Saturday, August 28, 2010

မဝင်းမြင့် (ခေမာသောင်ကမ်း) အပိုင်း (၇)

(အရင် ပထမ အုပ်က ဤစံအိမ်ဝယ် ) 

ခေမာသောင်ကမ်း
 မဝင်းမြင့်

သာမန် ကျယ်သင့်ကျယ်ထိုက်သည်ထက် ဤချောင်းသည် ပိုမိုကျယ်ပြန့်၍ မြစ်ငယ်တစ်ခုဟူ၍ပင် ခေါ်ဆို  ထိုက်သော ဤမြစ်ငယ်ကား အုပ်အုပ်ဆိုင်းဆိုင် မှိုင်းမှိုင်းရီမှောင်သော တောအုပ်တောင်တန်း တခုနှင့် သာယာအေးချမ်းသော ရွယ်ငယ်တစ်ခုကို နယ်နိမိတ် ပိုင်းခြားထားသကဲ့သို့ ဖြစ်နေသည်။ မြစ်ငယ် ၏ တဘက်ကမ်းတွင်ကား အုန်းပင်၊ မကျည်းပင်၊ ၀ါးပင်တို့ဖြင့် အေးမြသော အရိပ်အာဝါ သအောက် ၀ယ် ချမ်းမြေ့ကြည်နူးဖွယ်သော ရွာကလေးသည် မိုးကုပ်စက်ဝိုင်းကို ထိနေသည်။

သို့ကျယ်ပြန့်သော လယ်ကွင်းပြင်မှ ဆန်းစပါး စိုက်ပျိုးခြင်းဖြင့် ရိုသေစွာ လုပ်ကိုင်စားသောက် နေသော လယ်သမားများ နေထိုင်သည့် ရွာကလေး ဖြစ်ပေသည်။ အေးမြကြည်ထင်စွာ မုးနွေမခမ်း စီးဆင်း နေသော မြစ်ငယ်နှင့် သုံဖာလုံကျော်ကွာဝေး၍ မြစ်ငယ်ကိုအစွဲပြုပြီး ရွာအမည်ကို မြစ်သီတာရွာ ဟုခေါ်တွင် လေသည်။ ဆန်စပါး စိုက်ပျိုးခြင်းဖြင့် လယ်သမားတို့ နေထိုင်ရာ ဤမြစ်သီတာရွာကား ခရိုင်မြို့ကြီး တစ်မြို့နှင့် နှစ်ဆယ့်ငါးမိုင်းခန့် ဝေးကွာလေသည်။ ကားမောင်းနိုင်လောက်အောင်လည်း လမ်း က ပြေပြစ်သဖြင့် စပါးအရောင်းအ၀ယ်ကိစ္စ အလည်အပတ် ကိစ္စများနှင့် ပတ်သက်၍ မြစ်သီတာ ရွာသည် မြို့နှင့်အဆက် အသွယ်မြတ်ဘဲ မြို့မှ သတင်းရွာရောက်၊ ရွာမှသတင်း မြို့ရောက်လေသည်။

မြစ်ငယ်၏ ဟိုမှာဘက်ကမ်းတွင် မှိုင်းမှိုင်းညိုမှောင်သော တောအုပ်ကြီးကား မြစ်ကမ်းတလျှောက်ဝယ် မျက်စီတဆုံး တည်ရှိနေသည်။ သေလာပိတ်ဆီး တောကြီးဂနိုင်ဟူ၍ပင် စာဖွဲ့လောက်အောင် တောအုပ် ကြီးက ထူထပ်လှ၏။ တောအုပ်ကြီးအလွန်တွင်ကား ပြာရီမှုန်မှိုင်း မြူခိုးတွေဆိုင်းနေသော တောင်တန်း ကြီး က လွမ်းစဖွယ် မားမားကြီး တည်ရှိနေလေသည်။ မြစ်သီတာရွာတွင် အသက်အရွယ် အားဖြင့် ကိုးဆယ်ကျာ် နေပြီဖြစ်သောလည်း သူငယ်ပြန်ခြင်း၊ သတိမေ့လျော့ခြင်း ကင်းသော အဘိုးတေဇာ သည် ဤတောအုပ် နှင့် တောင်တန်းများအကြောင်းကို စကားစပ်မိတိုင်း မကြာခဏ ပြောပြ လေ့ရှိလေသည်။

"ငါ အသက်ငယ်ငယ် နှစ်ဆယ်ကျော်က တဇွတ်ထိုး မိုက်ရူးရဲ လုပ်တက်တဲ့အကျင့်ကြောင့် တော်ရုံ လူသူ မရောက်တဲ့နေရာ ငါရောက်သွားခဲ့တာ ပေါ့ကွယ်"
ဤသို့ အစချီကာ အဘိုးတေဇာက ပြောပြသော ဤတောအုပ်နှင့် ဤတောင်တန်း အကြောင်းကို အသက် ငယ်ရွယ် ကြသော မြစ်သီတာ ရွာသူ ရွာသားတွေအနေဖြင့် မှတ်သားလောက်အောင် သဘောပေါက် ကြရလေသည်။

အဘိုးတေဇာ ငယ်စဉ်အခါက အတော်ပင် ဆိုးတေ မိုက်တန်းခဲ့ဖူးလေသည်။ မိဘစကား နားမထောင် ဘဲ မကောင်းသော အဖော်နှင့် ပေါင်းမိ၍ ဓားပြီကြီးတယောက် ဖြစ်သွားခဲ့လေသည်။ ဆိုးခိုးတိုက်ခိုက်၍ ရသမျှ သောက်စားမူးယစ်ခါ လူသူမနီးသည့် တောကြီးမျက်မဲမှာ ခိုအောင်နေပြီး မကောင်းမှု ဒုစရိုက် တွေ ကိုသာ ကျူးလွန်နေခဲ့လေသည်။ သက်ဆိုင်ရာ အာဏာပိုင်တို့က ဖမ်းဆီးနိုင်ရန် အထူးဂရုစိုက် လာသော အခါ အဘိုးတေဇာသည် နောက်လိုက် နောက်ပါများနှင့်အတူ တောထူရာကို တိုးသည် ထက်တိုး လာရာမှာ တစ်ခုသော တောင်တန်းကြီး အခြေရှိ ကျောက်ဂူကြီး တစ်ခုသို့ ရောက်လာခဲ့လေ သည်။ ထိုကျောက်ဂူကြီးမှာ စခန်းချပြီး တပည့်များနှင့် တိုက်ခိုက်လုယက်မှုကို ဆက်လက်အားထုတ် နေဆဲဝယ် ထူးဆန်း ကြောက်မယ်ဖွယ်ရာ ကောင်းလှသောအဖြစ်က ပေါ်ပေါက်လာခဲ့သည်။

