Tuesday, September 21, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၂၆) အဆက် အပိုင်း (၁)

အာဖရိကတိုက် ရေရှားပါးသော ဒေသများမှ တိုင်းရင်းသားတို့သည်နည်းဖြင့် နေရောင်ခြည်ကို အသုံချကာ ရေဖန်တီးလေ့ ရှိကြပေသည်။ နေပူရှိန်ကြောင့် နုပ်နုပ်စဉ်းထားသော သစ်ရွက်သစ်ခက် များမှ ရေပါသော အစိုဓာတ်သည်  ဓာတ်ငွေ့အဖြစ် အပေါ်သို့ ပျံ့လွင့်တတ်လာစဉ် သတ္တုခွက် ထဲသို့ အစိုဓာတ်ငွေ့များ ပြန်အရည်ပျော်ကာ ရေအဖြစ် ပြန်ကျအောင် လုပ်သည့်နည်းပင်ဖြစ် သည်။
ခရိတ်သည် ရေဘူးတစ်ပိုင်းပြတ် အတွင်းသို့ ကြည့်လိုက်ရာ ရေတစ်ပိုင့်ခန့် ရှိနေကြောင်း တွေ့သ ဖြင့် ၀မ်းသာသွာမိလေသည်။


ရေဘူးပြတ်ထဲမှ ရေအနည်းငယ်ယူ၍ တစ်ငုံမျှ သောက်စမ်းကြည့်ရာ နေရှိန်ကြောင့် ပူနွေးနေသော် လည်း အရသာက ပျားရည်ကဲ့သို့ ချိုမြိန်လှသည်ဟု ထင်မိလေသည်။
ခရိတ်သည် နောက်ထပ် ရေအနည်းငယ်ကို ပါးစပ်ဖြင့် ငုံ၍ ဆယ်လီ၏ ပါးစပ်ထဲသို့ ညင်သာစွာ ထွေးထည့်လိုက်သည်။
ဤသို့ ပြုလုပ်ခြင်းမှာ ရေငတ်သူများအနေဖြင့် ရေတွေ့သည့်အခါ အနည်းသာမျှသာ တစ်စက်ချင်း သောက်သောကြောင့် ခရိတ်က ဆယ်လီ၏ ပါးစပ်ထဲသို့ တစ်စက်ချင်း ငုံထွေးချင်းလိုက်ခြင်းပင် ဖြစ်သည်။

ဆယ်လီလည်း လျှာပေါ်သို့ ရောက်လာသော ရေစက်များကို လျင်မြန်စွာ မျိုချလိုက်သည်။
ယင်းသို့ ရေကို တစ်စက်ချင်း ဆယ်လီအား တိုက်လိုက်ပြီးနောက် သတ္တုရေဘူးပြတ်ထဲမှ နောက်ဆုံးကျန်သော ရေအနည်းငယ်ကိုတော့ ခရိတ်ကိုယ်တိုင် သောက်ချက်လိုက်သည်။
ထို့နောက် သတ္တုရေဘူးကို မြေတွင်းထဲ ပြန်ထည့်ကာ နောက်ထပ် ရေရရှိရန် သစ်ရွက်သစ်ခက် များ ရှာဖွေကာ နုပ်နုပ်စဉ်းပြီး ထည့်ထးလိုက်ပြန်သည်။
ခရီတ်သည်  ဆယ်လီ၏ ဘေးနားတွင် လဲလျောင်းနေလိုက်ရင်း ဆယ်လီ၏ မျက်နှာကို နေပူရှိန် မထိုးအောင် သူ၏ ရှပ်အင်္ကျီ အောက်ပိုင်းကို ဆုတ်ဖြဲ၍ ပိတ်စဖြင့် ကာပေးလိုက်သည်။
ပါးစပ်မှလည်း ဆယ်လီနားသို့ ကပ်၍-

"အားတင်းနေပါ အချစ်ရယ်၊ မကြာခင် ငါတို့ကို ကူညီမယ့်လူ ပေါ်လာတော့မှပါ"ဟု ခပ်တိုးတိုး ပြောလိုက်သည်။
သို့ရာတွင် ခရိတ်၏ စိတ်ထဲတွင်ကား အားငယ်စိုးရိမ်နေမိလေသည်။ ယခုလို အစာရေစာမရှိဘဲ နောက်ထပ် တစ်ရက် အသက်ရှင်နေရန် ခဲယဉ်းကြောင်း သိနေပေသည်။
နောက်တစ်နေ့တွင် မိမိတို့သည် တတိယတပ်မဟာမှ စစ်သားများကြောင့်ဖြစ်စေ၊ သို့မဟုတ် နေပူရှိန်ကြောင့်ဖြစ်စေ၊ သေရပေတော့မည်ဟု သိနေသည်။

