ဥပုသ်သည်
'မယ်စိန်ရေ၊ ၀ါဆိုလပြည့်နေ့ကျရင် ၀ါဆိုဥပုသ် တစ်ဥပုသ်လောက်တော့ စောင့်ကြဦးစို့ကွာ၊ တို့များ အူမ မတောင့်လို့ သီလ မစောင့်နိုင်တာ ခြောက်နှစ်လောက်ရှိသွားပြီကွ၊ အခုလို ၀မ်းရေးအတွက် အသက် ရှူသာခွင့် ကလေး ရသွားလို့ စိတ်လက် ကြည်ရွှင်နေတုန်း အချိန်မှာ ဒီလို ၀ါဆို ဥပုသ်ကို တော့ ဆက်ဆက် စောင့်လိုက်ကြ ရအောင်နော်'
' အို တော်၊ အိမ်မှာ ဗာဟီရကိစ္စတွေနဲ့ နေ့မအား ညမအား ဖြစ်နေတာ၊ ဒီဥပုသ်ကို စောင့်မနေ နိုင်သေးပါဘူး'
' သြော် ... ဒီအလုပ်တွေကို တစ်ရက်တလေ မလုပ်ဘဲ နေလိုက်ရလို့ ဘာဖြစ်သွားမှာလဲကွယ်၊ တို့ မနှစ်က မိုးတွင်း ကလို အခြေမဆိုးနိုင်တော့ပါဘူး၊ အမြဲတမ်း အကုသိုလ် အလုပ်နဲ့ အသက်မွေးနေပြီး တစ်ဖက် တစ်လမ်း က ကောင်းမှု ကုသိုလ်ကလေးမှ ပြန်ပြီး အကျိုးဆက်မပေးရင် နောင်သံသရာမှာ တို့ရဲ့ ဘ၀ဟာ တွေးဝံ့ စရာတောင် မရှိဘူးကွယ်'
' အောင်မယ်၊ တော်က ကြီးကျယ်လိုက်တာ၊ သံသရာတွေ၊ အကုသိုလ်တွေ၊ ကုသိုလ်တွနဲ့၊ အကုသိုလ်ရွာမှာ လူလာဖြစ်နေမင့်ဟာ အကုသိုလ် အလုပ်မှ မလုပ်ရင် ဘာသွားလုပ်မလဲ။ တော် သံသရာကို ကြောက်ရင် တော့်ဟာတော် သွားစောင့်ချေ။ ကျုပ်တော့ သံသရာကိုလည်း တွေးပြီး ကြောက်မနေနိုင်ပါဘူး၊ အခု လက်ငင်း ထမင်းငတ်မှာသာ တွေးကြောက်တယ်'
' မိုက်ပါဘိ မယ်စိန်ရယ'
ကိုဒေါင်းစိန်သည် ဒါပဲသာ ညည်းနိုင်တော့၏။ သူကိုယ်တိုင်မှာလည်း သိမ်မွေ့လှသော ဘုရား၏ တရားတော် ကို ကောင်းကောင်းနားလည်သူ မဟုတ်သဖြင့် မယ်စိန် နားဝင်အောင် တရားသဖြင့် ဆွဲ ဆောင်ခြင်း မပြုနိုင်ရှာ။ သူ့အဖို့ကတော့ အကုသိုလ်လုပလျှင် ငရဲကြီး၍ ကုသိုလ်ကောင်းမှုပြုလျှင် နောင် သံသရာ မှာ ကောင်းကျိုးချမ်းသာ ခံစားရမည်ဟူသော လူပြိန်းအသိမျိုးဖြင့် ဥပုသ်စောင့်လျှင် ကုသိုလ် ရမည်ဟု နားလည်ထားကာ ဥပုသ်ကို စောင့်လိုလှခြင်းဖြစ်သည်။
နောက်ဆုံးတွင် သူသည် ထုံးစံအတိုင်း အလျှော့ပေးလိုက်ရပြန်ပြီး အိမ်ရောက်မှ မပြားကြီးကို အကူ အညီတောင်းကာ မယ်စိအား နားချမည်ဟု ကြံရွယ်ထားလိုက်ရ၏။ မပြားကြီးမှာ အားအားရှိလျှင် တရား စာအုပ် ကလေးများ ဖတ်နေတတ်၍လည်းကောင်း၊ သင်္ဂြိုဟ်ကိုးပိုင်း သရုပ်ကို ကျေပွန်ပြီး အဘိဓမ္မာ မပါဘဲ စကား မပြောတတ်သော ရွာထဲမှ ဦးဖောင်အား အိမ်သို့ အမြဲပင် ပင့်ဖိတ်ကာ ဦးဖောင်၏ အဘိဓမ္မာကို နာယူ လေ့ရှိသူ ဖြစ်ခြင်းကြောင့်လည်းကောင်း မယ်စိန် နားဝင်အာင် ဖျောင်းဖျ ပြောဆို နိုင်စွမ်း ရှိလိမ့်မည်ဟု သူ ယုံကြည်ထား၏။
သူ့အဖို့ကတော့ မယ်စိန် မပါလျှင်မဖြစ်။ မယ်စိန်ကို အပါခေါ်ဖို့ အရေးကြီး၏။ ဖြစ်လေရာ ဘ၀တွင် သူနှင့် ဆိုးတူ ကောင်းဖက် ဖြစ်စေရန်အတွက် လည်းကောင်း၊ သူတစ်ယောက်တည်းဆိုလျှင် ဥပုသ် မစောင့်စဖူး စောင့်ရမည်ဖြစ်သဖြင့် ရှိုးတိုးရှန့်တန့် ဖြစ်နေမည့်ဒဏ်ကို ခံယူနိုင်စွမ်းရှိမည် မဟုတ် သောကြောင့် လည်းကောင်း မယ်စိန်ကို သူ အပါခေါ်ရမည်။ မယ်စိန် ပါလျှင်တော့ ဘာကိုမျှ သူ ဂရု မစိုက်ပါ။ သြော် ... ဥပုသ်စောင့် ရာမှာပင် မယ်စိန် မပါဘဲ မပြီးတဲ့ ကိုဒေါင်းစိန်ပါကလား။
*
ဝါဆိုလပြည့်နေ့သို့ ရောက်ခဲ့လေပြီ။
ကိုဒေါင်းစိန်သည် စောစီးစွာ နိုးလျက်ရှိ၏။
သို့သော် မယ်စိန်က သူ့ထက်ပို၍ စောကာ ဆွမ်းပင်လျှင် ချက်နေပေပြီ။ သူသည် အိပ်ရာထဲမှနေ၍ မယ်စိန် ချက်ပြုတ် ဆေးကြောရာမှ ထွက်ပေါ်လာသော ဇွန်းသံ၊ ပန်းကန်သံများကို နားထောင်ရင်း သူ့ဘ၀ကို သူ ကျေနပ်ကြည်နူးနေ၏။ ယနေ့ကား သူ ခြောက်နှစ်ကျော်ကြာမျှ ပျက်ကွက်ခဲ့ရသည့် ဥပုသ်ကို ပြန်စောင့်ဖို့ အခွင့်ကြုံ သည့် နေ့ထူး နေ့မြတ်ပါတကား။
ညက မပြားကြီးကို သူ အကူအညီ တောင်းဆိုချက်အရ မပြားကြီး လာရောက်ကာ မယ်စိန်အား တရားချ၏။ အထူး သဖြင့် ဒါနနှင့် သီလ၏ အကျိုးအာနိသင်ကို အကျယ်တ၀င့်ပြောပြ၏။ ပန်းတစ်ပွင့်ကို လူမှု၊ ဥပုသ် တစ်ကြိမ် စောင့်မှုစသော ကောင်းမှုကြောင့် ဘ၀များစွာ ဒုဂ္ဂတိသို့ မလားရဘဲ နိဗ္ဗာန်တိုင်အောင် ပေါက်ရောက် ရကြောင်းများကို ပုံသက်သေ သာဓကဖြင့် ပြဆို၏။ သိကြားမာဃ၏ ကြင်ရာတော် သုဇိတာ ဗျိုင်းမ ကလေးဖြစ်စဉ်က ငါးအရှင်များကို မစားဘဲ အငတ်ခံ၍ သီလဆောက်တည်ခဲ့ခြင်းဖြင့် သေလွန်သော အခါ သိကြားမင်း ကြင်ရာတော်အဖြစ် ကူ ပြောင်းရပုံများကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပြ၏။
ဒါနတွင်လည်း စေတနာဒါန၊ ၀တ္ထုဒါနဟူ၍ သရုပ်ခွဲပြလိုက်သေး၏။ ပုဗ္ဗ-မုဉ္စ-ပရ စေတနာသုံးတန် ကိုအနက်အဓိပ္ပာယ်ဖြင့် ဖွင့်ပြ၏။ ဟီနဒါန - မဇ္ဈမဒါန - ပဏီတဒါန ဟူ၍လည်း ခွဲခြားရှင်းလင်း ပြ၏။ သီလ တွင်လည်း စာရိတ္တသီလ၊ ၀ါရိတ္တသီလ ဟူ၍လည်းကာင်း၊ ဟီနသီလ၊ ပဏီတ သီလ ဟူ၍ လည်းကောင်း ခွဲခြမ်း စိတ်ဖြာ၍ ပြလိုက်၏။
