ထိုမှ တစ်ဆင့်တက်၍ အင်းအင်စပက်တာမင်းက သူတို့အား နှိပ်စက်ညှဉ်းပန်းခဲ့ပုံတွေကို တရေးရေး ပြန်မြင် မိပြန်ရာ၊ နှစ်ပေါင်းများစွာက မျိုသိပ်ထားရသော ဒေါသမှာ အုံကြွပွင့်အန် လာ၏။ "တောက်" ဟူ၍ လည်း တောက်တစ်ချက်ကို လေသံပြင်းငြ်း ခေါက်လိုက်၏။ လက်သီးကိုလည်း ဆုပ်လိုက်မိ၏။
"ဒင်းကိုလား ... တစ်သက်လုံး နှိပ်စက်ခဲ့သမျှ ကျေအောင် တစ်ချက်တည်းပဲ ရိုက်ချက်ပါတယ်။ တစ်ချက်ဆို တစ်ချက်တည်းပဲ ရိုက်ချင်ပါတယ်။ အဲဒီ တစ်ချက်ကလည်း တစ်သက် မမေ့နိုင်အောင် သေရာပါသွားမယ့် လက်ချက် မျိုး ဖြစ်စေရမယ်။ ဒေါင်းစိန်ရဲ့ လက်သံဟာ စိန်ဗေဒါကြီးရဲ့ လက်သံ ထက် ပြောင်မြောက် ပါကလား ဆိုတာ ဒင်း သိသွားစေရမယ်"
သူသည် ကြိတ်မနိုင် ခဲမရဖြင့် ရိုးရိုးရွရွ ဖြစ်လာ၏။ လက်ဖက်ရည်အိုးကိုပင် ပေါက်ခွဲပစ်လိုက်ချင် သလို လို၊ ကြမ်းပြင်ကိုပင် လက်ဖ၀ါးနှင့် တအားရိုက်လိုက်ချင် သလိုလို၊ ထ၍ပဲ ခုန်လိုက်ချင် သလိုလို။ သူ့တစ်ကိုယ်လုံး မှာ လည်း ဒေါသ၏ အစွမ်းကြောင့် နတ်ပူးသလို ယိမ်းထိုးလှုပ်ရှားလာ၏။ သူ့ရင်တွင်း၌ ဒေါသ မုန်းတိုင်းသည် ပြင်းထန်စွာ တိုက်ခတ်နေပေပြီ။
"ဟင်းနော် ... ဒေါင်းစိန်တဲ့ဟေ့၊ တစ်ချက်ဆို တစ်ချက်တည်းပဲ ရိုက်ချင်တယ်ကွ"
(၄)
"ဓားပြဟေ့ ... ဓားပြ၊ တစ်အိမ် တစ်ယောက် ထွက်ကြကွ"
ဒေါသဘီလူး စီးပြီး ဒေါသနတ်ပူးနေသော ကိုဒေါင်းစိန်၏ နားထဲသို့ အဲဒီအသံက အပြေး ၀င်ရောက်လာ သည်။ ကိုဒေါင်းစိန်သည် ဒေါသ၏ အစွမ်းဖြင့် ကြောက်စိတ်မှ ရဲစိတ်သို့ ကူးပြောင်း ရောက်ရှိနေခိုက် ထိုအသံ ကို ကြားလိုက်ရခြင်းဖြစ်ရာ သူသည် လက်နှေးမနေဘဲ နီးရာ လက်နက် တစ်စုံတစ်ခုကို ဆွဲယူ လိုက်၏၊ သူ့လက်ထဲ၌ ငါးပိထောင်းသော ရင်းတိုက်အနှစ်သား ကျည်ပွေ့ကြီးကို ဆုပ်ကိုင်မိလျက်သား ရှိနေ၏။ သူသည် အိမ်ပေါ်မှ လွှားခနဲ ခုန်ဆင်းလိုက်ကာ အသံ လာရာဆီသို့ တစ်ဟုန်ထိုး ပြေးတော့၏။
