မေတ္တာစာ
ခင်ခင်ထူး
ခင်ခင်ထူး
(၁)
သည်ကနေ့ ရွာဟောင်းဘက်ဆီ ကိုသာအေးသွားရမည်။ အမေကြီး ကြီးဘုံ (ကြီးတော်ဘုံ)တစ်ယောက် သူကစာကို မျှော်လှရှာရော့မည်။ သူ့စာမဟုတ်ပါဘူးလေ သူ့မြေးရဲ့စာပါ။ တကယ်ဆို ကြီးဘုံဆီကို ကိုသာအေး သွားသင့်တာကြာပြီ။ သွားရမှာကိုလည်း ၀န်လေးနေခဲ့သည်။ သည်လို ရွာဟောင်းက အမေအို ဆီ သူစာ သွားသွားပို့နေရတာ အခေါက်ခေါက် အခါခါ ရှိခဲ့ပါပြီ။ တစ်ခေါက်ဆို တစ်ခေါက် အမယ်အိုကို သူ သံယောဇဉ် ဖြစ်ရသလို အသနားလည်း ပိုမိရပါ၏။
နေ့ခင်းက နေပူလွန်းတာကြောင့် ညနေစောင်းကျမှ ရွာဟောင်းဘက် ထွက်ခဲ့ရ၏။ ရွာဟောင်းဆိုတာက ဝေးဝေးလံလံတော့မဟုတ်ပါ။ ညောင်ငုတ်တိုရွာက ပဲ့ကျန်ခဲ့သည့်ရွာဖြစ်သည်။ မြစ်ကမ်းနားရွာဆိုတော့ မြစ်ရေ အတိုးကြမ်းသည့်နှစ်တစ်နှစ်တုန်းက ကမ်းပါးတွေ ပုတ်လုံး ကျီလုံးလောက် ပြိုကျခဲ့တာ တစ်လျှောက်ကြီး ။ နဂိုနေရာမှာ မြေဆိုလို့ ကမ်းပါးဆွယ်နေရကွက်ကွက်ကလေးသာ ကျန်ရစ်ခဲ့၏။ တစ်ရွာလုံး ကတော့ ရွာအရှေ့ကွင်းစပ်ကို ပြောင်းကြရသည်။ ရွာဟောင်းမှာ ကျန်ကောင်းကျန်ရာ အိမ်ကလေး၊ တဲကလေးတွေလောက်သာ ကျန်ခဲ့သည်။ အထူးသဖြင့် အင်မတန် ဆင်းရဲကြသူတွေသာ ကျန်ရစ် ခဲ့ကြခြင်းဖြစ်သည်။
'မြစ်ဖဲ့လို့ ပဲ့ကာမှ ပဲ့ရော။ ကျုပ်တို့တော့ ရွာနောက်တကောက်ကောက် မလိုက်နိုင်ပါဘူး နောင်မှ ရောက်ရား ပဲ'
ကျန်ရစ်သူ တွေက ကိုယ့်ဝေဒနာနှင့် ကိုယ်ဆိုတော့ ဖြစ်လာမှ ရင်ဆိုင်ကြရတော့မည် ဆိုသည့် သဘော ပြောခြင်း ဖြစ်ပါ၏။ ကြီးဘုံကတော့ ဘာထူးမှာတုံး။ ရွာဟောင်းမှာပဲ မြစ်ကမ်းဆွယ် မေးတင် ကျန်ရစ် ခဲ့ရသည်။ အခုတော့ မူရင်းညောင်ငုတ်တိုက ရွာဟောင်းဖြစ်ရပြီး ရွှေ့သွားသည့် နောက်ပေါက်ရွာက ညောင်ငုတ်တို ဖြစ်ရပြီ။
မြေပဲတွေ နှုတ်ပြီးစမို့ အခင်းတိုင်းက ဟင်းလင်း။ နေရောင်က မြစ်သောင်တစ်ခြမ်းကို အလင်း ပေးထားသေးသည်။ နေလုံးပက်လက်ဆိုသော်လည်း ရွာဟောင်းကို လှမ်းမြင်နေရသေးသည်။ ထင်းမီးခိုးတွေ အူတူထနေသော တဲကလေးတွေကို ကမ်းထိပ်က လှမ်းကြည့်ရင်း ကိုသာအေး သက်ပြင်းချ မိ၏။ တစ်ဖက်မှာ မြစ်ကမ်းပါးယံကြီး ပတတ်ရပ်လျက် တစ်ဖက်မှာတော့ ကမ်းပါးဆွယ်ကလေး။ နေရသမျှ ကုတ်တွယ် နေကြရသော်လည်း ဘယ်သူကမှ ဒါကို နာကောင်းသည်မထင်။
'ဘယ်တုန်း ကိုနို့ဆီရွာဟောင်းလား'
'အေး အမယ်အို ရှိသမှုတ်လား'
'ရှိလောက်ပ'
တစ်ယောက်က ကြီးဘုံကို လှမ်းအော်ပေးသည်။ ကြီးဘုံတို့ တဲဆီက ဘာမှ အသံမပြန်။ ကိစ္စမရှိ။ ကိုသာအေး တဲပေါက်ဝရောက်မှ အံ့သြသွားအောင် လုပ်ရဦးမည်ဟု တွေးထားသည်။ ကိုသာအေးက ကြီးဘုံ ကို စနေကျ။ သူလာတာမြင်လျှင် ကြီးပျော်လိမ့်မည်။ ပြီးလျှင် ငိုလိမ့်မည်။ သူပြန်ထွက်လာလျှင် စာရွက် ကလေး ကိုင်ကာ ကျန်ရစ်ခဲ့လိမ့်မည်။ ကိုသာအေး တဲပေါက်ဝက အကဲခတ်သည်။ အတွင်းမှာတော့ မှောင်နေပြီ။
'ဂျီးဘုံ ကျုပ်ရယ် သာအေးရယ်၊ မြေးတော်လေးဆီက စာပါပါ့ဗျား ငွေပါပါ့ဗျား'
'……'
'ဂျီးဘုံ ကျုပ်ရယ်'
(၂)