နောက်ဆုံးတွင် သယံကာရ၊ ပရံကာရ၊ သာဟတ္တိက၊ အာဏတ္တိက၊ သမ္ပဇာနက၊ အသမ္ပဇာနက ဟူသော ပုညာယုဟနတရား ၆ ပါးကို လိုလိုချင်ချင်နှင့် မိမိသဘောအလျောက် အားထုတ်ပြုလုပ် အပ်သော ကုသိုလ်သည် သယံကာရမည်၏ ဟူ၍လည်းကောင်း၊ သူတစ်ပါးတို့ ပြုလုပ်သည်ကို မြင်၍ အားထုတ် ပြုလုပ် အပ်သော ကုသိုလ်သည် ပရံကာရမည်၏ ဟူ၍လည်းကောင်း၊ မိမိကိုယ်တိုင် တတ်အားသမျှ အားထုတ် ပြုလုပ်အပ်သော ကုသိုလ်သည် သာဟတ္တိကမည်၏ ဟူ၍ လည်းကောင်း၊ သူတစ်ပါးအား စေခိုင်း၍ အားထုတ်ပြုလုပ်အပ်သော ကုသိုလ်သည် အာဏတ္တကမည်၏ ဟူ၍လည်းကောင်း၊ ကံ ကံ၏ အကျိုးကို ယုံကြည် ၍ အားထုတ်ပြုလုပ်အပ်သော ကုသိုလ်သည် သပ္ပဇာနက မည်၏ဟူ၍ လည်းကောင်း၊ ကံ ကံ၏ အကျိုး ကို မယုံကြည်ဘဲ အားထုတ်ပြုလုပ်အပ်သော ကုသိုလ်သည် အသမ္ပဇာနက မည်၏ ဟူ၍ လည်းကောင်း အနက်အဓိပ္ပာယ်နှင့်တကွ သရုပ်ခွဲပြကာ၊ သူ တိုက်တွန်းသည့်အတွက် အားထုတ် ပြုလုပ် ရသော ကုသိုလ်အဖြစ်မျိုး မရောက်စေဘဲ မိမိကိုယ်တိုင် ကံ ကံ၏ အကျိုးကို ယုံကြည်၍ လိုလိုချင်ချင်နှင့် အားထုတ် ပြုလုပ်သော ကုသိုလ်မျိုးဖြစ်ရန် ကြိုးစားဖို့ အဆုံးသတ်သတိပေးလိုက်၏။ မပြားကြီး၏ တရားအဆုံး တွင် မယ်စိန်က ဥပုသ်စောင့်ပါတော့မည် ဟုကတိပေးလိုက်၏။
ကိုဒေါင်းစိန်ကား မယ်စိန်အား တရားသဘောဖြင့် ဆွဲဆောင်နိုင်လောက်အောင် တတ်သိနားလည် နေသော မပြားကြီးအား အတော်ပင် အံ့သြနေမိ၏။ သို့သော် မယ်စိန် ဥပုသ်စောင့်ဖို့ ကတိပေး လိုက်ခြင်းမှာ မပြားကြီး ၏ တရားကို သက်ဝင် သဘောပေါက်၍ မဟုတ်ဘဲ မပြားကြီးကို အားနာ၍ သာဖြစ်ကြောင်း သူ မသိလေ။ သြော် ... သူ မသိရှာလေ...။
သူသည် ကိုယ်ကို တစ်ဖက်သို့ စောင်းလိုက်ရာ ကုလားစောင်အသစ်ကလေး တစ်ထည်ကို လေးဦး သားမျှမျှတတ ခြုံရင်း ကွေးနေကြသော သူ့ရင်သွေးကလေးများကို ကိုင်စမ်းမိ၏။ သူနှင့် မယ်စိန်က တစ်ထည်ခြုံရ၏။ နောက်သူသည် ပက်လက်လှန်၍ ခြင်ထောင်အမိုးကို စိုက်၍ ကြည့်ပြန်၏။ သုံးမိုး ခန့်ပိတ်ခြင်ထောင်ကြီးမှာ ကြီးကျယ်လွန်းလှ၍ သူတို့ အိပ်ခန်းဖွဲ့ထားသော အခန်းတစ်ခန်းလုံး ပြည့်နေ၏။ ယခု လက်ရှိ ရင်သွေးလေးဦးနှင့် သူတို့ ချစ်ဇနီးမောင်နှံအပြင် နောက်ထပ် ကလေး ထပ်ရပါကလည်း ဤခြင်ထောင်ကြီး အတွင်း၌ အတူတကွ အိပ်နိုင်လောက်အောင်ပင် ကျယ်ဝန်း၏။ ဤခြင်ထောင်၊ ဤစောင်၊ ဤ အိမ်သစ် ကလေးများကား သူ ကာလကြာမြင့်စွာကပင် အိပ်မက် မက်ခဲ့ရသော အရာများ ဖြစ်သည်။ ယခုတော့ သူ လက်ရှိ ပိုင်ဆိုင်နေနိုင်ပြီ။
သူသည် အတန်ကြာအောင် ဇိမ်ယူနေပြီးနောက်မှ အိပ်ရာမှ ထလာရာ မယ်စိန်သည် ဆွမ်းဟင်းရံများကို ချက်ပြုတ်ပြီးစီးပြီးဖြစ်၍ ရေချိုးဆင်းရန် ပြင်ဆင်နေခိုက် ကြုံကြိုက်နေသဖြင့် သူလည်းတစ်ပါတည်း ရေချိုးဆင်းခဲ့၏။ ရေချိုးပြီး၍ တက်လာခ့သြောအခါ မယ်စိန်သည် သူမ ဓနုဖြူမှ ၀ယ်ခြမ်း ချုပ်လုပ်လာသော အ၀တ် အထည် သစ်များ ယူထုတ်လာ၏။ ဟုတ်သည်၊ သည်အ၀တ်အထည်သစ်များကို သည်နေရာမှာမှ မ၀တ် လျှင် ဘယ်မှာ သွားဝတ်ဥိးမည်နည်း။
ကိုဒေါင်းစိန်က အညာရက် လုံချည်အသစ်နှင့် ပိတ်ဖြူ ရှပ်လက်ရှည် အင်္ကျီအသစ်ကို ၀တ်လို့။ မယ်စိန်က ခေါက်လက်မှာ "ခေါက်လက်"မဟုတ်ဘဲ "လက်ရိုး"ဖြစ်၏။ မယ်စိန်က ခေါက်လက်မှာ ကလက် ၍ လက်ရိုးက ဣနြေ္ဒ ရသည်ဟု ဆိုကာ ချုပ်ပေးသည့်အတိုင်း သူဝန်ရခြင်းဖြစ်သည်။ မယ်စိန်ကတော့ သရက်ထည် အညိုရောင် ပွင့်ရိုက်လုံချည် အသစ်ကလေးနှင့် အညာရင် ဖျင်အင်္ကျီရင်ဖုံးကလေး ၀တ်လို့။ ထုံးစံအတိုင်း အတွင်းမှ ချွေးခံအင်္ကျီမပါ။ မယ်စိန်က ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် တစ်မျိုးပင် ထည်ဝါနေသော ကိုဒေါင်းစိန်အား ကျေနပ်သောအပြုံးဖြင့် စိုက်ကြည့်၏။ ကိုဒေါင်းစိန်က မလုံမလဲသော အပြုံးတို့ဖြင့် တုံ့ပြန်၏။
နံနက် ၇ နာရီခန့်တွင် မပြားကြီးတို့စုံတွဲ၊ မပြားကြီး၏ ဆော်သြချက်အရ လိုက်ပါလာသော ကိုလူမောင်တို့ စုံတွဲ၊ ကိုဒေါင်းစိန်တို့စုံတွဲသည် ဥပုသ်ဇရပ်သို့ ရှေးရှုထွက်ခွာလာခဲ့ကြ၏။ မပြားကြီး၏ ခေါင်းပေါ်၌ကား "ဘုရားမတင်၊ ခေါင်း မဆင်၊ လူတွင် ဆယ်ပွင့်ပန်း"ဟူသော စကားနှင့်အညီ ရှေးဟောင်း သုခုမပညာ၏ အမွေအနှစ်ဖြစ်သော ပန်းဆယ်မျိုးတွင် အပါအ၀င်ဖြစ်သည့် "ပန်းယွန်း"ပညာ၏ လက်ရာ ဖြစ်သော "ဆွမ်းတောင်း"ကို ရွက်လာ၍ သူမ၏ ညာလက်တွင်မူကား အတော်ပင် ဟောင်းနွမ်း နေပြီ ဖြစ်သော သားရေဖုံး "ဇိနတ္ထပကာသနီ"ကျမ်းစာအုပ်ကြီးကို ကိုင်လာသည်။
မပြားကြီးသည် ဤ"ဆွမ်းတောင်း"နှင့် ဤစာအုပ်ကို သူမ၏ မိဘများထံမှ အမွေဆက်ခံ ရရှိလိုက်သည်။ "ဆွမ်းတောင်း"မှာ "ကျောက်ကာ"အစစ်ဖြစ်၍ ခိုင်ခန့်လှသည့်အပြင် ဘာသာတရား၌ ကိုင်းရှိုင်းသော သူမ ကလည်း ဤပစ္စည်းကို အမြတ်တနိုး သိမ်းဆည်းထားသည့်အတွက် ယခုတိုင်အောင် မပျက်မစီး တည်ရှိနေခြင်း ဖြစ်သည်။ သင်္ကြန်ဥပုသ်နှင့် ၀ါဆိုဥပုသ်တိုင်း သူမသည် ဤ"ဆွမ်းတောင်း"ကို ရွက်၍၊ ဤ "ဇိနတ္ထ ပကာသနီ"ကျမ်းကို လက်တွင် ကိုင်ဆွဲကာ ဥပုသ်စောင့် သွားလေ့ရှိသည်။
မယ်စိန်နှင့် မဖွားသက်တို့ကတော့ လင်ပန်းတစ်ချပ်ထဲတွင် ဆွမ်းထမင်းနှင့် ဆွမ်းဟင်းပန်ကန်များအပြင် ဆွမ်းဆန်များပါ ထည့်ယူခဲ့ရ၍ အဖုံးအအုပ်ပင် မပါချေ။ ကျီးထိုးသုတ်မည် စိုးသည့်အတွက် သူမတို့နှစ်ဦး၏ လက်ထဲ၌ ထုတ်ချောင်းကလေး ကိုယ်စီ ကိုင်ကာ ခေါင်းပေါ်ဝှေ့ယမ်းလာရ၏။