နေ၀င်ချိန်သို့ ရောက်သောအခါ သတ္တုရေဘူးပြတ်ထဲတွင် ရေတစ်ဝက်ခန့် ရရှိပြန်လေသည်။ ထိုရေကို  သောက်လိုက်ကြပြီနောက် နှစ်ယောက်စလုံး အိပ်ပျော်သွားကြလေသည်။
ခရိတ်သည် ရုတ်တရက် အိပ်ရာမှ လန့်နိုးလာလေသည်။ ပထမသော် ညလေအေး တိုက်ခက်မှု ကြောင့်လန့်နိုးလာခြင်းဟု ထင်မိသည်။
ခရိတ်သည် ကြိုးစား၍ ထထိုင်ပြီးနောက် သေချာစွာ နားစွင့်ထောင်နေလသည်။

ထိုအချိန်၌ သူ၏ဦးနှောက် ကြည်လင်ခြင်းမရှိသေး။  အိပ်မက်မက်နေသလား၊ တကယ်ပဲလားဟူ၍ ဝေခွဲ၍ ဖြစ်နေသည်။ ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ နံနက် အရုဏ်တက်လုပြီဖြစ် ကြောင်း သတိပြုမိလေသည်။
ထိုခဏ၌ပင် သူအိပ်ရာမှ လန့်နိုးစေခဲ့သော အသံကို ကြားရပြန်လေသည်။ ထိုအသံကို ခရိတ်က ကောင်းစွာ  မှတ်မိပေသည်။

အခြားမဟုတ်၊ လင်းရိုဗာကား၏ အင်ဂျင်စက်သံပင်ဖြစ်သည်။
ဤအတိုင်းဆိုလျှင် တတိယ တပ်မဟာက မိမိတို့အား လိုက်လံရှာဖွေခြင်းကို လက်မလျှော့သေး ကြောင်း ထင်ရှားနေပေသည်။
အခု မိမိတို့နောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် လိုက်လာနေပြီ မဟုတ်ပါလော့။

အတော်အလှမ်းဝေးသေးသော နေရာ၌ မော်တော်ကား၏ ရှေ့မီးလုံးကြီးများကို မြင်နေရပြီဖြစ် သည်။ ခရိတ်သည် သူ၏ အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်သေနတ်ကို လက်ဖြင့် စမ်းလိုက်ရာ ရှာမ တွေ့ဘဲ  ဖြစ်နေ၍ စိတ်ပျက်သွားမိလေသည်။
သူသည် တဖြည်းဖြည်း နီးကပ်လာသော မော်တော်ကား ရှေ့မီးလုံးများကို  ငေးစိုက်ကြည့်နေမိ သည်။

ကားမီးရောင်တွင် လှုပ်ရှားနေသော ခပ်သေးသေးပုပု သဏ္ဍာန်တစ်ခုကို မြင်မိသဖြင့် အံအားသင့် သွားမိလေသည်။ သေချာစွာ ကြည့်လိုက်တော့မှ အာဖရိကတောင်ပိုင်း သဲကန္တာရဒေသ၌ နေထိုင် သော ဘွတ်ရှမ်း (Bush Man) ခေါ် တိုင်းရင်းသားလူပုကလေးတစ်ဦး ဖြစ်နေကြောင်း သတိပြုမိ လေသည်။
(မှတ်ချက်။ ။ ဘွတ်ရှ်မင်းခေါ် တိုင်းရင်းသားတစ်မျိုးမှာ တောင်အာဖရိကဒေသ ကာလာဟာရီ သဲကန္တာရကြီးအနီးတွင် နေထိုင်ကြသူ ပစ်ဂ်မီေ်ခါ် လူပုကလေးတစ်မျိုး ဖြစ်သည်။
 အရပ်လေးပေသာသာမြင့်ပြီး အလွန်အစာရေစာရှာပါးသော သဲကန္တာဒေသတွင် အံ့သြဖွယ် ကောင်းလောက်အောင် နေထိုင်နိုင်ကြသူများ ဖြစ်သည်။

