Tuesday, September 14, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၂၃) အပိုင်း (၂)

သို့သော် ကံအားလျော်စွာ သွားတစ်ချောင်းမှ မကျိုးသဖြင့် တော်သေးသည်ဟု အောက်မေ့မိလေသည်။ သူ၏ခြေတုသည်လည်း ပြုတ်ထွတ်မသွားသဖြင့် ခရိတ်သည် ကြိုးစား၍ မတ်တပ်ထလိုက်သည်။
    သူသည် လင်ရိုဗာကားဆီသို့ သွားပြီး တံခါးကို ဆွဲဖွင့်လိုက်သည်။ ကား၏ရှေ့မှန်ကွဲအက် နေသည်ကိုလည်း သတိပြုမိသည်။

    ဆယ်လီမှာ ဦးခေါင်းနှင့် ကားမှန်အရှိန်ပြင်းစွာ ဆောင့်မိသောကြောင့် မျက်စိအပေါ်နားတွင် ဖူးရောင် နေလေသည်။ သို့သော် သတိမမေ့ဘဲရှိနေ၍ တော်သေးသည်ဟုဆိုရပေမည်။
    "ဟင်... ဆယ်လီ၊ဘယ်လိုနေသလဲ၊ဒဏ်ရာက သိပ်ပြင်းသလား"
    ခရိတ်က မေးလိုက်လျှင် ဆယ်လီခမျာ ဦးခေါင်းနှင့် မှန်ဆောင့်မိသည့်ဒဏ်ကြောင့် မူးမိုက်နေရာမှ ကြိုးစား၍ "သိပ်မပျင်းပါဘူး။ရှင့်မျက်နှာမှာလည်း သွေးတွေနဲ့ပါလား" ဟု ခရိတ်ကိုကြည့်ရင်း ပြောရှာ သည်။

    "ဘာမှ ကြီးကြီးကျယ်ကျယ်ဖြစ်တာ မဟုတ်ပါဘူးကွာ။ မြေကြီးနဲ့မျက်နှားဆောင့်မိလို့ နည်းနည်းပွန်းပဲ့ သွားတာပါပဲ"
    ခရိတ်က ပြောရင်း ကားမောင်းသူ ကက်ပတိန် နီဘေဘီအား လှမ်းကြည့်လိုက်သည်။
    ကတ်ပတိန် နီဘေဘီ၏ မျက်နှာတွင် သွေးများ ရဲနေသည်။ မော်တော်ကားစတီယာရင် အ၀ိုင်းနှင့် ပါးစပ်ဆောင့်မိသဖြင့် သွားတစ်ချောင်းကျိုးကာ သွေးတွေတရဟော ထွက်နေသဖြင့် လက်ကိုင်ပ၀ါဖြင့် သွေးများကို သုတ်နေလေသည်။

    ခရိတ်သည် ဆယ်လီအား ကားပေါ်မှ တွဲချပေးပြီးနောက် ကက်ပတိန် နီဘေဘီအား-
    "ကားကို နောက်ပြန်ဆုတ် မောင်းကြည့်စမ်း"ဟု အမိန့်ပေးလိုက်သည်။
    ကက်ပတိန် နီဘေဘီလည်း လင်းရိုဗာကားကို စက်နှိုး၍ ကြိုးစားမောင်းကြည့်ရာ ခဏမျှကြာလျှင် စက်နှိုး လာသော်လည်း ဂီယာထိုးပြီး နောက်ပြန်ဆုတ်ကြည့်သောအခါ ကားဘီး များ လည်ပတ်လျက် ကားက မရွေ့ဘဲ ဖြစ်နေလေသည်။

    ကားဘီးများ မြေကြီးထဲ ကျွံဝင်ပြီးနစ်နေ၍ ကားမထွတ်နိုင်ဘဲ ဖြစ်နေသည်။ ခရိတ်လည်း တစ်မျိုး တစ်ဖုံကြံမှ ဖြစ်တော့မည်ဟု ဆုံးဖြတ်လျက် ကက်ပတိန် နီဘေဘီအား-
    "စက်ကိုရပ်လိုက်တော့ ကားဘီးတွေကို နှစ်နေတာ ကြွတက်လာအောင်လုပ်မှဘဲ မောင်းလို့ဖြစ်မယ်" ဟု ပြောလိုက်သည်။
    ဘီးများကျွံနစ်နေသည်ကို တူးဆွရန် ကိရိယာ တန်ဆာပလာဟူ၍ ဘာမှမပါသဖြင့် ကားဘီးဖြုတ်လျှင် ထောက်သည့်ဂျိုက်ဖြင့် တူးကြည့်သော်လည်း မရချေ။
    နောက်ဆုံးတွင် ဆယ်လီကို ကားပေါ်တက်ထိုင်ခိုင်းစေပြီး ခရိတ်နှင့် နီဘေဘီတို့နှစ် ယောက် အင်အားဖြင့် ကားနောက်ပိုင်းကို အထူးအားစိုက်ကြိုးစားလျက် မထားပြီး ဆယ်လီအား မောင်းထွက် စေလေသည်။

