Thursday, September 16, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၂၄)

အခန်း (၂၄)

လင်းရိုဗာကား စက်ရပ်သွားချိန်တွင် စက်သေနတ်ပစ်သံသည်လည်း ရပ်သွားလေရာ တိတ်ဆိတ် ငြိမ်သက်နေပုံက စိတ်ချောက်ချားဖွယ်ရာပင် ဖြစ်နေလေသည်။
မော်တော်ကား၏ သံထည်များ မီးလောင်ရာမှ ငြိမ်းသတ်လိုက်ခြင်းကြောင့် ချက်ခနဲ ချောက်ခနဲ မြည်သော အသံကလည်း လင်ကွင်းကြီးနှစ်ချပ် တအား တီးခတ်သကဲ့သို့ ကျယ်လောင်လှသည်ဟု ထင်ရပေသည်။

ခရိတ်သည် ကား၏ နောက်ပိုင်းသို့ လျှောက်သွားပြီး ရန်သူရှိရာဘက်သို့ လှမ်းကြည့်လေသည်။ သို့သော် ဖုန်နှင့်မြူကြောင့် စစ်ကားကြီးကို မမြင်ရချေ။
တိတ်ဆိတ်ခြင်းက စိတ်ကို ချောက်ချားစေလျက်ပင် ရှိနေသည်။ ခရိတ်သည် ဦးနှောက်ထဲ ရှုပ်ထွေး နေပြီး ကောင်းမွန်ကြည်လင်စွာ စဉ်းစား၍ မရနိုင်ဘဲ ဖြစ်နေရာမှ အာခေါင်ခြောက်သလို ဖြစ်လာ သည်။
ရေသောက်ရန် သတိရသဖြင့် ကား၏ ခုံအောက်တွင် ထားရှိသော သီးသန့်ရေတိုင်ကီကို ဖွင့်ကြည့် ရာ ရေ(၂၄)လီတာခန့် ရှိနေသေးကြောင်း တွေ့ရလေသည်။

ထို့ပြင် မြေတွင်းတူးရင်း ကျန်ရစ်ခဲ့သူ စစ်သားတစ်ဦးက ထားရစ်ခဲ့သော သတ္တုရေဘူးတစ်ဘူး လည်း ကား၏နောက်ပိုင်းတွင်ရှိနေသဖြင့် ခရိတ်သည် ထိုရေဘူးကိုယူပြီး ကက်ပတိန် နီဘေဘီ အား ရေတိုက်လေသည်။

နီဘေဘီလည်း ကျေးဇူးတင်စွာဖြင့် ရေကို သောက်ရှာသည်။ ထို့နောက် ရေသောက်ရသည်ကိုပင် မောပန်းဟန်ဖြင့် နီဘေဘီသည် ပက်လက်လှန် လှဲနေပြန်သည်။
ခရိတ်သည် ရေဘူးကို ဆယ်လီအား လှမ်းပေးလိုက်သည်။ ဆယ်လီရေသောက်ပြီးတော့မှ သူကိုယ် တိုင် ရေအနည်းငယ် သောက်လိုက်သည်။
ထိုအတောအတွင်း ကက်ပတိန် နီဘေဘီသည် အနည်းငယ် နေသာထိုင်သာ ရှိလာပုံရလေသည်။

"'ဒီလို နေရာမျိုး၊ သဲကန္တာရလိုနေရာမျိုးမှာ အသက်ရှင်ရေးအတွက် လိုက်နာရမယ့် ပထမဆုံး ဥပဒေကတော့ မိမိ စီးလာသော ယာဉ်က မခွာဘဲ နေရန်ပင်ဖြစ်သည်"
ခရိတ်သည် ယင်းဥပဒေကို သတိရမိသည်။

သို့ရာတွင် ယခု မိမိတို့၏ လက်ရှိအခြေအနေအရ အဆိုပါ ဥပဒေအတိုင်း လိုက်နာကျင့်သုံးရန် မသင့်ဟု တွေးမိပြန်သည်။
မိမိတို့၏ လင်းရိုဗာကားသည် အကာအကွယ် သစ်ပင်ချုံနွယ် လုံးဝမရှိသော လွင်တီးခေါင်၌ ထင် ထင်ရှားရှားကြီး ဖြစ်နေသောကြောင့် နောက်မှလိုက်လာသည့် ရန်သူက အလွယ်တကူ မြင်သွားနိုင် ပေသည်။