ကိုသာအေးက ညောင်ငုတ်တိုရွာသားဆိုသော်လည်း တောင်သူအလုပ်ကို လုပ်သူမဟုတ်ပါ။ ချက်နို့ဆီကို မြို့က လက်ဖက်ရည်ဆိုင်တွေမှာ သွားသွင်းရသော နို့ဆီပို့သမားသာ ဖြစ်သည်။ ကိုသာအေးက လူရိုး လူဖြောင့်၊ ငွေရေးကြေးရေး စိတ်ချရသည်။ နို့ဆီကုန်သည်က ကိုသာအေးကို အထူးယုံကြည်ကိုးစားသည်။ မြို့ကို ပို့ခိုင်းသည့် နို့ဆီပုံးတွေ သဘောင်္နှင့်တင်ကာ မန္တလေးပို့ရသည်။ အလုပ်ရှင် ဦးဘသိန်းမှာတာတွေ စေ့င အောင် လုပ်ခဲ့ရသည်။ အပြန်ငွေခံခဲ့ရသည်။ ရွာရောက်တော့ ငွေနှင့်စာရင်းရှင်းရသည်။ ကိုသာအေး က သည်လို နို့ဆီပို့လာတာပင် ခြောက်နှစ်ထဲရောက်ခဲ့ပြီ။ ငွေခြောက်ပြား အကွာအဟမရှိ။ အအမ်း အတော မလွဲခဲ့။ ညောင်ငုတ်တိုနှင့် မန္တလေးကူးရတာနှင့်ပင် ဒူးဆတ်ခေါက်လိုက်ခဲ့ပြီ။
'သာအေး ဈေးချိုက ဟောသည်တံဆိပ်နဲ့ ဆေးရှာဝယ်ခဲ့စမ်းကွာ၊ သန်းမေတို့အိမ်မှာ တွေ့လို့လျက်ကြည့်သာ ကောင်းသဟ'
'ကိုကြီးသာအေး ချော်ဆိပ်က လှပေါတို့အိမ် ၀င်ပြောခဲ့စမ်းပါတော် အမေနေမကောင်းဘူး လို့ ရွာဝ လာနိုင်ရင် လာခဲ့စမ်းပါလို့'
တချို့က မန္တလေးဆိုတာနှင့် တစ်နေရာတည်းလို့ ထင်ကြသည်။ မန္တလေးသွားလျှင် ရွာမှာလို ဘယ်သူ့ မဆို တွေ့နိုင်သည် ထင်ကြသည် ကိုသာအေးကတော့ သဘောသကယ ကောင်းသူဆိုတော့ သွားဖြစ်အောင် သွားပေးလိုက်တာ များပါ၏။
'သာအေးရေ ငါ့တူတော့ အားနာသကွာ၊ နို့ဆီပုံးတွေနဲ့ မနိုင်မနင်း ဖြစ်မှာလည်း စိုးပါရဲ့ သရက်သီး တောင်း ထည့်ပေးလိုက်လို့ ဆရာတော် ဦးဝိသုဒ္ဓကျောင်း ပို့ချင်သာ ဖြစ်ပါ့မလား'
'ဖြစ်ပါသယ်…… လှူလိုက်ပါ့မယ်'
စကားလူကြုံ၊ စာလူကြုံ မှာကြတာရှိသလို ပစ္စည်းလက်ဆောင်ပါးကြတာများလည်း ရှိ၏။ နီးနီးနားနား မှာကြ သလို ဝေးဝေးလံလံ မှာကြတာလည်းရှိသည်။ အသွားမှာလို့ အပြန်လွတ်သည်မရှိ။ အပြန်လည်း တသယ် တပိုး သယ်ခဲ့ရသည်သာ။ ကိုသာအေးကတော့ သည်လို လုပ်ပေးရတာကို ကုသိုလ်ရသည်ဟု ခံယူသည်။ သူတစ်ပါးအကျိုး ဆောင်ရတာပဲလေလို့ တွက်သည်။
ကြီးဘုံ ကတော့မှာလေ့ မရှိပါ။ သို့သော် မန္တလေးရောက်နေတတ်သည့် မြေးဖြစ်သည့် မောင်ဖိုးလူ၏ စာနှင့် ငွေကြုံကိုတော့ မျှော်ရှာသည်။ ဖိုးလူက မန္တလေးအထက် စဥ့်ကူးသပိတ်ကျဉ်းဘက် ရွှေတော်မှာ အလုပ် လုပ် နေတော့ မန္တလေးက သူ့ဆရာအိမ်ကို ငွေနှင့်စာ ပို့ပေးထားတတ်သည်။ ဒါကို ကိုသာအေး ၀င်ယူ ရခြင်း ဖြစ်၏။
'အမေကြီး
ကျွန်တော်မောင်ဖိုးလူ စာရေးလိုက်ပါတယ်။ အမေကြီးသုံးဖို့ ငွေထည့်ပေးလိုက်တယ်။ အမေကြီး လှူစရာရှိတာ လှူပါ။ နေကောင်းနေနေပါ အမေကြီး။ အမေကြီးနေမကောင်း ဖြစ်မှာကိုပဲ ကျွန်တော်ပူတာ အနားမှာ မနေနိုင်တော့ ပူရတာပေါ့။ ကျွန်တော်လည်း နေကောင်းပါတယ်။ အမေကြီးသုံးလို့ ပိုတဲ့ငွေကို သိမ်းထားပါ။ ညောင်ငုတ်တိုဘက် မြေ၀ယ်ပြီး ရွာဘက် ရွှေ့ရအောင်လို့။
ကျွန်တော် ဆရာက လွှတ်တဲ့နေ့ ရွာခဏပြန်ခဲ့ပါဦးမယ်။
လူကလေး မောင်ဖိုးလူ
ဗလာစာရွက်ကို ဖြစ်သလိုဆုတ်ပြီး ရေးလိုက်သည့်စာ။ သည်စာကလေးကို ကြီးဘုံက ပဲကြီးရေ တွန့်နေသည့် လက်ချောင်းလှီလှီကလေးတွေနှင့်ကိုကာ စာလုံးတွေကို သီမွဲမွဲ မျက်လုံးကလေးတွေနှင့် တစ်လုံးချင်း လိုက်ကြည့်တတ်သည်။ ကြီးဘုံက ကြည့်လို့သာ ကြည့်ရှာတာပါလေ။ စာမတတ်ရှာတော့ မောင်ဖိုးလူ ရင်ငွေ့ကလေးမှ တစ်ရှိုက်ရစေတော့ သဘောဖြင့် ကိုင်ထားမှန်း ကိုသာအေးသိပါ၏။
ရွှေတောဆီက လာသည့်စာ။ ဘယ်လောက်ဝေးမှန်းလည်း မသိ။ ဘယ်သူနှင့် ဘယ်လို ရောက် ရောက် လာတယ်ဆိုတာလည်း မသိ။ ရွာကနေ မြို့ကို နို့ဆီသွားသွားပို့သည့် ကိုသာအေးရှိလို့သာ တစ်ဆင့်ခံ ရောက်လာတာလောက် သိရှာသူဖြစ်၏။
