အခန်း (၅) အဆက်
ထိုစကားမျိုး ကြားနေရသော်လည်း ခရိတ်သည် တိုင်းရင်းသား လူမည်းများ အပေါ်မုန်းတီးစိတ် မဖြစ်ပေါ်မိချေ။ တော်လှန်ရေးစစ်ပွဲ (သို့မဟုတ်) ပြည်တွင်းစစ် ဖြစ်ပွားစဉ်ကာလက မျက်နှာဖြူနှင့် တိုင်းရင်းသား လူမည်းများသည် တစ်ဖက်နှင့် တစ်ဖက် မုန်းတီးစက်ဆုပ်စွာဖြင့် သဲသဲမဲမဲတိုက်ခိုက် ခဲ့ကြသည်မှာ မှန်သော်လည်း ခရိတ်အနေဖြင့်ကား မာတာဘယ်လီ တိုင်းရင်းသားများအပေါ် အထူး ခင်မင်လျက် သံယောဇဉ် ရှိခဲ့လာသည်။ သူတို့တိုင်းရင်းသားများ၏ မျိုးရိုးဇာတိဂုဏ်ကို တန်းဖိုးထားကြပုံ၊ ဇာတိမာန် တက်ကြွပုံတို့ကိုလည်း လေးစားမိခဲ့သည်။
ထို့ကြောင့် ယခုပြောက်ကျား လူမည်းသုံးဦးတို့က မျက်နှာဖြူတပ်များနှင့် တိုက်ခိုက်ခဲ့ပုံတွေကို မြိန်ရေရှက်ရေ ပြောနေလင့်ကစား ခရိတ်သည် စိတ်ငြိုငြင်ခြင်း ဒေါသထွက်ခြင်း မဖြစ်ပဲ ခင်မင်ရင်း နှီးစွာပင် ဆက်ဆံ စကားပြောလေသည်။
လူမည်းသုံးဦးကလည်း ခရိတ်၏ ဆက်ဆံပုံကို ကြည့်ပြီး မိတ်ဆွေအဖြစ် သဘောထားလိုသည့် ဟန်မျိုး ဖြစ်လာလေသည်။ စရိတ်ကိုလည်း နာမည်ရင်းကို အသုံးမပြုဘဲ သူတို့ပေးသည့် ကူဖီလာ ဟူသော နာမည် နှင့်ပင် ခေါ်ကြလေသည်။
"ဒါထက် ကူဖီလာ၊ ခင်ဗျားက ဘာကြောင့် ဒီတိုင်းပြည်ကို ပြန်လာခဲ့ရတာလဲ။ ခင်ဗျားလာပုံက လက်နက် ဆိုလို့ တုတ်တစ်ချောင်းမပါဘဲ ကျားသစ်ရဲ့ ဂူတွင်းကို ၀င်လာတာနဲ့ တူတယ်။ ခင်ဗျားအနေနဲ့ ကျုပ်တို့ တော်လှန်ရေးပြောက်ကျားတွေ ရှိနေတာကိုလည်း သိထားမှာပါ။ ဒါနဲ့များ ခင်ဗျားက ဒီအရပ်ကို တစ်ယောက် တည်း အရဲစွန့်ပြီး လာခဲ့တာာ ဘာကြောင့်လဲ"
ပြောက်ကျား လူမည်းများက မေးရာခရိတ်ကလည်း သွက်လက်စွာပင် ပြန်ပြောလေသည်။
"ဟုတ်ပါတယ်၊ ကျုပ်က ခင်ဗျားတို့တွေအကြောင်း၊ ကြိုတင်ကြားသိနေတာ အမှန်ပါပဲ။ ခင်ဗျား တို့ဟာ အလွန်သတ္တိရှိပြီး တိုက်ရည်ခိုက်ရည် ကောင်းတယ်ဆိုတာ လည်းသိတယ်။ ခင်ဗျားတို့က တစ်ချိန်က နာမည်ကျော်ကြားခဲ့တဲ့ မာဇီလီကာဇီရဲ့ စစ်သည်ရဲမက်တွေလိုပဲ ထူးချွန်တက်မြက်တဲ့ လူတွေဆိုတာလည်း ကြားရ ပါတယ်"
ခရိတ် မြှောက်ပင့်သလို ပြောလိုက်ရာ လူမည်းသုံးဦးတို့သည် ကျေနပ်သဘောကျသွားပုံ ရလေ သည်။
"ကျူပ် အခုလာခဲ့တာကတော့ ခင်ဗျားတို့နဲ့ စကားပြောချင်လို့ ပါပဲ"
ခရိတ် က ဆက်ပြောလိုက်ရာ ရဲဘော် လွတ်ကောက်ဆိုသူက.........
"ဘာကြောင့် စကားပြောချင်တာလဲ"ဟု ပြန်မေးလိုက်သည်။
"ကျုပ်က စာအုပ်တစ်အုပ် ရေးမလို့ပါ။ အဲဒီစာအုပ်ထဲမှာ ခင်ဗျားတို့ မာတာဘယ်လီ တိုင်းရင်း သားတွေ အကြောင်း၊ ဘာကြောင့် ခင်ဗျားတို့က ဆက်ပြီး တိုက်နေရတယ်ဆိုတဲ့ အကြောင်းတွေ ကို အမှန်အတိုင်း ကျုပ် က ထည့်ရေးဖို့ရည်ရွယ်တယ်"
"စာအုပ်ရေးမှာလား"
ရဲဘော် ပီကင်းက မယုံသင်္ကာဖြစ်ဟန်နှင့် မေးပြီး ရဲဘော်ဒေါလာကလည်း.......