သူ၏ ရှေ့နောက် ၀ဲယာ၌လည်း လက်နက်ကိုယ်စီ ကိုင်ဆွဲ၍ အသံလာရာဆီသို့ ပြေးသွားနေကြသော ကူလီကပ်ပါး များကို မြင်ရ၏။ အသံမှာ ချောင်းတစ်ဖက်ရှိ ဟိုမှာဘက်ကမ်းမှ ထွက်ပေါ်လာခြင်း ဖြစ် သည်။ ထိုနေရာ သို့ ရောက်အောင် ချောင်းကို ကန့်လန့်ဖြတ်၍ ဆောက်လုပ်ထားသော ရွာလယ် တံတားကို ကူးဖြတ် ရပေမည်။
ကိုဒေါင်းစိန်သည် ထိုတံတားကို ကူးဖြတ်ရင်း "ဓားပြဟေ့ ... ဓားပြ၊ တစ်အိမ်တစ်ယောက် ထွက်ကြကွ" ဟု အော်ဟစ် သွား၏။ အခြားသူများကလည်း သံယောင်လိုက် ၍ ဆက်ကာ ဆက်ကာ အော်ဟစ်သံများ ဖြင့် ပဲ့တင်ဟည်း နေ၏။
ရောက်လေပြီး။ အင်းအင်စပက်တာမင်းအား ၀ိုင်း၍ ရိုက်နေကြသော နေရာသို့ ကိုဒေါင်းစိန် ရောက်ခဲ့ လေပြီ။ ထိုနေရာမှ အင်းအင်စပက်တာမင်း၏ ဒလန် သို့မဟုတ် အင်းအင်စပက်တာမင်း၏ လက်ဝေခံ၊ တစ်နည်း အင်းအင်စပက်တာမင်း ၏ ဘက်တော်သားဖြစ်သော ငါးစိမ်းသည်မကြီး မမယ်ရင်၏ အိမ်နှင့် မနီးမဝေး နေရာ တွင် ဖြစ်သည်။
အမှန်မှာ အင်းအင်စပက်တာမင်း၏ လှေဝင်အလာတွင် ကွန်လှေနှစ်စင်းမှ လူများက "ဓားပြဟေ့ ... ဓားပြ" ဟု အောင်ဟစ်ပြီး ၀ိုင်းလိုက်ကြရာ အင်းအင်စပက်တာမင်းမှာ ရွာသားများ၏ အကြံကို သိရှိ ရိပ်မိ ၍၊ သူ၏ ညာလက်ရုံး ပမာ အားကိုးအားထား ပြုရသည့် ငါးစိမ်းသည်မကြီး မမယ်ရင်၏ အိမ်ရှိရာ ကမ်းဆိပ်သို့ လှေကို ဆိုက်ကပ် ခိုင်းပြီး တက်အပြေးတွင်၊ ကမ်းစပ်၌ အသင့်စောင့်နေကြသော လူစုက ၀ိုင်းရိုက်ကြခြင်း ဖြစ်၏။
အင်းအင်စပက်တာမင်း သည် မြေကြီးပေါ်တွင် မှောက်ခုံကြီး လဲနေသည်။ သေနတ်မှာ သူရှေ့ လက် တစ်လှမ်း ကွာလောက်ဆီရှိ မြေကြီးပေါ်တွင် ကျရောက်နေသည်။ အင်းအင်စပက်တာမင်းသည် သေနတ် ကို လှမ်းယူရန် အကြံနှင့် သွား၍ ထလိုက်၏။ သို့သော် လူစုထဲမှ တစ်ယောက်က ကောက် ရိုက်လိုက်သဖြင့် ပြန်၍ လဲကျသွားပြန်၏။ ပြန်၍ လဲကျရာတွင် မှောက်ခုံမှ ပက်လက်ဖြစ်သွား၏။
ကိုဒေါင်းစိန် သည် လရောင်ဖြင့် ထိုအခြင်းအရာကို အတိုင်းသား မြင်နေရပါ၏။