ဥပုသ်ဇရပ်သို့ ရောက်သောအခါ ဥပုသ်စောင့်ရန် ရောက်နေသူ လူပေါင်းနှစ်ဆယ်ခန့်မျှသာ တွေ့ရ၏။ ယခင် ဆယ်နှစ်လောက်တုန်းကဆိုလျှင်၊ သင်္ကြန်ရက်နှင့် ၀ါဆိုလပြည့်နေများ၌ ရွာလုံးကျွတ်လိုလို ဥပုသ်စောင့်ကြသည့်အတါက် လေးပင်သုံးခန်း ဇရပ်သုံးဆောင်တွင် လူမဆံ့၍ တန်ဆောင်းထဲရော ဘုန်းကြီးကျောင်း အောက်၌ပါမကျန် လူများ ပြည့်လျှံနေတတ်၏။ အကျွေးအမွေးကလည်း ပေါများလှ၏။ ယခုတော့ ဇရပ်တစ်ဆောင် ပြည့်အောင်ပင် စောင့်သူမရှိ။ သြော်... တဖြည်းဖြည်းနှင့် ၀မ်းရေးက ကျပ်တည်းကျဉ်းမြောင်းလာကြလို့ ဘာသာရေးကိုပင် လစ်လျူရှုကုန်ကြပြီ ထင့်။ အင်း....အူမတောင့်မှလည်း သီလ စောင့်နိုင်ကြပေမကိုး။
ဥပုသ်စောင့်သူ နည်းပါးလှသည့်အတွက် မပြားကြီး ၀မ်းနည်းခြင်း ဖြစ်ရသလို၊ ကိုဒေါင်းစိန်လည်း စိတ်မကောင်း ဖြစ်သွား၏။ သူတို့ ငယ်စဉ်ကနှင့် နှိုင်းယှဉ်ကာ ရပ်ရွာလူထု၏ တဖြည်းဖြည်း ကျပ်သည်ထက် ကျပ်၊ ငတ်သည်ထက်ငတ်လာခြင်းကို သူသည် ဆင်ခြင်မိ၊ နှလုံးသွင်းမိ၏။ သို့သော် အကြောင်းတရား ကိုတော့ သူမရှာ၊ သြော်... ရှာစရာမလိုအော်ငလည်း တွေ့မြင်သိရှိထားမှကိုး။ တခြား ဟုတ်ရိုးလား၊ ကံအကြောင်း တရားပေါ့။ ဘာဖြစ်သလဲ၊ ဆင်းရဲသလား၊ ချမ်းသာသလား၊ သေသလား၊ ရှင်သလား၊ ရှုံးသလား၊ မြတ်သလား၊ အားလုံးကံအကြောင်းသာ ဖြစ်သည်။ တခြား ဘာများ ရှာနေဖို့ လိုပါသေးသလဲ။ အင်း...။
ကိုဒေါင်းစိန်သည် ဇရပ်ပေါ်တွင် ထိုင်ရင်း သူတို့ အလျင်ရောက်နှင့်နေသူများကို သေချာစွာ လိုက်လံစေငုနေ၏။ ဇရပ်ခေါင်းရင်းဘက်ရှိ ၀ိုင်းတွင် ထိပ်ဆုံးမှ ထိုင်နေသူကား သူကြီးမင်း၏ ဦးကြီးတော်သူ တစ်ဦးဖြစ်၍၊ ငါးထောင်ခြောက်ထောင်တန် အင်းကြီးတစ်အင်းကို နှစ်စဉ် လုပ်ကိုင်သူဖြစ်သည်။ ထိုမျှမက သူပိုင် လယ်ဧက တစ်ရာခန့်ကိုလည်း လူငှားများနှင့် နှစ်စဉ်လုပ်ကိုင်သူဖြစ်သည်။ သူကြီးမင်း၏ အရှိန်အ၀ါ ကို အသုံးပြု၍ ဆင်းရဲသား လယ်သမားများနှင့် ရောကာ အမတော်ကြေး ထုတ်ယူပြီး ပြန်မဆပ်ဘဲ နေသူလည်း ဖြစ်သည်။ နောက်နှစ်များတွင် အမတော်ကြေး ပြန်မဆပ်သူများအား ဆက်လက်ထုတ်ပေးခွင့် မပြုသော အခါများ၌လည်း အမြောင်အမြင် ကြီးစွာဖြင့် သွတ်သွင်းထားသော မြေးတော်သူ ပါတီဝင်တစ်ဦး၏ အရှိန် အ၀ါဖြင့် ဆက်လက်ထုတ်ယူနိုင်ခဲ့သည်။
မုန့်ပဲ သရေစာနှင့် အခြားကုန်စုံကလေးများ ရောင်းချစား သောက်ရသော ခေါင်းရွက်သည်ကလေးများထံမှ အမြဲပင် အကြွေးဝယ်ယူလေ့ရှိပြီး ပြန်ဆပ်ရန် သတိမေ့တတ်သူလည်း ဖြစ်သည်။
သို့သော် သူသည် ဘာသာရေးဆိုင်ရာ ဆွေးနွေးပွဲဝိုင်းများ၌ ထိပ်ဆုံးမှနေကာ၊ တရားသဘာဝများကို ပုံသက်သေ သာဓကနှင့် ပြောဆိုတတ်၏။ လူအပေါင်းအား တရားစောင့်ကြဖို့၊ ဒုစရိုက်ဆယ်ပါးကို ရှောင်ကြည်ဖို့ ပြောဟောသော်လည်း ကိုယ်တိုင်ကား မြေပိုင်ရှင်စိတ် ပေါက်နေကာ၊ လယ်လုပ်သူသာ လယ်ပိုင်ရေးနှင့် ပတ်သက်သော နိုင်ငံရေးစကားပြောတတ်သူ လူငယ်များအား သူတစ်ပါးပစ္စည်း ကို အဓမ္မယူအောင် လှုံ့ဆော်ပေးနေတဲ့ သာသနာဖျက်ျတွေ၊ မိစ္ဆာဒိဋ္ဌိတွေဟု ဆိုကာ ရွံမုန်းတတ်၏။
ကိုဒေါင်းစိန်၏ မျက်လုံးများသည် ဇရပ်၏ ခြေရင်းဘက်ဆီသို့ ရောက်လာပြန်၏။ ဤ၀ိုင်းတွင်ကာ ဦးဖောင် နှင့် ဦးကုလားသည် ထိပ်မှထိုင်လျက်ရှိ၍၊ ဆင်းရဲသော်လည်း ဘာသာတရားကို ရိုသေ ကိုင်းရှိုင်းသည့် အတွက် ကြိုးစား၍ ဥပုသ်စောင့် လာရောက်သော ဆင်း၇သြားများကား ဦးဖောင်နှင့် ဦးကုလား ကို ၀ိုင်းဖွဲ့နေကြ၏။ သူတို့နှစ်ဦးကား သင်္ဂြိုလ်ကိုးပိုင်း ပါဠိရော သရုပ်ကိုပါ လည်းကောင်း၊ အခြား ဘာသာရေး ဆိုင်ရာ ကျမ်းစာအုပ်များကို လည်းကောင်း ကြိုးစားကျက်မှတ်ကာ ဆင်းရဲသားများ၏ အသုဘတွင် လည်းကောင်း၊ ဥပုသ်ဇရပ်တွင် လည်းကောင်း သူတို့ ကျက်မှတ်ထားသမ ပြန်လည် ဟောပြောတတ်ခြင်းအားဖြင့် ဆင်းရဲသားများ၏ ကြည်ညိုလေးစားမှုကို ခံယူရရှိ ထားသူ နှစ်ဦးဖြစ်သည်။
နောက် သူ့မျက်လုံးများသည် တစ်ယောက်တည်း အေးဆေးစွာ ထိုင်လျက်ရှိသော လူငယ်တစ်ဦးဆီသို့ ရောက်သွားပြန်၏။ ထိုလူငယ်ကား ခေတ်ပေါ် စာအုပ်စာတမ်းများနှင့် သတင်းစာ၊ ဂျာနယ်များကို သိမ်းကျုံးဖတ်ရှု၍ ရင့်ကျက်ခြင်းမရှိသေးသူပီပီ သူ ဖတ်ရှုရသမျှ နိုင်ငံရေးစကားများကို နေရာမရွေး အာပေါင်အာရင်းသန်သန်နှင့် ပြောဟောတတ်သူဖြစ်၏။ ထို့ကြောင့်ပင် ခေါင်းရင်းဘက်ဝိုင်းမှ သူကြီးမင်း ဦးကြီး၏ မုန်းတီးမှုကို ခံယူရ၍ သူကိုယ်တိုင်ကလည်း သူကြီးမင်း ဦးကြီးအား လယ်ဧက ကလေး တစ်ရာလောက် ပိုင်ရုံနှင့် အလကား မြေပိုင်ရှင်ကြီး၊ ဗြူရိုကရက် လက်ပါးစေကြီး၊ ဖောက်ပြန်ရေး သမားကြီး ဆိုကာ မုန်းတီးနေသူဖြစ်၏။ သို့သော် ဦးဖောင်၊ ဦးကုလားနှင့် ထိုလူငယ်မှာကား လေပေးဖြောင့် ကြ၏။ ဦးဖောင် နှင့် ဦးကုလားတို့၏ ဘာသာရေး အယူအဆကို ထိုလူငယ်က အတိုက်အခံ မလုပ်ဘဲ နာယူသလို၊ ထိုလူငယ် ၏ နိုင်ငံရေး စကားများကိုလည်း ဦးဖောင်နှင့် ဦးကုလားက ဆိတ်ငြိမ်စွာ နားထောင်လေ့ရှိ၏။
ကိုးနာရီထိုးခန့် ရှိသောအခါ ဦးပဉ္စင်းတစ်ပါး သီလပေးရန် ဇရပ်သို့ ကြွရောက်လာ၏။ သီလယူမည့် ဆွမ်းဆန် များ၊ ဖယောင်းတိုင်များ၊ ငှက်ပျောသီးခိုင်များ အစရှိသော ပစ္စည်းများကို ဦးပဉ္စင်းရှေ့နား၌ စုပုံ ချထား လိုက်၏။ နောက် ဦးပဉ္စင်းက အဋ္ဌင်္ဂသီလကို ပေး၍ သူတို့က ခံယူ၏။
