Saturday, August 28, 2010

ဆင်ဖြူကျွန်းအောင်သိန်း (ငထွန်းကား တို့ညီအစ်ကို) အတွဲ (၂) အပိုင်း (၇)

''ကိုသာဆောင့်အသံထင်တယ်၊ ကျုပ်တို့သည်မှာဗျို့''
သူတို့လည်း မောင်ဆေးရိုး၏ အသံကို မှတ်မိသွားသည်။ ရှေ့သို့သုတ်သုတ်လာရင်း အပြစ်တင်သည်။
''မင်းတို့ ဘာလုပ်နေကြသတုံး၊ တောင်တံခါးနားမှာလည်း တစ်စု''

ကုတင်ကြီးစုရွာမှ ကိုသာဆောင်နှင့် ကိုအေးမောင်တို့ ဖြစ်သည်။ မီးတုတ်များကို မီးထွန်းလာသော်ငြား မီးရောင် မပြန့်စေရန်'အင်တုံ' ကိုဝါးညှပ်လျက် အုပ်လာကြသည်။ သူတို့၏အမေးကို မောင်ဆေးရိုးမဖြေပါ။ မည်သို့ပင် လှည့်ပတ်ပြီး ဖြေဦးတော့၊ အကောင်းမရှိသဖြင့် 'ဘယ်ကလာကြတာတုံး' ဟုမသိ ကျိုးကျွံ မေးသည်။
''သရက်ချင် ဒေါ်လှအိမ် ဓားပြတိုက်တုန်းက ပရပိုက်တန်းရွာက ဂတ်ကို သွားမယ်တိုင်လို့ ဒဏ်ရိုက်တာ တစ်ရွာလုံး ခံရပါရောလား။ ဒါကြောင့် ဓားပြတိုက်တဲ့အိမ်နားကို ငါတို့ သွားချင်လို့၊ ရွာခံ တစ်ယောက် လိုက်ခဲ့၊ လူခံမပါရင် ငါတို့ကို ဓားပြနဲ့ မှားမစိုးလို့''
''ကျုပ်လိုက်မယ်၊ လာသွားကြစို့''

ထွန်းအံ့က ဦးဆောင်ပြီး ထွက်ခွာသွားရာ ကိုသာဆောင်နှင့် ကိုးအေးမောင်လည်း မီးကွက်များ ငြှိမိး သက်ကာ လိုက်သွားကြလေ၏။
''တွေ့ကြလား၊ သူများရွာကတောင် မကြောက်မ ရွံ့''
မောင်ဆေးရိုးက သည်မျှသာပြောရသေးသည်၊ ကျောက်ရုပ်ဖြစ်နေသူတွေ လှုပ်ရှားလာကြသည်။ နှစ်ဖက်ချွန် အိတ်နှင့် ကျောက်ခဲအိတ်၊ မီးကွင်းဓားလှံများ ပြေးယူကြသည်။
''လာကြဟေ့၊ အိမ်ရှင်ကို မမိလို့ ဓားစာခံမခေါ်နိုင်ရင် ငါတို့ဘက်က သာတယ်ဟေ့''
မောင်ဆေးရိုးတို့ သွက်သွက်လှမ်းလာကြသောအခါ ခရိုးရိပ်ခိုလျက် သဖန်းပိုးလုပ်နေသူ တစ်ကျိပ်ခန့် လည်း ရောယောင်လိုက်ပါလာကြသည်။
''၀ိုင်းကြဟေ့၊ ၀ိုင်းကြ''

တောင်တံခါးနားတွငက် ခိုနေသော လူအုပ်နှင့်ပေါင်းသော် နှစ်ကျိပ်ကျော်သွားပြီးဖြစ်သော လူအုပ်ကြီး သည် ရဲရင့်လာပြီး မီးတုတ်တွေထွန်းညှိလျက် လူက သစ်ပင်အကွယ်မှ ချောင်းကြည့်ရင်း အော်ကြသည်။ မောင်ဆေးရိုးနှင့် စိတ်တူသူ ငါးယောက်က ဦးဘမှန်၏အိမ်နားသို့ တရွေ့ရွေ့ ကပ်လာကြသည်။
''မောင်ဘရီတို့ လားဟေ့''
ပဒိုင်းပင်အုပ်ထဲမှ လူတစ်ယောက် ထလာသည်။
''ဦးဘမှန်၊ ကျုပ်တို့ပါ၊ ဆေးရိုး၊ ဘရွေ၊ ငပု''
''အိမ်ပေါ်မှာ ဓားပြတွေချည်းပဲ၊ အိပ်သားတွေကို တစ်ယောက်မှ မမိဘူး''
''၀ိုင်းကြပါတော့လား၊ ထွက်ပေါက်တွေ ပိတ်ထားဟေ့''