ယင်း ဘွတ်ရှ်မင်းတို့၏  ထူးခြားသော  အရည်းအချင်းတစ်ခုမှ မြေပြင်ကို ကြည့်ရုံနှင့် ဖြတ်သန်း သွားသူလူ၊ သို့မဟုတ် တိရစ္ဆာန်မှန်သမျှကို ခြေရာခံလိုက်နိုင်ကြခြင်းပင်ဖြစ်သည်။ ခြေရာခံလိုက် ရာ၌ ကမ္ဘာပေါ်တွင် အထူးချွန်ဆုံးလူမျိုးများ လူပုကလေးများ ဖြစ်သည်ဟု အဆိုရှိသည်။ မြန်မာပြန် သူ)
ခရိတ်သည် လူပုကလေးကို မြင်ရုံနှင့်အဖြစ်မှန်ကို ချက်ချင်း ရိပ်မိလေသည်။ တတိယတပ်မဟာမှ စစ်သားများက မိမိတို့နောက် ခြေရာခံလိုက်ရန် ဘွတ်ရှ်မင်း လူပုကလေးတစ်ဦးကို ငှားရမ်းခေါ် ယူ၍ လိုက်လာခြင်းဖြစ်ရပေမည်။

ဘွတ်ရှ်မင် တိုင်းရင်းသားတစ်ဦးဖြစ်၍သာ လင်းရိုဗာကား၏ မီးရောင်နှင့် မြေပြင်ကိုကြည့်ပြီး မိမိတို့ နောက် ခြေရာခံလိုက်လာနိုင်ခြင်း ဖြစ်ပေသည်။
ခရိတ်သည် ထွက်ပြေးအချိန်မရှိတော့သဖြင့် ရန်သူအား ရင်ဆိုင်ရန် ဆုံးဖြတ်လျက် သေနတ်မှ လှံစွတ်ကို အသင့်ကိုင်ထားလိုက်သည်။
ခုခံတိုက်ခိုက်ရင်း အသေခံသွားမည်။ အနည်းဆုံး ရန်သူတစ်ယောက်ကိုတော့ ချေမှုန်းပစ်ပြီးမှ အသေခံမည်ဟူ၍လည်း စိတ်ပိုင်းဖြတ်ထားလိုက်သည်။

လင်းရိုဗာကားသည် ခရိတို့ရှိရာ နေရာအနီးသို့ ရောက်လာပြီး ရပ်လိုက်သည်။ လမ်းပြအဖြစ် လိုက်လာသူ ဘွတ်ရှ်မင်း လူပုကလေးအနီးတွင် ရပ်ရင်း သူတို့၏ ထူးဆန်းသော ဘာသာစကားဖြင့် တစ်စုံတစ်ခု ပြောနေလေသည်။

(မှတ်ချက်။ ။ မနုဿဗေဒပညာရှင်များ လေ့လာချက်အရ တောင်ပိုင်းမှ ဘွတ်ရှ်မင်း လူပုကလေး များ၏ ဘာသာစကားမှာ အခြား အာဖရိကတိုင်းရင်းသား လူမည်းများ၏ဘာသာနှင့် လုံးဝမတူ။ တရုတ်ဘာသာစကားပြောသံနှင့် တူနေကြောင်း။ ထို့ကြောင့် ဘွတ်ရှ်မင်း လူပုကလေးများသည် မွန်ဂိုလူမျိုးနွယ် ဖြစ်နိုင်ဖွယ်ရာရှိကြောင်း ကောက်ချက်ချထားကြသည်။ )

လင်းရိုဗာကားတံခါး ဖွင့်သံ၊ ပိတ်သံကြားလိုက်ရပြီးနောက်၊  လူတစ်ယောက်ကားပေါ်မှာ ဆင်းလာ ရာ  ခရိတ်သည် ထိုလူအား ချက်ချင်မှတ်မိလေသည်။
အရင်မြင့်မြင့် ထောင်ထောင်မောင်းမောင်းနှင့် မိမိတို့ဘက်သို့ လျှောက်လာပုံအရ ဗိုလ်ချုပ် ဖွန်ဂါဘီရာပင် ဖြစ်ရပေမည်။

ခရိတ်သည် ထိုလူအနီးသို့ရောက်လျှင် လှံစွပ်ဓားဖြင့် လည်ပင်းသို့ တအား ထိုးစိုက်လိုက်မည်ဟု စိတ်ကူးထားပြီး ဖြစ်သည်။ သို့သော် တကယ်တမ်းကျတော့ ခရိတ်မှာ အစာငတ် ရေငတ်၍ အားအင်ပြတ်နေခြင်းကြောင့် ခြေလက်အင်္ဂါများ မလှုပ်မရှားနိုင်ချေ။

ငါတော့ ဧကန်မုချ သေရတော့မှာပါ တကားဟုလည်း သူ၏ ဘ၀ကြမ္မာဆိုးပုံကိုသာ တွေးနေမိ သည်။
ကားပေါ်မှ ဆင်းလာသူက အင်္ဂလိပ်ဘာသာဖြင့် စကားပြောလိုက်သောအခါ ခရိတ်သည် အလွန် အံ့သြသွားမိလေသည်။