အဘိုးတေဇ၏ တပည့်များသည် တစ်ညလျှင် နှစ်ယောက် သုံးယောက် ခန့်မှန်မှန် သေဆုံးလာခဲ့ ကြသည်။. ဒါဏ်ရာကို ရှာဖွေကြည့်သောအခါ တစ်ကိုယ်လုံးတွင် စူးနှင့်ထိုးထားသလို အပေါက်ငယ် ကလေး တွေ ဖွာရာကြဲပြီး အသားတွေညိုမဲနေသည်ကို တွေ့ရ၏။     ဤကျောက်ဂူဘေးမှာ ဒုက္ခပေး သည့် သတ္တ၀ါ ရှိလေပြီဟု အဘိုးတေဇာနှင့် ကျန်ရစ်သူ တပည့်များက ချောင်းကြသည်။ သန်းခေါင်းရံ အချိန်ဝယ် ဂူဝမှာ ရှိနေသော မီးပုံ၏ အလင်းရောင် မှိန်မှိန် အောက်မှာ ပေါ်ပေါက်လာသော သတ္တ၀ါ ကလေး များကား အကောင်အရေအတွက် မည်မျှရှိသည်ဟု မသိစွမ်းနိုင်အောင် အုပ်ချီပြီး ရောက်လာ ကြသည်။ အကောင်ငယ် တစ်ကောင်၏ ပမာဏမှာ ဆင်ကြွက်ခေါ် ကြွက်စုတ်ကလေးမျှသာ ကြီး၏။

ပုံသဏ္ဌန်မှာ ကြွက်နှင့် အတူချေ၊ ဖြူဖွေးသောအစွယ်တွေ ငေါထွက်နေသော ဤညိုညစ်ညစ် သတ္တ၀ါ ကလေးများ ၏ သဏ္ဌာန်ကို သရုပ်ပေါ်အောင် အဘိုးတေဇာ မပြောတတ်ချေ။ မည်သည့်သတ္တ၀ါ ကလေးများ ဖြစ်မည်နည်းဟု စူးစမ်းကြည့်ရှု့နေကြသော အဘိုးတေဇာနှင့် သူတပည့်များရှိရာ တန်းတန်း မတ်မတ် ချီတက်လာကြသော သတ္တ၀ါကလေးများကိုကြည့်ရင်း အဘိုးတေဇာ သဘော ပေါက် လာသည်။ ကြောက်မက်ဖွယ်ကောင်းသေ သွေးစုတ်သတ္တ၀ါကလေးများ ဖြစ်ကြောင်း တွေးမိ သည်နှင့်တစ်ပြိုင်နက် တပည့်များကို လွတ်အောင်ပြေးရန် အော်ဟစ်နှိုးဆော်၍ သူကိုယ်တိုင် လေကဲ့ သို့လျှင်လှသော အဟုတ်ဖြင့် ဂူအပြင်ရောက်အောင် ခုန်လွှားပြေးထွက်လာခဲ့သည်။ အဘိုးတေဇာမှာ သတ္တ၀ါတစ်ကောင်မှ မကိုက်လိုက်မိသော်လည်း ငယ်သားများ၏ ထိတ်လန့်အော်ဟစ်သံများမှာ ညမှောင်မှောင် တောတောင် ထဲဝယ် အသည်းနှလုံး ထိတ်လန့် ချောက်ချားဖွယ်ရာ ပဲ့တင်ထပ် သွားလေသည်။

အဘိုးတေဇာ မည်သို့မျှမကယ်နိုင်တော့ချေ။ သတ္တ၀ါကလေးများ၏ ရန်မှလွတ်အောင် ခြေဦးတည့်ရာ ပြေးခဲ့ရသည်။ နံနက်အရုဏ်ဦး အချိန်လောက်တွင်မှ ခပ်မြင့်မြင့် တောင်ကမ်းပါယံတစ်ခုပေါ် တွယ်တက်ကာ ကျောက်တုံးကြီး တစ်တုံးခြေရင်းတွင် မောမောဖြင့် ပစ်လှဲရာမှ အိပ်ပျော်သွားလေ တော့ သည်။
"တကယ်သူတော်ကောင်း အစစ်အမှန်ဆိုရင် သီလ သမာဓိ တန်းခိုးတော်ကြောင့် ဒီတော်တောင်ထဲမှ သတ္တ၀ါတွေက ဘယ်လိုမှ ဘေးရန်မပြုနိုင်ပါဘူး၊ သူတော်ကောင်းတရား မရှိတဲ့ သူယုတ်သူဆိုးများ ကိုသာ ဘေးရန်ပြုတတ်ပါတယ်"

မော်ပန်းနွမ်းနယ်စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော အဘိုးတေဇာသည် အထက်ပါအတိုင်း ပြောသံကို အိပ်မက်လိုလို အဟုတ်လိုလို နားထဲမှာ ကြားလိုက်ရသောကြောင့် အိပ်ပျော်ရာမှ ဖျတ်ခနဲ လန့်နိုး လိုက်၏။ အချိန်မှာ နံနက်နေထန်းတဖျားခန့် ရှိနေလေပြီ။ သူအိပ်ပျော်နေသော တောင်ကမ်းပါး ယံ တလျှောက် ထောင်ထပ်အထိ နေရောင်က ဖြာကျပြီး လင်းနေသည်။ အိပ်ပျော်ရာက ကောင်းစွာ နိုးလာပြီ ဖြစ်သော အဘိုးတေဇာက မျက်စိကို ပွတ်သပ်ရင်း လွန်ခဲ့သောညက အဖြစ်ကို ပြန်တွေးရင်း တပည့် များအားလုံးပင် သေကုန်ပြီလား ကျန်နေကြသေးလားဟု တွေးရာမှ အိမ်မက်လိုလို အဟုတ်လို လို သူကြားရသော အသံကိုပြန်လည်သတိရာကာ ကြက်သီးမွေးညင်း ထသွားသည်။ သူရောက်ရှိနေ သော ဤနေရာ ပတ်ဝန်းကျင်ကို အကဲခတ်ရန် ဦးခေါင်းကို ပတ်ချာလှည့်ရင်း အထက်မော့ကြည့်လိုက် ၏။