ပက်လက်လန်၍ ရှုံ့မဲ့ပြီး တွန့်လိမ်နေသော အင်းအင်စပက်တာမင်းအား စိုက်ကြည့်နေရင်းမှ သူ့နားထဲတွင် "ရိုက်လိုက်လေ ... ရိုက်လိုက်ပါတော့လားကွ" ဟု အားပေး တိုက်တွန်းသံ ကို ကြားနေရသလို ထင်မိ၏။ သူ့နှလုံးသား မှာ အလွန်လျင်မြန်စွာ ခုန်လာ၏။ သူ့မျက်စိထဲတွင် မိုက်ခနဲ ဖြစ်သွား၏။ သူသည် အံကြိတ် လိုက်ကာ ကျည်ပွေ့ကြီးကို ကိုင်မြှောက်ပြီးနောက် အင်းအင်စပက်တာ၏ မျက်နှာပေါ်သို့ အရှိန်ပြင်းစွာ ရိုက်ချ လိုက်၏။ ထိုရိုက်ချလိုက်သော ကျည်ပွေ့သည် အင်းအင်စပက်တာ၏ နှာခေါင်းနှင့် ကန့်လန့်ဖြတ် တွေ့ ဆုံသွား၏။ အင်းအင်စပက်တာမင်း ၏ နှာနုရိုးသည် မုချမသွေ ကျိုးသွားပေလိမ့်မည်။
ကိုဒေါင်းစိန်သည် စိတ်သဘောထား အဘယ်မျှလောက် ပျော့ညံ့သည်ဆိုသည်ကို ရှုလော့။ တစ်ချက် သာ ရိုက်လိုက် ရသေးသည်။ သူ့ဒေါသမှာ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားလေပြီ။ ဒေါသ ပျောက်လွင့် သွားသည်နှင့် တစ်ပြိုင်နက် ကြောက်စိတ်က ၀င်ရောက်လာပြန်သည်။ သူသည် အလုပ် ၀တ္တရားကို ဆောင်ရွက်ရန် လာသည့် အစိုးရ အရာရှိ တစ်ဦးအား ခုခံရိုက်နှက်သည့် ရာဇ၀တ်မှုကို ကျူးလွန်ရာများ ကျနေမလား ဟူသော အတွေးကလည်း သူ့ကြောက်စိတ်ကို တိုးပွားလာစေပြန်သည်။ သူသည် နောက်သို့ ခုန်၍ ဆုတ်ခွာကာ ရပ်နေလိုက်၏။
သည်တော့မှ အင်းအင်စပက်တာ အား ရန်ငြိုးကြီးစွာဖြင့် ဆက်လက် ရိုက်နှက်နေကြသော သူ့ရဲဘက် များကို သတိပြု၍ ကြည့်ရှုမိ၏။ အင်းအင်စပက်တာသည် သူတို့အား နည်းအမျိုးမျိုးဖြင့် နှိပ်စက်ညှဉ်းပန်း ခဲ့ပုံတွေကို ပြန်၍ ထင်မြင်လာ၏။ ထိုအခါမှ ကြောက်စိတ်သည် လွင့်ပျယ်သွားပြန်၏။ သူသည် ဆက်လက်၍ မရိုက်တော့ သော်လည်း ရိုက်နှက်မိခြင်းအတွက် နောင်တ ရနေမိသော ကြောက်စိတ် ကား ပျောက်သွား လေပြီ။ သူ့အပြုအမူမှာ တရားလမ်းမှန်ကျသော အပြုအမူပင် ဖြစ်သည်ဟု ယုံကြည် သွားကာ ရဲရင့် တည်ကြည် လာတော့၏။
