မိုးစင်စင်လင်းရုံမျှမက နေပင် ထွက်ပြူ၍ လာပေပြီ။ ကိုဒေါင်းစိန်တို့ တစ်တွေလည်း ကောက်ညှင်း ပေါင်းနှင့် ငါးပိကောင်ကြော်ကို စားသောက်ပြီးစီးခဲ့ပြီဖြစ်၍ တူးရွင်းများ၊ အုန်းဆံကြိုးများ၊ နှီးများ စသော အိမ်ဆောက်ရာ၌ လိုအပ်သည့် ကိရိယာ တန်ဆာပလာများကို ကိုင်ဆွဲကာ ကိုဒေါင်းစိန်၏ အိမ်ရာကွက် ကလေး၌ စုရုံးမိပေပြီ။ ကိုဒေါင်းစိန်၏ အိမ်ဟောင်းမှ ဖျက်၍ရသော ၀ါးလုံးအတိုအထွာ များနှင့် နောက်ထပ် ၀ယ်ယူ ထားသော ၀ါးများ၊ ကျူထရံများ၊ ဓနိများကို အိမ်ရာကွက်၏ နံဘေး၌ အသင့် စုပုံထားပြီးရှိနေ၏။
ပထမဦးဆုံး အိမ်ရာကွက်ပေါ်တွင် ကြိုးဆွဲကာ ပန္နက်ရိုက်ရမည်ဖြစ်၍ ကိုလူမောင်နှင့် ကိုလေးဖိုးကွန့် တို့သည် အုန်းဆံကြိုးတစ်ချောင်းကိုယူ၍ ကြိုးဆွဲမည့်ဟန်ပြင်၏။ ဒါကို ဦးအောင်ဒွန်းက မြင်လိုက်၍ အလော သုံးဆယ် တားဆီးလိုက်ပြီးနောက် -
' မေးမေးမြန်းမြန်း လုပ်ကြပါကွ၊ ကြိုးဆွဲပြီး ပန္နက်ရိုက်တာကပေမဲ့ အရမ်းမဲ့ ကြိုးဆွဲပြီး ပန္နက်ရိုက်လို့ ဖြစ်တာ မဟုတ်ဘူး။ ဟေ့ ဒေါင်းစိန်၊ မင်းဘာနေ့သားလဲ '
' စနေသားပါ ခင်ဗျား'
' အင်း စနေသားဆိုတော့ 'စနေသားပ၊ အိမ်ဆောက်က၊ တွေးဆဆင်ခြင်ပါ။ ကြာသပတေးလျှင်၊ ဗုဒ္ဓဟူးပင်၊ ကိုင်ချင်ကြိုးကိုသာ။ သောကြာနေ့ဖွား၊ ပန္နက်အား၊ နှက်ထားစိုက်လေပါ။ ဤလူ၌ပ၊ ပေါဓန၊ များလှ မိုးသို့ရွာ 'ဆိုတဲ့ အတွက် ကြာသပတေးနဲ့ ဗုဒ္ဓဟူးသားက ကြိုးကို ကိုင်ရမယ်၊ သောကြာနေ့ ဖွားတဲ့လူက ပန္နက်ရိုက် ရမယ်၊ ဒါမှ အိမ်ရှင်ဖြစ်တဲ့ စနေသားမှာ ဥစ္စာဓန ပေါကြွယ် ၀မယ်လို့ ဆိုတယ်။ ဒီတော့ ကြိုးဆွဲမယ့်လူဟာ ကြာသပတေး နဲ့ ဗုဒ္ဓဟူးသားဖြစ်ရမယ်၊ လူမောင်နဲ့ ဖိုးကွန့်တို့က ဘာနေ့သားတွေလဲ '
ကိုလေးဖိုးကွန့်က ကြာသပတေးသားဖြစ်၍ ကိုလူမောင်က ဗုဒ္ဓဟူးသားဖြစ်ကြောင်း ပြန်ပြော လိုက်သည်တွင် ဦးအောင်ဒွန်းသည် ကျေနပ်သွးသလို ခေါင်းကို တညိတ်ညိတ်လုပ်ရင်း ' အင်း ဒီလိုဆိုရင်လည်း မင်းတို့ နှစ်ယောက်ပဲ ကြိုးဆွဲပေါ့ကွာ'ဟု ခွင့်ပြုလိုက်၏။ ကိုလူမောင်နှင့် ကိုလေး ဖိုးကွန့်တို့သည် အုန်းဆံကြိုးကို တစ်ယောက် တစ်ဖက် ဆွဲ၍ ကိုလေးဖိုးကွန့်က အိမ်ရာကွက်ထိပ်ရှိ လက်ဝဲဘက်ထောင့်စွန်း၌ ရပ်လိုက်ကာ၊ ကိုလူမောင် ကမူ လက်ယာဘက် ထောင့်စွန်း၌ ရပ်လိုက်၏။ နောက် လက်ဝဲဘက်အစွန်းနှင့် လက်ယာဘက် အစွန်း ကြိုးတဖြောင့်တည်း တန်းနေ အောင် ဆွဲဆန့်လိုက်၏။
