သုံးရာတန်အင်္ကျီိ ပျောက်ဆုံးခြင်း
လွန်ခဲ့သောလက ရမ်းဘိုကုန်းရွာတွင် လယ်သမားအိုးကြီး ကိုဆေးရိုး၊ မကျီးဒန်တို့၏ တဲကုပ်ဘေး အဖီစွန်း တွင် တင်ထားသော အကျီးဒန်၏ ချွေးခံအင်္ကျီ ပျောက်ခြင်းမလှ ပျောက်ဆုံး သွားခဲ့သည်။ ထိုအင်္ကျီနှင့် စပ်ဆိုင်သော တန်းဖိုးမှာ ကာလတန်ဖိုးအားဖြင့် သုံးရာကျော်တန်ပေ၏ အဖြစ်အပျက်မှာ-
သည်အချိန် သည်ကာလသို့ ရောက်ရှိလာလေတိုင်း လယ်သမားတို့ရင်ဆိုင်ရသောကိစ္စမှာ နွားစာ ဖြစ်လေ၏။ နွားစာမှာ ကောက်ရိုးရှိပါ၏။ သို့ရာတွင် လူများ၌ ထမ်င်းရှိသော်လည်း ဟင်းကိစ္စ ကျန်ရှိနေ သေးသလို၊ နွားအတွက် ဟင်းနှင့်တူသော နှမ်းဖတ်၊ ဖွဲနုနှင့် အခြားရောတိရော ရာများ လိုအပ်နေပေ သေးသည်။ နှမ်းဖတ်က ဈေးကြီး၏။ ဖွဲနုက ရှားသည်။
ကောက်ရိုးချည်း ခုတ်စဉ်းပြီး နွားစာခွက်ထဲသို့ ထည့်ကျွေးလေသောအခါ "ဟေ့လူကြီး၊ ဒီအတိုင်းပဲ စားရတော့မှာ လားဗျ" ဟုနွား၏ ပါစပ်က မမေးသော်လည်း နွား၏မျက်လုံးများကမူ "တစ်မိုးနဲ့ တစ်ဆောင်း လုပ် ခဲ့သမျှ ဒါနဲ့ပဲ တင်းတိမ်ရတော့မလားဗျ" ဟူ၍ မေး၏။ သခင်ကို မျက်လုံးကြီးပြူး၍ ကြည့်ခြင်းဖြစ် သည်။ လူကဘာမျှ ထပ်ထည့်မပေးလျှင် ခံတွင်းပျက်နေသောလူမမာ ထမင်းစားသလို လျှာဖြင့် တစ်ချက် နှစ်ချက် တို့ပြီး နွားတင်းကုပ်ထောင့်သို့ နောက်ဆုတ်ရွှေ့ပြောင်းနေသော လဒမှိုင်သလို မှိုင်လားမှိုင်ရဲ့၊ လူကို ကြည့်လား ကြည့်နေရဲ့။ နွားတို့၏ ယင်းအပြုအမူသည် စာနာတတ်သော လယ်သမားများအတွက် စိတ်မချမ်းသာ စရာပင် ဖြစ်လေရာ နွေပေါက်လာပြီ ဖြစ်တိုင်း လယ်သမား များရင်ဆိုင်ရသော ကိစ္စလည်း ဖြစ်ပေသည်။
"ဥသြ.....ဥသြ"
မည်းသော ငှက်ငယ်၏ နွေတေးသည် သာယာ၍ ကရုဏာသက်စဖွယ် ကောင်းလှပါ၏။ ထိုနွေပျော်ငှက်၏ တေးသံပျံလူးဝဲသန်းရာရပ်ကား မီးထခမန်း ကျွမ်းသွေ့၏ မျှော်လေရာရာအရပ်၌ ရွက်မဲ့ရိုးတံတို့ မင်းလုပ် လေသည်။ နေသည် အခြားတစ်ပါးသော ရာသီထက် ပိုမိုသော အင်အားကို