"လူကြီးမင်းခင်ဗျား၊ လူကြီးမင်းဟာ ဘော့ဆွာနာ သမ္မတနိုင်ငံတော်အတွင်းကို  တရားမ၀င် ခိုးဝင် လာပါတယ်။ ဒါကြောင့် လူကြီးမင်းကို ကျွန်တော်တို့ ဖမ်းဆီးရပါမယ်"
ပြောလိုကတ်သည့်အသံက ဗိုလ်ချုပ်ဖွန်ဂါဘီရာအသံနှင့် လုံးဝမတူသဖြင့် ခရိတ်က အံ့သြမိခြင်းဖြစ် ပေသည်။

"လူကြီးမင်း ကံကောင်းတယ်လို့ ဆိုရပါမယ်။ ကျွန်တော်တို့က ခင်ဗျားတို့နောက် ခြေရာခံလိုက် ခဲ့တာ မနေ့က ညနေသုံးနာရီလောက်ကစပြီး လိုက်ခဲ့တယ်။ လူကြီးမင်းတို့ နယ်စပ်ဖြတ်ကျော် လာခဲ့တဲ့ နေရာကိုလည်း ကျွန်တော်တို့ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်"
ပြောရင်း ထိုလူက ရေဘူးတစ်ဘူး ထုတ်ယူ၍ ခရိတ်၏ ပါးစပ်တွင်တေ့ပြီး ရေတိုက်ရာ ခရိတ်သည် ထိုလူ၏ မျက်နှာကို အနီးကပ် ကြည့်လိုက်မိသည်။
သည်တော့မှ ပို၍ပင် အံ့အားသင့်သွားမိသည်။

ထိုလူက ဗိုလ်ချုပ် ဖွန်ဂါဘီရာ မဟုတ်ဘဲ သူစိမ်းတစ်ယောကြ့ဖစ်နေပေသည်။
ခရိတ်သည် လက်ထဲမှလှံစွပ်ကို လွှတ်ချလိုက်ပြီး ရေဘူးကို ဆွဲယူကာ အားပါးတရ ရေသောက် လိုက်သည်။
လင်းရိုဗာကို သေချာစွာ ကြည့်လိုက်သောအခါ ကား၏ ဘေးတံခါးတွင် "ဘော့ဆွာနာနိုင်ငံရဲ့ တံဆိပ် အမှတ်အသားကို တွေ့ရသဖြင့် အလွန်ထူးဆန်းသည်"ဟု ထင်မိလေသည်။
"ခင်ဗျား ခင်ဗျား ဘယ်သူလဲ"

"လူကြီးမင်းခင်ဗျား စကားမပြောပါနဲ့၊ လူကြီးမင်းနဲ့တကွ အမျိုးသမီးကို ကျွန်တော်တို့က အမြန် ဆုံး ဆေးရုံပို့ပေးဖို့ အရေးကြီးနေပါတယ်"
ထိုလူက ပြောသော်လည်း ခရိတ်သည် တိတ်တိတ်မနေနိုင်ဘဲ-
"ခင်ဗျားဟာ ဗိုလ်ချုပ်ဖွန်ဂါဘီရာလည်း မဟတ်ဘူး၊ ခင်ဗျား ဘယ်သူလဲ"ဟု ထပ်မေးလိုက်ပြန် သည်။

"ကျွန်တော်က ဘော့ဆွာနာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြား ကင်းတပ်ကပါ။ ကျွန်တော်နာမည် ဆာဂျင် ဆိုင်းမွန်လို့ခေါ်ပါတယ်။ လူကြီးမင်း ခင်ဗျား"
အရပ်မြင့်မြင့်နှင့်လူက ရည်မွန်စွာ ပြန်ပြောလိုက်သည်။

ဗိုလ်မှူးကြီး ဘူခါရင်သည် ငယ်စဉ်ကလေးဘ၀ကပင်  သူ၏ဖခင်ကြီးနှင့်အတူ တောလိုက်အမဲပစ် ခြင်း (အထူးသဖြင့် တောထဲမှ  ၀ံပုလွေများ လိုက်ပစ်ခတ်ခြင်း) များ၌ လိုကင်ပါခဲ့ဖူးလေသည်။ ဤကား ရုရှနိုင်ငံ၌ စစ်ကြီးမဖြစ်မီခေတ်က ဖြစ်သည်။
ရုရှပြည်နယ် ယူရယ်တောင်းတန်းဒေသ ဝေးလံခေါင်းပါးသော ကျေးရွာများသို့ ၀ံပုလွေများသည် အုပ်လိုက် ကျေးရွားများသို့  ၀င်၍ အန္တာရယ်ပေးတတ်ကြ၍လည်း ဘူခါရင်၏ ဖခင်ကဲ့သို့ ပုဂ္ဂိုလ် များက ၀ံပုလွေများကို လိုက်လံပစ်ခတ်လေ့ ရှိကြခြင်းဖြစ်သည်။

