Wednesday, August 4, 2010

ဂျာနယ်ကျော် မမလေး ပုံရိပ် ဆောင်းပါးများ (၈)

နှမ်းတစ်စေ့
စာရေးသူ -Ma Theingyi

ဆရာမကြီး ဂျာနယ်ကျော်မမလေးနဲ့ စာတွေဟာ ခေတ်အဆက်ဆက် က် လူငယ်စာဖတ်ပရိသတ်၊ အထူး သဖြင့် အမျိုးသမီး ပရိသတ်ကို အားမာန်တွေ ပေးခဲ့တယ်။ ဘ၀ရဲ့ အမှားအမှန်တွေကို သိမ်မွေ့စွာနဲ့ ထောက်ပြ ခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့ အမှန်တရားတစ်ခု ဖြစ်ပါတယ်။

ဂျာနယ်ကျော်မမလေးရဲ့ စာကြောင့် လူဖြစ်လာပါတယ်လို့ ကျွန်မအပါဝင် အမျိုးသမီးတော်တော် များများက ပြောနိုင် ပါလိမ့်မယ်။ ကျွန်မဘ၀မှာ ထူးထူးခြားခြား ကြုံတွေ့ခဲ့သမျှ အခက်အခဲတွေကို အေးဆေး သက်သာ စွာ ရင်ဆိုင်နိုင်ခဲ့တာလည်း ဒီအခြေခံကြောင့် အများကြီးပါ ပါတယ်။

ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ ဘ၀ခံယူချက်တွေဟာလည်း မြန်မာစာဖတ်ပရိသတ်မြောက်များစွာ အပေါ် လွှမ်းမိုး ခဲ့လို့ လူတော် လူကောင်းတွေများစွာ ပေါ်ထွက်ခဲ့လာပါတယ်။ ထင်ထင်ပေါ်ပေါ် ရှိချင်မှ ရှိပေမယ့် လူတော် တစ်ယောက်ယောက် ကို တွေ့ရင်မေးကြည့်လိုက်ပါ။ "သူလိုလူ"ကို ဖတ်ဖူးမှာ သေချာ သလောက် ပါပဲ။

"သူလိုလူ" လူတော်တော်များများက အကြိမ်ပေါင်းမရေတွက်နိုင်အောင် အထပ်ထပ်ဖတ် ဖြစ်ကြပါ တယ်။ ကျွန်မ လည်း ဖတ်မိတိုင်း ဒီစာအုပ်ဟာ နိုင်ငံခြားသားတွေလည်း ဖတ်သင့်တယ်လို့ အားမလို အားမရ ဖြစ်ပါ တယ်။
နိုင်ငံခြားသား တွေ ဒီစာအုပ်ကို ဖတ်စေချင်တဲ့ အကြောင်းတစ်ခုကတော့ တချို့ နိုင်ငံခြားသားတွေ က မြန်မာပြည် မှာ စာတတ်ပေတတ် လူတစ်ယောက်များ တွေ့လိုက်ရင် သူတို့တိုင်းပြည်မှာ စာသွားသင် ခဲ့ကြဖူးတယ်လို့ ချည်း ထင်တတ်ကြတာကို ကျွန်မ မနှစ်မြို့လို့ပါ။

ဘယ်ခေတ်မှာဖြစ်ဖြစ် ဘယ်လူငယ်ကျောင်းမဆို ဘယ်လိုအခက်အခဲတွေ ရှိပါစေ ကျွန်မတို့ရဲ့ ကြွယ်ဝလှတဲ့ စာပေက ပညာကောင်း နည်းလမ်းကောင်းတွေ ပြပေးနိုင်ပါတယ်ဆိုတာကို နိုင်ငံခြား သားတွေ သိစေရုံ သာမက မြန်မာမိဘတွေကိုလည်း သတိပေးသင့်တယ်လို့ ကျွန်မ ယုံကြည်ပါ တယ်။

ငယ်ငယ်ကတည်းက တစ်ယောက်ယောက်ကများ "သူလိုလူ"ကို ဘာသာပြန်မလားလို့ မျှော်လာခဲ့ တာ နှစ်တွေသာ ကြာတော့ ကိုယ်တိုင်ပဲ လုပ်ပါတော့မယလို့ ဆုံးဖြတ်ပြီး ဂျာနယ်ကျော်သမီးနဲ့ သားဖြစ်တဲ့ ဒေါက်တာ ဒေါ်ခင်လေးမြင့်နဲ့ ဦးမိုးဟိန်းတို့ကို သွားခွင့်တောင်းတော့ ရှောရှောရှုရှုခွင့်ပြု ကြပါတယ်။ ဒီအတွက် လည်း ကျေးဇူးတင်လှပါတယ်။ ဒါနဲ့ပဲ ၂၀၀၅ခုနှစ် သီတင်းကျွတ် လဆန်းမှ စလို့ နှစ်လလောက် ရက်အား ရအောင် စီစဉ်ပြီးတာနဲ့ မူကြမ်းကို အရင်ပြီးအောင် အလုပ်စလုပ်ပါ တယ်။

ဘာသာပြန်ခြင်းအတတ်ဟာ ကျွန်မအတွက် အင်မတန် ခက်ခဲပါတယ်။ ဒါကြောင့် အလုပ်တစ်ခု အနေနဲ့ မဟုတ်ပဲ ပြန်ချင်တဲ့ စာကိုပဲ အကျိုးအမြတ်မယူပဲ ဘာသာပြန်ပါတယ်။ စကားလုံး။ လေသံ၊ မြန်မာ သံ သဘောတရား တွေကို ဘောင်အတွင်းကနေ ပြန်ရေးရတာဆိုတော့ အကျပ် အတည်းတွေ အများကြီး ရှိပါတယ်။ နောက်အခက်အခဲတစ်ခုကတော့ မြန်မာစာနဲ့ အင်္ဂလိပ်စာာဟာ သဘော သဘာဝမှာရော ဆောက်တည်မှု မှာရော တော်တော်ကွာခြားပါတယ်။ ဒါကို သဟဇာတဖြစ်အောင် သတိထားရပါတယ်။ ဘယ်လို မှဘာသာာပန်လို့ မရတာတွေလည်း ချန်ခဲ့ချုံ့ခဲ့ရပါတယ်။
မူကြမ်းကို လုပ်နေရင်း ခဏလေးများ ရပ်ထားလိုက်ရင် အကြာကြီး အလုပ်ပြတ်တောက်သွားမှာစိုး လို့ ထမင်းမေ့ ဟင်းမေ့ အိပ်ဖို့မေ့နဲ့ မောတာပန်းတာကိုလည်း သတိမထားမိဘဲ နေ့မအား ညမအား တွန်းလုပ် လိုက်တာ တစ်လခွဲ အကြာမှာ ပြီးသွားပါတယ်။

အဲဒါကတော့ အပြန်ပြန်အလှန်လှန် အခေါက်ပေါင်းမရေနိုင်အောင် အချောကိုင်ခြင်း ဖြစ်ပါတယ်။ ကျွန်မ ပင်ကိုယ်စာ တွေ ရေးတိုင်းလည်း ဒီလို လုပ်နေကျ ဖြစ်ပေမယ့် ဒီစာအုပ်ဟာဖြင့် ကျွန်မ အတွက် အရေး အကြီးဆုံး ဂုဏ်အယူဆုံးနဲ့ တာဝန်အကြီးဆုံးစာအုပ် ဖြစ်ပါတယ်။ ပင်ပန်းပေမယ့် အလုပ်လုပ်နေတုန်း တစ်လျှောက်မှာလည်း ဘယ်လောက်ကြည်နူးရတယ်ဆိုတာ ပြောမပြနိုင်တော့ ပါ ဘူး။
၎လလောက်အကြာ စိတ်ကျေနပ်သလောက်ရှိတော့မှ စာမူကို ဘယ်ကိုပို့ရမှန်းမသိတော့ ပြည်ပနေ မိတ်ဆွေ များကို အကူအညီ လှမ်းတောင်းရပါတယ်။ နိုင်ငံခြားမှာ ထုတ်ချင်တာက ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ဖြူး နိုင်ရေး အတွက်ပဲ ဖြစ်ပါတယ်။