'သာအေးကြီး ကျန်းမာချမ်းသာပါစေ။ သူတစ်ပါးအကျိုးဆောင်လို့ ကိုယ့်အကျိုးများ တစ်လုံးတစ်ဝတည်း ပြည့်ပါစီတော်။ မောင်မင်းကြီးသား တစ်ခေါက်ပြန်ဖတ်ပြပါဦးကွယ့် ငါဖြင့် ငါ့မြေးစာကြားရသာ ၀သယ် ကို မထင်ဘူး'
စာတစ်ခေါက်လာပို့တိုင်း ကိုသာအေးက သည်လိုနှစ်ခေါက် ပြန်ဖတ်ပြရမြဲ၊ လူကလည်း ဟိုစကား သည်စကား ပြောရင်း တအောင့်တဖြုတ်ထိုင်ရမြဲ။ ကိုသာအေး ရောက်သွားတိုင်းလည်း ကြီးဘုံက ၀မ်းသာသည်။ မြေးဆီက တစ်ခုခုရတော့မည် ဆိုတာထက် မြေးသတင်းတစ်ခုခု ကြားရမှာကို ၀မ်းသာ ရှာမှန်း ကိုသာအေး သိပါ၏။
ဘာသဲ့တုန်း သာအေး ငါ့မြေးကလေး"
"ဂျီးဘုံမြေး မိန်းမယူသွားပြီသဲ့ဗျား မြေးချွေးမ လာပြမလို့သဲ့"
ကိုသာအေး နောက်သည့်အခါ ကြီးဘုံမျက်နှာ ပျက်တာမျိုးမရှိ။ ငါ့မြေးအကြောင်း ငါအသိဆုံး ပေါ့ကွယ်ဆိုသည့် မျက်နှာခံနှင့် ပြုံးနေတတ်သည်။ သည်လိုအပြုံးကို ကိုသာအေး အလွန် စိတ်ချမ်းသာ သည်။ သူ့မိခင်ရင်း ပြုံးသလိုခံစားရသည်။ ရွယ်ကြီးရွယ်အို မိခင်တစ်ယောက်၏ ရင်ထဲနှလုံးထဲက လှိုက်တက် လာသော အပြုံးမျိုး။
"ရော် အမယ်အိုနှယ် တကယ်ပြောသာဗျ ကောင်မလေး ချမ်းသာသတြ့။ နားတောင်းတစ်ဖက် ဗုံခေါင်းလောက် ပန်သာတဲ့ဗျာ။ နှစ်ဖက်ပန်တော့ မျက်နှာမော့မရလို့ ဖိုးလူတောင် မယား မျက်နှာ မမြင်ရဘူး သာပဲ"
ကိုသာအေးက နောက်လေ ကြီးဘုံက ပါးကလေးခွက်အောင် ရယ်လေ။ သွားတွေတစ်ချောင်းမှ မရှိတော့ သွားဖုံးညိုညို ကလေးတွေပင် ရုန်းထွက်တော့မလား ထင်ရသည်။ မျက်နှာပေါ်က ဇရာ အရေးအကြောင်း တွေပဲ ဆန့်ဖြန့်သွားသလား ထင်ရသည်။ ခိုးခိုးခစ်ခစ် ရယ်သံက ချွဲသံတွေပါသော်လည်း တကယ်ပျော် သည့် အပျော်သံဖြစ်သည်။
"သာအေးရယ် မင်ပြောသလိုသာဆို ငါ့မြေးက မိန်းမယူသာမဟုတ်လောက်ဘူး။ ဗုံခေါင်းယူသာနေမှာ။ မင်းနှယ်ကွယ် ပြောမှပြောတတ်ပလေ။"
ကိုသာအေးက ငွေကို သေသေချာချာ ရေတွက်သည်။ စာထဲပါသည့် ငွေအရေအတွက်နှင့် ကိုက်အောင် စာကို တစ်ခါပြန်ကြည့်သည်။ မှန်ပြီဆိုတော့မှ စာနှင့်ငွေကိုအပ်သည်။ သည်လိုအခါမှာတော့ ကြီးဘုံငြိမ် သွားတတ် ပါသည်။ ချက်ချင်းမျက်နှာညှိုး ကျသွားသလို မျက်ရည်ကလေးလည်လာတတ်သည်။ သည်လိုမြင်ရ ပြန်တော့ ကိုသာအေး စိတ်မကောင်းပြန်။ မြေးကလေးကို သတိရဟန်တူသည်။ တစ်ခါတလေများ ငိုနေ လို့ အားပေးရတာလည်း ရှိ၏။
"ဂျီးဘုံရယ် မောင်ဖိုးလူ ထွက်ရှာနေတော့ သူ့အတွက်ရော ဂျီးဘုံအတွက်ရော အဆင်ပြေသာပေါ့။ ရွာထဲမယ် အမယ်အိုတွေ များလှပေါ့။ ဂျီးဘုံလောက် ဘယ်သူစိတ်ချမ်းသာ ကြလို့တုန်း။ မြေးပွေ့ ထားမယ့် အရွယ် မှ မဟုတ်တာဗျာ။ လိမ္မာသာ ၀မ်းသာပါဦးဗျာ။"
"အေးပါကွယ်။ ငါ့မြေးလေးက သိတတ်လွန်းလို့ပါ။ ဂျီးဘုံနေတတ်ပါတယ်။ ဖိုးလူငယ်ငယ်က ဆိုးပြီး ထင်သာ လိမ္မာရှာလို့ ခေါင်းအေးရပါရဲ့။ သူချွေးနှဲစာ မစားရက်ပေါင်တော်။ ကျုပ်က ကုန်စရာမရှိပါဘူး။ လှူသာ ရှိသာပါ"
သည်လိုနှင့်ပင် ကိုသာအေးတစ်ယောက် ကြီးဘုံနှင့် မြေးဖိုးလူတို့ကြား တမာရွှေကျေး ဖြစ်ခဲ့ရသည်။ ဖိုးလူ ဆီက စာကြုံငွေကြုံ မလာတာကြာလျှင် ကိုသာအေးကပင် မျှော်တတ်နေပြီ။ ဖိုးလူစာလာတိုင်း ခါးပန်းမှာ မြေဖြူ နှင့် ရေးထားလေ့ရှိရာ စိတ်ရောက်လျှင် ခါးပန်းက ရက်စွဲကို ဖတ်ရင်း ရက်တွက်နေတာများပင် ရှိပါ၏။
