Saturday, August 7, 2010

ဂျာနယ်ကျော် မမလေး ပုံရိပ် ဆောင်းပါးများ (၁ဝ)

စာစုစာရင်းပြုစုစဉ်တွေ့ဆုံခဲ့သော ဆရာမကြီး
စာရေးသူ - ဖြူဖြူသင်း

    ၁၉၈၀-၈၁ ပညာသင်နှစ်စ ဒီဇင်ဘာလတွင် တက္ကသိုလ်ကောလိပ်များ စတင်၍ ဖွင့်လှစ်ပြီး ဖြစ်ပါသည်။ ကျွန်မတို့ စာကြည့်တိုက်ပညာဒီပလိုမာ သင်တန်း ဒူတိယနှစ်သည်လည်း အများနည်းတူ ဖွင့်လှစ်ခဲ့ပေသည်။ ဒုတိယနှစ် သင်တန်း စလျှင် စချင်းပင် ကျွန်မတို့ စာကြည့်တိုက်ပညာ ဒီပလိုမာ ကျောင်းသူ ကျောင်းသား များ စာတန်းပြုစုရန် ခေါင်းစဉ်များကို ဌာနမှူးနှင့် ဆရာကြီးများက ချမှတ်ပေးခဲ့ပါသည်။ ကျွန်မအား စာရေးဆရာ မကြီး ဂျာနယ်ကျော်မမလေး၏ စာစုစာရင်းပြုစုရန် ဆရာဦးသိန်းဟန် (ဇော်ဂျီ) နှင့် စာကြည့်တိုက် ပညာဌာနမှူး ဆရာဦးသော်ကောင်းတို့က ပြောပါသည်။ ထိုအခါ ကျွန်မမှာ ကျွန်မ ကြည်ညို လေးစား ရသော စာရေးဆရာမကြီး တစ်ဦး၏ စာစုစာရင်းဖြစ်သဖြင့် ၀မ်းမြောက်ပီတိ ဖြစ်ခဲ့ရသည် နှင့် အမျှ တစ်ဖက် မှာလည်း ဆရာမကြီးသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဆရာမကြီး၏  အကြောင်းနှင့် ပတ်သက် ၍ ရေးခွင့်ပြုချက်ရပါ့မလား ဟုစိုးရိမ်စိတ်သည်လည်း ကျွန်မ၏ရင်တွင်း၌  အပြည့်ဖြစ်ခဲ့ရပါသည်။

    ကျွန်မသည် ဆရာမကြီး၏  စာဖတ်ပရိသတ်တစ်ဦး ဖြစ်သည့် အလျှက် ဆရာမကြီး ရေးသားခဲ့ပြီးသော ဆောင်းပါးများ၊ ၀တ္ထုတို၊ ၀တ္ထုရှည်တို့ကို အတော်အတန် ဖတ်ပြီးမှတ်ပြီးမှ ဆရာမကြီး ဆေးခန်းဖွင့်သော  အနော်ရထာ လမ်းရှိ  သီဟရတနာပုံနှိပ်တိုက်သို့ သွားရောက်ခဲ့ပါသည်။ ရောက်ရာက်ချင်းပင် ကျွန်မ၌ ပါလာ ခဲ့သော ဆရာဦးသိန်းဟန် (ဇော်ဂျီ) နှင့် ဌာနမှူးဆရာဦးသော်ကောင်းတို့ ထံမှ ရေးပေးလိုက်သော စာ ကို ဆရာမကြီးအား ဦးစွာပြပါသညါ။

ဆရာမသည် လည်ပင်းတွင် ရွှေအိုးဖြင့် ချိတ်ဆွဲထားသော ရွှေကိုင်းမျက်မှန်ကို တပ်လိုက်ပြီး စာကိုဖွင့် ဖတ်လိုက်သည်။ ကျွန်မစိတ်ထဲတွင် တော့ ဂျာနယ် ကျော်မမလေးဆိုတာ ခန့်ညားသော ရုပ်သွင်ကို ဆောင် တဲ့ မိန်းမချောကြီးပါလားဟု ထင်မြင်မိပါသည်။ ဆရာမကြီးစာဖတ်ပြီးသည်နှင့် ကျွန်မကပင် စတင်၍ စာကြည့်တိုက် ပညာဌာန အကြောင်း၊  ဘွဲ့လွန်စာကြည့်တိုက် ပညာဒီပလိုမာမှ ကျောင်းသူတစ်ဦး ဖြစ်ကြောင်း စာကြည့်တိုက် ပညာဒီပလိုမာသည် ၂ နှစ်သင်တန်းဖြစ်ကြောင်း၊ သင်တန်းသူ သင်တန်းသား များ သည် စာပေ၌ ကျော်ကြားသော အဓိကရ ပုဂ္ဂိုလ်ဖြစ်ပြီး မြန်မာစာပေနယ်တွင် စာပေအရေးအသားနှင့် အတွေးအခေါ် များတွင် မှတ်ကျောက်တင်ခံရသည့် စာရေးဆရာကြီးများကိုသာ ရွေးပြီး စာစု စာရင်းပြုစု ရကြောင်း အသေးစိတ် ပြောပြပါသည်။