သီလပေးပြီး၍ ဦးပဉ္စင်းပြန်ကြွသွားသောအခါ သူတို့သည် နံနက်ထမင်းစားရန် ပြင်ဆင်ကြ၏။ ကိုဒေါင်းစိန်နှင့် မပြားကြီးတို့ လူအုပ်က ဦးဖောင်နှင့် ဦးကုလားကြီးတို့ ၀ိုင်းသို့ ၀င်ပေါင်းလိုက်ကြ၏။ ဟင်းခွက် များကို အလဲအလှယ်လုပ်ကြ၏။ တစ်ဦး၏ ဟင်းဃွက်ကို တစ်ဦးအား မျှတ၊ အပြန်အလှန် လဲလှယ်ပြီး ၀ိုင်းဖွဲ့၍ပင် စားကြ၏။ စားနေရင်းမှလည်း သူ့ဟင်းကို စားပါဦး၊ ငါ့ဟင်းကို စားပါဦး စသည်ဖြင့် စေတနာ ထက်သန်စွာ တိုက်တွန်းနေကြ၏။ ထမင်းဝိုင်းအပြီးတွင် လက်ဖက်ရည်ကြမ်းဝိုင်း တည်ခင်း လိုက်ပြန်၏။
သည် လက်ဖက်ရည်ကြမ်းဝိုင်းမှာပင် ဘာသာရေး ဆွေးနွေးပွဲကား စလေပြီ။
'အဟမ်း... ဒုစရိုက် ၁၀ ပါးကို အကျယ်တ၀င့် ရှင်းလင်းပြောချင်တယ်ကွယ်၊ ဒုစရိုက်ဆိုတဲ့ အဓိပ္ပာယ်ကတော့ မကောင်းတဲ့ အကျင့်ပေါ့ကွယ်၊ တချို့ကတော့ အကုသလ ကမ္မပထ တရား ၁၀ ပါးလို့လည်း ခေါ်တယ်။ အပါယ်ရောက်ဖို့ လမ်းကြောင်း ဖြစ်တဲ့ အကုသိုလ်ကံ ၁၀ ပါးလို့ အဓိပ္ပာယ်ရတယ်၊ အဲ ဘာလဲဆိုတော့ တတ္ထ အကုသလံ ကာယကမ္မံ၊ ၀ဇီကမ္မံ၊ မနောကမ္မပဉ္စေတိ၊ ကမ္မဒွါရ ၀သေန တိဝိဓံ ဟောတိလို့ သင်္ဂြိုလ်ဝီထိမုတ်ပိုင်းမှာ အဲသလိုဆိုတယ်။ အကုသိုလ်ကံဟာတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ ရယ်လို့ သုံးပါးအပြားရှိတယ်တဲ့'
ဦးကုလားက စကားစလိုက်ပြီးနောက် လက်ဖက်ရည်ကြမ်းတစ်ခွက်ကို ယူသောက်နေလိုက်၏။ ကိုဒေါင်းစိန်တို့တစ်တွေကား ငြိမ်သက်စွာပင် နားထောင် နေကြ၏။ ကိုလူမောင်နှင့် မယ်စိန်တို့ နှစ်ဦးသာလျှင် ဦးကုလား၏ စကား၌ စိတ်မ၀င်စား သလို ဇရပ်နောက်ရှိ ချောင်းရေကို ငေးကြည့်နေသည်။ ကိုဒေါင်းစိန်ကတော့ ဒုစရိုက်ကို ကြားဖူးသော်လည်း ဘယ်နှပါး အပြားရှိ၍၊ ဘယ်လို အနက်အဓိပ္ပာယ်ရှိသည် ဆိုတာကိုတော့ သူမသိ။ မကောင်းတာ မှန်သမျှအား "ဟေ့ မင်းဟာ၊ ဘုရား မကြိုက်တဲ့ ဒုစရိုက်အလုပ်ကြီးတွေပါကွာ"ဟု ပြောလေ့ ရှိသည်ကို ထောက်၍ မကောင်းမှုမှန်းတော့ သူသိသည်။ သူသည် အခွင့်ကြုံခိုက် မှတ်သားထားလိုက်ရန် ကြိုးစားနားစိုက်နေ၏။
'ကထံ၊ ပါဏာတိပါတော၊ အာဒိန္နဒါနံ၊ ကာမေသုမိစ္ဆာစာရောစေတိ၊ ကာယ၀ိညတ္တိ သင်္ခါတေ၊ ကာယဒွါရေ ဗာဟုလ္လ၀ုတ္တိတော၊ ကာယကမ္မံနာမ။ အဲသလို သင်္ဂြိုလ်ပါဠိလာသည်နှင့်အညီ ပါဏာတိပါတ၊ အာဒိန္နဒါန၊ ကာမေသုယ မိစ္ဆာစာရ၊ အဲဒီ သုံးပါးကို ကာယကံသုံးပါးလို့ခေါ်တယ်၊ ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ ကံပေါ့ကွာ'
ဦးကုလားသည် စကားကို တစ်ထောက်ရပ်နားယူပါသော်လည်း ဦးကုလား၏ စကားများကို ကောင်းကောင်း နာမရှင်းပေ။ ဦးကုလားသည် နိုင်ငံခြား ဘာသာဖြင့် ပြောနေခြင်း မဟုတ်ဘဲ မြန်မာ စကားဖြင့် ပြောနေမှန်းတော့ သူသိသည်။ သို့သော် မြန်မာတစ်ယောက်ဖြစ်သော သူ နားမလည်ခြင်း အတွက် ဦးကုလား ကိုပင် အပြစ်တင်ရမလား၊ သူ့ကိုယ်သူပဲ ပြန်ပြီး အပြစ်တင်ရမလားဟု ဝေခွဲမရ ဖြစ်နေ၏။
'ကဲ ပထမဆုံး အဲဒီ ကာယကံသုံးပါးကို အကျယ်တ၀င့် ရှင်းပြမယ်၊ ပြီးတော့မှ ၀စီကံ လေးပါး၊ မနောကံ သုံးပါးကို ဆက်ပြီး ရှင်းပြမယ်။ ကာယကံ သုံးပါးအနက် နံပါတ် (၁) ပါဏာတိပါတ ဆိုတာကတော့ ပရမတ္ထအားဖြင့် ရုပ်၊ နာမ်၊ ဇိဝိတိနြေ္ဒကို၊ ပညတ်အားဖြင့်တော့ သတ္တ၀ါကို သူ့အလိုအလျောက် အချန်ကျမှ သေရမည်ကို အချိန်ကအောင် မနေစေဘဲ အလျင်အမြန် သေအောင် သတ်ခြင်းကို ပါဏာတိပါတလို့ ခေါ်တယ်။ အဲဒီ ပါဏာတိပါတကံမှာ ကမ္မပထမြောက်ဖို့ အင်္ဂါ ၅ ပါးရှိတယ်။ (၁) သတ္တ၀ါလည်း ဖြစ်စေ၊ (၂) သတ္တ၀ါမှန်းသိသည်လည်းဖြစ်စေ၊ (၃) သတ်လိုသော စိတ်စေတနာ ရှိသည်လည်းဖြစ်စေ၊ (၄) သတ်ဖြတ်မှု လုံ့လတစ်ခုခုကိုလည်းပြုစေ၊ (၅) ထိုလုံ့လကြောင့် သေသည်လည်းဖြစ်စေ၊ အဲဒီ အင်္ဂါ ၅ ပါးစုံရင် ပါဏာတိပါတ ကမ္မပထ မြောက်တယ်၊ ရှေးအင်္ဂါလေးပါး ပြည့်စုံပေမဲ့ နောက်ဆုံးအင်္ဂါ ချို့တဲ့ရင် (၀ါ) သတ္တ၀ါ သေကျေပျက်စီးခြင်းမရှိရင် ပါဏာတိပါတ ကမ္မပထ မမြောက်ဘူး၊ အဲ ကမ္မပထ မြောက်လို့ ရှိရင်တော့ အပါယ်ရောက်ဖို့ တန်းနေတာပေါ့ကွာ'
သည်စကားရပ်များကိုတော့ ကိုဒေါင်းစိန် ရှင်းရှင်းနားလည်လိုက်ပါ၏။ နားလည်သလာက်လည်း တံငါအလုပ်ဖြင့် သူ ငါးများကို သတ်ဖြတ်ခဲ့ရာ၌ ဤအင်္ဂါငါးပါးနှင့် ပြည့်စုံနေပါသလားဟု စိုးရိမ်တကြီး စစ်တမ်းထုတ်ကြည့်၏။ သူသတ်ခဲ့သော ငါးများမှာ သက်ရှိသတ္တ၀ါလည်း မှန်ပါသည်။ သတ်လိုသော စိတ်စေတနာတော့ မရှိပါ။ မရှောင်သာတဲ့ ၀မ်းရေးကြောင့်သာ သတ်ခဲ့ရပါသည်။ အို... မဟုတ်သေးပါ၊ ပထမတော့ မရှောင်သာတဲ့ ၀မ်းရေးကြောင့် သတ်ခဲ့တာ မှန်ပေမဲ့ နောက်တော့ အထုံဖြစ်လာပြီး ဒီငါးတွေကို သတ်ဖြတ်ဖမ်းဆီးဖို့သာ သူ စိတ်ဝင်စားနေတယ် မဟုတ်လား။ ဒီလို သတ်ဖြတ်ဖမ်းဆီးရတာကိုပဲ သူပျော်မွေ့လာတယ် မဟုတ်လား။ နောက်ပြီး သတ်ဖြတ်မှု လုံ့လ တစ်ခုခုကိုလည်း ပြုစေတဲ့... မှန်ပါသည်။ သူ လုံ့လ စိုက်ထုတ် ပြုလုပ်ခဲ့ပါသည်။ အဲဒီ လုံ့လကြောင့် ငါးတွေ သေတာလည်း မှန်ပါသည်။ အင်္ဂါငါးပါးနဲ့ ပြည့်စုံပြီး ကမ္မပထ မြောက်နေပါပေါ့လား။