အင်းအင်စပက်တာမင်း သည် ကာယသိဒ္ဓိပြီးသည် ဆိုသည်မှာ ဟုတ်ကောင်း ဟုတ်ပေလိမ့်မည်လား။ သည်မျှလောက် ၀ိုင်း၍ ငါးဖယ်တေ တေနေသည့်တိုင်အောင် အသက်မထွက်နိုင်သေး။ နောက်ဆုံးတွင် သူသည် သေနတ်ကို လက်လှမ်းမိသွား၏။ သေနတ်ကို ကိုင်ဆွဲပြီး ငေါက်ခနဲ ထ ရပ်လိုက်ပြီး ၀ိုင်း ၍ နောက်သို့ မလိုက်ရဲစေရန် သေနတ်ဖြင့် ချိန်ရွယ်ထားရင်း၊ ယိုင်တိုင်တိုင် ခြေလှမ်းဖြင့် မမယ်ရင်၏ အိမ်ရှိရာ သို့ နောက်ပြန် သွားနေ၏။
မမယ်ရင် သည် သူ့ကျေးဇူးတော်အရှင် အင်းအင်စပက်တာမင်း သခင်ကို ဆီးကြိုတွဲခေါ်ကာ အိမ်ထဲသို့ သွင်းလိုက်၏။ ပြီးတော့ နောက်မှ ထက်ကြပ်လိုက်လာကြပြီး သူ့အိမ်ပေါ်သို့ တက်မည်တကဲကဲ လုပ်နေ ကြသော လူအုပ်ကြီးကို အိမ်ဝမှ ဆီးတား ထားရင်းမှ "ဟေ့ ... မင်းတို့ ငါ့အိမ်ပေါ်ကို မတက်ကြနဲ့နော်၊ ပိုင်နက် ကျူးလွန်မှု ဖြစ်သွားမယ်၊ ဘာမှတ်သလဲ"ဟု ဟောက်လိုက်၏။ ဤတွင်မှ လူအုပ်ကြီးမှာလည်း တန့်ရပ် သွားကြတော့၏။
အချို့က မမယ်ရင်အား ကိုယ့်ရွာသားများဘက်မှ မလိုက်ပါဘဲ ရန်သူအားပေး လုပ်နေသည့်အတွက် ဆဲရေး ရေရွတ်ကြ၏။ အချို့ကလည်း အိမ်အောက်သို့ ၀င်ရောက်ကာ အင်းအင်စပက်တာမင်း ရပ်နေ သော ကြမ်းကြားမှနေ၍ အင်းအင်စပက်မင်း၏ ခြေဖ၀ါးကို ဓားဦးဖြင့် ထိုးဆွကြ၏။ အင်းအင်စပက်တာ မင်းသည် မမယ်ရင် သနပ်ခါးသွေးလူးသော ကျောက်ပြင်ကြီးပေါ် တက်ကာ ရပ်နေရရှာ၏။
နောက်ဆုံး တွင် အင်းအင်စပက်တာမင်းသည် သည်အတိုင်းသာနေလျှင် ရွာသားများသည် နည်းမျိုးစုံ ဖြင့် သူ့အား မသေ သေအောင် သတ်ကြတော့မည်ကို သိရှိ ရိပ်မိလာ၏။
သူ့ နောက်တော်ပါများ ကလည်း ဘယ်ရောက်ကုန်ကြလေပြီ မသိ။ သူ့ရှေ့တွင် သူ၏ ညာလက်ရုံး မမယ်ရင် ရှိသော်လည်း မိန်းမသားဖြစ်၍ အားမကိုးလောက်ပေ။ တစ်ခါမှ သည်မျှလောက် အားငယ်သောစိတ်မျိုး မပေါ် ပေါက်ဖူး ပါ။ လူထု ၏ ဒေါသ မှာ ဘယ်မျှလောက် ကြောက်ဖွယ်ကောင်းသည်ကို ယခုမှ ကိုယ်တွေ့ ကြုံရ၏။ သူတို့ ဗျူရိုကရက် အရာရှိများကို အကာအကွယ် ပေးနေမြဲ ဖြစ်သည့် ဗျူရိုကရေစီစနစ် ဥပဒေ များသည် ပင် ယခုအချိန်တွင် သူ့ကို လာရောက် ကယ်တင်ခြင်း မပြုနိုင်ပါတကား။ လူထု၏ အဆုံးအဖြတ်၊ လူထု ၏ စီရင်ချက်ကို နာခံရတော့မှာပါကလား။ တစ်ခါမျှ မဖြစ်ဖူးသော ကြောက်စိတ်သည် သူ့အား နှိပ်စက် နေ၏။ သည်အတိုင်းသာ နေလျှင် တစ်နည်းနည်းဖြင့် ရွာသားများ လက်သို့ သူပြန် ရောက်ကာ အသက် ပျောက်ရ ပေလိမ့်မည်။ သူသည် သူ့အသက်ကို ကာကွယ်ရန်အတွက် သေနတ်ကို ပစ်ဖောက်ကာ လူအုပ်ကို ရှင်းပစ်ပြီး ညတွင်းချင်း မြို့အရောက် ပြန်ပြေးမှ ဖြစ်မည်။
သူသည် ရွာသားများကို ခြောက်လှန့်သော သဘောဖြင့် သေနတ်ကို လူရှင်းရာဘက် ဆီသို့ ချိန်ရွယ် ပစ်ဖောက်၏။ "ဒိုင်း" ဟူသော သေနတ်သံသည် မြည်ဟည်း ထွက်ပေါ်လာသည်။ ထိုပစ်လွှတ်လိုက် သော ကျည်ဆန် သည် လူရှင်းသော နေရာ တစ်နေရာ မှ နေ၍ ထိုရိုက်ပွဲကို ရပ်ကြည့်နေသော တရုတ် တစ်ယောက် ၏ ရင်ဝကို ဖောက်ထွင်း ၀င်ရောက်သွား၏။ သူသည် ရင်ဝကို လက်ဖြင့် အုပ်ကာ လဲကျ သွား၏။ မမယ်ရင် ၏ အိမ်ကို ၀ိုင်းထားကြသော လူအုပ်ကြီးမှာလည်း တကွဲတပြားဖြင့် ပြေးလွှား ပျောက်ကွယ် သွားကြ၏။ သည်တော့မှ အင်းအင်စပက်တာ မင်းသည် မမယ်ရင် အိမ်ပေါ်မှ ဆင်းကာ ဓနုဖြူမြို့သို့ ညချင်း ပြန်ပြေးလေသတည်း။
ရွာကလေးကား အပ်ကျသံကိုပင် ကြားနိုင်လောက်အောင် တိတ်ဆိတ် ငြိမ်သက်သွား၏။ ထိုဆိတ်ငြိမ် ခြင်း ကို ဖောက်ထွင်းကာ "အို ဟုန်ကျင်ရဲ့၊ သွား မကြည့်ပါနဲ့ဆိုတော့ ပြောမရဘူး မဟုတ်လား ဟင်၊ အခုတော့ ဆွမ်းခံသွားရင်း ငှက်သင့်ခဲ့ပြီး မဟုတ်လားကွယ့် ဟုန်ကျင်ရဲ့ "ဟူသည့် ထိမှန် သေဆုံးသွား သော တရုတ်၏ ဇနီးသည် ဖြစ်သူ၏ အော်ဟစ် ငိုရှိုက်သံသည်သာ လွင့်ပျံနေပါသတည်း။
(၅)