နောက်တစ်ခုက ISBN နံပါတ်ရှိမှသာ နိုင်ငံခြား တက္ကသိုလ်စာကြည့်တိုက်တွေမှာ ဖြစ်ဖြစ် အမျိုးသား စာကြည့်တိုက်ကြီး တွေမှာ ဖြစ်ဖြစ် တင်ထား ကြမှာ ဖြစ်ပါတယ်။
ဒီလို ဟိုမေး ဒီမေးလုပ်နေရင်းက အဲဒီအချိန်က စင်ကာပူ တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခ ဒေါက်တာကျော်ရင်လှိုင်က တာဝန်ယူပြီး အသင့်တော်ဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံ Cornell တက္ကသိုလ် ကို လှမ်းပို့ပေးပါတယ်။ အဲဒီတက္ကသိုလ်ရဲ့ အရှေ့တောင်အာရှ စာပေထုတ်ဝေ ရေးဘုတ်အဖွဲ့ (Cornell Southeast Asia Program Publications Editorial Board) က သူတို့မှု အတိုင်းသေသေချာချာ ဖတ်ရှု့ဆွေးနွေးကြပြီးမှ လက်ခံပါတယ်။

နိုင်ငံခြားမှ စာအုပ်ထုတ်ဝေရင် ဘယ်စာရေးဆရာ ကြီးငယ်မဆို၊ ထုတ်ဝေတဲ့တိုက်ရဲ့ အယ်ဒီတာ တစ်ယောက်ယောက်နဲ့ အချောသတ် အလုပ်လုပ်ရပါတယ်။ တက္ကသိုလ်က ထုတ်ဝေတာဆိုတော့ ကျွန်မ ကြုံဖူးတဲ့ ပုဂ္ဂလိက တိုက်တွေရဲ့ အယ်ဒီတာတွေနဲ့စာရင် အများကြီးပိုပြီး တိကျသေချာပါ တယ်။ ကျွန်မ လည်း ပညာတွေ အများကြီးရလိုက်ပါတယ်။
အယ်ဒီတာတွေအပြင် ကျွန်မအမည်မသိရတဲ့ ကော်နဲလ်က တာဝန်ပေးလိုက်တဲ့ စာမူဖတ်ပေးရသူ နှစ်ဦးလည်း သပ်သပ်ရှိပါတယ်။ သူတို့က မြန်မာစာ ကောင်းကောင်းတတ်တဲ့ အမေရိကန် သို့မဟုတ် အင်္ဂလန် နိုင်ငံသား ပါမောက္ခတွေဖြစ်ပြီး မြန်မာမူနဲ့ တစ်လုံးချင်း တိုက်ကြည့်ပေးကြရ ပါတယ်။ ကျွန်မလည်း ၅လလောက်ကြာအောင် ကော်နဲလ်တက္ကသိုလ်နဲ့ အပြန်ပြန်အလှန်လှန် အလုပ်လုပ်ရပါတယ်။
အယ်ဒီတာ တွေကလည်း "သူလိုလူ"ဟာ အင်မတန် ကြည်နူးကြေကွဲစရာ ကောင်းတဲ့ ဇာတ်လမ်း ဖြစ်ရုံမက မြန်မာနိုင်ငံ လွတ်လပ်ရေး သမိုင်းကြောင်းနှင့် လူနေမှု သဘောသဘာဝများကိုပါ သိစေ ရလို့ တခြား စာဖတ် သူများ လည်း မိမိတို့နည်းတူ ခံစားနိုင်ကြရန် သူတို့အနေနှင့်လည်း စိတ်စော နေကြပါကြောင်း ပြောကြ ပါတယ်။

ဒါတွေရေးပြနေတာ ကျွန်မ ကြိုးစားလှချည့်လို့ တင်ပြနေတာမဟုတ်ပါ။
ဂျာနယ်ကျော် ဦးချစ်မောင်နဲ့ ဂျာနယ်ကျော်မမလေးတို့အပေါ် ကျွန်မဘယ်လောက်လေးစား မြတ်နိုး တယ်ဆိုတာကို သိစေချင်လို့ပါ။ ဒီစာအုပ်အပေါ် ကျွန်မဘယ်လောက်သံယောဇဉ် ကြီးတယ် တန်ဖိုး ထားတယ်ဆိုတာ သိစေချင်လို့ပါ။
ဂျာနယ်ကျော် ဦးချစ်မောင်နဲ့ ဂျာနယ်ကျော်မမလေးတို့ရဲ့ ကျေးဇူး တွေ ကျွန်မတစ်ယောက်တည်း အပေါ် မှာရော သောင်းနဲ့သန်းနဲ့ ချီတဲ့မြန်မာလူမျိုးတွေ အတွက် ရော တင်ရှိနေတာကို ဘယ်သူမှ ဘယ်လိုမှ ဆပ်လို့မကုန်နိုင်ပါ။
"သူလိုလု" ကို ဘာသာပြန်ဖြစ်တာ ဒီကြီးမားလှတဲ့ ကျေးဇူးကို နှမ်းတစေ့စာမျှသာ ကျေးဇူးဆပ်နိုင် ခြင်း ဖြစ်ပါ တယ်ရှင့်။

("သူလိုလူ" ဘာသာပြန်စာအုပ် A Man Like Him ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီအား ပေးကြသူများတွင် အထူးသဖြင့် ကူညီကြပါသော စင်္ကာပူတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာကျော်ရင်လှိုင်၊ မြန်မာ့ နိုင်ငံရေးသမိုင်းနောက်ခံ အဖွင့်အမှာစာကို ရေးပေးပြီး ကျွန်မ၏ နိုင်ငံရေးသမိုင်း ရှင်းလင်းချက် footnotes များကိုလည်း စီစစ်ပေးသော ပါမောက္ခ Dr Robert Toylor နှင့် ကော်နဲလ်တက္ကသိုလ်မှ အယ်ဒီတာ များဖြစ်ကြတဲ့ Deborah Homsher နှင့် Fred Conner တို့အား ကျေးဇူးဥပကာရ အထူး တင်ရှိပါကြောင်းကို မှတ်တမ်းတင်အပ်ပါသည်။)

စာရေးသူ - Ma Theingyi 
ပိတောက်ပွင့်သစ် မဂ္ဂဇင်း ဂျူလိုင်



ဂျာနယ်ကျော်မမလေး၏ သရုပ်မှန်နှင့် သရော်စုတ်ချက်
စာရေးသူ - ကြည်နိုင်

(၁)

"မမလေး၏ ဘ၀မာတိကာများကား ဒို့ဗမာသခင်မ၊ ဆောင်းပါးရှင်ရဝေလှိုင်၊ အယ်ဒီတာကတော် မုဆိုးမ၊ ဂျာနယ်ကျော်ထုတ်ဝေသူ၊ ဆေးဆရာမ အမျိုးသမီးစာရေါ်ဆရာ စသည်ဖြင့် အခန်းခန်း ရှိ၏။"
လူအဖြစ်ကား တစ်ဖက်သား၏ စိတ်၌ နာကျင်သွားမည်ကို သူစိုးရိမ်တတ်သော မေတ္တာဓာတ်ရှိ၏။ ဤ မေတ္တာဓာတ် ဖြင့် ပေါင်းသင်းဆက်ဆံ၏။ သူသည်လူများကို ချစ်ခင်တတ်၏။ ဤမေတ္တာစိတ် ဓာတ်ဖြင့် ၀တ္ထု ဇာတ်ကောင် တို့၏ စိတ်ထား အပြုအမူ တို့ကို ခြယ်ရေး၏။

စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေး (၁၉၁၇- ၁၉၈၂)အား ကျွန်တော်မတွေ့ဘူးလိုက်ပါ။ ဒဂုန်တာရာ၏ "ရုပ်ပုံလွှာ" စာအုပ်တွင်သာ သူ့အကြောင်း သူ့အလုပ်၊ စိတ်ဓာတ်နှင့်ဇွဲ၊ ထက်မြက် သူအဖြစ် သိခဲ့ရပေသည်။ နောက်ပိုင်းတွင်မှ သူ၏၀တ္ထုရှည်၊ ၀တ္ထုတိုတွေကို ဖတ်ခဲ့ရ၏။ မုန်း၍မဟူ၊ ရင်နှင့်အောင်မွှေး၊ သွေး၊ သူလိုလူ စသည်ဖြင့် ထိတွေဲခဲ့ရ၏။ "သူလိုလူ" စာအုပ်ကြီးကား စာဖတ်မိ သည်မှလက်ကမချနိုင်၊ ဆွဲအား ကောင်းလှပေ၏။ ဂျာနယ်ကျော် ဦးချစ်မောင်ဟူသော သလိုလူကို အားကျခဲ့၏။ ဦးချစ်မောင်၏ စာပေ ဗဟုသုတ ထုထည်ကား အယ်ဒီတာစိတ်ဓါတ်နှင့်  လုပ်ဆောင် ချက်၊ နိုင်ငံအတွက် ကြိုးပမ်း ဆောင်ရွက်မှု၊ အင်္ဂလိပ်စာတတ်ကျွမ်းမှု၊ စစ်အတွင်းဗုံး ခိုကျင်းထဲတွင် စာအုပ်ဖွင့်ကာ လက်တန်းပြန်ဆို ပြောပြသည့်  "ကွိ"  ၀တ္ထုဘာသာပြန်စသည်ဖြင့် အားကျအတုယူ စရာများပြည့်နေသည်။

ဂျာနယ်ကျော်မမလေး၏ ဦးချစ်မောင်ပုံကို သရုပ်ဖော်ချက်သည် မျက်စိထင်းကနဲ မြင်လာစေ၏။
"ချုံးကျဟောက်ပက်နေသည့် မျက်နှာပေါ်၌ မျက်မှန်ထူထူကြီးတပ်လျက် ဟောင်းနွမ်း၍ ပုံတိုင်းမကျသည့် ပင်နီအင်္ကျိ ထူကြမ်းကြီးကို ၀တ်ထားကာ အဆင်မပေါ်သည့် ပိုးလုံချည်တစ်ပတ် နွမ်းဖြင့် ကမ္မဌာန်းရုပ်ပေါက် နေသည့် လူတစ်ယောက် ကျွန်မဘေးတွင်ရပ်နေသည်ကို ကျွန်မမမြင် သေး ဆေးစပ်သည့်ကုလားက ဆေးစပ်ရာ မှ မေးထိုးပြလိုက်သည်ကို ကြည့်မိ၍သာလှည့်ကြည့် မိတော့သည်။"
သူ၏ဟောက်ပက်ဖြစ်နေသော မျက်နှာနှင့်ဖြူဆွတ်နေသော ဆံပင်တို့ကိုကြည့်ကာ မုချဧကန်- ၃၀ ကျော် ၄၀ ဆီသို့လျင်မြန်သော အဟုန်ဖြင့် ချည်းကပ်နေသူဟု ထင်နှတ်လိုက်သည်။

တည်တံခန့်ငြား၍ လေးစားကြည်ညိုလောက်သော ရင့်ကျက်သည့် အိနြေ္ဒကြောင့် ခန့်မှန်းသည့် အသက် ထက် ပို၍ ကြီးချင်ကြီးနေဦးမည်ဟုလည်း အောက်မေ့လိုက်သည်။ မျက်မှန်ထူထူကြီး အောက်မှ စူးရှ ထက်မြက် တောက်ပနေသော မျက်လုံးနှင့် လက်ဝါးတစ်ဝါးမက ကျယ်ပြန့်သည့် နဖူးပြင်ကျယ်ကြီးကသာ ပညာဥာဏ်ရင့်သန်ထက်မြက်သည့် သူတစ်ဦးဟု ကမ္မဌာန်းရုပ်အသရေကို ဆယ်ပေးနေသကဲ့သို့ ရှိသည်။

မျက်နှာသည်ကြည်ကြည် လင်လင်ရှိနေသည့် မျက်နှာမျိုးမဟုတ်ဘဲ သူ့မျက်နှာတစ်လုံး ထူးထူးခြား ခြား မှောင်နေသည့် အခြင်းအရာကြောင့် ပျိုနုသည့်အရိပ် အယောက်ကိုမမြင်ရပေ။
လက်ထဲတွင် အိမ်တော်ရာ ပုသိမ်ထီးကြီးညှပ်၍ ခြေတောက်တွင် ဘုန်းကြီးစီးဖိနပ် ကြီးစွပ်ထားခြင်း ကြောင့် ခေတ်ပညာတတ် လူတစ်ယောက်ပါဟု ဘုရားစူး၊ ကျမ်းစူးကျိန်တွယ် ပြောရတော့မ လောက် ဘုန်းကြီး လူထွက်ကြီး နှင့် အလွန်တရာတူလှသည် အသားရောင် မမည်းမဖြူ အသားညို ဖြစ်၍ အရပ်အမောင်း ကိုယ်လုံး ကိုယ်ထည် ကိုကြည့်၍ လူကောင်ကြီးသည့် အမျိုးအဆက်မှ ပေါက်ဖွားလာသူကဲ့သို့ ဖြစ်သည်။ နှာတံလည်း ချွန်၊ ရုပ်လက္ခဏာ လည်း ထွားကျိုင်းသဖြင့် ရှေးရှေးကမြန်မာကြီးများနှင့် အဆက်နီးသည့် သူလား ဟု အောက်မေ့မိသည်။ ပြောပုံဆိုပုံ ဟန်အမူ အရာအသံအေးဆေးငြိမ်သက် သိမ်မွေ့ နူးညံ့သလောက် ပြောသမျှစကားတွေမှာလည်း သိမ်မွေ့ နက်နဲ လှပေသည်ဟု ဂျာနယ်ကျော်မမလေး ဦးချစ်မောင် ကို သူလိုလူ တွင် သရုပ်ဖော်ထား သည်မှာ မြင်သာလှပေသည်။

ဂျာနယ်ကျော်မမလေး၏ 'သူလိုလူ'တွင် သရုပ်ဖော်ချက်ကို ထိတွေ့မိရာမှ ကျွန်တော်သည် ဂျနယ်ကျော် မမလေး ၀တ္ထုတို့၏ သဘောသဘာဝရေးလက်ကို ဆန်းစစ်ကြည့်လိုလာ၏။ တစ်ခါက စာရေးဆရာ နိုင်ဝင်းဆွေ နှင့် ကျွန်တော်သည် ကိုယ်နှစ်သက်သော ၀တ္ထုစာရေးဆရာတို့၏ ရေးလက်ကို ဆန်းစစ်ကာ စစ်တမ်း ထုတ်ကြည့်ခဲ့ကြဖူး၏။ ကျွန်တော်တို့ စစ်တမ်းထုတ်ကြည့်မိခဲ့ သည့်စာရေးဆရာများမှာ သန်းဆွေ၊ မင်းဏီ၊ ကြည်အေး၊ ဂျာနယ်ကျော် မမလေး၊ ခင်နှင်းယုတို့ ဖြစ်ကြ၏။