    ထိုအတောအတွင်း ရေဒီယိုစက်မှ သတင်းပို့ချက်များ ထွက်ပေါ်လာပြန်သဖြင့် ကက်ပတိန် နီဘေဘီက ပြေးနားထောင်ပြီး-
    "ကျွန်တော် တို့ လမ်းမက ခွဲထွက်ခဲ့တဲ့နေရာကို သူတို့တွေ့သွားပြီ" ဟုပြောပြရာ ခရိတ်သည် စိတ်ဓာတ်ကျသွားမိပြန်သည်။
    သို့သော် စိတ်ပျက်နေ၍မပြီး။ ဆက်ကြိုးစားမှ ဖြစ်မည်ဟု တွေးမိသဖြင့် နှစ်ယောက်သား ကားကို ကြိုးစားမလျက် ဆယ်လီအား စက်ကုန်ဖွင့်ကာ မောင်းထွက်ခိုင်းကြည့်ရာ ကံအားလျော်စွာ ကားဘီးများကြွတက်လာပြီး မြေမာပေါ်သို့ ပြန်ရောက်ရှိလာလေသည်။

    ဤတွင် နှစ်ယောက်သား ကားပေါ်ပြန်တက်ပြီး ဆယ်လီကို မောင်းထွက်ခိုင်းလေသည်။
    ထိုအချိန် ၌ သူတို့နောက်မှ လိုက်လာသော စစ်ကားတစ်စီးသည် အတော်ပင်နီးကပ်လာ ပြီဖြစ်သည်။ တိုယိုတာ အမျိုးအစား ငါးတန်ကားကြီးတစ်စီး ဖြစ်ကြောင်းကိုပင် လှမ်းမြင်ရလေ သည်။ ကား၏ရှေ့ပိုင်း အမိုးေ ပ်ါတွင် စက်သေနတ်တစ်လက် တပ်ဆင်ထားသည်ကိုလည်း သတိပြုမိလေသည်။

    "ဟေ့... ဆယ်လီ ကားရဲ့ လီဗာကို အဆုံးနင်းပြီး အမြန်ဆုံးမောင်းစမ်းပါကွ"
    ခရိတ်က ရန်သူနီးလာ၍ အန္တရာယ်ကို စိုးရိမ်ပြီး ဆယ်လီအား အတင်းမောင်းခိုင်းလေ သည်။ သူ၏စိတ်ထဲတွင် ကားနောက်မှ ငါးတန် (ထရပ်) ကားကြီးက အင်ဂျင်စက် ပိုမိုအားကောင်းလာသဖြင့် သူတို့အား အလွဲမသွေ မီလာတော့မည်ဟု အလွန်စိုးရိမ်နေမိလေ သည်။

    နောက်မှလိုက်လာသည့် စစ်ကားသည် တဖြည်းဖြည်းနီးကပ်လာပြီ ဖြစ်သည်။ ယခုအချိန် ထိ စက်သေနတ်ပစ်သံ မကြားရသေး။ သို့သော် အချိန်မရွှေး စက်သေနတ်ကျည်ဆန်တွေ မိုးရွာသလို တရကြမ်း လာတော့မည်ဟု တွက်မိသဖြင့် ခရိတ်သည် ဆယ်လီအား-
    "လက်ဝဲလက်ကို ကွေ့မောင်းစမ်း" ဟု ညွှန်ကြားလိုက်သည်။

    ထိုအချိန်မှာပင် နောက်မှလိုက်လာသည့် စစ်ကားမှ စစ်သေနတ် စတင်ပစ်ခတ်လေရာ ခရိတ်၏ ညွှန်ကြားချက်ဖြင့် ဆယ်လီက ကားကို လက်ဝဲဘက်သို့ ကွေ့မောင်းလိုက်၍သာ ကျည်ဆန်များ လွှဲချော် သွားလေသည်။
    "ရှင်တို့ ပြန်ပစ်ပါလား"
    ဆယ်လီက ကားမောင်းနေရင်း ပြောရာ ခရိတ်က-
    "ဒီမှာ ငါက အမိန့်ပေးနေတာကွ။ မင်းက ကားကိုသာ ဂရုစိုက်မောင်းစမ်းပါ" ပြန်ပြော လိုက်သည်။
    နောက်မှ ထရပ်ကားကြီးသည် သိပ်မဝေးလှတော့ချေ။ နောက်တစ်ချီ စစ်သေနတ်ဖြင့် ပစ်လိုက်ပြန်သည်။ ဤတွင်လည်း ကျည်ဆန်များသည် ပေတစ်ရာခန့် ကွာလျက် လွဲချော် သွားပြန်သည်။
    ဆယ်လီက လင်ရိုဗာကားကို တည့်တည့်မမောင်းဘဲ ကွေ့ကောက်မောင်းနေသဖြင့် စစ်ကားပေါ်မှ စစ်သေနတ် သမားများသည်။ ကောင်းစွာ ချိန်မပစ်နိုင်သောကြောင့် ကျည်ဆန်များ လွဲချောကုန်ခြင်း ဖြစ်လေ သည်။

