Saturday, July 24, 2010

ကြယ်နီ အပိုင်း (၁၂)

ပိုက်သမား

ဝါဆိုလ ကုန်ဆုံး၍ ၀ါခေါင်လသို့ ရောက်ခဲ့ပြန်လေပြီ။
ကိုဒေါင်းစိန်သည် သူ့အိမ်ကလေး၏ သင်္ဘောကြီးခေါ် အထပ်ခိုးကလေးတွင် ကျကျနန သိမ်းဆည်း ထားသော ပိုက်များကို ပြင်ဆင်စ ပြုတော့၏။ သူ့အိမ်၏ သင်္ဘောကြမ်းပေါ်၌ကား တံငါအလုပ်နှင့် သက်ဆိုင် သော ငါးဖမ်းသည့် လက်နက်ကိရိယာ တန်ဆာပလာ အမျိုးမျိုးကို စုံလင်စွာ တွေ့ရှိနိုင်ပေပြီ။ ပိုက်စိပ်၊ ပိုက်ကျဲ အမျိုးမျိုး၊ ကွန်စိပ် ကွန်ကျဲ အမျိုးမျိုး၊ ငါးထိုးသည့် ' ဆောင်ပုံ'၊ ငါးဆေင်းသော 'ဆောင်း'၊ ရေပက်သော ခနွှဲပုံးများ၊ ငါးမျှားတန်းချရန် ငါးမျှားများ၊ ဖားဆွဲသော ငါးမျှားတံ စသည့် ပစ္စည်းများကို သူ့နေရာ နှင့်သူ သပ်သပ်ရပ်ရပ် တွေ့မြင်နိုင်ပေပြီ။

ယခုအခါ ငါးထိုးသော ဆောင်ပုံသည် အသုံးမ၀င်တော့ပြီ။ သူ၏ အသုံးမှာ ၀ါဆိုလ တစ်လတည်း သာဖြစ်၍ နောင်နှစ် ၀ါဆိုလမှပင် အသုံးဝင်ပေတော့မည်။ ယခု ကွင်းထဲ၌ ရေအတော် တက်နေပြီ ဖြစ်၍ ပိုက်ချရမည့်အခါ ဖြစ်ပေသည်။ ခေါင်းဖြတ်ပိုက် ပိုက်ကျဲမဟုတ်၊ ' ချောပိုက် ' ပိုက်စိပ်သာ ဖြစ်သည်။

ချောပိုက်တွင်လည်း 'ယမ်းဝက်'၊ 'ယမ်းချိုး' ဟူ၍ နှစ်မျိုးရှိသေး၏။ မီးခြစ်ဆံတစ်ချောင်းယူ၍ မီးခြစ်ဆံထိပ်ရှိ ယမ်းတည်ရှိသည့် နေရာကို တစ်ဝက်ချိုးပစ်လိုက်ပြီး ကျန်ရှိသည့် အချောင်းနှင့် ညီ မျှသော ပိုက်ကွက် ရှိပိုက်ကို 'ယမ်းဝက်' ပိုက်ဟုခေါ်သည်။ မီးခြစ်ဆံထိပ်ရှိ ယမ်းတည်ရှိရာ နေရာ အားလုံး ချိုးပစ် လိုက်၍ ကျန်ရှိသည့် အချောင်းနှင့် ညီမျှသော ပိုက်ကွက်ရှိ ပိုက်ကိုမူ 'ယမ်းချိုး'ပိုက်ဟု ခေါ်သည်။
' ယမ်းဝက် 'က 'ယမ်းချိုး'ထက် ပိုက်ကွက် အနည်းငယ်ကျယ်သည်။ ထို့ကြောင့် 'ယမ်းဝက်'ပိုက်မှာ ချောငါး အကြီးစား များတိုး၍ 'ယမ်းချိုး'မှာမူ ချောငါးအသေးနှင့် အလတ်များသာတိုးသည်။

ရေဦးတွင် ချောငါးအသေးနှင့် အလတ်သာများ၍  ယမ်းချိုးပိုက်က ငါးအတိုးများသည်။ ရေလယ်တွင်မူ ချောငါးများ တဖြည်းဖြည်း ကြီးလာပြီဖြစ်၍ 'ယမ်းချိုး'ပိုက်တွင် အတိုးနည်းကာ 'ယမ်းဝက်' ပိုက်မှာ အတိုး များသည်။ ရေနှောင်းတွင် ချောငါးများ ရှားသွားကာ ခေါင်းဖြတ်ငါးများပါလာသည့် အချိန်ဖြစ်၍ 'ခေါင်းဖြတ်ပိုက်' ပိုက်ကျဲကို အသုံးပြုရပြန်သည်။ သူ့အချိန် သူ့အခါကို လိုက်၍ သူ့ပိုက်နှင့် အလဲအလှယ် သုံးသွားရသည်။

ကိုဒေါင်းစိန်အဖို့မှာမူ 'ယမ်းချိုး'ပိုက်၊ 'ယမ်းဝက်'ပိုက်ပင်မက 'ခေါင်းဖြတ်'ပိုက်ပါ အသင့်လက်ကိုင် ရှိပြီးဖြစ်၍ ရေဦး၊ ရေလယ်၊ ရေနှောင်း သုံးချိန်စလုံး ပိုက်အလဲအလှယ်နှင့် ချသွားနိုင်ပေပြီ။ ယခု ရေဦးဖြစ်၍ ယမ်းချိုးပိုက်ကိုသာ သူ ပြင်ဆင်နေခြင်းဖြစ်သည်။ ရှိသမျှ ပိုက်စိပ် ပိုက်ကျဲ၊ ကွန်စိပ် ကွန်ကျဲများကို ချည်လုံးမှ ပိုက်ကွန်အဖြစ်သို့ မယ်စိန် တစ်ဦးတည်း ဒိုင်ခံထိုးခဲ့ခြင်းဖြစ်သည်။ သြော် ... နေရာတကာ အားကိုးရတဲ့ မယ်စိန်။