ဂျာနယ်ကျော် မမလေး၏ ၀တ္ထုလက်ရေးစစ်တမ်းတွင် 'ဗုဒ္ဓဘာသာဝင် အမျိုးသမီးစိတ်ဓာတ် အခြေခံဖြင့် သူ့ဇတ်ကောင် များကို ရေးဖွဲ့တတ်သည်။'
သူ၏အထူးခြားဆုံးအချက်မှာ အပြင်မှမြင်နေရသည့် လှုပ်လှုပ်ရှားမှုများကို အနုစိပ်ရေးခြယ်ပြီး အတွင်းစိတ် ကို ဖော်ပြတတ်သည်။ ကြည်အေးနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ အပြင်ရုပ်လှုပ်ရှား မှုများကို အသေးစိတ် ရေးချယ် တတ်သူ ဖြစ်သည်။ ပတ်ဝန်းကျင်ရှုခင်းကို ကြည်အေးလိုပင် ရေးဖွဲ့ ခဲ့လေသည်။
တစ်ချိန် ကသူသည် 'မုန်း၍မဟူ'ဖြင့် လျှမ်းလျှမ်းတောက်ခဲ့သည်။ သူ၏ 'သူလိုလူ'သည် ထင်ရှားလှ ၏။ နောက်ပိုင်း ၌ 'ရင်နင့်အောင်မွှေး' ရှိသည်။

(၂)

'ဂျာနယ်ကျော်မမလေးသည် ၀တ္ထုတိုများတွင် ဒုက္ခသည် ဇာတ်လိုက်တို့ကို အဖွဲ့ကောင်းသ လောက်၊ ကုန်းရုပ် ဇာတ်လိုက်တို့ကိုလည်း အဖွဲ့ကောင်းပေသည်။ ၀တ္ထုတိုဆရာ၌ ကြားတတ်မြင် တတ်သော နားမျက်စိ ရှိသောကြောင့်သာမက၊ သနားတတ်သောကရုဏာ စေတနာကြောင့်လည်း ကောင်း၊ အကောင်းအဆိုး အကျိုး အပြစ်ခွဲတတ်သော ဥာဏ်ရှိသောကြောင့် လည်းကောင်း ဖြစ်သည်ဟု ယူပါသည်။'
ဂျာနယ်ကျော် မမလေးသည် မြန်မာအမျိုးသမီး လောက်ခံစားနေရသော လူမူဝေဒနာတို့၏ သဘော ကို တင်ပြခဲ့ပြီး ထိုဝေဒနာတို့နှင့် သင့်သောဆေးသည် အဘယ်မှာနည်း။ မည်သူတိုကသည် ကုစား နိုင် ကြမည်နည်း။ တစ်မိနစ်လောက်မျှ ကိုယ်ရှိန်သတ်၍ ဆင်ခြင်ကြည့်နိုင်လျှင် အဖြေတွေ့မည်လား မသိ။ ဆင်ခြင် ကြည့်ကြပါကုန်။

ဇော်ဂျီ
(တွေးတစိမ့်စိမ့်စာအုပ်- အမှာမှ)

ကျွန်တော်သည် ဂျာနယ်ကျော်မမလေး၏ သရုပ်ဖော်လက်ကို စိတ်ဝင်စားမိရာမှ ဆရာဇော်ဂျီ၏ အဆိုတစ်ရပ်ကို သိတိပြုမိလာ၏။ ဂျာနယ်ကျော် မမလေး၏ ၀တ္ထုများမှ အမျိုးသမီးလောက၏ လူမှု ဝေဒနာဆိုသည်မှာ ခေတ်စနစ်နှင့် ဆိုင်မည်ဟုခေတ်စနစ်နှင့် ဆိုင်မည်ဟု ကျွန်တော်စဉ်းစား ကြည့်မိ၏။ ကျွန်တော်စိတ်ဝင်စားမိသည်မှာ ဂျာနယ်ကျော် မမလေးဝတ္ထုတိုများမှ သရုပ်ဖော်လက် နှင့်သရုပ်မှန် ရေးခြယ်မှုကို ပင်ဖြစ်၏။

တစ်နည်းအားဖြင့် ၀တ္ထုတိုအတတ်ပညာနှင့် သက်ဆိုင်သလို စာရေးသူ၏ ကျယ်ပြန့်လာသော ရေးကွက် နယ်ပယ် ကို စူးစမ်းကြည့်ချင်လာမိ၏။
ဂျာနယ်ကျော်မမလေး၏ ၀တ္ထုတိုများကို စုစည်းလျက်၊ ရှု့မငြီး၊ တွေးတစိမ့်စိမ့်စသည်ဖြင့် စာအုပ်အဖြစ် ထွက်ဖူး၏။ နောက်ပိုင်းတွင် ရာပြည့်စာအုပ်တိုက်မှ စည်းကာဂျာနယ်ကျော် (၁၉၄၁- မေ)တွင် ရေးသည့် ပထမဆုံး လက်ရာ 'မသိရလေခြင်း' မှသည် ရှု့မ၀ (၁၉၈၁- ဖေဖော်ဝါရီ)တွင် ရေးသည့် 'မရွေ့မရှိ၊ ရွေ့သည်ချည်း မို့' အထိ။ 'ရှု့မငြီး'နှင့် တွေးတစိမ့်စိမ့် (လှတစ်မျက်နှာ) ၀တ္ထုတို များကိုစုစည်းလျက် 'ဂျာနယ်ကျော် မမလေးဝတ္ထုတိုများ' စာအုပ်ထွက်ခဲ့၏။

ဂျာနယ်ကျော်မမလေး၏ ၀တ္ထုတိုများကို ရေးလက်သဘော ကျလှသဖြင့် လိုက်ဖက်ရင်းမှ ရေးကွက်နယ် ပြန့်ကျယ်လာမှု၊ တစ်နည်းအားဖြင့် ၀တ္ထုရှု့ဒေါင့်ကို ဆင်ခြင်မိလာ၏။ သူ၏၀တ္ထုတို (၃)ပုဒ်ဖြင့် သာဓကေ ဆာင်ကာ တင်ပြန်လိုက်ပေ၏။

ပထမဦးတင်ပြလိုသည်မှာ 'လှတစ်မျက်နှာ' ၀တ္ထုတို ဖြစ်သည်။ ထိုဝတ္ထုတိုမှာ ကိုဘမောင်နှင့် မူမူတို့ ၏ အိမ်ထောင်ရေးနေမှု၊ ထိုင်မူပုံစံကို မူတည်ရေးဖွဲ့ထားသည်။ ကိုဘမောင်က ဘိလပ်ပြန်ဝတ်လုံ တော်ရ။ သို့သော် ဖြစ်ကတတ်ဆန်းနေတတ်သူ၊ အရက်ကြိုက်သူ၊ အအိပ်မက်သူ၊ အိပ်လျှင် ဟောက်တတ်သူ၊ မူမူက မယ်တက္ကသိုလ် ဘွဲ့ရ အလှမယ်။ သူလည်း ဖြစ်ကတတ်ဆန်းနေတတ်သူ၊ ကိုဘမောင်လိုပဲ အအိပ်မက်သူ၊ အိမ်ထောင်ရေး တွင်လည်း သိမ်းထုတ်သေချားမရှိ၊ မျက်နှာသုတ် ပုဝါနှင့်ဝတ်ပြီး ထမီအ၀တ်ခြင်း ထဲရောလျှင် ရောနေတတ်သည်။ အိမ်မျက်နှာစာတွင် ထမီရေစိုလှန်း ၍အမြင်မတော်သူလင်က လိုက်ရုတ်ရ၊ သင့်ရာ လှန်းပေးရ။