"ငါတောင် သည်လောက် မျှော်ရင် ဂျီးဘုံတော့ မျှော်ရှာပေရော့မယ်"
(၃)
"ဖိုးလူ မိဘများဆုံးတော့ ဂျီးဘုံကပဲ အိုကြီးအိုမနဲ့ လူလုံးပေါ်အောင် မွေးခဲ့ရသယ်။ လူဆိုတော့ ထန်းစေ့မှုတ် လို ဘယ်ထန်းပင်အောက် ကောက်ကောက်မရနိုင်ဘဲကိုး မောင်သာအေးရဲ့။ ကိုယ့်မြေးသား ကိုယ့်အလှည့်ကျပြန်တော့ မုဆိုးမနဘ၀နဲ့ ပဲနှုတ်ကျွေးခဲ့ရသယ်။ မိဘများ အလိုလိုက်ခဲ့တော ဖိုးလူက ဆိုးချင်သာ၊ မိဘများ မရှိတော့လည်း ဘွားအေကို အဖေမှတ်ရှာသယ်။
အမေ မှတ်ရှာသယ်။ သူ့ခမျာ ပညာလည်း ကောင်းကောင်းမသင်ခဲ့ရရှာပါဘူးကွယ်။ ဦးဇင်းမှတ်ကျေးဇူးနဲ့ ရေးတတ် ဖတ်တတ်ရှာလို့ တော်သေးရဲ့ အောက်မေ့ရသယ်"
ကြီးဘုံက စိတ်ကူးရလျှင် ရသလို မြေးအဘွားဘ၀တွေကို ပြောနေတတ်သည်။ တစ်ရွာတည်း အတူနေ တွေမို့ သိပြီးသားအကြောင်း အရာတွေဆိုသော်လည်း အမယ်အို အလွမ်းမှ ပြေစေတော့လို့ ထိုင် နားထောင် ခဲ့ရသည်။ အရွယ်ကလေး ရောက်လာတော့ ဖိုးလူမှာ ရွာ့ထုံးစံ သူရင်းငှားဘ၀ ရောက်ရပါ၏။ သူတကာ လူငယ်တွေက ရွှေမှော်၊ ကျော်မှော်တွေ ပြောကြတော့ ဖိုးလူကလည်း သွေးကြွသည်။ အမယ်အို ချည်း ထားပစ်ခဲ့လို့မရတော့ ရွာကလူငယ်တွေ ထွက်ကြတိုင်း ဖိုးလူခမျာ နွားစာစဉ်းရင်း၊ ပဲမှောနှိုက်ရင်း လှမ်းမျှော်ကြည့်ရုံသာ ကြည့်နိုင်ခဲ့သည်။ သည်ကြားထဲ မြစ်ရေက ရွာတစ်ခြမ်းဖဲ့ပစ်လိုက်တော့ မြစ်ကမ်းပါးစွန်းရွာဟောင်းမှာ ဘွားအေကြီးကို ထားခဲ့ဖို့ ဖိုးလူ မတွေးရဲပြန်။ ဘွားအေက မြေးကဘေးမှာ သည်ရောဂါ ရှိမှန်းသိတော့ သွားဖို့ခွင့်ပြုရှာသည်။
မြေးကလေးခမျာ သူငယ်သဘာဝ သုံးချင်စွဲချင် ပြည့်စုံချင်ရှာလိမ့်မည်။ ရွာမှာ သူရင်းငှားဘ၀နှင့် စုတ်စုတ်ကန်းရသည့်အဖြစ်လည်း ကြီးဘုံအဖြစ်မခံနိုင်တာ ပါပါ၏။
"သူတကာ့ ကလေးတွေရွာကို ပြန်လာကြသာ အဆင်ပြေကြသယ်ကြားသယ်။ ငါ့မြေးလည်း သွားချင်သွားလေ။ အမေကြီးနေတတ်ပါ့တော်။ ရွာကောင်းတော့ တစ်စလောင်း၊ အမေကြီးကို ထမင်းတစ်လုပ် ရေတစ်မှုတ် တော့ ကမ်းမယ့်သူချည်းပါ။ ငါ့မြေးစိတ်ဖြောင့်ဖြောင့် သွားရော့"
သည်ကတည်းက ဖိုးလူလည်း ရွှေတောကို ရောက်ခဲ့ရသည်။ မန္တလေးက ဘထွေးတို့ဆီသွားတော့ ဘထွေးချော ကလည်း ချက်ချင်းပို့ပေးလိုက်ရာက ဖိုးလူ ရွှေတောထဲ ဖုတ်ခနဲ ကျလေတော့သည်။ တစ်နှစ်ပြည့် လို့ ပြန်လာတော့ မြို့ဝတ်မြို့စားနှင့်ဖြစ်နေပြီ။ နာရီကလေး လက်စွပ်ကလေးနှင့် ဖြစ်လာပြီ။ အမေကြီး အတွက် စို့စို့ပို့ပို့ ကန်တော့နိုင်သည်။
"ပင်ပန်းသလား လူကလေး၊ မင်းအသားလေးတွေ မည်းလှချေကောကွယ်"
"ပင်တော့ ပင်ပန်းသာပေါ့ အမေကြီးရယ်။ နွေအပူ မိုးအစွတ်ပေါ့။ ရွာမှာ သူရင်းငှားလုပ်ရ သာထက်တော့ ကောင်းသာ ပေါ့ အမေကြီးရဲ့"
"အပေါင်းအသင်းမှားမှာစိုးသာပါ လူကလေးရယ်။ အမေကြီးဖြင့် ငါ့မြေးမျှော်ရသာနဲ့ ပုတီးတောင် ဖြောင့်အောင် မစိတ်နိုင်ပါဘူး မပျော်ရင် ပြန်လာခဲ့ကြာလား လူကလေး"
"ဟုတ်ကဲ့ အမေကြီး"
"မိန်းမပေါ့ တွေ ဘာတွေနဲ့တွေ့မှာစိုးသယ်ကွယ့်"
"အိုအမေကြီးကလည်း မော့မကြည့် အားပေါင်ဗျာ စိတ်သာချပါရော့"