ဤအချိန်တွင် ဦးအောင်ဒွန်းက သောကြာသားတစ်ယောက် ပန္နက်ဝင်ရိုက် ရန်ညွှန်ကြားလိုက်သဖြင့် လူငယ်တစ်ဦး သည် အဖျားချွန်ထားသော ၀ါးချောင်း ပန္နက်တိုင်ကလေး များကို ယူ၍ လက်ဝဲဘက် ထောင့်စွန်း ၌တစ်တိုင်၊ လက်ယာဘက်ထောင့်စွန်း၌ တစ်တိုင် ရိုက်နှက် စိုက်ထူလိုက်၏။ ပြီးလျှင် ကိုလူမောင် နှင့် ကိုလေးဖိုးကွန့်တို့ ထောင့်စွန်းနှစ်ခုမှ ပန္နက်တိုင် နှစ်တိုင်ကို ပတ်၍ ကြိုးကို အခြားတစ်ဖက် ထိပ် ထောင့်စွန်းနှစ်ခုဆီသို့ ဆွဲဆန့်သွားပြန်၏။ ပန္နက် ရိုက်သည့် လူငယ်ကလည်း ထိုထောင့်စွန်းနှစ်ခုတွင် ပန္နက်တိုင် နှစ်တိုင် ကို တစ်ဖက်တစ်ချက် ရိုက်နှက် စိုက်ထူလိုက်ပြန်၏။
ဤနည်းအားဖြင့် စတုရန်းလေးထောင့်တွင် ပန္နက်တိုင်လေးတိုင်ကို စိုက်ထူပြီး၍၊ ကြိုးမှာလည်း ပန္နက်တိုင် လေးတိုင် ကို ပတ်ကာ စတုရန်းလေးထောင့်ပတ်လည် တစ်လျှောက် တင်းတင်းရင်းရင်း ညီညီညာညာ ဆန့်တန်း နေပေပြီ။ ဤသို့ ကြိုးဆွဲ၍ ပန္နက်ရိုက်ခြင်း၏ ရည်ရွယ်ချက်ကား အိမ်တိုင်ထူရန် တွင်းတူးရာတွင် တစ်တွင်း နှင့် တစ်တွင်း တညီတည်း တဖြောင့်တည်း ရှိစေရန်နှင့် တစ်တိုင်နှင့်တစ်တိုင် သတ်မှတ် ထားသော အကွာအဝေး အတိုင်း ကွက်တိဖြစ်စေရန် ချိန်ထိုးခြင်းဖြစ်သည်။
အိမ်မှာ သုံးပင်အိမ်ဖြစ်၍ အရှေ့ဘက်၌ အိမ်တိုင်သုံးတိုင်၊ အလယ်တိုင်သုံးတိုင်၊ နောက်ဘက်မှ လည်းသုံးတိုင်၊ ပေါင်း ကိုးတိုင်အတွက် တွင်းကိုးတွင်း တူးရမည်ဖြစ်ရာ ဤတွင်းကိုးတွင်းအတွက် ပန္နက်တိုင် ကိုလည်း ကိုးတိုင်စိုက်ရပေလိမ့်မည်။ ယခု ပန္နက်တိုင် လေးတိုင်သာ စိုက်ရသေးသည်။ သုံးပင်ဆိုလျှင် နှစ်ခန်း ဖြစ်၍ တစ်ခန်းအတွက် ငါးတောင့်ထွာကျနှင့် နှစ်ခန်းအွက် ဆယ့်တစ်တောင် ထား၍ ကြိုးဆွဲ ထားခြင်းဖြစ်သောကြောင့် ထောင့်လေးထောင့်ရှိ ပန္နက်တိုင် လေးတိုင်တို့၏ တစ်တိုင်နှင့် တစ်တိုင် အကွာအဝေး မှာ ၁၁ တောင်စီ ရှိနေပေသည်။ ဤ ၁၁ တောင်စီရှိနေသော ပန္နက်တိုင် လေးတိုင်တို့၏ အကြား များတွင် တစ်ဖက်နှင့်တစ်ဖက် ငါးတောင့်ကွာ ကွက်တိ တိုင်းထွာ၍ အလယ်တည့်တည့်မှ ပန္နက်တိုင် ကလေး များ တစ်တိုင်စီ စိုက်လိုက်ခြင်းအားဖြင့် တစ်တိုင်နှင့် တစ်တိုင် ငါးတောင့်ထွာစီ ကွာဝေးသော ပန္နက်တိုင် ကိုးတိုင်သည် မျဉ်းတဖြောင့်တည်း တန်းနေပေလိမ့်မည်။ ယခု သူတို့သည် ဤနည်းအတိုင်း သုံးပင် နှစ်ခန်း အိမ် တစ်ဆောင်အတွက် ပန္နက်ကိုးတိုင်ကို ရိုက်နှက်စိုက်ထူပြီးစီးခဲ့လေပြီ။
နောက်တွင်ကား အိမ်၏ လက်ယာ ခြေရင်းဘက် အဖီကလေးတစ်ခု ချရန်အတွက် အိမ်မကြီး၏ လက်ယာ ခြေရင်း ဘက် အစွန်ဆုံး ပန္နက်သုံးတိုင်နှင့် လေးတောင်ကွာတွင် ကြိုးဆွဲ တိုင်းထွာ၍ ပန္နက်တိုင်ကလေး သုံးတိုင် ကို အစဉ်လိုက် တန်း၍ ရိုက်နှက်စိုက်ထူ လိုက်ကြပြန်၏။ ဤနည်းအား ဖြင့် ရှေ့တန်း၌ ပန္နက်တိုင် လေးတိုင်၊ အလယ်တန်း၌ ပန္နက်တိုင် လေးတိုင်၊ အနောက်တန်း၌ ပန္နက်တိုင် လေးတိုင်၊ အားလုံးပေါင်း ၁၂ တိုင် ဖြစ်သွားလေပြီ။