သူသည် တုန်လှုပ်စွာဖြင့် မယ်စိန်အား လှမ်းကြည့်လိုက်၏။ မယ်စိန်ကတော့ မည်သို့မျှ မထူးခြားသလိုပင် အခြေမပျက်ပင် ရှိကာ သူမ၏ ဘေးမှ မဖွားသက်နှင့် အိမ်အကြောင်း ပြောဆိုနေကြ၏။ အကြောက်တရားက သူ့ဦးနှောက်ကို ပွက်ပွက်ဆူစေ၏။ ကမ္မပထမြောက်လျှင် အပါယ်လားမယ်တဲ့။ အပါယ်လားမယ်ဆိုတာ ငရဲခံရမယ်လို့ ဆိုလိုတာပဲ ဖြစ်မှာပါပဲ၊ ငရဲဆိုတာကိုတော့ ငယ်စဉ်က လူကြီးသူမများ ပြောသံ ကြားဖူးသည်။ ငရဲထိန်းများက ပွက်ပွက်ဆူနေသော ဆီပူအိုးထဲသို့ အရှင်လိုက် ထိုးထည့်တတ်သတဲ့။ မီးဖုတ်ထားသော အလျှံတပြောင်ပြောင် ရဲရဲတောက်လောင်နေသော သံတံကျင်နှင့် စအိုမှ ထိုးသွင်းတတ်သတဲ့။ အို... မြတ်စွာဘုရား၊ ကယ်တော်မူပါ။
ကိုဒေါင်းစိန်၏ စိတ်အခြေအနေကို ရိပ်မိသော စောစောက လူငယ်သည် အားပေးသလို ကိုဒေါင်းစိန်၏ လက်ကို အသအယာ ဆုပ်ကိုင်ကာ ပြုံးပြလိုက်ပြီးနောက်၊ ဦးကုလားဘက်သို့ လှည့်၍ 'ကျွန်တော် တစ်ခု မေးပါရစေ'ဟု ခွင့်တောင်းလိုက်၏။
'မေးပါ မောင်၊ မေးပါ'
'စစ်မဖြစ် ဖြစ်အောင် ဖန်တီးပြီး လူ့အသက်ပေါင်းများစွာကို စစ်သင်္ချိုင်းမှာ မြှုပ်နှံပစ်နေတဲ့ စစ်ဝါဒီတွေ၊ အဏုမြူဗုံး စတဲ့ ကြောက်မက်ဖွယ်ရာ လူသတ် လက်နက်တွေနဲ့ လူတွေကို သိန်းသန်းချီပြီး သတ်ပစ်နေတဲ့ စစ်ရာဇ၀တ်ကောင်တွေ၊ အဲဒီ စစ်ဝါဒီ စစ်ရာဇ၀တ်ကောင်တွေကို ထောက်ခံအားပေး ရေးသားနေကြတဲ့ သတင်းစာဆရာတွေ၊ ကိုယ်အကျိုးစီးပါားကို ကာကွယ်ဖို့အတွက် ကိုယ့်ဟာကိုယ် ရေးဆွဲထားတဲ့ ဥပဒေတွေနဲ့ လူတွေကို သေဒဏ်ပေးနေတဲ့ အစိုးရတွေ၊ လူ့လောကကို ကျေးဇူးပြုမယ့် လူသုံးကုန်တွေကိုတော့ မထုတ်လုပ်ဘဲ လူ့လောကကို ဖျက်ဆီးပစ်မယ့် လူသတ်လက်နက်တွေကိုသာ အမြောက်အမြား ထုတ်လုပ်ရောင်းချနေတဲ့ အရင်းရှင်ကြီးတွေ၊ အဲဒီလူတွေအားလုံး ပါဏာတိပါတကံ ထိုက်မထိုက်၊ ထိုက်လို့ရှိရင် လည်း ဟောဒီ ကိုဒေါင်းစိန်လို့ မရှောင်သာတဲ့ ၀မ်းရေးကြောင့် သားငါးများ ရှာဖွေဖမ်းဆီးပြီး အသက်မွေးနေရတဲ့ တံငါသည်တွေနဲ့ ဘယ်သူက အပြစ်ပိုကြီးတယ်ဆိုတာ သိပါရစေ'
'အေး အဲဒီမေးခွန်းဟာ မေးထိုက်တဲ့ မေးခွန်းပေပဲကွ၊ အဲဒီမေးခွန်းတွေကို ပြေလည်အောင် ဖြေနိုင်ဖို့၊ သတ်တဲ့အခါမှာ ပယောဂလုံ့လ စိုက်ထုတ်မှုဆိုတဲ့ ပယောဂခြောက်မျိုးကို ပထမ နားလည်ထားရလိမ့်မကွ။ သာဟတ္တိကော၊ အာဏတ္တိကော၊ နိဿဂ္ဂိယောစ ထာဝရော၊ ၀ိဇ္ဇာမယော၊ ဣဒ္ဓိမယော၊ ပယောဂါဆ ဟိ မေမတာ ဆိုတဲ့အတိုင်း ဓားနှင့်ခုတ်၊ တုတ်နှင့်ရိုက် စသဖြင့် ကိုယ်ထိလက်ရောက် သတ်ပုတ်မှုကိုသာ ဟတ္တိက ပယောဂလို့ ခေါ်တယ်။ အာဏာဖြင့် စေခိုင်း၍ သတ်စေခြင်းကို အာဏတ္တိက ပယောဂလို့ ခေါ်တယ်။
မင်းပြောတဲ့ အစိုးရတွေ၊ နောက်ပြီး ဘာတဲ့... စစ်ဝါဒီတွေဆိုတာ အဲဒီ အာဏာတ္တိယ ပယောဂ အရ ပါဏာတိပါတ ကံ ထိုက်တာပေါ့။ အဲဒီ အာဏတ္တိက ပယောဂထဲမှာ နှုတ်ဖြင့်ဖြစ်စေ၊ စာရေးသား၍ ဖြစ်စေ၊ အရိပ်နိမိတ်ပြ၍ ဖြစ်စေ အသတ်ခိုင်းမငဟာလည်း အကျုံးဝင်သွားတာမို့ ခုဏကပြောတဲ့ လူသတ်ကောင် စစ်ဝါဒီတွေကို ထောက်ခံအားပေး ရေးသားနေတယ်ဆိုတဲ့ သတင်းစာဆရာတွေလည်း အာဏာတ္တိက ပယောဂအရ ပါဏာတိပါတကံ ထိုက်တာပေါ့ကွယ်။ လေး၊ သေနတ်၊ အမြောက် စသည်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုကို နိဿဂ္ဂိပယောဂလို့ခေါ်တယ်၊ သေစေလိုသော စေတနာဖြင့် လူသတ်လက်နက်များ ပြုလုပ်ရာ၌ အဲဒီလက်နက်များရဲ့ ပယောဂဖြင့် သတ္တ၀ါများ သေကျေပျက်စီး၇င် အဲဒီ လက်နက်လုပ်သူဟာ ထာဝရ ပယောဂအရ ပါဏာတိပါတကံ ထိုက်တယ်။ ဒါကြောင့် မင်းပြောတဲ့ လက်နက်လုပ်ရောင်း တဲ့ အရင်းရှင်တွေဆိုတာ အဲဒီ ထာဝရ ပယောဂအရ ပါဏာတိ ပါတကံ ထိုက်တာပေါ့'
'ဟုတ်ကဲ့၊ အပြစ်အကြီးအငယ် ဆုံးဖြတ်ချက်ကို ကြားပါရစေဦးခင်ဗျား'
'အပြစ် အကြီးအငယ် ဆုံးဖြတ်ဖို့ကတော့ သတ္တ၀ါ အကြီးအငယ်ကိုလိုက်၍ လည်းကောင်း၊ သတ္တ၀ါ၏ အကျင့်သိက္ခာကို လိုက်၍ လည်းကောင်း ဆုံးဖြတ်ရတယ်။ သတ္တ၀ါက အကောင်အထည်ကြီးရင် ထိုသတ္တ၀ါ၏ ဇီဝိတကလာပ်များစွာကို ဖျက်ဆီးရာကျတဲ့အတွက် အပြစ်ပိုကြီးတယ်၊ သီလ သိက္ခာရှိသူကို သတ်လျှင် ထိုသူ၏ သိက္ခာဂုဏ်ကြောင့် အပြစ်ပိုကြီးတယ်၊ မိဘ၊ ရဟန္တာကို သတ်လျင် အနန္တ ရိယကံတောင် ထိုက်တယ်။ ဒီတော့ ငါးသတ္တါနဲ့ လူကိုယှဉ်လိုက်လျှင် လူက ငါးသတ္တ၀ါနဲ့ လူကို ယှဉ်လိုက်လျှင် လူက ငါးသတ္တ၀ါထက် အကောင်အထည်အားဖြင့်ရော အကျင့်သိက္ခာအားဖြင့်ပါ ပိုမိုတဲ့အတွက် လူတွေကို သတ်ဖြတ်နေတဲ့ ဒင်းတို့က ၀မ်းရေးအတွက် ငါးကို သတ်နေရတဲ့ ဒေါင်းစိန်တို့ထက် မနှိုင်းယှဉ်သာအောင် ပိုပြီး အပြစ် ကြီးတာပေါ့ကွ'
'ကြားလား... ကိုဒေါင်းစိန် မှတ်ထားနော်၊ ကဲ အဒိန္နာဒါနရဲ့ အဖွင့်ကို ကြားပါရစေဦး ခင်ဗျာ'
'ဥစ္စာရှင်တို့က စာရေးသား၍ဖြစ်စေ၊ ကိုယ်လက်လှမ်း၍ဖြစ်စေ၊ "ရော့ ယူတော့"ဟု နှုတ်ဖြင့်ဖြစ်စေ မပေးအပ်သော သူ့ဥစ္စာကို ခိုး၍၊ ဓားပြတိုက်၍၊ လိမ်လည်၍၊ ညာဝါးပြောဆို၍ ယူမှု ဟူသော ကာယပယောဂ၊ ၀စီပယောဂကို ဖြစ်စေတတ်သော စေတနာကို အာဒိန္နာဒါနလို့ခေါ်တယ်။ အဲဒီ အာဒိန္နာဒါနကံမှာလည်း ကမ္မပထမြောက်ဖို့ အင်္ဂါ ၅ ပါး ရှိတယ်၊ (၁) သူတစ်ပါး ဥစ္စာလည်းဖြစ်စေ၊ (၂) သူ့ဥစ္စာဟု သိသည်လည်းဖြစ်စေ၊ (၃) ခိုးယူလိုသော စိတ်လည်းရှိစေ၊ (၄) ခိုးယူကြောင်း ကိုယ်မှု လုံ့လ တစ်ခုခု ကိုလည်း ပြုစေ၊ (၅) ထိုလုံ့လဖြင့် ခိုးယူခြင်းကိစ္စ အထမြောက်သည်လည်း ဖြစ်စေ၊ ဤအင်္ဂါ ၅ ပါးနဲ့ ပြည့်စုံရင် အဒိန္နဒါနကံ အထမြောက်တယ်'
