Friday, July 16, 2010

ကြယ်နီ အပိုင်း (၄)

(၄)

ဆည်းဆာသည် ရှက်သွေးရောင် လျှမ်ေးနသော အပျိုပေါက်၏ မျက်နှာကလေးလို နီမြန်းနေသည်။ သည်လို ဆည်းဆာချိန်ဝယ် သစ်ပင်ကို ကြည့်ကြည့် တာလမ်းကလေးကိုပဲ ကြည့်ကြည့် လက်မြောက်သော ဆည်းဆာ၏ အနီရောင် စုတ်ချက်ကြောင့် အရာဝတ္ထုတိုင်းပင် ရှုမငြီးဖွယ် တင့်တယ်လှပါသည်။

သည်လို ဆည်းဆာအချိန်မှာပင် တောသူလေးတစ်သိုက်သည် ရေအိုးကလေး ကိုယ်စီရွက်ကာ ရွာနောက်မှ ရေကန်သို့ ရေခပ်ရန် သွားနေကြ၏။ လူပျိုပေါက်တစ်စုသည် ကန်ပေါင်ရိုး၌ ထိုင်၍ ပလွေကလေး မှုတ်ကာ မှုတ်ကာနှင့် ရေခပ်ရန် လာနေကြသော တောသူ ပျိုဖြူ တစ်သိုက်အား ကြူနေကြ၏။ ကလေး တစ်ယောက် မှာမူ အိပ်တန်းတက်ရန် ပျံလာကြသော ရွှေဗျိုင်းဖြူများကို သားရေခွတစ်လက်နှင့် ပစ်နေ၏။ နွားကျောင်းသား တစ်ဦးသည် နွားတစ်အုပ်ကို ကွင်းပြင်မှ မောင်းလာကာ နွားခြံထဲ သွင်းနေ၏။ သည် နွားအုပ် ထဲ မှ နွားသိုးတစ်ကောင်သည် '၀ပ်ထရိန်း'ဟု တွန်သံပေးကာ၊ အကြောင်းမဲ့ ဒေါသကြီး နေသဖြင့် နွားကျောင်းသားက စုတ်သပ်၍ ချော့နေရ၏။

သည်လို တံငါရွာကလေး၏ ဆည်းဆာ ပန်းချီကားချပ်ကလေးဝယ် ပေါက်တူးတစ်လက်နှင့် တွင်းတူး နေသော ကိုဒေါင်းစိန်ကိုလည်း တွေ့မြင်နိုင်ပါသည်။ ဓနုဖြူမြို့မှ ယူဆောင်လာသော ဖားများကို ရက်ကြာ ကြာ လှောင်ထားနိုင်ရန် တွင်းတူးနေခြင်း ဖြစ်ပါသည်။ ပြီးလျှင် သူသည် လက်ဆွဲပုံးနှင့် ရေဆွဲကာ တွင်းထဲ သို့ လောင်းထည့်လိုက်၏။ သို့သော် နွေရာသီဖြစ်၍ ခြောက်သွေ့နေသော မြေကြီးသည် သူလောင်းထည့် လိုက်သော ရေများ အကုန်ခန်းအောင် စုပ်ပစ်လိုက်၏။ သူက ထပ်၍ လောင်း၏။ မြေကြီးက ထပ်၍ စုပ်ပစ် လိုက်၏။ ထပ်၍လောင်း၊ ထပ်၍ စုပ် ....။

လောင်းဖန်များတော့ မြေကြီးသည် စုပ်အားမရှိ။ ဒါကြောင့်ပဲ တွင်းထဲတွင် ရေအနည်းငယ် ၀ပ်ကျန်ရစ်သည်။ သူသည် ပလုံးထဲမှ ဖားကလေးများအား တွင်းထဲသို့ လောင်းထည့်လိုက်ရာ၊ ဖားများသည် ပလုံစွပ် ပလုံစွပ် နှင့် တွင်းထဲ၌ ခုန်ဆွ ခုန်ဆွ လုပ်နေကြ၏။ သို့သော် တစ်တောင့် ထွာခန့် နက်သော တွင်းပေါ်သို့ ရောက်အောင် မခုန်နိုင်ကြပါ။
    ကိစ္စပြီးစီးလျှင် ကိုဒေါင်းစိန်သည် ကိုလူမောင်တို့ အိမ်ဘက်သို့ ထွက်လာခဲ့၏။ အဆင်သင့်ပင် ကိုလူမောင် အား သူအိမ်၌ တွေ့ရ၏။

    'လာဟေ့ ဒေါင်းစိန်၊ ငါလည်း ခုပဲ ဖားလှောင်ပြီးလို့ ထိုင်နေရုံ ရှိသေးတယ်၊ မင်းကော ကိစ္စပြီးပြီလား'
    'ဟုတ်ကဲ့၊ ပြီးသွားပါပြီ'
    'ကဲ ဒါဖြင့် လာကွာ၊ အမှိုင့်ဆိုင် သွားရအောင်'
    'အမှိုင့်ဆိုင် ဘာသွားလုပ်မလို့လဲဗျ'
    'ချီးထဲမှပဲ၊ အမှိုင့်ဆိုင် ဆိုတဲ့နောက် အရက်သွားသောက်မလို့ပေါ့ကွ'
    'ဟာဗျာ ကျွန်တော် မသောက်ချင်ဘူး၊ ပိုက်ဆံလည်း မရှိဘူးဗျ'

    'ဟ ပိုက်ဆံမရှိ ဘာအရေးလဲ၊ ငါးရံ့ခြောက်ပေးနဲ့ သောက်တာပေါ့ကွ၊ ဒါပေမဲ့ မင်းအထဲက မပေးရပါဘူး၊ ငါက ဒကာခံမှာပါကွ၊ တို့ ဒီညတစ်ညလုံး ဖွားဆွဲတဲ့အခါ အချမ်းလုံအောင်လို့ပါ'
    ကိုလူမောင်ကား တစ်ကိုယ်တည်း သမားဖြစ်၍ ရအောင်ရှာ၊ ကုန်အောင်သုံးကာ ပျော်ပျော်ကြီးနေသူ ဖြစ်၏။ မယားလည်း သေပြီ၊ သားသမီးလည်း မကျန်ရစ်ခဲ့။ မုဆိုးဖို တစ်ကိုယ်တည်းဖြစ်၍ နောင်ရေးအတွက် ငဲ့ကွက် စရာ သံယောဇဉ်မရှိသောကြောင့်ပင် ထင်သလို နေ၏။

    ကိုလူမောင် အတင်းဆွဲခေါ်သဖြင့် ကိုဒေါင်းစိန်လည်း မငြင်းလိုဘဲ လိုက်ပါသွားသည်။ သူကား အရက်ကို ကြိုက်လှသည်လည်းမဟုတ်၊ မကြိုက်ဘူးဟုလည်း မဆိုသာ။ အပေါင်းအသင်း နှင့်တွေ့၍ အတင်းတိုက်လျှင် သောက်၏။ သူ့ဘာသာတော့ ဘယ်တော့မှ ၀ယ်မသောက်။

အမှိုင့်ဆိုင်ရှေ့သို့ ရောက်သောအခါ ကိုလူမောင်သည် မ၀င်သေးဘဲ အတန်ကြာအောင်ပင် ရပ်တန့် စဉ်းစား နေပြီး နောက်မှ -
    'လာကွာ၊ ရွာကလေးဘက်ကမ်းကို ကိုဖိုးကျော်အိမ် သွားမယ်၊ အမှိုင့်က မင်းဂရုဘုံဆိုင် (အစိုးရထံမှ လေလံ ဆွဲဝယ်ထားသော အရက်ဆိုင်)မှာ ၀ယ်ပြီး ရောင်းတဲ့အရက်မို့ ကောင်းမှာ မဟုတ်ဘူးကွ၊ ဓနုဖြူ ဘုံဆိုင်အရင်မှ ကောင်းတာ၊ ကိုဖိုးကျော်က ဓနုဖြူဘုံဆိုင်က ယူရောင်းတာကွ၊ ဒါကြောင့် သူ့ဆီ သွားမယ်'