မြေးလိမ္မာကိုကြည့်ရင်း ကြီးဘုံဝမ်းသာရသည်။ မြေးကလေးရောက်သခိုက် ရွာကျောင်းဆရာတော်ကို မြေးအဘွားနှစ်ယောက် ဆွမ်းပို့ကြသည်။ န၀ကမ္မ ငွေလှူဒါန်းကြသည်။ ရွာဦးစေတီပြင်သည့် အလှူမှာ တတ်အားသမျှ ပါနိုင်ခဲ့သည်။ ညောင်ငုတ်တိုရွာဘက် မြေကလေးဝယ်ဖို့တောင် ပြေးကြည့် ခဲ့ကြသေး သည်ဆိုပါ၏။
စကားပြောကောင်းရာက ကိုသာအေးပြန်မည်လုပ်တော့ အမယ်အိုငိုရပြီ၊ အိမ်ငုတ်စိကလေးထဲမှာ အမယ်အို တစ်ယောက်တည်း ငုံးစုံးပစ်ကျန်ရစ်ပြီ။ မိုးရာသီ မြစ်ရေကြီးချိန် မြစ်ကမ်းပါးတွေ ပြိုသံကြား တော့လည်း ကိုယ့်အသက်ကိုမပူ။ ရေထဲမိုးထဲက မြေးကို သတိရသည်။ ငွေနှင့်စာကတော့ လူကြုံလျှင် ကြုံသလို ရောက်ပါ၏။ ကြီးဘုံက စာမမျှော်ငွေမမျှော်၊ မြေးကိုသာ မျှော်သည်။ ရွယ်ကြီးရွယ်အိုဆိုတာ သေချာ တာမဟုတ်။ မျက်စေ့အောက်မှ မြေးကလေး ရှိစေချင်ရှာလိမ့်မည်။
မောင်ဖိုးလူခမျာလည်း ဘွားအေရယ်လို့ လူကိုယ်တိုင်တစ်လ တစ်ခေါက်မရောက်နိုင် သလိုပင် စာနှင့်ငွေကလည်း ပုံမှန်ထည့်နိုင်ရှာသူမဟုတ်။ လက်ထဲမှာ ငွေစကလေး စုဆောင်းမိရှိသည့်အချိန်နှင့် ရွှေတောလူကြုံရှိမှ မန္တလေးကို ပို့တာမဟုတ်လား။ တစ်ခါတစ်လေ သုံးလေးလလောက် စာမလာ သတင်း မကြား ရှိတတ်သည်။ ကိုသာအေးကတော့ ၀တ္တရားမပျက်ရှာပါ။ ဘထွေးချောတို့အိမ်ကို တကူးတက သွားနေကျ။ မေးနေကျ။ ရောက်နေတော့လည်း ယူလာရုံ၊ မရောက်ဘူးဆိုတော့လည်း နှုတ်ဆက်ပြန်ခဲ့ရုံ။ တစ်ခါ တလေ မြေးအဘွားကြား ကိုယ်တိုင်ပင် ရွှေတောလိုက်သွားချင်စိတ် ပေါ်မိပါ၏။
"ဟဲ့ သာအေး ဂျီးပုံက မေးနေသယ် သွားလိုက်ပါဦးဟဲ့"
ရွာဟောင်းဘက် တစ်ယောက်ယောက်နှင့်ဆုံလို့ သည်လိုအမှာစကားကြားရလျှင်ပင် နေမထိ ထိုင်မသာ များပင် ဖြစ်ရတော့ည်။
"ကိုင်း သည်တစ်ခေါက်တော့ ငါကိုယ်တိုင်ေ၇ွှတောဘက်လိုက်သွားဦးမယ်" ကိုသာအေး စိတ်ထဲတေး ထားရမိသည်အထိ။
(၄)
ကိုသာအေး ရွှေတောဘက်လိုက်မည် တကဲကဲလုပ်နေသည့် အခေါက်မှာပဲဖြစ်သည်။ ခါတိုင်း အခေါက် တွေလိုပဲ နို့ဆီပုံးတွေပို့ပြီးလို့ ဘထွေးချောတို့အိမ်အ၀င်မှာပင် မောင်ဖိုးလူသတင်းက ဆီးကြို နေတော့၏။ သတင်းစကားက ကိုသာအေးရင်ဘတ်ကို ဆောင့်တွန်းလိုက်သလို အင့်ခနဲ ဖြစ်သွား ရတော့သည်။ ဟုတ်ရဲ့လား။ ဖြစ်နိုင်ပါ့မလား။ မောင်ဖိုးလူကလေး ရွှေတောမှာ ဆုံးသွားရှာပြီတဲ့။
"သေချာရဲ့လားဗျာ၊ ဟုတ်ရဲ့လားဗျာ"
"ဟုတ်သယ် မောင်သာအေးရဲ့။ မောင်ဘထွေးချော မနေ့ကပဲ ပြေးရသာ ရွှေတောကို ဖုန်းလာလို။ မောင်ဖိုးလူ ငှက်ဖျားနဲ့ဆုံးရှာသတဲ့။ အကောင်းကနေ ရေတိမ်နစ်ရှာသာ။ တချို့ကလည်း တောကိုင် သလိုလို ပြောကြသာပါကွယ်။ သူ့ဘွားအေကြီး ကြားရင် ရင်ကျိုးရှာမှာပဲ"
ဘထွေးချော ဇနီး အရီးကြည်က ပြောရင်းငိုသည်။ အရီးကြည်ငိုတော့ ကိုသာအေးလည်း ငိုရပြီ။
"အရီးကြည်ရာ ကျုပ်က သည်တစ်ခေါက် ဖိုးလူဆီ လိုက်သွားမယ်တောင် စိတ်ကူးထားသာ။ ဂျီးဘုံခမျာ မြေးဆီက စာမလာ လူမလာ တမျှော်တည်းမျှော်နေရှာသာဗျ။ ကျုပ်က ဘယ်လိုမျက်နှာနဲ့ ဂျီးဘုံကို သွားပြော ရမှာတုန်း"
"အရီးလည်း စိတ်မကောင်းချက်တော့ကွယ်။ ဘယ်နှယ်လုပ်ရမှန်းတောင် မသိပါဘူး"
"သည်သတင်းရွာကိုတော့ ရောက်မှာပဲ။ ဒါပေမဲ့ လောလောဆယ် အုပ်ဆိုင်းထားချင်သေးတယ်။ ဖြစ်သူက ဖြစ်မှတော့ အမယ်အိုကြီး မထိခိုက်စေချင်လို့ပါ"
"ရွာကျတော့ အောင်ဒင်တို့နဲ့ တိုင်ပင်ဦးပေါ့ကွယ်"