ကမ်းပါယံ တောင်ထွတ်ပေါ်တွင်ကား ရွှေသားအတိ ပကထိ ထွန်းတားဘိသကဲ့သို့ ၀င်းအိသော အရောင်ဖြင့် မကြီးလွန်း မငယ်လွန်းသော စေတီတစ်ဆူကို ဖူးတွေ့ရလေသည်။ အဘိုးတေဇာသည် အံ့သြခြင်း ၀မ်းမြောက်ကြည်နူးခြင်းဖြင့် တောင်အထွက်ပေါ်သို့တက်ကာ စေတီတော်ကို တစ်သက်တွင် တစ်ခါ မှ မဖြစ်ပေါ်ဘူးသော ကြည်လင်သည့် စိတ်စေတနာဖြင့် ရိုသေစွာ ရှိခိုးကန်တော့ လိုက်သည်။ ထို့နောက် မတ်တတ်ရပ်၍ အရပ်လေးမျက်နှာကို ရှု့မျှော်လိုက်၏။

တောင်ခြေမှ ထူထပ်သော တောအုပ်ကိုလည်းကောင်း၊ တောအုပ်အလွန်တွင် အေးမြသောရေအလျင် က တသွင်သွင် စီးနေသော မြစ်ငယ်ကိုလည်းကောင်း၊ မြစ်၏။ဟိုမှာဘက်ကမ်းတွင် ချမ်းမြေ့ကြည်နူး ဖွယ်သော ရွာငယ်ကို ပြတ်ပြတ်သားသား မြင်ရလေသည်။

ရွာ၏အရှေ့ဘက် ခပ်လှမ်းလှမ်းတွင်ကား ပြာသာဒ် အထွဋ်တွေ တပ်ထားသော ဘုန်းတော်ကြီးကျောင်း ကာထင်းထင်းကြီး ပေါ်နေသည်။ ကြောက်ဖွယ်ကောင်းသော သွေးစုတ်သတ္တ၀ါတွေ အများအပြား ခိုင်အောင်း နေရာ ဤတောအုပ်တွင် သူလို လူဆိုးလူယုတ်တစ်ယောက်အဖို့ အသက်ရှည်နိုင်ဖွယ် မရှိကြောင်း စဉ်းစားမိလာသော အဘိုးတေဇာသည် မြစ်ကမ်းခြေ အရောက်သွားပြီး ရွာရှိရာ တစ်ဘက်ကမ်းကို ကူးနိုင်ရန် ကြံစည်ကြိုးစားမည် ဟူသောရည်ရွယ်ချက်ဖြင့် တောင်ထွက်ပေါ်မှ ဆင်းလာ ခဲ့သည်။ မောပန်းနွမ်းနယ်သည်ကို ပမာမထား အနားမယူဘဲ သွေးစုတ် သတ္တ၀ါကလေးတွေ ရန်က လွတ်အောင် မြစ်ကမ်းပါအရောက် ခြေကုန်အသော့နှင်လာခဲ့ လေသည်။

ညနေ နေ၀င်ဆည်းဆာချိန်မှာ မြစ်ကမ်းပါး ရောက်လာ၏။ တစ်နေကုန် အစာကလည်း မစားရ၊ ခရီးတွင် အောင် လှမ်းခဲ့ရ၍ နွမ်းနယ် မောင်ပန်းခြင်းကလည်း ဖိသဖြင့်  မြစ်ကမ်းခြေ သဲသော်ပေါ်ဝယ် ခြေပစ် လက်ပစ် လှဲချလိုက်လေသည်။

အချိန်ရာသီက တန်ခူးကုန်- ကဆုန်ဆန်းတော့ မည်ဖြစ်၍မြစ်ငယ်ရေက အနည်းငယ်မျှ အားလျှော့ကာ သဲသောင်ပြင် ကလေး ပေါ်နေခြင်းဖြစ်သည်။ မျက်စိကိုမှိတ်ခါ အသက်မှန်မှန်ရှုနေခြင်းဖြင့် အနည်းငယ် အပန်းပြေ သလို ဖြစ်လာသော အဘိုးတေဇာ နားထဲတွင် သဲပြင်ကိုရှပ်တိုက် လာသံလိုလို၊ သစ်ရွက်ခြောက် တွေ လေခပ်လာသံလိုလို တိုးတိတ်ညင်သာသော အသံကလေးတွေက သဲပြင်နှင့် နားကို ကပ်ခါတစောင်းလှဲ နေသော အဘိုးတေဇာနားထဲသို့ ၀င်လာသည်။ အဘိုးတေဇာက လေတိုက်သံ ပင် ဖြစ်ပေလိမ့်မည်ဟု ရုတရက် မျက်လုံးဖွင့်မကြည့်မိချေ။ မထင်ရှားသည့် တိုးတိတ်ညင် သာသော အသံကလေး တွေက သဲပြင်နှင့် နားကို ကပ်ခါ တစောင်းလှဲနေသော အဘိုးတေဇာနားထဲသို့ ၀င်လာသည်။

အဘိုးတေဇာက လေတိုက်သံပင် ဖြစ်ပေလိမ့်မည်ဟု ရုတ်တရက် မျက်လုံးဖွင့်မကြည့် မိချေ။ မထင်းရှားသည် တိုးတိတ်ညင်သာသော အသံကလေးတွေက နီးသထက်နီးလာသောအခါ အဘိုးတေဇာ က ခေါင်းထောင်ကြည့်လိုက်သည်။ အလိုးတေဇာ၏ ဦးခေါင်းက တင်းတောင်းလောက် ကြီးသွားသည်ဟု ထင်လိုက် ၏ ထိတ်လန့်တုန်လှုပ်သော စိတ်ဖြင့် အဘိုးတေဇာ ဘာလုပ်ရမည်မသိ ဖြစ်နေသည်။ အဘိုးတေဇာ မြင်ရသည်ကား……….မြောက်များလှစွာသော သွေးစုတ်သတ္တ၀ါ ကလေးများသည် အုပ်ကြီးဖွဲ့ခါ မြစ်ကမ်းပါးသို့ ရေသောက်ဆင်းလာနေကြသည်။ အဘိုးတေဇာနှင့် ဆိုလျှင် ၀ါးတပြန် သာသာမျှသာ ကွာဝေးလေသည်။