ဤလက်နက်ကိုင် တိုက်ပွဲကြီး ပြီးဆုံးသည့်နောက် ဥပဒေတွင်းတိုက်ပွဲ (၀ါ) စစ်အေးတိုက်ပွဲကို ဆက်လက် ဆင်နွှဲ ကြရပြန်ပါသည်။ အင်း အင်စပက်တာမင်းသည် သူတို့ကို အမြဲတစေ အကာ အကွယ် ပေးနေသော ဗျူရိုကရေစီစနစ် ၏ ဥပဒေများ အားကိုးဖြင့် သူသည် " အထက်က ပေးအပ်သော အလုပ်ဝတ္တရားများကို ဆောင်ရွက်နေစဉ် နှောင့်ယှက်တားဆီးခြင်း ပြုသော ထိုရွာကို သူပုန်ရွာအဖြစ် သတ်မှတ်ကာ မီးလောင်တိုက် သွင်းပစ်ရန်" တရားရုံးတော်သို့ ဦးတိုက်လျှောက်ထား၏ ရွာသားများဘက်မှလည်း "ညအချိန် မတော် ရွာဝင်လာပြီး ရွာကိုထိတ်လန့် ချောက်ချားအောင် လုပ်သွားရုံမျှမက ရပ်ရွာတွင် နေထိုင်သူ တရုတ်တစ်ယောက် ကိုလည်း ပစ်သတ်သွားပါသေးသည်" ဟု တုံ့ပြန်ချေဆို လျှောက်ထားကြ၏ ခံရသော တရုတ် အမျိုးသားဘက်မှလည်း မြို့နယ်အသီးသီး မှ တရုတ်အမျိုးသားများ စုပေါင်း၍ အင်း အင်စပက်တာမင်း အား အလုပ်ဖြုတ်ပြီး ကြိုးမိန့်ကျခံစေရန် ငွေကုန်ခံပြီး ကြိုးစားကြ၏ ။
သို့သော်လည်း နောက်ဆုံးတွင် တရားရုံးတော်မှ အင်းအင်စပတ်တာမင်းအား ကွင်းလုံးကျွတ် လွှတ်ပစ် ရုံမျှမက "ဤရွာသားမျးသည် အစိုးရ အရာရှိတစ်ဦး အလုပ်ဝတ္တရား ဆောင်ရွက်သည်ကို နှောက်ယှက် တားဆီးရုံမျှ မက ခုခံရိုက်နှက်ခြင်း ပြုသည့်အတွက ထိုရွာမှ ကူလီကပ်ပါး တစ်အိမ်ထောင်လျှင် ဒဏ်ငွေ တစ်ဆယ်စီ ပေးဆောင်စေ။ နောက်နောင်ကို ဤကဲ့သို့ နှောက်ယှက်ဆီးတားခြင်း ပြုပါက ဤ၇ွာကို သူပုန်ရွာ အဖြစ် သတ်မှတ်ကာ မီးရှို့ဖျက်ဆီးပစ်ရလိမ့်မည် ဖြစ်ကြောင်း" ဟူသော စီရင်ချက်ကို ချမှတ် လိုက်ပေ တော့သည်။
အခြားသော ကူလီကပ်ပါး အိမ်ထောင်များနည်းတူ ကိုဒေါင်းစိန်လည် ဒဏ်ငွေတစ်ဆယ် ကို ပေးဆောင် လိုက်ရ ပါသည်။ သူသည် ထိုငွေတစ်ဆယ်ကို နှမြောသော်လည်း သူ့အိမ်မှ ကျည်ပွေ့နှင့် အင်း အင်စပတ်တာ ၏ နှာခေါင်းကို တစ်ချက်လောက် တေ့လိုက်ရခြင်းက ငွေတစ်ဆယ်မက အဆပေါင်း ရာထောင် မျှ တန်းဖိုးရှိသည်ဟု ယူဆကာ ကျေနပ်နေ၏ အကယ်၍ တစ်ချက်ကို ငွေတစ်ဆယ် တန်ဖိုး ဖြတ်သည် ဟု ဆိုလျှင် သူသည် ငွေကုန်မည်ကို နှမြောတွန့်တိုနေမည်မဟုတ်ဘဲ၊ ရသည့်နည်း နှင့် ငွေရှာကာ ငွေတစ်သောင်း ဒဏ်ငွေ ပေးဆောင်ပြီး အချက်ပေါင်း တစ်ရာလောက်တော့ ရိုက်လိုက်ချင် ပါသေးသည်။