သူသည် ယမ်းချိုးပိုက်ကို ပြင်ဆင်ရင်းမှ သင်္ဘောကြမ်းထိပ်ရှိ ခေါင်တွင် စီရရီ ဆွဲချိတ်ထားသော မယ်စိန်၏ လက်ရာ ပိုက်ကွန်များကို ကြည့်ရင်း မယ်စိန်အားသာ ကျေးဇူးတင်နေမိ၏။ သူ့ဘ၀တွင် မယ်စိန်သည် အရေးပါသော အခန်းမှ ပါဝင်ခဲ့သည်။ မယ်စိန်သာ မရှိလျှင် သူ့ဘ၀သည် အဓိပ္ပာယ်ပင် ရှိလိမ့်မည်မဟုတ်။ သူတစ်ယောက်တည်းသာဆိုလျှင် ဤရက်စက်ကြမ်းကြုတ်လှသော ကမ္ဘာမြေကြီးပေါ်တွင် ကိုယ်ပိုင် ခြေထောက် နှင့် ရပ်တည်နိုင်စွမ်း ရှိအံ့မထင်။ ထို့ကြောင့်ပင် သူက တိုးတိုးကလေး ဆုတောင်းလိုက်ရှာ၏။ သြော် ...  မနေလို့ သေရမယ်ဆိုရင် မယ်စိန် မသေဘဲ ငါသာ အလျင်သေပါစေလို့။
' ဒေါင်းစိန်ရေ ... ပိုက်ချ သွားကြစို့ ဟေ့ '

ကိုလူမောင်သည် ပိုက်ချသွားရန် သူ့အား ခေါ်နေပေပြီ။ သူသည် 'ယမ်းချိုးပိုက်' ၅ ထည်ကို ယူ၍ သင်္ဘောကြမ်းပေါ်မှ ဆင်းခဲ့၏။ မယ်စိန်ကား သူ ပိုက်ချသွားရာသို့ ယူဆောင်သွားရန် ထမင်းပွဲနှင့် လက်ဖက်ရည်အိုး၊ မီးဖိုစသည်တို့ကို အသင့် ပြင်ဆင်ထားပြီး ပေပြီ။ ထမင်းပွဲ ဇလုံတစ်လုံးထဲတွင် ထမင်းကို ထည့်၍ ဟင်းပန်းကန်ကို ထမင်းအလယ်တွင် မြှုပ်ကာ အပေါ်မှ ကြွေရည်သုတ် သံပန်းကန်ပြား တစ်ချပ် အုပ်ထား၏။

သူသည် ထမင်းပွဲနှင့် ပိုက်ကို အလျင်ယူ၍ ကမ်းဆိပ်သို့ ဆင်းခဲ့ကာ လှေပေါ်၌ နေရာချထားလိုက် ၏။ ကမ်းဆိပ်၌ ကိုလူမောင်သည် လှေတစ်စင်းနှင့် သူ့အား အသင့်စောင့်နေသည်ကို တွေ့မြင်ရ၏။ နောက်တစ်ကြိမ် ပြန်တက်၍ လက်ဖက်ရည်အိုး၊ မီးဖိုနှင့် ထင်းချောင်းများကို ယူရင်း မယ်စိန်ကို ' ငါ သွားတော့ မယ်နော် 'ဟု ပန်ကြားခဲ့၏။ ဒါကတော့ သူ၏ ထာဝစဉ် တာဝန်ဖြစ်သည်။ မယ်စိန်အား မပန်ကြား ဘဲနှင့် သူသည် အလုပ်ကို သွားလေ့မရှိ။ မယ်စိန် မရှိခိုက်နှင့် ကြုံကြိုက်နေလျှင် အိမ်နီးချင်းများအား မယ်စိန်ပြန်လာလျှင် သူ သွားပြီလို့ ပြောလိုက်ပါဟု မှာကြားခဲ့တတ်၏။ စင်စစ် သူ မမှာခဲ့လည်း သူ အလုပ်သွားမည်ကို မယ်စိန်က သိထားပြီး ဖြစ်ပါလျက် ပန်ကြားပြီးသွားရမှ အလုပ်ကို စိတ်ဖြောင့်ဖြောင့် လုပ်နိုင်သော သူ့ညဉ်ကြောင့် အမြဲပင် ပန်ကြားရခြင်းဖြစ်သည်။

သူနှင့် ကိုလူမောင်သည် လှေနှစ်စင်းကိုယှဉ်၍ ကွင်းဘက်သို့ ဦးတည်လှော်ထွက်ခဲ့၏။ အချိန်မှာ နံနက် ၇ နာရီခန့်ရှိပြီ ဖြစ်သော်လည်း မိုးအုံ့နေသောကြောင့် ပတ်ဝန်းကျင် မြင်ကွင်းမှာ သာယာ ကြည်လင်ခြင်းမရှိဘဲ မှိုင်းမှိုင်းနေသည်။ သို့သော် လေငြိမ်နေ၍ တော်ပါသေးသည်။
ကွင်းထဲသို့ ရောက်သောအခါ အခြား ပိုက်လှေများနှင့် ပေါင်းမိသွားပြီး တပျော်တပါးကြီးဖြစ်သွားကြ၏။ ကိုဒေါင်းစိန်သည် သူ ကြိုတင်၍ ခုတ်ထွင် ရှင်းလင်းထားသော ပိုက်လမ်းကလေးရှိရာသို့ လှေကို လှော်ထွက်ခဲ့၏။ ရောက်သောအခါ သူသည် အရှည် ၆ တောင်ခန့်ရှိသော ၀ါးလုံးတစ်လုံးကိုယူ၍ မြေကြီးသို့ ထိုးစိုက်သည့် အောက်ခြေဘက်မှ နေကာ အထက်ဘက်သို့ နှစ်တောင်ကွာ တိုင်းထွာပီး ပိုက်လက်နား ကြိုးကို ချည်လိုက်၏။ ထိုအခါ နှစ်တောင် အစောက်ရှိသော ပိုက်၏ အောက်ခြေနှင့် ၀ါးလုံး၏ အောက်ခြေ သည် တညျီတည်း ရှိနေ ပေသည်။