ကြိုးဆွဲ၍ ပန္နက်ရိုက်ခြင်းကိစ္စလုံးဝ ပြီးစီးသွားပြီဖြစ်သဖြင့် အိမ် ၀ိုင်းဆောက်မည့် လူငယ်များနှင့် ကိုဒေါင်းစိန် တို့သည် တစ်ယောက်တစ်လက်ဖြင့် ထိုပန္နက်တိုင်ကလေးများ စိုက်ထူထားသော နေရာများတွင် အိမ်တိုင် ထူရန် တွင်းတူးကြတော့၏။ ဘုန်းကြီးကျောင်းမှ စည်ကြီးကိုးချက် တီးသည့် အခါတွင် သူတို့သည် ပန္နက်တိုင် ၁၂ တိုင် ရိုက်ထားသော နေရာများတွင် တွင်း ၁၂ တွင်းကို တူးပြီး ခဲ့လေပြီ။ ယခု တိုင်ထူရတော့မည်ဖြစ်၍ ဦးအောင်ဒွန်း သည် တိုင်ထူရန် အခါကို တွက်ချက်ကြည့်နေ၏။
' ဒီနေ့ သောကြာနေ့နော်၊ ဒါကြောင့် မြောက်အရပ်က လက်နက်ကိုင် ဖြစ်စေ၊ သံခမောက်ဆောင်း ဖြစ်စေ လာလိမ့်မည်။ အဲဒီတော့မှ အခါရတာမို့ အဲဒီအခါမှ တိုင်ထူရမည် '
ကိုလူမောင် ကား ဤမျှလောက် ကြီးကြီးကျယ်ကျယ် လုပ်နေသည်ကို အတော်ပင် စိတ်ပျက်နေမိ၏။ သူတို့ သည်လို ၀ါးအိမ်ဆောက်စဉ် အခါကမူ နေ့ကောင်းရက်သာကို ရွေးချယ် ဆောက်သည်မှအပ အခြား ရှောင်ကြဉ်ဖွယ်၊ လိုက်နာဖွယ်ရှိသည့် အချက်များကို လိုက်၍ အကျယ်ချဲ့နေသောကြောင့် နှောင့်နှေး နေရသည် ဟု ထင်မြင်မိ၍ စိတ်ပျက်နေမိသည်။ ကိုဒေါင်းစိန် က ဒါကို ရိပ်မိ၍ ကိုလူမောင် စိတ်ကျေနပ် အောင် ကိုလူမောင်အား မျက်နှာချိုသွေးနေရ၏။
၁၂ နာရီအချိန်ခန့် ရောက်သည့်တိုင် မြောက်အရပ်မှ မည်သည့် လက်နက်ကိုင်နှင့်မည်သည့် သံခမောက်ဆောင်းမှလာခြင်းမရှိသေး။ လူငယ်အချို့မှာ ဤသို့ ထိုင်စောင့်နေရသည်ကို ငြီးငွေ့လာ ဟန်ဖြင့် ညည်းညူစ ပြုတော့၏။ သို့သော် ကျောင်းမှ ၁၂ ချက် စည်သံအကြားတွင်မူ မြောက်ဘက် မှ လူတစ်ယောက် သည် အလှူအိမ်များ၌ လူများစွာအတွက် ချက်ပြုတ်ရာတွင် အသုံးပြုလေ့ရှိသော သံဒယ်အိုး အကြီးစားကြီး ကို ခေါင်းပေါ်တွင် မှောက်လျက် ဆောင်းကာ လျှောက်လာသည်ကို တွေ့မြင်ရ၏။ ကိုဒေါင်းစိန် တို့ လူအုပ် ရှေ့တည့်တည့်သို့ အရောက်တွင် ဦးအောင်ဒွန်း၏ ညွှန်ကြား ချက်အရ ကိုဒေါင်းစိန် သည် ထိုသူထံသို့ လျှောက်သွားကာ ' ကျွန်တော်တို့ အခါမလာလို့ အခါ စောင့်နေကြပါတယ်၊ အခု ခင်ဗျားလာတာ နဲ့ အဆင်သင့်ပါပဲ၊ ကောက်ညှင်းပေါင်းနဲ့ ငါးပိကောင် ကြော်ကလေးဝင်စားသွားပါဦး ' ဟု ဖိတ်ခေါ် လိုက်သဖြင့် ထိုသူလည်း ကိုဒေါင်းစိန်၏ အကူအညီဖြင့် ဒယ်အိုးကြီးကိုချပြီး လိုက်လာခဲ့၏။