    ဆရာမကြီးသည် တည်ငြိမ်စွာ နားထောင်နေပြီး ကျွန်ကိုလည်း အကဲခတ်နေဟန် တူပါသည်။ ဆရာဇော်ဂျီနှင့် ဆရာဦးသော် ကောင်းတို့၏ စာနှင့်ကျွန်မ၏ ရှင်းပြချက်တို့ကြောင့်လား မပြောတတ်ပါ။  ဆရာမကြီးသည်  အလွယ်တကူပင်  ကျေကျေနပ်နပ်ဖြင့် သူမ၏ စာစုစာရင်းပြုစုရန် သဘောတူခွင့်ပြု လိုက်ပါသည်။ ထိုအခါမှသာ ကျွန်မ သက်ပြင်းချနိုင်ခဲ့ပါသည်။ ကျွန်မ ရှာဖွေတွေ့ရှိထားသော ဆရာမကြီး၏ ၀တ္ထုများ၊ ဆောင်းပါးများကို ပြသခဲ့သည်။

တချို့ ဆောင်းပါးများကို ဆရာမကြီးကိုယ်တိုင်က မေ့နေပြီဖြစ်ကြောင်းပြောပါသည်။ ''ကလောင်ရှင်'' ဂျာနယ် တွင် စာရေးဆရာမပါးလ်ဘတ်စ် ၏ ဆောင်းပါးကို  ဆရာမကြီးက '' ကျွန်မတို့ သားသမီး မွေးစားပြီ ဆိုကြပါစို့ '' ခေါင်းစဉ်ဖြင့် ဘာသာပြန်ရေးသားထားသည်ဟု ကျွန်မက ပြော်ပြသော အခါ ဆရာမကြီး က '' အဲဒီ ဆောင်းပါးကို အန်တီသတိမရတော့ဘူး၊ ပြန်ကြည့်ချင်တယ်ငှားခဲ့ပေးပါ'' ဟု ဆိုသဖြင့် နောက်တစ်ကြိမ် ဆရာမကြီး နှင့် တွေ့သောအခါယူ၍ သွားပြရပါသေးသည်။ ၁၉၅၈ ခုနှစ် ဇန်န၀ါရီလထုတ် ရှုမ၀မဂ္ဂဇင်းတွင် ပါသော ''သာသောအခါသာပါလိမ့်'' ဆောင်းပါးကိုလည်း ဆရာမကြီးက ပြန်ဖတ်ချင်သဖြင့် ခေတ္တ ငှားပေးခဲ့ ရပါသည်။

    ဘောက်ထော် ပြည်သာယာလမ်းရှိ ဆရားမကြီး ၏ အိမ်သို့  လွန်ခဲ့သော ၁၉၈၁ ခုနှစ် ဇွန်လက စာစုစာရင်း အကြောင်းပြု၍ ပထမဆုံး ရောက်ရှိခဲ့ပါသည်။ ခြံတံခါး၏ ညာဘက်ခြံအတွင်း၌ ရွှေချထားသော စေတီတစ်ဆူ ကို တွေ့ပါသည်။ ခြံဝတံခါးကို အပျိုသမီး တစ်ဦး လာရောက်သော့ဖွင့်ပေးပါသည်။ အိမ်တံခါး ကိုတော့ ဆရာမကြီး၏  ခင်ပွန်းဦးလေး ဦးအောင်ဇေယျက ဖွင့်ပေးပါသည်။  ဧည့်ခန်းတွင်း ၀င်လိုက်မိလျှင် အနောက်တိုင်း ဆန်သော ဧည့်ခန်းသွင်ပြင်ကို တွေ့ရသည်။ မကြာမီ ဆရာမကြီး အပေါ်ထပ်မှ ဆင်းလာပါသည်။  လက်ထဲတွင် သံဗူးပြားဝိုင်းကလေး တစ်ခုနှင့် စာအုပ်၂အုပ် ပါလာပါသည်။ သံဗူးပြား ၀ိုင်းကလေးသည် အဖုံးနှင့်ဖြစ်ပါသည်။