ဘူခါရင်အနေဖြင့် ထိုစဉ်က အသက်ငယ်ရွယ်သူတစ်ဦး ဖြစ်နေလင့်ကစား အန္တာရာယ်များသော ၀ံပုလွေ လိုက်ပစ်ခြင်း ကို သဘောကျကာ စိတ်ပျော်ရွင်မိနေခဲ့ပေသည်။
ဝံပုလွေသတ္တ၀ါကို လိုက်ပစ်ခြင်းသည် အခြား တိရစ္ဆာန်များအား တောလိုက်အမဲပစ်ခြင်းနှင့်မတူ။ အလွန်ပင် ကြောက်စရာ ကောင်းပေသည်။ အချိန်မရွေး လူကို အန္တရာယ်ပေးနိုင်သော တောရိုင်း သတ္တ၀ါဖြစ်၍ ၀ံပုလွေလိုက်ပစ်သူသည် အထူးပင် လျင်မြန်ဖျက်လက်ပြီး ဘေးရန်ကို ရှောင်နိုင်မှသာ  မုဆိုးကောင်း တစ်ဦးဖြစ်နိုင်ပေသည်။

ယင်းငယ်စဉ်က အတွေ့အကြုံကြောင့် ဗိုလ်ချုပ်မှူးကြီး (ကာနယ်) ဘူခါရင်သည် မျက်စီလျင်ခြင်း၊ အနံ့ခံတတ်ခြင်း မုဆိုးကောင်းတို့၏ အရည်အချင်းများနှင့် ပြည့်စုံခဲ့ပေသည်။
ယခုလူကြီးတစ်ယောက်ဖြစ်လာချိန်တွင်ပင်  သူငယ်စဉ်က ၀ံပုလွေလိုက်ပစ်ခြင်း၊ အတွေ့အကြုံ ကြောင့် ရရှိခဲ့သော မုဆိုးကောင်း အရည်းအချင်း ပြည့်စုံလျက်ပင် ရှိသေးပေသည်။
ယခုဆိုလျှင် သူသည် အသက်ခြောက်ဆယ့်နှစ်နှစ် ရှိနေပေပြီ။

ကာနယ် ဘူခါရင်၏ နောက်အရည်အချင်းတစ်ခုကား မှတ်ဥာဏ် အလွန်ကောင်းခြင်းပင်ဖြစ်သည်။ အချက် အလက် များကို သူ၏ ဦးနှောက်ထဲ မှတ်သားစုဆောင်းထားရာ၌ ကွန်ပျူတာစက်သကဲ့သို့ ပင် အချိန် မရွေး တိတိကျကျ ဖော်ထုတ်နိုင်စွမ်း ရှိပေသည်။

ယင်းသို့ အရည်းအချင်း ထူးချွန်မှုကြောင့်လည်း ယခုအခါ ကာနယ် ဘူခါရင်သည် ဆိုဗိယက် ထောက်လှမ်းရေး ၏ အမှတ် (၇)သို့မဟုတ်  သတ္တမဌာနခွဲတွင် အထူးတာဝန်ပေးအပ်ခြင်း ခံခဲ့ရပေ သည်။
ဤဌာနခွဲ ၏ အဓိကအလုပ်မှာ ငယ်စဉ်ကလို တောလိုက်အမဲပစ်ခြင်းနှင့် ခပ်ဆင်ဆင် တူသော် လည်း၊ ယခု အမဲလိုက်ရသည်မှာ တောရိုင်းတိရစ္ဆှာန်များ မဟုတ်၊ လူသတ္တ၀ါဖြစ်ပေသည်။  တောရိုင်တိစ္ဆာန် များထက် ပို၍ ကြောက်စရာကောင်းသော  လူကို အမဲလိုက်ရခြင်းပင် ဖြစ်သည်။

ဆက်ရန်
.

2 comments:

ဇော်သိင်္ခ said...

ကယ်တင်ရှင် ပေါ်လာတော့ စိတ်သက်သာရာ ရသွားပြီနော်... ဒါပေမဲ့ ဆေးရုံမှာတော့ တော်တော် အားမွေးရအုံးမယ်ထင်တယ်နော်..

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

Anonymous said...

Thanks.

Ray