ကိုဘမောင်က မူမူ့အလှကို တပ်မက်သည်။ မူမူ့ကိုရသည်နှင့် သူ့အိမ်ထောင်ရေး ရည်မှန်း ချက်ပြီးပြီ။ မူမူ ကလည်း ကိုဘမောင်လို ဘိလပ်ပြန်ဝတ်လုံကတော် ဖြစ်ရတာတ်န်ပါသည်ဟု သဘောထားသည်။ အလှဘွဲ့ ကို ဘမောင်ကိုအပ်ပြီးလျှင် အိမ်ရှင်မ၀တ္ထရား ပြီးပြီဟုတွက်သည်။

ကိုဘမောင်၏ စားပွဲတွင် အမှုတဲဖိုင်တွေနှင့် ဆေးလိပ်တိုပြာများ၊ ကွမ်းယာ၊ ဖန်လွက်တို့နှင့် လုံးထွေး နေသည်။ ပုရွတ်ဆိတ်တွေ စားပွဲပေါ်လမ်းလျှောက်နေသည်။ သံရုံးဧည့်ခံပွဲသို့ ဇနီးမောင်နှံ နှစ်ယောက် တက်ကြ။ မူမူက သူ့မျက်နှာသာ သနေပြီးဝတ်ဖို့အတွက် ဟိုကထုတ်ရ၊ သည်ကထုတ်ရ၊ အောက်ခံ လုံချည် က ချေးအထပ်ထပ်၊ ဘော်လီကြိုးက (ခြင်ထောင်အပေါက် ခုံးချိတ်ဖါထားသည်) တွယ်ချိတ်နှင့်ချိတ်ရသည်။ သူ့အိမ်မှာ အပ်နှင့် အပ်ချည်မရှိ။

ဤသို့ဖြင့် သံရုံးဧည့်ခံပွဲရောက်လာ၊ ကိုဘမောင်က သူ့အသိတွေနှင့် အသောက်ဖက်လှည့်၊ မူမူက ကတော်ဝိုင်း ထဲရောက်။ အားလုံးကပုဝါတွေနှင့် ပုဝါစုံချလျှင် အသက်ကြီးသလို ခံစားရ၍ မယူခဲ့မိ သည်မှာ မှားပြီဟု နောင်တရ၏။ ဧည့်ခံပွဲက ကပွဲကပြရာ စိတ်ဝင်စားပြိး မူမူကလက်ခုတ်တီးမိ၍ ဘော်လီကြိုး ချိတ်ပြုတ်၊ လျှောကျ၊ လူကြားထဲတွင် ဂွကျရသည့် အဖြစ်မူမူကိုယ့်ကို အပြစ်တင်မိ။
'ထိုဝတ္ထုတို ကို (၁၉၅၈- ဧပြီ)တွင် ရေးခဲ့လေသည်။'
'လှတစ်မျက်မှာတွင် မျက်နှာလှဖို့၊ ပေါ်ကြော့နေဖို့သာ အားထုတ်နေသော မယား၏ညံ့ဖျင်းကို လည်းကောင်း၊ ကိုယ့်ကျိုးရှာလင်၏ အညံ့အဖျင်းကိုလည်းကောင်း၊ သရောခဲ့သည်'ဟု ဆရာဇောဂျီ က မှတ်ချက် ချခဲ့သည်။
ကျွန်တော်သည် ဂျာနယ်ကျော်မမလေး၏ ၀တ္ထုတိုများကိုဖတ်ရင်း 'လှတစ်မျက်နှာ'တွင် သရုပ်ဖော် လက်ကို သာမက 'သရော်လက်'ကိုပါ သတိထားမိခဲ့လေသည်။

(၃)

ကျွန်မစာရေးတာမှ ထိန်းထိန်းရေးတယ်။ ဟိုဘက်သည် ဘယ်ချိန်ထိုးပြီး မျှမျှတတ ဖြစ်အောင် ဇာတ်ကောင် တွေကို ကိုင်တယ်။ ကျွန်မစာပုဒ်ကို ဝေဖန်ရင် စာဖတ်တဲ့လူဖက်ကနေပြီး ကြည့်တာပဲ။
ဒဂုန်တာရာ ၏ ရုပ်ပုံလွှာ 'မေတ္တာပန်းပွင့်'တွင် ဂျာနယ်ကျော် မမလေး၏ အသံကို ကြားရလေသည်။ ကျွန်တော် သည် ဂျာနယ်ကျော် မမလေး၏ ၀တ္ထုတိုများကို ဆန်းစစ်ကြည့်ရင်း 'လှတစ်မျက်နှာ' တွင် သရုပ်ဖော်ပုံ၊ ဇောင်းပေးချက်နှင့် သရော်လက်ကို တွေ့မိရာမှ တစ်ဆင့်မြင့်တက်လာသော သူ့သရော်ချက် ကို 'ထိုအမော်'တွင် တွေ့ရပြန်လေသည်။

'ထိုအမော'သည် ဦးမောင်မောင်စိန်၊ ဒေါ်ဖြူဖြူနု၊ သမီးဖြူဖြူလင်းစိန်တို့ မိသားစု၏အဖြစ်ကို မူတည် ဖွဲ့ထား၏ ဦးမောင်မောင်စိန်က ဘုရားတရားနှင့် အေးအေးဆေးဆေးနေချင်သူ၊ ဒေါ်ဖြူဖြူ နုနှင့် သမီးဖြူဖြူလင်းစိန် တို့က ပကာသနမက်မောကာ ပစ္စည်းဂုဏ်မောက်သူ၊ (သူတို့မိသားစုတွင် ယခင်က နိုင်လွန်စက်ကြီး ရှိသည်။ ပြည်သူပိုင် အသိမ်းခံရပြီး ပြည်လမ်းကတိုက်ကို သံရုံးငှားထား လိုက်သည်)။ တိုက်နှင့် ကားနှင့် စိန်နှင့် ရွှေနှင့် တစ်သက်စားမကုန်ဟု မာန်ဂုဏ်မောက် ကြ၏။

ထို့ကြောင့်ပင် သူတို့မိတ်ဆွေက သားမောင်လေးအောင် အမ်ဘီဘီအက်စ် ဘွဲ့ရစဉ်က ဖြူဖြူလင်း စိန်နှင့် လာ ကြောင်းလမ်းသည်ကို ဂုဏ်ချင်းမတူဟု အောက်မေ့ကာ သမီးငယ်ပါသေးသည်ဟု လိမ္မာပါးနပ်စွာ ငြင်းခဲ့သည်။ ယခုမောင်လေးအောင်က အက်ဖ်၊ အာစီ၊ အက်စ်ဆရာဝန်ကြီး ဖြစ်ပြီးနောက် ပန်းတိမ် ဆရာဦးလူကလေး ၏ သမီးယဉ်ယဉ်ဥနုင့် လက်ထက်မင်္ဂလာ ဖိတ်စာပို့လိုက် မှ ဒေါ်ဖြူဖြူနုတို့ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ကြကုန်သည်။ ယခုမှလွတ်တဲ့ငါးကြီးပြီး ဖြူဖြူလင်းစိန်မှ မခံနိုင်၍ တဆတ်ဆတ်တုန်ကာ ဖိတ်စာ ကိုပင် ပြီးအောင်မဖတ်နိုင် လွှတ်ချလိုက် သည်။