"ဘယ်လို စာအုပ်မျိုးလဲ"ဟု မေးလေသည်။
ရဲဘော် လွက်ကောက် ခေါ်ပြောက်ကျားခေါင်းဆောင်ကလည်း သဘောမကျ သည့်ဟန်မျိုး ဖြစ်လာသည်။
"ခင်ဗျား က ဘယ်သူမို့လို့ စာအုပ်ရေးမှာလဲ၊ ခင်ဗျားကိုကြည့်ရတာ အသက်ငယ်ငယ် ရှိသေးတယ်။ ကျုပ် နားလည် သလောက် စာအုပ်ရေးတဲ့ စာရေးဆရာများဟာ အသက်ကြီးကြီး ပညာဗဟုသုတ ကြွယ်ဝတဲ့ လူကြီး တွေသာ ဖြစ်တယ်"
အမှန်တော့ ရဲဘော်လွတ်ကောက်သည် အာဖရိကတိုင်းရင်းသား အများစုနည်းတူ စာအုပ်များကို ကြောက်ရွံ့ လေးစားပြီး စာအုပ်ရေးသူ စာရေးဆရာကြီးများကိုလည်း ကြောက်လန့်သည့် သဘာဝ ရှိသဖြင့် ဤသို့ ပြောလိုက်ခြင်း ဖြစ်သည်။
"ခင်ဗျား က ခြေတစ်ဖက်တည်းရှိတဲ့ စာရေးဆရာပေါ့၊ ဟုတ်လား"
ဒေါ်လာ ဆိုသူက ရယ်စရာလို သရော်သည့်ဟန်ဖြင့် ပြောပြန်သည်။ ထိုအချိန်၌ ရဲဘော်ပီကင်းသည် သူ၏ ရိုင်ဖယ်သေနတ် ကို ပြန်ကောက်ယူလိုက်သည်။
"ဒီလူက စာအုပ်အကြောင်း ကို လိမ်ပြောတာဖြစ်ရင် ရဲဘော်ကြီး တွန်ဂါတာနဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ ဆိုတာလည်း လိမ်ပြောတာ ဖြစ်မှာပဲ"
ဒေါ်လာက ဤသို့ပြောပြန်ရာ ခရိတ်သည် လုံးဝစိုးရိမ်တုန်လှုပ်ခြင်း မဖြစ်ဘဲသူ၏ ကျောပိုးအိတ်ထဲ မှ စာအိတ်ထူထူ တစ်အိတ်ကို ဆွဲထုတ်ယူလိုက်သည်။ ထိုစာအိတ်ကို ဖွင့်လိုက်သောအခါ သတင်း စာဖြတ်ပိုင်း အတော် များများ ထွက်လာလေသည်။
ခရိတ်သည် သတင်းစာ ဖြတ်ပိုင်းထဲမှ တစ်ခုခုရွေးထုတ်ပြီး ပြောက်ကျားခေါင်းဆောင် ရဲဘော် လွတ်ကောက် အား လှမ်းပေးလိုက်သည်။
ပြောက်ကျား သုံးဦးစလုံး သည် သတင်းစာဖြတ်ပိုင်းများကို မြင်လျှင် စောစောကလို အထင်သေးပြီး လှောင်ပြောင် သရော်လိုသည့် ဟန်မျိုးမဟုတ်တော့ဘဲ စိတ်ဝင်စားလာပုံ ရလေသည်။
အမှန်အားဖြင့်လည်း ခရိတ်၏စာအုပ်မှ ဇာတ်လမ်းကို ဇင်ဘာဘွေနိုင်ငံ ရုပ်မြင်သံကြား အစီအစဉ်မှ တီဗွီ ဇာတ်လမ်း အဖြစ် ထုတ်လွှင့်ပြသခဲ့ပြီး ဖြစ်သည်။ ယင်းဇာတ်လမ်းမှ ဇင်ဘာဘွေနိုင်ငံ မာတာဘယ်လီ တိုင်းရင်းသား တို့ အကြောင်းဖြစ်ပြီး သူတို့၏ ခေါင်းဆောင် (တိုင်းရင်းသားများက ဘုရင်ဟုသတ်မှတ်သူ) မာဇီလီကာဇီ အကြောင်း ပါဝင်လေသည်။
သတင်းစာဖြတ်ပိုင်းမှာ ရုပ်မြင်သံကြားဇာတ်လမ်း ဖန်တီးရိုက်ကူးပုံအကြောင်း ရေးသားထားသော သတင်းဆောင်းပါး တစ်ပုဒ် ဖြစ်လေသည်။ သတင်းဓာတ်ပုံလည်း ဖော်ပြထားရာ ဓာတ်ပုံထဲတွင် ခရိတ်သည် ထို ဇာတ်လမ်း ရိုက်ကူးစဉ် သရုပ်ဆောင်များနှင့်အတူ တွဲရိုက်ထားသောပုံ ဖြစ်သည်။
မာတာဘယ်လီ တိုင်းရင်းတို့၏ဘုရင် မာဇီကာဇီအဖြစ် အမေရိကန်လူမည်း (ကပ္ပလီ) ရုပ်ရှင် သရုပ်ဆောင် တစ်ဦးက ပါဝင်သရုပ်ဆောင်ထားလေရာ ပြောက်ကျားသုံးဦးတို့သည် ဓာတ်ပုံထဲမှ ထိုလူအား ချက်ချင်း မှတ်မိကြပုံရလေသည်။
"ဟာ ဘုရင်ကြီး မာဇီလီကာဇီပါကလား"
ရဲဘော်လွတ်ကောက်က တအံ့တသြ ရေရွတ်လိုက်သည်။
ဓာတ်ပုံထဲ မှ အမေရိကန် လူမည်းသရုပ်ဆောင်သည် ဇာတ်လမ်းအရ ကျားသစ်ရေ၀တ်စုံနှင့် ငှက်တောင် ခေါင်းဆောင် (ဦးထုပ်)တို့ဖြင့် ၀တ်စားဆင်ယင်ထားလေရာ မာတာဘယ်လီ တိုင်းရင်း သားဘုရင်ကြီး မာဇီလီကာဇီ နှင့် အလွန်တူနေပေသည်။
"ဘုရင်ကြီး နဲ့အတူ ရပ်နေတာက ခင်ဗျားပါကလား"
ပြောက်ကျားများက ဓာတ်ပုံထဲမှ ခရိတ်ကိုမြင်ပြီး မှတ်ချက်ချကြလေသည်။
နောက် သတင်းစာ ဖြတ်ပိုင်းတစ်ခုမှ ခရိတ်ကိုမြင်ပြီး မှတ်ချက်ချကြလေသည်။
နောက်သတင်းစာ ဖြတ်ပိုင်းတစ်ခုမှာ ခရိတ်၏စာအုပ်ထုတ်ဝေသူ နယူယောက်မြို့ စာပေထုတ်ဝေ ရေးတိုက် မှ အထူးအစီအစဉ်အဖြစ် ဖန်တီးရိုက်ကူးထားသော ဓာတ်ပုံတစ်ပုံဖြစ်လေသည်။
ဓာတ်ပုံတွင် နယူးယောက်မြို့ နာမည်ကြီးစာအုပ်ဆိုင်ရှေ့၌ ခရိတ်က ရပ်နေပြီး သူ၏နောက်တွင် သူ ရေးသော စာအုပ်ပုံဧရာမ ပိုစတာကြီးတစ်ခု ထောင်ထားလေသည်။
ထိုပုံ ကိုမြင်လျှင် ပြောက်ကျား လူမည်းသုံးဦးတို့သည် အလွန်အံ့သြသွားကြလေသည်။
"ဟာ.......အဲဒီစာအုပ်ကို ခင်ဗျားကိုယ်တိုင် ရေးတာလား"
ဤသို့ တအံ့တသြ ရေရွတ်လိုက်ကြသည်။
"ကိုင်း၊ အခုခင်ဗျားတို့ ကျုပ်ပြောတာ ယုံပြီလား"
ခရိတ် က မေးလိုက်ရာ ပြောက်ကျားခေါင်းဆောင် လွတ်ကောက်သည် ချက်ချင်း ပြန်မဖြေဘဲ သတင်းစာဖြတ်ပိုင်း မှ ဓာတ်ပုံကို သေချာစွာ ပြန်ကြည့်နေသည်။
ခဏမျှ ကြာတော့ သတင်းစာဖြတ်ပိုင်းကို ခရိတ်လက်သို့ ပြန်ပေးရင်း......
