မေမေခင်သည် အံကြိတ် တောက်ခေါက်လိုက်ပြီး ပိုးပ၀ါတစ်ထည်ကို လည်မှာစည်းကာ စိတ်မြန် ကိုယ်မြန်ဖြင့် အိမ်ပေါ်မှ ဆင်းလိုက်သည်။ စာဖတ်ဟန်ဆောင်ပြီး မေမေခင် အရိပ်အကဲ ကြည့်နေ သော မောင်မောင်မျိုးက ...
"ခင် ဘယ်သွားမလို့လဲ ... "
ဟု လှမ်းမေးလိုက်၏။
မေမေခင် က လေသံပြတ်ပြတ်ဖြင့် ဖြေသည်။ ထို့နောက် ခြေလှမ်းသွက်သွက်ဖြင့် အိမ်ပေါ်မှ ဆင်း သည်။
"တစ်ယောက် ထဲ မသွားနဲ့လေ၊ ကိုမျိုးပါ လိုက်ခဲ့မယ်"
မောင်မောင်မျိုးက ပြောပြောဆိုဆိုဖြင့် မေမေခင်ကို မီအောင် ခြေလှမ်းသွက်သွက်ဖြင့် လိုက်လာ၏။ တစ်ယောက်ကိုတစ်ယောက် စကားမပြောကြဘဲ ခရီးတွင်အောင်သာ လာခဲ့ကြရာ ကိုအောင်စိုး၊ မိမိလေး နှင့် နောင်ဘုရားတို့ နေထိုင်ရာ ခြံကြီးသို့ ရောက်လာကြ၏။
မေမေခင် အမြင်မှာ ခြံကြီးတစ်ခြံလုံတွင် အသုံးကျသော အပင်ဟူ၍ မရှိဘဲ၊ ညောင်ပင်ကြီးတွေ လက်ပံပင်ကြီးတွေ ပေါက်ပင်ကြီးတွေသာ ရှိသည်။ ဤတောစိုး သစ်ပင်ကြီးတွေနှင့် ချုံတွေ မြက်ရိုင်းတွေ ရှုပ်ထွေးနေသော ဤခြံကြီးထဲဝယ် ရှေးဆန်လှသော ကျွန်းသားအိမ်အို အိမ်ဟောင်း ကြီးကို မြင်ရ ကြည့်ရသည်မှာ မေမေခင် စိတ်ထဲတွင် ကြည်လင်ခြင်း မရှိချေ။ လူသံ သူသံဟူ၍ လုံးဝမကြာရ။ သစ်ပင်ကြီးတွေကို လေခတ်၍ တဖျတ်ဖျတ် တရှဲရှဲ မြည်သံသည် အလိုလို စိတ်အားငယ်စေသည်။ ကောင်မလေး ၏ အရိပ်အရောင်ကို မမြင်ရချေ.
"အိမ်ကြီး ကြည့်ရတာ ..."
မေမေခင် အိမ်ကြီးထဲ မ၀င်သေးဘဲ အိမ်ရှေ့ရှိ ညောင်မုတ်ဆိတ်ပင်ကြီးအောက်မှာ ခြေလှမ်းတုံ့ရပ် ကာ ခပ်တိုးတိုး ပြောလိုက်သည်။ မောင်မောင်မျိုးက ခပ်တိုးတိုး ရယ်လိုက်၏။
"ဘာဖြစ်လို့လဲ ခင်၊ အိမ်ကြီးက ဟောင်းနေလို့လား"
မောင်မောင်မျိုးက မေးသည်။
"ဟောင်းတာက အကြောင်း မဟုတ်ပါဘူး၊ တောစိုးသစ်ပင်ကြီးတွေ အုပ်ဆိုင်း မှောင်ရီနေတဲ့ အိမ်အိုကြီးမှာ လူသူ အရိပ်အယောင် အသံ ဘာမှ မကြားရတော့ စိတ်ထဲမှာ တစ်မျိုးပဲ၊ ဒီနေရာ ဒီအိမ်မျိုးမှ ရှင့်အစ်ကိုနဲ့ မရီး က နေတတ်ပလေတယ်"
အိမ်အိုကြီးနှင့် တောကြီးမျက်မည်း ဖြစ်နေသော ခြံကြီးကို ကြည့်ပြီး မေမေခင်က ဖြေသည်။
"ကဲ ... လာ အိမ်ထဲကို အစ်ကိုနဲ့ မမမိကို ခင် လိုက်လာလိမ့်မယ် ဆိုတဲ့အကြောင်း ကောင်မလေး ပြောထား နှင့်ဖို့ မှာလိုက်တယ်၊ အိမ်ထဲမှာ ကောင်မလေး ရှိပါတယ် လာ ..."