    ထို့ပြင် သူတို့၏ လင်းရိုဗာကားနောက်မှ ဖုန်တစ်ထောင်းထောင်းထနေ၍ စက်သေနတ် သမားများအနေဖြင့် ချိန်ဆပစ်ခတ်ရန် ခက်နေလေသည်။
    သို့သော် အင်ဂျင်စက်အားကောင်းသော စစ်ကားကြီးသည် တဖြည်းဖြည်း နီးသည်ထက် နီးလာ လေသည်။
    မကြာမီ ရှေ့လှမ်းလှမ်း၌ သစ်ပင်ချုံပုတ်များ မရှိသော မြေပြင်ကျယ်ကြီးကို မြင်ရလေ သည်။ တစ်ချိန် က ဤနေရာတွင် ဆားချက်လုပ်ငန်းလုပ်ခဲ့သဖြင့် တောခုတ်ထွင် ရှင်းလင်းထား ဟန် တူသည်။ ဆားချက်ရာ နေရာဖြစ်၍ မြေပြင်က မညီမညာဘဲ ချိုင့်ဝှမ်းကြီးဖြစ်နေလေသည်။

    "ဟေ့... ဆယ်လီ ချိုင့်ကြီးရဲ့ ညာဘက်ဘေးနားက ကပ်ပြီး မောင်းသွားပါ"
    ခရိတ်က အခြေအနေကို လှမ်းကြည့်ရင်း ဆယ်လ်ီအား အမိန့်ပေးလိုက်သည်။
    နောက်မှ လိုက်လာသော စစ်ကားကြီးသည်လည်း ချိုင့်ကြီးဖြစ်နေသည်ကို မြင်ဟန်ဖြင့် သတိထား မောင်းလိုက် လာလေသည်။
    ထိုအတောအတွင်း စက်သေနတ်ဖြင့် ပစ်ခတ်ပြန်ရာ ကျည်ဆန်သုံးထောင့်သည် လင်းရိုးဗာကား၏ ဘော်ဒီ နောက်ပိုင်းကို လာထိမှန်လေသည်။

    "ဆယ်လီ မင်း ဘာမှ မဖြစ်ဘူးနော်။ အိုကေရဲ့ မဟုတ်လား"
    ခရိတ်က လှမ်းမေးလိုက်ရာ ခရိတ်က-
    "အိုကေပါတယ်" ဟုပြန်ပြောလေသည်။

    သို့ရာတွင် သူမ၏ လေသံမှာ တစ်စုံတစ်ခုအတွက် စိုးရိမ်ကြောင့်ကြသည့် လေသံမျိုးဖြစ် နေသည်။
    "ဒီမယ်ရှင့် ကျွန်မဆက်ပြီး မမောင်း နိုင်တော့ဘူး။ ကားက တစ်ခုခု ဖြစ်နေပြီနဲ့တူတယ်။ လီဗာကို ကျွန်မအဆုံးနင်းထားပေမယ့် ကားက အရှိန်တဖြည်းဖြည်း လျော့လာတယ်"
    သူမက ပြောလိုက်ချိန်တွင်ပင် ခရိတ်က အခြေအနေကို ချက်ချင်း ရိပ်မိလေသည်။ ကား၏ ရှေ့ပိုင်း ပျက်စီး နေသဖြင့် သံတွေပူရာမှ နီရဲလာသည့် အနံ့ကိုလည်း ရနေသဖြင့် လင်းရိုဗာကားကို ဆက်မောင်း၍ မဖြစ် နိုင်ကြောင်း တွက်မိလေသည်။