နောက် သူသည် ၀ါးလုံးကိုယူ၍ ငါးတောင်အစောက်ရှိသော ရေထဲသို့ ထိုးစိုက်လိုက်၏။ ဤတွင် ၀ါးလုံးတိုင်၏ အောက်ခြေနှင့် တညီတည်းရှိနေသော ပိုက်အောက်ခြေသည် မြေကြီးနှင့် ထိကပ်နေရုံမျှမက ၀ါးလုံးမှာ မြေကြီးထဲသို့ တစ်မိုက်တစ်ထွာခန့်မျှ စူးဝင်သွားသည့်အတွက် ပိုက် အောက်ခြေမှာလည်း မြေကြီးပေါ်တွင် တစ်မိုက်တစ်ထွာခန့် ပုံကျနေရသည်။ ရေက အစောက် ငါးတောင်၊ ၀ါးလုံးက ခြောက်တောင်ဖြစ်၍ ၀ါးလုံးမှာ ရေပေါ်၌ တစ်ထွာသာသာသာ နစ်မြှုပ်နေသည်။ ဤသို့ ပိုက်ကို ရေအောက်၌ မြှုပ်၍ ချရခြင်းကား ချောငါးများသည် ရေပေါ်၌ ရှပ်၍ သွားလာတတ်သော ငါးမျိုး မဟုတ်ဘဲ ရေအောက် မြေကြီးမှ ကပ်၍ သွားလာတတ်သော ငါးမျိုး ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ပိုက်လက်နား ကြိုးချည်ထားသော ၀ါးလုံးတိုင်ကို စိုက်ပြီးသည်နှင့် တစ်ပြိုင်နက် သူသည် လှေကို ရှေ့သို့ လှော်ယက်ကာ လှေပေါ်၌ စုပုံနေသော ပိုက်ကိုလည်း ရေထဲသို့ ဆွဲဆွဲချရင်း တစ်ဖက်သို့ အလျားလိုက် ဆန့်တန်းလာ၏။ ပိုက် ၅ ထည်စလုံးကို ပိုက်လက်နားကြိုး နေရာများမှ တစ်ဆက် တည်းဆက်ချည်ထားသဖြင့် အတော်ပင် ရှည်လျားနေပေသည်။ လွန်မင်းစွာ ရှည်လျားသော ကြိုး တစ်ချောင်းကို တစ်ဖက်နှင့်တစ်ဖက် ဆွဲဆန့်လိုက်သည့်အခါ၊ တင်းတင်းရင်းရင်း မရှိဘဲ အလယ်မှ အိုက်ကျနေတတ်သည့်နည်းတူ ယခု ရှည်လျားသော ပိုက်မှာလည်း အလယ်မှ အိုက်၍ မြေကြီးသို့ ပုံကျနေတတ်သည်ဖြစ်ရာ ဤအဖြစ်ကို ကာကွယ်ရန် ပိုက် တစ်ထည်လျှင် အဍ္ဍရှည် လက်လေးသစ် ခန့်ရှိသော ဖော့သုံးလေးလုံးခန့်ကို ပိုက်ခေါင်းကြိုး၌ ပိုက်က အောက်သို့ လုရင်းဖြင့် လျော့ခြင်း၊ အိုက်ခြင်း၊ ပုံကျခြင်း ရှိမနေဘဲ ရေအောက်တွင် အထက်အောက် ဆန့်တန်းနေပေမည်။

နောက်ဆုံး ၀ါးလုံးစိုက်ခါနီးတွင် သူသည် ၀ါးလုံးတိုင်နှင့် နှစ်လကွာခန့်ရှိ ပိုက်လက်နားတွင် အုန်းဆံ ကြိုးတစ်ချောင်းကို ' လက်သွယ်ကြိုး 'အဖြစ် တပ်ဆင်ချည်နှောင်၍ ကြိုး၏ အခြားတစ်ဖက် အစ၌ ဖော့တစ်ခု တပ်ဆင်ချည်နှောင်ထားခြင်းအားဖြင့် ရေအောက်မြှုပ်နေသော ပိုက်ကို ရေထဲ ဆင်းငုပ် ပြီး လိုက်ရန်မလိုဘဲ၊ ဖော့တပ်ထား၍ ရေပေါ် ပေါ်နေသော 'လက်သွယ်ကြိုး' ကို ဆွဲယူလိုက်ခြင်း အားဖြင့် 'လက်သွယ်ကြိုး' နှင့် ဆက်သွယ်ထားသော ပိုက်လက်နားကြိုးနှင့်အတူ ပိုက်ခေါင်းကြိုး သည် အလိုက်သင့် ပေါ်တက်လာလိမ့်မည်။ ထို့နောက် မိသော ငါးများကို ဖြုတ်ပြီး ပြန်ချလိုက်လျှင် ပြန်မြှုပ်သွားလိမ့်မည်။