ကိုလူမောင်က ဒယ်အိုးကြီး ရွက်လာတာနဲ့ သံခမောက်ဆောင်း မည်သို့မျှ မသက်ဆိုင်ဟု စောဒက ၀င်၏။ ဦးအောင်ဒွန်း ကလည်း ဒယ်အိုးမှာ သံပင်လျှင် ဖြစ်၍ ယခု ထိုသူ ရွက်လာခြင်းမှာလည်း သံခမောက် ဆောင်း သကဲ့သို့ မှောက်လျက် ဆောင်းလာခြင်းဖြစ်သောကြေင့် ဒါကိုပင် သံခမောက် ဆောင်းဟု ယူဆ ရမည်ဖြစ်ကြောင်း နှင့် ရှင်းလင်းချေပ၏။ ကိုလူမောင်ကလည်း အလျှော့မပေးဘဲ ဤကဲ့သို့သော ဒယ်အိုးကြီးမျိုးကို သယ်ယူရာ ၌ ခေါင်းပေါ်၌ မှောက်၍ ဆောင်းလာခြင်းဖြစ်ကြောင်း မကြားတကြား ထပ်ကွန့်၏။ သို့သော် ဦးအောင်ဒွန်း ကား မကြားဟန် ဆောင်နေ၏။
မယ်စိန်သည် ရှိသမျှ ကောက်ညှင်းပေါင်းနှင့် ငါးပိကောင်ကြော်များကိုယူထုတ်လာကာ သူတို့ရှေ့ သို့လာချ ပေး၏။ ဒယ်အိုးဆရာရော အိမ်ဝိုင်းဆောက်သူများပါ တွတ်ကြရာ တစ်ခဏ အတွင်းမှာပင် ပြောင်တော့၏။ အခါ ရသည့် အချိန်အတွင်း တိုင်ထူရမည်ဖြစ်၍ ကိုဒေါင်းစိန်၊ ကိုလူမောင်နှင့် ကိုလေးဖိုးကွန့် တို့သည် ၀ါးနက်တိုင် ကိုယ်စီယူကာ တိုင်ထူရန် ပြင်ဆင်ကြ၏။ ဦးအောင်ဒွန်းကလည်း တိုင်ထူရမည့် နည်းနာ များကို ထုံးစံအတိုင်း လက်ချာပေးနေပြန်၏။
' ဒီလိုကွ၊ တိုင်ထူတာကပေမဲ့ ကိုယ်ထူချင်တဲ့ တိုင်ကို ဆွဲပြီး ထူလို့ဖြစ်တာမဟုတ်ဘူး၊ ကျမ်းအဆိုနဲ့ ညှိနှိုင်းပြီး ထူရတာကိုးကွ။ ဒီတော့ လက်သမားကျမ်းက ဘယ်လိုဆိုသလဲဆိုတော့ ' လက်သမားရယ်လို့၊ တက်ကြွလို့ သိဖို့ရာ၊ မှတ်ကြပါ မမှား၊ ဥရူချီလို့ ဆေခံ ဘေးပျောက်မမှား' တဲ့၊ အဓိပ္ပာယ်ကတော့ ဥရူတိုင်က အစချီပြီး ဆောက်ရမယ် လို့ ဆိုသကိုးကွ၊ ကဲ ဒီတော့ ဥရူတိုင်ဟာ ဘယ်တိုင်လဲဟေ့ '
ကိုဒေါင်းစိန် က အဖီအထွက် တူးထားသော တွင်းသုံးတွင်းကို ဖယ်၍ အိမ်မကြီးအတွက် သုံးတွင်း၊ သုံးတန် တူးထားသော တွင်းကိုးတွင်းအနက် အလယ်တန်းမှ အလယ်တွင်းကို လက်ညိုးညွှန်၍ ဤတွင်း၌ ထူသော တိုင်ကို သာလျှင် ဥရူတိုင်ဟု ခေါ်ရမည်ဖြစ်ကောင်း သံသယမကင်းသော မျက်နှာထားဖြင့်ဆို၏။ ကိုလူမောင် ကမူ အလယ်တန်းလက်ဝဲဘက် အစွန်ဆုံးတွင်းကို ညွှန်ပြ၏။ ဤတွင်း၌ထူသော တိုင်ကိုသာလျှင် ဥရူတိုင် ဟုခေါ်ရမည်ဖြစ်ကြောင်း တစ်ထစ်ချသိသော မျက်နှာ ထားမျိုးဖြင့် ရဲဝံ့စွာ ဆိုပြန်၏။ ဒါကို ဦးအောင်ဒွန်းက ပြုံးလိုက်ကာ -
' မင်းတို့ နှစ်ဦးစလုံး တစ်ဦးမှ မမှန်ဘူးကွ၊ မှတ်ထား၊ ဥရူတိုင်ဆိုတာ နောက်ဆုံး အတန်းက အလယတန်းမှာ ထူတဲ့တိုင် ကို ဥရူတိုင်လို့ ခေးတယ်။ မိန်းမထဘီပုံထဲ တိုင်ကို ဆိုလိုတာပါကွာ၊ ဘာပြုလို့လဲဆိုတော့ မိန်းမတွေဟာ အဲဒီတိုင်မှာသာ ထဘီပုံရတဲ့ ထုံးတမ်းစဉ်လာ ရှိနလို့ပဲ၊ တိုင်ထူပြီးလို့ မင်းမဟာ ဂီရိအတွက် နတ်အုန်းသီးဆွဲတဲ့ အခါလည်း အဲဒီတိုင်မှာ ဆွဲရတယ်ကွာ၊ အကြောင်းကတော့အဲဒီတိုင်ဟာ အယုတ်ဆုံး အခိုက်ဆုံးတိုင်မို့ မခိုက်အောင် ပသ ပူဇော်ရတာပဲ။ ကိုင်း ကိုင်း ငါပြောတဲ့ နောက်ဆုံးတန်း အလယ်တွင် ဥရူတိုင်ကစပြီး ထူပေတော့၊ အဲဒီတိုင်ပြီးတော့မှ တခြားတိုင်တွေကို လက်ယာရစ်လှည့်ပြီး ထူပေါ့ကွာ '