ရေသောက်ဆင်းလာသော သွေးစုတ်သတ္တ၀ါအုပ်သည် ဦးခေါင်းထောင်လှုပ်ရှားလိုက်သော အဘိုးတေ ဇာကို မြင်လိုက်ကြသောအခါ ရေစပ်သို့ ဆင်းနေသည့်အရှိန်က ရပ်တန့်သွားကြ၏။ အဘိုးတေဇာကို မြင်သွားကြလေပြီ။ အဘိုးတေဇာ လှဲနေရာမှ လျင်မြင်စွာ မတ်တတ်ရပ်လိုက်သောအခါ သတ္တ၀ါတစ် အုပ်လုံးသည် ရေစပ်သို့မဆင်းတော့ဘဲ အဘိုးတေဇာရှိရာသို့ လျင်မြန်စွာ ရွေ့ရှားလာကြတော့၏။ အဘိုးတေဇာ အဖို့ ပြေးစရာမြေ မရှိတော့ပြီ။ တောထဲသို့ ပြန်ဝင်ပြေးလျင် ကိုယ့်သေတွင်း ကိုယ်ပြန် ဆင်းနေသည် နှင့် မခြားတော့ချေ။

အဘိုးတေဇာသည် သဲသောင်စပ်မှ မြစ်ထဲသို့ လျက်မြင်စွာ ပြေးသွားခုန်ချလိုက်သည်။ တဘက်ကမ်းသို့ အားယူကူးခပ်နေဆဲဝယ် မှုတ်ဝဲကြီးနှစ်ခုသည် မြစ်ရေ ပြင်မှ ရုတ်ရက်ပေါ်လာကာ အဘိုးတေဇာအား အင်အားကြီးဖြင့် တစ်လှည့်စီ မှုတ်သွားလေတော့ရာ အစာအဟာရပြတ်၍ အလွန်အမင်း ပင်ပန်း နွမ်းနယ် နေပြီ ဖြစ်သော အဘိုးတေဇာကား နောက်ဆုံး မြေပြင်ရေစပ်စပ်ပေါ် ကိုင်ရိုက်သလို ကျသွားသည်ကိုသာ သိလိုက်ပြီး သတိမေ့သွားလေတော့၏။

အဘိုးတေဇာ သတိပြန်ရလာသောအခါ မြစ်သီတာရွာ ရောက်အောင်သွားပြီး သနားကြင်နာအောင် ပြောပြတောင်းပန်၍ ဘုန်းတော်ကြီးကျောင်းတွင် ကပ္ပိယအဖြစ် သူတော်ကောင်း တရားကို နှလုံးသွင်း ကာ ကျိုးနွံစွာ နေထိုင်ရှာလေတော့သည်။ သူပြောပြသည့် စေတီတော်ကိုကား ရွာဘက်ကမ်းခြေမှ လုံးဝ မမြင်မတွေ့ရချေ။ ယခုအချိန်မှာ အဘိုးတေဇာကား မရှိတော့ပြီ။ သူကွယ်လွန်သွားပြီ ဖြစ်သော် လည်း သူပြောပြခဲ့သည့် တောအုပ်ထဲက သတ္တ၀ါကလေးများကို ရွာသူရွာသားတွေက မမေ့ကြချေ။ တဖြည်းဖြည်း ကျယ်ပြန့်လာပြီ ဖြစ်သော မြစ်ငယ်သည် ရေစီးကြမ်းသည်နှင့်အမျှ အချိန်နေရာ သတ်မှတ် မရအောင် မြစ်ပြင်အနှံ့ပေါ်ချင်သည့် အချိန်မှာ နေရာမရွေး ပေါ်တတ်သော စုတ်ဝဲ မှုတ်ဝဲ နှစ်မျိးလုံး ကိုလည်း ကြောက်ကြသည်။

ထို့ကြောင့်ပင် ၀ဲနှစ်မျိုးဖြင့် ရေးစီးကြမ်းသော မြစ်ကိုလည်းကောင်း၊ သွေးစုတ်သတ္တ၀ါကလေးများ၏ အန္တရာယ် ကြောင့် လည်းကောင်း မြစ်သီတာ ရွာသူရွာသားများအနေဖြင့် တစ်ဘက်ကမ်းသို့ သွားရန် မည်သူမှ မကြိုးစားကြ၊ စိတ်မကူးကြချေ။ သို့သော် တစ်ခါတစ်ရံ ရွာသူရွာသားတချို့သည် အလုပ်အး လပ်သည့် အချိန်များ၌ မြစ်ငယ်၏ ကြောက်မက်ဖွယ်ဝဲများကိုလည်းကောင်း၊ တစ်ခါတစ်ရံ မြစ်ကမ်းကို ဆင်းလာ တတ်သော သွေးစုတ်သတ္တ၀ါ ကလေးမျာကိုလည်းကောင်း အပျင်ပြေကြည့်ရှုရန် မြစ်ကမ်းနဖူး ရှိ အင်ကြင်း ပင်ကြီးအောက်သို့ ရောက်လာတတ်ကြသည်။

အချိန်ကား မိန်ရာသီနွေတပေါင်းဖြစ်၍ ရွက်ဟောင်းတွေ ရွှေရည်လူးကာ လေရူးသုန်သုန်ချီရာသို့ စုန်ချည်ဆန်ချည် ကြွေလွင့်ပြီး ဥသြငယ်တွေ ကျူးရင့်ပျော်စံကာ မြစ်နဒီသောင်ယံတခိုတွင် မောင်မယ် ညိုမြူးရွှင်၍ သဲစေတီသဘင်ကျင်းပြီး အင်ကြင်းပန်းတွေ  လှိုင်လှိုင်ပွင့်သောအခါ ဖြစ်ပေ သည်။ မြစ်ငယ် ကမ်းနဖူးရှိ အင်းကြင်းပင်ကြီးကား မွှေးကြိုင်သော ရနံ့ဖြင့် ပင်လုံးကျွတ် အပွင်တွေ ဝေစည်နေလေသည်။ မြစ်သီတာရွာသူ ပျိုဖြူတစ်သိုက်သည် အင်ကြင်းပန်းခူးရန် ရည်ရွယ်ချက်ဖြင့် ညနေရီ လေချိုဖျန်ချိန်မှာ ရွှင်လန်းပျော်ပျော် တေးကျော်ကျော်ဖြင့် အင်ကြင်းပင်ကြီးရှိရာ ထွက်လာခဲ့ ကြလေသည်။