ဆောင်လေဟန်ရှိချေ၏။ ဈေးကြီး သော နှမ်းဖတ်နှင့် ရှားပါးသော ဖွဲနုကို နွား၏ခံတွင်း သို့မထည့်နိုင်သော လယ်သမားများသည် ကောက်ရိုး နှင့် ရောနှော၍ နွားများအာသာပြေ လွေးနိုင်စေရန် စိမ်းစိုသော အရွက်များ၊ ပြောင်းရိုး၊ ညောင်ရွက်၊ ကုက္ကိုရွက် စသည်တို့ကို ရှာကြံကြ ရလေ တော့သည်။ သို့ရာတွင် စိမ်းစိုသောအရွက်များကား အဘယ်မှာ ပါနည်း။ ကြည့်လေရာရာ တွင် လက်ကားရား ခြေကားရားဖြင့် နေကိုရှိခိုးတောင်းပန်ဘိအလား ရိုးတံပြိုင်းပြိုင်း ဖြင့် သစ်ပင် အိုမွဲမွဲများသာ တည်ရှိနေ၏။ ရွက်ကြွေစော၍ ရွက်နုစောစောထွက်သော ညောင် နှင့် ကုက္ကိုပင်များ မှာ နေ့ချင်းပြီး ခေါင်းတုံးပြောင် ကြရရှာလေသည်။
"နွားစာ..........နွားစာ"
ဒါကိုသာ လူတိုင်းအရဇျွာယ် နေကြပေ၏။
ကိုဆေးရိုးမှာ ပုဆိုးတစ်ထည် ခေါင်းပေါင်း၍ ကျောအပြောင်သား၊ လုံချည်အတိုသားနှင့် ကြိုးတစ်ခွေ၊ ဓားမတစ်ချောင်းကိုင်လျက် အရှေ့တိုးသွားရမလို၊ အနောက်သို့သွားရမလို ယောင်တိ ယောင်ချာဖြင့် တဲနောက်ဖေး ချောင်းကမ်းပါးတွင် ရပ်နေမိ၏။ ဟိုသွားရမလို၊ သည်သွားရမလို ဖြစ်နေခြင်းမှာ မိမိသွားလာမှတ်သားမိဖူရာ နေရာများရှိ ကုက္ကိုပင်နှင့် ညောင်ပင်လက်ကျန်များကို ရေတွက်စိစစ်နေခြင်း ဖြစ်သည် အချိန်အနည်းငယ်ကြာ မြင့်သည့်တိုင်အောင် အရွက်စိုစိုစိမ်းစိမ်း ကလေးရနိုင်သော ညောင်ပင်နှင့် ကုက္ကိုပင်များက ကိုဆေးရိုး၏ ခေါင်းထဲသို့ ၀င်မလာကြပေ။
"ဟာ......ဟုတ်ပြီ"
ကိုဆေးရိုး၏ မျက်နှာမှာ ၀င်းသွားလေ၏။ ကိုဆေးရိုးသည် ၀မ်းသာအားရဖြင့် ပေါင်ကိုပုတ် လိုက်ပြီး တဲဘက်သို့ လှည့်ပြောလိုက်လေ၏။
"ကျီးဒန်ရေ........တံစဉ်ပေးစမ်းစေ့ တံစဉ်"
"ဘာလုပ်ဖို့လဲ တံစဉ်၊ ဒီအချိန်ကြီးမှာ"
မကျီးဒန်က မီးဖိုထဲမှ ပြန်မေးနေပြန်သဖြင့် ကိုဆေးရိုးက တဲထဲသို့ဝင်လာသည်။
"မေးတာပြောပါဦး"
"ဒီလိုပေါ့ဟာ"
ကိုဆေးရိုးက လျှို့ဝှက်ချက်တစ်ခုကို မတင်မချပြောကာ တံစဥကို ထန်းရွက်ထရံကြားမှ ဆွဲယူ၍ တဲနောက်ဘက်သို့ ပြန်လည်ထွက်ခွလာခဲ့၏။