တစ်ဖန် ကက်ပတိန် နီဘေဘီ၏ အဆိုအရ မိမိတို့အား စစ်လေယာဉ်များက လိုက်ရှာဖွေနေသည် ဟုလည်း သိရလေရာ ယခုလိုနေရာမျိုးတွင် ကောင်းကင်မှ လေယာဉ်သည် မိမိတို့ လင်းရိုဗာကား ကို မိုင်သုံးဆယ်အဝေးမှပင် ကောင်းစွာ မြင်နိုင်ပေသည်။ ထိုမျှမကသေး ပလမ်းထရီး နယ်စပ်ဒေသ မှ လာနေသည့် ဒုတိယမြောက် တပ်ဖွဲ့တစ်ဖွဲ့ကလည်း ရှိနေသေးသဖြင့် နောက်နာရီအနည်းငယ် အတွင်း ဤဒေသသို့ ရောက်လာဖွယ်ရာ ရှိပေသည်။

ခြုံ၍ သုံးသပ်ကြည့်သော် မိမိတို့သည် အလွန်အန္တရာယ်များလှသောနေရာသို့ ရောက်နေသည်ဟု ဆိုရပေမည်။
ထို့ကြောင့် သူတို့သည် ဤနေရာတွင် ဆက်နေ၍မဖြစ်။ အမြန်ဆုံး ထွက်သွားမှ ဖြစ်ပေမည်။
ခရိတ်သည် လဲလျောင်းနေသူ ကက်ပတိန် နီဘေဘီအား ငုံ့ကြည့်ပြီး အကဲခတ်လိုက်ရာ မျက်လုံး ချင်း ဆုံမိချိန်တွင် နှစ်ယောက်သား အချင်းချင်း နားလည်မှုရှိကြောင်း နှစ်ဦးစလုံးက သဘောပေါက် ရိပ်မိကြလေသည်။

"မစ္စတာ ခရိတ် ကျွန်တော့်ကို ဒီမှာပဲ ထားပစ်ခဲ့ပြီးသာ သွားပါတော့"
ကက်ပတိန် နီဘေဘီက ခပ်တိုးတိုး ပြောရှာသည်။ သို့သော် ခရိတ်က ဘာမှ ပြန်မပြောဘဲ ကားခေါင်မိုးပေါ်သို့ တက်လိုက်ပြီးမှ ပြန်ကြည့်လေသည်။ ကက်ပတိန် နီဘေဘီ၏ ပြောလိုက်ပုံ ကြောင့် သူသည် စိတ်ထိခိုက်သွားကာ မျက်လုံးချင်းဆိုင်မကြည့်ချင်သဖြင့် ဤသို့ ပြုမူလိုက်မိခြင်း ဖြစ်လေသည်။

နောက်မှလိုက်သည့် ရန်သူရှိရာသို့ လှမ်းကြည့်လိုက်သောအခါ ခရိတ်သည် အထူးပင် အံ့အားသင့် ကာ စိုးရိမ်သွားမိလေသည်။
တတိယတပ်မဟာမှ စစ်သားများသည် သူတို့၏ ငါးတန်(ထရပ်)ကားကြီးကို စွန့်ပစ်ထားကာ ခြေ ကျင်လျှောက်၍ ချီတက်လာသည်ကို မြင်လိုက်ရသောကြောင့်ပင်တည်း။
မိမိတို့အား ကျားသစ် စစ်ဆင်ရေးအရ သဲသဲမဲမဲ တိုက်ခိုက်ချေမှုန်းပစ်ရန် ဖြစ်သည့်နည်းနှင့် လိုက် နေခြင်းဖြစ်ကြောင်း ထင်ရှားနေလေပြီ။