မယ်စိန်အဖို့ ဆိုလျှင်လည်း အင်းအင်စပတ်တာမင်းအား "မသေသော် မရှုမလှ" ဖြစ်စေလိုသည့် သူမ၏ ဆန္ဒ ပြည့်ဝခဲ့ပြီးဖြစ်၍၊ ငွေတစ်ဆယ် ပေးဆောင်ရသည်မှာ နှမြော မနေတော့ပါ။
ဤသို့ဖြင့် " နှာခေါင်းနှင့် ကျည်ပွေ့" ဇာတ်တော်ကြီးကို နိဂုံးချုပ်ကာ အဆုံးတသ်ရန် အခန်း(၁)ကို ပြန်၍ ရေးဖို့ လိုပေလိမ့်မည်။ သို့မှသာ အစနှင့် အဆုံးတို့သည် ရေကို ခြားသော်လည်း အကြား မထင်သလို ဆက်စပ် နေပေမည်။
"နှာခေါင်းကျည်ပွေ့ တွေ့သည်" ဟူသော ဆိုရိုးစကား ရှိ၏ ။ "တယ်......ဒီကောင် နှာခေါင်းကျည်ပွေ့ တွေ့သွား ရော့မယ်" ဟူသော ကြိမ်းသံကိုလည်း ကြားဖူးကြပေလိမ့်မည်။ သို့သော် ကိုဒေါင်းစိန်အဖို့မှာ ထိုစကားသည်"ဆိုရိုးစကား" နှင့် " ပြောသံကြား" မဟုတ်ဘဲ ကိုယ်တွေ့ ကြုံဖူးသော ဖြစ်စဉ်ပင် ဖြစ်သည်။ မှန်ပေသည် တကား။ ကိုဒေါင်းစိန်တို့အိမ်မှ ငါးပိထောင်းသော ကျည်ပွေ့သည် တစ်ကြိမ် သော အခါက အင်းအင်စပက်တာမင်း ၏ နှာခေါင်းနှင့် တကယ်ပင် တွေ့ဆုံဖူးခဲ့သည်မှာ ကိုဒေါင်းစိန်၏ မျက်မြင် ကိုယ်တွေ့ ပင် ဖြစ်ပါသည်။
ကျည်ပွေ့ကို ပြုလုပ်ရာတွင် မန်ကျည်းသား၊ မဏိသြဃသားတို့လို မာကျောကျစ်လျစ်သော အသားကို ရွေးချယ် ပြုလုပ်ရ၏ သို့သော် ကိုဒေါင်းစိန်၏ ကျည်ပွေ့ကား ထိုအသားများထက် ပို၍ ထက်မြက်သော ရင်းတိုက် အနှစ်သားကို ပြုလုပ်ထားသော ကျည့်ပွေ့ ဖြစ်ရာ ပို၍ ကျစ်လျစ်၏ ပို၍ မာကျော၏။ ပို၍ လေးလေး ပင်ပင် ရှိ၏ တစ်ရွာလုံးတွင် လက်အမြောက်ဆုံးသော နာမည်ကျော် ဗိသုကာ လက်သမား ဆရာကြီး ဦးအောင်ဒွန်း ကိုယ်တိုင် စိတ်တိုင်းကျ ထုလုပ်ပေးလိုက်သော ကျည့်ပွေ့လည်း ဖြစ်၏ ။
ထိုကျည်ပွေ့ နှင့် အင်းအင်စပက်တာမင်း၏ နှာခေါင်းတို့သည် ကိုဒေါင်းစိန် ၏ ကောင်းမှုကြောင့် တစ်ကြိမ် သော အခါက တကယ်ပင် တွေ့ဆုံဖူးခဲ့ကြပေသည်။
အတိတ် ကို ဆောင်ပြီး ပေပြီ။
ပြီးပါပြီ
.