မီးတုတ်သမားတွေ၏ ညာသံသည် ခုနကထက်ပိုပြီး ကျယ်လောင်လာသည်။ သို့ဖြစ်သောကြောင့် ဓားပြကလည်း တို့ပြန်သည်။
''ငါတို့က သေလူဟေ့၊ ငါတို့ကိုခုခံရဲရင် ခုခံကြည့်၊ တစ်ရွာလုံးပြာဖြစ်သွားမယ်''
ပစ္စည်းဥစ္စာ ကို လိုသောကြောင့် ဓားပြတိုက်သည်။ သို့သော်အိမ်သားတစ်ဦးဦးကို လက်ဝယ် မိထားမှသာ မိမိတို့ လုံခြုံရေးအတွက် 'ဓားစာခံ' ရမည်။ ဓားပြလက်ထဲတွင် ဓားစာခံမရှိဟု သိထားသော ရွသား များသည် ညာသံပေးလျက် ၀ိုင်းပတ်ပိတ်ဆို့ပြီ။

ရမ်းဘိုကုန်းနှင့် ကုတင်ကြီးစုရွာကြားတွင် ချောင်ထဲသို့ဆင်းသော လှည်းလမ်းရှိသည်။ ချောင်ထိပ် ဥယျာဉ်များ ကြားမှ ဖြတ်သန်းသွားသည်။ သည်ဗွက်သည် ယခုထက်တိုင် မခြောက်သေး။
ဓားပြ ၏ အခြားထွက်လမ်းမှာ တာလမ်းသို့ထွက်ပြီး လယ်ပြင်တွေထဲသို့ ဆင်းရန်ဖြစ်သည်။
ဓားပြတွေ မည်သည့်လမ်းကို ရွေးမည်နည်း။ ရွာ့မြောက်ဘက်ရှိ အခြားလှည်းလမ်းကိုကား ရွေးချယ်ဖွယ် မရှိ။ ရွာဘေးမှ သီးပြီးသွားရမည်ဖြစ်သဖြင့် ရှည်လျားသည်။
''၀ိုင်းထားဟေ့၊ သည်ကောင်တွေ ပြေးလမ်းမရှိဘူးဟေ့။ ကျောက်ခဲနှင့် ထုကြ၊ နှစ်ဖက်ချွန်နဲ့ ပစ်ကြပါတော့လား''
''သည်ကောင်တွေ သေနတ်မှာ ယမ်းတောင့်ကုန်နေပြီကွ၊ ၀ိုင်းကြချကြဟေ့''

''အဖေရေ ကျုပ်ကို မိထားလို့ မ၀ိုင်းကြပါနဲ့''
မှောင်ထဲမှ အသံတစ်သံပေါ်လာသည်။ ရွာသားတွေမှာ ထွေဝေစိတ်ဖြင့် တန့်သွားကြသည်။
''ဆုတ်ပေးကြနော်၊ နို့မို့ရင် သောင်းမောင်ကို အသက်ပဲ''
ဓားပြက နာမည်နာမ တိတိကျကျ ထုတ်ဖော်ပြောလေသည့်အတွက် ညာသံများ စဲသွားသည်။ ဓားပြက သည် အခိုက် အတန့်ကို အခွင့်ကောင်းယူလျက် မည်သူမျှမထင်မှတ်သော ဗွက်ထူလှည်းလမ်းကို ဆင်းပြေး လေ၏။

''မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါ့သား သောင်းမောင် ကို သူတို့မမိဘူး၊ အသံဖျက်ပြီး လိမ်တာ''
ဦးဘမှန် ပြေးလာပြီး အော်ဟစ်သည့်တစ်ခဏတွင် ညာသံများ ကျယ်လောင်လာပြန်၏
''ချောင်းထဲ ဆင်းပြေးပြီးဟေ့ ပစ်ကြပစ်ကြ''
လက်သီးဆုပ်ရွယ် ချောင်းကျောက်တွေ မှောင်ထဲသို့ ပြေးဝင်၏။ နှစ်ဖက်ချွန်တွေ လွင့်ဝဲ၏။ ဓားပြတို့ အတွက် အဆိုးရွားဆုံးအရာကား ရေနံမီးကွက်များပေတည်း။
''လိုက်ကြ လိုက်ကြ၊ ကုတင်ကြီးစုဘက်က ပတ်ပြီးလိုက်ကြဟေ့''

တုတ်တွင် လျှိုပြီး ထွန်းညှိရမည့် မီးကွင်းများသည် ဓားပြများထံသို့ အလျှံတပြောင်ပြောင်ဖြင့် ပြေးလာ၏။ ဗွက်ထဲသို့ကျသော မီးကွင်းများသည် ငြိမ်းသွား၏။ မငြိမ်းလျှင် ဓားပြတွေက တက်နင်း၏။ သို့ရာတွင် စောင်ရန်းတန်းတွေတွင် ငြိနေသော မီးကွင်းများကား ဓားပြတို့၏ သေမင်းဖြစ်၏။