ကျွန်မကလည်း ဘားများပါလိမ့်ဟု သိချင်စိတ်ဖြစ်ပေါ်နေသည်။ ဆရားမကြီးက ခုံတန်းရှည်လေးပေါ်တွင် ထိုင်ပါသည်။ သံဗူးဝိုင်းကလေးကို ဖွင့်လိုက်တော့မှ မျက်မှန်ထည့်သော ဗူးမှန်း သိရတော့ သည်။ စာအုပ် ၃အုပ် ကတော့ "သွေး" ၀တ္ထုတိုများကို ဂျပန်ဘာသာသို့ ပြန်ဆိုထားသော စာအုပ် ၂အုပ် တို့ဖြစ်ပါသည်။ ထိုစာအုပ် ကို ဆရာမကြီးက မိမိဆီမှာ တစ်အုပ်ထည်းသာရှိကြောင်း ပြောပါသည်။ ဆရာမကြီးနှင့် စာစု စာရင်း အကြောင်း မေးကြည့်မိရာ အဘ ဘိုးတော်ရာကျော်ပေးထားသော စေတီဟု ပြောပါသည်။

    ကျွန်မတို့ စကားဝိုင်းကလေးမှာ စကားဝိုင်းကလေးမှာ စာပေအကြောင်းမှ ဘာသာ တရား အကြောင်း ရောက်သွားပါသည်။ ဆရာမကြီးက "အန်တီတော့ နေ့စဉ်ညအိပ်ခါနီးတိုင်းမှာ ငါးပါးသီးလကို  ဘယ်လောက် မြဲအောင် ထိန်းနိုင်းခဲ့သလဲလို့ ပြန်လည်စဉ်းစားပြီးမှ အိပ်ပျော်လေ့ရှိတယ်" ဟု ပြောပါသည်။ အခြေခံ အကျဆုံး သော ငါးပါးသီလကို ဆရာမကြီးသည် အထူးအလေးထား ထိန်းသိမ်းဆောက်တည်နေသည်ကို သိရ သဖြင့် ကျွန်မ၏ စိတ်ထဲတွင် ဆရာမကြီးအား ကြည်ညိုလေးစားစိတ်ဖြစ်ခဲ့ရပါသည်။

ဆရာမကြီးကပင် "အန်တီဘ၀မှာ အမျိုးသမီးတစ်ယေက်အနေနဲ့ ရုန်းကန်ခဲ့ရတဲ့ အပိုင်းတွေဟာ ထူးခြား လွန်းတာ မို့ အန်တီ့ အတ္ထုပ္ပတ္တိကို ရေးလည်းရေးချင်တယ်။ ရေးစရာတွေကတော့ အများကြီးပဲ မအားတာ တစ်ကြောင်း၊ ဆေးခန်းထိုင်ရတာတစ်ကြောင်းကြောင်း တွေကြောင့် မရေးဖြစ်ခဲ့ဘူး" ဟု ပြောသဖြင့် ကျွန်မက "အန်တီကြီးအားမဲ့အချိန်လာပြီး အန်တီကြီးအကြောင်းကို အန်တီကြီးအားမဲ့အချိန် လာပြီး အန်တီကြီးအကြောင်းကို အန်တီကြီးကပြော ကျွန်မက လိုက်ရေးမယ်" ဟု ပြောသောအခါ ဆရာမကြီးက ပြုံးပြီးရယ်နေပါသည်။ ဆရာမကြီးက အိမ်ပေါ်ထပ်ကို တက်ပြီး ဘုရားဖူးရန်ပြောသဖြင့် အိမ်ပေါ်ထပ်ကို ဆရာမကြီး နှင့် အတူ လိုက်တက်ခဲ့ရပါသည်။