    သူတို့သည် ရွာလယ်တံတားမှ ရွာလေးဘက်ကမ်းသို့ ကူးခဲ့၏။ ကိုဖိုးကျော်၏ အိမ်ငယ်သို့ ရောက်သောအခါ အရက်သောက်နေကြသော ကွန်သမားများ၊ အင်းကူလီများ စသော လူပေါင်းစုံကို တွေ့မြင် ရ၏။ သူတို့ရပ်ရွာ၌ လူကုံထံဟု အသိအမှတ်ပြုထားသော အင်းသားကြီး သားများက လူမြင်မှာ စိုး၍ ကိုဖိုးကျော်အိပ်ခန်း ပြုလုပ်ထားသော ထရံဟောင်းတစ်ချပ်ကို ကာရံထားသည့် အခန်းထဲ၌ သောက်ကြ ၏။ ကိုဖိုးကျော်ကလည်း သူတို့လို မျက်နှာကြီးများအား အထူး အခွင့်အရေးပေးကာ သူ့အိပ်ခန်းထဲ၌ပင် သောက်စေ ရုံမျှမက ငါးရံ့ခြောက်ဖုတ်စသော အမြည်းကလေးကိုလည်း ရှာဖွေတည်ခင်း ပြုစုရသေး၏။

    'ဗျို့ ကိုဖိုးကျော်၊ အရက်တစ်ပုလင်း ပေးဗျို့'
    ကိုဖိုးကျော်က အင်းသားကြီး သားများကို အရေးတယူ ပြုစုနေရ၍ မအားလပ်သဖြင့် ကိုဖိုးကျော်၏ သမီး အေးစိန် က အရက်တစ်ပုလင်း လာချပေးရ၏။
    'အရက်ဖိုးတော့ နောက်မှ ငါ ငါးရံ့ခြောက် လာပေးမယ်၊ ကြားလား'
    သူတို့၏ ကတိမှန်သော ဖောက်သည်များအနက် ကိုလူမောင်လည်း တစ်ယောက် အပါအ၀င် ဖြစ်သဖြင့် အေးစိန် သည် အလွယ်တကူပင် ခေါင်းညိတ်လိုက်၏။
    'ကဲ သောက်ဟေ့ ဒေါင်းစိန်'
    ကိုလူမောင်က အရက်ထည့်သောက်ရန် ထုတ်ပေးထားသော ဟင်းသောက် ပန်းကန်လုံးထဲသို့ အရက်ကို ငှဲ့ထည့် ပေးရင်း ပြောလိုက်သဖြင့် ကိုဒေါင်းစိန်လည်း လှမ်းယူမော့ချ လိုက်၏။
    'ဘယ့်နှယ်လဲဟေ့၊ အရက်က တော်တော်ကောင်းရဲ့လား'

    ကိုလူမောင် အရက်သောက်အပြီးတွင် မျက်နှာကို ရှုံမဲ့၍ ပါးစပ်မှလည်း ရှူး ...ဟဲနှင့် လုပ်နေသော ကိုဒေါင်းစိန် အား ကြည့်ကာ မေးလိုက်၏။
    'ဟာ ကောင်း မကောင်းတော့ မပြောတတ်ဘူး၊ လည်ချောင်းထဲမှာတော့ မီးစကြီး ထိုးသွင်း လိုက်သလို ပူဝင် သွားတာဗျ၊ ဒီအရက် မီးတောက်လိမ့်မယ်ထင်တယ်'
    'ဟဲ ... ဟဲ၊ ဒါမှ ကောင်းတာကွ၊ ကဲ မီးတောက် မတောက် သိရအောင် လက်တွေ့ စမ်းကြည့်ရသေးတာပေါ့ကွာ'
    ကိုလူမောင်သည အသင့်ပါလာသော မီးခြစ်အိမ်ထဲမှ မီးခြစ်တစ်ချောင်းကို ထုတ်ကာ ရှိခနဲ ခြစ်လိုက် ပြီးနောက် ကိုဒေါင်းစိန် မော့ပြီး အနည်းငယ်ကျန်နေသေးသော ပန်းကန်လုံးထဲမှ အရက်ကျန်ကို တို့လိုက်၏။ ချက်ချင်းပင် ဓာတ်ဆီကို မီးတို့လိုက်သလို ''ဟုတ်''ခနဲ ထ တောက်ကာ  အနည်းငယ်ခန့် လျှောက် လောင်ပြီးနောက် ပြန်ငြိမ်းသွား၏။

    'ဟဲ ဟဲ၊ အရက်ဆို ဒီလိုမှပေါ့ကွ၊ ချက်အရက်မဟုတ်ဘဲ ဘုံဆိုင်အရက်ပေမဲ့ ပင်ရင်းက လာတဲ့ အတိုင်း ဆိုရင် မီးတောက်ပါတယ်ကွ။ ခွေးမသား အမှိုင့်ကတော့ မင်းဂရု ဘုံဆိုင်ကလည်း ယူရောင်းသေး၊ ရေလည်း ရောတော့ ဘယ်သောက်သုံးကျတော့မလဲ'
    အရက်မသောက်ခင်ကပင် အာဝဇ္ဇန်း ရွှင်နေသော ကိုလူမောင်အား ကိုဒေါင်းစိန်က တစ်ဖန် ပြန်ငှဲ့ ထည့်ပေးလိုက်ရာ ကိုလူမောင်က လှမ်းယူမော့ချ လိုက်ပြန်၏။ ကိုဒေါင်းစိန်ကို နောက်ထပ်သောက်ရန် ကိုလူမောင်က တိုက်တွန်း၏။ သို့သော် အူရိုင်းမဟုတ်သော်လည်း ၀ါနုလှသော ကိုဒေါင်းစိန်မှာ တစ်ခွက် တည်းနှင့် မူးနေပြီဖြစ်သဖြင့် အတင်း ငြင်းဆန်နေသော ကြောင့် ကိုလူမောင်တစ်ယောက်တည်း ကုန်အောင် သောက်ပစ် လိုက်ရ၏။

(၅)

' ဟဲ့ သေနာကောင်ကြီး၊ အရက်တွေ သောက်လာတယ် မဟုတ်လားဟင်၊ အိမ်မှာ ဘယ်လောက် ကျပ်တည်း နေတယ်ဆိုတာ သိလျက်သားနဲ့ ဘယ်သူ မြှောက်ပေးလို့ ဒီစောက်ရေတွေကို သောက်လာတာလဲ'
ကိုလူမောင်နှင့် အရက်သောက်ပြီးခဲ့၍ မီးထွန်းချိန် အိမ်ပြန်အရောက်တွင် မျက်နှာကြီး နီနေသော ကိုဒေါင်းစိန်အား မြင်၍ မယ်စိန် ရိပ်မိကာ ဆူပွက်နေခြင်းဖြစ်၏။
' ကိုလူမောင်က ဖားသွားဆွဲတဲ့ အခါမှာ အချမ်းလုံအောင်ဆိုပြီး အတင်းတိုက်လို့ပါကွ၊ မများပါဘူး၊ နည်းနည်းလေးပါ'
မယ်စိန်က သီးရင့်စွာ ပြောသော်လည်း သူကတော့ အေးအေးပဲ ပြန်ပြောသည်။ ဟုတ်သည်၊ သူ့လို လူအေး တစ်ယောက် အဖို့ အရက်သောက်လာလျှင်လည်း ခပ်အေးအေး၊ မသောက်လျှင်လည်း ခပ် အေးအေး။ သူ နဂိုမူ ကတော့ အရက်သောက်သည့်အတွက် ထူးခြားပြောင်းလဲလာမည်မဟုတ်ပါ။