ထိုမင်္ဂလာဆောင်သို့ မသွားဘူးသွားမယ်နျင့် ချီတုန်ချတုန်ဖြစ်ပြီးမှ ဒေါ်ဖြူဖြူနုက သမီးကို အကြံပေး သည်။ သွားကိုသွားရမယ်၊ သတို့သမီးထက်သာအောင်ဝတ်၊ ဘဲဥနှင့် ကျီးကန်းယှဉ်ပြလိုက်စမ်းဟု သမီးကို မြှောက်ပေးသည်။ သမီးမခံချင်စိတ်ကလည်း ထိပ်တက်လာသည်။ ဖိတ်စာဖြောင့်ဖြောင့် မဖတ်နိုင်၊ မင်္ဂလာရက် မတိုင်မီ သားအမိဗျာများနေကြသည်။ ကမ္ဘာလှည့်စဉ်က ၀တ်ခဲ့သည့် အ၀တ် တွေ ဆွဲထုတ်ရွေး အထာ မကျနိုင်။

နောက်ဆုံး "ဖော့ခရစ်(မီးခိုးနှင့် အပြာရောစပ်ထားသည့် ဖေါ့တို့ခရစ်တို့လိုက်ရှာဝယ်၊ ပြီးတော့ ဒီဇိုင်း ဆရာ ဆီမှာ လိုချင်တဲ့ အင်္ကျီကပြာနုနုလေးဆိုသိပ်လိုက်မှာ" သူငယ်ချင်းများဆီ ဖုန်းတစ်ခုပြီးတစ်ခု လှည့်စုံစမ်း၊ သားအမိကားတစ်စီးနှင့်လိုက်ရှာ (၅)နေရာရောက်ပြီးမှ အ၀တ်စရကာ ဒီဇိုင်းအပ်၊ အမြန်လိုချင်၍ လုပ်ခ(၂)ဆပေးရ မင်္ဂလာရက်မတိုင်မီ တစ်ရက်မှ မနားရ။ စိန်၊ နီလာ၊ ပုလဲအမျိုး မျိုးလဲ ၀တ်ကာဟပ်ကြည့်။ သမီးက စိန်ဘီးစိုက်ချင်သည်ဆို၍ ရှာရပြန်။ တစ်မြို့လုံးအလှပြင်ဆိုင် တစ်ဆိုင်ပြီး တစ်ဆိုင်လှည့်။ မျက်နှာ နှင့် လိုက်ဖက်သည့်ဆံထုံးပုံ၊ မျက်နှာကြောအချဉ်ပြေအောင် ဓာတ်ခွက်နှင့် အချောကိုင် မိတ်ကပ်၊ လည်သည်းဆိုး၊ နီလာနှင့် လိုက်မည့် စိန်ဘယက်ရှာရသေး။ အိမ်ရှိလူကုန်အနားမရ။

အလှပြင်နေသည့် ဖြူဖြူလင်းစိန်အနီးဆွေမျိုးတွေပါ ၀ိုင်းအုံပြင်ပးနေကြ။ "လက်ထပ်မှာက ကိုလူကလေးရဲ့သမီး၊ သတို့သမီးထက် ကိစ္စများနေတာက ငါ့သမီး အင်း အင်း" ဟု ဖခင်ကညည်း၊ အိမ်ရှိလူကုန်ယောက်ယက်ခတ်နေပုံကိုကြည့်ကာ ခေါင်းယမ်းပြီး လွတ်ရာ ကျွတ်ရာဘုရားခန်းဝင်သွား၊ ဒါလဲ အေးအေး မနေ။ ဇနီးက အတင်းခေါ်၊ သမီးကို ကြည့်ခိုင်း၊ ဒေါ်ဖြူဖြူနုမှာ လူများတုန်း သမီးကို သွားနှုတ်ဆက် ဖို့၊ သတို့သားအနားမှာ သတို့သမီးနဲ့ယှဉ်ပြ၊ သတို့သားရဲ့အဖေနဲ့အမေကိုလည်း သေသေချာချာ နှုတ်ဆက်ဖို့ သင်ကြား နေရသည်မှာအမော။

ဤသို့ဖြင့် မင်္ဂလာရက်ရောက်လာ ညနေ(၃)နာရီအမီ အင်းယားလိတ်ဟိုတယ်ခန်းမဆီ မာစီဒီးကား ကြီးနှင့် မိသားစု ထွက်ခဲ့ကြ။ ခန်းမဆီလျှောက် ကားလည် သိပ်မတွေ့ရ။ စောလို့များလား ဇဝေဇ၀ါ ဖြစ်ကာ စားပွဲထိုးလေး မေးကြည့်မှ မင်္ဂလာဆောင်က မနေ့က ပြီးသွားပြီးဟုပြောရာ၊ သူတို့ မွန်နေ သဖြင့် ရက်မှား မှတ်ခဲ့မှန်း သိရ။ ကိုင်း ဘယ်နှယ်ရှိစ၊ မိသားစုချင်းပင် ၀တ်ကောင်းစားလှတွေနှင့် သူ့ငါမကြည့်ရဲက ငါ့သူမကြည့်ရဲ။

အင်းယားလိတ်၏ အအေးဓာတ်သည် ဖြူဖြူ လင်းစိန်တို့ မိသားစုအတွက် မအေးမြနိုင်တော့ဘဲ ချစ်ချစ် တောက် ပူပြင်းသွားလေသည်" ဟု အဆုံးသတ်ထားသည်။
ထိုဝတ္ထုကို (၁၉၇၀ခုနှစ်၊ ဖြူနီညိုပြာ) တွင် ရေးခဲ့သည်။ အထည်ကြီးအလတ်လွှာ၏ သဘောစရိုက်၊ ဂုဏ်တုဂုဏ်ပြိုင် မာန်မာနထိပ်တက်ပုံကြောင့် စိတ်ပန်းလူပန်းဖြင့် အကာပြဲပြဲအနှစ်မဲ့သည့် သဘော ကို သရော်လှောင် ပြောင်ထားသည့် စာရေးသူ၏ သရော်လက်ကို ပီပီပြင်ပြင် မြင်ရပေသည်။

(၄)
ဤ၀တ္ထုတိုများကို ရေးခဲ့စဉ်အခါက ပုဂ္ဂလဓိဌာန်ဖြစ်လာအောင် ကျွန်မအား ထုတ်ရေးသားခဲ့ရသည်။ ဘ၀အသိအမြင် လူ့သဘာဝနှင့် ဘ၀စိတ်ကို ပုံဖေါ်ရေးသားသည့်နေရာ၌ အသိတရား ရှေ့ဆောင် လျက် အထိန်း အချုပ်နှင့် ရှေးရှုပြီ ရေးခဲ့လေသည်။

သူတစ်ပါး၏အကျိုးအကြောင်း၊ သူတစ်ပါး၏အဖြစ်အပျက်၊ သူတစ်ပါး၏ကိစ္စအ၀၀ကို သတိထား တတ်လာလျှင် ထိုသို့ သတိထားလာသည့်အခါကျမှ မိမိအကျိုးအကြောင်း မိမိအဖြစ်အပျက်၊ မိမိ ကိစ္စအ၀၀ ကို သတိထားတတ်မှု ရှိစေနိုင်သည့်အတွက် စာဖတ်သူများသည် ဤ၀တ္ထုတိုများကို ဖတ်ရှုပြီး လူ့သဘာဝ၊ လောကကြီး ၏ သဘာဝကို ပင်ကိုဥာဏ်ဖြင့် ထိုးထွင်း၍ ဆင်ခြင်သုံးသပ် သတိထားမိပါစေရန် စေတနာ လှုံ့ဆော်ရာ မှ မေတ္တာအခြေခံနှင့် ရေးခဲ့ခြင်း ဖြစ်ပါသည်။