ဘုရားခန်းသည် အလွန်ကြည်ညိုစရာကောင်းကြောင်း သတိထားလိုက်မိပါသည်။ ဘုရားစင်ပေါ်ရှိ ဘုရားမှာ ဆုတောင်းပြည့် ဘုရားဖြစ်ကြောင်း ဆရာမကြီးက ပြောသဖြင့် ဆုတောင်းခဲ့ရပါသည်။ ဆွမ်းအုပ်နှင့် ဆွမ်းတော်တင် သည်ကို တွေ့ရသဖြင့်လည်း ဆရာမကြီး၏ သဒ္ဓါတရားကို ရင်တွင်း၌ ပီတိ ဖြစ်ခဲ့ရ ပါသေးသည်။ ဆရာမကြီးသည် ၁၉၅၃ ခုနှစ်မှ စ၍နှစ်စဉ်မပျက် ပဲခူးရွှေမော်ဓောဘုရားတွင် တပေါင်း လပြည့်နေ့ ၌ ဗမာဆေးဝါးများကို ကုသိုလ်ဖြစ်လှူဒါန်း ကြောင်းလည်းသိခဲ့ထားသော်လည်း မသွားဖြစ် ခဲ့ကြောင်း ကြားသိရသဖြင့် စိတ်မကောင်း ဖြစ်မိပါသည်။

    တစ်နေ့တွင် ကျွန်မသည် ဆရာမကြီး၏ အလုပ်တိုက်သို့ ရောက်သွားသောအခါ ဆရာမကြီးသည် သိမ်ကြီးဈေး တွင် တောင်တံကတိုးသွားဝယ်နေသဖြင့် ပြန်အလာကို ထိုင်စောင့်နေမိပါသည်။ ၎င်းအချိန် မှာပင် မိုးကလည်း သဲသဲမဲမဲ ရွာလာပါသည်။ မရှေးမနှောင်းပင်  ဆရာမကြီးသည် မိုးရေမစိုမိစေရန် ဂရုစိုက် ပြီး ကားပေါ်မှ ဆင်းလာသည်ကို လှမ်းတွေ့ရပါသည်။ အလုပ်ခန်းထဲသို့ ဆရာမကြီးရောက်သည်နှင့် ကျွန်မကိုတွေ့ရာ ဆရာမကြီးကစ၍ " အန်တီက 'လ' ဓာတ်သမားဖြစ်လို့ မိုးရေနှင့် ဓာတ်မတည့်ဘူး၊ မိုးမိရင် နေမကောင်း ဖြစ်တယ်။ ဒါကြောင့် မိုးမိအောင် ဂရုစိုက်နေရတယ်၊ 'လ' ဓာတ်စာ စားတာ အနှစ် ၃၀ ကျော်ပြီ'' ဟု ပြောပါသည်။ ထို့နောက် ကျွန်မရေးနေသော  စာစုစာရင်းအကြောင်းဆက်ဆွေး နွေးရာ ဆရာမကြီး က '' သွေး'' ၀တ္ထုနှင့်ပတ်သက် ၍ ပြောပြပါသည်။  ''သွေး'' ၀တ္ထုကို ၁၉၇၃ ခုနှစ်တွင် ပထမ အကြိမ် အုပ်ရေခုနှစ်ထောင်၊ ဒုတိအကြိမ် အုပ်ရေသုံးထောင် တစ်နှစ်အတွင်းသုံးလခြားပြီး ရိုက်နှိပ် ထုတ်ဝေ ခဲ့ရ ပါသည်။

    ၁၉၇၅ ခုနှစ်တွင် ဂျပန်ပြည်၊ အိုဆာကာယဉ်ကျေးမှု တက္ကသိုလ်၊ မြန်မာစာဌာနမှူး၊ ပါမောက္ခ မစ္စတာယာရာဒါ က ''သွေး'' ၀တ္ထုကို ဂျပန်ဘာသာသို့ ပြန်ဆိုပြီး ဂျပန်ပြည်ရှိ မိုနီးချီးသတင်း စာတိုက်မှ ထုတ်ဝေ ခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ပြုလုပ်သော နိုင်ငံတကာ ဘာသာပြန်စာပေပြိုင်ပွဲတွင် နိုင်ငံပေါင်းစုံ မှ ဘာသာပြန်စာအုပ်များ စာအုပ်ရေ နှစ်ထောင်ကျော် ရှိသည့်အနက် ''သွေး'' ၀တ္ထု ဘာသာပြန် စာအုပ် က ပထမဆုရခဲ့သည်။