သူသည် ပိုက်ချပြီးဖြစ်၍ အခြားပိုက်လှေများ စုဝေးနေရာသို့ သူ့လှေကလေးကို လှော်ခဲ့၏။ ပိုက်သမားများကား မိမိတို့ ချထားသော ပိုက်ကို လှမ်း၍ မြင်နိုင်သည့် နေရာများ၌ လှေများကို ၀ိုင်းဖွဲ့ကာ လှေပေါ်၌ အသင့်ပါလာသော မီးဖိုတွင် လက်ဖက်ရည်အိုး တည်သူကတည်၊ ချက်သူက ချက်၊ စကားဝိုင်းဖွဲ့သူက ဖွဲ့ဖြင့် တပျော်တပါးကြီး ရှိနေကြ၏။ ကိုလူမောင်ကတော့ အိမ်မှ ထမင်း ကိုသာ ချက်ယူလာ၍ ဟင်း ပါမလာသဖြင့် ကွင်းထဲရောက်မှ အသင့်ပါလာသော ငါးမျှားနှင့် မျှား၍ ရသော ငါးကို ချက်ပြုတ်နေ၏။

ကိုဒေါင်းစိန်လည်း လှေအုပ်ထဲသို့ ၀င်ပေါင်းကာ ကိုလူမောင်၏ လှေကြိုးနှင့် သူ့လှေကြိုးကို ပူးတွဲ ချည်နှောင်ထားလိုက်၏။ နောက် သူသည် သူ့မီးဖို၌ မီးမွှေး၍ လက်ဖက်ရည်အိုးကို ရေထည့်ကာ တည်ထား လိုက်၏။
' ဟေ့ကောင်တွေ၊ စေက်စကားချည့် များမနေကြနဲ့ကွ၊ အင်စပက်လှေလာသလားလို့လည်း တစေ့ တစောင်းကြည့်ဦး၊ ဒီခွေးမသား အင်စပက်က ပထမအင်စပက်လို မဟုတ်ဘူးကွ၊ ပထမ အင်စပက် တုန်းက ငွေစားရဲတယ်လို့ နာမည်ကြီးပေမဲ့ ပြောင်းလာတဲ့ အင်စပက်က ငွေပေးပေမဲ့ မယူရဲဘူးတဲ့ ခင်ဗျ၊ ကွင်းထဲမှာ ပိုက်ချတာတွေ့ရင် ဖမ်းမှာပဲတဲ့၊ ဒါကြောင့် စကားချည့် များမနေဘဲ ဘေးဘီကိုလည်း ကြည့်ပေးကြဦးကွ'

ကိုလူမောင်က ထမင်းချက်နေရာမှ စကားဝိုင်းဖွဲ့နေသူများအား လှမ်းပြောလိုက်၏။ မှန်သည်။ မြို့ ပေါ်၌ အင်း အင်စပက်တော် အပြောင်းအလဲ ရှိနေပါသည်။ ပထမ အင်စပက်တော်၏ ငွေစားရဲ သည်ဟူသော သတင်းမှာ ထိန်းမနိုင် သိမ်းမရဘဲ အုံကြွပွင့်ထွက်လာရာ မူလက သဘောတူ ၀ါးစေ ဝေစား လုပ်ပြီး မြုံ၍ နေသော အရာရှိများမှာ မနေနိုင်တော့ဘဲ အင်စပက်တော်အား အလုပ်ဖြုတ်ပြီး 'အင်ကွာတီ' လုပ်ကြရတော့သည်။ သူ့နေရာ၌ နောက်တစ်ယောက် လူစားခန့်လိုက်ရာ ထိုသူမှာ ပထမ အင်စပက်တော်၏ အထိနာသွားခြင်းကို မြင်ပြီး ဖြစ်သဖြင့် ငွေ မစားရဲဘဲ ဖြစ်နေသဖြင့် ကိုလူမောင်နှင့် ကိုဒေါင်းစိန်တို့ ပိုက်သမားများမှာ ၀မ်းမသာမိသည့်အပြင် 'ကြုံသေးတယ် ကုန်းဆွေးဗျာ ထုကြွယ် 'အဖြစ်မျိုးသို့ ဆိုက်ရောက်ကုန်ကြ၏။

သည်လို သူတို့ထံမှ ငွေစားသော အင်စပက်တော်ကို ဖြုတ်ပစ်၍ ခြောက်ပစ်ကင်း အင်စပက်တော် အား ခန့်ထားလိုက်သော အထက်အရာရှိများအား ကိုဒေါင်းစိန်တို့သည် ကျေးဇူးမတင်မိသည့်အပြင် သူတို့အားလုံး ငတ်ပြတ်ပြီး သေကုန်အောင် လုပ်သူများအဖြစ် ပို၍ပင် မုန်းတီးမိပါသေးသည်။ ခုပဲ ကြည့်ပါ။ ပထမ အင်စပက်တော်တုန်းကမူ ငွေထိုးပြီးနောက် သူတို့၏ အငတ်ပြဿနာကို ကွင်းထဲ၌ ပိုက်ဖြင့် လွတ်လပ်စွာ ဖြေရှင်းနိုင်သော်လည်း ယခု ခြောက်ပစ်ကင်း အင်စပက်တော်ကမူ ငွေလည်း မစားဘူးတဲ့၊ ကွင်းထဲမှာလည်း ပိုက်မချရ၊ ချရင် ဖမ်းမယ်တဲ့။ ဒါသည် ပိုက်မှ မချရရင် ဘာမ လုပ်စရာမရှိသော သူတို့လို ကပ်ပါးဖမ်းမယ်တဲ့။ ဒါသည် ပိုက်မှ မချရရင် ဘာမှ လုပ်စရာမရှိသော သူတို့လို ကပ်ပါးသမားတွေ အားလုံး ငတ်ပြတ်ပြီး သေကုန်အောင် စီမံလိုက်တာပဲ မဟုတ်လား။