''လိုက်ကြဟေ့ လိုက်ကြ၊ မလွတ်ပေစေနဲ့''
ဓားပြများမှာ ပြေးနိုင်မှ လွတ်မည့်အခြေအနေသို့ ရောက်နေပြီ။ ရွှံ့ဗွက်ကြီးထဲတွင် အတင်းပြေးစဉ် နောက်ဆုံးဓားပြကို ကျောက်ခဲရော နှစ်ဖက်ချွန်ပါ ထိမှန်သည်။ သည်တွင် အမှားတစ်ခုကို ကျူးလွန်ကြသည်။ ယင်းမှာ လှည်းလမ်းထိပ် ချောင်းပြင်ထဲမှ အသံတွေပေါ်လာခြင်း ဖြစ်သည်။
''သည်ဘက်ကိုလာရင် အသေပဲဟေ့''

ဓားပြတွေမှာ နှစ်ဖက်အညှပ်ခံထားရပြီ။ သို့အတွက် ၀ဲယာရှိဥယျာဉ်များထဲသို့ တကွဲတပြား ၀င်ပြေးကြတော့သည်။ စောင်ရန်းတိုင် ချိုးသံကြားရာသို့ မီးကွင်းတွေ ပြေးလာကြသည်။ မီးကွင်းနောက်မှ ကျောက်ခဲတွေ၊ နှစ်ဖက်ချွန်တွေ လိုက်လာကြသည်။ ဓားပြများ ဆင်းပြေးသော လှည်းလမ်းမှာ ဗွက်ထူသည်။ ထိုဗွက်ထဲတွင် လှည်းမောင်း၍ ရစေရန် သစ်ခက်တွေချသည်။ ရိုးပြတ်တွေ ချသည်။ ဓားပြတစ်ယောက်မှာ သစ်ကိုင်းသစ်ခက်တွေနှင့် ငြိနေစဉ်တွင် ကျောက်ခဲမှန်ပြီး လဲကျကျန်ခဲ့သည်။ သူတစ်ပါး၏ ပစ္စည်းဥစ္စကို 'အသာရကြွေ' ရမည်ထင်ပြီး ဓားပြတိုက်မိသူများမှာ လက်လွတ်ပြေးကြရသည်။ ဥယျာဉ်ထဲတွင် ဓားပြများ လွှင့်ပစ်ခဲ့သော ပစ္စည်းများကို နောက်တစ်နေ့နံနက်အထိ လိုက်လံကောက်သိမ်း၍ မဆုံးပေ။ ပစ္စည်းကောက်သူများ သည်သွေးစက်များ ပြတ်တောင်းပြတ်တောင်းဖြင့် စွတ်ကြောင်းတစ်ခုကို တွေ့သည်။ စွတ်ကြောင်းသည် 'ဆင်နီ' တောအစပ်တွင် ပြတ်သွားသည်။ ဆင်နီတောကို တုတ်ဓားကိုယ်စီဖြင့် နင်းသည်။ ဦးခေါင်းနှင့် ခြေတွင် ဒဏ်ရာပြင်းထန်စွာ ရထားသော ဓားပြတစ်ယောက်ကို တွေ့ကြရသည်။

သည်မျှ တစ်ရွာလုံး တစ်နယ်လုံး ထိတ်လန့်တကြား ဖြစ်နေချိန်ဝယ် မောင်ဆေးရိုးနှင့် ကျီးဒန်တို့၏ မင်္ဂလာဆောင်ပွဲကို ရက်ရွှေ့လိုက်ရတော့၏။ သို့တစေ ကစ္စမှာ မင်္ဂလာဆောင်ကို ရက်ရွှေ့ကာမျှဖြင့် မပြီးပေ။  ဆင်နီတောနှင့် ဗွက်ထဲမှ မိသော ဓားပြများသည် ဖော်ကောင်ဖြစ်လာ ကြသောမောင်ဆေးရိုး မိသားစုအား ဒုက္ခပေးလေသည်။

မိသော ဓားပြနှစ်ယောက်မှာ ရမ်းဘိုကုန်းနှင့် ရွာနီးချုပ်စပ်မှ မဟုတ်ကြပေ။ ခံတော၊ ကြူကုန်း၊ ကြက်မင်းရင် စသောနယ်ကျော်အရပ်မှ လူပေလူတေချည်း ဖြစ်သည်။ သည်နှယ်ဝေးလှမ်းသော အရပ်မှ ဓားပြများသည် 'ဆုတ်ပေးကြနော်၊ နို့မို့ရင် သောင်းမောင်ကို အသက်ပဲ' ဟု မည်သည့်အတွက် အော်နိုင်ကြသနည်း။ ဦးဘမှန်၏ သားအမည်ကို ဓားပြမိား သိခြင်းမှာ ရွာခံ 'လက်ထောက်' ချသူရှိ၍ ဖြစ်ရမည်။ ဒဏ်ရာရဓားပြများကို ဖိဖိစီးစီးစစ်ဆေးသောအခါ ရွာခံလက်ထောက်ချသော ရန်သူ့သတင်းပေးအမည်သည် ပေါ်ထွက်လာ၏။ ရွာခံရန်သူ သတင်းပေးမှာ မယ်ငြိမ်းစည် ဖြစ်သည်။ မရီးဟူသည် အစ်ကိုငထွန်းကားနှင့်စပ်မှသာ တော်စပ်ခြင်းဖြစ်ငြား မောင်ဆေးရိုးတို့ မောင်နှမတစ်တွေ ခေါင်းမဖော်ရဲတော့ချေ။ ရွာကိုလည်း ရှက်၊ ဦးဘမှန်ကိုလည်း အားနာသည်။

