အခန်း (၈)
ခရိတ်သည် သူ၏ ဗောက်ဝက်ဂွန်ကားဖြင့် ဆာရွန်လေတပ်စခန်းသို့ မောင်းသွားရာ သူရောက်သွား ချိန်၌ မှောင်မည်းလျက်ပင်ရှိသေးသဖြင့် ရာသီဥတုကလည်း အတော်အေးလျက်ရှိလေသည်။
ဝန်ကြီးဗိုလ်ချုပ်ဖွန်ဂါဘီရာက ခရိတ်ထက်ပင် စောစောရောက်နေပြီး ဇင်ဘာဘွေလေတပ်မှ အရာခံဗိုလ် နှစ်ဦး နှင့် စကားပြောနေလေသည်။
သူသည် ခရိတ်ကို မြင်သည်နှင့် ထိုလူနှစ်ယောက်အား ထွက်သွားခိုင်းပြီးနောက် ခရိတ်ရှိရာသို့ လျှောက် လာလေ သည်။
ဖွန်ဂါဘီရာသည် စစ်မြေပြင်သုံး ယူနီဖောင်းဝတ်စုံ ၀တ်ထားပြီး အနီရောင် ဦးထုပ်ပျော့ ဆောင်းထား လေသည်။ ဦးထုပ်တွင် တပ်ဆင်ထားသော ကျားသစ်ဦးခေါင်းတံဆိပ်မှာ ဇင်ဘာဘွေစစ်တပ်၌ နာမည် ကြီး တတိယ တပ်မဟာ အမှတ်တံဆိပ်ပင်ဖြစ်သည်။ လက်နက်အနေဖြင့်ကား ခါးတွင် ချိတ်ထားသော ပစ္စတိုသေနတ် အပြင် လက်ကိုင် တုတ်တိုတစ်ချောင်းသာလျှင် ကိုင်ထားလေသည်။
' ဟဲလို ဖွန်ဂါဘီရာသည် ခရိတ်ကိုင်ထားသော အ၀တ်အစား ထည့်သည့် လက်ဆွဲအိတ်ကို လှမ်းကြည့် ပြီး
' နောက်ပြီး ခရီးသွားတဲ့အခါ ပစ္စည်းများများ မယူဘဲ ပေါ့ပေါ့ပါးပါး သွားတတ်တဲ့ လူမျိုးမှ ကြိုက်တယ် ' ဟု ဆက်ပြော လေသည်။
ထို့နောက် နှစ်ယောက်သား လေယာဉ်များရှိရာသို့ အတူလျှောက်သွားကြလေသည်။ ခရိတ်သည် လှမ်းကြည့် လိုက်ရာ ကင်ဘာရာ အမျိုးအစား ဗြိတိသျှ ဗုံးကြဲလေယာဉ်ဟောင်းကြီးနှစ်စင်း ဆိုက်ထား သည် ကို မြင်ရလေသည်။
ထိုလေယာဉ်များမှာ တစ်ချိန်က (မျက်နှာဖြူ အစိုးရလက်ထက်က) ဇင်ဘာဘွေတိုင်းရင်းသား တော်လှန်ရေးပြောက်ကျား စခန်းများအား တရကြမ်း ဗုံးကြဲတိုက်ခိုက်ခဲ့သော လေယာဉ်များဖြစ်လင့် ကစား ယခု တော့မူ လွတ်လပ်သော ဇင်ဘာဘွေနိုင်ငံလေတပ်၏ အဓိက အားကိုးနေရသော လေယာဉ် များဖြစ် နေပေပြီ။