ခရိတ်သည် ကားခေါင်မိုးပေါ်မှ ပြန်၍ဆင်းပြီး ကားတွင်းရှိ ကက်ပတိန်နီဘေဘီ၏ အဝေးကြည့်မှန် ပြောင်းကိုယူကာ နောက်မှ လိုက်လာသူများကို ပြန်ကြည့်ပြီး-
"နောက်က စစ်သားတွေ ခြေကျင်လိုက်လာကြပြီ"ဟု ပြောလိုက်သည်။
"လူ ဘယ်နှယောက်လဲ ခင်ဗျ"
နီဘေဘီက ပြန်မေးသဖြင့် ခရိတ်သည် မှန်ပြောင်းဖြင့် သေချာစွာပြန်ကြည့်ရင်း-
"လောလောဆယ်တော့ ရှစ်ယောက်လာနေတာ မြင်ရတယ်။ သူတို့ရဲ့ ထရပ်ကားကြီး တိမ်းမှောက် သွားစဉ်က လူတချို့ ထိခိုက်သွားပုံရတယ်"ဟု ပြန်ပြောလိုက်သည်။

ထိုအချိန်၌ နေပူရှိန် အလွန်ပြင်းထန်လျက် ရှိနေပြီဖြစ်သည်။ နေ၀င်ရန် အချိန်နှစ်နာရီခန့်သာ လို တော့သည်ဟုလည်း ခရိတ်က ခန့်မှန်းမိလေသည်။
ဤတွင် ကက်ပတိန် နီဘေဘီသည် တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်ပုံရလေသည်။

"မစ္စတာခရိတ် ခင်ဗျား၊ ကျွန်တော့်ကို နေရာကောင်းကောင်းတစ်ခုမှာ ပို့ပေးထားရင် ခင်ဗျားတို့ ပြေးတုန်း အချိန်ရအောင် ကျွန်တော်နောက်က စစ်သားတွေကို ခံပစ်ပေးပါမယ်။ ကျွန်တော် အခုလို ပြောတာကို လက်မခံဘဲ ပြန်မငြင်းပါနဲ့တော့။ အချိန်ဖြုန်းရာ ကျပါလိမ့်မယ်။ ကျွန်တော်က အကောင်းဆုံး နည်းလမ်းကို အကြံပေးရတာပါ"
နီဘေဘီ၏ စကားအဆုံးတွင် ခရိတ်သည် ဆယ်လီအားလှမ်း၍ အမိန့်ပေးလေသည်။

"ဆယ်လီ မင်းက ရေဘူးကို ရေပြန်ဖြည်းထည့်လိုက်ပါ။ ပြီးတော့ ကားပေါ်က အရေးပေါ်ရာရှင် (စားစရာ)တွေထဲက ချော့ကလက်နဲ့ ပရိုတိန်းဓာတ် ဆေးပြားတွေကို ထုတ်ယူလိုက်။ မြေပုံရယ်၊ ကွန်ပါရယ်၊ ဟောဒီ မှန်ပြောင်းကိုပါ ယူထားလိုက်ပါ"
ခရိတ်သည် ပတ်ဝန်းကျင်ကို သေချာစွာ လှည့်ပတ်အကဲခတ် ကြည့်ပြန်လေသည်။

ကက်ပတိန် နီဘေဘီအတွက် အကာအကွယ်ယူ ပစ်ခတ်ရန် အကောင်းဆုံးမှာ လင်းရိုဗာကားပင် ဖြစ်သည်ဟု စဉ်းစားမိလေသည်။
ထို့ကြောင့် ခရိတ်သည် ရှေးဦးစွာ လင်းရိုဗာကား၏ ဓာတ်ဆီတိုင်ကီမှ ဓာတ်ဆီများ အားလုံးကို ထုတ်ပစ်လိုက်သည်။ အကယ်၍ ရန်သူက တရကြမ်း ပစ်ခတ်တိုက်ခိုက်ပါက ဓာတ်ဆီကိုကျည်ဆန် မတော်တဆ ထိမှန်ပြီး မီးစွဲလောင်ကာ ကက်ပတိန် နီဘေဘီပါ ကားနှင့်အတူ မီးလောင်ကျွမ်း သေ ဆုံးနိုင်ဖွယ်ရာ ရှိသဖြင့် ကြိုတင်ကာကွယ်သည့်သဘော ဓာတ်ဆီတွေ ထုတ်ပစ်လိုက်ခြင်းပင် ဖြစ် သည်။
ထို့ပြင် ကား၏နောက်ပိုင်းကို ယာယီ ကတုတ်တစ်ခုသဖွယ်ဖြစ်အောင် စပယ်ယာ(အပို)ဘီးများနှင့် ကားပြင်ကိရိယာ တန်ဆာပလာထည့်သော သံမဏိသေတ္တာကြီးကိုပါ စီ၍ နေရာချထားလိုက် သည်။