ငထွန်းကားသည် နို့စို့ကလေးတန်းလန်းဖြင့် အချုပ်ထဲသို့ ရောက်နေသော ဇနီးထံသို့ သွားရမည့်အစား အရက်ကိုသာ နေ့မီးညမီးဆက်ပြီး သောက်နေသည်။ သို့ရာတွင် ဦးကျန်ကြီး မနေနိုင်ပါ။ မယ်ငြိမ်းစည် မကောင်းသော်ငြား သူ့အဖေ ဦးရဲတင်းမှာ လူကောင်းကြီးဖြစ်သည်။ ထိုပြင်လူတော်ကြီးလည်း ဖြစ်ချေည်။ ဦးကျန်ကြီးသည် ရွှေတဆုပ်ရွာရှိ မယ်ငြိမ်းစည်၏ မိဘများထံ သို့ 'မယ်ငြိမ်းစည်အချုပ်အနှောင်ခံရကြောင်း' လူလွှတ်အကြောင်းကြားငြား တစ်ဦးတစ်ယောက်မျ ပေါက်မလာကြပါ။ ဦးကျန်ကြီးလွှတ်လိုက်သူသည် ရွှေတစ်ဆုပ်ရွာ၌ ဦးရဲတင်းနှင့် ဒေါ်မင်းဘော် ကိုစုံညီတွေ့၏။ မည်သည့်အကြောင်းကြောင့် သူတို့သမီး အချုပ်အနှောင်ခံရသနည်း ဟုစုံစမ်းကြ၏။ ဦးကျန်ကြီးလွှတ်လိုက်သူလည်း မကွေ့သာမကွယ်သာသဖြင့် ကြားသိရသမျှကို ရှင်းပြ၏။ ဦးရဲတင်းသည် ထွီခနဲတံတွေးထွေးကာ ထသွား၏။ ဒေါ်မယ်ဘော်က တွေတွေကြီး ငေးနေပြီးမှ ''မိုက်လိုက်လေ သမီးရယ်'' ဟုငိုသံပါဖြင့် မြည်တမ်းသည်။ သို့ရာတွင် မယ်မင်းဘော်သည် ကျလာသော မျက်ရည်ကို အငြိုးတကြီး သုတ်ပစ်သည်။

''ကိုယ်မှီခိုရပ်တည်းချနေရတဲ့ရွာကို ပြန်ပြီး မကောင်းကြံသတဲ့၊ ကောင်းကြသေးရဲ့လား။ အရိပ်နေနေ အခက်ချိုးချိုး၊ ဒင့်အဘေးဦးရင်းသောင်နဲ့ တူတဲ့ မိန်းမယုတ်''
ဒေါ်မင်းဘော်သည် ဧည့်သည်ကို ရုတ်တရက် သတိရ၏။
''ငါတူကို မထီမဲ့မြင်လုပ်တာမဟုတ်ပါဘူးကွယ်။ စိတ်ဆိုးလွန်းလို့ ပါကွယ်''
''ကိစ္စမရှိပါဘူးခင်ဗျာ''
''အဲသည်တော့ အချုပ်အနှောင် ထောင်တန်းက လွတ်လာတဲ့အခါ ရမ်းဘိုကုန်းကို ပြန်မနေနဲ့၊ ရွှေတဆုပ်ရွာကိုလည်း မလာခဲ့ပါနဲ့လို့ သားရေပေါ်အိပ် သားရေနား စားတဲ့မယုတ်တမာမကို ပြောလိုက်ပါ''
''အရီးတို့ ဘယ်တော့လောက်လာမလဲ''
''မလာဘူး''

သွေးမစပ်သော မောင်ဆေးရိုးတို့သော်မှ သည်မျှရှက်နေလျှင် မိဘအရင်းခေါက်ခေါက်မှာ ပိုပြီးရှက်ချေမည်။ သို့ကြောင့် မယ်ငြိမ်းစည်အား ပစ်ပစ်ခါခါလုပ်ပစ်ကြသည်။ ဦးကျန်ကြီးကား ချွေးမအား ပစ်မထားရက်ပေ။ သူမိုက်မဲသည်က တစ်ဏ္ဍ၊ လူကြီးက လူကြီးအလုပ်ကို လုပ်ရမည်မှာ တစ်ဌာနမို့ ရွာခေါင်းဦးဘရီ စသော လူကြီးများကို တောင်းပန်စုစည်းပြီး ဂတ်ဌာနသို့ လိုက်သွားရ၏။ ရပ်မိရပ်ဖများကမူ မယ်ငြိမ်းစည် အတွက်ကြောင့်ကြ၏။ ထမင်းမှစားရပါမည်လော ဟုတွေးတောပူပန်ကြ၏။ မယ်ငြိမ်းစည်မှာ လူကြီးတွေးစိုးရိပ်သကဲ့သို့ မဟုတ်ပေ။ သူသည် အချုပ်ထဲ၌မနေရ။ ဂတ်စာရေးမိသားစုနှင့် အတူနေရသည်။ ပူပန်ညှိုးငယ်သော မျက်နှာမရှိ။ ပြီတီတီပြက်တက်တက်ဖြင့်။