ဝတ္ထုတိုပေါင်းချုပ်အမှာတွင် စာရေးသူ၏ တင်ပြချက်နှင့် သူ့ဝတ္ထုတိုသဘောကို ကျွန်တော် ချိန်ထိုး ဆန်းစစ်ကြည့်မိ၏။ "လှတစ်မျက်နှာ"တွင် ပုဂ္ဂလလူ့သဘာဝကို တွေ့ရ၏။ သို့သော်စာရေးသူ၏ အမှာ အတိုင်း ဓမ္မဓိဌာန်ကျအောင် အားထုတ်ထားသည်ကိုလည်း သတိပြုမိ၏။ ထိုသဘောသည် "ထိုအမော"တွင် ပို၍ ထင်ရှားလာသည်ဟု ယူဆမိ၏။ အမှာတွင် "လူ့သဘာဝ၊ လောကကြီး၏ သဘာဝ"ဟု ယှဉ်တွဲ သုံးထား၏။ ထိုသဘောကို "အ၀ယ်နှင့်အလျော်"တွင် ပိုထင်ရှားလာသည်ဟု ခံယူမိသည်။

"အ၀ယ်နှင့် အလျော်"တွင် ဆန်စက်ပိုင်ရှင် မနွေးဝယ်နှင့် ဆန်စက်ကိုဦးစီးဦးနောင်။ ဆန်ရုံးဝန်ထမ်း များနှင့် ထိတွေ့ ဆက်ဆံကြုံတွေ့ရပုံများကို တွေ့ထိရသည်။
မနွေးဝယ် မှာ ငယ်စဉ်ကပင် မိဘမရှိ၊ အဖွားနှင့်ကြီးပြင်းရသည်။ အင်္ဂလိပ်ခေတ် (၁၀)တန်းအောင် ပြီး အဖွား က ကောလိပ်ကျောင်းပို့လိုက်၍ အိုင်အေအထက်တန်းအထိ နေခဲ့ပြီး စစ်ဖြစ်ကနီး အဖွား က စိတ်မချ၍ ကျောင်းတက်ရကာ ကိုယ့်မြို့ကိုယ့်ရွာပြန် နေရသည်။ မနွေးဝယ်တို့၏ဆန်စက်တွင် အုပ်စီးနေသော ဦးနောင်မှာ ဆန်စက်ကြီးနှင့် ဖွားဖက်ဖြစ်သည်။ အဖွားသည် စက်တည်ကတည်းက ဦးနောင်ကို လုံးလုံးလွှဲအပ်ထားသည်။ တစ်နှစ်တွင် စက်ကလည်၍ ရသမျှအခနှင့် လယ်ထွက်စပါး များ ကျိတ်သော ဆန် အရောင်းအ၀ယ်၊ စပါးအရောင်းအ၀ယ်လုပ်ငန်းတစ်ခုလုံး ဦးနောင်သဘော အတိုင်း မျက်နှာ လွှဲထားသည်။

မြို့ရွာငြိမ်သက်၍ မြေးအဖွားနှစ်ယောက် ရန်ကုန်သို့ ပြောင်းလာခဲ့ကြသည်။ ရန်ကုန်အနောက်ပိုင်း၌ တိုက်ခန်း ကလေး ငှားနေကြလျက် စက်မှပို့သောငွေနှင့် မြေးအဖွားနှစ်ယောက် ခပ်ကျစ်ကျစ် သုံးစွဲ နေထိုင် ကြသည်။
မနွေးဝယ်မှာ အလုပ်အကိုင်မရှိဘဲ တိုက်ခန်းထဲတွင် အချိန်ကုန်ရေခြင်းအတွက် ငြီးငွေ့လှသည်။ အဖွားက ကျောင်းဆက် နေခွင့်လည်း မပြု။ အလုပ်လုပ်ရန်လည်း ခွင့်မပေး။ အိမ်ထဲ ပိန်လိန်နေရ သည်။ တစ်ရက် အဖွားညီမအမေဖုံ အညာက ရောက်လာသည်။ မနွေးဝယ်အဖွားနှင့် (၈)နှစ်လုံး လုံး အိမ်တွင်းအောင်နေရာမှ အမေဖုံ တံခါး ဖွင့်ပေးလိုက်သလို ဖြစ်ရသည်။

ဆန်စက်မှ လစဉ်ပို့ပေးနေသော ဦးနောင်၏ စာရင်းတွင် အက်စ်အေအမ်ဘီဆန်ဝန်ထောက် တစ်ရုံး လုံးကို လာဘ်ထိုးရသော ငွေစာရင်းများ အမြဲ ပါတတ်သည်။ မနွေးဝယ်က မကျေနပ်။ ဆန်စက်ကို ကိုယ်တိုင်သွားပြီး အုပ်ချုပ်လုပ်ကိုင်ချင်သည်။ အဖွားက ခွင့်မပြု။ အဖွားညီမ အမေဖုံက မနွေးဝယ် ဘက်က ကူပြောပေးသည်။ "ဒီလောက်လာဘ်ထိုးရတယ်ဆိုတာ ဟုတ်နိုင်ပါ့မလား။ ဦးနောင်မရှိရင် ဒီစက် ဘယ်လိုဦးစီးမလဲ။ အစ်မတို့က အကျိုးအကန်တွေလိုပဲ၊ ဘာမှမသိ" စသည်ဖြင့် အမေဖုံက သူ့ အစ်မကို အခွင့်သင့်တိုင်းနှဲ့သည်။ မနွေးဝယ်ကလည်း သူ့အဖွားကို "လုပ်ငန်းနားလည်ချင်လို့ပါ။ စက်ကို အမြဲမသွားပါ။ ဆန်ရုံးနဲ့ ဆက်သွယ်တဲ့အလုပ်ကို လုပ်မှာပါ" စသည်ဖြင့် အခါခါပူဆာသည်။

အစိုးရဆန် များ ကြိတ်ပြီး၍ စက်ကစာရင်းလာတိုင်း အမေဖုံက အဖွားကိုဘေးတီးပေးသည်။ မနွေးဝယ်မှာ (၃၅)နှစ် ရှိပြီး မဟုတ်မခံချင်စိတ် ရှိသည်။ ကုန်သည်အလုပ်က မျက်နှာချိုရသည် အဖွားကပြောပြ၊ မနွေးဝယ် က အထပ်ထပ်ဆူကာကတိပေး။ နောက်ဆုံးတွင် အဖွားက မလွှတ်ချင် လွှတ်ချင် လွှတ်လိုက် ရသည်။
မနွေးဝယ် တစ်ဦးတည်း သင်္ဘောဆိပ် ထွက်ခဲ့သည်။ သင်္ဘောပေါ်တွင် လူကကျပ်ကုန်စည်တွေ၊ ကြက်ခြင်း တွေနှင့် ဦးခန်းကယူမှ အိမ်သာနံ့ကဆိုးလှသည်။ သင်္ဘောစီးရသည့်အချိန်တွင် အသက် အောင့်ထားရမလို။ စိတ်လည်းအိုက်၊ မျက်စိလည်းရှုပ်၊ သူ့မြို့ရောက်မှ သက်ပြင်းချနိုင်တော့သည်။ သင်္ဘောဆိပ်သို့ ဦးနောင် လာကြိုနေသည်။