    ထို့ကြောင့် ခရိတ်သည် ကက်ပတိန် နီဘေဘီအား-
    "ကျုပ်ကို ရိုင်ဖယ်သေနတ်တစ်လက်ပေးစမ်းဗျာ" ဟုလှမ်းတောင်းလိုက်သည်။
    အမှန်တော့ သူတို့ကားနောက်မှ စစ်ကားကိုလှမ်းပစ်ရန် အေကေ ၄၇ ရိုင်ဖယ်သေနတ် အလှမ်းမမီသေးချေ။ သို့သော် မိမိက ပြန်ပစ်လိုက်သော ကျည်ဆန်များသည် စစ်ကားဆီသို့ မရောက်လင့် ကစား ခရိတ်အနေဖြင့် အနည်းငယ် စိတ်ဓာတ်တက်လာမိလေသည်။

ငါတို့က ဘာမှပြန်မလုပ်ဘဲ ငုတ်တုပ်ခံနေရသည့်အဖြစ်မျိုး မဟုတ်ဟု စိတ်အားတက်လာမိခြင်းဖြစ်သည်။
    ခရိတ်က ရိုင်ဖယ်သေနတ်ကို ကျည်ဆန်ကတ်အသစ်ပြန်ထည့်နေစဉ် ဆယ်လီသည် ကားကို ကြိုးစား၍ မောင်းနေလေသည်။ နောက်မှ စစ်ကားကလည် သဲသဲမဲမဲ ဆက်လိုက် လေသည်။
    ခရိတ်သည် ရှေ့သို့ လှမ်းကြည့်ရင်း နယ်စပ်နှင့် မည်မျှဝေးသနည်းဟု ခန့်မှန်းတွက်ကြည့်မိ လေသည်။ ဆယ်မိုင်ခန့် သွားလျှင်ရောက်မည်လော။

    တစ်ခုစိုးရိမ်ဖွယ် ကောင်းသည်မှာ မိမိတို့နောက်လိုက်နေသော တတိယတပ်မဟာမှ စစ်ကားသည် ကျားသစ်စစ်ဆင်းရေး အမိန့်ချထားပြီဖြစ်၍ နယ်စပ်သို့ရောက်လျှင် ဆက်မလိုက်ဘဲ ရပ်တန့် ပါမည်လော။ ဆက်လိုက်ပြီး မိမိတို့အား အသေပစ်သတ်မည်လောဟူသော အချက် ပင်ဖြစ်သည်။
    ဤသို့ တွေးမိရင်း ခရိတ်သည် ဒေါသထွက်လာကာ မောင်းပြန်ရိုင်ဖယ်သေနတ်ဖြင့် နောက်ကားဆီသို့ လှမ်းပစ်လိုက်သည်။
    ရိုင်ဖယ်သေနတ်ခလုတ်ကို သုံးကြိမ်ခန့် ဆက်ဆွဲလိုက်ရာ တတိယမြောက်အကြိမ်တွင် နောက်မှ တိုယိုတာ ငါးတန်ကားကြီးသည် ကွေ့ဝိုက် ယိမ်းယိုင်သလို ဖြစ်သွားပြီးနောက် ရပ်တန့်သွားလေသည်။

    "ငါပစ်လိုက်တာ ထိသွားပြီဟေ့"
    ခရိတ်က ၀မ်းသာအားရ ဟစ်အော်လိုက်ရာ ဆယ်လီကလည်း-
    "ရှင်က တိုက်ခိုက်တဲ့နေရာမှာ ဂျရိုနီမို ကျနေတာပဲ"ဟု ချီးကျူးလိုက်သည်။
    (မှတ်ချက်။ ။ ဂျရိုနီမိုဆိုသူမှာ အမေရိကန်နိုင်ငံ တည်ထောင်ခါစက မျက်နှာဖြူစစ်တပ်များ အား ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နိုင်ခဲ့ပြီး စစ်မှုရေးရာ ကျွမ်းကျင်သူ အမေရိကန် တိုင်းရင်းသား (အင်ဒီးယန်း) ခေါင်းဆောင် တစ်ဦးပင်ဖြစ်သည်။ မြန်မာပြန်သူ)
    ကတ်ပတိန် နီဘေဘီကလည်း သဘောကျဟန်ဖြင့် မစ္စတာ ခရိတ်က တကယ် တော်ပါပေတယ်ဟု ချီးကျူးလိုက်သည်။

အခန်း (၂၃) ဆက်ရန်
.

3 comments:

ဇော်သိင်္ခ said...

ဆရာမရေ.. မအားတဲ့ ကြားက အခုလို အမြန်ဆုံးတင်ပေးတဲ့ အတွက် ကျေးဇူး အများကြီးတင်ပါတယ်ခင်ဗျ..

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

Anonymous said...

Thanks dear sis.

Ray

လသာည said...

ဖတ်ပြီးပြီ။
အစ်မရေ ကျေးဇူးတင်ပါတယ်..။