"မောင်မောင်မျိုးက ပြောပြီး၊ မေမေခင်ကို ထူးထူးခြားခြား ယုယ ကြင်နာစွာဖြင့် လက်ဆွဲပြီး အိမ်ကြီးထဲ ခေါ်သွားသည်။ မေမေခင်သည် အိမ်ကြီးနှင့် ခြံကြီးကို စိတ်ထဲက မသိုးမသန့် ဖြစ်မိ သော်လည်း ကောင်မလေးကို ပြန်ခေါ်လိုသော စိတ်ဆန္ဒဖြင့် လိုက်လာခဲ့သည်။ အိမ်အိုကြီးကား အပြင်ဘက်မှ ကြည့်ရုံဖြင့် မသိသာပေ၊ အိမ်ထဲရောက်မှ ပိုပြီး စိတ်ချောက်ချားစရာ ကောင်းနေ သည်။ အိမ်တွင်းမှာ သန့်ရှင်း ကြည်လင်မှု ဆိုသည်ဝေးစွ၊ ခြေချရမည်ကိုပင် ရွံစရာကောင်းအောင် ကြမ်းပြင်မှာ ဖုန်တွေ အမှိုက် တွေက ပြန့်ကျဲပေလူးနေသည်။
"သြော် ... မိမိလေးခမြာ ဖဲရိုက်နေရတာနဲ့ မအားနိုင်အောင် ဖြစ်လို့ အိမ်မှာ တံမြက်စည်းတောင် မလှည်းနိုင်ရှာပါလား"
ဟု မေမေခင်က တွေးမိ၏။
အိမ်ကြီး၏ ပုံစံမှာ ဘယ်လိုစိတ်ကူးနှင့် ဆောက်ထားခဲ့လေသည် မသိ။ အဆောင်ဆောင် အခန်း ခန်းတွေ ထုတ်ထားပြီး၊ ပတ်လည် ၀န်းရံထားသော ၀ရန်တာတွေနှင့် အချိုးမကျ ပုံပန်းမကျဘဲ၊ လူသာမန်နေသော အိမ် နှင့်ပင် မတူ။ ဤခြံကြီးနှင့် ဤအိမ်ကြီးကို ကိုအောင်စိုးနှင့် မိမိလေးက တော်တော်၊ နောင်ဘုရားက အလွန် အမင်း သဘောတွေ့ နှစ်ခြိုက်ခြင်း ဖြစ်ကြောင်း မေမေခင်က သိထားရသည်။
မေမေခင် စိတ်ထဲတွင်ကား ဤအိမ်ကြီးသည် ရှေးယခင်က အလှူရှင် တစ်ဦးတစ်ယောက် ဆောက်လှူ ခဲ့သည့် တောကျောင်းဇရပ်ပေလား၊ သို့တည်းမဟုတ် တစ်စုံတစ်ခုသော ရည်ရွယ်ချက် ဖြင့် အသုံးပြုရန် စိတ်ကူးရှိသလို ဆောက်ထားသော အဆောက်အဦးပေလား၊ စိတ်မနှံ့သူ တစ်ယောက် သူ စိတ်ထင်ရာ မြင်ရာ ပုံသဏ္ဍာန် ဆောက်သွားလေသလားဟု တွေးမိသည်။ အ၀င်အထွက် တံခါးပေါက်များမှာ ကျယ်ကျယ် ၀န်းဝန်း မရှိချေ။ ပြတင်းပေါ က်တွေကို အိမ်ကြီး ပမာဏနှင့် မမျှအောင် သေးသေးသည်။ ပြတင်းပေါက် တွေကို စေ့ငှအောင် မဖွင့်သောကြောင့် အိမ်အိုကြီးအတွင်းမှာ အလင်းရောင်က လုံလောက်စွာ မရဘဲ မှိုင်းမှိုင်းမှောင်မှောင် ဖြစ်နေသည်။