အမှန်စင်စစ် သူတို့ အလိုရှိသည်မှာ ငွေစားသော အင်စပက်တော်နှင့် ငွေမစားသော အင်စပက်တော် အပြောင်းအလဲ မဟုတ်ပါ။ သူတို့လို လူများစု ကပ်ပါးသမားများအားလုံး ငတ်ပြတ် ပြီး သေကုန်အောင် ရေးဆွဲအတည်ပြုထားသော (၀ါ) လက်တွေ့နှင့် ဟပ်၍ မရအောင် မဖြစ်နိုင် သော အချက်အလက်တွေကို ရေးဆွဲထားပြီး၊ ဖြစ်အောင် လုပ်ချင်ရင် သက်ဆိုင်ရာ အရာရှိများအား ငွေပေးပြီးလုပ်ဟု အဓိပ္ပာယ် သက်ရောက်နေသော လက်ရှိ တံငါဥပဒေ အဟောင်းအဆွေးကြီးအား ပြင်ဆင်ခြင်း၊ ဖာထေားခြင်းများ လုပ်မနေဘဲ တစ်အုပ်လုံး ပြာကျသွားအောင် မီးရှို့ပစ်ပြီး၊ သူတို့၏ ဘ၀မှန်ကို ပိုင်နိုင်စွာ သိထားသော အသိမှ ပေါက်ဖွားလာသော ထောက်ထား စာနာစိတ်ဖြင့် အသစ်ထပ်မံရေးဆွဲသည့် ဥပဒေကိုသာသူတို့ အလိုရှိပါသည်။

နံနက် ၁၀ နာရီခန့်တွင် သူတို့သည် ဟင်းများကို အပြန်အလှန်လဲလှယ်ပြီး ထမင်းစားကြသည်။ ထမင်းစားပြီးနောက် လက်ဖက်ရည်အိုး ကိုယ်စီဖြင့် စကားဝိုင်းဖွဲ့ကြပြန်၏။ သူတို့၏ စကားများမှာ အကြောင်းအရာ စုံလင်လှသော်လည်း အထူးအဆန်းများ မဟုတ်ကြ။ ဘယ်သူ၏ သမီးသည် ဘယ်ဝါ၏ သားနှင့် လင်နောက်လိုက်ပြေးကြောင်း၊ ဘယ်သူ၏ သမီးသည် လင်ကောင် မပေါ်ဘဲ ကလေးမွေး၍ ဘယ်ဝါ၏ သမီးကတော့ အနှိပ်သည် မငွေယုံကို ခေါ်ပြီး ဖျက်ချလိုက်ကြောင်း စသော ရပ်ရွာရေးနှင့် ဘိန်းဆိုင်ရှင်အောင်သိန်းက ဘိန်းဖိုးကြွေးကို မပေးရင် ပိုက်ကို သိမ်းမည်ဆို၍ ယခု ပိုက်ချ၍ရသော ငါးဖိုးငွေကို ပေးဆပ်ရမည်ဖြစ်ကြောင်း၊ အရက်ဆိုင်မှ ဦးဘိုးကျော်က လက်ဦးကျွေးဟောင်းကို မရှင်းလျှင် နောက်ထပ် အရက်ကို အကြွေးမရောင်းဟု ဆိုသဖြင့် ကြွေးဟောင်းကိုဆပ်ဖို့ အရေးကြီးကြောင်း စသော ကိုယ်ရေးကိုယ်တာ ကိစ္စများ၊ ပိုက်ချရာ၌ ဘယ်ကွင်းက ငါးအတိုးများ၍ ဘယ်ကွင်းက ငါးအတိုး နည်းသည်။ ဘယ်ကွင်းက ဘာငါးပေါ၍ ဘယ်ကွင်းက ဘာငါးရှာသည် စသော လုပ်ငန်းဆောင်တာ အကြောင်း များသာဖြစ် သည်။

အတန်ကြာသောအခါ လှေအုပ်ကို အတန်ခွဲလိုက်ပြီး ပိုက်လိုက်ရန် ပိုက်ချထားရာ နေရာများသို့ လှော်ခဲ့ကာ ဖော့တပ်ထားသဖြင့် ရေပေါ်တွင် ပေါလော ပေါ်လျက်ရှိသော 'လက်သွယ်ကြိုး'ကို လှမ်း ဆွဲ၍ ပိုက်ကို ဖော်လိုက်၏။ နောက်ပိုက်၌ မိနေသော ငါးများကို လှေထဲသို့ ဖြုတ်ထည့်ပြီး လှေကို ရှေ့သို့ ဆက်လှော်ရင်း အစဉ်လိုက် လျှောက်ဖြုတ်လာ၏။ ငါးများမှာ ပိုက်ခေါင်းကြိုးနားကပ်၍ ချည်မိသဖြင့် သူ့ပိုက်သည် တင်းတင်းရင်းရင်း မရှိဘဲ မြေကြီးအနီး ရောက်အောင် အိုက်ကျနေကြောင်း သူ သိရသည်။ အကြောင်းမူကား ချောငါးများသည် ရောအောက် မြေကြီးမှ ကပ်၍ သွားလာတတ်သော ငါးမျိုးဖြစ်ရာ အကယ်၍ပိုက်သည် အထက် အောက် တင်းတင်းရင်းရင်း ဆန့်တန်းနေပါက ငါးသည် ပိုက်အောက်ခြေ၌ သို့မဟုတ် အလွန်ဆုံး ပိုက်အလယ်၌ တိုးရမည် ဖြစ်သော်လည်း ယခု ပိုက်သည် မြေကြီးနားရောက်အောင် အိုက်ကျနေ သည့် အတွက်သာ မြေကြီးနားမှ ကပ်သွားသော ငါးသည် ပိုက်ခေါင်းကြိုးအနီး၌ ဖော့ကို ပိုတပ်ပေး လိုက်၏။