ဦးအောင်ဒွန်း၏ အမိန့်အတိုင်း တစ်ယောက်တစ်လက်ဖြင့် ၀ိုင်းထူလိုက်ကြရာ မကြာမီအတွင်းမှာပင် အိမ်မကြီးအတွက် တိုင်ကိုးတိုင်ရော၊ အဖီအတွက် အိမ်မကြီးလောက် မမြင့်သော တိုင်တိုသုံးတိုင်ပါ စိုက်ထူပြီးစီးသွား၏။ တိုင်ထူ၍ ပြီးသည်နှင့် တစ်ပြိုင်နက်ပင် အုန်းသီး တစ်လုံးကို သနပ်ခါးရည်များဖြင့် ပက်ဖျန်း၍ ဥရူတိုင်၌ ဆွဲထားလိုက်၏။ ဒါက မင်းမဟာဂီရိ နတ်ကို ရည်မှန်း၍ ပူဇော်ပသထားသော နတ်အုန်းသီး ဖြစ်သည်။ သူတို့သည် အိမ်အဖြစ်သို့ မရောက်မီ တိုင်ထူ၍ ပြီးကတည်းကပင် ဤအိမ်၌ ထာဝစဉ် ကိုးကွယ်ရာနတ်အဖြစ် မင်းမဟာဂီရိအား အသိအမှတ် ပြုလိုက်ကြသည်။ သို့မှသာ မကောင်းဆိုးဝါးများ အိမ်တွင်းသို့ မ၀င်နိုင်သည်ဟု အယူ ရှိကြသည်။
' ကိုင်း တိုင်ထူလို့လည်းပြီးပြီ၊ နတ်အုန်းသီးလည်း ဆွဲပြီးပြီ၊ တိုင်သစ်ပူဇော်တဲ့ အထိမ်းအမှတ်နဲ့ ပန်းဆွဲရဦးမယ်ကွ။ အဲ ဘာပန်းဆွဲရမလဲလို့ဆိုတော့ ' အိမ်ဆောက်ပန်းဆွဲ၊ ဖော်ပြခွဲ၊ အမြဲမှတ်ယူရာ။ ဥနှဲဆွဲက၊ များဓန၊ ကြွယ်ဝချမ်းသာရာ။ ပညောင်ဆွဲသော်၊ မင်းပူဇော်၊ အလျှော်ခံ ရပါ။ ရေသဖန်းလျှင်၊ ဆွဲလေချင်၊ ကြည်ရွှင် လွန်ချမ်းသာ။ မြေစာညိုညက်၊ ဆွဲပန်းခက်၊ အသက်ရှည်တတ်စွာ။ အိမ်ဆောက် ပန်းဆွဲ၊ စိတ်ဖြာခွဲ၊ မှတ်စွဲ လူဗိုလ်ပါ' အဲ သို့ကလို ဆိုတဲ့အတွက် ဥနှဲဖြစ်စေ၊ ပညောင်ပဲ ဖြစ်စေ၊ ရေသဖန်း၊ ဒါမှမဟုတ်မြေစာပင်၊ ရရာ တစ်ခုခုကိုဆွဲ၊ ကောင်းတယ် ပေါ့ကွာ။ ကဲ အဲဒီလေးမျိုးထဲက ရရာတစ်ခုခု ရှာကြစမ်းဟေ့ '
ကိုဒေါင်းစိန်သည် အိမ်အနီး၌ အသင့်ရှိနေသော မြေစာပင် တစ်ပင်ကို ဆွဲနုတ်ကာ ကြိုးချည်၍ လူနှင့် နီးရာ တိုင်ဟောင်းတစ်လုံး၌ ဆွဲချိတ်မည်ပြု၏။ ဒါကို ဦးအောင်ဒွန်းက အရေးတကြီး တားဆီးထားလိုက်ပြီးနောက် -
' ဟေ့ ဒေါင်းစိန်ရဲ့၊ တိုင်ဟောင်းမှာ ပန်းဆွဲရမယ်လို့ မင်းကို ဘယ်သူက ပြောသလဲကွ၊ မလုပ်နဲ့ မောင်၊ ဒုက္ခတွေ့သွားမယ်။ ကဲ ကဲ အဲဒီ ပန်းဆွဲတာနဲ့ ပတ်သက်ပြီး လက်သမား ကျမ်းအဆို လင်္ကာ ကလေးကို ရွတ်ပြ ရသေးတာပေါ့ကွာ။ ' လူတို့ ဝေါဟာရဓလေ့၊ မမေ့အောင် သတိထား၊ မှတ်သားပ သေချာစွာ၊ တိုင်ဟောင်း မှာ ရှောင်လို့လွဲ၊ ပန်းမဆွဲရာ'တဲ့။ ဒါကြောင့် မင်း အခု အိမ်ဆောက်ခါနီးမှ အသစ်ထပ်ဝယ်တဲ့ ငါးနက်တိုင် တစ်လုံးလုံးမှာ ဆွဲဟေ့ '