ယင်း ဗုံးကြဲလေယာဉ်နှစ်စင်း၏ ဘေးဘက် မလှမ်းမကမ်းတွင်ကား စက်ဆနာ အမျိုးအစားငွေရောင်နှင့် အပြာရောင် ဆေးသုတ်ထားသည့် လှပသော လေယာဉ်ငယ်အသစ်တစ်စင်း ရှိလေသည်။
ဝန်ကြီး ဖွန်ဂါဘီရာသည် ထိုစက်ဆနာ လေယာဉ်ငယ်ဆီသို့ ဆက်လျှောက်သွားရာ ခရိတ်လည်း လိုက် လျှောက်သွား လေသည်။
သူတို့ ချဉ်းကပ် သွားချိန်မှာပင် ဓာတ်ပုံဆရာ အမျိုးသမီး ဆယ်လီသည် လေယာဉ်ကိုယ်ထည်၏ တစ်ဖက်မှ ထွက်ပေါ် လာလေသည်။ သူမသည် လေယာဉ်ကို သေချာစွာ စစ်ဆေးကြည့်ရှုနေပုံကို ထောက်ခြင်းအားဖြင့် ဆယ်လီ ပင်လျှင် ထိုလေယာဉ်ကို ပိုင်းလော့ (လေယာဉ်မှူး) အဖြစ် မောင်းနှင်လိမ့် မည်ဟု ခရိတ်က တွက်မိ လေသည်။
မူလကတော့ ၀န်ကြီး ဗိုလ်ချုပ်ဖွန်ဂါဘီရာ စီးနင်းလိုက်ပါမည့် လေယာဉ်ကို ဇင်ဘာဘွေ လေတပ်မှ လေယာဉ်မှူး တစ်ဦး မောင်းနှင်လိမ့်မည်ဟု ထင်ခဲ့မိသည်။
ဆယ်လီ သည် လေယာဉ်မှူး ၀တ်စုံဝတ်ထားပြီး ဦးခေါင်းမှ ဆံပင်များကို ပိုးပ၀ါတစ်ထည်ဖြင့် စည်းထား လေသည်။ သူမသည် ကျွမ်းကျင်သော လေယာဉ်မှူးတစ်ယောက်ကဲ့သို့ လေယာဉ်၏ စက်ခလုတ်များ နှင့် ဓာတ်ဆီ အနည်းအများ ပမာဏကိုပါ သေချာစွာ စစ်ဆေးကြည့်ရှုပြီးနောက် လေယာဉ်ပေါ်မှ ပြန်ဆင်း လာကာ နှုတ်ဆက်လေသည်။
' ဂွတ်မောနင်း ဗိုလ်ချုပ်၊ လေယာဉ်စီးတဲ့အခါ ဗိုလ်ချုပ်က လက်ယာဘက်က ထိုင်ခုံမှာ စီးချင်ပါသလား '
' အဲဒီနေရာ ကို မစ္စတာခရိတ်ကို ပးလိုက်ရင် ကောင်းမယ်ထင်တယ်။ ဒါမှ သူက ရှုခင်းတွေကို ကောင်း ကောင်းမြင် ရမယ်။ ကျုပ်က ဒီရှုခင်းတွေကို ခဏခဏ မြင်နေရလို့ ရိုးနေပါပြီ '
ဗိုလ်ချုပ်ဖွန်ဂါဘီရာ က ပြောလိုက်လျှင် ဆယ်လီသည် ခေါင်းညိတ်လျက် ...