မောင်မောင်မျိုးက စကားတစ်ခွန်းမှ မပြောဘဲ မေမေခင့်လက်ကို ဆွဲကာ ကွေ့ကောက်သော အခန်း ကြားလမ်း တွေမှ တစ်ခုသော အခန်းဆီသို့ ဦးတည်ပြီး သွားနေသည်။ တံခါးပိတ်ထားသော အခန်း တစ်ခု ရှေ့သို့ ရောက်သောအခါ မောင်မောင်မျိုးက ရပ်လိုက်၏။ တံခါးကို အသာအယာ တွန်းကြည့်သောအခါ တံခါးက အသံမမြည်ဘဲ ပွင့်သွားသည်။ မောင်မောင်မျိုးက ခြေသံကို ညင်သာစွာနင်းခြင်း၊ အသံမပြုရန် စကားမပြောရန် တီးတိုးလေသံဖြင့် အချက်ပေး သတိပေးခြင်း များပြုပြီး မေမေခင့်လက်ကိုဆွဲကာ အခန်း ထဲ ၀င်သွားသည်။ မေမေခင်က ဘာမှန်းမသိရသေး သဖြင့် မောင်မောင်မျိုး၏ ညွှန်ကြားချက် အတိုင်း လိုက်နာကာ ခြေကို အသာအယာနင်းပြီး ၀င်လိုက် သွားရသည်။
မောင်မောင်မျိုးနောက်မှ ၀င်လိုက်သွားရသော မေမေခင်သည် သူ မြင်ရသော ရှုခင်းကို များစွာ အံ့အားသင့်မိတော့သည်။
အခန်း တစ်နေရာ တွင် စင်မြင့်လိုလို တစ်ပေကျော် အမြင့်ရှိသည့် ပိတ်ဖြူ ပိတ်နီ ခင်းထားသော တန်းပေါ် မှာ အုန်းငှက်ပျောပွဲတွေက စီရရီ ရှိနေသည်။ အလင်းရောင် လုံလောက်စွာ မရသည့် မှောင်တရီခန်းထဲမှာ ပွဲတွေ နှင့်တူ ပူဇော်ထားသော ကျောက်ဖယောင်းတိုင် သုံးတိုင်၏ အရောင်က နီဝါ၀ါ လင်းနေသည်။ သို့သော် အခန်းတံခါးမကိုလည်း ပိတ်ထားသည်။
ပြတင်း တွေကိုလည်း အစေ့ အငှ မဖွင့်ဘဲထားသော ဤအခန်းကျယ်ကြီးအတွင်းမှာ ကျောက်ဖယောင်းတိုင် သုံးတိုင်၏ အရောင်က လျှပ်စစ်မီးရောင်လို မလင်းသဖြင့် မှုန်မှိုင်းမှိုင်းသာ ဖြစ်နေ၏။ ကန်တော့ပွဲတွေ ရှေ့တည့်တည့် အဖိုးတန် ကော်ဇောတစ်ချပ်ပေါ်တွင်ကား အရုပ်ကြီး တစ်ရုပ် ဟု ထင်ရလောက် အောင်ပင် တည်ငြိမ်စွာ ထိုင်နေသော လူတစ်ယောက်ကို တွေ့ရသည်။ မေမေခင် မျက်စိအမြင် တွင် ထိုလူအရွယ်သည် မောင်မောင်မျိုးအစ်ကို ကိုအောင်စိုးနှင့် သက်တူရွယ်တူလောက် ရှိပေမည်။ နီညိုရင့်ရောင် လုံချည်၊ ဆွတ်ဆွတ်ဖြူသော ရှပ်လက်ရှည်အင်္ကျီ၊ ဆံပင်ရှည်ကို သျှောင်တစောင်း ဆံမြိတ်ချထုံးထားပြီး ပန်းရောင် ပိုးပ၀ါကို မင်းသားပေါင်း ပေါင်းထားသည်။ ထိုလူ ဥပဓိရုပ်ကား မဟာဆီ မဟာသွေး မင်းသားကြီးတစ်ပါးကဲ့သို့ ခန့်ညားချောမော၍ မြင်ရသူစိတ်မှာ ကြည်ညို အားကိုးစေသော ရုပ်ရည်မျိုး ဖြစ်သည်။