"ကူဖီလာ၊ ခင်ဗျားဟာ အသက်ငယ်ပေမယ့် တကယ်အရေးပါတဲ့ စာအုပ်ရေး ဆရာတစ်ဦး အမှန်ပါ ပဲ"ဟု ပြောလေ သည်။
ပြောက်ကျားသုံးဦးတို့သည် ခရိတ်အား ကောင်းစွာယုံကြည် စိတ်ချလာပြီဖြစ်ရာ သူတို့၏ခံစားချက်၊ မကျေနပ်ချက်၊ နစ်နာချက်တွေအကြောင်း အဆက်မပြတ်ပြောကြ လေတော့သည်။
အာဖရိကတိုက် မှ တိုင်းရင်းသားများ၏ ရိုးရာအစဉ်အလာ ဓလေ့တစ်ခုမှာ မကျေနပ်ချက်၊ နစ်နာ ချက် တစ်စုံတရာ ရှိလျှင် ရံဖန်ရံခါ ထိုကိစ္စများကို ကြားနာအဆုံးဖြတ်ပေးသည့် အင်ဒါဘာခေါ် အခမ်းအနားတစ်ခု ပြုလုပ် ပေးလေ့ရှိသည်။
ထိုအခါ အသက်ကြီးကြီး ဥာဏ်အမြော်အမြင်ရှိသူ တိုင်းရင်းသား လူကြီးများက တရားရုံးသဖွယ် ထိုင်၍ ကြားနာ ကြသည်။ ထိုနောက် လူကြီးများကပင် တရားသူကြီး အဖွဲ့ကဲ့သို့ စဉ်းစားချိန်ဆပြီး အဆုံးအဖြတ် ပေးလေ့ ရှိသည်။
ယခုပြောက်ကျား လူမည်းသုံးဦးက ခရိတ်အား သူတို့၏ နစ်နာချက်၊ မကျေနပ် ချက်များကို ပြောဆို တင်ပြနေပုံမှာ ရိုးရာတိုင်းရင်းသား အင်ဒါဘာပွဲတွင် တင်ပြအရေးဆို နေကြပုံနှင့် တူနေ လေသည်။
သုံးယောက် သား ပြောနေကြသည်မှာ အဆက်မပြတ်နိုင်သဖြင့် အချိန်ကတဖြည်းဖြည်း ကုန်သွားလေရာ ကောင်းကင် မှနေသည် မွန်းတည့်သွားပြီးနောက် ညနေစောင်း နေ၀င်လုဆဲ အချိန်ထိအောင်ပင် ကြာသွား လေသည်။
သူတို့ ပြောဆိုင်တင်ပြသည့် အဓိက အချက်များကတော့ အာဖရိကတိုက်ကြီး တစ်ခုလုံး ၀မ်းနည်းဖွယ် အခြေ အနေ အကြောင်း၊ အကြမ်းဖက်မှုတွေများနေ၍ တိုင်းရင်းသားများသာလျှင် ထိခိုက်နစ်နာနေရသည့် အကြောင်း၊ အထူးသဖြင့် တိုင်းရင်းသား လူမျိုးအုပ်စု အချင်းချင်း ရန်သူသ ဖွယ်ပဋိပက္ခဖြစ်ပြီး တိုက်ခိုက် နေခြင်းကြောင့် အလွန်ဝမ်းနည်းဖွယ် ဖြစ်နေရပုံအကြောင်း စသည်တို့ပင် ဖြစ်သည်။
ခရိတ်သည် စိတ်ရှည်လက်ရှည် နားထောင်နေရင်း အခြေအနေကိုသလောပေါက် မိလေသည်။ ယုခုပြောက်ကျားသုံးဦး ပြောနေသော တိုင်းရင်းသားလူမျိုးအုပ်စု အချင်းချင်း ပဋိပက္ခဆိုသည်မှာ လည်း ထိုသူ သုံးဦးတို့၏ မာတာဘယ်လီလူမျိုးနှင့် လက်ရှိအာဏာရ ရှိုနာလူမျိုးတို့ ပဋိပက္ခပင် ဖြစ်ကြောင်း ကိုလည်း ခရိတ်က သိထားပြီး ဖြစ်ပေသည်။
"သူတို့တွေက အလကားလူတွေ၊ တိရစ္ဆာန်သာသာပဲရှိတယ်။ သတ္တိလည်းမရှိဘူး။ ရင်ဆိုင်လည်း မတိုက်ဝံ့ ဘဲ တော်ခွေးများလို နောက်ကျောကမှ အလစ်ဝင်တိုက်ဝံ့တဲ့ သတ္တ၀ါတွေ ဖြစ်တယ်"
ရဲဘော်လွတ်ကောက်က ရှိုနာလူမျိုးတို့အား အလွန်နာကြည်းဟန်ဖြင့် ပြောလေသည်။
ဤသို့ ပြောသည်ကိုလည်း ခရိတ်က အဓိပ္ပယ်နားလည် လေသည်။
မာတာဘယ်လီ တိုင်းရင်းသားတို့သည် ရိုးရာအစဉ်အလာအားဖြင့် သတ္တိရှိပြီး စစ်တိုက်ဝါသနာပါ ကြသည်။ ရှိုနာလူမျိုး တို့က အရောင်းအ၀ယ် စီးပွားရေးလုပ်ငန်း ၀ါသနာပါသူကပါပြီး နိုင်ငံရေးလုပ် ရန် ၀ါသနာ ပါသူတွေလည်း များသည်။ ဥာဏ်နီဥာဏ်နက်များတတ်သည်။ ယင်းကြောင့်ပင်လျှင် မာတာဘယ်လီ တို့က ရှိုနာလူမျိုးများအား အထင်သေးတတ်ကြသည်။
"ကျုပ်တို့ရဲ့ မူလခေါင်းဆောင် ဘုရင်ကြီးမာဇီလီကာဇီက လင်ပိုပို အရပ်က တစ်ဆင့်မြစ်ကြီးကို ဖြတ်ကူးလာခဲ့တဲ့ အချိန်ကစပြိး ရှိုနာလူမျိုးတွေဟာ ကျုပ်တို့ရဲ့ နောက်လိုက်ခွေးတွေ ဖြစ်ခဲ့တယ်"