ကိုဆေးရိုး မျက်နှာမူရာဘက်၌ ချောင်းကောကြီး စလင်းချောင်း။ သည်မှာဘက်ကမ်း၌ ဆုတ်စပြုနေပြီ ဖြစ်သောစမ်း။ စမ်းရေစီးဝယ် ၀ါးဖောင်များ မျှောဆင်းနေသည်။ စမ်းရေကြော၏ ဟိုဘက်တွင် စိမ်းမြသော ကြက်သွန်ခင်း များသည် စမ်းရေကြောကို မြှောင်၍တန်းနေသည်။ ကြက်သွန်ခင်းများ၏ ဟိုဘက်၌ ငွေရောင် လက်နေသော သဲသောင်ပြင်။ သဲဖြူဖြူ၏ အဆုံးတွင်ကား ၀ါတချို့ ရော်တချို့နှင့် ညွန့်စိမ်း ကလေး တွေ ပြောက်ကျားထိုးနေသော ကိုင်း တော။
ကိုင်းပင် သမန်းပင်တို့၏ ပင်စည်ဖွဲ့ စည်းပုံသည် ပြောင်းပင်နှင့် တူညီ၏။ နှံစားပြောင်း၊ အဖူးပြောင်း ဘယ်ပြောင်းပဲဖြစ်ဖြစ် အရင်းရောက်လေ ချိုလေလေ။ ကိုင်းနှင့် သမန်းတို့၏ အရွက်အရိုးသည်လည်း အရင်း သည် ချိုသည်။ စိမ်းလည်းစိမ်း၊ စိုလည်းစိုသည့်အပြင် အချိုဓာတ်ကို ပါ ကဲဆောင်းပေးသော ကိုင်းနု များကို မြင်ရာက နွားကျွေးရန် စိတ်ကူးပေါက်သဖြင့် ကိုဆေးရိုးမှာ ၀မ်းသာအားရခြင်း ဖြစ်ပေသည်။
လေက အတိုက်ကြမ်းသည့် အပြင် အောက်ရော အထက်ပါ ညှပ်၍ပူသော ချောင်းတွင်း သဲပြင်ကိုဖြတ်၍ ကိုင်းနုစည်းကြီး ထမ်းကာ ကိုဆေးရိုးပြန်လာသော အချိန်မှာ မွန်းတိမ်းလေပြီ။ ကိုင်းနုများကို နန်းတိုင်တွင် ထည့်၍ စဉ်းသည်ဆိုလျှင်ပင် ကိုဆေးရိုး၏ ကိုယ်ထဲလက်ထဲက တစ်မျိုး ဖြစ်လာသည်။
"နေပူလို့ဖြစ်တာထင်ပါရဲ့"ဟု ကိုဆေးရိုးက ခပ်ပေါ့ပေါ့သာ ယူဆ၏။ နွားစာထည့်ပစ်ခဲ့ ပြီးနောက် ဆာဆာ နှင့် လွေးလိုက်မဟဲ့ဟု ကြုံးဝါးကာ ထမင်းပွဲတွင်ထိုင်သောအခါကျမှ နေမကောင်း ပြီဖြစ်ကြောင်း သိရလေ၏။ ရာသီစာကလေးဖြစ်သည့်အပြင် ဘယ်အခါမှာစားစား အရသာရှိ၍ စားပြီးရင်း စားချင်ရင်း ဖြစ်အောင် ကောင်းလေ့ရှိသော သရက်ဖူးထောင်းနှင့် ပြည်ပန်းညိုရွက်ဟင်းမှာ ကိုဆေးရိုး၏လျှာကို အနိုင် မယူနိုင်ပေ။ ထမင်းနှစ်လုတ်မျိုအပြီးတွင် ပျို့တို့တို့ဖြစ်လာသဖြင့် လက်ဆေး၍ ထလိုက်ရသည်။