' ဆာလှပြီ မယ်စိန်ရဲ့၊ ထမင်း ခူးပေးပါဦး'
' တော့ဟာတော် သွားဆို့ချေ၊ ကျုပ် မခူးနိုင်ဘူး'
ကိုဒေါင်းစိန်သည် ဘာမှ ပြန်မပြောတော့။ သူ အရက်သောက်လာ၍ မယ်စိန် စိတ်ဆိုးနေကြောင်း သိသဖြင့် သူ့ဟာ သူပင် ခူးခပ်စားနေ၏။ ထမင်းစားပြီး၍ မယ်စိန် စိတ်ကျေနပ်အောင် ချော့ပြီးမှ ဖားသွားဆွဲမည်ဟု ကြံရွယ် ထား၏။

သတ္တုပန်းကန်ပြား တစ်ချပ်ထဲတွင် ထမင်းရော ဟင်းပါ ပလုတ်ပလောင်း စားသောက်နေရာမှ မယ် စိန်က မသိမသာ အကဲခတ်နေ၏။ မယ်စိန်ကား စိတ်ဆိုးမပြေသေးသည့်ဟန်ဖြင့် နှုတ်ခမ်းကို စူထားကာ တစ်ချက် တစ်ချက်တွင် သူ့ဘက်သို့ မျက်စောင်းလှည့်၍ ထိုး၏။

စားသောက်ပြီးစီးသောအခါ စပ်ဖြဲညဖဲ မျက်နှာပေးဖြင့် မယ်စိန်အနီး၌ ၀င်ထိုင်ရာ၊ မယ်စိန်က မျက်စောင်း ထိုး၍ တစ်ဖက်သို့ လှည့်နေလိုက်သေး၏။ သည်အမူအရာကို သူ သိပါသည်။ သည်လို မယ်စိန် သူ့အပေါ် စိတ်ကောက်သည့်အခါတိုင်း သူချော့နေကျဖြစ်၍၊ ယခုလည်း မိန်းမ ဓမ္မတာအတိုင်း သူ့ချစ်လင်၏ ချော့မော့ ယုယခြင်းကို ခံယူလိုသောကြောင့် စိတ်ကောက်နေခြင်း မဟုတ်ပါလော။ သည်လိုအခါမျိုးမှာ သူ ချော့နေကျ တာဝန်ကို မေ့လျော့ကာ ထွက်သွားမိသဖြင့် မယ်စိန်တော့ ဘယ်လောက် အသည်းနာရှာမလဲ။

' အဟီး၊ မယ်စိန်ကလဲကွာ၊ အလုပ်သွားရမယ့်လူ စိတ်မကောင်းအောင် မလုပ်ပါနဲ့။ မြေမျိုရစေရဲ့၊ နင် စိတ်ဆိုးမှာ စိုးလို့ ငါ များများ မသောက်ခဲ့ပါဘူး'
မယ်စိန်၏ ၀မ်းထဲ၌ကား ကျိတ်၍ ကျေနပ်လျက်ရှိ၏။ တကယ်ဆိုတော့ မယ်စိန်အဖို့ သည်လို အချော့ခံရသည့် အရသာလောက် ထူးကဲတဲ့ အရသာကို ဘယ်မှာ ရှာတွေ့နိုင်မတုံး။ ဒါပေမဲ့ သူမ သည် သည် အရသာ ကို အစွမ်းကုန်ခံစားချင်ပါသေးသည်။ ဒါကြောင့် မဟုတ်လော၊ စိတ်ကျေနပ်ပြီး ဖြစ်ပါလျက် ပို၍ စိတ်ဆိုးနေဟန် ဆောင်နေသေး၏။

' သွားပါ ကာလနာကြီး၊ ကျုပ်ကတော့ အိမ်အတွက် ပူလိုက်ရတာ၊ သူကတော့ အရက်ကလေး သောက်ကာ သောက်ကာ နဲ့၊ သူ့ကိုယ်သူ သူဌေးသားမှတ်နေသလား မသိဘူး'
' ကိုလူမောင်က ဒကာခံပြီး အတင်းတိုက်လို့ပါ မယ်စိန်ရ၊ ငါ့ဘာသာ ငါ ဆိုရင် ဘယ်တုန်းက သောက်ဖူး လို့လဲ၊ ကဲ နင် မကျေနပ်ရင် နောက်ကို ငါဘယ်သူ တိုက်တိုက် မသောက်ဘူး၊ ကျေနပ်ပြီ မဟုတ်လား။ ကျေနပ် လို့ရှိရင် ဒီည ဖားဆွဲရမှာမို့ ကြက်ဦးတွန်လောက်မှ ပြန်နိုင်မှာ'
ကိုဒေါင်းစိန် သည် စကားဆက်ရမှာ ခက်နေသဖြင့် 'အဟီး' ဟုသာ ရူးကြောင်ကြောင် ရယ်လိုက်ကာ ပြုံးဖြဲဖြဲကြီး လုပ်နေ၏။

' မြွေပွေးကိုက်၊ အလုပ်ဖြင့် လုပ်မယ် မကြံသေးဘူး၊ အရက်သောက်ချင်ရတာနဲ့၊ သွားခါနီး ရိက္ခာယူ ချင်ရတာ နဲ့၊ သူ ဒါပဲ တတ်တယ်'
မယ်စိန် စိတ်ပြေသွားပြီဖြစ်ကြောင်း ရိပ်မိသဖြင့် ကိုဒေါင်းစိန်သည် အနီးရှိ ထိုင်နေသော ဒီလုံးနှင့် ကလေး များအား အိမ်အောက်၌ သွားကစားရန် ပြောဆိုနှင်ထုတ်လိုက်၏။ ကလေးများ အိမ်အောက် ဆင်းသွား သည်နှင့် တစ်ပြိုင်နက် ကိုဒေါင်းစိန်သည် ရေနံဆီမီးခွက်ကို ဖူးခနဲ မှုတ်လိုက်၏။

(၆)

လဆုတ်ရက်မို့ ညသည် မှောင်နေလေသည်။ လက်လက် လက်လက်နှင့် တောက်နေသော ကြယ်ကလေး များ၏ အလင်းရောင်သာ ရှိသည်။ တော်ပါသေး၏။ မှောင်မည်းမည်းညသည် ကြယ် ကလေးများ၏ အလင်းရောင် ကြောင့် မှုန်ဝါးဝါးတော့ လင်းနေပါသည်။
ကျက်သရေ ရှိလှသော ဖိုးရွှေလကို မသာလည်းတ သာလည်းတနှင့် လူတိုင်းပင် တောင့်တကြသည်။ နှုတ်ခမ်းနီမ ကလေးသည် လမင်းကို ကြည့်၍ ချစ်သူကို သတိရနေချင်သည်။ လူကြီးသူမများကလည်း သည်လို လသာသာဝယ် ရှေးဟောင်းနှောင်းဖြစ်များကို စားမြုံ့ပြန်နေလို ကြသည်။