ဤ သို့လည်း ပြောက်ကျားသုံးဦးတို့က ရှိုနာလူမျိုးများအား စက်ဆုပ်ဟန်ဖြင့် ပြောကြလေသည်။
အာဖရိကတိုက်တွေ တိုင်းရင်းသား လူမျိုးအုပ်စု တစ်စုက သြဇာလွှမ်းမိုးပြီး ကျန်တိုင်းရင်းသား လူမျိုး အုပ်စုများ နေရာမရဘဲ အနှိမ်ခံရသည့်အဖြစ်မျိုးမှာ ဇင်ဘာတွေ နိုင်ငံတစ်ခုတွင်သာ ဖြစ်သည် မဟုတ်ချေ။ မြောက်ပိုင်း ဒေသတွင်လည်း စစ်မက်တိုက်ခိုက်ခြင်း ၀ါသနာပါသော မာဆိုင်တိုင်းရင်း သားအုပ်စုက ကီကူယူ လူမျိုးများအား တိုက်ခိုက်အနိုင်ကျင့်ပြီး ကြီးစိုးလွှမ်းမိုးခဲ့လေသည်။
တစ်ဖန် အာဖရိကတိုင်းရင်းသားများတွင် ခန္ဓာကိုယ်အထွားကျိုင်းဆုံး ၀ါတူဆီလူမျိုးများ (အရပ် အမောင်း ခုနစ်ပေ ကျော်ပြီး ခြောက်ပေခွဲထက် အရပ်နိမ့်သူများကို အလွန်စက်ဆုပ် အထင်သေး တတ်သူများ)က အကြမ်းဖက် မှု လုံး၀၀ါသနာမပါသူဟူတူ တိုင်းရင်းသားတို့အား အနိုင်ကျင့်ကာ ကျေးပိုင်ကျွန်ပိုင်များ အဖြစ် ဖမ်းဆီး ဖိနှိပ် ထားခဲ့လေသည်။
သို့သော်မျက်နှာဖြူတို့၏ ကိုလိုနီအစိုးရ ထွက်ခွာသွားသောအခါ၌မူ အနှိပ်ခံဟူတူ လူမျိုးတို့သည် မခံမရပ်နိုင် ဖြစ်လာရာမှ နာကြည့်းဒေါသထွက်လျက် သူတို့အား နှိပ်စက်ခဲ့သူ ၀ါတူဆီတို့အား ပြန်လည် တိုက်ခိုက် သတ်ဖြတ်သည့် ဖြစ်ရပ်မျိုးတွေလည်း ရှိပေသည်။
စစ်တိုက်ဝါသနာမပါသူ တိုင်းရင်းသား လူမျိုးများသည် နိုင်ငံရေးတွင် ပိုမိုကျွမ်းကျင်ကြသဖြင့် မျက်နှာဖြူ အစိုးရ လက်အောက်မှ လွတ်မြောက်လာချိန်တွင် နိုင်ငံရေးပရိယာယ် ကြွယ်ဝမှုကြောင့် အစိုးရအာဏာ ရရှိ တတ်ကြသည်။
ယင်းအဖြစ်မျိုး ဇင်ဘာဘွေနိုင်ငံတွင် ဖြစ်လာခဲ့ပေသည်။ လူဦးရေအားဖြင့် ပိုများသော ရှိုနာတိုင်း ရင်းသား တို့က မာတာဘယ်လီ လူမျိုးများအပေါ် လွှမ်းမိုးကြီးစိုးနိုင်သည့် အခြေအနေမျိုး ဖြစ်လာခဲ့ ပေသည်။
"ကျုပ်တို့ လူတစ်ယောက်ဆိုရင် ရှိုနာလူမျိုး ငါးယောက်ရှိနေတယ်။ ဒီလိုလူဦးရေများတာနဲ့ပဲ ကျုပ်တို့ အပေါ် သြဇာလွှမ်းမိုး ကြီးစိုးခွင့် ရှိမယ်ဆိုရင် ဘယ်အဓိပ္ပာယ်ရှိမလဲ။ တရားမျှတမှု ဘယ်ရှိပါ့မလဲ။ ကျေးကျွန် ငါးယောက် ရှိတာနဲ့ တစ်ယောက်တည်း ဖြစ်တဲ့ ဘုရင်ကိုနိုင်ရမှာလား။ မျောက်ငါးကောင်က စုပြီး ခြိမ်းခြောက် တာ နဲ ခြင်္သေ့မင်းက ကြောက်ရမှာလား"
ရဲဘော်လွတ်ကောက် က နာကြည်းစွာဖင့် ပြန်ပြောသည်။
"အင်္ဂလန်နဲ့ အမေရိကန်မှာတော့ ဒီစနစ် သဘောမျိုးပဲ ကျင့်သုံးနေကြတယ်ဗျ၊ လူအများစုရဲ့ သဘောထား ဆန္ဒ ကို အဓိကထား ဦးစားပေးကြရတယ်"
ခရိတ်က ဒီမိုကရေစီစနစ်၏ အခြေခံသဘောကို ပြောလိုက်ရာ ရဲဘော်လွတ်ကောက်က လက်မခံ ဘဲ ခေါင်းခါ လိုက်သည်။
' ကျုပ်တို့ကတော့ အဲဒီလို လူအများစုရဲ့ ဆန္ဒကို ဦးစားပေးတဲ့ စနစ်ကို လုံးဝ လက်မခံနိုင်ဘူး။ ဒီစနစ် မျိုးက အင်္ဂလန် နဲ့ အမေရိကန်လို နိုင်ငံတွေမှာ နေရာကျချင်ကျမယ်။ ဒါပေမဲ့ အာဖရိကတိုက်မှာတော့ ဘယ်နည်း နဲ့မှ မဖြစ်နိုင်ဘူး။ ကျုပ်တို့အနေနဲ့ ကျုပ်တို့ထက် လူဦးရေများတဲ့ ရှိုနာလူမျိုးတွေ သြဇာလွှမ်း မိုးပြီး ဗိုလ်ကျ နေတာ ကို လုံးဝ လက်မခံနိုင်ဘူး။ သူတို့က ကျုပ်တို့ထက် လူဦးရေ ငါးဆမကလို့ အဆတစ်ရာ ပိုများ နေရင်တောင် လူများလို့ဆိုပြီး ဗိုလ်ကျတာမျိုးကို မခံနိုင်ဘူး။ ကျုပ်ဟာ မာတာဘယ် လီလူမျိုးဖြစ်တယ်။ ကျုပ် ကို အမိန့်ပေးနိုင်သူဆိုလို့ မာတာဘယ်လီ ဘုရင်တစ်ဦးတည်းပဲရှိတယ်။ တခြား ဘယ်သူ့အမိန့်ကိုမှ မနာခံဘူး '