    ၁၉၈၀ ခုနှစ် ဂျပန်နိုင်ငံ အစိုးရက မူရင်းစာရေးဆရာ ကို ဂုဏ်ပြုသည့် အနေဖြင့် စာပေ သံတမန်အဆင့် နှင့် ဂျပန်နိုင်ငံသို့ ဖိတ်ကြားသဖြင့် ဆရာမကြီးသည် ၁၉၈၀ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှစ၍ ၁၅ ရက် သွားရောက် ခဲ့သည်။  ဂျပန်ပြည်ရှိ ဂျပန်မြန်မာယဉ်ကျေးမှု အသင်းက ဂျပန်နှင့် မြန်မာလို ဆုချီးမြှင့်လွှာ နှစ်စောင် နှင့် အတူ ရေခဲသေတ္တာတစ်လုံးနှင့် ရုပ်မြင်သံကြားစက် တစ်လုံးကို အမှတ်တရ လက်ဆောင် ပေးလိုက်ကြောင်း၊ ၎င်း ''သွေး'' ၀တ္ထုမှာ အမြောက်သေနတ်သံ မဖောက်ဘဲ စစ်ပြီးခေတ် နှစ်သုံးဆယ်ကျော် မှ ဇာတ်အိမ်တည် ၍ အသဲနှလုံး ကို ထိခိုက်အောင်ဖော်ပြသော ဖက်ဆစ်ဆန့်ကျင် သည့် ဂျပန်လူမျိုး ကို သင်ခန်းစာ ပေးသော စာအုပ် ဖြစ်သည်ဟူ၍ တူညီစွာ ဝေဖန်ကြကြောင်း ဆရာမကြီးပြောပြ ချက်အရ သိခဲ့ရ ပါသည်။

    ဆရာမကြီး မကွယ်လွန်မီ လပိုင်းအတွင်း၌ ပင် ''သွေး'' ၀တ္ထုကို ဂျပန်ဘာသာသို့ ပြန်ဆိုခဲ့သော မစ္စတာဟာရဒါ ကွယ်လွန်ခဲ့ပါသည်။
    စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေး ရေးသားခဲ့သော စာနယ်ဇင်းများမှာ ကမ္ဘာ့ဒိုင်ဂျက်၊ ကလောင်ရှင် ဂျာနယ်၊ ဂန္တ၀င်ဂျာနယ်၊ ဂျာနယ်ကျော်၊ ငွေတာရီမဂ္ဂဇင်း၊ စာပေဂိမ န္တစာစောင်၊ စာမျိုးစုံ၊ စန္ဒာရုပ်စုံ မဂ္ဂဇင်း၊ ဒီမိုကရေစီ ဒေသန္တရဂျနယ်၊ န၀ဒေးစာစောင် နိုင်ငံခြားဘာသာ သိပံ္ပဆယ်နှစ်မြောက် မဂ္ဂဇင်း၊ ပေဖူးလွှာမဂ္ဂဇင်း၊ ဖြူနီညိုပြာမဂ္ဂဇင်း၊ မြ၀တီမဂ္ဂဇင်း၊ မြစ်ငယ်မဂ္ဂဇင်း၊ မြန်မာ့အလင်းသတင်းစာ ၁၉၃၆-၁၉၃၇ ၊ ရွှေမြို့တော်မဂ္ဂဇင်း၊ ရှုဒေါင့်ဂျနယ်၊ ရှုမ၀ရုပ်စုံမဂ္ဂဇင်း သွေးသောက်မဂ္ဂဇင်း တို့ဖြစ်ပါသည်။ ဆရာမကြီးသည် ၀တ္ထုတို ၂၆ပုဒ်၊ ၀တ္ထုရှည် ၁၃ပုဒ်၊ ခရီးသွားမှတ်တမ်းဆောင်းပါး ၅ပုဒ်၊ ဆေးပညာဆောင်းပါး ၅ပုဒ်၊ အတ္ထုပတ္တိဆောင်းပါး ၂ပုဒ်၊ အထွေထွေဆောင်းပါး ၄၃ပုဒ်တို့ကို ရေးသား ခဲ့သည်။ လုံးချင်ဝတ္ထုစာအုပ် ၁၅ အုပ်ထွက်ခဲ့သည်၊၊