'မေးလက်စနဲ့ မေးပါရစေဦး ခင်ဗျာ၊ မတော်လောဘစိတ်နဲ့ သူတစ်ပါး တိုင်းပြည်ကို အဓမ္မသိမ်းပိုက်ပြီး စီးပွားရေးကို လက်ဝါးကြီးအုပ်ထားတဲ့ နယ်ချဲ့အရင်းရှင် ကြီးတွေ၊ သိန်းလေးဆယ်ကို အပျောက်ရိုက်သွားတဲ့ ၀န်ကြီးသူခိုးမျိုးတွေ၊ တိုင်းပြည်ပိုင် ပစ္စည်းကို အကန့်အသတ်မရှိ ခိုးထုတ်နေတဲ့ မျက်နှာကြီး သူခိုးတွေ၊ အာဏာနဲ့ ခြိမ်းခြောက်ပြီး မတရားလာဘ်စားနေတဲ့ အရာရှိသူခိုးတွေ၊ ရစရာရှိတဲ့ လယ်ထောက်ခကို ယူရာမှာ တင်းမှန်း တောင်းမှန်ကို မသုံးဘဲ "ဒီဃ"လို့ခေါ်တဲ့ မတရားတင်းကြီးတွေနဲ့ ချင်ယူတဲ့ မြေပိုင်ရှင် သူခိုးတွေ၊ ကုန်ပစ္စည်း မှန်မှန်ကို မရောင်းဘဲ ကုန်ညံ့ ကုန်ပုပ်တွေနဲ့ ရောရောင်းပြီး အလေးတင်းတောင်း ကျတော့လည်း ကောက်ကျစ်စဉ်းလဲထားတဲ့ ကုန်သည်သူခိုးတွေ၊ အဲဒီ လူတွေအားလုံးဟာလည်း အဒိန္နာနကံ ထိုက်မှာပေါ့နော်'
'ဟ အရှင်းကြီးပဲ၊ ကံထိုက်တာပေါ့ကွ၊ ထိုက်ရုံတောင်မကသေးဘူးဟေ့၊ အပြစ်အကြီးအငယ် ဆုံးဖြတ်တဲ့အခါမှာ ပစ္စည်းဥစ္စာ၏ တန်ဖိုးကို လိုက်၍လည်းကောင်း၊ ဥစ္စာရှင်၏ သီလသိက္ခာကို လိုက်၍လည်းကောင်း ဆုံးဖြတ်ရတာဖြစ်လေတော့ မင်းပြောသလိုဆိုရင် မင်းလူတွေ ခိုးတဲ့ ပစ္စည်းက နဲနဲနောနော ပစ္စည်းမှ မဟုတ်ဘဲကလားကွ၊ ပြောမဖြစ်အောင်ကို အပြစ်ကြီးတာပေါ့။ ပြီး မင်း ခုနပြောတဲ့အထဲမှာ ဘာတဲ့၊ တိုင်းပြည်ပိုင်ပစ္စည်းကို ခိုးတယ်လို့ ဆိုသမှုတ်လား၊ တိုင်းပြည်ပိုင်ဆိုတော့ သံဃိက ပိုင်ပေါ့၊ ပုဂ္ဂလိကပိုင်ပစ္စည်းထက် သံဃိကပိုင် ပစ္စည်းကို ခိုးတာက ပိုပြီး အပြစ်ကြီးတာပေါ့'
'ကြားလား ကိုဒေါင်းစိန်၊ ကျွန်တော်တို့ရွာမှာ ထဘီစုတ်ခိုး၊ ငါးပိခိုး၊ ငံပြာရည်ခိုး၊ ကြက်ဘဲခိုးနဲ့ ခိုးပြီး အသက်မွေးနေတဲ့ သူခိုးထွန်းစိန်တို့၊ စိန်အေးတို့ကိုသာ သူခိုးလို့ မထင်နဲ့၊ ခုနက ကျွန်တော်ပြောခဲ့တဲ့ လူကြီးလူကောင်း သူခိုးတွေလည်း အများကြီးရှိသေးတယ်ဗျ။ ဒါပေမဲ့ သူခိုးထွန်းစိန်တို့၊ စိနအေးတို့ကတော့ ဘာအကာအကွယ်မှ မရှိတော့ လူတိုင်း မြင်နိုင်တာပေါ့ဗျာ၊
လူကြီးလူကောင်းသူခိုးတွေ ကတော့ အကာအကွယ်တွေ အဆောင်အယောင် တွေနဲ့ဆိုတော့ လူတိုင်း မမြင်ရဘူးဗျ။ ပဒကုသလ ငိုချင်းချသလိုဆိုရင် "အကြံရခက်ပါသနော်၊ သန်လျက်တော် ယူဆောင်တဲ့ သူခိုးကိုလ၊ ဘုရင့်အမျိုးကို ထုတ်ဖော်လို့ ပြောရမှာဖြင့်၊ ဓား ကုပ်ပေါ်မှာ ၀ဲ" ဆိုသလို သူခိုးကို ထုတ်ဖော်ပြောလို့ ပြောရမှာက ဓားကုပ်ပေါ်မှာ ၀ဲနေတဲ့အတွက် လူတိုင်းမသိရ တာဘဲဗျ။
နောက်ပြီး သူတို့မှာ ငွေရှိတယ်၊ ၀ါဒထြဖန့် လက်နက်ကိရိယာတွေရှိတယ်၊ သူတို့ကို အကာအကွယ် ပေးနေတဲ့ စနစ်ကြီးထဲမှာလည်း ဖြစ်နေပြန်တော့ သူတို့ကို သူခိုးဆိုပြီး စွဲချက်တင်ဖို့က မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ သူခိုးထွန်းစိန်တို့လို ဘာမှ အဖိုးမတန်တဲ့ ထဘီစုတ်၊ ငါးပိ၊ ငံပြာရည်ခိုးနေတဲ့ လူတွေကိုတော့ ရေးကြီးခွင်ကျယ်လုပ်ပြီး ခိုးမှုနဲ့ ခဏခဏ ထောင်ထဲ ဆွဲချလိုက်တာပဲ။ ဒါမှလည်း လူတွေရဲ့စိတ်ထဲမှာ သြော်... သူခိုးဆိုတာ ဒီထွန်းစိန်တို့လို လူစားမျိုးကို ဆိုလိုတာပါကလားလို့ အထင်ရောက်စေပြီး၊ သူတို့ သူခိုးကြီးတွေကိုတော့ မျက်ခြည်ပြတ်သွားအောင် မျက်လှည့်ပြလိုက်တဲ့ နည်းပေါ့ဗျာ'
'ဟေ့ သူငယ်၊ ဒါ ဥပုသ်ဇရပ်ကွယ့်၊ နိုင်ငံရေး တရားဟောတဲ့ စင်မြင့် မဟုတ်ဘူး၊ ဥပုသ်သည်တွေ ကြားထဲမှာ မင်းရဲ့ အကျိုးမရှိတဲ့ သမ္ဖပ္ပလာပစကားတွေကို လာပြောမနေပါနဲ့'
သူကြီးမင်း၏ ဦးကြီးတော်က ထိုလူငယ်အား စက်ဆုပ်သော မျက်နှာထားဖြင့် ကြည့်ကာ လှမ်းပြောလိုက်၏။ ထိုလူငယ်ကလည်း သူကြီးမင်း ဦးကြီးအကြည့်ကို ရဲဝံ့စွာပင် တုံ့ပြန်ကြည့်ရှုကာ -
'ဟုတ်ကဲ့၊ ကျွန်တော်ပြောနေတဲ့ စကားတွေဟာ နိုင်ငံရေးစကား မဟုတ်ဘဲ ဘာသာရေးစကားတွေ ဖြစ်တယ်ဆိုတာ ဦးမင်း နားမလည်နိုငပေမယ့် ဟောဒီက ဦးကုလားတို့၊ ကိုဒေါင်းစိန်တို့ကတော့ နားလည်ကြပါတယ်၊ ကျွန်တော်ဟာလည်း ဦးမင်းနဲ့ ဆွေးနွေးနေတာ မဟုတ်ဘဲ သူတို့နဲ့ ဆွေးနွေး နေတာမို့ ဦးမင်း ကျွန်တော်ကို ပိတ်ပင်ဖို့ ဘာမှ အခွင့်အာဏာမရှိပါဘူး။ ကဲဆက်လိုက်ကြဦးစို့ ကိုဒေါင်းစိန် ရေ၊ ခုနပြောခဲ့တဲ့ လူသတ်မှု တရားခံတွေ၊ သူခိုးကြီးတွေဟာ ဘာသာတရားနဲ့ ကြည့်ရင် အင်မတန် အပြစ်ကြီးပါလျက်နဲ့ လောကဥပဒေက သူတို့ကို ခွင့်လွှတ်ထားတယ်။ ခွင့်လွှတ်ထားမှာပေါ့၊ ဒီဥပဒေ တွေက သူတို့ အကျိုးကို ကာကါယ်ဖို့၊ သူတို့စိတ်ကြိုက်ရေးဖွဲထားတဲ့ ဥပဒေတွေကိုး၊ ပြီး သူတို့ကပဲ တစ်ပြန်စီး ဘာသာရေး တရားဓမ္မကို အသံကျယ်ကျယ်နဲ့ ဟ်စနေလိုက်ကြသေးတယ် ဘာသာရေးကို အရေခြုံပြီး ထင်တိုင်း ကျင့်နေကြတယ်၊ ဘာသာရေးကို အကာအကွယ်ယူပြီး ဘာသာရေး ကိုပဲ လက်နက်လုပ် တိုက်နေကြတယ်။
ဘာသာရေး ဆိုင်ရာ ပွဲတွေမှာ သူတို့မျက်နှာတွေဟာ ရှေ့ဆုံးကချည့်ပေါ့ဗျာ၊ သူတို့အသံဟာလည်း အကျယ်ဆုံးပေါ့ဗျာ၊ ကျုပ်တို့ဟာ သူတို့ ခြုံထားတဲ့ ဘာသာရေးအရေကို ဆွဲဆုတ်ပစ်ပြီး သူတို့ရဲ့ လူသတ်မှု တရားခံရုပ်၊ သူခိုးရုပ်ကို အမှန်အတိုင်း ဖော်ထုတ်ပြရမယ်။ ပြီးတော့မှ ဘာသာရေးအရရော၊ လောကဥပဒေအရရော သန့်ရှင်းမွန်မြတ်ပြီး ပြည်သူတို့ရဲ့ အားထားရာ တကယ့်မူမှန် ဘာသာရေး စစ်စစ် ဖြစ်လာမယ်'