ခရိတ်သည် ထိုစကားကို စဉ်းစားမိလေသည်။ ရဲဘော်လွတ်ကောက်ကဲ့သို့ မာတာဘယ်လီ တိုင်းရင်း သား တို့၏ တွေးခေါ်ယူဆပုံကိုလည်း နားလည်မိသည်။ ဤကား အာဖရိကတိုက်မှ တိုင်းရင်းသားတို့၏ သမားရိုးကျ အယူအဆပင်ဖြစ်သည်။
မျက်နှာဖြူတို့က ကိုလိုနီစနစ်ဖြင့် အုပ်စိုးနေခဲ့စဉ်က ထိုအတွေးအခေါ်မျိုးတွေအခိုက်အတန့် တိမ်မြှုပ် နေသော်လည်း ယခုတစ်ဖန် ပြန်လည် နိုးကြားရှင်သန်လာခြင်းဖြစ်လေသည်။
ထောင်ပေါင်းများစွာသော အင်္ဂလိပ် လူမျိုးလူငယ်များအကြောင်းကိုလည်း ခရိတ်က ဆက်လက်တွေး မိပြန်သည်။ ထိုလူငယ်များသည် ဗြိတိသျှ ကိုလိုနီဝန်ထမ်းခေါ် ကိုလိုနီနိုင်ငံများတွင် အုပ်ချုပ်ရေးဘက် ၌ မများလှသော လစာငွေဖြင့် အမှုထမ်းကြသူများဖြစ်ရာ ယခု ဇင်ဘာဘွေဖြစ်လာသော ရိုဒီရှားနိုင်ငံ တွင်လည်း လာရောက်၍ ဆင်းရဲပင်ပန်းခံကာ အမှုထမ်းခဲ့ကြသည်။ သူတို့သည် ဇင်ာဘွေကဲ့သို့သော နိုင်ငံများကို တိုးတက်ဖွံ့ဖြိုးအောင် ကြိုးစားပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်အမှုထမ်းကြသူများ ဖြစ်သည်။
သို့သော် လက်တွေ့အားဖြင့်မူကား သူတို့ ရည်မှန်းသလို ဖြစ်မလာခဲ့ချေ။ နောက်ဆုံး အကြီးအကျယ် စိတ်ဓာတ်ကျဆင်းလျက် အင်္ဂလန်နိုင်ငံသို့ ပြန်ကြရကုန်လေသည်။ သူတို့အကြီးအကျယ် မျှော်မှန်းခဲ့ သော ရည်ရွယ်ချက်များ အကောင်အထည်ပေါ်မလာသည့် အခြေအနေဖြင့်သာ အဆုံးသတ်ခဲ့ရလေ သည်။
အာဖရိကတိုက်တွင် ဗြိတိသျှ ကိုလိုနီစနစ်အရ ပိုင်းခြားသတ်မှတ်ခဲ့သည့် နယ်ခြားသတ်မှတ်ချက်များ သည် အလွန် ပိရိသေသပ်ပြီး စနစ်ကျလှပေသည်။ များသောအားဖြင့် နယ်ခြားသတ်မှတ်ရာတွင် မြစ် ချောင်း တစ်လျှောက် သို့မဟုတ် ရေအိုင်ကြီး၊ ကမ်း၊ သို့မဟုတ် တောင်တန်းတစ်ခု စသည်တို့ကို နယ် ခြားအဖြစ် သတ်မှတ် လေ့ရှိသည်။
သို့သော် ယင်းသို့ နယ်ခြား သတ်မှတ်ရာတွင် ဒေသခံတိုင်းရင်းသား လူမျိုးစုတို့ကို ထည့်သွင်းမစဉ်းစား ခဲ့ချေ။ ထို့ကြောင့် ကိုလိုနီ အစိုးရက နယ်ခြားသတ်မှတ်လိုက်ခြင်းအားဖြင့် တိုင်းရင်းသား လူမျိုးစုများ သည် တစုတဝေးတည်း မဖြစ်တော့ဘဲ နိုင်ငံနှစ်ခုခွ၍ ဟိုဘက်သည်ဘက် နေထိုင်ရသည့် အခြေအနေ မျိုးဖြစ် လာတတ်လေသည်။
ယင်းအချက်ကိုလည်း တိုင်းရင်းသား လူမည်းတို့က မကျေမနပ် ဖြစ်ခဲ့ကြသည်။
' ကျုပ်တို့ မာတာဘယ်လီ လူမျိုးတချို့ဟာ ဟိုဘက်က တောင်အာဖရိက နိုင်ငံမှာ နေကြရတယ်။ သူတို့သာ ဒီဘက်မှာရှိရင် ကျုပ်တို့ လူဦးရေ အခုထက်ပိုများမှာဖြစ်တယ်။ အခုတော့ ကျုပ်တို့ လူမျိုးတွေဟာ နှစ်နိုင်ငံ ကွဲနေ တဲ့ အခြေအနေမျိုးရောက်နေတယ် '
ဤသို့လျှင် ပြောက်ကျားရဲဘော် ပီကင်းက မကျေနပ်ဟန်ဖြင့် ပြောလေသည်။
' နောက်ပြီး ရှိုနာလူမျိုးတွေက အလွန်ဥာဏ်များတယ်၊ ကျုပ်တို့ မာတာဘယ်လီလူမျိုးတွေက သတ္တိ ကောင်းတဲ့ စစ်သည်တွေ ဖြစ်တာကိုသိလို့ ကျုပ်တို့စပြီး တော်လှန်တော့ သူတို့ကိုယ်တိုင် မတိုက်ဘဲ မျက်နှာဖြူအစိုးရလက်ထက်က ကျန်တဲ့စစ်သားတွေကို သုံးပြီး တိုက်ခိုက်ကြတယ် '