နေပူလွန်းလို့ အပူရှပ်တာပဲပြောပြော၊ ချွေးငုပ်သည်ပဲ ဆိုဆို၊ ကိုဆေးရိုးကတော့ အိပ်ရာ ထဲတွင် လဲလေ၏။ ကိုဆေးရိုးလဲသည်ဆိုလျှင် မကျီးဒန်မှာ ထမင်းသော်မျှ ချက်မစားနိုင်အား။ နွားကိုပြန်ကြည့်ုဖို့ဆိုတာ ဝေလာ ဝေး။ လင်းအပါးတွင်သာ မျက်လုံးငယ်ထိပ်ကပ်မတတ် နေထိုင်ပြု စုနေလေသည်။
ကိုဆေးရိုး ညည်းညူတွန့်လိမ်နေလျှင် မကျီးဒန်မှာ နှိပ်ပေးချင်၏။ သို့သော် "ဒီရာသီမှာ 'ကျောက်' များဖြစ်နေ မလားတဲ့။ ကျောက်ပေါက်မည့်သူကို နင်နှိပ်ပေးမိလျှင် ကျောက်ထွက်သော အခါ၌ နှိပ်မိနင်း မိဆုပ်နယ်မိ သော နေရာများမှာမထွက်ဘဲ မနှိပ်နယ်သောနေရာများမှသာ ထွက် လေ့ရှိသည်။ အထူးသဖြင့် မျက်လုံးထဲ၊ လည်ချောင်းထဲက ထွက်လေ့ရှိသည်ဟု ကြားဖူး၏။ ထို့ကြောင့် မနှိပ်ရဲချေ။ ရေငတ်သည် ဆိုလျှင် ရေခပ်ပေး၊ ချမ်းလှသည်ဆိုလျှင် စောင့်ခြုံပေးခြင်းနှင့် ကောင်းနိုးရာရာ ဆေးမြီးတိုများ တိုက်ကျွေးခြင်း ကိုသာ မကျီးဒန်က လုပ်ရဲသည်။
မိမိသာ ကပျစ်ကညှစ်နေမည်။ နွားတင်းကကုပ်ကို သန့်ပြန်အောင်ထားလေ့ရှိသော မကျီဒန်သည် နွားတင်းကုပ် ကိုလည်း မသုတ်သင်နိုင်တော့ပြီ။ နွားစာကို ရှာဖွေကျွေးရန်မဆိုထား ဘိ၊ ရှိသော ကောက်ရိုး ကိုပင် အနိုင်နိုင်စဉ်း၍ ကျွေးရသည်။ ကောက်ရိုးချည်းကျွေး၍ကား ခိုင်းနွား ကြီးနှစ်ကောင်းက မစားချေ။ မကျီးဒန် ကတော့ 'စားချင်းစား၊ မစားချင်နေကြဟေ့'ထဲကတည်း။
လင့်ကြောင့်ဖြစ်ပေါ်သော သောကနှင့် လူမမာကို တငုတ်ငုတ်ဖြင့် ထိုင်ကြည့်ရ၍ အိပ်ရေး ပျက်ခြင်းတို့တွင် နွားတွေ အစားမစားခြင်းအတွက် ကိစ္စကြီးတစ်ခု လုပ်မနေနိုင်ပေ။ အဖေအိုကြီး နာမကျန်းခိုက်တွင် လာရောက် စောင့်ရှောင်ဦးမည်ဟူ၍ သားကလည်း မပေါ်လာပေ။ ဘညိန်း ပေါ်တော့ပေါ်လာပါ၏။ ဖင်မနွေးမီ လှမေလာခေါ်သွားသည်။ သမီးကြီး ချောစိန်လည်း ကျမ်းစူး လွတ်ရုံ၊ ဘုရားစူး လွတ်ရုံတော့ ရောက်လာပါ။ ကလေးမနေသောကြောင့်ဆိုကာ ပြန်သွား၏။ နွားစာတစ်ပင် စဉ်းမသွား။ နွားချေးတစ်ပုံ ကျုံးမသွား။ ရေတစ်ပေါက် မခပ်။ ထမင်းအိုးတစ်လုံး တည်မသွားလေ။
