Thursday, August 19, 2010

ကြယ်နီ အပိုင်း (၃၈)

ခွပ်လိုက်ကြစို့ သူငယ်ချင်းရယ်
စာရေးသူ - ကြယ်နီ

(၁)

"ဟေး...ဟစ်တလား ကွ.... အဲဒါမှ"
ကိုသန်းမောင် သည် လက်တစ်ဖက်ကို မြှောက်၍ မြေကြီးပေါ်မှ မြောက်ခနဲ နေအောင် ခုင်လိုက်ရင်း ကျယ်လောင်သော အသံဖြင့် ဟစ်ကြွေးလိုက်၏ သူသည် ဂျာမန်အာဏာရှင်ဟောင်း ဟစ်တလားကို ရည်ညွှန်း ၍ ကောင်းချီးသြဘာ ပေးနေခြင်းတော့မဟုတ်ပါ။ ဟစ်တလားဟု သူ ဘွဲ့ပေးထားသော သူ့ကြက်ကြီးကို သာ ကောင်းချီးသြဘာ ပေးလိုက်ခြင်း ဖြစ်ပါသည်။ ကြည့်ပါ ဟစ်တလား အမည်ရှိ သူ့တိုက်ကြက် ၏ ခြေစွမ်းခြေစကို သိလို၍  အိမ်နီးချင်းတစ်ဦး၏ ကြက်တစ်ကောင်နှင့် ခွပ်လက် ချကြည့်ရာ(၀ါ)အစမ်းတိုက်ပွဲ ကျင်းပကြည့်ရာ၊ များမကြာမီ အတွင်းမှာပင် ဟစ်တလာသည် သူ့ရန်သူတော် ကြက်အား ချက်ကောင်းကို ဆွဲခွပ်လိုက်သဖြင့် ထိုကြက်ခမျာ "ကွတ်" ခနဲ အသံထွက်သွားကာ မြေကြီး ပေါ်၌ပတ်ချာလည်နေ ရှာပါပြီ။ ဒါကြောင့် သူ့ဟစ်တလားကို ကောင်းချီးသြဘာပေးလိုက်ခြင်း ဖြစ်ပါးသည်။

မချိမဆံ့ ခံလိုက်ရသော ကြက်ရှင်ကတော့ သူ့ကြက်ကို ဟစ်တလား နောက်တစ်ကြိမ် မခွပ်နိုင်မီ ကောက်ယူ လိုက်ပါပြီ။ ကိုသန်းမောင်ကတော့ ဟစ်တလား ကို ကောက်ယူခြင်း မပြုဘဲ  ဘာကိုမှ ထီမထင် သော ဟန်ဖြင့် ကြံ့ခိုင်တောင့်တင်းစွာ ရပ်တည်နေသော ဟစ်တလားအ လက်ညှိုးကလေးထိုးကာ ထိုးကာဖြင့်- "ကြက်ဖတိန်ညင်...တောကိုဝင်...မောင်
ရင်လာမှ လေးနဲ့ပစ်၊မပစ်ပါနဲ့ မောင်ရင်ရယ်၊ ကြက်တက်စူးလို့  သေပါ့မယ်ကွယ်...သေပါမယ်။ ဘယ်ဘက်က စူး..စူး...ညာဘက်က စူး...စူး...ခွပ်လိုက်ကြစို့ သူငယ်ချင်းရေ... "

ဤနေရာသို့ အရောက်တွင် အသံကို ခေတ္တဖြတ်ထားလိုက်၍ ကြက်ဖများ တွန်ခါနီး တောင်ပံကို တဖျတ်ဖျတ် ရိုက်သည့် ဟန်မျိုးဖြင့် လက်နှစ်ဖက်ကို တဲတောင်ဆစ်မှ နေ၍ ကွေးကာ သူ့ကိုယ်လုံးကို တဖျတ်ဖျတ် ရိုက်လိုက်ပြီးနောက်၊ ခြေဖျားထောက်၍လည်တံကို ရှေ့သို့ ဆန့်ထုတ်လိုက်ကာ’အောက်…အီး…အီး…အူး’ ဟုဆွဲဆွဲ ငင်ငင်နှင့် တွန်လိုက်သဖြင့် ဘေးမှ ကြက်ပွဲကြည့်နေကြသော ပရိသတ်မှာ သူ့အမူအရာကို သဘောကျ လှ၍ ၀ါးခနဲ ပွဲကျသွား၏။