ကိုဒေါင်းစိန်သည် ဦးအောင်ဒွန်း၏ ညွှန်ကြားချက်အတိုင်း တိုင်သစ်တစ်လုံး၌ မြေစာပင်ကို ဆွဲချိတ် လိုက်၏။ ပြီးနောက်ကား သူတို့သည် ဦးအောင်ဒွန်း၏ သြ၀ါဒဖြစ်သော ' ထုပ်မစွပ်ရက်မ လျှိုလျှင်၊ ကျမ်းဆိုချက် အလျောက်၊ ဥစ္စာရွှေငွေပျောက်၊ ၀မ်းပေါက် ခေါင်လျောက်' ဟူ၍လည်းကောင်း၊ ' ထုပ်မစွက်ခင်၊ ရက်မ တင်၊ ရှောင်ကြဉ် မပြုနှင့် ' ဟူ၍လည်းကောင်း ညွှန်ကြားချက်အရ အိမ်ကြမ်း ခင်းရန်အတွက် ရက်မကို အလျင်တပ်ဆင်ခြင်း မပြုသေးဘဲ အိမ်ခေါင်ကို အလျင်ပြီးနှင့်ရန် အိမ် ခေါင်တန်း၊ ထုပ်၊ လျောက်၊ ဒိုင်း၊ မြားများကို အလျင်တပ်ဆင်ကြ၏။ နောက် ၄င်းတို့အပေါ်မှ ဓနိကို အလွယ်တကူ မိုးနိုင်ရန်အတွက် ၀ါးများကို အစဉ်လိုက်တန်း၍ နှီးများဖြင့် လိန်ကာ ချည်နှောင် ကြ၏။ လူငယ်နှစ်ဦးမှာ အခြင်ဝါးများကို နှီးများဖြင့် လိန်၍ ချည်နေရာ မှ မည်သူ၏ နှီးချက်က ပိုကောင်းသည်ဟု ပြိုင်ဆိုင်နေကြ၏။
' ဟေ့ မင်းနှီးချက်နဲ့ ငါးနှီးချက် ဘယ်သူက ကောင်းသလဲ၊ ဒီမှာ ကြည့်စမ်း၊ ငါ့နှီးချက်ကို အဖျားမှာ လိန်ပြီး ခွေထားလိုက်ပုံကလေးဟာ ' ကြမ်းချေးစု ' ကို ကျနေတာပဲ။ ကြက်ချေးတုံးကလေးများ ဟာ အောက်ဘက်က အပြားကြီးပြီး၊ အပေါ်ဘက်ကို အရစ်လိုက် ခွေတက်လာပုံက အဖျားရှူးပြီး ထိပ်ကလေးချွန်းနေတဲ့ ပုံသဏ္ဍာန် မျိုးပေါကွာ '
' အောင်မာ ငါ့နှီးချက်ကိုလည်း ကြည့်စမ်းပါဦး၊ ငါ့နှီးချက်က မိန်းမဘီးဆံထုံးပုံကွ၊ သေသေသပ်သပ် ကျစ်ကျစ်လျစ်လျစ်ထုံးထားတဲ့ 'ဆံထုံး' ကလေးလို ခိုင်မြဲတဲ့ နှီးချက်ကွ '
အခြင်ဝါးများကို လုံးဝ ချည်နှောင်ပြီးစီးသောအခါ တစ်ဆက်တည်း ဓနိများဖြင့် အိမ်ခေါင်ကို မိုးလိုက် ကြ၏။ ဓနိ မိုး ပြီးသွားသောအခါ အိမ်ခေါင်တွင် လုံးဝပြီးသွားပြီဖြစ်သဖြင့် ယခု အိမ်ကြမ်းကို စတင်ပြုလုပ်ရပေမည်။ ဦးအောင်ဒွန်း သည် အိမ်ပုံကလေးကို သေသေချာချာ စူးစမ်းကြည့်ရှုလိုက် ပြီးနောက် -
' အိမ်ဆိုတာ သုံးမျိုးရှိတယ်ကွ၊ ဘာလဲလို့ဆိုတော့ ' ဖားသင့်'တဲ့၊ ' လိပ်သင့်' တဲ့၊ 'နွားသင့်'တဲ့၊ အဲဒီ သုံးမျိုးကို အဓိပ္ပာယ်ယတ္တနဲ့ ရှင်းပြရမယ်ဆိုရင် ' အောက်ဝါမြင့်မူ၊ ဖားသင့်ဟူ၊ နေသူဥစ္စာပါး'တဲ့၊ အိမ်ကြမ်းရဲ့ အောက်ဘက်က မြင့်ပြီးတော့ အိမ်ကြမ်းပြင်ရဲ့ အထက် အိမ်ခေါင်ဘက်က နိမ့်နေရင် အဲဒီအိမ်ကို 'ဖားသင့်' လို့ခေါ်တယ်၊ အဲဒီအိမ်မျိုးမှာနေတဲ့ သူဟာ ဥစ္စာစီးပွား ပါးရှားမယ်တဲ့။ ဟော နောက်ပြီးတော့ ' အောက်ဝါနိမ့်မူ၊ လိပ်သင့်ဟူ၊ နေသူ ရောဂါများ' တဲ့၊ အိမ်ကြမ်းပြင်ရဲ့ အောက် ဘက်က နိမ့်ပြီး အထက်ဘက် အိမ်ခေါင် က မြင့်နေရင် အဲဒီအိမ်ကို ' လိပ်သင့် 'လို့ ခေါ်ရမယ်၊ နေတဲ့သူဟာ ရောဂါများပြားမယ်တဲ့။ ကျန်တစ်မျိုး ကတော့ ' အောက်ထက်မျှမူ၊ နွားသင့်ဟူ၊ နေသူ သုခပွား 'တဲ့။ အိမ်ကြမ်းပြင်ဟာ အောက် အထက်မျှပြီး အလယ်ဗဟိုမှာ တည်ရှိတဲ့ အိမ်ကို 'နွားသင့်'လို့ ခေါ်တယ်၊ အဲဒီအိမ်မျိုး နေတဲ့သူသာလျှင် သုခ ပွားများ မယ်တဲ့။ ဒါကြောင့် မင်းတို့ အိမ်ကြမ်းပြင်ဟာ အောက် အထက် မျှပေစေကွ '