' ဒါဖြင့် ဗိုလ်ချုပ်သဘောအတိုင်းပါဘဲ' ဟု ပြောကာ ခရိတ်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး ဖြတ်လတ် သွက်လက်စွာ လေယာဉ်မောင်းသည့်နေရာကို တက်ထိုင်လိုက်သည်။
ခရိတ် နှင့် ဖွန်ဂါဘီရာတို့သည် လေယာဉ်ပေါ်သို့ တက်လိုက်ကြသည်။
ဆယ်လီသည် လေဆိပ်မျှော်စင်သို့ ရေဒီယိုဖြင့် ဆက်သွယ်၍ ထွက်ခွာပျံသန်းခွင့်ရယူပြီးနောက် လေယာသ်ကို လေယာသ်ပြေးလမ်းကြောင်းရှိရာသို့ စတင်မောင်းထွက်လေသည်။
သူမသည် လေယာဉ်တွင်းရှိ စက်ခလုတ် ယန္တရားများကို အထူးကျွမ်းကျင်စွာ ကိုင်တွယ်တတ်ပုံကို မြင်ရ တော့မှ ခရိတ်သည် မူလက အမျိုးသမီး လေယာဉ်မှူးများအပေါ် အထင်သေးခဲ့မိသည့် ယူဆချက် မှားယွင်း ကြောင်း သိလာလေသည်။ ဆယ်လီကား လေယာဉ်မောင်း အထူးကျွမ်းကျင်သူ လေယာဉ်မှူး တစ်ဦး ဖြစ်ကြောင်း ယုံမှားဖွယ်မရှိချေ။
လေယာဉ်ငယ်သည် ကောင်းကင်သို့ ပျံတက်မိသောအခါ ဆယ်လီက အနောက်ဘက်ဆီသို့ လေယာသ် ထိန်းခလုတ် ကို ဦးတည်ကာ အော်တိုပိုင်းလော့ခေါ် အလိုအလျောက်ထိန်းမောင်းနှင်သည့် ကိရိယာ ခလုတ် ကို ဖွင့်လိုက်သည်။ ဤနည်းအားဖြင့် လေယာဉ်မှူးကထိန်းပေးရန် မလိုတော့ဘဲ အော်တိုပိုင်းလော့က ဆက်လက် ထိန်းမောင်းသွားမည်ဖြစ်သည်။
' လေယာဉ် က အလွန်ကောင်းတာပဲ၊ ဒါဟာ ကိုယ်ပိုင်လေယာဉ်လား '
ခရိတ်က စကားစသည့်အနေဖြင့် ပြောလိုက်ရာ ဆယ်လီသည် ရှေ့တည့်တည့်သို့ကြည့်ရင်း -
' ကမ္ဘာတောရိုင်း တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ပိုင် လေယာဉ်ဖြစ်ပါသည်။ အခုတော့ ကျွန်မ အသုံးပြုဖို့အတွက် ပေးထားပါတယ် ' ဟု ပြန်ပြောလေသည်။
' ဒီလေယာဉ်က တစ်နာရီ ဘယ်နှမိုင်လောက် ပျံသန်းနိုင်သလဲ ' ' ရှင့်ရှေ့တည့်တည့်မှာ မိုင်နှုန်းကို ညွှန်ပြ ခဲ့တဲ့ ဇယား ဒိုင်ခွက်ရှိပါတယ် '
ဆယ်လီက ဘုကျကျ ပြန်ပြောလိုက်သည်။
ခရိတ်သည် ရှက်အမ်းအမ်းဖြစ်သွားလျက် ဘာဆက်ပြောရမှန်း မသိအောင် ဖြစ်နေစဉ် ဗိုလ်ချုပ် ဖွန်ဂါဘီရာ က နောက်ထိုင်ခုံမှ ရှေ့သို့ တိုးလျက် ခရိတ်အား ရှုခင်းကို ညွှန်ပြရင်း ရှင်းပြလေသည်။
' ဟောဟိုက ရေကာတာကြီး မြင်တယ်မဟုတ်လား။ ဒီဒေသမှာ ခရိုမီယံ ပလက်တီနမ်စတဲ့ အဖိုးတန် သတ္တု တွေ ထွက်တယ် '