မြစ်ငယ်ကမ်းနဖူးတွင် အင်ကြင်းပင်ကြီး တစ်ပင်သာ ရှိသည်မဟုတ်။ နှစ်ချို့ကျွန်းပင်ကြီး သုံးလေးပင် က တစ်ခု- ကြီးမားသော ပိတောက်ပင် အုပ်စုက တစ်ခု- ခရေပင် အုပ်စုက တစ်စု- တစ်စု နှင့်တစ်စု ဆက်ပြီးပေါက်နေကြသည်မှာ တော်အုပ်ကလေးတခုကဲ့သို့ ဖြစ်နေသည်။ ဤအုပ်စုထဲတွင် အရိပ်အာဝါက အကောင်းဆုံးနှင့် မှိုင်းမှိုင်းမှောင်မှောင် အဖြစ်ဆုံးမှာ ခရေပင်အုပ်စု ဖြစ်လေသည်။ ကြီးမားသော ခရေပင်ကြီး လေးငါးပင် စုပြုံပြီး ပေါက်နေရကား ခရေပင် အကိုင်းအခက်တွေ မြေပြင် ထိလုမျှ ညွတ်ကျနေသဖြင့် အပင်တွေအလယ် မြေကွက်လပ်ကလေးကို  ကာရံထားသကဲ့သို့ ဖြစ်နေသည်။ ခရေပန်းတွေ ပွင့်ချိန်ဆိုလျှင် အပင်အောက်မြေပြင်မှာ ဖြူစင်မွှေးကြိုင်သော ခရေပွင့်တွေက ပန်းမွှေ့ရာ ခင်းထားသကဲ့သို့ရှိနေသည်။

"ဒို့ အင်ကြင်းပန်းတွေ ခူးပြီးရင် ဟောဟို ခရေပင်အုပ်ကို သွားကြည့်ရအောင်"
ရွာကွမ်းတောင်ကိုင် အပျိုချော မစပယ်က အင်ကြင်းပန်းခူးသော တံချူကို အင်ကြင်းပင်မှာ မှီထောင်ရင်း ပြောလိုက်သည်။ ချစ်စရာကောင်းသော မစပယ်က သူ့ဦးခေါင်းထက်မှာ အင်ကြင်းပန်း တွေ ဝေနေ အောင် ပန်ထားသည်။ ၀င်လုဆဲဆဲနေရောင်က ဟပ်သဖြင့် ချစ်စရာကောင်းသော မစပယ်မှာ ပိုပြီး ချစ်စရာ ကောင်း နေသည်။
"ခရေပင်အုပ်စုက ဒီအချိန်ဆို မှောင်ပြီအော့၊ ညည်းက ဘာသွားလုပ်မှာလဲ....."
မိန်းမပျိုတစ်ယောက်က မေးသည်။ မစပယ်က ပြန်ပြော၏။

"မနှစ်က ငါခရေပွင့်တွေ ကောက်လာတာ တောင်းနဲ့ တစ်လုံးရလာလို့ ညည်းတို့တစ်တွေ အားလုံး ပန်ကြရတယ် ဟုတ်လား.........အဲဒီနောက် ဒီခရေပင်တွေဆီ တစ်ခါမှ မရောက်တော့ဘူး၊ သွားကြည့် ချင်တာ သက်သက်ပါပဲအေ.... ဝေးတာမဟုတ်ပါဘူး- လာကြပါ...."
"အလုပ်မရှိ အလုပ်ရှာတဲ့ မိစပယ်ပါပဲ"

မိန်းမပျိုတစ်ယောက်က ရေရွတ်ပြီး တစ်စုတစ်ဝေးကြီး ခရေပင်အုပ်ဆီ သွားကြသည်။ ဤအချိန်ဆို လျှင် ခရေပင်ကြီး ဂွဆုံမှာ ပေါက်နေသော ကြီးပေါင်းသီးတွေက မှည့်ရွဲနေပြီကို စဉ်းစားမိကြသော မိန်းမပျို တစ်သိုက်က ကြီးပေါင်သီး ခူးစားမည့် ရည်ရွယ်ချက်ဖြင့်ပ မစပယ်အလို ဆန္ဒအတိုင်း မငြင်းဘဲ လိုက်ခဲ့ကြသည်။ တစ်ယောက်တစ်ခွန်း စိတ်ကူးရရာ စီစီညံညံ စကားပြောလာကြသော မိန်းမပျိုတစ် သိုက်သည် ခရေပင်အောက်တွင် ရောက်ကြသည်နှင့် တစ်ပြိုင်နက် စီစီညံညံနေသော အသံတွေက တိုင်ပင်ထားခြင်းမရှိဘဲ တပြိုင်ထဲ တိတ်သွားကြသည်။ လှမ်းနေသော ခြေလှမ်းများကို အရှိန်သတ် လိုက်ကြ သည်။ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြ၏။ ထို့နောက် သူတို့တတွေ မမျှော်လင့် မတွေးထင်ဘဲ ရှောင်တခင်မြင်လိုက်ရသော ခရေပင်ရင်းမှ သဏ္ဌာန်ကို အသေအချာ ပြန်ကြည့် လိုက်ကြပြန်သည်။