ကိုဒေါင်းစိန်နှင့် ကိုလူမောင်တို့တစ်တွေသည် အထက်နှင့် အောက်ကို သေချာစွာ ကြိုးဆွဲတိုင်းထွာ၍ အလယ်ဗဟိုမှ 'တလိုင်း' သုံးတန်းနှင့်' ပေါင်းကွတ် ' သုံးတန်းကို ၀ါးနက်တိုင် များတွင် တပ်ဆင်ချည်နှောင်ကြ၏။ ' တလိုင်း' နှင့် 'ပေါင်းကွတ်' အဖြစ် ၀ါးနက်ကိုပင် အသုံးပြုသည်။ သစ်အိမ်ဆိုလျှင်' ရက်မ' ဟုခေါ်သော်လည်း ၀ါးအိမ်များ၌ကား 'တလိုင်း'နှင့် 'ပေါင်း ကွတ်' ဟု သမုတ်ကြ၏။
အိမ်ကြမ်းပြင်၏ အလေးဒဏ်ကို ခံနိုင်ရန်အတွက် 'တလိုင်း' တန်းအောက်မှနေ၍ ၀ါးနက်တိုင်နှင့် ကပ်ကာ ဒေါက်တိုကလေးများ လိုက်ထောက်ပေးရပြန်၏။ ဦးအောင်ဒွန်းကလည်း ' ကြမ်းထက် မောက်မို၊ တိုင်တိုကို၊ ပိုလို့မထားနှင့် ' ဟူ၍လည်းကောင်း၊ ' ကြမ်းပေါ်မှာ ဒေါက်တိုမောက်လျှင်လှ၊ မှိုပေါက်လို့ခေါ်ပါ၊ သားမြေးစဉ်ဆက် တိုးတက်ရာ 'ဟူ၍လည်းကောင်း ရွတ်ဆိုပြကာ ဒေါက်တို ကလေးများ ကြမ်းပေါ်သို့ လွတ်ထွက်မောက်တက် မနေစေဘဲ ကြမ်းနှင့်ထိလောက်ရုံ၊ သို့မဟုတ် ကြမ်းအောက် ခပ်ကွာကွာတွင်ပင် လက်စသတ် ဖြတ်လိုက်ရန် သတိပေးနေ၏။
ဒေါက်ထောက်ပြီးသောအခါ ' ပေါင်းကွတ် 'ပေါ်တွင် 'ဆင့်' အဖြစ်ဖြင့် မျှင်ဝါးများကို စီတန်း၍ တပ်ဆင် ချည်နှောင်ကြပြန်၏။ ၄င်းအပေါ်ကမှ ငါးရစ်လုပ်တုန်းက အသုံးပြုခဲ့သော 'ယင်း' များကို ကြမ်းအဖြစ် ဖြန့်ခင်း လိုက်ကြ၏။ နောက် အိမ်နံရံနှင့် အဖီကလေးကို ဆက်တိုက်ပြုလုပ်ကြရာ ညနေ ၅ နာရီ အချိန်တွင် တစ်အိမ် လုံးလုံး ဆောက်လုပ်ပြီးစီးသွား၏။ ကိုလူမောင်၊ ကိုလေး ဖိုးကွန့်နှင့် လူငယ်များလည်း အသီးသီး ပြန်ကုန်ကြလေပြီ။ ဦးအောင်ဒွန်းကမူ ပြန်ရန ပြင်ဆင်ရင်း နောက်ဆုံး လိုက်နာဖို့အချက်ကို မှာကြားနေ၏။
' ကဲ မင်းတို့ အိမ်သစ်တော့ ပြီးပြီ၊ အိမ်သစ်တက်တဲ့အခါ မခိုက်အောင် တက်ဖို့နည်းလမ်းက ရှိသေး သကွ၊ ဘာလဲ ဆိုတော့ ' အိမ်သစ်တက်ငြား၊ သပြေသား၊ ဆောင်ထားတက်အပ်စွာ။ ကျောင်းသစ် တက်ငြား၊ သနပ်သား၊ ဆောင်ထားနိုင်နင်းလှ။ ကျောင်းကြမ်းအိမ်ကြမ်း၊ နိုင်ရိုးတမ်း၊ နည်းလမ်းညန်၍ပြ' ဆိုတဲ့ အတိုင်း မင်း တို့ အိမ်သစ်ကို တက်တဲ့အခါ သပြေသားကို ဆောင်ပြီး တက်ကြကွ။ ဒါမှ ဘေးဥပဒ် အန္တရာယ် မှန်သမျှ အားလုံး ကင်းရှင်းမယ် '