ခရိတ်လည်း အောက်သို့ ကြည့်လိုက်ရာ ရေကာတာကြီးအပြင် ဘေးပတ်ဝန်းကျင်၌ လယ်ယာစိုက်ပျိုး ရေးမြေကွက် များနှင့် တောတောင်ရှုခင်းများကို မြင်ရလေသည်။
' ကျုပ်တို့က သွန်ဂိုလာ တောင်တန်းဘေးနားက လေယာသ်ကွင်းငယ်တစ်ခုရှိတယ်။ သွားလာရေး ခက်ခဲတဲ့ နေရာတစ်ခု ပါပဲ။ အဲဒီလေယာဉ်ကွင်းကမှ မော်တော်ကားနဲ့ ထူထောင်ရေး စခန်းကို ဆက်သွား ကြမယ် '
ဗိုလ်ချုပ်ဖွန်ဂါဘီရာ၏ စကားအဆုံးတွင် ဆယ်လီက
' ဗိုလ်ချုပ်၊ ကျွန်မ လေယာဉ်ကို အခုထက်ပိုပြီး ခပ်နိမ့်နိမ့် ပျံချင်ပါတယ် ဖြစ်မလား ' ဟု မေးလိုက်ရာ ဖွန်ဂါဘီရာက ပြုံးလိုက်ပြီး ခရိတ်ဘက်သို့ လှည့်၍
' သူက ဘာကြောင့် လေယာဉ်နိမ့်နိမ့် ပျံချင်တယ်ဆိုတာ ကျုပ်သိတယ်။ ဆယ်လီက တောရိုင်းတိရစ္ဆာန်တွေ မျိုးဆက် မပြုတ်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ ဘယ်လောက် အရေးကြီး တယ်ဆိုတာ သူက ကျုပ်ကို ပညာပေး နေတယ်ဗျ ' ဟု ပြောလိုက်သည်။
ဆယ်လီသည် လေယာဉ်ကို ခပ်နိမ့်နိမ့် ပျံသန်းလေသည်။ လေယာဉ်နိမ့်လာသည်နှင့်အမျှ အပူရှိန်က ပို၍ ပြင်းထန် လာလေသည်။
ခရိတ်သည် အောက်သို့ ငုံ့ကြည့်လိုက်ရာ တောတောင် ရှုခင်းများသာရှိပြီး လူသူ နေထိုင်ခြင်း၊ သီးနှံ စိုက်ပျိုး ထားခြင်း များ လုံးဝမရှိကြောင်း တွေ့ရလေသည်။
' ဒီနေရာတွေ အခြေအနေတော်တော်ဆိုးတယ်ဗျ။ ရေအလွန်ရှားတဲ့အပြင် တိရစ္ဆာန်တွေအဖို့ စားကျက် ကောင်းကောင်းလည်း မရှိဘူး။ နောက်ပြီး အန္တရာယ်ပေးတဲ့ ဆက်ဆီးယင်ကောင်တွေ အလွန်ပေါတယ်'
ဗိုလ်ချုပ် ဗွန်ဂါဘီရာက ထိုနေရာအကြောင်း ခရိတ်အား ပြောပြလေသည်။
သို့ရာတွင် ဆယ်လီသည် ရေခန်းခြောက်နေသော ချောင်းတစ်ခုရှိရာဘက်သို့ လေယာဉ်ကို ဆက်မောင်း သွားရာ မိုင်နှစ်ဆယ်ခန့်သွားမိသော် ဆင်ထီးကြီးတစ်ကောင်ကို တွေ့ရလေသည်။
ဆယ်လီ သည် လေယာသ်ကို သစ်ပင်ထိပ်ဖျား သာသာထိအောင် အလွန်နိမ့်စွာ ပျံသန်းလျက် ဆင်ထီး ကြီး ရှိရာ နေရာအနီးတွင် ကွေ့၍ ပျံသန်းလေသည်။ ဆင်ကြီးနှင့် တောအုပ်ကြားနေရာ၌ လေယာဉ်ကို အစုန် အဆန် ပျံသန်းလိုက်ခြင်းအားဖြင့် ဆင်ကြီးသည် တောအုပ်အတွင်းသို့ ပြေးဝင် တိမ်းရှောင်ခြင်း မပြုနိုင်ဘဲ တောအုပ် ပြင်ဘက် မြေကွက်လပ်ဘက်သို့သာ သွားနိုင်လေသည်။