''ဟေ့ ကျန်ကြီး မင့်ချွေးမအတွက် ပူမနေနဲ့ကွ''
ရွာခေါင်းဦးဘရီက သည်မျှသာပြောငြား ဦးကျန်ကြီးမှာ ပြောစရာစကားတွေ အလွန်များ၏။ များသော်ငြား မပြောဖြစ်။ ဂတ်ဌာနသို့ နောက်ထပ်လည်း မရောက်တော့ပေ။
ရွာခေါင်းဦးဘရီစကားက မှန်ကန်သည်။ နောက်သုံးလခန့်အကြာတွင် အာမခံသူ မရှိ။ အသနားခံသူ မရှိပါဘဲလျက် ရမ်းဘိုကုန်းသို့ မယ်ငြိမ်းစည် ပြန်ရောက်လာသည်။ ခေါင်းရင်းအိမ် ခြေရင်းအိမ်မှအစ တစ်ရွာလုံးက အဆက်အဆံ အခေါ်အပြောမလုပ်ဘဲ'ကြဉ်' ထားကြငြား မယ်ငြမ်းစည် မပြေးပါ။ အရက်ချက်သည်။ ထန်းရည်တည်သည်။ လူတွေဗရုတ်သုတ်ခဖြင့် ၀င်ထွက်ကြသည်။ သည်အထဲ၌ လူသစ်အဖြစ် ပုလိပ်နှစ်ယောက် ပါလာသည်။

အိမ်နီးချင်းများသည် မယ်ငြိမ်းစည်နှင့် ကြက်သွန်တစ်ဥငရုတ်သီး  တစ်တောင့် မပတ်သက်ကြငြား ဒေါ်ကြွယ်စိုးထံသို့ကား ရောက်ရှိလာကာ သတင်းပေးကြသည်။
''အရီးရဲ့ချွေးမက ဟောသလိုတော်ရေ့''

ဦးကျန်ကြီးထံသို့လည်း ''ဘကြီးချွေးမကို ပစ်ထားတော့မလား'' မေးကြပြောကြသည်။ ဦးကျန်ကြီး နှင့်မယ်ကြွယ်စိုးတို့မှာ မည်သို့လုပ်ရမည်ဟု မဆုံးဖြတ်တတ်ချေ။ မယ်ငြိမ်းစည်အား တုတ်တစ်ပြက် ဓားတစ်ပြက်ဖြင့် ပြောဆိုဆုံးမ တားမြစ်ရမည့်သူမှာ ငထွန်းကားဖြစ်သည်။ ယခုငထွန်းကား ပျောက်နေသည်။ ရမ်းဘိုကုန်း ကာလသားများသည် မယ်ငြိမ်းစည်၏အိမ်ကို မျက်စောင်းခဲနေကြပြီ။ မျက်စောင်းခဲရခြင်းမှာ ပုလိပ်နှစ်ယောက်သည် ညဥ့်နက်မှ ထွက်ခွာသွားလေ့ရှိသောကြောင့် ဖြစ်သည်။ သို့သော် ပုလိပ်နှင့်ပတ်သက်သော အိမ်မို့ ကျောက်အုတ်ဖြင့် ဖြိုရန်ဆနေကြရ၏။

ကျရောက်နေကျ လေပြင်းများ ရက်ဆက် ကျရောက်လာပြီးနောက် မိုးနံ့ ရလာပေပြီ။ လယ်သမားများသည် ရိုးပြတ်မီးရှုံ့သူက ရှို့၊ထွန်တုံးထွန်သန် ပြင်သူက ပြင်ကြပေပြီ။ မိုးကလေး တစ်ပြိုက်ကျသည်နှင့် တစ်ပြိုင်နက်တည်း ထွန်းရေးငင်ကြမည်။ နှမ်းကြဲသူကကြဲ၊ ပျိုးခင်းထွန်သူက ထွန်၊ စိုက်ခင်းခွဲသူက ခွဲဖြင့် ၀ါမကျွတ်မချင်း အားကြနားကြရတော့မည် မဟုတ်ပေ။