ဦးအောင်ဒွန်း ပြန်သည့်အခါ၌ ကိုဒေါင်းစိန်က ဦးအောင်ဒွန်း ကြိုက်နှစ်သက်သော အကောင်းစား ဆေးပြင်းလိပ်တစ်ထုပ် ၀ယ်၍ ကန်တော့လိုက်၏ ဦးအောင်ဒွန်းက ဆေးပြင်းလိပ်တစ်ထုပ်ကို လက်ခံ၍ ကိုဒေါင်းစိန်နဲ့ မယ်စိန်တို့ လင်မယား နှစ်ယောက် အိုအောင်မင်းအောင် ပေါင်းကြရပြီး၊ စီးပွားဥစ္စာတိုးပွားစေကြောင်း ဆုမွန်ကောင်းများ ပေးခဲ့ပြီးပြန်သွားတော့၏။
ကိုဒေါင်းစိန်နှင့် မယ်စိန်နှစ်ဦးထဲ အိမ်သစ်ကလေးကို ကြည့်ကာ ပီတိဖြာလျက် ကျန်ရစ်၏။ ကိုဒေါင်းစိန်၏ သဘောမှာ သံဃာတော်များအား ပင့်ဖိတ်၍ အိမ်တက် ပရိတ်တရားတော်ကိုပါ နာကြားလို၏။ သို့သော် အချိန်ကလည်း မရ။ ကိုလူမောင်နှင့် မဖွားသက်တို့၏ မင်္ဂလာကိစ္စ ရှိနေ သေးသဖြင့် ကိုလူမောင်ကို ငဲ့ညှာ၍ စိတ်ကို ချုပ်တည်းလိုက်ရ၏။
' မယ်စိန်ရေ၊ အိမ်အတွက်တော့ အေးရပြန်ပေါ့၊ ငါတော့ ၀မ်းသာလွန်းလို့ ငိုချင်တဲ့ စိတ်တောင် ပေါက်တယ် '
' အို တော်ကလည်း နိမိတ်မရှိ နမာမရှိ၊ ၀မ်းသာတာနဲ့ပဲ ငိုရမယ်လား၊ ကျုပ်တို့ကို ကုသိုလ်ကံ ထောက်မ လာပါပြီ။ ဒါပေမဲ့ အေးနေလို့တော့ မဖြစ်သေးဘူး၊ အခု အိမ်ဆောက်တာ ငွေနှစ်ရာပျော့ ပျော့လောက် ကုန်သွားပြီ။ ကျန်ငွေ နှစ်ရာကျော်လည်း ခြင်ထောင်ကလေး၊ စောင်ကလေးနဲ့ အ၀တ်အစား အသင့်အတင့် ၀ယ်ရ ဦးမယ်။ ကိုယ့်မှာ ပိုက်တို့၊ ကွန်တို့၊ ကွန်တို၊ ငါးမျှားတို့ လက်ကိုင်ရှိမထားရင် လူအောက် သိပ်ကျတာမို့ လက်ထဲ မှာ ငွေရှိတုန်း ပိုက်နဲ့ ကွန်ထိုးဖို့ ချည်လုံး လည်း ၀ယ်ရဦးမယ်။ ဒီတော့ ဒီတော့ ငွေနှစ်ရာ ကျော်ဟာ ကုန်သလောက် နီးနီး ဖြစ်သွားမှာပဲ။ ဒါကြောင့် ကျုပ် ဓနုဖြူတက်ပြီး ၀ယ်ခြမ်းစရာ ရှိသမျှ အကုန်ဝယ်ပြီးရင် တော်လည်း ကွင်းထဲကို ငါးထိုးဆင်းပေတော့။ ကျုပ်လည်း ငါးသံချိတ် ထွက်မျှားမယ် '
အိမ်သစ်ကလေးကို ကြည့်ကာ အတိတ်နှင့် အနာဂတ်ကို လုံးဝမေ့ပြီး ပစ္စုပ္ပန် အချိန်ကလေး၌သာ ကျေ နပ်ကြည်နူး ယစ်မူးနေသော ကိုဒေါင်းစိန်နှင့် အတိတ်၏ သင်ခန်းစာများက သတိပေးချက်အရ ပစ္စုပ္ပန် အခြေအနေ ၏ အဖြစ်မှန်ကို လေ့လာကြည့်ရှုပြီး အနာဂတ်ကို ကြိုတင် မျှော်ခေါ်တတ်သော မယ်စိန်တို့၏ ခြားနားချက် ကို ဤတွင် နှိုင်းယှဉ်လေ့လာနိုင်ပေသည်။
မှန်သည်။ မိုးကောင်းကင်ဆန်သော ကိုဒေါင်းစိန်နှင့် မြေကြီးနှင့် နီးကပ်သော မယ်စိန်တို့၏ ခြားနား ချက်။
-----------------------------------

ပြီးပါပြီ
.
1 comment:
အဆုံးသတ်က ဒီစကားလုံးလေးကို ကြိုက်တယ်ဗျာ။
မိုးကောင်းကင်ဆန်သော ကိုဒေါင်းစိန်နှင့် မြေကြီးနှင့် နီးကပ်သော မယ်စိန်တို့၏ ခြားနား ချက်။
တကယ်ပါပဲ။ တမျိုးတွေးမိသွားလို့ လင်နဲ့ မယား ဆိုတာ အမိုး နဲ့ ကြမ်းပြင် ပဲလေ။
Post a Comment