ခရေပင်အရင်းတွင် ပြောင်စင်နေသော မြေပြင်ပေါ်ဝယ် မျက်လွှာချကာ မလှုပ်မယှက် ငြိမ်သက်စွာ ထိုင်နေသော ရဟန်းတော်တစ်ပါးကို သူတို့တတွေ ဖူးတွေ့နေကြရသည်။ ရဟန်းတော်ကား စီစီညံညံ စကားပြော လာသော မိန်းမပျိုတစ်သိုက် သူ့ရှေ့တူရှုမှာ ရောက်နေသည်ကို  တည်ငြိမ်သော သမာဓိ ကြောင့် မသိမမြင်၍ပေလား၊ သိလျက်နှင့် နေမြဲတိုင်း နေလေသလား ဟူသည်ကို မိန်းမပျိုတစ်သိုက်က မသိနိုင်ချေ။ ရဟန်းတော်ကား လုံးဝလှုပ်ရှားခြင်းမရှိ။ သူတို့ကိုလည်းမကြည့်။ တစ်ချက်တစ်ချက် အသက်ရှု သည်ကိုမြင်၍သာ လူဟူ၍ သိရသည်။ ရုပ်တုတစ်ခုကဲ့သို့ တည်ငြိမ်လှ၏။ မစပယ်က မိန်းပျို များကို လက်ပြခါ ခရေပင်ရိပ်မှ တိတ်ဆိတ်စွာ ဆုတ်ခွာခဲ့ကြသည်။ တစ်ဦးတစ်ယောက်မှ ရှိခိုး ကန်တော့ခြင်း မပြုခဲ့ကြချေ။

"ဒီဘုန်းကြီးက ဘယ်အချိန်က ရောက်နေပါလိမ့်၊ ရွာအနီးအနားလာတာလဲ တစ်ခါမှ မတွေ့ဖူးပါဘူး"
"လူကောင်းလား- လူဆိုးလား ဘယ်သူ သိနိုင်ပါမလဲ....."
"လူဆိုး က ရဟန်းဟောင်ဆောင်နေလားမှမသိဘဲ၊ ဒို့တတွေလူများလို့ မလှုပ်ဝံ့သော သမာဓိတည် ဟန်ဆောင် နေတာနဲ့တူတယ်"
"သူနေပုံကြည့်ရတာ တကယ် တရားအားထုတ်တဲ့ ရဟန်းကောင်းနဲ့ တူပါတယ်"
"ဘာပဲဖြစ်ဖြစ်လေ- မစပယ် အကြောင်းပြုပြီး ဒီရဟန်းတွေ့ရတော့ မစပယ် ရဟန်းပေါ့အေ့"
"တကယ် သူတော်ကောင်းဆိုရင် ညည်းငရဲကြီးနေမယ်နော်"

"ဟေ့.... ရွာမြန်မြန်ရောက်အောင် သုတ်သုတ်လှမ်းကြ။ ရဟန်းကောင်ဖြစ်စေ၊ ရဟန်းဆိုး ဖြစ်စေ စုံစမ်းဖို့ က ရွာကလူကြီးတွေ တာဝန်၊ ဒို့တတွေ ရွာရောက်ရင် ချက်ချင်း သတင်းပေးရမယ်"
မိန်းမပျို တစ်သိုက် တစ်ယောက်တစ်ခွန်းပြောရင်း ရွာရောက်အောင် ခြေလှမ်းသွက်သွက်ဖြင့် အသော့ နှင် ကြလေသည်။

နောက်တစ်နေ့ နံနက်စောစောအချိန်ကား မြူနှင်းငွေ့ ခပ်မှုန်မှုန်ဆိုင်းနေသည်။ ရွာထပ်အစွန်ရှိ ကျယ်ဝန်းသော ခြံကြီးနှင့် လေးပင်သုံးခန့် ပျဉ်းခင်ပျဉ်ကာ ၀ါးကပ်မိုးထားသော အိမ်ကြီးကား မစပယ် နှင့်  သူ့မိဘများနေထိုင် ရာအိမ်ဖြစ်သည်။ တစ်ဥင်္ိးတည်းသော ရွာကွမ်းတောင်ကိုင် သမီးချောအား မစပယ်၏ မိဘများဖြစ်သည့် လယ်သများကြီး ဦးချစ်မောင်နှင့် ဒေါ်အုံတို့က အရိပ်တကြည့်ကြည့်နှင့် ယုယထားကြသည်။ မစပယ်သည် အလိုလိုက် အမိုက်စော်ကားသော သမီးမျိုး မဟုတ်ချေ။ လိမ္မာယဉ် ကျေးသူကလေး ဖြစ်ပေသည်။ နံနက်တိုင်း ဘုန်းတော်ကြီးကျောင်းကို ဆွမ်းအုပ်ပို့ရန်အတွက် အိပ်ရာမှ စောစောထပြီး ဆွမ်းဟင်း ချက်သည့်တာဝန်ကို တစ်နေ့မပြတ် ယူထားလေသည်။ ယနေ့နံနက် စောစောမှာ ချက်ပြုတ်ပြီး စီးပြီဖြစ်သော မစပယ်သည် အိမ်နောက်ဘက် ၀ရန်တာစွန်းမှ မြစ်ကမ်းပါး ဆီသို့ အမှတ်မထင် မျှော်ကြည့်လိုက်၏။ မနေ့ညနေက သူတို့သူငယ်ချင်းတစ်သိုက် ထူးထူးဆန်း ဆန်း တွေခဲ့ရသော ခရေပင်ရင်းမှဘုန်းတော်ကြီးကို သတိရနေမိသည်။ ယနေ့ ထမင်းဟင်း စားသောက် ပြီးချိန်မှာ ရွာလူကြီးအချို့က မစပယ်တို့ တွေ့ခဲ့ရသည်ဆိုသော ဘုန်းတော်ကြီးကို သွားရောက်ဖူးတွေ့ခါ မေးမြန်း စုံစမ်းကြမယ် ဖြစ်သည်။

မစပယ်သည် မြစ်ကမ်းပါးဆီသို့ မျှော်ကြည့်နေခိုက်မှာ ခရေပင်အုပ်အပါအ၀င် သစ်ပင်အုပ်စုဆီမှ ၀ါလွင်လွင် သဏ္ဌာန်တစ်ခု ရွေ့လျားနေသလိုမြင်မိသည်။ လူငယ်ပီပီ ကြည်လင်စူးရှသော မစပယ်မျက် လုံးက ရွေ့လျားနေသော ထိုသဏ္ဌာန်ကို အားစိုက်ကြည့်ရင်း တဖြည်းဖြည်း ရုပ်သွင်သဏ္ဌာန်ပီ သလာသည်။ မနေ့ညနေက သူတို့တစ်တွေ တွေ့ခဲ့ရသော ခရေပင်ရင်းမှ ဘုန်းတော်ကြီး ဖြစ်နေဟန် တူပေ သည်။ သပိတ်ကို ပွေ့ပိုက်ကာ တည်ငြိမ်သော အိနြေ္ဒဟန်မူရာနှင့် သူတို့ မြစ်သီတာရွာဆီသို့ ရှေ့ရှုကြွ လာနေသေည်ကို သဲကွဲစွမြင်လာလေသည်။ မစပယ်က အိမ်တွင်းဘက်ဆီသို့ လျင်မြန်စွာ ၀င်လာခဲ့၏။