ဤကား မာတာဘယ်လီ တိုင်းရင်းသားပြောက်ကျားများက ရှိုနာတို့အား ရှုတ်ချပြောဆိုသည့် ဝေဖန် ချက်ဖြစ်လေသည်။
( ဇင်ဘာဘွေနိုင်ငံကို မူလက အုပ်စိုးခဲ့သော ၀န်ကြီးချုပ် စမစ်၏ မျက်နှာဖြူအစိုးရ၏ စစ်တပ်မှ မျက်နှာ ဖြူ စစ်မှုထမ်း အချို့သည် လွတ်လပ်သော ဇင်ဘာဘွေနိုင်ငံတွင် ဆက်လက်အမှုထမ်းခဲ့ကြရာ လက်ရှိ ၀န်ကြီးချုပ် မူဂါဘီ အစိုးရက မာတာဘယ်လီတိုင်းရင်းသား တော်လှန်ရေး ပြောက်ကျားများတို့အား နှိမ်နင်းရာ တွင် မျက်နှာဖြူစစ်သားများကို အသုံးပြုခဲ့ခြင်းဖြစ်လေသည်။)
' ကျုပ်တို့ တော်လှန်ရေးပြောက်ကျားတပ်တွေကို နှိမ်နင်းဖို့ မျက်နှာဖြူ လေယာဉ်မှူးတွေ မောင်းတဲ့ စစ်လေယာဉ် တွေလည်း လာတယ်။ မျက်နှာဖြူတပ်တစ်တပ် (ရိုဒီရှားတပ်ရင်း)လည်း လာတိုက်တယ်'
' ရှိုနာလူမျိုးတွေက သူရဲဘောကြောင်တဲ့ လူတွေပီပီ မျက်နှာဖြူစစ်သားတွေကို တိုက်ခိုက်ပြီးတော့ ၀န်ကြီးချုပ် မူဂါဘီနဲ့ အပေါင်းပါက ဟာရာရေမြို့မှာ ဘေးရန်ကင်းကင်း ချောင်ခိုနေကြတယ်။ မျက်နှာဖြူ စစ်သား တွေက ကျုပ်တု့လူတွေကို တိုက်ခိုက်ပြီး လက်နက်တွေပါ သိမ်းလိုက်ပြီးတော့ မှသာ ရှီုနာ သတ္တ၀ါတွေက တကယ့်စစ်အောင်နိုင်သူ ဟန်နဲ့ထွက်လာပြီး အသားယူကြတယ် '
ပြောက်ကျားသုံးဦးတို့သည် အာဏာရ ရှိုနာလူမျိုးတို့အား အလွန်စက်ဆုပ်မုန်းတီးဟန်ဖြင့် ပြောကြလေ သည်။ ခရိတ် ကိုယ်တိုင်ကလည်း ဇင်ဘာဘွေ ပြည်တွင်းနိုင်ငံရေး အခြေအနေကို ကောင်းစွာ သိလေ သည်။
မာတာဘယ်လီ တိုင်းရင်းသားတို့၏ ခေါင်းဆောင်နိုကိုမိုအား သူပုန်အားပေးသူ၊ တရားမ၀င် လက်နက် ခဲယမ်းတွေ လျှို့ဝှက်စုဆောင်း သိုလှောင်သူအဖြစ် ရှိုနာအစိုးရက စွပ်စွဲပုတ်ခတ်ရာမှ နောက်ဆုံးတွင် နိုကိုမို သည် နိုင်ငံရေးမှ အနားမယူ၍ မဖြစ်တော့သည့် အခြေအနေသို့ ရောက်ခဲ့ရလေသည်။
' သူတို့က ကျုပ်တို့ရဲ့ ခေါင်းဆောင်တွေကို ဖမ်းပြီး လျှို့ဝှက်အကျဉ်းစခန်းတွေမှာ ချုပ်နှောင်ထားတယ်။ ပြီးတော့ ကျုပ်တို့လူတွေကို သူတို့က မတရားနှိပ်စက်ညှဉ်းပန်းပုံတွေက ပြောပြလို့တောင် မကောင်းဘူး။ ဒါတင်မကသေးဘူး။ ကျုပ်တို့မာတာဘယ်လီ လူမျိုးတွေဆီက လက်နက်တွေ သိမ်းယူ လိုက်ပြီးတဲ့ နောက်ပိုင်း မှာ သူတို့ရဲ့ သီးသန့်တပ်ဖွဲ့တွေက ကျုပ်တို့ မာတာဘယ်လီ ကျေးရွာတွေကို ၀င်ပြီး မတရား အနိုင်ကျင့်ကြတယ်။ သက်ကြီးရွယ်အို အဘိုးကြီးအမယ်ကြီးတွေကို ရိုက်နှက်နှိပ်စက် တယ်။ မိန်းကလေး တွေကို အဓမ္မ စော်ကားတယ်။ လူငယ်ယောက်ျားတွေကိုလည်း ဖမ်းခေါ်သွားလိုက် တာ နောက်ထပ် ဘာမှ သတင်း မရတော့ဘူး။ ပြန်လည်မလာကြတော့ဘူး '
ခရိတ် နားထောင်နေရင်း သူ မြင်ခဲ့ဖူးသော ဓာတ်ပုံတစ်ပုံကို ပြန်လည် သတိရမိသည်။ ဓာတ်ပုံ၏ အောက်မှ စာတွင် ဤသို့ ရေးထားလေသည်။
' အမေရိကန်နှင့် ဗြိတိသျှ တိုးရစ္စခရီးသည်များအား ပြန်ပေးဆွဲခဲ့သူ မာတာဘယ်လီ သူပုန်များအား ဇင်ဘာဘွေ ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေပုံ '
ဓာတ်ပုံတွင်ကား မာတာဘယ်လီ တိုင်းရင်းသားလူမည်းတစ်ဦအား ၀က်လစ်စလစ်ချွတ်၍ မြေကြီးပေါ်၌ (ယခင် ဗြိတိသျှ တောင်အာဖရိက ရဲတပ်ဖွဲ့ဝင်များ၏ အပြာရောင်နှင့် ကာကီရောင် ယူနီဖောင်းဝတ် ထားသူ) ရဲတစ်ဦးက ဘွတ်ဖိနပ်ဖြင့် ခြေချင်းဝတ်နေရာတွင် တက်နင်းထားပြီး နောက်ထပ် ရဲနှစ်ဦးက မြေပြင်ပေါ် မှ လူအား နံပါတ် တုတ်ကြီးများဖြင့် တအားလွှဲ ရိုက်နှက်နှိပ်စက်နေလေသည်။