ဒါပေမဲ့ ကိုဒေါင်းစိန်တို့လို အင်းချောင်းထဲ၌ ဖားခိုးဆွဲရမည့် သူများကတော့ လကို အလိုမရှိပါ။ ကြယ်များကိုပင် မုန်းတီးပါသည်။ ပိန်းပိတ်အောင် မှောင်နေပါစေ၊ မိုးမှောင်ကြီး ကျပါစေ၊ သူတို့ နှစ် သက် ပါမည်။
လသာတော့ ငါး မဟပ်ပါ။ ငွေလရောင်အောက်ဝယ် သူတို့အရိပ်ကို မြင်သည်နှင့် တစ်ပြိုင်နက် ငါးများသည် ဝေးရာ သို့ ပြေးတော့သည်။ ပြီးတော့ ချောင်း၍ လိုက်နေသော အင်းသားကြီးနှင့် သူ့ တပည့် လူမိုက် များကိုလည်း ကြောက်ရပါသေးသည်။ မှောင်မည်းမည်းဆိုတော့ ငါးများရော အင်း သားကြီးပါ သူတို့ကို မမြင်နိုင်ပါ။ ဒါကြောင့်လည်း သူတို့ လ ကိုမတောင့်တကြပါ။ မုန်းတီးပါသည်။
လဆန်းရက် ဆိုလျှင် ညဦး လသာနေတုန်း သူတို့သည် အိမ်၌ တစ်ရေးတမော အိပ်နေပြီး လ ၀င်မှ ဖားသွား ဆွဲရသည်။ လဆုတ်ရက် ဆိုလျှင်လည်း ညဦး လမိုက်နေတုန်း ကမန်းကတန်း ဖားဆွဲ၍ လထွက်လာသည်နှင့် တစ်ပြိုင်နက် ပြန်အိပ်ရတော့သည်။ တစ်ညလုံးလိုလို ဖားဆွဲရသည့်ရက်ကား နည်းလှပါသည်။ လဆုတ် ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်များမှ လဆန်း ၁၊ ၂၊ ၃၊ ၄ ရက်များအထိလောက်သာ လ မိုက်ချိန်က ပိုများသောကြောင့် တစ်ညလုံး လိုလို ဖားဆွဲရပါသည်။

ယနေ့ညသည်လည်း တပေါင်းလဆုတ် ၁၀ ရက်နေ့ည ဖြစ်၍ လသည် ကြက်သီးတွန်လောက်မှ ထွက် မည်ဖြစ်ရာ၊ ကိုဒေါင်းစိန်တို့အဖို့ ဖားဆွဲချိန် အတော်များများ ရှိမည့်ည ဖြစ်ပါသည်။ ဒါကြောင့်လည်း ယခုလို ည ၈ နာရီလောက်ကတည်းက ကိုဒေါင်းစိန်နှင့် ကိုလူမောင်တို့ ဗျင်းဘွဲကြီး အင်းချောင်းရိုး တစ်ဖက်ကမ်းသို့ အသင့် ရောက်နေကြခြင်းဖြစ်ပါသည်။
ရောက်လျှင် ရောက်ချင်းပင် နှစ်ဦးစလုံး ငါးမျှားတံကို ရှေ့ချကာ မတ်တတ်ရပ်လိုက်ကြ၏။ သူတို့၏ လက်ထဲ၌ အသင့်ပါလာသော ကွမ်းယာကလေးကို ကိုင်မြှောက်ရင်း သူတို့၏ နှုတ်မှလည်း ' ကွင်း ပိုင်ရှင်ကြီး ခင်ဗျား၊ တပည့်သားမြေးများက ကွမ်းယာကို တင်မြှောက်ပသပါတယ်၊ တပည့်သားမြေးများကို သနားသော အားဖြင့် သားငါးများ ဖောဖောသီသီရအောင် မစတော်မူပါ၊ ပိုးမွှား တိရစ္ဆာန်နှင့်တကွ အင်းသားကြီး ဘေးရန် ကပါ လွတ်ကင်းအောင် စောင်မတော်မူပါ အရှင်ကြီးခင်ဗျား' ဟု ရွတ်ဆိုနေကြ၏။

ဟုတ်သည်။ သူတို့သည် ဘာလုပ်လုပ် အလုပ်မစမီ ဆိုင်ရာပိုင်ရာ ကွင်းပိုင်များအား တင်မြှောက် ပသ လိုက်ရမှ သံသယရှင်းသည်။ သူတို့နှင့် တစ်ဖက်ကမ်းရှိ ကွမ်းကို ' အမေမယ်ဘာလ' ဟု ခေါ် သော မိန်းမ ကွင်းပိုင်က စိုးပိုင်၏ဟု သူတို့ အသိအမှတ်ပြုသည်။ ယခု သူတို့ ဖားဆွဲမည့်နေရာရှိ ကွင်းကိုမူ ' ဦးဖိုးကလုံ' ဟု ခေါ်သော ကွင်းပိုင်ရှင်ကြီးက စိုးပိုင်သည်ဟု ခေါ်သော အောက်လမ်းဆရာ ဘ၀မှ ကွယ်လွန်၍ ယခု ဤကွင်းကို ပိုင်စိုးသည်ဟု မှတ်ယူ၏။ သူ့ကို တင်မြှောက်ပသလျှင် သားငါးများ ဖောဖောသီသီ ရအောင် မ စသည်။ ပိုးမွှားတိရစ္ဆာန်နှင့် အင်းသားကြီးဘေးရန်မှ လွတ်ကင်းအောင်လည်း ကာကွယ်ပေးသည်ဟု စွဲလမ်း ထားကြသည်။

ယခု သူတို့ ဖားဆွဲမည့် ဗျင်းဘွဲကြီးအင်းကား အင်းဖိုးငွေ ၅၀၀၀ိ၊ ၆၀၀၀ိ ပေးဆွဲရသော အင်းကြီး ဖြစ်ပါသည်။ ချောင်းရိုးကို ကန့်လန့်ဖြတ်၍ အထက်အောက် ညှပ်ကာ ယင်းများကို ကာထား၏။ ဒါကို အင်းသား အခေါ် အားဖြင့် ဆယ်(ဆည်)တားသည်ဟုခေါ်၏။ ဤကဲ့သို့ အထက်အောက် ညှပ်ကာ ယင်းများဖြင့် တားဆီး ပိတ်ဆို့ထားသောကြောင့် ဤအတွင်း ချောင်းရိုးမှ ငါးများသည် အပြင်ချောင်းရိုး(၀ါ) ဘေးမဲ့ချောင်းရိုးသို့ မထွက်နိုင်တော့။ ဤပိတ်ဆို့ထားသော အင်းပိုင်နက်အတွင်း ချောင်းရိုး၌ ကွင်းနှင့် ဆက်သွယ်သော ရိုးကလေးတစ်ခုရှိရာ ဆောင်းလယ်လောက်ရောက်၍ ကွင်းထဲ၌ ကုန်းပေါ်လာသောအခါ ကွင်းထဲမှ ငါးများသည် ရိုးကလေးအတိုင်း အင်းပိုင်နက်အတွင်း ချောင်းရိုးထဲသို့ စုပြုံဝင်လာကြ၏။ ထိုအခါ ကြိုတင်၍ ပိတ်ဆို့ ထားသော အင်းပိုင်နက် ချောင်းရိုးအတွင်း၌ ချောင်ပိတ်မိနေကြ၏။

ဤသည်ကို ထောက်ခြင်းအားဖြင့် ကိုဒေါင်းစိန်တို့သည် ဘာ့ကြောင့် ဘေးမဲ့ချောင်းရိုးထဲ၌ အေးအေး ဆေးဆေး မရှာဖွေဘဲ သူတစ်ပါး အင်းပိုင်နက်ထဲ ခိုးကြောင်ခိုးဝှက်နှင့် စွန့်စား ဖားဆွဲရ သည်ကို သဘော ပေါက်နိုင် ပါလိမ့်မည်။ ဤသို့ အင်းသားကြီးများက ကွင်းထဲမှ ငါးများကို ဆည် အတန်တန်ဖြင့် ပိတ်ဆို့ ၀န်းဝိုင်းထားသောကြောင့် ကွင်းငါးများမှာ ဘေးမဲ့ချောင်းရိုးထဲ၌ မူလရှိရင်း စွဲ ငါးများသာရှိရာ၊ ရှည်လျားလှသော ဘေးမဲ့ ချောင်းရိုးကြီးတစ်လျှောက် ပါးရှား၍ အပျံ့အနှံ့ဖြစ်နေ သောငါးများကို ရှာဖွေ ရသည် မှာ မလွယ်ကူလှပါ။ ခါးလှဖို့ ဝေး၍ ၀မ်းဝဖို့ပင် ခဲယဉ်းပါသည်။
ဒါကြောင့်ပဲ သူတို့သည် ငါးများစုပြုံနေသော အင်းပိုင်နက်အတွင်း ချောင်းရိုးထဲ၌ စွန့်စားဖားဆွဲရန် ကြံစည် နေခြင်းကား တကယ်ဆိုတော့ မဆန်းလှပါ။