ပိုက်အစမှ အဆုံးအထိ မိသော ငါးများကို လိုက်ဖြုတ်ပြီးနောက် သူသည် ပိုက်ကို နေထားတကျ ပြန်ချပစ်ခဲ့ကာ လှေအုပ်များ စုဝေးနေရာသို့ ပြန်လှော်ခဲ့၏။ သူ့ပိုက်မှ ငါးအတော်ကလေး ရလိုက်၏။ နေ့လယ် နှစ်နာရီတွင် တစ်ကြိမ် ညနေ ခြောက်နာရီခန့်တွင် တစ်ကြိမ် ပိုက်လိုက်၍ မိသော ငါးများ ကိုဖြုတ်ပြီး နောက်မှ ပိုက်ရုပ်ကာ အိမ်ပြန်ရပေမည်။
ပိုက်လှေများ စုဝေးနေရာသို့ ရောက်သောအခါ လှေတစ်စင်းနှင့် ငါးချိန်ရန် ရောက်နေသော ကုန်သည်ကြီး ဦးဘမောင်၏ ကိုယ်စားလှယ်ကို တွေ့မြင်ရ၏။

ဦးဘမောင်က ရန်ကုန်က သူ့ပွဲရုံမှာ ရှမ်းပြည်နယ်သုံး 'ချောလုံးသီး' ငါးပိကောင် ကားနှစ်စီး အပြည့် အပ်မယ်လို့ ရှမ်းကုန်သည်တွေကို လက်ခံထားတယ်တဲ့။ ပြီးတော့ အညာကုန်သည် တစ်ဦးကိုလည်း အထက်အညာသုံး 'ချောဝမ်းခွဲ' ငါးပိကောင် ကားတစ်စီးစာ အပ်မယ်လို့လည်း လက်ခံထားသေးတယ်တဲ့။ အဲဒီ ရှမ်းကုန်သည်နဲ့ အညာကုန်သည်တွေကို အပ်ဖို့ အရေးကြီးနေလို့ ခင်ဗျားတို့ ချောပိုက်ကို ကြိုးစား ချကြပါတဲ့။ ရသမျှ ငါးများကို သူ့ဆီသာ လာချိန်ပေးပါ၊ ဒီပြင်လူတွေထက် ဈေးပိုပေးပါ့မယ်တဲ့။

ဦးဘမောင်၏ ကိုယ်စားလှယ်က ရောက်လျှင် ရောက်ချင်း ဦးဘမောင်၏ မှာကြားချက်ကို သူတို့အား ပြောပြလိုက်၏။ ယခင်နှစ်က သူတို့သည် ဦးဘမောင်ထံမှ ငွေယူ၍ ပိုက်ထိုးရသည့်အတွက် သူတို့ ပိုက်ချ၍ ရသမျှ ငါးများမှာ ဦးဘမောင်အဖို့ သူကြိုက်သော ဈေးဖြင့် သပိတ်ဝင် အိတ်ဝင် ဖြစ်နေသောကြောင့် ဤသို့ တကူးတက ပိုက်သမားများ ရှိရာသို့ ငါးလိုက်ချိန်ရန် မလိုသော်လည်း၊ သည်နှစ်တော့ ကိုယ့်ပိုက်နှင့် ကိုယ်ချကြသော ပိုက်သမားများသည့်အတွက် အခြား ကုန်သည်များထံ ငါးရောက်သွားမည်စိုး၍ ဤသို့ သူတို့ရှိရာသို့ လိုက်ချိန်ရုံမျှမက သူတစ်ပါးထက် ဈေးပိုပေးပါမည်ဟူသော စကားဖြင့်လည်း နောက်ငါးများ လက်မလွှတ်နိုင်အောင် ဖမ်းအုပ်ထားလိုက်ခြင်းဖြစ်သည်။

ကိုဒေါင်းစိန်ကား ရှမ်းပြည်နယ်သုံးအတွက် ချောငါးပိကောင်များကို ရှမ်းကုန်သည်များအား အပ်ရမည် ဟူသော စကားကို စဉ်းစားနေ၏။ သူတို့ ဖန်တီး ထုတ်လုပ်လိုက်သော ငါးမှတစ်ဆင့် အသွင်ပြောင်း သွားသော ငါးပိကောင်မှာ ရှမ်းပြည်နယ်သူ ပြည်နယ်သားများ သုံးစားဖို့ ဖြစ်သည်ကို သူ သိရ၍ အတော်ပင် ၀မ်းမြောက် နေမိ၏။ အကြောင်းမူကား သူတို့ မြတ်နိုးနှစ်ခြိုက်စွာ သောက်နေ သော လက်ဖက်ခြောက်မှာ ရှမ်းပြည်နယ် မှ လာကြောင်း ကြားဖူးနားဝ ရှိထားသဖြင့်၊ သူတို့အတွက် လက်ဖက်ခြောက်ကို ထုတ်လုပ် ပေးရှာသော ရှမ်းပြည်နယ် တောင်သူများအား သူတို့က တစ်ဖန် ချောငါးပိကောင်ဖြင့် အတုံ့အလှည့် ပြန်ပြု လိုက်ရခြင်း အတွက် ၀မ်းမြောက်နေခြင်း ဖြစ်သည်။

ဦးဘမောင်၏ ကိုယ်စားလှယ်အား ငါးများကို ချိန်ပေးလိုက်ပြီးနောက် သူတို့သည် လက်ဖက်ရည်အိုး ကိုယ်စီဖြင့် စကားဝိုင်းဖွဲ့ကြပြန်၏။ သည်တစ်ကြိမ်တွင်တော့ ကိုလူမောင်က ရပ်ရွာ ပညာရှိများထံမှ သူ တစ်ဆင့်ကြားနာ ဘူးသော ကာမသျှတ္တရကျမ်းပါ အကြောင်းများကို တစ်တစ်ခွခွ ပြောပြနေ၏။ သရက်ရွက် လည်း ပါ၏။ မုန့်ပေါင်း လည်းပါ၏။ ဆင်ဦးကင်းလည်းပါ၏။ ခရုသင်းလည်းမလွတ်။ အို ... စုံလို့။
ဤမျှဖြင့် မပြီးသေးဘဲ သူ့ဇနီး မဖွားသက်သည် ကာမသျှတ္တရကျမ်းပါ အချက်အလက်များအနက် ဘယ်အချက် နှင့် ညီညွတ်၍ ဘယ်အချက်နှင့် ကွဲလွဲနေကြောင်း စသည်ဖြင့်လည်း ဝေဖန် ဆန်းစစ်၍ ပြနေလိုက် သေး၏။ နောက်ဆုံးတွင် ကိုဒေါင်းစိန်က ကွင်းထဲ၌ တွေ့ကရာ ပေါက်ကရ စကားများ မပြောရန် သတိပေး လိုက်မှ ရပ်နားတော့၏။