3 comments:
အင်း .... ဟုန်ကျင်က ကြားထဲက ခံသွားရတာ သနားပါတယ်။
ငွေများ တရားနိုင်ဆိုသလို အာဏာရှိ ငွေရှိသူနဲ့ ဘာမှမရှိသူတွေ ယှဉ်လိုက်တဲ့အခါ တရားဥပဒေ ချိန်ခွင်လျှာကလဲ ဇောက်ထိုးဆင်းသွားတာပါပဲ။
အဲဒီစနစ်ကလဲ ဗျူရိုကရေစီခေတ်ကနေ ခုချိန်ထိ ခေတ်တွေဘယ်လိုပြောင်းပြောင်း မပြောင်းလဲ သေးဘူးနော်။
ဘာပဲဖြစ်ဖြစ် ကိုဒေါင်းစိန်တို့ ရွာသားတွေရဲ့ လုပ်ရဲတဲ့ သတ္တိကို ချီးကျူးရမယ်။
လူတစ်ယောက်ကို မှောင်ထဲမှာ လူအုပ်ကြီးနဲ့ ဝိုင်းရိုက်တဲ့အကြောင်း ဖတ်ရတာတော့ စိတ်ပျက်စရာကြီး။ တစ်ခု မပြည့်စုံတာက အဲဒီလို ဝိုင်းရိုက်ပါလား၊ မီးရှို့ပါလားဆိုတဲ့ လက်ဝဲသူရဲကောင်းတွေက အရေးဆို သူတို့ ပါမလာဘူးဗျ။ သူများကိုသာ မြှောက်ပေးတာ။
ကားမီးရှို့ကြ၊ ဓာတ်ဆီဗုံးနဲ့ပစ်ကြ၊ ရဲစခန်းကို ဝိုင်းကြလို့ အဝေးက အော်နေတဲ့ ခေါင်းဆောင်ကြီးတွေ အထဲတောင် ပြန်မလာရဲသလိုပေါ့။
သူပုန်ရွာအဖြစ် သတ်မှတ်ကာ မီးလောင်တိုက် သွင်းပစ်ရန်" တရားရုံးတော်သို့ ဦးတိုက်လျှောက်ထား၏
အဲဒါကျတော့ ဆရာကြယ်နီ မဖြစ်နိုင်တာကြီးကို ဘယ်လိုများ မှားရေးသွားတာလဲ မသိဘူး။ ပါလီမန် ဒီမိုကရေစီခေတ် ဥပဒေအရ လုံးဝ မဖြစ်နိုင်တာကို။
ပြည်တွင်းစစ် ဖြစ်နေတဲ့ ဒေသမှာ စစ်တပ်က ရွာမီးရှို့သွားတယ်လို့ ဖွဲ့ရင် ယုတ္တိရှိဦးမယ်။ ရွာတစ်ရွာကို သူပုန်ရွာအဖြစ် သတ်မှတ်ပြီး မီးလောင်တိုက်သွင်းတယ်ဆိုတာ အဲဒီခေတ် ဥပဒေမှာ ရှိမှ မရှိတာ။
ပြောရရင် ခုခေတ် ဥပဒေမှာတောင် မရှိသေးဘူး။ ရှို့ချင်သာ ရှို့သွားမယ်၊ ရှို့ဖို့ ဥပဒေ ဗြောင်ပြဌာန်းတာမျိုး ဘယ်လူမိုက်မှ မလုပ်ဘူး။ နိုင်ငံတကာက ပြောမှာစိုးလို့။
Post a Comment