ထို့နောက်ပိုင်းတွင် ဦးနောင်ဆက်သွယ်ပေး၍ မနွေးဝယ်က ဆန်ရုံးနှင့် ဆက်ဆံရသည်။ နေရာတိုင်း စားပွဲတိုင်းလာဘ်ထိုး နေရသည်။ ဆန်ရုံးဝန်ထောက်နှင့် ဆက်ဆံရသည်။ ဆန်အမှတ်ပြည့်အောင် ကြိတ်ပေးရေး၊ ဖြူအောင်ကြိတ်ပေးရေး၊ စာချုပ်ရန် လက်နှိပ်စက် စာရေးမှစ၍ လာဘ်ပေးရပုံ မနွေးဝယ် ကိုယ်တိုင် ကြုံရသည်။ စက်ပိုင်ရှင် ပါလာသဖြင့် ပိုတောင်သည်။ ကိစ္စတစ်ခုပြီးတစ်ခု လာဘ်ထိုးရင် နောက်ဆုံးဂုံနီအိတ်နှင့် ကြိုးတုတ်ရန် ဂိုဒေါင်စောင့် ဒရ၀မ်ကုလားကိုပါ လာဘ်ပေးရ ပြန်သည်။ ဒါတွင်မပြီးသေး အက်စ်အေအမ်ဘီမှ အလွတ်ထားသော စက်ထဲ ဆန်ကြည့်ရသည့် စာရေးကိုပါ လာဘ်ပေး ရပြန်သည်။ မပေးပါက "စက်ရပ်လိုက်ပါ၊ ဒီဆန်မယူနိုင်ဘူး"နှင့် ပါဝါပြနေ တော့သည်။

ဆန်စက်ပိုင်ရောက်နေ၍ ဆန်ရုံး ရုံးသူ၊ ရုံးသားများ ဆန်စက်သို့ မကြာခဏပျော်ပွဲစား ထွက်လာ သည်။ သူတို့စားဖို့သောက်ဖို့ စာပိုင်ရှင်က တာဝန်ယူရသည်။
မနွေးဝယ်မှာ ထွက်လာခဲ့တာမှားပြီဟု သက်ပြင်းခဏ ခဏချရ၏။ စက်၌ဆန်ကြိတ်ပြီးသွား၍ တောစက်က မြို့အပ်ရန် စက်မှစာရေးက ဆန်ကြိတ်ပြီးကြောင်းပေးလိုက်သော စာရင်းနှင့် ဆန်နမူနာကို ဆန်ရုံး အင်စပက်တော် ထံတင်ပြကာ ဂိုဒေါင်နေရာ တောင်းရပြန်သည်။ ပေးတာ နည်းနေ၍ ပြန်ရက်ချိန်းရန် ပြောသဖြင့် ကမန်းကတန်း တောင်းသည့်ငွေကို ပေးလိုက်ရသည်။
"မိရိုးဖလာနတ် ကို ကိုးရတာထက်ဆိုးပါကလား"ဟု ဂျာနယ်ကျော်မမလေး ရေးခဲ့သည်။ ကိစ္စကမပြီး နိုင် ဆက်၍ဆက်၍ မနွေးဝယ်မှာ ဆိုင်ရာကြီးကြီးငယ်ငယ်တို့အား ပသရသောကြေးကို ကိုယ်တွေ့ မျက်မြင် ဖြစ်တော့ မှ ဦးနောင် အပေါ်မှာ ယုံမှားသံသယများ ကင်းရှင်းသွားသည်။

ဆန်သွင်းပြီး၍ ငွေတိုက်မှာ ငွေသွားထုတ်ရာမှာပင် အစွန်းထွက်များ အဖြတ်ခံရသည်။ မနွေးဝယ်မှာ ဆန်များဂိုဒေါင်ထဲအရောက် ရှေ့လျှောက်စခန်းသွားရမည့် စခန်းစဉ်ကြီးကို တွေးကာ စိတ်မောနေစဉ် ရွှေမန်း တင်မောင်ပွဲရှိသဖြင့် ဆန်ရုံးက ဖျာလက်မှတ်(၁၀)စောင် ဖြတ်ပေးပါဟု လာ ပြန်သည်။
ဤသို့ဖြင့် စိတ်မောနေစဉ် "စက်ကကြိတ်ပြီးသွင်းလိုက်သည့်ဆန်တွေကို ရန်ကုန်မြစ်ထဲသို့ နိုင်ငံခြား ဆန်ဝယ်တဲ့ သင်္ဘောကြီးက အတင်မခံဘဲပယ်လိုက်လို့ ဆန်ကုန်သည်တွေစုလျော်ရမတဲ့။ အဲဒီမှာ မနွေးဝယ် တို့ ဆန်တွေပါသတဲ့။

မနွေးဝယ်စိတ်မောပြီး ရန်ကုန်အပြန် သင်္ဘောပေါ်မှာ စိတ်မသက်မသာ အသက်အောင့်ပြီး စီးရပြန် သည်။ ရန်ကုန်ဆိပ်ကမ်းရောက်ကာနီးမျှော်ကြည့်လိုက်ရာ မြစ်လယ်၌ နိုင်ငံခြားသင်္ဘောကြီး တစ်စီး ကျောက်ချရပ်ထားသည်ကို တွေ့ရ၏။ သင်္ဘောကြီးနှင့် ကပ်လျက်ဆိုက်ထားသော စီဘီဆန်တွဲများ ကို မြင်လိုက် ရသည်။

"မနွေးဝယ်သည်အဝေးမှ စီဘီတွဲများကိုငေး ကြည့်ရင်း စိတ်ထဲ၌ ရွတ်ဆိုနေမိလေသည်။ "လျော်ရ ချေသေးရဲ့" ဟု ၀တ္ထုကို အဆုံးသပ်ထားပေသည်။
"အ၀ယ်နှင့်အလျော်" ၀တ္ထုတိုကို (၁၉၅၇ခု၊ ရှုမ၀)တွင် ရေးခဲ့သည်။ ထိုဝတ္ထုတိုတွင် အဂတိလိုက် စားကြသော ပြည်သူ့ဝန်ထမ်းအချို့၏ အမူအယာကို အသေးစိတ်တင်ပြထားကြောင်း တွေ့နိုင်ပေ သည်။ ဂျာနယ်ကျော်မမလေး၏ အဆိုအတိုင်းပင် "လူ့သဘာဝ၊ လောကသဘာဝ"ကို ဤ၀တ္ထုတွင် ယှဉ်တွဲ မြင်ရပေသည်။ ထို့ပြင် ဤ၀တ္ထုတွင် သရုပ်ဖော်အဖွဲ့ရိုးရိုးအဆင့်မှ သရုပ်မှန်သဘောပါသော သရော်ချက်ကို ပီပီ ပြင်ပြင် မြင်လာရသည်ဟု ကျွန်တော်ယူဆမိပေ၏။

စာရေးသူ - ကြည်နိုင်
ပိတောက်ပွင့်သစ် မဂ္ဂဇင်း ဂျူလိုင်
.

2 comments:

mashwemi said...

ဆောင်းပါးက နှစ်ပုဒ်ပေါင်းတင်လိုက်တယ်နဲ့ တူတယ်နော် မမရွှေစင်ရေ။ အန်တီသိင်္ဂီက နှမ်းတစေ့ ဆိုတဲ့ နာမည်နဲ့ ဆောင်းပါးတစ်ပုဒ်၊ ကြည်နိုင်က ဂျာနယ်ကျော်မမမလေး၏သရုပ်မှန်နှင့် သရော်စုတ်ချက် ဆိုတဲ့ဆောင်းပါး။ မဂ္ဂဇင်း မာတိကာကြည့်ပြီးပြောတာပါ။ :) အန်တီသိင်္ဂီရေးတာဖတ်ချင်နေတာ။ ကျေးဇူးတင်ပါတယ်နော်။

SHWE ZIN U said...

၂ပုဒ် ဖြစ်သွားတယ် မရွှေမိရေ တကယ်တော့ ကျနော် လည်း တပုဒ်ဘဲတင်တာ ကလေး တွေ စာဆက်ရိုက်ထားတာ ပေါင်းသွားတာ မခွဲလိုက်မိတာ ပြန်ခွဲပေးထားလိုက်မယ်နော်

ကျေးဇူးပါ
ရွှေစင်ဦး