ကိုသာအေး ပြန်သာလာခဲ့ရသော်လည်း စိတ်ထဲက ယူကျုံးမရဖြစ်နေရပါ၏။ နို့၏ဆီစာရင်းမှာပင် စိတ်မရှိ။ ရွာမှာ ဘယ်လို အုပ်ရဆိုင်းရပါ့မလဲဆိုတာ စဉ်းစားလာခဲ့သည်။ ရွာလူကြီးကို အောင်ဒင်နှင့် တိုင်ပင် ရသည်။ နောက်ဆုံးတော့ ရွာက ဖိုးလူအတွက် ကုသိုလ်ဝင်ကြသော ငွေသုံးသောင်းကို ကြီးဘုံဆီ ပို့ပေးရတော့မည်။ ကြီးဘုံကို သည်သတင်းစကားပြောမှာပေါ့လို့ပဲ ကိုအောင်ဒင်က ဆိုသည်။ သူသည်လို ဘယ်လုပ်ရက် မှာလဲ။ အိမ်ရောက်တော့ ကိုသာအေး စာတစ်စောင်ရေးသည်။ ရွှေတောက မောင်ဖိုးလူက အဘွား ထံ ပေးသည့်စာ။
မောင်ဖိုးလူလက်ရေးနှင့် မောင်ဖိုးလူစာတွေကို သူကြိမ်ဖန်များစွာ ဖတ်ဖူးခဲ့တာမဟုတ်လား။ ဗလာစာရွက် တစ်ရွက်ကို ဆုတ်ပြီး စာတစ်စောင်ရေးပြီး ရွာဟောင်းဘက်ကို ကိုသာအေး ထွက်လာခဲ့ခြင်းဖြစ်၏။
(၅)
တဲထဲမှာ မှောင်နေပြီ။
ကိုသာအေး အသံပေးသော်လည်း တဲထဲက အသံပြန်မလာတော့ အပေါက်ဝက ငုံ့ကြည့်လိုက်သည်။ ကြီးဘုံ ရှိသားပဲ။ ကိုသာအေးက ပိုက်ဆံထုပ်နှင့်စာကို ကိုင်ရင်း တဲထဲဝင်လိုက်တော့ ကွပ်ပျစ်ကလေျးပေါ်မှာ ကြီးဘုံလှဲ နေသည်။ ခါတိုင်းလို နောက်ချင်ပြောင်ချင်စဟိတ် မရှိတော့ ကြီးဘုံဘေးမှာ ၀င်ထိုင်ရင်း နဖူးကို စမ်းကြည့်သည်။ ငွေ့ငွေ့ကလေးနွေးလို့။ ကြီးဘုံ ဘာစားပြီးပြီးလဲဆိုတော့ စားချင်စိတ်မရှိလို့ မစားရသေး ဟုဆို၏။ ကွပ်ပျစ်ဘေးက စားပွဲဝိုင်းကလေးပေါ်မှာ အနားအိမ်တွေက ပို့ထားသည့် ထမင်းနှင့်ဟင်းကို အုပ်အုပ် ဆိုင်းဆိုင်း တွေ့ရသည်။
ကြီးဘုံ ခေါင်းကလေးကို မတ်ကာ ငုတ်တုတ်ထထိုင်ရှာပါ၏။ ကိုသာအေးက ငွေသုံးသောင်း ကြီးဘုံ လက်ထဲထည့်ပေးလိုက်သည်။ ပြီးတော့မှ စာရွက်ခေါက်ကလေးကို မမှောင်တမှောင် အခန်းလေး ထဲမှာ ဖတ်ပြသည်။ ခါတိုင်းလို အာမရွှင်ဘဲ အသံခပ်ခြောက်ခြောက်။
"အမေကြီး…
လူကလေးစာရေးလိုက်ပါတယ်။ အမေကြီးဆီလဲ ငွေမပို့ရသာကြာပြီ။ ရွှေတောမှာ အလုပ်တွေ မကောင်း လှဘူး။ ဒါပေမဲ့ အမေကြီးလောလောဆယ် သုံးဖို့ရာ ငွေသုံးသောင်းထည့် ပေးလိုက်သယ်။ အမေကြီး နေကောင်းရဲ့မဟုတ်လား။ နေမကောင်းရင် ရွာဆေးဆရာ ဆရာဝမ်းနဲ့ ပြပါ။ ဆေးဖိုးမလောက်ရင် ကိုသာအေး ဆီက ယူပါ။ သည်ဝါကျွတ်ရင် လူကလေးရွာပြန်ခဲ့ပါမယ်။ လူကလေး ဖိုးလူတဲ့ဗျာ"
ကြီးဘုံက ကွပ်ပျစ်ကလေးပေါ်မှာ ငြိမ်နေသည်။ စာကိုတစ်ခေါက် ပြန်ဖတ်ခိုင်းသည်။ စာရွက် ကလေး တောင်းကာ ပွတ်သပ်ကြည့်သည်။ စကားတစ်လုံးမျှမပြော။ ကိုသာအေးကတော့ ကြီးဘုံများ သတင်းဆိုး ကြားလေ ရော့သလား တွေးနေမိသည်။ တဲထဲမှာ အမှောင်နှင့်လေပူတွေ သာရှိသည်။ ကိုသာအေးကတော့ ခါတိုင်းလို ပေါ့ပေါ့ပါးပါးစချင်လို့ စကားလုံးရှာမိသော်လည်း တွေးလို့မရ။ နှုတ်ကလည်း ဆွံနေခဲ့သည်။ ကြီးဘုံ က တဲခေါင်မှာချိတ်ထားသော ဇာတာခြင်းကလေးကို လက်ညှိုးညွှန်ရင်းဆိုသည်။
"မောင်သာအေး ကြီးဘုံကို ဟိုဇာတာခြင်းကလေး ဖြုတ်ပေးစမ်းပါ့ကွယ်"
ဇာတာခြင်းကလေးကို လှမ်းယူပြီး မှောက်ချလိုက်တော့ စာရွက်ခေါက်ကလေးတွေ။ အားလုံး ဆယ့်လေး ငါးစောင် လောက်တော့ ရှိမည်။ ကိုသာအေးကိုယ်တိုင် မန္တလေးက ယူလာခဲ့သည့် မောင်ဖိုးလူ ပို့လိုက်သော စာကြုံတွေဖြစ်သည်။ ကြီးဘုံက မောင်ဖိုးလူစာတွေကို တစ်စောင်ခြင်းဖြန့်နေသည်။ ဘာတွေ လုပ်နေမှန်း မသိ။ သည်ကနေ့မှ ဘာဖြစ်လို့ ထူးထူးဆန်းဆန်း ရှိနေရတာပါလိမ့်။