နေ့လယ် နှစ်နာရီခန့်တွင် ပိုက်တစ်ကြိမ်လိုက်ရန် လှေအုပ်ကို ခွဲလိုက်ကြပြန်၏။ သူတို့အားလုံး ပိုက်မှမိသော ငါးများကို မဲ၍ ဖြုတ်နေစဉ် ' ဟေ့ကောင်တွေ မပြေးနဲ့' ဟူသော အာဏာရှင်ဆန်ဆန် အသံကို ကြားလိုက် ရသဖြင့် သူတို့အားလုံး လှည့်ကြည့်လိုက်ကြရာ၊ လူသုံးယောက်လှော် လောင်းလှေကလေး၏ အလယ်မှနေ၍ သူတို့အား သေနတ်ဖြင့် ချိန်ထားသော အင်းအင်စပက်တော်အား အံ့အားသင့်စွာ မြင်လိုက်ကြရ၏။ မည်သူမျှ မလှုပ်ဝံ့တော့။ သူတို့ကား အငိုက်မိသွားချေပြီ။ သူတို့ ငါးများကို မဲ၍ဖြုတ်နေစဉ် အင်း အင်စပက်တော် သည် အလစ်ဝင်ဖမ်း လိုက်ချေပြီ။ တရားပိုင် စီရင်သမျှ ခံကြရတော့အံ့။
အင်း အင်စပက်တော်နှင့်တကွ သူ့နောက်တော်ပါ ကျွန်များက သူတို့၏ ပိုက်များနှင့်တကွ ငါးများကို ပါသိမ်းယူကြတော့၏။ ပြီးနောက် သူတို့အားလုံး၏ အမည်၊ နေရပ်နှင့် အသက်အရွယ်မက မိဘနာမည် များပါ ရေးမှတ်ပြီး ရွာဘက်သို့ ဦးတည် ခေါ်ဆောင်လာခဲ့၏။ အားလုံးပင် မျက်နှာသေကလေးများဖြင့် အင်စပက်တော် ၏ လှေနောက်မှ လှော်လိုက်ခဲ့ကြရတော့သည်။

ကိုဒေါင်းစိန်ကား အင်းအင်စပက်တော်၏ လှေနောက်မှ သူ့လှေကလေးကို လှော်လိုက်ရင်း သူ၏ ရှေ့ရေးကို ရင်လေးစွာဖြင့် မျှော်မှန်းကြည့်ရှာ၏။ သည်လိုသာ ပိုက်ချတိုင်း အင်း အင်စပက်တော် လိုက်၍ နှောင့်ယှက် နေမည် ဆိုပါက သူတို့၏ ရှေးရေးမှာ တွေးဝံ့စရာပင်မရှိ။ ယခုပင် ပိုက်လည်းဆုံး၊ တရားလည်းစွဲဦးမည်ဖြစ်၍ အနည်းဆုံး ဒဏ်ငွေတော့ အတပ်ခံရပေဦးမည်။ ဘယ်ပုံ ကြံ ဘယ်ပုံဖန်ရပါ့။ မကြံပါနိုင်၊ ယိမ်းယိုင် ခွေကာ နွမ်းပါ ပေါ့။ မှန်သည်။ ဘယ်လိုမှ မကြံနိုင်ပါ။

တစ်ခုတော့ ရှိပါ၏။ အင်စပက်တော်မင်းရယ်၊ တရားစွဲရင်တော့ စွဲပါ။ ဈေးသုံးကလေး အနည်းအကျဉ်းယူပြီး ပိုက်ကလေးများကိုတော့ ပြန်ပြီး သနားခဲ့ပါ။ တရားစွဲတဲ့ အခါကျတော့ ပိုက်စုတ် တစ်ထည်လောက်ကို သက်သေခံပစ္စည်းအဖြစ် ရှာကြံတင်ပြလိုက်ရင် ဖြစ်နိုင်ပါတယ်။ အဲသလို အသနားခံရင်တော့ ဘယ်လို နေမည် မသိ။ သို့ပေမဲ့ အင်စပက်တော်မင်းက လာဘ်မစားဘူးတဲ့ကွယ့်၊ လာဘ်မစားဘူးတဲ့၊ အရပ်ထဲမှာ သတင်း ပြေးနေတယ်။ တချို့ကတော့လည်း လာဘ်မစားပေမဲ့ ကိုးတော့ စားပါတယ်ကွာတ့။ နည်းနည်း လောက် ပိုပေးကြည့်စမ်းပါ။ မင်းလူ ဘုရားသားမို့ မစားဘဲနေမှာလားတဲ့။ ဒီလိုသာ လာဘ်မစားဘူးဆိုရင် အင်္ဂလိပ်မင်း ဆီက ဆက်ခံလိုက်တဲ့ ထုံးတမ်းစဉ်လာကြီး တစ်ခုလုံးဟာ ကမောက်ကမ ဖြစ်ကုန်မှာ ပေါ့တဲ့။ တတ်နိုင် ဘူးလေ၊ ရွာရောက်မှ အများနဲ့အတူ မီးစင်ကြည့် က ရမှာပဲ။

