘောတွေ့ပါရဲ့လား နောင်ဘုရား၊ မိမိတို့အနေနဲ့ကတော့ နောင်ဘုရား သဘောကျရာ ပျော်ရာမှာ နေမယ့်လူတွေပါ၊ အားမနာပါနဲ့၊ နောင်ဘုရား စိတ်ထဲမှာ ရှိတဲ့အတိုင်းသာ ပြောပါ"
ဟု ရိုသေလေးစွာ ဆန္ဒတောင်းခံသည်။ နောင်ဘုရားက အိမ်ကြီးရော ခြံကြီးပါ သေချာစွာ ကြည့်ရှုပြီး ...
"အင်း ... ထွက်ရပ်လမ်းကိစ္စ လုပ်ဆောင်ဖို့ အင်မတန် သင့်လျော်တဲ့နေရာပဲ မိမိ၊ သဘော တွေ့ပါတယ်"
ဟု လိုလိုချင်ချင် မိန့်ကြားတော်မူသည်။

"ကဲ ... မျိုးရေ ... နောင်ဘုရား သဘောကျတယ်ဆိုရင် ပြီးတာပဲ၊ မိမိနဲ့ မောင်ကတော့ နောင်ဘုရား တပည့် တွေပဲ၊ နေရေး စားရေးအတွက် လိုအပ်သမျှအားလုံးကို မျိုး တာဝန်ယူ တော့နော် ... "
မိမိလေးက ရွှင်ကြည်သွက်လက်သော အသံဖြင့် ပြောသည်ကို ကိုအောင်စိုးသည် ချစ်လှ စွာသော ဇနီးသည် မိမိလေး၏ ချောမောလှပသော မျက်နှာကို ကြည့်ကာ ပြုံးပြုံးကြီး ဦးခေါင်းညိတ်ခြင်းဖြင့် ဇနီး သဘောအတိုင်း လိုက်လျောသည့် အထိမ်းအမှတ်ကို ပြလိုက် သည်။

ဆက်ရန်
.

2 comments:

:P said...

မောင်မောင်မျိုးလိုလူမျိုး၊ ကိုအောင်စိုးလိုလူစားမျိုး
လောကမှာ တကယ်ပဲ ရှိသလားနော်... ၊

Anonymous said...

Thanks.

myatnoe