ထို့ကြောင့် မိမိကိုယ်ပင် အားတင်းထားရသော မကျီးဒန်က နွားများကို မယုယနိုင်တော့။ နွားများမူ တစ်နေ့သော် သခင်ကျွေးဖူးသော ကိုင်းနုနုစိုစိုချိုချိုကလေး ၀ါးရနိုးနိုး၊ တစ်နေ့သော် အစားကောင်း စားရ နိုးဖြင့် ကောက်ရိုးကိုမစားဘဲ မျော်ကိုးလာခဲ့ကြသည်။ သခင်မကလည်း ပြန်စောင်းသော်မျှ မကြည့်အားပေ။
ကိုဆေးရိုး ယက်မန်းရည်ကလေး တစ်ပန်းကန်ကုန်သောနေ့တွင် မကျီးဒန်က စိတ်ချလက် ချအိပ်ပစ် လိုက်သည်။ ညနေစောင်း၍ ကိုဆေးရိုနိုးမှ ထမိ၏။
"ဟင်............. နေတောင် အေးနေပါပကော"
မကျီးဒန်က ရှည်လျားသောသစ်ပင်ရိပ်များကိုမြင်ရသဖြင့် ရေရွတ်သည်။
" အေး ...ငါလည်း ညည်းအိပ်ပါစေတော့ဆိုပြီး မနှိုးဘဲထားတာ"
ကိုဆေးရိုးက စာအုပ်စုတ်တစ်အုပ်ကိုဖတ်နေရာက ဖြေ၏။
"ကဲကဲ....လူလန်းသွားအောင် ရေချိုးလိုက်။ ပြီးမှ ထမင်းလေးဘာလေးချက်။ ငါလည်း ၀င်သလောက် စားမယ်"
လူမမာက ထမင်းစားမည်ဆိုသောအခါ မကျီးဒန်မှာ အင်းအားသစ်လာသည်။ ဖျတ်လက် စွာ၍ မီးမွှေး၊ ထမင်းအိုး တည်ပစ်ခဲ့ပြီးလျှင်၊ နွားတင်ကုပ်ဘေးတွင် အင်္ကျီနှင် ရေလဲလုံချည်ကိုတင်း ထား၍ ကပျာကယာ ရေချိုးလေ၏။ အပြေးအလွှားရေချိုးပြီးနောက် အ၀တ်လဲသောအခါတွင် အပေါ် အင်္ကျီနှင့် ရေလဲထဘီ သာတွေ့ တော့သည်။ ချွေးခံအင်္ကျီကား မတွေ့ချေ။ အိမ်ထဲမှာများ ချွတ်ထားခဲ့ မိသလား။ ချွေးခံအင်္ကျီကို အိမ်ထဲ၌ချွတ်ထားခဲ့မိလျှင် အပေါ်အင်္ကျီပါ အိပ်ထဲတွင် နေနေခဲ့ဖိုသင့် သည်။ သို့သော် ပထမချွတ်ရသော အင်္ကျီသာ ရေချိုးသည့်နေရာသို့ ပါလာပြီး ဒုတိယချွတ်ရသော ချွေးခံအင်္ကျီက မပါလာ။
'ဟယ်....ငါက ကသီနေလို့ဖြစ်တာပါရဲ့'
မကျီးဒန်သည် ထဘီရင်ရှားဖြင့်ပင် အိပ်ထဲဝင်ခဲ့သည်။ အိမ်ထဲဝင်မိလျှင် မီးဖိုးထဲမှ မီးတောက်ပေါ်သို့ ရေစက်ရေပေါက်များ ဝေကျသံကြားရသဖြင့် အင်္ကျီကိုလမ်းလျှောက်ရင်းဝတ် လျက် မီးဖိုထဲဝင်ခဲ့ရသည်။