ကိုဒေါင်းစိန်က အထက်ဆည်နား၌ နေရာယူ၍ ကိုလူမောင်က အောက်ဆည်နား၌ နေရာယူ၏။ ကိုဒေါင်းစိန် သည် ဖားပလုံးကိုဖွင့်၍ ဖားတစ်ကောင်ကို ဆွဲထုတ်ကာ ပလုံးကို ပြန်ပိတ်ထား၏။ သူ့လက်ထဲ၌ ရုန်းကန်သော ဖားကလေးကို အနီးရှိ အုတ်ခဲနှင့် ဆွဲထုလိုက်ရာ ဖားကလေးမှာ အနိစ္စ သဘောနှင့် ကိစ္စချော ရှာလေပြီ။
သူသည် ဖားသေကို ငါးမျှားချိတ်၌ ချိတ်၏။ ငါးမျှားအကွေးအတိုင်း ဦးခေါင်းမှနေ၍ ငါးမျှားအသွားကို ထိုးသွင်းလိုက်ကာ ဖင်၌ ငါးမျှားအထစ်ကလေးပေါ်နေသည်တိုင် ဖောက်ထွက် လာစေ၏။ ဒါမှသာ ငါးရံ့ သည် ဖား၏ အညှီနံ့ကို ရ၍ အစာငတ်ငတ်နှင့် တစ်ရှိန်ထိုး ထိုးဟပ်လိုက်လျှင် ဖားသည် အရှိန်နှင့် ငါးမျှား ကြိုးတန်း တစ်လျှောက် မြောက်တက်သွားကာ၊ ငါးရံ့ သာလျှင် ငါးမျှား၌ တန်လန်းကြီး မိနေလိမ့်မည်။ သည်နည်းဖြင့် သူသည် ဖားတစ်ကောင်လျှင် ငါးရံ့ လေး ငါးကောင် ရနိုင်သည်။

သူသည် ငါးမျှားချိတ်၌ ဖားကို စိတ်ကျေနပ်အောင် ချိတ်ပြီးသောအခါ လက်မှ လွှတ်လိုက်၍ ငါးမျှားတံကို ကောက်ကိုင်၏။ မတ်တတ်ရပ်၍ ငါးမျှားတံကို လက်နှစ်ဖက်ဖြင့်စုံကိုင်ပြီး ဆန့်တန်း လိုက်သောအခါ ငါးမျှားကြိုးရှိ ငါးမျှားမှ ဖားကလေးသည် ရေလယ်လောက်ဆီ၌ တွဲလောင်းကလေး ဖြစ်နေ၏။ ငါးမျှားတံကို အနည်းငယ် နှိမ့်ချ၍ ရေနှင့် ဖား ထိလောက်ပြီဟု အထင်ရှိသောအခါ၊ ငါးမျှားတံကို ရှေ့ထိုးနောက်ငင်နှင့် ဆန်ကောဝိုင်း ဝှေ့ယမ်းနေ၏။ ည်လို ဝှေ့ယမ်းနေသော အရှိန် ကြောင့် ငါးမျှား၌ ချိတ်ထားသော ဖားကလေး သည် ငါးကလေးတစ်ကောင် ရေပေါ်၌ ရှပ်ကူးနေသလို တဖျတ်ဖျတ်အသံဖြင့် ရေပေါ်၌ ပတ်ချာ လည်နေ၏။ ချက်ချင်းပင် ငါးရံ့ တစ်ကောင်သည် ၀ုန်းခနဲ နေအောင် ထိုးဟပ်လိုက်ရာ ကိုဒေါင်းစိန်သည် ငါးမျှားတံ ကို ဆွဲသုတ် လိုက်၏။

အလိုလေး၊ ၀မ်းသာစရာ ကောင်းလိုက်ပါဘိ၊ ကိုဒေါင်းစိန် ဆွဲသုတ်လိုက်သော ငါးမျှားတံသည် ပေါ့ပေါ့ ပါးပါး နှင့် မဟုတ်ဘဲ ငါးမျှား၌ တစ်စုံတစ်ခု ချိတ်၍ ပါလာသလို လေးလေးပင်ပင်နှင့် အားရ ပါးရ ရှိနေသည်ကို သူ့အာရုံ ၌ တွေ့ထိ ခံစားလိုက်မိ၏။ သူသည် ငါးမျှားတံကို မြေကြီးပေါ်၌ ထောက်၍ ထောင်ကာ၊ တွဲလောင်း ဖြစ်နေသော ငါးမျှားကြိုးကို လှမ်းဆွဲလိုက်၏။ ကြိုးသည် သူ့လက်တွင်း၌ အငြိမ်မနေ၊ လှုပ်ခါလျက်ရှိ၏။ ဟုတ်ပေပြီ၊ ငါးမျှား၌ ငါးရံ့သည် ချိတ်လျက်ပါလာ ကြောင်း သူ အတတ်သိပြီ။

သူသည် ကြိုးအဆုံးကို ဆွဲယူလိုက်ကာ ငါးမျှားတံ ကိုင်ထားသော လက်ကို လွှတ်လိုက်ပြီး၊ ကြိုးအဆုံး၌ ငါးမျှား၌ ချိတ်မိနေ၍ ယက်ကန် ယက်ကန်ဖြင့် ရုန်းကန်နေသော ငါးရံ့၏ ဇက်ကို ကိုင် ဖမ်းလိုက်၏။ ပြီးတော့မ ကြိုးကို ကိုင်ထားသော အခြားလက်တစ်ဖက်ကို လွှတ်လိုက်ပြန်ကာ ငါးရံ့ ဦးခေါင်းကို ပြောင်းကိုင်၏။ ဇက်နှင့် ခေါင်းကို လက်တစ်ဖက်စီ ခွကိုင်ပြီး အားစိုက်၍ ချိုးလိုက်ရာ ငါးရံ့မှာ ဇက်ကျိုး၍ ငြိမ်သက် သွားရှာလေပြီ။

သူ၏ လွတ်မြောက်ရေးအတွက် ရုန်းကန်တွန်းလှန်ရန် သန်စွမ်းလှသော ငါးရံ့ကို သည်နည်းဖြင့် အပြီးသတ် ချိုးနှိမ်လိုက်ပြီးမှ ငါးရံ့၏ ပါးစပ်မှ ငါးမျှားကို ဖြုတ်၏။ ပြီးလျှင် ခါးကြားမှ သီတံကို ဆွဲထုတ်၍ ငါးရံ့၏ ပါးစပ်ကို ဖြဲပြီး သီတံကို ထိုးသွင်းလိုက်ကာ ပါးဟက်မှ ဖောက်ထွက်လာစေ၏။ သီတံဆိုသည်မှာ လက်သန်းလုံးခန့် ၀ါးချောင်းကို တစ်ထွာခန့်ဖြတ်၍ အဖျား၌ ချွန်ထားပြီး အရင်း၌ အပ်နဖားပေါက်ကဲ့သို့အပေါက်ကလေး ဖောက်ထား၏။ ထိုအပေါက်မှ ကြိုးတစ်ချောင်းကို ထိုးသွင်း ပြီး အစ နှစ်ဖက် အညီထား၍ ပြန်ကျစ်လိုက်ကာ ကြိုးအဆုံး၌ ထုံးထားလိုက်၏။ သည်နည်းဖြင့် သီတံနှင့် ကြိုးသည် ဆက်စပ်လျက် ရှိနေ၍ သီတံမှ ထိုးသွင်းလိုက်သော ငါးသည် ကြိုးအဆုံးသို့တိုင် လျှောကျသွားကာ၊ ထုံးထားသော ကြိုးအဆုံးသို့ ရောက်သော အခါ ထစ်ခံနေ၏။ သူ ဖမ်းမိသော ငါးရံ့များကို သည်နည်းအတိုင်း တစ်ကောင်ပြီးတစ်ကောင် သိထားရန် ဤသီတံကို သူ အသုံးပြုရခြင်းဖြစ်၏။