ဤတွင် မှ သူသည် ဟစ်တလား ကို ကောက်ယူလိုက၍ လက်ပူထိုးပေး၏။ အာငွေ့ ပေး၏။ ခေါင်းကိုကိုင်၍ မူတ်ပေး၏။ ကြက်တောင် တစ်တောင်ဖြင့် ကြက်လည်ချောင်ထဲမှ ချွဲများအား ကျပ်ထုတ်ပေး၏။   ခေါင်နှင့် လည်ပင်း တွင် ပေကျံနေသော သွေးစသွေးနများအား ရေနှင့် ဆေးကြော ဆုပ်နယ်ပေး၏။ ထိုနည်းတူ ရင်အုပ်နှင့် ပေါင်တံကိုလည်း ရေဖြင့် ဆေးကြော ဆုပ်နယ်ပေး၏။ သူနားလည်သမျှ ကြက်ကု နည်းမျိုးစုံဖြင့် ကုသပြီးမှ ကြက်ကို လွှတ်လိုက်ရာ နာကျင်ခြင်မရှိသည့်အလား ရွှင်ရွှင်လန်းလန်းနှင့်ပင် ဆောင့်ကြွားကြါား လျှောက်နေ၏။ ထိုမျှမက  ’တော့…တော့…တော့’ ဟူ၍ပင် ဖိုသံပေးကာမြာကို ခေါ်နေပေသေး၏။ အာဂ ဟစ်တလား…။

ကိုသန်းမောင်ကား သူ့ကြက်ကိုသာ စူးစိုက်ကြည့်နေ၏။ ခြေလှမ်းကိုဘယ်ညာ မှန်မှန်နင်း၍ ကြွားကြွား ရွားရွားနှင့် လျှောက်နေပုံ၊ တစ်ချီတစ်ချီတွင်’’ ဗိုလ်ရှိရင် ထွက်’’ဟူသော သဘောဖြင့် ဦးခေါင်းကို မှီးသို့ မျှော်ကာ ခံ့ခံ့ညားညား တွန်လိုက်ပုံ၊ တစ်ခါတစ်ခါတော့လည်း ရန်သူကို ရှာဖွေသော သဘောဖြင့် ဘေးပတ် ၀န်းကျင်သို့ ခပ်စောင်စောင် လှည့်လည်ကြည့်ရူပုံ၊ သူ့အနီးအနားတွင် ရန်ဖက်မရှိဟု စိတ်ချရမှ ’တော့…တော့…တော့’ ဟု ဖိုသံပေးကာ မြာခေါ်နေပုံ စသည်တို့ကို စေ့စေ့စပ်စပ်ပင် လိုက်လံကြည့်ရူနေ၏။

’ဟေ့ သန်းမောင်ရေ… မင်းကြက်ဟာ ခြေစွမ်းခြေစ မခေဘူးကွ၊ ကြက်ကတော့ အခွပ်ခပ်ကြမ်းကြမ်းပဲ၊ တစ်ဖက်သား ကြက်ကို ခွပ်လိုက်တာများ တုတ်နဲ့ကိုင်ရိုက်သလား အောက်မေ့ရတယ်၊ တော်တော် ခြေပြင်း တဲ့ ကြက်ပဲ’ ကြက်ပွဲကြည့် ပရိတ်သတ်ထဲမှ ကိုသန်းမောင်နှင့် ရင်းနီးသော ကိုရွှေနိုင်က ကြက် ကို စူးစိုက်နေသော ကိုသန်းမောင်အား ပြောကြားလိုက်၏။ ဤတွင် ကိုသန်းမောင်လည်း သူ့ကြက်မှ မျက်စိကို လွှဲခဲ့ ၍ ကိုရွှေနိုင်အား ပြုံးပြုံးကြီး လှမ်းကြည့်လိုက်ကာ…’ဟာ…ကြက်ခွပ်ကြမ်းပြီး ခြေပြင်းဆို ကြက်ရဲ့ လက္ခဏာ ကိုလည်း အကဲခတ် ကြည့်ဦးမှပေါ့ဗျ၊ တောင်စတိုတို နဲ့ ချေးခံရိုးကြဲပြီး ခါးဆံမွေး ကတော့ အမွေးပြား ကြီးကြီးနဲ့၊ မွေးဆံတိုရင် ဒီကြက်ဟာ မုချ၊ ကြက်အခွပ်ကြမ်းပြီး ခြေပြင်းရမယ်ဗျ၊ ကျုပ်ကြက်က ဒီလက္ခဏာတွေနဲ့ အကုန်လုံး ညီညွတ်တယ်’