ကိုဒေါင်းစိန်သည် လူငယ်တို့၏ စိတ်အားထက်သန်ခြင်းမျိုးဖြင့် စိတ်ပါလက်ပါ ပြောဆိုနေသော လူငယ်အား ငေးကြည့်နေ၏။ လူငယ်၏ စကားအချို့ကို နားမရှင်းသော်လည်း ဆိုလိုချက်ကိုကား နားလည်လိုက်ပါ၏။ သူ မသိသော လောကပြင်ကျယ်ကြီးထဲ၌ ဤမျှ ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်နေပါ ကလားဟုလည်း အံ့သြနေမိ၏။ ကြည့်ပါ၊ လူကြီး လူကောင်းတွေဆိုပြီး... ထူးဆန်းတဲ့ လက်နက်တွေနဲ့ လူတွေ ကို သိန်းသန်းချီပြီး သတ်ပစ်နေတယ်တဲ့၊ နောက်ပြီး ငွေတွေကိုလည်း သိန်းသန်း ချီပြီး ခိုးယူ နေတယ်တဲ့။ ဘယ်လောက် ဆန်းကြယ်ရှုပ်ထွးတဲ့ လောကကြီးပါလဲ။
'ကျွန်တော်ပြောတာ နားလည်ရဲ့လား ကိုဒေါင်းစိန်၊ ဟိုလူတွေနဲ့ စာလိုက်ရင် ခင်ဗျားအပြစ်က မပြောပလောက်ပါဘူးဗျာ၊ ခင်ဗျားမှာ ဘာသာရေးအရ အပြစ်ရှိတယ် ဆိုနိုင်ပေမဲ့ လောကီမျက်စိနဲ့ ကြည့်ရင်လူ့လောကကို အထောက်အပံ့ပြုတဲ့ လူသုံးကုန်ကို ဖန်တီးပေးနေသူ တစ်ယောက်အဖြစ် ဂုဏ်ယူ နိုင်ပါသေးတယ်ဗျာ။ ဟိုလူတွေကတော့ ဘာသာရေးအရဆိုရင်လည်း အ၀ီစိကို ဇောက်ထိုးဆင်းမယ့် တစ်လမ်းသွားတွေဖြစ်ပြီး လောကီမျက်စိနဲ့ ကြည့်ပြန်ရင်လည်း လူ့လောကကို အကြီးအကျယ် ဖျက်ဆီး နေတဲ့ လူတွေပါဗျာ၊ ဒီတော့ ဒါတွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလိုက်စမ်းပါ၊ ကိုယ့်အပြစ်ကို တွေးကြောက်ပြီး နေမထိ ထိုင်မသာ ဖြစ်မနေဘဲ အချိန်ရခိုက် တရားဘာဝနာကိုသာ ကြိုးစားပွားများ ပေးပေါ့ဗျာ'
စကားလည်းဆုံး၊ လူငယ်လည်း ထသွားတော့၏။ ဦးကုလားသည် ကျန်နေသေးသော ဒုစရိုက် တရား များကို ဆက်လက် ရှင်လင်းလျက်ရှိ၍ ခေါင်းရင်းဘက်ဝိုင်းမှ သူကြီးမင်း ဦးကြီးကလည်း ရှေးခေတ်နှင့် ယခုခေတ် ကွာခြားပုံ ယခုခေတ် လူငယ်များ ထောင့်မကျိုး၊ အပိုးမသေပုံ၊ ကလိပယုဂ် ဆုတ်ကပ်ကြီး ဖြစ်၍ လူငယ်များ ထောင့်မကျိုး၊ အပိုးမသေပုံ၊ မလိယုဂ် ဆုတ်ကပ်ကြီးဖြစ်၍ လူငယ်များ အယူ လွဲပြီး မိစ္ဆာဒိဋ္ဌိတွေ ဖြစ်ကုန်ကြပုံ၊ ဤမိစ္ဆာဒိဋ္ဌိလူငယ်တွေကြောင့် ခေတ်ကြီး ကသောင်း ကနင်းနှင့် ပျက်စီးခြင်း မလှ ပျက်စီးရပုံ စသည်တို့ကို ရှည်လျားစွာ ပြောဆိုနေ၏။
ကိုဒေါင်းစိန်သည် ဆက်လက် နားထောင်မနေတော့ဘဲ အချိန်ရခိုက် စိပ်ပုတီးစိပ်ရန် မပြားကြီးထံမှ ငှားထားသော စိတ်ပုတီးကိုယူ၍ အကျအန ဆောက်လုပ်ထား၍ ကမ်းခြေမှ တံတားဖြင့် ဆက်သွားထား၏။ ဤသိမ်ပေါ် ၌ ဆိုလျှင် လူသူကလည်း ကင်းရှင်း၊ လေကလည်း တညင်းညင်းမို့ ပုတီးစိပ်ရာ၌ စိတ်လည်း ငြိမ်ပြီး သမာဓိကို ဖြစ်စေနိုင်မည်ဟု ယူဆကာ ခင်းထားသော တံတားပေါ်မှ နေ၍ သိမ်ပေါ်သို့ လျှောက်လာ ခဲ့၏။
သင့်မြတ်စွတကား...။ သိမ်ပေါ်တွင် လေကလေးကလည်း ညင်းတညံ့ညံ့။ ခပ်ဝေးဝေးကို မျှော်ကြည့်လိုက်လျှင် စိတ်ကြည်နူးဖွယ်ရာ စိန်းလန်းသော တောတန်းကလေးများ။ တစ်ဖက်ကမ်းကို ရှုစားလိုက်ပြန်တော့လည်း တရားသံဝေဂယူဖွယ်ရာ သင်္ချိုင်းမြေပုံနှင့် အုတ်ဂူကလေးများ။ သိမ်အောက်ဝန်းကျင်မှာတော့ ကြည်လင်သော ချောင်းရေ။ သူတော်စင်တို့ နှလုံးမွေ့လျော် ပျော်ဖွယ်ရာ ဌာနပါတကား။ ဟိ သင့်စွ၊ သင့်စွ။
သူသည် သိမ်ပေါ်၌ ကျကျနန ထိုင်၍ ချောင်းရေကို စူးစိုက်ကြည့်ကာ ပုတီးစိပ်ရင်း လက္ခဏာရေးတရား သုံးပါးကို ပွားများစ ပြုတော့၏။ အနိစ္စဟု ရွတ်လိုက်၍ အမြဲမရှိဟု အနက်ဖွင့်ကာ ပုတီးတစ်လုံးချလိုက်၏။ သို့သော် ဘာမမြဲတာလဲ။ ဒီရုပ်အတ္တဘောကြီးက မမြဲတာလား၊ ရုပ်ကို ဖြစ်စေတတ်သော ကံ စိတ် ဥတု အာဟာရ ဟူသော ဇနကအကြောင်းနှင့် ရုပ်ကို ထောက်ပံ့တတ်သော ကံ စိတ် ဥတု အာဟာရ ဟူသော ဥပတ္ထမ္ဘက အကြောင်းနှစ်ရပ်က မမြဲတာလား သူမသိ။ နောက် ဒုက္ခဟု ရွတ်လိုက်လျှင် ဆင်းရဲခြင်းဟု အနက်ဖွင့်ကာ ပုတီးတစ်လုံးချလိုက်ပြန်၏။ သို့သော် ငါမဟုတ်ရင် ဘာလဲ၊ ခန္ဓာငါးပါးတို့၏ အပေါင်းအစု လား၊ ရုပ်နာမ်နှစ်ပါးတို့၏ ပေါင်းစပ်ထားမှုလား၊ ဓာတ်လေးပါး တို့၏ အစုအဝေးလား.... သူ မသိ။
သူသည် ကြက်တူရွေး စာအံသလို ကိုယ်တိုင် သဘောမပေါက်ဘဲ လူကြီးများ သင်ပေးထားသည့်အတိုင်း လျှောက်ရွတ်ကာ ပုတီးကို တစ်လုံးပြီးတစ်လုံး ချနေ၏။ ကိုယ်တိုင် မိမိရရ သဘောပေါက်ခြင်းမျိုး မဟုတ်သောကြောင့်လည်း လက္ခဏာေ၇းတရား ၃ ပါး၌သာ အာရုံစူးစိုက်ခြင်း မပြုနိုင်ဘဲ သူ့မျက်စိ စူးစိုက်ရာ ချောင်းရေပြင်ထက်မှ လှိုင်းတွန့်ကလေးများ၌ လည်းကောင်း၊ ဗေဒါပင်ကလေးများ၌ လည်းကောင်း သူ့စိတ်ရောက်နေကာ တစ်ချီတစ်ချီတွင်လည်း တကယ့်လူကြီးလူကောင်းများကို လူသတ်မှု တရားခံဟူ၍ လည်းကောင်း၊ သူခိုးဟူ၍ လည်းကောင်း ရဲဝံ့စွာ စွပ်စွဲနေသော လူငယ်၏ အသံကို ကြားယောင် နေ၏။
သို့ဖြင့် လက်က ပုတီးကို တစ်လုံးပြီး တစ်လုံး ချနေသလောက် နှုတ်က လက္ခဏာ ရေးတရား ၃ ပါးကို တွင် တွင် ရွတ်ဆိုကာ မျက်စိနှင့် အာရုံကမူ ရေညင်းညံ့ညံ့မို့ လှိုင်းတွန့်ကလေးများမှာလည်း ကြည့်၍ လှပရုံ အတွန့်လိုက် အတွန့်လိုက်ဖြင့် ရေမျက်နှာပြင်ပေါ်ဝယ် လိုက်တမ်းပြေးတမ်း ကစားနေကြ၏။ ရှေ့မှ လှိုင်းတွန့်က ပြေး၍ နောက်မှ လှိုင်းတွန့်ကလေးများက ရှေ့နောက် အစဉ်လိုက်တန်းကာ လိုက်ဖမ်းကြ၏။ မိလု မိခင် ... မိလု မိခင်နှင့်မမီ။ ရှေ့လှိုင်းတွန့်ကလေးမျာ ပြေးစရာနေရာ မရှိ၍ ကမ်းစပ်သို့ ဖျတ်ကနဲ တက်ကပ် လိုက်မှ နောက်က လှိုင်းတွန့်ကလည်း ဖျတ်ခနဲ ဖျတ်ခနဲဖြင့် တက်ဖမ်းကြ၏။ အားလုံးသော လှိုင်းတွန့် ကလေးများမှာ သည်ကမ်းစပ်မှာပင် ဆုံစည်းမိကြကာ ချုပ်ငြိမ်းကြရ၏။