သို့ကြောင့် လုပ်ုန်းခွင်မ၀င်ရမီ မောင်ဆေးရိုးနှင့် ကျီးဒန်တို့၏ မင်္ဂလာဆောင် ခန်းဝင်ပစ္စည်းများကို ဖုန်ခါကြသည်။ သည်နှစ်တွင်မှ သင်္ကြန်က ကဆုန်လထဲတွင် လာကျသည်။ မင်္ဂလာဆောင်ရက်မှာ မှတ်မှတ်ရရ သင်္ကြန်အကြိုနေ့ဖြစ်သည်။ သည်မင်္ဂလာဆောင်တွင်လည်း ထုံးစံအရ ချက်ကြပြုတ်ကြနှင့် တပျော်တပါးရှိလှပါဘိသည်။ မင်္ဂလာဆောင်ရက် မတိုင်မီညတွင် မောင်ဆေးရိုးသည် သတို့သမီးအိမ်သို့ မသွားရပေ။ အိမ်မြဲနေသည်။ အမေနှင့် မယ်မျှင်မျာမူ မင်္ဂလာဆောင်အိမ်သို့ ရောက်နေသည်။

မောင်ဆေးရိုးသည် အိမ်ရှေ့ကပြင်(ကြမ်းပြင်) သို့ထွက်လာမိသည်နှင့် အစ်ကိုငထွန်းကားအား သတိရသည်။
''ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ အရက်ကို မလင်းတမ်းသောက်နေတော့ ရှိမှရှိသေးရဲ့လား၊ သေများ သေပြီလား''

အစ်ကို့သတင်းကို မိမိမသိသော်ငြား မရီးမူ သိတန်ကောင်း၏။ မရီးထံသွားရောက်မေးမြန်းရန် အကြံဖြင့် ထပြီးမှ ပြန်ထိုင်မိ၏။ သို့စဉ်တွင်မိန်းမတစ်ယောက်၏ စူးစူးဝါးဝါးအော်သံကို ကြားရ၏။ မောင်ဆေးရိုး လည်ပင်းရှည်၏။ နားစွင့်၏။ မသဲကွဲပါ။ 'ဓါးနဲ့' သာသဲကွဲသည်။ တန်လျားရေအိုးစင် တွင် ဓားတစ်ချောင်း အသင့်ရှိနေသည်။ မောင်ဆေးရိုးသည် ထိုဓားကိုဆွဲပြီး ကပြင်မှ ခုန်ချသည်။ အိမ်ဝိုင်း အပြင် သို့ မရောက်မီ တဖုန်းဖုန်းပြေးလာသော ခြေသံများကို ကြားရသည်။

မောင်ဆေးရိုးသည် ပြေးလာသူများကို မျှောကြည်၏။ မျှောကြည့်ဆဲတွင် ပြေးလာသူနှစ်ယောက် သည်အိမ်ဝိုင်းထဲသို့ ပြေးဝင်လာကြသည်။ အမေနှင့်မယ်မျှင်။ အမေသည် သမီး၏လက်ကို ဆုပ်ထား၏။
''ဘာသံလဲအမေ''
''လာကြပါဦး၊ ဓားနဲ့ခုတ်နေပါတယ်လို့ ကြားသလိုပဲ၊ ဒါကြောင့်အိမ်ကိုပြေးလာတာ''
''အော်တာ ဘယ်သူတုံး အမေ''
''မသိဘူးဟဲ''
အမေသည် သား၏အမေးကို ဖြေပြီးလျှင်ပြီးချင်း ''ဒါကဘယ်ကို သွားမလို့တုံး'' မေးသည်။

''ဘာလဲညာလဲ သိရတာပေါ့အမေရာ''
အမေသည် သား၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်သည်။
''သည့်ပြင်လူတွေ သွားလိမ့်မယ်၊ ငါ့သားကနက်ဖြန်မှာ မင်္ဂလာဆောင်မယ့် သတို့သား၊ မသွားရဘူး''
ပြောပြောဆိုဆို အိမ်ဘက်သို့ ဆွဲခေါ်သောကြောင့် လိုက်ပါလာရငြား မောင်ဆေးရိုး မသွားလျှင်မဖြစ်သော အခြေအနေသည် ဖြစ်ပေါ်လာ၏။ ဤသည်ကား မောင်ဆေးရိုး၏မရီး မယ်ငြိမ်းစည်၏ အိမ်တွင်ဓားခုတ်မှု ဖြစ်ပွားခြင်းပေတည်း။

"သူမကောင်းပေမဲ့ သွားမှတော်မယ် အမေ''
မိခင်အား အကြောင်းပြစကား ဆိုအပြီး၌ မောင်ဆေးရိုးသည် ရွာလမ်းတစ်လျှောက် ပြေးလာခဲ့သည်။
လူများကို ဟိုအိမ်ရှေ့၌ တစ်စု၊ သည်အိမ်ရှေ့၌ တစ်စုတွေ့ရငြား မယ်ငြမ်းစည်၏ အိမ်တွင်အုပ်အုပ်ခဲခဲ မရှိပါ။ မလာလျှင်မဖြစ်သော ရွာခေါင်းဦးဘရီနှင့် ဆယ်အိမ်ခေါင်းများသာ ရှိကြသည်။ ဓားခုတ်ခံရသူမှာ ဆာဂျင်ကျော်အေးဖြစ်၏။