’အေး…အဲဒါကတော့ ဟုတ်ပါပြီ၊ ဒီ့ပြင် စာဆိုတွေနဲ့ကော ညီရဲ့လားဆိုတာ ပြောစမ်းပါဦး’ ကိုရွှေနိုင်က ထပ်အမေးတွင် သူသည် ရုတ်တရက် ပြန်လှန်ဖြေကြားခြင်း မပြုသေးဘဲ ဤသို့အမေးခံရသည့် အတွက် ဂုဏ်ယူသလို ရင်ကိုကော့၍ ခေါင်းကိုမော့လိုက်ကာ-’အို…ကျုပ်ပြောတာထက် ခင်ဗျားကိုယ်တိုင် ကြက်ကိုဖမ်းပြီး ကြည့်ရင် သိနိုင်ပါတယ်’
’ငါက မင်းလောက် စေ့စေ့စပ်စပ် နားလည်တဲလူ မဟုတ်လို့ မင်းပဲပြောပြစမ်းပါကွာ’

ကိုရွှေနိုင် ပင်မက ဘေးမှ ပရိသတ်ကပါ ပြောပြရန် ၀ိုင်းဝန်းတောင်းပန်နေကြသဖြင့် ကိုသန်းမောင်သည် ပိုမို၍ ဂုဏ်ယူသော မျက်နှာထားဖြင့်’အဟမ်း’ ဟု ချွဲရှင်းလိုက်ကာ- ’မေးတော့လည်း ပြောရတာ့ပေါ့ဗျာ၊ ဒီလိုဗျ တိုက်ကြက်များရဲ့ ရုပ်လက္ခဏာနဲ့ ပတ်သက်ပြီး စာဆိုကတော့ အမျိုးမျိုးရှိသပေါ့ဗျာ၊ ဒီထဲက အရေးကြီးဆုံးကတော့ ’’ဘုတ်မွှေးရင်သက်၊ တက်နက်မောက်ချွန်း၊ အမြီးထင်စည်း၊ မောက်လုံးကြီးနဲ့၊ ခြေကြေးသုံးဆယ်၊ ၀ိုင်ကြီးများပယ်’’ တဲ့။ အဓပ္ပယ်ကတော့ ကြက်ကောင်းမှန်ရင် ဘုတ်ငှက်ကဲ့ အမွေးမျိုး ရင်မှာ သက်ရမယ်တဲ့၊ နောက်ပြီး အမောက်လုံးကလည်း ကြီးရမယ်တဲ့၊ ခြေတောက်က အကြောပတ် ဟာလည်း သုံးဆယ်ပြည့်အောင် ရှိရမတဲ့၊ တည့်တည့် အကြေးပတ်အထိ ရေတွက်ကြည့်လို့ စေ့မှ သုံးဆယ်လို့ခေါ်တယ်၊ ဒူးထိအောင် မရေတွက်ရဘူး။