ထိုပုဂ္ဂိုလ်ကား သူ့လင်တော်မောင်သည် မရီးသြဇာ နာခံပြီး မျက်စိမှိတ် ယုံကြည်နေသော နောင်ဘုရား ဆိုသူ ဖြစ်ပေမည်ဟု မေမေခင်က မြင်လျှင်မြင်ခြင်း သိလိုက်သည်။
နောင်ဘုရားရှေ့ တူရူတွင်ကား ကိုအောင်စိုးနှင့် မိမိလေးတို့သည် အလွန်အမင်း ရိုသေလေးစားစွာ ပုဆစ်ဒူးတုပ်ပြီး ကျုံ့ကျုံ့ယုံ့ယုံ့လေး ထိုင်နေကြသည်။ ထိုထက်ပိုပြီး မေမေခင် အံ့သြရသည်ကား တက္ကသိုလ်ကျောင်းထွက် ဘွဲ့ရပြီးသား ခေတ် ပညာတတ် အရာရှိကြီးဖြစ်သူ မောင်မောင်မျိုးသည် နောင်ဘုရားရှေ့မှ ထိုင်ပြီး လေးလေးမြတ်မြတ် ကြည်ညိုစွာ ရှိခိုးကန်တော့လိုက်ခြင်းပင် ဖြစ်သည်။
မေမေခင် ကမူ မထိုင်ဘဲ တံခါးဝနားမှာ မတ်တတ်ရပ်လျက်ကပင် သူ့ကောင်မလေးကို ရှာကြည့် သည်။ မိမိလေး၏ နောက်ပါးဝယ် မျက်လုံးလေးဝိုင်းကာ ကြောက်ရွံ့စွာ ထိုင်နေသော ကောင်မလေးအား မေမေခင် က ဦးခေါင်းညိတ် ခေါ်လိုက်သောအခါ အားကိုးရပြီဖြစ်သော ကောင်မလေးက မိမိလေး နောက်ပါး မှာ ထိုင်နေရာမှ လျင်မြန်စွာ ထလာသည်။ မေမေခင်က ကောင်မလေးကို အခန်းပြင်ဘက် တွန့်ပို့ လိုက်၏။
တည်ငြိမ်စွာ ထိုင်နေသော နောင်ဘုရားက မေမေခင်ကို မျက်လွှာပင့်ပြီး မျက်လုံးဝင့်ကြည့်လိုက် သည်။ ကောင်မလေး ထသွားသည်ကို သိလိုက်သော ကိုအောင်စိုးနှင့် မိမိလေးက နောင်ဘုရား မျက်လုံးဝင့်ရာကို လှည့်ကြည့် သောအခါ တံခါးဝမှာ မတ်တတ်ရပ်လျက်ပင် ရှိနေသော မေမေခင်ကို မြင်ကြသည်။ ကောင်မလေး ကား အခန်းအပြင်ဘက် ရောက်နေပြီ ဖြစ်သည်။
နောင်ဘုရား ကိုအောင်စိုးနှင့် မိမိလေးတို့က မောင်မောင်မျိုး မျက်နှာကို ပြိုင်တူ ကြည့်လိုက်ကြ၏။ နှုတ်မှ တစ်စုံ တစ်ရာ မပြောကြသော်လည်း ...