ရွာထဲရှိ အင်စပက်တော်၏ ဒလန်၊ သို့မဟုတ် နိုင်ငံရေးစကားဖြင့် ပြောရလျှင် အင်စပက်တော်၏ လက်ဝေခံအိမ် သို့ ရောက်သောအခါ အင်စပက်တော် မင်းက သူသည် ပိုက်များကို သက်သေခံပစ္စည်း အဖြစ် ရုံးတင်ထား တရားစွဲဆိုမည်ဖြစ်၍ တရားဆိုင်ရမည့် နေ့ရက်ကို ရပ်ရွာသူ ကြီးမှ တစ်ဆင့် အကြောင်းကြား လိုက်မည် ဖြစ်ကြောင်း၊ ယခု တရားခံများသည် တရားဆိုင်မည့် နေ့ရက်တွင် ရှောင်တိမ်း မနေဘဲ ဆက်ဆက် လာပါစေ့မည်ဟု တာဝန်ခံယူနိုင်သော လူကြီး လူကောင်း တစ်ဥဦးဦးကို အာမခံပေးပြီး ပြန်သွား နိုင်ကြောင်း ပြောပြသဖြင့်၊ အသီးသီး မိမိတို့ နီးစပ်ရာ လူများကိုခေါ်၍ အာမခံ ယူစေပြီးနောက် ပြန်ကြမည် အပြုတွင် အင်စပက်တော်၏ ဒလန်က ပိုက်ကို ပြန်လိုချင်လျှင် ငွေ ဘယ်လောက် အကုန် ခံနိုင် မလဲဟု သူတို့အား သွေးတိုးစမ်းလာ၏။ သူတို့ကလည်း မိမိတို့ အကုန်ခံနိုင်သည့်ငွေကို ပြောကြား လိုက်သည် နှင့်တစ် ပြိုင်နက် ဒလန်သည် အင်းစပက်တော်ထံသို့ သွား၍ အစီရင်ခံ၏။

နောက်ဆုံးတွင် အင်စပက်တော်၏ ဒလန်က ကြားထဲမှနေ၍ လော်လည် ပေးမှုကြောင့် ပိုက်သမား များသည် တစ်ဦးကို ငွေတစ်ဆယ်၊ တစ်ဆယ့်ငါးကျပ်၊ နှစ်ဆယ် စသည်ဖြင့် ပိုက်များသည့်သူကို များသလိုပေးရကာ မိမိတို့ ပိုက်များကို ယူပြီး ညိုးနွမ်းသော မျက်နှာများဖြင့် ပြန်ခဲ့ကြ၏။

ဆက်ရန်
.

5 comments:

လသာည said...

အစ်မ...
ဒီဝတ္တုကိုလေ.. ဂျပန်လို ဘာသာပြန်ထားတဲ့ စာအုပ်ကို ဒီနေ့ စာကြည့်တိုက်မှာ တွေ့ခဲ့တယ်.သိလား. အိုး ဂုဏ်ယူလိုက်တာ။။

အဲလိုမျိုးကမ္ဘာကျော်အောင် ရေးဖွဲ့နိုင်စွမ်းရှိတဲ့ ဒီစာရေးဆရာကို ချီးကျူးအားကျမိတယ် တကယ်ပဲ..။

SHWE ZIN U said...

လသာည ရေ

စာရေးဆရာ ကြယ်နီ က တကယ့်ကို တော်ပါတယ် ဓနုဖြူ သားလေ ဆရာကြီး အီကြာကွေးတို့ရဲ့ ဆရာပေါ့ ပဒိုင်းသီး မှားစားမိလို့ ဆိုလား နောက်ဆုံး စိတ်ရောဂါ ရပြီး ဆုံးသွားရှာတယ်

အမ တော့ နောက်ပိုင်း ခေတ်မှာ သူလို့ သဘာဝ အဖွဲ့ အနွဲ့ ကောင်းသူ ဇာတ်ကောင်စရိုက် နိုင်နင်းသူ ကို မတွေ့ဘူး သိပ်ကြိုက်တယ်

Anonymous said...

မရွှေစင်ရေ။ ပဒိုင်းသီးက စိတ်ဖောက်ပြန်တတ်တယ်လို့ ကြားပဲ ကြားဖူးတာ။ ဒီလောက်ကြီး တစ်သက်လုံးစာ ဖြစ်သွားနိုင်မှန်း မသိဘူး။ ဆရာကြယ်နီ ဘယ်လို ဖြစ်ရတာလဲ ပြောပါဦး။

ပဒိုင်းသီးလဲ ကြားခါမှ စိတ်ဝင်စားလာပြီ။ သူ့ကို စားမိတဲ့လူတွေကို ဒါဆို ဆေးပြန်ကုပေးလို့ မရနိုင်ဘူးလား။
ဆရာကြယ်နီ ဘာသီးနဲ့မှားပြီး သွားစားမိပါလိမ့်။

Anonymous said...

လသာည ရေ

ပဒိုင်းသီး ကို စားမိတဲ့ အကြောင်း လေးကိုဘဲ သိတာ အသေးစိတ်တော့ မသိဘူး နောက်တော့ သိရရင် ပြန်ရေးပြပါ့မယ်

ရွှေစင်ဦး ဖြစ်ပါတယ်

လသာည said...

အဖြေပြန်ပေးထားတာ အခုမှ ဒီနေ့မှ တွေ့တော့တယ်။ အစ်မ ကျေးဇူး အာရိကတိုးး))))

ကွန်မန့်နံပါတ်သုံး- အနောနိမတ်စ်က ညီမဟုတ်ဖူး..ရယ်။ တခြားတစ်ယောက်ယောက် ၀င်မေးပြီး နာမည်ရေးဖို့ မေ့သွားတာ ထင်ပါရဲ့..

ဂရုတစိုက်ပြန်ဖြေပေးတဲ့ အစ်မကို အရမ်းကို ကျေးဇူး တင် ချစ်ခင် အားနာ သံဃောဇဉ် တွယ်မိရကြောင်းပါး))))))