"အဖေ- မနေ့က သမီးတို့ပြောတဲ့ ဘုန်းကြီးထင်တယ်၊ သစ်ပင်အုပ်စုဘက်က သပိတ်ပိုက်ပြီး ကြွာလာ နေပြီ"
လက်ဖက်ရည်ကြမ်းဝိုင်း ရှေ့မှာချပြီး အေးအေးဆေးဆေး ငါးခြောက်ကြော်ကို ၀ါးနေသော ဦးချစ်မောင် က သမီး စကားကြောင့် ထိုင်ရာမှ ထလိုက်၏။
"ဟေ ဟုတ်လား၊ မှန်းစမ်း အဖေ ကြည့်စမ်းမယ်"
ဦးချစ်မောင်က ပြောပြောဆိုဆို ၀ရန်တာ ထွက်ပြီး ကြည့်လိုက်၏။

"အေးဟ- ဟုတ်တယ်၊ မအုန်းရေ မအုန်း"
ဇနီးသည်အား လှမ်းခေါ်သဖြင့် ဒေါ်အုန်းရော မစပယ်ပါ ၀ရန်တာရောက်လာကြ သည်။
"တွေ့လား ဟိုမှာဘုန်းကြီး ဒို့ရွာဘက် တဖြေးဖြေးနီလာပြီး၊ အဲဒီကစောင့်ကြည့် နေကြ၊ ဒို့ရွာရောက် အောင်မလာတော့ဘဲ ပြန်လှည့်သွားရင်လဲ သိရအောင်၊ ငါရွာထဲသွား အကြောင်းကြား လိုက်ဦးမယ်"
ဦးချစ်မောင် က ဇနီးနှင့်သမီးကို ကင်းစောင့်ထားခဲ့ပြီး အိမ်ပေါ်မှ လျက်မြန်စွာ ဆင်းသွားလေသည်။ ရွာသူကြီး ခုနှစ်ယောက် စုဝေးမိသောအခါ ဆွမ်းခံကြွလာသော ဘုန်းကြီးက ရွာတံခါးဝနား ရောက်နေပြီ ဖြစ်၏။ အားလုံးသော ရွာလူကြီးများ၏။ အဆုံးအဖြတ်ကို ဦးချစ်မာင်သဘော တူသည့်အလျောက် ဘုန်းတော်ကြီး သူ့အိမ်ပေါ်မှာ ခေတ္တသီတင်းသုံးစေရန် နေရာထိုင်ခင်းကို ဇနီးနှင့်သမီးအား မှာကြား ထားခဲ့ပြီး လူကြီးတွေအားလုံး ရွာပြင်ထွက်ခါ ဘုန်းတော်ကြီးကို ကြိုဆိုပင့်ဆောင် လာခဲ့ကြသည်။

ဦးချစ်မောင် အိမ်ပေါ်ရောက်သောအခါ လူကြီးတွေက ပင့်ဖိတ်ညွှန်ပြသော နေရာဝယ် ဘုန်းတော်ကြီး သည် မည်သူကိုမှမကြည့်ဘဲ စက္ခုအိနြေ္ဒသော နေရာဝယ် ဘုန်းတော်ကြီးသည် မည်သူကိုမှ မကြည့်ဘဲ စက္ခု အိနြေ္ဒသော နေရာဝယ်ဘုန်းတော်ကြီးသည် မည်သူကိုမှမကြည့်ဘဲ စက္ခုအိနြေ္ဒချနေလေသည်။ ဦးချစ်မောင်က ဘုန်းတော်ကြီးလက်ထဲမှ သပိတ်ကိုရိုသေစွယူပါ ဒေါအုန်းကို ပေးလိုက်၏။ ဒေါ်အုန်းက ဆွမ်းဟင်းပန်းကန်များတင်သော ခုံမြင့်ပေါ်မှာ အသာအယာ ချထားလိုက်သည်။

မစပယ်သည် လူကြီးတွေထိုင်နေကြသော နောက်အစွန်မှထိုင်ခါ ဘုန်းတော်ကြီးကို ရိုသေစွာ ကြည့်လိုက်၏။ မနေ့ညက နေ၀င်ချိန်အလင်းရောင် အားနည်းနေခိုက်မှာ အုပ်ထိုင်းမှိုင်းမှောင်သော ခရေပင်အရိပ်ကြောင့် ဘုန်းတော်ကြီး၏ သဏ္ဌာန်ကို သဲကွဲစွာ မမြင်ခဲ့၊ သတိထားပြီး အသေအချာ ကြည့်ရှု့ခြင်း မရှိခဲ့၍ ဘုန်းတော်ကြီး၏ ရုပ်ရည်ကို ရင့်သလားနုသလား မသိခဲ့ချေ။ ယခုအိမ်ဦးခန်းမှာ တည်ငြိမ်စွာ ထိုင်နေသည်တွင် အသေအချာကြည့်လိုက်၏။ မစပယ်စိတ်ထဲမှာ အလွန်ပင် အံ့သြသွား လေသည်။

ဘုန်းတော်ြိကီးကား ငယ်ရွယ်နုပျို၍ ဖြူစင်သောအသား၊ ယောကျာ်းပီသ ကျက်သရေ ရှိလှသော မျက်နှာဖြင့် အလွန်တင့်တယ် သပ္ပာယ်သော ရုပ်ဆင်းအင်္ဂါကို တွေ့ရလေသည်။ ဘုန်းတော် ကြီးကို ငါတို့စိတ်ထဲမှာ ဒါလောက် ငယ်ရွယ်နုပျိုမယ် မထင်ဘူး၊ ဒီအသက် ဒီအရွယ်နဲ့ ဘာကြောင့် အခုလို ၀တ်ကြောင် ငြီးငွေ့ပြီး သစ်တစ်ပင်ရင်း ၀ါးတစ်ပင်အောက်မှာ တစ်ယောက်ထဲ လာနေပါလိမ့် ဟုမစပယ် တွေးခါ သနားသလိုလို ကြည်ညိုသလိုလို ဖြစ်မိသည်။