"ဂျီးဘုံ ဘာတွေလုပ်နေသာတုန်း။ ပိုက်ဆံတွေ သိမ်းလိုက်ဦးလေ"
"မောင်သာအေး ဂျီးဘုံ ညက အိမ်မက်တွေမက်တယ်။ အိပ်မက်မကောင်းဘူးကွယ့်။ အိမ်မက်ထဲမှာ လူကလေး က တံခါးလာခေါက်သယ်။ ဂျီးဘုံထဖွင့်ပေးလိုက်တော့ ၀တ်ကောင်းစားလှ တွေနဲ့။ ဂျီးဘုံကို တွေ့တော့ မျက်နှာလွှဲနေသယ်။ ငါ့မြေးဘာများ ဖြစ်နေရှာပါလိမ့် မောင်သာအေးရယ်။ အိမ်မက်ထဲမှာ ညောင်ငုတ်တို မှာ မြေ၀ယ်မထားလို့သဲ့။ စိတ်ဆိုးသဲ့ မျက်နှာနဲ့။"
"အိပ်မက်ပဲ ဂျီးဘုံရယ် မြေးသတိရတော့ မက်ချင်ရာမက်သာပေါ့။ ငွေနဲ့စာရောက်လာမှပဲ ဘာမှ မဖြစ်လို့ပေါ့ ဂျီးဘုံရဲ့။ ကိုင်းပါ ဂျီးဘုံ ပိုက်ဆံဘယ်လောက်ရှိတုန်း ကျုပ်မြေ၀ယ်ပေးပါ့မယ်"
ကြီးဘုံ ငြိမ်ကျသွားပြန်သည။် ခဏနေတော့ စာတွေ တစ်စောင်ချင်း အကုန်ပြန်ဖတ်ခိုင်းလေသည်။
ကိုသာအေးက ကြီးဘုံစိတ်ကျေနပ်အောင် တစ်စောင်ချင်းဖတ်ပြ ရပြန်သည်။ ကြီးဘုံက မျက်လွှာချထားရင် စာဖတ်သံ ကို တရားနာသလို နာနေရှာပါ၏။ ကိုသာအေး ရေးလာသည့် နောက်ဆုံးစာအထိ နားကလေး ပေကာ နားထောင်သည်။ ကိုသာအေးပင် စိတ်လှုပ်ရှားမှုကို တော်တော်ထိန်းနေရသည်။ စာတွေ အားလုံး ဖတ်ပြီးတော့ စာတွေပြန်ခေါက်။ ဇာတာခြင်းထဲပြန်ထည့်။ ကိုသာအေး အနားပြန်ထိုင်တော့ ကြီးဘုံက လက်ကောက်ဝတ် ကို လှမ်းဆုပ်သည်။
"မောင်သာအေး မှောင်ပြီ မင်းပြန်တော့လေ။ မြေလည်း မ၀ယ်တော့ပါဘူး ငါ့တူရယ်။ သည်တစ်ခေါက် စာက ငါ့မြေးရေးပေးလိုက်သဲ့ စာမဟုတ်ဘူး။ ဂျီးဘုံသိသာပေါ့။ လူကလေးဘာဖြစ်လို့ သူများကို ရေးခိုင်း လိုက်သာ ပါလိမ့်။ စာထဲမှာ မေတ္တာဓာတ်မပါဘူး။ ဂျီးဘုံသိပါ့ကွယ်"
ကိုသာအေးပင်တုန်လှုပ်သွားခဲ့သည်။ မေတ္တာဓာတ်မပါဘူးတဲ့လား။ ဂျီးဘုံရယ်။ ကျုပ်ရေးသာပေမယ့် ကျုပ်ကလည်း မေတ္တာနဲ့ရေးသာပါဘဲဗျာ။ ကျုပ်မေတ္တာကလည်း ဖိုးလူထက် မလျော့ပါဘူး။ ကိုသာအေး ရင်ထဲ တနင့်တပိုးကြီး ခံစားလိုက်ရသည်။ မျက်ရည်ကို အနိုင်နိုင်ထားရင်းက ကြီးဘုံဆိုလိုသော မေတ္တာဓာတ် ဆိုတာကို ခပ်ရေးရေးသဘောပေါက်လာ ခဲ့ရပါ၏။ သွေးသားက စီးဆင်းလာသော မေတ္တာဓာတ် ဆိုတာကို ခပ်ရေးရေးသဘောပေါက်လာခဲ့ ရပါ၏။ သွေးသားက စီးဆင်းလာသော မေတ္တာဓာတ်။ ရေအိုးသွန် ရေအိုးမှောက် ဒလဟောပြိုကျသော ရေမျိုးမဟုတ်။ တစိမ့်စိမ့် ယိုဆင်း ကျလာသော မေတ္တာရေစင်။
အပြင်မှာ မှောင်လာပြီ။ ကိုသာအေးက စကားတစ်ခွန်းနှစ်ခွန်းသာ အနိုင်နိုင်ထိန်းပြောရင်း ကြီးဘုံကို နှုတ်ဆက်ပြီး တဲပြင်ထွက်လာခဲ့သည်။ မြစ်နားတန်းပင် မှောင်ပြီ။ မြစ်စောင်းအတိုင်း လျောက်လာရင်း ကြီးဘုံ ပြောလိုက်သည့် စကားတွေ ကြားယောင်နေမိသည်။
"မောင်သာအေး တစ်ရက် မင်းအားရင် ဆရာတော်ကို အိမ်ပင့်ပေးစမ်း။ လူကလေးပို့ထားသဲ့ ငွေတွေ ရေစက်ချ လှူချင်သယ်။
ဂျီးဘုံ ကိုယ့်အရိုး ကိုယ်ချီနိုင်တုန်း သည်ကုသိုလ်ကလေး လုပ်ချင်လို့ပါ။ ငါ့မြေးကို မစောင့်တော့ဘူး။ လူကလေး မလာဖို့များပြီ"
ကိုသာအေး မြစ်ကမ်းပါးဆွယ်က ရုန်းကာ ညောင်ငုတ်တိုဘက်ကူးတော့ နေစုန်းစုန်းဝင်ခဲ့ပြီ။ မြစ် သည်လည်း မှောင်မည်းမည်း။ နောင် ကြီးဘုံ ဆီသွားလျှင် စာပါလာတော့မည်မဟုတ်ပါ။
ခင်ခင်ထူး
၂၀၀၉၊ စက်တင်ဘာ၊ ပေဖူးလွှာ
.