ဤတွင် ဆယ်လီသည် လက်တစ်ဖက်ဖြင့် လေယာဉ်ကို ထိန်းမောင်းပြီး ကျန်လက်တစ်ဖက်နှင့် ဆင်ကြီးအား ဓာတ်ပုံရိုက် ယူလေသည်။ ရုပ်ရှင်ဖလင်ဖြင့် ရုပ်ရှင်ရိုက်ယူခြင်းဖြစ်သည်။
' ဆင်ကြီးက တကယ့်ခံ့ညားတာပဲ၊ ဆင်စွယ်ကြီးတွေကလည်း ဆစ်ဖက်ကို အနည်းဆုံး အလေးချိန် ပေါင်တစ်ရာလောက်ရှိမယ် '
ဤသို့လည်း သူမသည် ရုပ်ရှင်ကင်မရာဖြင့် ရိုက်ကူးနေရင်း မှတ်ချက်ချလိုက်သည်။
ဆယ်လီက လေယာဉ်ကို ပျံသန်းနေသည်မှာ အလွန်နိမ့်လှသဖြင့် ခရိတ်သည် ဆင်ကြီးက လေယာဉ် တောင်ပံ ကို နှာမောင်းဖြင့် ချိတ်ဆွဲလိုက်လေမည်လောဟု တွေးတော စိုးရိမ်မိလေသည်။
အတန်ကြာ တော့မှ ဆယ်လီသည် ဆင်ကြီးရှိရာနေရာမှ ထွက်ခွာပြီး လေယာဉ်ကို ကောင်းကင်အမြင့်သို့ ပျံသန်း တက်မောင်းနှင်လေသည်။
သည်တော့မှ ခရိတ်လည်း စိတ်အေးသွားကာ သက်ပြင်းချနိုင်တော့သည်။ လေယာဉ်ကို အန္တရာယ်နီး ကပ်စွာ ပျံသန်းသည့်အတွက် ဆယ်လီကို စိတ်ထဲမှ ကျိန်ဆဲမိလေသည်။
ဆယ်လီ ကမူ ဗိုလ်ချုပ်ဖွန်ဂါဘီရာအား လှမ်းစကားပြောနေလေသည်။
' ဒီဆင်ကြီး ရဲ့ တန်ဖိုးကို ပြောရရင် အသေသတ်လိုက်ရင်တော့ ဒေါ်လာငွေ တစ်သောင်းတန်မယ်။ ဒါပေမဲ့ မသေဘဲ ရှင်နေရင်တော့ အဲဒါထက် ဆယ်ဆမကကို တန်ဖိုးရှိတယ်။ ဒီဆင်ထီးကြီးက တစ်ဆင့် နောက်ထပ် ဆင် အကောင် တစ်ရာလောက် သားစပ် မွေးလာနိုင်တယ် '
ထိုအခါ ဗိုလ်ချုပ်ဖွန်ဂါဘီရာက ခရိတ်ဘက်သို့ လှည့်၍ ...
' ဆယ်လီ ကတော့ ဒီဒေသမှာ တောဆင်ရိုင်းတွေကို တရားမ၀င် ခိုးသတ်ဖြတ်နေသူတွေ ရှိတယ်လို့ ယုံကြည်နေတယ်ဗျ။ သူကိုယ်တိုင် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုလည်း ကျုပ်ကြည့်ရတယ်။ ဆင်ရိုင်း တွေကို ရိုက်ထားတဲ့ပုံတွေက အလွန်လည်း ကောင်းပါတယ်။ ကျုပ်ကိုင်တိုင်တောင် ဆယ်လီပြောသလို ပဲ ဆင် တွေ ခိုးသတ်တာတွေအတွက် စိုးရိမ်စ ပြုလာမိပြီ' ဟု ပြောလိုက်သည်။
' ကျွန်မ တကယ်ပြောတာပါ ဗိုလ်ချုပ်၊ ဆငခိုးသတ်တဲ့ဂိုဏ်းတွေကို မတွေ့တွေ့အောင် ရှာပြီး ဖြိုခွင်း နှိမ်နင်းဖို့ သိပ်အရေးကြီးနေပြီရှင့် '
ဆယ်လီက ၀င်ပြောလိုက်ရာ ဗိုလ်ချုပ်ကလည်း ခေါင်းညိတ်လိုက်သည်။
' ဆင်ခိုးသတ်တဲ့ ဂိုဏ်းတွေကို ဆယ်လီကသာ လိုက်ရှာပေးစမ်းပါ။ ကျုပ်က အပြတ်နှိမ်နှင်းပေးပါ့မယ်'