ထမင်းအိုးက ဝေနေပေပြီ။ သို့ကြောင့် အမြှပ်ကို စလောင်းဖုံးဖြင့်သပ်ချပြီး ထမင်းလုံး အပျော့စောင့်ရင်း အင်္ကျီကြယ်သီးတပ်သည်။ ထို့နောက် ထမင်းအိုးကို ငှဲ့၊ ငါးပိအိုး၊ ငရုတ်သီး ထောင်းစသည့်ဖြင့် တစ်ခုပြီး တစ်ခု အဆက်မပြတ် လျှောက်လုပ်နေသဖြင့် ပျောက်သောအင်္ကျီကို မေ့သွား၏။
ထမင်းစားသောက်ပြီးသည့်နောက်တွင်လည်း လူမမာမေးလာသူများကို ဧည့်ခံရင်း တစ် အောင့်တစ်နားဟု တုံးလုံးလှဲရာက အိပ်ပျော်သွားသဖြင့် ပျောက်သောအင်္ကျီကို ပြန်လည်သတိရ ချိန်မရှိတောပေ။
"မကျီးဒန်ရေ ထတော့ဟေ့....ထတော့။ အိပ်ပြီဆိုတော့လည်း လင်းတစ်ရေးကိုးအေ့"
ကိုဆေးရိုး၏ အေးဆေး၍ အင်အားပြည့်သောအသံကိုကြားတော့မှ မကျီးဒန်က နိုးလာ သည်။ ထိုအချိန်၌ မိုးစင်စင် လင်းနေပေပြီ။
"ကိုယ်ထဲလက်ထဲကကော ရှင်းရဲ့လား"
လူးလဲထရင်း မေးမိသည်။
"ရှင်းပါတယ်၊သွေးကြည်လွန်းလို့ ညကလည်း အိပ်ပျော်ပါဘူးအေ"
အအိပ်ပျက်သမျှကို အတိုးချအိပ်ရသဖြင့် အင်းအားပြည့်ဝလာသည့်အတွက် ခင်ပွန်း သည်၏ ကျမ်းမာရေး ကောင်းမွန် ကြောင်း ကြားရပြန်သောအခါ မကျီးဒန်မျာ တိုး၍ ရွှင်လန်း လာလေသည်။
" ဒါဖြင့် ဘာဟင်းများ စားချင်လဲ"
"ထူးထူးထွေထွေတော့ မစားချင်ပါဘူးအေ၊ အင်း.........အမဲခြောက်ဖုတ်ကလေးနဲ့ ဟင်း ချိုဟင်းကလေးနဲ့ စားရရင် တော့ ထမင်းမြိန်မလားမသိဘူးအေ့"
နာလန်ထ က ခံတွင်းတွေ့မည်ထင်သော ဟင်းလျာကို မြည်ရွတ်၏။
"အမဲခြောက်တော့ တောင်းပိုင်းက ကွန်းမြိုင်အိမ်မှာ ရှိတယ်ထင်တာပဲ၊ မရရင်တော့ အစိုကိုပဲ ကြော် ပေးမယ်"
" အေး....ကောင်းသားပဲ"
ကိုဆေးရိုးက ကျေနပ်စွာပြောလိုက်ပြီးမှ
" လွယ်လင့်တကူမရရင်တော့ လျှောက်ရှာမနေပါနဲ့အေ၊ ဖြစ်သလိုပေါ့" ဟု စိုးရိမ်သံဖြင့် ပြောသည်။
" အခြောက်သာ မရရှိတော့မပါ။ အစိုကတော့ လွယ်ပါ"