ဂျပန်ခေတ်တွင် ပထမဆုံးဝတ္ထုရှည် အဖြစ် "အဖြူ" ကို ရေးသားခဲ့သော်လည်းစစ်ပြီးမှ ထုတ်ဝေရသည်။ ဆရာမကြီး ၏ စာပေသက်တမ်းတွင် ၀တ္ထုအရေးနည်းသည်ကို တွေ့ ရသည်။ သို့သော် ဆရာမကြီး၏ ၀တ္ထု များသည် ထွက်သလောက် လူကြိုက်များသည်။ အကြိမ်ကြိမ် ပုံနှိပ် ထုတ်ဝေရသည်။ သို့ဖြစ်ရခြင်းမှာ ဆရာမကြီး ၏ ၀တ္ထု များတွင် ဇာတ်ဆောင်စရိုက်ပေါ်လွင်မှုကြောင့် ဖြစ်ပေသည်။
    ဆရာမကြီး၏ ကလောင်အမည်များနှင့် ပတ်သတ်၍ "လှတခိုင်" ဟူ၍ မဂ္ဂဇင်းတစ်ခုတွင် တစ်ခါသာ သုံးခဲ့သည်၊၊့ မြန်မာအလင်းသတင်းစာတွင် " ဘိုကလေးမတင်လှိုင်" " ရဝေလှိုင်" အမည်တို့ဖြင့် ဆောင်းပါး များ ရေသားခဲ့သည်။ ဂျနယ်ကျော်မဂ္ဂဇင်း ထုတ်ဝေသောအခါ "ဂျာနယ်ကျော်မမလေး" အမည်ခံ ယူ၍ ၀တ္ထု ဆောင်းပါးများ ရေးသည်။

    ဆရာမကြီးသည် ၁၉၈၁ ခုနှစ်ဖေဖော်ဝါရီလ ရှုမ၀ရုပ်စုံမဂ္ဂဇင်းတွင် " မရွေ့မရှိရွေ့ရသည်ချည်းမို့" ဆောင်းပါးကို နောက်ဆုံးရေးသားခဲ့သည်။ ထိုဆောင်းပါးကို ဖတ်လိုက်ရစဉ်က ကျွန်မ၏ စိတ်ထဲ နှစ်နှစ်ခြိုက်ခြိုက်မှတ်သားထားမိသည့် စာပုဒ်ကလေးကို ဖော်ပြချင်ပါသည်။ ၎င်းမှာ-
    " ဘ၀ခရီးတစ်လျှောက် ကျွန်မအပေါ်၌ မည်သူကပင်အနိုင်ကျင့်ကျင့် မည်သူကပင် မဟုတ်၊မတရား မရိုးမသား မလိုမုန်းထား၊ ပြောဆိုပြုမှုနိုပ်စက်၍ တရားပျက်ကြခြင်းကို ကြုံရ စေဦးတော့ ... တွေ့ကြုံရသော  ဘေးရန်အပေါင်း၊ လောကဓံ တရားအပေါင်းတို့အား " လူ့ဘ၀သည် ခဏတာမျှ မခိုင်မြဲပါတကား ... ဟု ယင်းကဲ့သို့ အသည်းစွဲနေသော အစွဲအလမ်းကြောင့် ခံနိုင်ရည်ရှိသော စိတ်ဓာတ်ဖြစ်ပေါ်နိုင်သည်။"  ဟု၍ ဖြစ်ပါသည်။

ကျွန်မ မှတ်သားထားသည့် ဈာပန အခမ်းအနားတွင် ဝေကမ်းသည့် ယပ်တောင်၌  ရေးသားထားသည် ကို တွေ့ရသဖြင့် မျက်ရည်ကျမိပါသည်။

    ကျွန်မ အနေနှင့် ဖြေသိမ့်နိုင်စရာ အကြောင်းလေးတစ်ခုရှိပါသည်။ကျွန်မပြုစုရသည့် ဆရာမကြီး၏ စာစုစာရင်း ကို ရိုက်နှိပ် ချုပ်လုပ်ပြီး ဆရားမကြီးအိမ်သို့ သွားရောက်ပို့ပါသည်။ ထိုနေ့က ဆရာမကြီး နေမကောင်း ဖြစ်နေ၍ အပေါ်ထပ်တွင် အိပ်နေသောကြောင့် စကားပင် မပြောဖြစ်ခဲ့ပါ။ ဆရာမကြီး၏ ခင်ပွန်း ဦးလေး ဦးအောင်ဇေယျ ကိုသာ စာအုပ်ပေးပြီး စကားစမြည်ပြော၍  ပြန်လာခဲ့ပါသည်။ ၎င်းနောက် ဆရာမကြီး နှင့် မတွေ့ဖြစ်တော့ပါ။ တယ်လီဖုန်းဖြင့်သာ "အန်တီကြီးနေကောင်းသွားပြီးလား၊ ကျွန်မ တင်သွင်း ပြုစုသည့် အန်တီကြီး၏ စာစုစာရင်းစာအုပ်ဖတ်ပြီး သွားပြီလာ" ဟူ၍ မေးရပါသည်။ ဦးလေး ဦးအောင်ဇေယျ က ဆရာမကြီး ဖတ်ပြီးကြောင်း သဘောကျနှစ်ခြိုက် ၀မ်းသာကြောင်း ပြောပြပါသည်။