သူတို့ နှစ်ဦး စကားပြောနေသည်ကို နားထောင်ရင်း ခရိတ်သည် စိတ်လှုပ်ရှားမှု တစ်မျိုး ခံစားမိလေ သည်။ ယင်းကား ဆယ်လီနှင့် ဗိုလ်ချုပ်ဖွန်ဂါဘီရာ ရင်းရင်းနှီးနှီး စကားပြောနေသည်ကို မနာလို ၀န်တိုစိတ် ဖြစ်ပေါ် မိခြင်းပင်ဖြစ်သည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ကပ္ပလီ လူမည်းတစ်ဦးဖြစ်လင့်ကစား အလွန်ခံ့ညားချောမွေ့သော အင်္ဂါ ရုပ် ရှိ သဖြင့် အမျိုးသမီးများအဖို့ ကျလောက်စရာ လေယာက်ျားတစ်ဦးဖြစ်နေသည်မှာ အမှန်ပင် ဖြစ်သည်။
ဤသို့ စိတ်ထဲမှ ဖြစ်ပေါ်မိရင်း ခရိတ်သည် နောက်သို့ လှည့်ကြည့်မိရာ ဗိုလ်ချုပ် ဖွန်ဂါဘီရာကလည်း သူ့အား ပြန်၍ သေချာစွာ အကဲခတ်ကြည့်နေသည်ကို မြင်ရလေသည်။ ဗိုလ်ချုပ်သည် ခရိတ်အား အဓိပ္ပာယ် ပါပါပြုံးလျက် ' ဒါထက် မစ္စတာခရိတ်ကတော့ ဒီကိစ္စအပေါ် ဘယ်လို သဘောရပါသလဲ ' ဟု မေးလိုက်သည်။
ထိုအခါ ခရိတ်က ဇင်ဘာဘွေနိုင်ငံတွင် သူလုပ်ရန် ရည်`၇ွယ်သောလုပ်ငန်းစီမံကိန်းအကြောင်း ပြောပြ လိုက်လေသည်။ ချီဇာရီဒေသတွင် ကမ္ဘာလှည့် တိုးရစ္စခရီးသည်များ လာရောက်အပန်းဖြေ လေ့လာနိုင် အောင် စခန်းတစ်ခု တည်ဆောက်ဖွင့်လှစ်ရန် ရည်ရွယ်ကြောင်း၊ သူကိုယ်တိုင် ရင်ဆိုင်တွေ့ခဲ့ရသော ကြံ့နက်ကြီး တစ်ကောင်အကြောင်းနှင့် ပတ်ဝန်းကျင်ဒေသတွင် တောတောင်ရှုခင်းများ မူလသဘာအတိုင်း မပျက် မကွက် ရှိနေ၍ အလွန် တန်ဖိုးရှိလှကြောင်း စသည်ဖြင့် အကျယ်တ၀င့် ပြောပြလိုက်သည်။
ခရိတ်က ပြောနေစဉ် ဆယ်လီသည် အလွန်စိတ်ဝင်စားဟန်ဖြင့် နားစိုက်ထောင်နေလေသည်။
ဗိုလ်ချုပ်ဖွန်ဂါဘီရာကမူ ခရိတ်၏ လုပ်ငန်းစီမံကိန်းကို သဘောကျပုံ ရလေသည်။
' မစ္စတာခရိတ် ခင်ဗျား၊ အခုပြောနေတဲ့ ခင်ဗျားရဲ့ စီမံကိန်းက အလွန်ကောင်းပါတယ်။ ဒါမျိုးတွေ ကျုပ်တို့ နိုင်ငံ က အလွန် လိုအပ်ပါတယ်။ ဒီလုပ်ငန်းလုပ်ရင် မုချ အကျိုးရှိမယ်ဆိုတာလည်း ကျုပ်တို့ နိုင်ငံသား တွေက သဘောပေါက်ပါလိမ့်မယ် '
အခန်း (၈) ဆက်ရန်
.

2 comments:
ဆရာမရေ.. အခန်း(၈) ကို ဖတ်သွားပါပြီခင်ဗျ..
အခန်း(၈) ဆက်ရန် ဆိုတော့ အခန်း(၈)ကို ကျန်သေးတယ်ထင်တယ်နော်...
ကျန်သေးတယ် kztk ရေ မနက်ဖြန် ဆက်တင် ပေးမယ်နော်
ရွှေစင်ဦး
Post a Comment