သူ့မျက်စိများသည် ကမ်းစပ်မှ ရေလယ်ဆီသို့ ပြန်တုံ့လာပြန်၏။ တောက်ပနေသော နေရောင်အောက်ဝယ် ချောင်းရေမျာ တ၀င်းဝင်းတလက်လက်နှင့် အရောင်လျှပ်နေသည်။ နောက်တစ်ခဏ တွင် အရောင်လျှပ်နေသော ရေမျက်နှာပြင်ပေါ်သို့ ရေပလုံစီကလေးများ တက်လာပြီး ငွေရောင်သည် ၀င်းခနဲ လက်သွားရာ လှိုင်းတွန့်ကလေးများမှာလည်း ခါးလယ်မှ အဆက်ပြတ်သွားပြီး မျက်နှာပြင် သည်လည်း လှုပ်လှုပ်ရှားရှားဖြစ်သွား၏။ အမှန်ကတော့ ငါးဖယ်တစ်ကောင် ထ ပွက်လိုက်ခြင်းသာ ဖြစ်သည်။
ကိုဒေါင်းစိန်၏ နှုတ်မှ ရွတ်ဆိုနေသော လက္ခဏာရေးတရား ၃ ပါးသည် ရုတ်တရက် ရပ်ဆိုင်းသွားသလို ကိုဒေါင်းစိန် ၏ လက်မှ စိပ်နေသော ပုတီးသည်လည်း ရပ်တန့်သွား၏။ သူ့အာရုံသည်လည်း တန့်ခနဲ ရပ်သွားကာ သူ့ရင်၌လည်း ဖိုခနဲ ဖြစ်သွား၏။ သူ့အာရုံသည်လည်း တန့်ခနဲ ရပ်သွားကာ သူ့ရင်ထဲ ၌ လည်း ဖိုခနဲ ဖြစ်သွား၏။
"တောက်၊ ကွန်ကျဲနဲ့ တစ်ချက်လောက် ပစ်ဖမ်းလိုက်ရရင်တော့"
သည်ကျောင်းအိုင်ထဲ၌ ငါးဖယ် အတော်ပေါများသည်။ ဘုန်းတော်ကြီး၏ မေတ္တာရပ်ခံချက်အရ ကွန်သမားများသ်ည ဤကျောင်းအိုင်ထဲ၌ ကွန်ပစ်ခွင့်မရသည့် အတွက် အခြားနေရာများမှ ကွန်သမား များကို လန့်ပြီး ပြေးလာသော ငါးဖယ်များသည် ဤကျောင်းအိုင်ထဲ၌သာ ဘေးရန် ကင်းရှင်းစွာ ခိုလှုံ နေကြသည်။ ထို့ကြောင့်ပင် ဤကျောင်းအိုင်ထဲ၌ တိတ်တိတ်ခိုး၍ ကွန်ပစ်ခဲ့ဖူး၏။ တစ်ချက်တည်း ပစ်ရုံနှင့် ငါးဖယ် များမှာ ဖြုတ်လို့ မနိုင်နိုင်အောင် မိခဲ့ဖူး၏။
ယခုလည်း ကွန်ကျဲနဲ့ တစ်ချက်လောက် ပစ်ဖမ်းလိုက်ရရင်တော့လား။ အို ... ငါ ဘာတွေ လျှောက်တွေးနေသလဲ။
သူသည် သူ့လက်ထဲမျ သူ့ပုတိးကို မြင်လိုက်၍ သူ့ဥပုသ်ကို သတိရကာ လန့်သွားတော့၏။ သူ့ စိတ်အခြေအနေကို အကဲခတ်မိသူများ ရှိနေသလားဟုလည်း မလုံမလဲ ဖြစ်လာသဖြင့် ပတ်ဝန်းကျင်ကို မျက်စိပျက် မျက်နှာပျက်ဖြင့် လှည့်လည်ကြည့်ရှု လိုက်၏။ သူတစ်ယောက်မှအပ အခြား မည်သူမှ မရှိကြောင်း သိရမှ စိတ်အေးသွား၏။ သို့သော် ဥပုသ်များ ကျိုးသွားပြီလား။
သူသည် သူ့ဥပုသ်ကို သံသယဖြစ်လာကာ အတော်ပင် စိတ်မကောင်း ဖြစ်သွား၏။ သူ့ကိုယ်သူလည်း ခွင့်လွှတ်၍ မရအောင် ဒေါသထွက်လာမိတော့၏။
သြော်... တို့များ တယ်အကုသိုလ်ကြီးပါကလားနော်၊ တစ်နေ့တလေ ဥပုသ်စောင့်ခွင့် ကြုံလို့ စောင့်ရာ မှာတောင် မကျိုးမပေါက်အောင် မစောင့်ထိန်းနိုင်ဘူး။ ဒီအကုသိုလ် အလုပ်တွေဆီသာ စိတ်ရောက် နေတယ်။
သူသည် သိမ်မှ ဖဲခွာလာခဲ့၍ လူရှင်းသည့် သစ်ပင်ရိပ်တစ်ခု၌ ပင်စည်ကို မှီကာ ပုတီးစိပ်ပြန်၏။ ညနေ ၅ နာရီလောက်ရောက်မှ ဥပုသ်ဇရပ်သို့ ပြန်ခဲ့ကာ မယ်စိန်ကို ခေါ်၍ ကျောင်း ပရိဝုဏ်အတွင်းရှိ မြေစိုက် ဘုရား ၃ ဆူအနက် အလယ်မှ ရွှေရောင်ဝင်းနေသော စေတီတွင် ဘုရားရှိခိုးကြ၏။ သို့သော် မည်သည့် ဘုရားရှိခိုး တစ်ပုဒ်တလေကိုမျှ မရသဖြင့် ဦးသုံးကြိမ်ချပြီးသာ ထ ပြန်လာခဲ့ကြရ၏။
လမ်းတွင် မယ်စိန်က ကိုဒေါင်းစိန်အား 'ကာလနာ၊ တစ်နေခင်းလုံး ဘယ်ပျောက်နေသလဲ'ဟု ပြောပြီးမှ ဥပုသ်ကို သတိရ၍ လျှာကို တစ်လစ်ကလေးထုတ်ကာ မျက်လုံးမျက်ဆန် ပြူးသွားတော့၏။ သို့သော် သူမကား ကိုဒေါင်းစိန်လို အတွေးခေါင်သူ မဟုတ်သဖြင့် တွေးကြောက်နေခြင်းမရှိဘဲ၊ ဤသို့ မှားပြော မိသည့် အတွက် သဘောကျသွားသလို ဟက်ဟက်ပက်ပက် ရယ်နေလိုက်သေး၏။
ထိုညတွင် ကိုဒေါင်းစိန်သည် အိပ်မက်ထဲ၌ ငရဲထိန်းများက သူ့အား အတင်းဖမ်းဆိးကာ ပွက်ပွက်ဆူ နေသော ဆီပူအိုးထဲသို့ ပစ်ထည့်သည်ဟု အိမ်မက် မြင်မက်ပြီး လန့်နိုးရာ တစ်ညလုံး အိပ်မပျော်နိုင်အောင် အကြောက်ကြီး ကြောက်နေရှာသည်။
သို့သော် သူ့အဖို့ စိတ်ဖြေစရာ တစ်ချက်တော့ ရှိပါသေးသည်။ သြော် ငါမနေရလို့ ငရဲခံရသည့်တိုင် ငါတစ်ယောက်တည်း မဟုတ်ဘဲ ငါ့ထက် ဆိုးတဲ့ ဂုဏ်သရေရှိလူကြီး လူကောင်းတွေ အများကြီး ရှိပါသေး ကလားရယ်လို့ ...။
ဆက်ရန်
.

4 comments:
ကျေးဇူးပါဗျာ... အရင်က ကျွန်တော့်ဆီ ကိုတံငါပေါင်းချုပ်စာအုပ်ရှိတယ်ဗျ... ပိတိရိပ် ၀တ္ထုတိုများ နဲ့ပေါင်းပြီး ထုတ်ထားတဲ့စာအုပ်လေ..
ဘယ်ကောင်က ခိုးသွားလည်းမသိပါဘူးဗျာ...
အခုလိုလေး ပြန်ဖတ်လို့ရတာကျေးဇူးပါပဲ..
ကျွန်တော် Copy လုပ်ထားလိုက်ပါပြီ.. .
ပျောက်သွားတဲ့ စာအုပ်အစားပေါ့ဗျာ..
ကျေးဇူး(အရမ်း)အရမ်းကို တင်ပါတယ်
pdf ဖိုင်လေး ရှိရင် သိပ်ကောင်းမှာပဲ..
pdf က upload က အရမ်းကြာလို့ ကျနော် တို့ စီက ကော်နက်ရှင်နဲ့ ဆိုရင် အဆင်မပြေလို့ပါ
ကျနော် ကွိ တင်တုန်းက တော်တော် အိပ်ရေးပျက်လိုက်တယ် ည ၂နာရီ၃နာရီ ထ upload လုပ်ရတယ် ဒါကြောင့်ပါ
အားလုံးပြီး သွားရင်တော့ pdf လုပ်ထားပေးပါမယ်
ကျေးဇူးပါဗျာ
ရွှေစင်ဦး
ဖတ်လို့ကောင်းတယ် .....
ကျေးဇူးအထူးပါ မမရွှေစင်...
:)
Post a Comment