ဆရာမကြီး ကွယ်လွန်ကြောင်း သတင်းစာတွင် ဖတ်လိုက်ရချိန် တွင်မှာတော့ ကျွန်မအတော် တုန်လှုပ် ချောက်ချား သွားသည်။ ဖြစ်ရလေခြင်း၊ အချိန်စောလေခြင်း၊ နှမျောလေခြင်းဟူ၍ ရင်ထဲ မချိဖြစ်ရသည်။ လူတိုင်း သွားရမည့် ခရီးမို့သာ အတင်းစိတ်ဖြေရသည်။ နှစ်သိမ့်စရာဆို၍  မိမိပြုစုခဲ့သော အန်တီကြီး ဖတ်သွားရသည် ကိုသာ ကိုယ့်ကိုကိုယ် ဖြေသိမ့်လိုက်ပါသည်။
    ဆရာမကြီး၏ နောက်ဆုံးရေးသားခဲ့သော "မရွေ့မရှိ ရွေ့သည်ချည်းမို့ " ဆောင်းပါးသည် သေခြင်း တရား ကို မလွန်ဆန်နိုင်ကြောင်း သတိသံဝေဂရကြောင်း တို့ကို ရေးသား၍များ "အန်တီကြီး အသေစော လေသလား" ဟူ၍ ကျွန်မ၏ စိတ်ထဲတွင် ထင်ယောင်မိပါသည်။

    ကျွန်မသည် စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးနှင့် စာစုစာရင်းပြုစုခဲ့စဉ်အတွင်း ခဏတာ တွေ့ဆုံ ခင်မင် ခဲ့ရသော်လည်း ကျွန်မ ကြည်ညို လေးစာခဲ့ရသော အန်တီကြီး၏ စကားသံများ သွင်ပြင် ဟန်မူယာ များ၊ ကျွန်မနှင့် စကားလက်ဆုံတွေ့ခဲ့ရသော ဆရာမကြီးအား ကောင်းရာ သုဂတိရောက်ပါစေကြောင်း၊ ဆုမွန်ကောင်း တောင်းရင်း ဤဆောင်းပါး ဖြင့် ကန်တော့လိုက်ပါသတည်း။   

စာရေးသူ - ဖြူဖြူသင်း
စာကြည့်တိုက်ပညာ
.

3 comments:

mashwemi said...

ဆေးမကုပဲနဲ့ စာတွေပဲ အများကြီးရေးခဲ့ရင် ဘယ်လောက်ကောင်းမလဲ။ ဂျာနယ်ကျော်မမလေး ရေးချင်တယ်ဆိုတဲ့ အတ္ထုပ္ပတ္တိကိုရေးဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ။ဒါပေမယ့် သူ့ ယုံကြည်ချက်၊ ခံယူချက်နဲ့ သူပေါ့လေ။ ဒီဆောင်းပါးလေးကိုလည်း သဘောကျတယ်။ ရိုးရိုးလေးနဲ့ ပုံရိပ်ပေါ်အောင် ရေးထားတယ်။ ကျေးဇူးပါပဲ မမရွှေစင် :-)

ကိုဇော် said...

မြန်မာတွေမှာလေ ဒိုင်ယာရီ ဆိုတာ သေချာ မရှိတာက သမိုင်းတွေကိုပါ တိမ်းစောင်းသွားစေနိုင်တာပဲ။
အားလုံး အားလုံးပေါ့လေ။

ချစ်ကြည်အေး said...

မမရွှေစင် လ ဓာတ်စာစားတယ် ဆိုတာ ဘာလဲဟင် သိရင်ရေးပြစေချင်တယ် မမရေ...