11 comments:
ဝမ်းနည်းစရာကောင်းလိုက်တာနော်.. အစ်မရယ်..။
မိဘဆီ ပိုက်ဆံလေးပို့ပြီး တစ်နှစ်တစ်ခေါက် အိမ်မပြန်နိုင်တာ စိတ်မကောင်းဖြစ်မိတယ်။
အဖေတို့ အမေတို့လည်း ငွေကိုမျှော်တာမဟုတ်၊ လူကိုမျှော်တာပဲဖြစ်မှာပဲ။
အမရေ...ကျေးဇူးတင်လိုက်တာ။ဆရာမခင်ခင်ထူးစာလေး
ဖတ်ရလို့၊တလောကတောင် အမကိုခင်ခင်ထူးစာလေးတင်
ပေဖို့တောင်းဆိုဦးမလို့ပဲ...၊အားနာလို့မရေးဖြစ်လိုက်တာ၊
နောက်များမှာအဆင်ပြေရင် တင်ပေးပါဦးနော်..။
အားမှပါ။မအိမ်ကံလေးများဖတ်ရရင်တော့ ပိုလို့အဆင်ပြေတာပေါ့။(ဟိုမှာဖတ်ခဲ့ရတာကတဝက်၊
ဒီရောက်မှဖတ်ရတာကတဝက်ဆိုတော့ အရသာပျက်သွား
လို့)အခန်းဆက်ပေါ့နော်...။အဆင်ပြေမှပါ။အခုဝတ္ထုလေး
လဲအရမ်းကောင်းတယ်။သနားစရာမြေးအဘွားပဲနော်....။
ညီမပထမဆုံးရေးသွားတဲ့ ကောမန့်လေးပျောက်သွားဒယ်... :(
ဝမ်းနည်းစရာကောင်းလိုက်တာလို့ ရေးတွားဒါ..။
စာဖတ်သွားပါတယ်။ ၀မ်းနည်းပက်လက်နဲ့ ခံစားသွားရပါတယ်။
ခင်တဲ့
မောင်မောင်
တချို့တွေဆိုရင် သားသမီး ၊ မြေးကို တွေ့ချင်လို့
နေမကောင်းဘူး ဆိုပြီးတောင်မှ ပြန်ခေါ်ကြတယ် လို့ ကြားဖူးတယ်။ တကယ်တော့ သူတို့ လိုနေတာ ငွေ မဟုတ်ဘူး မိသားစု သိုက်သိုက်ဝန်းဝန်းလေးပါပဲ။
ဒါပေမဲ့ လူဆိုတာတွေက အထွေထွေ မဟုတ်လား။
မမရွှေစင်ရေ..ဆရာမပရိတ်သတ်မို့
အရောက်လာဖတ်တယ်။
ဂျီးဘုံအတွက်စိတ်မကောင်းဖြစ်ရသလို
ဖိုးလူးကလေးလိုသူမျိုးတွေရှိရင်
တစ်ယောက်ကောင်းရာမွန်ရာ
ရောက်ပါစေလို့ဆုတောင်းမိတယ်။
မမရွှေစင်ရေ..မအိမ်ကံဇာတ်သိမ်းပိုင်းကလေး
ရှိရင်တင်ပေးပါလား။...
ဆရာမရဲ့မအိမ်ကံဇာတ်သိမ်းပိုင်းမဖတ်ရသေးဘူးမို့။
အချိန်ရရင်မျှဝေပေးပါနှော်။
ကျေးဇူးတင်ပါအိမမ။
ခင်မင်စွါဖြင့်
ခိုင်နုငယ်
မအိမ်ကံ ဇာတ်သိမ်းပိုင်း တင်ပေးပါမယ်ဗျာ ခဏစောင့်ပါ ကျနော် ရှာလိုက်ပါအုန်းမယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
စာဖတ်ပျင်းတယ် ဆရာမရေ..
အကုန် ရေးလို့ ပြီးပြီးသားရှိရင်
စာအုပ် ငှားဖတ်ချင်ပါတယ်ဗျ
ရင်ထဲမှာ နင့်သွားတာပဲ... ကိုသာအေးရော မောင်ဖိုးလူရော ကြီးဘုံရော အားလုံးသနားစရာနော်... ပူးတေကိုယ်တိုင် ကိုသာအေးနေရာမှာသာဆို ကြီးဘုံ အိပ်မက်အကြောင်းတွေ ပြောတဲ့ အချိန်မှာ ချက်ချင်းထိုင်ငိုမိမလားပဲ....
စာကောင်းလေးတွေ တင်ပေးလို့ ကျေးဇူးပါနော်...
မအိမ်ကံ ဇာတ်သိမ်းပိုင်း
http://www.shweamyutay.com/index.php?option=com_content&view=article&id=2082&Itemid=&ed=64
Post a Comment