''ဆာဂျင်ကြီးက အိမ်ပေါ်တက်လာပြီး 'အရက်မ၀သေးဘူး၊ ပေးဦး' လို့ တောင်းပါတယ်။ ကျွန်မက 'ကုန်ပြီ' မရှိတော့ဘူး။ နက်ဖြန်မှလာပါ' လို့ ပြောနေတုန်းမှာ နောက်ဖေးဘက်က လူတစ်ယောက် တက်လာတယ်။ ဆာဂျင်ကြီးက 'ဟေ့ကောင်မပြေးနဲ့' အော်ပြီး  လဲကျသွားလို့ ကျွန်မလည်း ကြောက်ကြောက်နဲ့ မီးခွက်ထွန်းကြည့်တော့ သွေးတွေနဲ့''   
ဆာဂျင်ကျော်အေးကို ပွေ့ထားသူမှာ ကျော်အေးတပည့် ပုလိပ်ဖြစ်သည်။ နှစ်ယောက်လုံး အရပ်ဝတ် ၀တ်ထားသည်။

''ခင်ဗျားတို့ တော်တော်ပေါ့တာပဲဗျာ၊ အိမ်ပေါ်တက်ပြီး ဆာဂျင်ကြီးတစ်ယောက်လုံး ဓားခုတ်ခံရတာ ကောင်းသလား''
ဦးဘရီ ထောင်းခနဲ ဒေါသထွက်လာငြား မပြောရဲသဖြင့် လေချိုသွေးရ၏။
''ဆရာကကော ဘယ်လိုဖြစ်တာပါလဲခင်ဗျာ''
''အိမ်ပေါ်က ဆာဂျင်ကြီးရဲ့အသံကြားရတဲ့ အတွက် 'ခွေးကတက်'ကစောင့်ပြီး ရိုက်တာ၊ ဓားနဲ့တွက်သွားသဗျာ''

ရွာခေါင်းဦးဘရီသည် နွားလှည်းဆင့်ခေါ်ပြီး ပုလိပ်နှစ်ယောက်ကို ဆေးရုံသို့ပို့သည်။ သူနှင့် ဆယ်အိမ်ခေါင်းနှစ်ယောက်က ဂတ်သို့သွားပြီး တိုင်တန်းခဲ့သည်။ သူတို့သည် တပ်အပ်မမြင်ရငြား ဓားဖြင့် ခုတ်သူမှာ ငထွန်းကား ဖြစ်ရမည်ဟု စွပ်စွဲသည်။ မယ်ငြိမ်းစည်သည် အရက်နှင့်ထန်းရည်ကို အိမ်အောက် တွင် ရောင်းပါလျက် အိမ်ပေါ်သို့ ဆာဂျင်ကျော်အေး ရောက်နေသည်ကို မသင်္ကာ။
မမှုမှာ ဤမျှဖြင့်ပြီးသွားပြီဟု ထင်မှတ်ကြ၏။ အမှုဖြစ်ပွားရာအရပ်မှာလည်း ကြဉ်ထားသောအိမ်။ ကိုယ်ရွာသူရွာသားများနှင့် သက်ဆိုင်သည် မဆိုနိုင်။

ထို့အတွက် မောင်ဆေးရိုး၏  မင်္ဂလာဆောင်ကို နောက်တစ်နေ့ နံနက်တွင် အစီအစဉ်မပျက် ကျင်းပသည်။ ရွာသူရွာသားသည် မယ်ငြိမ်းစည်အိမ်မှာ အဖြစ်အပျက်ကို မဆိုင်သကဲ့သို့ နေကြ၏။ ရယ်သံမောသံများ ညံနေသည်။
''၀က်သားတုံးကြီး ဒူးခေါင်းလာက် သူများပြောတာ ကြားဖူးပါရဲ့ ဆိုပေမဲ့ အခုတော့ ကိုယ်တွေ့ကြုံပြီ ဟေ့''
ရပ်ဝေး ကာလသားများသည် 'ဘီးဆံပတ်' တုံးကြီးတွေကို အားရပါးရ စားသည်။ ရွာခံကာလသား များ ကလည်း ''ထည့်ပါစားပါ၊ အားမနာပါနဲ့'' ဟုလောကွတ်ချော်ကြသည်။
''တော်ပါပြီ ခင်ဗျာ၊ ခင်ဗျားတို့ ၀က်သားဟင်းက ထညက်(ထန်းလျက်) စော်နံကနံသနဲ့''

ကာလသားတွေ အုန်းခနဲ ရယ်မောကြသည်။ ရယ်မောကြခြင်းမှာ ၀က်သားဟင်းကို စိတ်ရှိလက်ရှိ မစားနိုင် စေရန် ဟင်းထဲတွင် အမှန်ပင်ထညက်(ထန်းလျက်) ထည့်ထားသောကြောင့် ဖြစ်သည်။ ထိုသို့ ရယ်ရယ် မောမော ပျော်ပျော်ရွှင်ရွှင် ရှိနေကြသူများသည် ရုတ်ခြည်း အရယ်ရပ်လျက် ဖရိဖရဲ ဖြစ်သွားသည်။ လှေကားအလယ်နှင့် လှေကားရင်းတွင် ပုလိမ်များ ရောက်နေကြ၏။ လှေကားလယ်တွင် ရပ်နေသော ပုလိပ်ကြီးမှာ သားရေပြားကြီးကို စလွယ်သိုင်းထား၏။ ခါးပတ်လည်း သားရေအိတ် တစ်အိတ် ချိတ်ထား၏။