' ခင်ဗျားတို့ကိုယ်တိုင် စောစောက ၀န်ခံခဲ့တဲ့အတိုင်း ခင်ဗျားတို့က နိုင်ငံခြားဧည့်သည်တွေကို ဓားစာခံ အဖြစ် ပြန်ပေးဆွဲထားတာကို အစိုးရတပ်တွေက အဲဒီဓားစာခံခရီးသည်တွေ လိုက်ရှာဖို့ ကြိုးစားတာ ဖြစ်ချင်ဖြစ်မှာပေါ့။ လက်တွေ့ကျကျ ပြောရရင် စောစောကပဲ ခင်ဗျားတို့က ကျုပ်ကိုတောင် သက်ပစ်ဖို့ (ဒါမှမဟုတ်) ဓားစာခံအဖြစ် ပြန်ပေးဆွဲဖို့ ကြံစည်နေကြသေးတယ် မဟုတ်လား '
ခရိတ်က ပြောက်ကျားသုံးဦးတို့အား အကဲစမ်းသလို ပြောလိုက်ရ ပြောက်ကျားခေါင်းဆောင် လွတ်ကောက် က -
' ရှိုနာလူမျိုးတွေက အခုလို မတရားနှိပ်စက်တာဟာ ကျုပ်တို့က ခရီးသည်တွေ ဓားစာခံအဖြစ် စပြီး မဖမ်းခင် အစောကြီးကတည်းက လုပ်နေခဲ့တာပဲ ' ဟု ပြန်ပြောလေသည်။
' ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့က အပြစ်မရှိတဲ့ ခရီးသည်တွေကို ဓားစာခံအဖြစ် ဖမ်းခဲ့ကြတယ်။ မျက်နှာဖြူ စိုက်ပျိုးရေးလုပ်ငန်းရှင်တွေကိုလည်း ပစ်သတ်ခဲ့ကြတယ် ' ခရိတ်က ထောက်ပြလိုက်ပြန်သည်။
' ဒါတော့ ကျုပ်တို့ မာတာဘယ်လီလူမျိုးတွေ ခံစားနေရတဲ့ ဒုက္ခအကြောင်း လူတွေ သိအောင်လုပ်ဖို့က တခြားနည်းမှမရှိဘဲ။
ကျုပ်တို့ခေါင်းဆောင်တွေထဲမှာ အသတ်မခံရတဲ့လူ၊ ထောင်ချမခံရတဲ့လူဆိုလို့ မရှိသလာက် ဖြစ်နေတယ်။ ကျုပ်တို့ ခေါင်းဆောင်တွေမှာ ဘာမှ မတတ်နိုင်တဲ့ အခြေအနေ ဖြစ်နေရ တယ်။ ကျုပ်တို့မှာ အင်အားကြီးမားတဲ့ မိတ်ဆွေ မဟာမိတ်ရယ်လို့လည်း လုံးဝ မရှိဘူး။ ရှိုနာလူမျိုးတွေ မှာတော့ တရုတ်တွေ၊ ဗြိတိသျှတွေ၊ အမေရိကန်တွေ မိတ်ဆွေ(မဟာမိတ်)အဖြစ် ရှိနေတယ်။ ကျုပ်တို့ရဲ့ လွတ်မြောက်ရေး ကြိုးပမ်းမှုအတွက် ရန်ပုံငွေရယ်လို့လည်း ဘာမှ မရှိဘူး။ သူတို့မှာတော့ အဖိုးတန်တဲ့ မြေတွေလည်း ပိုင်တယ်။ အင်အားကြီးမားတဲ့ မဟာမိတ်တွေဆီက ဒေါ်လာငွေ သန်းချီပြီး ကူညီထောက်ပံ့မှုတွေ ရနေတယ်။ ဒီလို အခြေအနေမှာ ကျုပ်တို့ရဲ့ ဘ၀ဖြစ်ရပ်အကြောင်း ကမ္ဘာက သိနားလည်လာအောင် လုပ်ဖို့အတွက် တခြား ဘာနည်းလမ်းများ ရှိလို့လဲ '
ရဲဘော် လွတ်ကောက်က စိတ်အား တက်ကြွစွာဖြင့် ပြောပြန်ရာ ခရိတ်သည် တစ်မျိုး စဉ်းစားမိလေ သည်။
ဤအချိန် ဤနေရာ၌ နိုင်ငံရေးနှင့် ပတ်သက်၍ လိုက်နာသင့်သော ကျင့်ဝတ်အကြောင်း၊ သဘော တရားအကြောင်း၊ ဆွေးနွေးရန် မသင့်ဟု သုံးသပ်မိလေသည်။ နားလည်သော လူ့ကျင့်ဝတ်သိက္ခာက ရှေးကျ လွန်းပြီး ခေတ်မမီတော့သော အယူအဆဟောင်းများ ဖြစ်ချင် ဖြစ်နေပေမည်ဟုလည်း သူ့ကိုယ် သူ ဝေဖန် မိသည်။
ယခု ပါလက်စတိုင်း ပြောက်ကျားများ၊ အိုင်ယာလန်နိုင်ငံ မြောက်ပိုင်းမှ အကြမ်းဖက်ဝါဒီများ၏ လုပ်ရပ် များအကြောင်းကိုလည်း နှိုင်းယှဉ် စဉ်းစားမိသည်။ ထို့ကြောင့် ယခု မာတာဘယ်လီ ပြောက်ကျားတို့ သည်လည်း အကြမ်းနည်းဖြင့် နိုင်ငံရေး ပြောင်းလဲမှု ဖန်တီးရန် ကြိုးစားနေကြခြင်း ဖြစ်ဟန်တူပေသည်။