(၇)

သန်းခေါင်ကြက် တွန်လေပြီ။
နေပူလို့ ညချမ်းတပေါင်းလ သရမ်းဟူသည်နှင့်အညီ ကိုဒေါင်းစိန်လည်း ချမ်းစ ပြုလာပြီ။ ဆယ့်လေး တောင် ခန့် ရှည်သော ငါးမျှားတံကို အမြဲကိုင်မြှောက်နေရသဖြင့် သူ့လက်များလည်း ညောင်း ညာ နေပေပြီ။ ငါးစာအတွက် ဖားလေးကောင်ပင် ကုန်ခဲ့ပြီ။

သူသည် ခေတ္တမျှ အနားယူကာ ကိုလူမောင်နှင့် စကားစမြည် ပြောလိုသဖြင့် ကိုလူမောင်ရှိရာ အောက်ဘက်သို့ လျှောက်လာ၏။ ' အလို မြတ်စွာဘုရား' သူ့ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွား၏။ ငါးတောင့်ထိုး လက်နှိပ်ဓာတ်မီး၏ အလင်းရောင်သည် ချောင်းကိုဖြတ်ကာ သူတို့ရှိရာ ကမ်းဘက်သို့ ရောက်လာ၏။ တော်ပါသေး၏။ အလင်းရောင်သည် သူ့ဆီသို့ အရင်မကျရောက်ဘဲ သူ့ရှေ့ ၁၅ ကိုက်ခန့် အကွာရှိ လက်ပံပင်ကြီးဆီသို့ ကျရောက် လင်းထိန်နေ၏။ မုချ အင်းသားကြီးသည် မသင်္ကာ၍ တစ်ဖက်ကမ်းမှ လက်နှိပ် ဓာတ်မီးဖြင့် ထိုးကြည့်နေပေပြီ။ ဓာတ်မီး၏ အလင်းရောင်သည် တဖြည်းဖြည်း သူ ရှိရာဘက်သို့ ရွေ့လျား လာ၏။ သူပုန်းကွယ်ရာ နေရာ ရှာမှ ဖြစ်တော့မည်။

သူသည် သူ့နောက်ဘက် မနီးမဝေး၌ရှိသော ကောက်ရိုးပုံဆီသို့ ပြန်ပြေးကာ ကောက်ရိုးပုံ၏ နောက်ကွယ် တွင် ပုနေအောင် ၀ပ်နေလိုက်၏။ ချက်ချင်းပင် အလင်းရောင်သည် ကောက်ရိုးပုံသို့ ရောက်လာ၏။ သို့သော် ကောက်ရိုးပုံကို ဖောက်ထွင်း၍ သူ့ကို မြင်နိုင်ရန် တတ်နိုင်စေလိမ့်မည်တော့ မဟုတ်ပါ။
အတန် ကြာအောင်ပင် ဟိုထိုး သည်ထိုးနှင့် ထိုးနေပြီးနောက် လက်နှိပ်ဓာတ်မီးရောင်သည် ပျောက် သွားတော့၏။ အချိန်အတော်ကြာသည့်တိုင် အလင်းရောင် ပြန်ပေါ်မလာ၍ သူ ပုန်းကွယ်နေရာမှ ထ လိုက်ရာ သူ့အနီးသို့ ရောက်နေသော ကိုလူမောင်ကို တွေ့ရ၏။

' ဟေ့ ဒေါင်းစိန်၊ ခုန မင်း ဒီကောက်ရိုးပုံနောက်မှာ ပုန်းနေသလား ငါလည်း ဆည်နားမှာရှိတဲ့ တွင်းထဲ ခုန်ချပြီး ၀ပ်နေရတယ်ကွ။ ဘယ့်နှယ်လဲ၊ ငါးရံ့ တော်တော်ဟပ်ပြီလား၊ ငါတော့ ၅ ကောင်လောက်တော့ ရပြီ ထင်ပါရဲ့'
' ကျွန်တော်လည်း ဒီလောက်တော့ ရပါပြီ၊ ဒီအတိုင်းသာဆိုရင် ကျွန်တော်တို့တော့ ဟန်မှာပဲဗျ၊ ခက်တာက ရေရှည် ဆိုရင် ဖားမလောက်မှာ စိုးရတယ်'
' ဖားကုန် တဲ့ အခါကျပြန်တော့လည်း ဒီလိုပဲ ရှာဖွေရတာပေါ့ကွာ၊ အခုထဲက တွေးပူနေစရာ မလိုပါဘူး'
' တောက် မိတ္ထီလာကန်ကြီးကိုသာ ဒီအရောက် ရွှေ့ထားလိုက်ချင်တော့တာပဲ'

' ဘာလုပ်ဖို့လဲကွ'
' လူကလေးရဲ့ ချော့စရာ၊ မိတ္ထီလာ ကန်တော်အောက်က ဖားကောက်ခဲ့ပါ၊ ဖားပါရင် တစ်ကောင် ပေးပါ၊ မျက်လုံးငယ် ကြောင်တောင်တောင်နဲ့၊ ဖားကောင်ကသေး' ဆိုတဲ့ သားချော့သီချင်းကို ခင်ဗျား မကြားဖူး ဘူးလားဗျ။ ဒီသီချင်းအတိုင်းသာဆိုရင် မိတ္ထီလာကန်ထဲမှာ ဖားတော်တော် ပေါလိမ့်မယ် ထင်တယ်၊ ဒီကန် ကိုသာ ဒီကို ရွှေ့ထားလိုက်ရရင် ကျွန်တော်တို့ ဖားအတွက် ဘာပူစရာ လိုတော့မလဲဗျ။ ဒါပေမဲ့ မိတ္ထီလာ ဆိုတာ ဘယ်ဆီမှာ ရှိမှန်းအောင် မသိတာ ခွ ကျတယ်'
သူ့စကားအဆုံးတွင် ကိုလူမောင်က သဘောကျသွားသလို ဟက်ဟက် ပက်ပက် ရယ်လိုက်သဖြင့် ကိုဒေါင်းစိန် က ' တိုးတိုးဗျ တိုးတိုး၊ အင်းသားကြီး ကြားသွားလို့ ဒုက္ခများကုန်မယ်' ဟု သတိပေး လိုက်ရ၏။

ညဥ့်နက်လေ အချမ်းဓာတ် ပိုကဲလေ ဖြစ်လာ၏။ အပူကြားရော အအေးကြားရော ဇွတ်နှစ်တိုးခဲ့ကြ သူများ ဖြစ်၍ ထုသား ပေသား ရနေသောကြောင့်သာ သည်လို ချမ်းအေးလှသည့် အခါ၌ပင် အင်္ကျီ မပါ ဗလာ ကိုယ်တည်း ကျောပြောင်ကြီးများနှင့် နေနိုင်ကြခြင်းဖြစ်၏။ ကိုလူမောင်သည် ချမ်းလွန်း၍ ကြက်သီး ထသွား သလို ပခုံးနှစ်ဖက်ကို တွန့်၍ ကိုယ်ကို လှုပ်ခါလိုက်ရင်း -
' ဒီလိုချမ်းတော့ ညနေက သောက်ခဲ့တဲ့ မီးတောက် အရက်ကလေးကို သတရသေးတော့ကွာ၊ တစ်ပုလင်းလောက် အပိုဆောင်လာရ အကောင်းသား၊ တကယ် ချမ်းပြီလို့ဆိုတော့ စောင်ခြုံလို့ မလုံဘူး၊ အရက်ခြုံ မှ လုံတယ်ကွ'
' စောင်ခြုံလို့ လုံရင်ကော ခင်ဗျားမှာ ခြုံစရာစောင် ရှိလို့လား'
' အဟီး မင်းကလည်း ချမ်းသာတာတွေ လူသိကုန်ပါဦးမယ်၊ စောင်မခြုံနိုင်လို့ ပုဆိုးခြုံပြီး ကွေးခဲ့ ရတာ ဘယ်လောက် ကြာပြီလဲကွ'