ထို့နောက် သူသည် ကက်ပတိန် နီဘေဘီအား ကားပေါ်မှ ကူညီတွဲချကာ လင်းရိုဗာကား၏ နောက်ဘီးများနေရာတွင် ချထားပေးလိုက်သည်။ ကားကူရှင်တစ်ခုကိုလည်း ချထားပေးသည်။
ကက်ပတိန် နီဘေဘီအား မောင်းပြန်ရိုင်ဖယ်သေနတ်တစ်လက် ပေးထားသည့်ပြင် ကျည်ဆန်အပို ငါးရာခန့်ကိုပါ အလွယ်တကူ ဆွဲယူနိုင်ရန် အနီးတွင် ချထားပေးလိုက်သည်။
ကက်ပတိန် နီဘေဘီသည် ခရိတ်၏ ပြင်ဆင်မှုကိုကြည့်ပြီး ကျေနပ်သဘောကျပုံ ရလေသည်။

"ဒါလောက်ဆိုရင် ကျွန်တော်က ညမှောင်တဲ့အချိန်ထိအောင် ရန်သူကို ပစ်ခတ်ပြီး ဟန့်တားနိုင်ပါ လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် လက်ပစ်ဗုံးတစ်လုံးတော့ ချန်ထားပေးခဲ့စေချင်ပါတယ်"
ဘာကြောင့် ဤသို့ပြောလိုက်သည်ကို လည်းကောင်း၊ လက်ပစ်ဗုံးကို မည်သို့အသုံးချရန် ရည်ရွယ် သည်ကို လည်းကောင်း ခရိတ်နှင့်ဆယ်လီ နှစ်ဦးစလုံးက ချက်ချင်း ရိပ်မိကြလေသည်။
ကက်ပတိန် နီဘေဘီအနေဖြင့် ရန်သူ၏ လက်ရဖမ်းဆီးခြင်းကို လုံးဝမခံချင်လိုသဖြင့် နောက်ဆုံး ရန်သူဝိုင်းလာပြီး မတတ်သာသည့်အချိန်တွင် လက်ပစ်ဗုံးခွဲ၍ သူ၏ဘ၀ကို ဇာတ်သိမ်းသွားရန် ရည် ရွယ်ကြောင်း ထင်ရှားလှပေသည်။

ခရိတ်သည် ကက်ပတိန် နီဘေဘီဆန္ဒအတိုင်း လက်ပစ်ဗုံးတစ်လုံးကို ပေးထားခဲ့ပြီးနောက် ကျန်ငါး လုံးကို ကျောပိုးအိတ်တစ်ခုတွင် ထည့်လိုက်သည်။
ဗြိတိသျှလေကြောင်းကုမ္ပဏီမှ ခရီးသည်များအာ လက်ဆောင်ပေးသော လက်ဆွဲအိတ်တွင်ကား သူ၏ ခရီးသွားစာရွက်စာတမ်းများနှင့် ရေးလက်စ သူ၏စာအုပ်သစ်အတွက် စာမူများကို ထည့်ထားသည်။

ဆက်ရန်
.

1 comment:

ဇော်သိင်္ခ said...

ကျေးဇူး ဆရာမရေ.. ဖတ်တာတော့ တင်ပြီးပြီး ဖတ်သွားတယ်. ကော်နက်ရှင်က ဖတ်ရင်း ကျသွားလို့ နောက်ကျမှ မန့် နိုင်တယ်.

ခင်မင်စွာဖြင့်
ဇော်သိင်္ခ