ခရိတ်အနေဖြင့် ယင်း အကြမ်းဖက်နည်းဖြင့် နိုင်ငံရေးလုပ်ခြင်းကို မည်သို့မှ သဘောတူ ထောက်ခံခြင်း မပြုလင့်ကစား သူ၏ စိတ်ထဲ၌ မာတာဘယ်လီ တိုင်းရင်းသားများအပေါ် မုန်းတီးစက်ဆုပ်ခြင်း မဖြစ်မိချေ။ ခရိတ် တို့ မိသားစု အဆက်အနွယ်များနှင့် မာတာဘယ်လီ လူမျိုးတို့ နှစ်ပေါင်းများစွာ ရင်းနှီး ဆက်ဆံ ခဲ့ခြင်းကြောင့် ဖြစ်တန်ရာသည်ဟုလည်း သုံးသပ်မိလေသည်။
မာတာဘယ်လီတို့သည် မျိုးရိုးဇာတိမာန် ထက်သန်ပြီး သတ္တိရှိသော တိုင်းရင်းသားဖြစ်ခြင်းကြောင့် လည်း ခရတ်တို့၏ မိဘဘိုးဘွား လက်ထက်မှစ၍ ထိုလူမျိုးများအပေါ် ခင်မင်လေးစားခဲ့ကြသည်မှာ အမှန်ပင်ဖြစ်ချေသည်။
ခရိတ်၏ ပင်ကိုစရိုက်တွင် လူများစုက လူနည်းစုကို အနိုင်ကျင့်မှု၊ ကြီးနိုင်ငယ်ညှင်းဝါဒကို မုန်းတီး စက်ဆုပ်သော သဘောရှိလေသည်။ နိုင်ငံရေးတွင် မလိုမုန်းထားစိတ်ဖြင့် အနိုင်ကျင့်မှုကိုလည်း မုန်းတီး သည်။
ထို့ကြောင့် ယခု မာတာဘယ်လီ ပြောက်ကျားတို့သည် အကြမ်းဖက်သမားများ ဖြစ်လင့်ကစား သူတို့၏ နစ်နာချက်၊ ခံစားချက်များကို ခရိတ်က ကိုယ်ချင်းစာကာ နားလည်မိခြင်း ဖြစ်ပေသည်။
' ဒါထက် ခင်ဗျားက ကျုပ်တို့ရဲ့ ခေါင်းဆောင် ရဲဘော်တွန်ဂါတာနဲ့ တွေ့မှာလား '
ပြေက်ကျားသုံးဦးကမေးရာ ခရိတ်က
' ဟုတ်တယ်၊ ကျုပ် မကြာခင် သူနဲ့တွေ့ဖို့ရှိတယ် 'ဟု ပြန်ပြောလိုက်သည်။
' ဒါဖြင့် ကျုပ်တို့က ဒီမှာအဆင်သင့် စောင့်နေပြီဆိုတာ သူ့ကို ပြောပြလိုက်ပါ '
' ကောင်းပါပြီ၊ ပြောလိုက်ပါ့မယ် '
ထို့နောက် ပြောက်ကျား သုံးဦးတို့သည် ခရိတ်နှင့်အတူ မော်တော်ကားရှိရာသို့ လျှောက်သွားကြလေသည်။
ခေါင်းဆောင်ဖြစ်သူ ရဲဘော်လွတ်ကောက်က ...
' ကျုပ်တို့ ခင်ဗျားနဲ့အတူ ၀ိတိုရိယ ရေတံခွန်လမ်းမကြီး ထိအောင် လိုက်ခဲ့မယ်။ လမ်းမှာ ကျုပ်တို့ရဲ့ ကင်းလှည့်အဖွဲ့တွေနဲ့ဆုံမိရင် ခင်ဗျားတစ်ယောက်တည်းဆိုတော့ ပြဿနာ ဖြစ်နေပါဦးမယ် ' ဟု ပြောလေသည်။
သို့နှင့်ပင် သူတို့သည် ညမှောင်စပြုချိန်တွင် ကတ္တရာခင်းထားသော ဟိုင်းဝေးလမ်းမကြီးသို့ ရောက်သွား ကြလေသည်။
ခရိတ်က သူ၏ ကျောပိုးအိတ်ထဲမှ လက်ကျန်စည်သွတ် စားောက်ဖွယ်များနှင့် ၀ီစကီ အရက်တို့အပြင် သူ့တွင် ပါလာသော ငွေ ဒေါ်လာ နှစ်ရာကိုပါ ပြောက်ကျားများအား ပေးလိုက်ပြီးနောက် လက်ဆွဲ နှုတ်ဆက်ကြလေသည်။
' ကျုပ်တို့ မှာ လက်နက်တွေလိုနေတယ်လို့ ရဲဘော်တွန်ဂါတာကို ပြောလိုက်ပါ '
ရဲဘော် ဒေါ်လာက ပြောလိုက်ပြီးနောက် ရဲဘော်လွတ်ကောက်ကလည်း နှုတ်ဆက်လေသည်။
' ကူဖီလာ၊ ချမ်းသာစွာ သွားပေရော့။ ခင်ဗျားရဲ့ ထူးခြားတဲ့ သစ်သားခြေထောက်က ခရီးရှည်ရှည်ကို မြန်မြန်ကြီး သွားနိုင်ပါစေ '
ခရိတ်သည် မော်တော်ကားကို စက်နှိုးမောင်းထွက်ပြီးနောက်ပြန် လှည့်ကြည့်လိုက်သောအခါ ပြောက် ကျားသုံးဦးတို့သည် တောတွင်းမှ သားရဲကျားသစ်များကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားကြပြီ ဖြစ်လေသည်။
------------------------
အခန်း (၆) ဆက်ရန်
.

2 comments:
ဖတ်ပြီးသွားပြီ။ ဇင်ဘာဘွေနိုင်ငံသမိုင်းက ကိုယ့်နိုင်ငံသမိုင်းလိုပဲ စိတ်ဝင်စားစရာကောင်းတယ်နော် ..
ဆရာမရေ... ဒီအပိုင်းလေး လည်း ဖတ်သွားပါပြီခင်ဗျ.. နောက် အပိုင်း (၆) ကိုလည်း မျှော်နေပါတယ်..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
Post a Comment