' ဒါနဲ့များ စောင်ခြုံရင် မလုံဘူးလေး ဘာလေးနဲ့ လုပ်နေရသေးတယ်၊ ဘေးကလူတွေ ကြားသွားရင် ဒီကောင် တွေ စောင်ခြုံဖူးတဲ့ လူတွေလို့ အထင်ကြီးကုန်ပါဦးမယ်'
နှစ်ယောက်သား ကျိတ်၍ ရယ်လိုက်ပြန်၏။ ရယ်နိုင်ကြပါပေသည်။ စောင် မခြုံနိုင်လောက်အောင် ပင်ဆင်းရဲမွဲတေလှသော သူတို့၏ အဖြစ်ဆိုးကိုပင် ပွဲကျသော ပြက်လုံးကဲ့သို့ ရယ်မော ပြောဆိုနိုင် သည့် အာဂ လူတွေပင်။ ဆင်းရဲဒုက္ခကို မထီမဲ့မြင်နှင့် ပြက်ရယ်ပြုနိုင်ကြသည့် တကယ့် သူရဲကောင်း များကို ပြပါ ဆိုလျှင် သူတို့ကိုသာ လက်ညိုးထိုး၍ ပြရပေလိမ့်မည်။
အတန် ကြာအောင်ပင် ထင်မိထင်ရာတွေ လျှောက်ပြောနေကြပြီးနောက် လူချင်းခွဲလိုက်ကြပြန်ကာ၊ ဆက်လက် ၍ ငါးမျှား၌ ဖားကို ချိတ်၍ ရေထဲချလိုက်လျှင်ပင် ငါးရံ့များမှာ အငမ်းမရ ဟုန်းခနဲ ထိုးဟပ် နေသဖြင့် ငါးကို ချက်ချင်းဖြုတ်၊ သီတံနှင့်သီ၊ နောက် ဖားကို ပြန်ချိတ် စသည်ဖြင့် မအား အောင် အလုပ်များ နေကြ၏။

ဤကဲ့သု့ ငါးရံ့များ အငမ်းမရ ဟပ်နေခြင်းမှာ အင်းချောင်းအတွင်း၌ ' ဂျမ်းတိုက်' ပြီးပြီဖြစ်၏ ငါးရဲ့များ၏ အစာ ဖြစ်သော ငါးလေးများ ရှားပါးသွားသဖြင့် အစာငတ်နေစဉ်နှင့် ကြုံကြိုက်နေ၍ ဖြစ် ပါသည်။ ဤ၌ ' ဂျမ်းတိုက်သည်' ဟူသော အင်းသား ဝေါဟာရကို စာဖတ်သူများ သဘောပေါက် အောင်ရှင်းပြဖို့ လို လိမ့်မည် ဟု ထင်ပါသည်။

သို့သော် ဂျမ်းတိုက်ပုံကို စာနှင့် သရုပ်ပေါ်အောင် ဖော်ရလျှင် အတော်ရှည်လျားစွာ ရေးရလိမ့်မည်။ သူ့ချည်း တစ်ပုဒ်သတ်သတ်ရေးနိုင်မှ သရုပ်ပေါ်ပါလိမ့်မည်။ သို့ဖြစ်၍ ဂျမ်းတိုက်သည်ဟူသော ဝေါဟာရကို အကြမ်း အားဖြင့် သိထားရန်မှာ အင်းသားကြီးများက အင်းချောင်းထဲမှ ငါးများကို ပိုက်စိပ်တိုက်၍ ယူခြင်းပင်ဖြစ်သည်။ သို့သော် ငါးရံ့၊ ငါးပတ် စသော ငါးကြီးများမှာ ဂျမ်းတိုက်သော ယင်းများအပေါ်မှ ခုန်ထွက်၍ လည်းကောင်း၊ ငါးခူ၊ ငါးကျည်း စသော အောင်ငါးများမှာ ဂျမ်းယင်း အောက် နွံများထဲမှ တိုးထွက်၍ လည်းကောင်း၊ ဤသို့သော ငါးမျိုးကို အနည်းအကျသ်းသာ ရပြီး ငါးခုံးမ၊ ငါးဘဲ၊ ငါးသံချိတ် စသော ကောင်သေးငါး များနှင့် ငါးမြစ်ချင်း၊ ငါးဖယ်အောင်း စသော ငါး လတ်များသာ အင်းချောင်းရိုးထဲ၌ ကုန်သလောက် နီးပါးနီး ရရှိပါသည်။ ထိုအခါ ဂျမ်းတိုက် ရာ၌ မပါဘဲ လွတ်ကျန်ရစ်သော ငါးကြီးများမှာ သူတို့ ၏ အစာဖြစ်သည့် ကောင်သေးငါးများ ဂျမ်းတိုက်ရာ၌ ပါသွားသောကြောင့်၊ အစာငတ်၍ အငမ်းမရ ဖြစ်နေစဉ် ဖားဆွဲပါက ငါးရံ့ပို၍ ဟပ်သည်ကိုသာ ပြဆိုလိုရင်းဖြစ်ပါသည်။

(၈)

ကြက်ဦးပင် တွန်လေပြီ။
ကိုဒေါင်းစိန်ကား ချမ်းလွန်း၍ ခိုက်ခိုက်တုန်နေ၏။ လက်များကိုလည်း မသယ်ချင်လောက်အောင် ညောင်းညာ ၍ လက်အန်ပင် သေနေ၏။ သို့သော် ဤအတွက် သူ စိတ်မပျက်ပါ။ ငါး အတော်ရလိုက်၍ အကြီး အကျယ် ၀မ်းသာနေပါသည်။
လ ထွက်မလာသေးသော်လည်း လ ထွက်တော့မည်ဟူသော အထိမ်းအမှတ်ဖြင့် ရှေ့ပြေး အလင်း ရောင်ကလေး များ သမ်းစ ပြုနေပါပြီ။ လ ထွက်လာလျှင် ငါးလည်း ဟပ်တော့မည် မဟုတ်။ အင်းသားကြီး များလည်း သိသွားလိမ့်မည်။ ယခုကပင် ပြန်ရန် အချိန်တန်ပြီ။

သူသည် ငါးမျှားတံအဖျား၌ ချည်နှောင်ထားသော ငါးမျှားကြိုးကို ငါးမျှားတံ အရင်းပိုင်းဆီသို့ ဆွဲဆန့် လာ၏။ ငါးမျှားကြိုးအဆုံးမှ ငါးများနှင့် အလောတော် နေရာ ငါးမျှားတံ၌ တပ်ဆင်ထားသော ကွင်း ကလေးတွင် ငါးမျှားကို ချိတ်လိုက်၏။ ထိုအခါ ငါးမျှားကြိုးသည် မျဉ်းပြိုင်ဆန့်တန်း၍ တင်းတင်းရင်း ရင်း ဖြစ်နေသဖြင့် အကိုင် အတွယ် လွယ်ကူသက်သာမည်။
သူသည် ငါးသီတံကိုယူ၍ သိထားသော ငါးရံ့များကို ရေတွက်နေ၏။ တစ်ကောင်၊ နှစ်ကောင် စသည်ဖြင့် ခပ်တိုးတိုး ရေတွက်နေရာ ၂၄ ကောင်အပြီး နောက်ထပ် ရေတွက်ရန် ၂၅ ကောင်မြောက် ငါးသည် မရှိတော့။ ဟုတ်ပေသည်။ သူ့ သီတံ၌ အားလုံးပေါင်း ငါးရံ့ ၂၄ ကောင် ရှိ ပေသည်။