ဆူလို အောက်လိုက်တာလေ နှုတ်မဆက်တာမဟုတ်ဘူး မနက်ဖြန် ၆နာရီခွဲ စောင့်နေနော် ဆက်ဆက် လာခဲ့မယ်
"မင်းမယား ဘယ်လိုလဲ၊ နောင်ဘုရားကို မရိုမသေ မတ်တတ်ကြီး ရပ်နေတာက မယုံဘူး၊ အရေး မလုပ်ဘူး၊ အလကားဟာတွေ ဆိုတဲ့ သဘောနဲ့ ကန့်လန့်တိုက် အရွဲ့တိုက် အမူအရာတွေ လုပ်ပြ နေတာလား၊ မင်းမယားကို မင်း နိုင်အောင် မကိုင်နိုင်ဘူးလား ... "
ဟူသော သဘောအဓိပ္ပာယ်ကို သူတို့သုံးယောက်လုံး၏ မျက်နှာနှင့် မျက်လုံးက အသေအချာ ဖော်ပြ နေကြသည်။ ဤသည်ကို မောင်မောင်မျိုးရော မေမေခင်ပါ ကောင်းကောင်း နားလည်လိုက် ကြသည်။ မောင်မောင်မျိုးသည် မေမေခင်၏ အပြုအမူကို မျက်သွားသည်။ မျက်နှာက ပကတိ အမူအရာမှ တင်းသွား သည်။
"ခင် ဘယ်လိုလုပ်နေတာလဲ"
မောင်မောင်မျိုးက မေး၏။
"ခင် ဘာလုပ်နေလို့လဲ ... "
မေမေခင်က ရပ်နေလျက်ကပင် မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်သည်။ မေမေခင် အနေဖြင့်ကား သူ့ကောင်မလေးကို ပြန်ခေါ်ဖို့လာခြင်းသာဖြစ်ရာ၊ ယခု ကောင်မလေးကို ပြန်ရနေပြီဖြစ်၍ ရပ်နေ စရာမလိုဘဲ ပြန်သွားရန်သာ ဖြစ်သည်။ သို့သော် သူတို့ အသက်ပေးယုံကြည်နေသော နောင်ဘုရား ဆိုတာကြီးကို ထိုင်နေသော ကော်ဇောသည် သူ့မိဘလက်ထက်ကပင် ၀ယ်ထားသည့် ရှေးခေတ် တန်ဖိုး တစ်ထောင်ကျော် ပေးရသည့် သားမွေးအစစ် ကော်ဇောနှင့် တူလှသဖြင့် ကောင်မလေးကို ပို့ခိုင်းသော အထုပ် ဆိုသည်မှာ ဤကောဇောဖြစ်နေမည်လားဟု သိလိုစိတ်ဖြင့် အသေအချာ ကြည့်ချင်သောကြောင့် ရုတ်တရက် မပြန်ခြင်း ဖြစ်သည်။
"ခင် စကားကို သတိထားပြောပါ၊ အခု ထိုင် ... နောင်ဘုရားကို ဦးခိုက်ကန်တော့လိုက်"
မောင်မောင်မျိုးအသံတွေ မာလာသည်။
"ထိုင်လေ မေမေခင် ... နောင်ဘုရားကို ဦးခိုက်ပါ၊ တို့တတွေကို ကောင်းကျိုးချမ်းသာပေးဖို့ ကြွလာတဲ့ နောင်ဘုရား ကို ဦးထိပ်ထား ပူဇော်သင့်ပါတယ်"
တစ်ခါမှ မသုံးဘူးသော လေသံဖြင့် ထူးထူးခြားခြား သာယာပျော့ပျောင်းစွာ မိမိလေးက ပြောသော် လည်း မေမေခင်က မှုန်မှိုင်းမှိုင်း အလင်းရောင်မှာ မြင်နေရသော ကော်ဇောကိုသာ ဂရုစိုက်ကြည့် နေသဖြင့် မိမိလေး စကားကို သတိမထားနိုင်ချေ။ မေမေခင် နောက်ပါးက ကောင်မလေး နံရံကွယ် မှာကပ်င်္ပြီး လက်တစ်ဖက် ထဲသာထွက်ကာ မေမေခင်ကို နောက်ကနေပြီး ဆွဲခေါ်နေသည်။
ဆက်ရန်
.

4 comments:
ကြာလေ..ဆိုးလေ ဖြစ်နေပြီ.. ဒုက္ခ
thanks..
Myatnoe
မ၀င်းမြင့်က ကိုရီးယားကားကြည့်ပြီး ရေးထားသလားတောင် ထင်ရတယ်။ ဇာတ်ကို မနာ နာအောင်ဆွဲထားပုံက။
Ma Shwezin, I just read Ma Win Myint 1 to 20.Tks for sharing n come on 21.
Post a Comment