အဲဒီလက္ခဏာ နဲ့ ညီတဲ့ ကြက်ဟာ ကောင်းလွန်းအားကြီးလို့ ၀ိုင်းကြီးများကတောင် လက်မခံဘဲ ပယ်ချ ရသတဲ့’ သူ့စကားကိုတစ်ထောက်အနားတွင် ပရိသတ်ထဲမှ လူတစ်ယောက်က ၀င်၍ ’နို့ ခင်ဗျာကြက်ကောအဲဒီစာဆိုနဲ့ ညီရဲ့လား ’ဟု မေးလိုက်၏။ ’ငါကြက်လား…. ဘုတ်မွေးရင်မှာ မသက်တာ တစ်ခုက လွဲပြီး ကျန်တဲ့လက္ခဏာတွေနဲ့ အကုန်ညီတယ်၊ ဒီလို ဘုတ်မွေးရင်မှာ မသက်တာလည်း အပြစ် တစ်ခု မဟုတ်ပါဘူး၊ ငါ့ကြက် က ဖောင်းဆိုတော့ ကျောကုန်းက ဖောင်းရောင်ဟာ ရင်မှာ လာသက်တယ်။ ဒါဆိုရင် ကြက်ကောင်းရဲ့ လက္ခဏာပြည့်စုံတာပဲ။

ဒါတွင်မကသေးဘူး၊ အဖီမွေးမှာရော၊ ချေးခံမွေးမှာရော၊ ဒူးကွပ်မွေးမှာရော အကုန်လုံး ဖောင်းရောင် လိုက်တက်တယ်။ ဒါနဲ့တင် မနေသေးဘဲ ငါ့ကြက်မျက်လုံးရဲ့ အရောင်ကလည်း အဲဒီဖောင်းရဲ့ အမွေးအရာင် မျိုးပဲ၊ ပြီးတော့ နှုတ်သီးရဲ့ အရောင်အဆင်းနဲ့ ခြေထောက်ရဲ့ အရောင်အဆင်းကလည်း တူတယ်၊ ခြေသန်း တိုပြီး ဖနောင့်ကလည်း ပါးတယ်။ ကဲ…ဒါထက် ကြက်ကောင်းလက္ခဏာညီတဲ့ ကြက်ကို မင်းတို့ ဘယ်မှာတွေ့ဘူးလဲ’ သူကစကားကို တစ်ထောက် နားလိုက်ပြန်၏။ ပရိသတ်အားလုံးကား သူ့စကားကို ထောက်ခံ နေသည့်အလား အားလုံးပင် နှုတ်ဆိတ်နေကြ၏။ အတန်ကြမှ ကိုရွှနိုင်က ၀င်၍- ’နို့ကွာ ’ ’မြီးမှာ တံစဉ်ကောက်၊ အသံမှာ ပုဆိန်ပေါက်’’ ဆိုတဲ့စာဆိုကကော ဘယ်သွားထားမလဲ၊ မင်းကပြောတော့ အမြီး ဟာ ထင်းစည်းလို စည်းစည်းလုံးလုံး ရှိရမယ်ဆို၊ အဲဒီစာဆိုကတော့ အမြီးဟာ တံစဉ်လို ကောက်ကွေး နေရမယ် ဆိုပါကလား’

ဆက်ရန်
.

2 comments:

မေဓာဝီ said...

ငယ်ငယ်တုန်းက ကြက်ဖခွပ်တမ်း ကစားတာကိုတောင် သတိရမိတယ်။ တကယ်ကြက်တိုက်တာတော့ အပြင်မှာ တခါမှ မကြည့်ဖူးဘူး။ ကြည့်လဲ ကြည့်ရဲမှာမဟုတ်ပါဘူး။
အခု ကွန်မန့်ရေးနေရင်းမှ စဉ်းစားမိတာ၊ ငယ်ငယ်က ကြက်ဖခွပ်တမ်း ကစားကြရင် ဗမာကြက်ဆို ငုတ်တုတ်ထိုင်ခွပ်တယ်၊ အင်္ဂလိပ်ကြက်ဖ ဘိုကြက်ဖကျတော့ ဘာလို့မတ်တပ်ခွပ်တာပါလိမ့်နော်။
အင်္ဂလိပ်ကြက်က မထိုင်တတ်လို့များလား ... :P

:P said...

ဟုတ်တယ်။
မမေဓာဝီပြောတာ စဉ်းစားစရာပဲ....။