ရွခေါင်းဦးဘရီသည် ခေါင်းရင်းခန်းတွင် ထိုင်နေရာက် 'ပုလိပ်တွေ' ဆိုသောစကားကြောင့် ထပြေးလာ၏။ သူပြေးအလာနှင့် ပုလိပ်ကြီး တက်အလာတို့ လှေကားထိပ်တွင် ဆုံမိကြ၏။
''ဌာနာအုပ်မင်းပါကလား၊ ကြွပါခင်ဗျာ၊ကြွပါ''

ဦးဘမှန်လည်း အိမ်ဦးခန်းတွင် ထိုင်နေရာမှ ထလာပြီး ''ကျွန်တော့်အိမ်ကို ကြွှပါ၊ ဌာနာအုပ်မင်း၊ ကျွန်တော့် အိမ်မှာ ကုလားထိုင်ရှိပါတယ်'' ပြောကာ ဖိတ်ခေါ်သည်။
''ကျွေးဇူး တင်ပါတယ် ဦးဘမှန်၊ ခင်ဗျားတို့ရွာဟာ ဓားပြဖမ်းပေးတဲ့အတွက် နာမည်ကောင်း လက်မှတ် ရအောင် ကျွန်တော်ထောက်ခံပေးမယ် စိတ်ကူးထားတာ။ အခုတော့ ကျွန်တော့ အမှုထမ်းတွေကို ဒဏ်ရာ အနာတရ ဖြစ်အောင်လုပ်တယ်။  ဆာဂျင်ကျော်အေး ဒဏ်ရာပြင်းထန်တယ်''

''ဒါက ဟိုဒင်း''
ဦးဘရီ ပြော၏။ သို့သော် သည့်ထက်ပိုပြီး မပြောတတ်။ မျောက်မွေးသူနှင့် မျောက်တို့၏ မှောင်ထဲက ဇာတ်လမ်း ဖြစ်ပါသည်ဟု ပြောရန်မှာ ပရိသတ်ဗိုလ်ပုံအလယ်၌ မသင့်လျော်ပါ။ သည်ကိစ္စ အတွက် သင့်လျော်မည့် စကားလုံး ရှာဖွေနေဆဲ၌ ဌာနာအုပ်က ဆက်ပြော၏။
''ဆာဂျင်ကျော်အေးနဲ့ ပုလိပ်အမှုထမ်း င၀ဲတို့ကို ဓားနဲ့ခုတ်သူဟာ ငထွန်းကားဖြစ်တယ်။ ငထွန်းကားကို အခု အပ်ပါ။ ငထွန်းကားကို မအပ်ရင် သူ့ညီဆေးရိုးကို ဖမ်းရမယ်''

ဆက်ရန်
.

4 comments:

ahphyulay said...

အင်း ...
ဓါးပြ ဖမ်းတဲ့  ရေးကွက် ကတော့ 
နှလုံးတုန်ချင်စရာပါပဲ ။
တစ်ခါ တလေ ဒီလို ကျေးလက် ဓလေ့  လေး တွေ
ဖတ်လိုက်ရတော့ လဲ လန်းလန်း ဆန်းဆန်း လေး
ဖြစ် သွား ရော..
( အမြဲ တန်း ထိုင်းမှိုင်း နေတာ အိပ်ရေး မဝ လို့ လေ )

:P said...

အထွတ်အထိပ်ရောက်ပြီလား အစ်မရေ...
ဆက်ဖတ်ချင်နေပြန်ပြီ။

ရည်းဆေးရိုးတို့ ငယ်ဘဝက တကယ့်ပုံပြင်ဆန်တယ်နော်...။

မေဓာဝီ said...

ရီးဆေးရိုးက တကယ် သတ္တိရှိတယ်။
ဖတ်လို့ သိပ်ကောင်းတာပဲ။
ဟင်းချက်နေတာနဲ့ မအားလို့ ခုမှလာဖတ်ရတယ်။
နက်ဖန် မနက်စောစော ခရီးထွက်ရအုံးမယ်။ နက်ဖန်တင်မယ့်စာတွေကို ည မိုးချုပ် အိမ်ပြန်ရောက်မှဘဲ စုပြီး ဖတ်တော့မယ် မရွှေစင်ရေ ... ။

ကိုဇော် said...

ဓါးပြတိုက်ပွဲလေးကို ကြိုက်တယ်။
ကိုယ်တိုင်တောင်မှ ဝင်ပါချင်မိသေး...
လိုက်ဖမ်းတာကို ပြောတာနော်..တိုက်မှာ ဟုတ်ဘူး..