"ကိုယ်တော်က ဘယ်ကကြွလာပြီး ဘာရည်ရွယ်ချက်နဲ့ ဒီသစ်ပင် အုပ်စုအောက်မှာ ဘာသီတင်း သုံးနေပါသလဲ ဘုရား"
"ဆိတ်ငြိမ်ရာ ဒေသလဲဖြစ်၊ ဆွမ်းခံရွာနဲ့လဲ အဆင်ပြေတဲ့ နေရာ ဖြစ်လို့ သီးတင်းသုံးတာပါ"
ဦးချစ်မောင် မေးလျှောက်သည်ကို ဘုန်းတော်ကြီးက ကြည်လင်သောအသံဖြင့် ဖြေတော်မူသည်။ ဘုန်းတော်ကြီး၏ အဖြေကို ဦးချစ်မောင်နှင့်တကွ ရွာလူကြီးများက မကျေနပ်ကြချေ။
"တပည့်တော်တို့ သိလိုတာက ဒီနေရာ မရောက်ခင် ကိုယ်တော် ဘယ်မှာနေခဲ့ပါသလဲ၊ ဘယ်နေရာက ကြွလာပါသလဲဆိုတာ သိလိုပါတယ် ဘုရား"
ဘုန်းတော်ကြီးသည် မျက်လွှာချထားရာမှ လုံးဝမတုန်လှုပ်ဘဲ ပြန်ဖြေပါသည်။

"ဒကာကြီးတို့ကို ဘယ်လိုမှ ဒုက္ခမပေးပါဘူး၊ အေးအေးဆွမ်းခံပြီး အေးအေးတရားအားထုတ်ပါရစေ၊ သွားခွင့်ပြုကြပါ"
ဘုန်းတော်ကြီးသည် သိမ်မွေ့ညင်သာသော အသံဖြင့် မိန့်ကြားပြီး ထိုင်နေရာမှ ထလိုက်သည်။ မစပယ် သည်သပိတ်ထဲသို့ ဆွမ်းဟင်းများကို ကပျာကသီ ခပ်ထည့်ပြီး သပိတ်ကို မိခင်အား ကမ်းပေး လိုက်၏။ ဒေါ်အုန်းမှတစ်ဆင့် ဦးချစ်မောင်က သပိတ်ကို ဘုန်းတော်ကြီးအား ကပ်လိုက်သည်။ ဘုန်းတော်ကြီးသည် သပိတ်ကိုယူခါ အိမ်ပေါ်မှ တည်ငြိမ်သောအိနြေ္ဒဖြင့် ထွက်ကြွသွားတော်မူသည်။ ရွာလူကြီးများက ဆင်းလိုက်ပြီး ကြည့်ကြ၏။ ဘုန်းတော်ကြီးသည် ရွာထဲသို့ မ၀င်တော့ချေ။ ရွာပြင်ကမြစ်ကမ်းပါင်း သစ်ပင်အုပ် ရှိရာသို့ စိုက်စိုက်မတ်မတ်ပင် ပြန်ကြွသွားတော်မူသည်ကို တွေ့ရ သည်။
"လောင်းလိုက် တဲ့ ဆွမ်းက တော်တော်များသလား"

ဦးချစ်မောင်က သမီးကို လှမ်းမေး၏။
"တစ်ပါးစာလောက်ရုံတော့ ရှိပါတယ် အဖေ"
မစပယ်က ဖြေသည်။
"အေး....တစ်ထပ်စာ ဆွမ်းဖူလုံလို့ ထင်ပါရဲ့၊ ရွာထဲမ၀င်တော့ဘဲ လှည့်ပြန်သွားတာ"
သားအဖနှစ်ယောက် အမေးအဖြေ လုပ်ပြီးသောအခါ ရွာလူကြီးများက သူတို့အယူအဆ ထင်မြင် ချက်ကို တစ်ယောက်တစ်ခွန်း ပြောကြသည်။
"အသက်မကြီးသေးဘူး၊ ဒီကိုယ်တော် အလွန်းဆုံးရှိလှရင် နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက်နှစ်လောက် ပဲရှိမှာ"

"ရုပ်အဆင်းကဖြင့် တော်တော် သပ္ပာယ်တာလဲ"
"တခုခုအကြံရှိလို့ ဟန်ဆောင်နေတာလား၊ တကယ်သူတော်ကောင်းပဲ ဖြစ်လေမလား"
"သူ ဘယ်ကလာတယ်ဆိုတာ မေးမရဘူး၊ လျှို့ဝှက်ချက် တစ်ခုခုတော့ ရှိပါလိမ့်မယ်"
"တကယ် သူတော်ကောင်းဆိုရင်တော့ ကိစ္စမရှိပါဘူး၊ ဟန်ဆောင်ကြောင်သူတော်ဆိုရင် ဒီရွာထဲ ဆွမ်းခံသလိုလိုနဲ့ အိမ်အခြေအနေ ထွက်လမ်းဝင်လမ်း ကြည့်ထားပြီး တစ်ခုခုကြံစည်မှာ စိုးတယ်"
"ဘာပဲဖြစ်ဖြစ် သတိထားစောင့်ကြည့်ပေါ့"

ဦ်းချစ်မောင် ဒေါ်အုန်း တကွသော လူကြီးတစ်သိုက်က ထင်မြင်ချက်တွေ ဖော်ထုတ်နေစဉ်မှာ မစပယ် ကငြိမ်သက်စွာ နားထောင်နေရင်း သပ္ပာယ်တင့်တယ်သော အဆင်းနှင့် တည်တည်ငြိမ်ငြိမ် အိနြေ္ဒရှိလှ သောရဟန်းတော်၏ ရုပ်သွင်ကို ထင်မြင်ရင်း သနားသလိုလို၊ ကြည်ညိုသလိုလို ဖြစ်နေမိသည်။

ဆက်ရန်
.

3 comments:

Anonymous said...

မြန်မြန်ဆက်ပါ...အမ

စိတ်ဝင်စားတယ်..


မြတ်နိုး

Anonymous said...

စိတ်ဝင်စားတယ်...ဟုတ်တယ်...

sdl

Anonymous said...

Interesting.

Thanks.

Ray