ပြောပြော ဆိုဆိုဖြင့် မကျီးဒန်က အိမ်နောက်ဖေးသို့ ထွက်သွားကြသည်။ တစ်အောင့်မျှ အကြောတွင် " ကိုဆေးရိုးရေ......ကိုယ်ကျိုးနည်းပါပေါ့လားတော်ရေ့" ဟူသော မကျီးဒန်၏ အော် သံကြောင့် ကိုဆေးရိုးမှာ ပြေးထွက် သွားမိ၏။
" အကောင်းသားက ဖြစ်သွားရတာတော့်"
လူမမာရှိနေသောအိမ်မှ ငိုသံထွက်ပေါ်သောကြောင့် အထိတ်တလန့်ပြေးလာသူများမှာ နွားသေကိုမြင်မျ "ဟီး" ချနိုင်ကြ၏။ သို့ရာတွင် လယ်သမားအဖို့ နွားသေခြင်းမှာ လူသေခြင်း လောက်နီးနီးပင် ဖြစ်သည်။ နွားဝါနီကြီး နှင့်ရုန်းဖက် စာဥမှာ ရောင်းရ၏အဖြစ်ကို မသိလေသည့် အလား တင်းကုပ် တံစက်မြိတ်များကို လျှာဖြင့် ထိုးဟပ်နေ၏။ နွားသေကို ချောင်းထဲသို့ သယ်ယူ သွားပြီး ဖျက်ကြသောအခါကျမှ နွားဝါကြီး သေဆုံးရခြင်း ၏ အကြောင်းကို သိကြရသည်။
နွားဝါနီကြီ၏ဗိုက်ထဲ၌ ပွင့်နေသော 'ချိတ်' ချိတ်တစ်ချောင်းနှင့်တွဲလျက် မကျီးဒန်၏ ချွေးခံ အင်္ကျီကို ပြန်လည် တွေ့ကြရလေ၏။ ငတ်ငတ်နှင့် ပါးစပ်သရမ်းရာက အင်္ကျီကို ဆွဲမျိုးမိခြင်းဖြစ် ဟန်တူပေသည်။ မကျီးဒန်၏ အင်္ကျီမှာ ငါးမတ်သာတန်၏။ သို့တွင် ထိုအင်္ကျီကိုအကြောင်းပြု၍ သုံးရာတန် ခိုင်းနွားကြီး တစ်ကောင်ပါ ဆုံးရှုံးခဲ့ရ၏။
ထို့ကြောင့် လွန်ခဲ့သော လက ရမ်းဘိုကုန်းရွာတွင် လယ်သမားကြီး ကိုဆေးရိုးဇနီး မကျီးဒန်၏ ချွေးခံအင်္ကျီ တစ်ထည်ပျောက်ဆုံးသွားရာ အင်္ကျီနှင့်စပ်ဆိုင်သောတန်ဖိုးမှာ သုံးရာကျော် ပေ၏ဟု အစချီခဲ့ခြင်း ဖြစ်ပါသည်။
စာရေးသူ - ဆင်ဖြူကျွန်း အောင်သိန်း
.
3 comments:
အခုခေတ် ဆိုရင်တော့ မမရွှေစင်ရာ။
ဒီဇယ် ရှားလို့ ကြက်ဆူဆီ ထည့်လိုက်တာ စားအုန်းဆီ ရောပါပြီး အင်ဂျင်လောင်သွားလို့ ၂ သိန်းတန် ဒီဇယ် လို့ ပြောရမယ် ထင်တယ်။
ဖြစ်ရတယ် ရီးကျီးဒန်ရယ်။
နေမကောင်းချိန် သားသမီးလဲ လာမပြုစုတာလဲ စိတ်ထိခိုက်စရာ။ လူ့ဘဝဆိုတာတော့ ကိုယ့်ကိုယ်ကိုယ် အားကိုးတာ အကောင်းဆုံးပါလေ
သြော်................... ကြံကြံဖန်ဖန်ဖြစ်ရတယ်..။
sdl
Post a Comment