' ဟေ့ မင်း ဘယ်နှကောင် ရသလဲ'
ကိုလူမောင် သည် ငါးမျှားတံကို ထမ်း၍ သီတံနှင့် ပလုံးကိုဆွဲပြီး သူ့အနီးသို့ ရောက်လာကာ မေးမြန်း လိုက်ခြင်း ဖြစ်သည်။
' ၂၄ ကောင် ရတယ်ဗျ၊ ခင်ဗျားကော'
' အမယ် မင်းက ငါ့ထက် ၂ ကောင်တောင် ပိုသေးတယ်၊ ငါက ၂၂ ကောင်ထဲ ရတယ်၊ ကိုင်း လ ထွက်စ ပြုနေပြီကွ၊ ပြန်ကြမယ်'
သူသည် ငါးရံ့များ သိထားသော သီတံကြိုးကို ကွေးလိုက်ကာ အစနှစ်ဖက်ကို ပူးတွဲချည်နှောင် လိုက်၏။ ထိုအခါ ငါးရံ့များ သိထားသော သီကြိုးသည် ၀ သဏ္ဍာန် ၀ိုင်းဝန်းသွားကာ ကြိုးကွင်း တစ်ခုလို ဖြစ်သွား၏။ ပြီးလျှင် သူသည် ထိုသီတံကွင်းကို ကိုင်မြှောက်ကာ ချိန်ဆကြည့်၏။ တစ်ဆယ့် လေးပိဿာထက်တော့ ဘာအောက် လိမ့်မလဲ၊ အစို ဆယ်လေးပိဿာဆိုလျှင် ငါးရဲ့ခြောက် အောက်ထစ် ငါးပိဿာရမယ်၊ ပေါက်ဈေး လေးရာဈေးဆိုတော့ လေးငါးလီ နှစ်ဆယ်၊ ငွေ နှစ်ဆယ် ရမယ်၊ ဘယ်လောက် ဟန်ကျသလဲ။

သူသည် နှစ်နှစ်ခြိုက်ခြိုက်ကြီးကို ပြုံးပစ်လိုက်ကာ ကြိုးကွင်းသဖွယ် ဖြစ်နေသော ငါးရံ့ သီတံကို ငါးမျှားတံ၌ စွပ်လိုက် ၍ ဘယ်ဘက်ပခုံးထက်တွင် တင်ထမ်းလိုက်၏။ ပြီးတော့မှ ပလုံးကို ညာလက် နှင့်ဆွဲကာ ကိုလူမောင် နှင့် အတူ လျှောက်ပြန်ခဲ့၏။ သူ ၀မ်းသာခြင်း အထွတ်အထိပ်သို့ ရောက်နေ သောကြောင့် သူ့ဘေးနား မှ ကိုလူမောင်ကိုပင် စကားမပြောမိဘဲ ခပ်သွက်သွက် လျှောက်နေ၏။ အိမ်ရောက်လျှင် ချစ်ဇနီး မယ်စိန် သည် ငါးအများကြီးရလာသော သူ့အား ရွှင်ပြုံးစွာ ကြိုဆိုလိမ့်မည်။ ပြီးတော့ ငါးများကို ချက်ချင်းယူ၍ အကြေးထိုး၊ ခေါင်းဖြတ်၊ ကျောမှနေ၍ ဓားနှင့်ခွဲ၊ ငါးရံ့ဆီထုတ်၊ ဓားနှင့်ပေါက်၍ အမြှောင် အမြှောင်လုပ်၊ မိုးလင်း၍ နေထွက်လျှင် အသင့်ထုတ်လှန်းရန် ဆားနှင့် ထပ်ထား... စသည်ဖြင့် ဖျတ်လက်ပေါ့ပါးစွာ ပြုလုပ်လိမ့်မည်။ ဒါတွင်မက သူ့ကို စေတနာ ဗရ၀ နှင့် ငါးရံ့ခေါင်းပြုတ်ပေး၍ ငါးရံ့ဆီကိုလည်း ချက်ကျွေး ပေဦးမည်။ အို ... ဘယ်လောက် ပျော်စရာ ကောင်းတဲ့ ညလဲလို့။

လ သည် ထွက်ပြူလာလေပြီ။ ကြည်လင်အေးမြသော ငွေရောင်သည် တော၊ တောင်၊ ရေ၊ မြေ များဖြင့် ပြီးသော သဘာဝလောကပေါ်သို့ ယိုဖိတ်ကျလာ၏။ ယိုဖိတ်ကျလာသော ငွေရောင်ဝယ် ပြုံးနေသော ကိုဒေါင်းစိန် ၏ မျက်နှာကိုလည်း တွေ့မြင်နိုင်ပါသည်။ တက်ကြွသော အပြုံး၊ ၀င့်ကြွား သောအပြုံး။

ဟုတ်သည်။ မုန်တိုင်းထဲမှ အပြုံးလည်း ရှိပေသေးမည်။ သူ့ဘ၀သည် အစဉ်သဖြင့် မုန်တိုင်း ထန်သော ဘ၀ဖြစ်သည်။ သို့သော် ဤအထဲမှ တစ်စက္ကန့်မျှသော လေပြည်လေညင်းသည် သူ့အဖို့ အပြုံးဖြစ်သည်။ ကုန်သည်ကြီးကမူ ပေါနေသော ကုန်ကို လှောင်ထားကာ ရှားပါးသည့် အဖြစ် ရောက်အောင် ဖန်တီးပြီး ဈေးကြီးကြီးနှင့် ပြန်ရောင်း၍ မတန်တဆ မြတ်လျှင် ပြုံး၏။ နိုင်ငံရေးသမားသည် ၀န်ကြီးဖြစ်၍ စတူဒီဘေကာ ကားကြီးကို စီးရလျှင် ပြုံး၏။ ဂုဏ်သရေရှိ မျက်နှာ ကြီးသူခိုးသည် ပြည်သူပိုင်ပစ္စည်းကို ခိုးထုတ် ၍ စီးပွားဖြစ်လျှင် ပြုံး၏။

သူ့အဖို့က ဤမျှလောက် ရည်ရွယ်ချက် မကြီးမားပါ။ သူ ပင်ပန်းကြီးစွာ ရှာရသော သားငါးများ ဖောဖောသီသီရ၍ ထမင်းနပ်မှန်အောင် စားရလျှင် ဒုက္ခဟူသမျှ မေ့ပြီး ပြုံးဖို့ အသင့်ပင် ဖြစ်ပါသည်။
သြော် ... ကိုဒေါင်းစိန်ရယ် ဘယ်တော့များမှ ထာဝစဉ် ပြုံးနိုင်ကြပါမလဲ။

စာဖတ်သူများ ခင်ဗျာ၊ ဒီအတိုင်းသာဆိုရင် ကိုဒေါင်းစိန်တစ်ယောက် ဖားကောက်နိုင်မည် မဟုတ်ပါ။ တကယ်လို့ စာဖတ်သူသည် မိတ္ထီလာမြို့ကို ရောက်ပါက ကိုဒေါင်းစိန်ကို သနားသော အားဖြင့် မိတ္ထီလာ ကန်တော် အောက် က ဖားကောက်ခဲ့ကြပါခင်ဗျား။
ဖားပါရင် တစ်ကောင်ပေးပါ၊ မျက်လုံးငယ် ကြောင်တောင်တောင်နဲ့ ဖားကောင်ကသေး....။
------------------------
.

6 comments:

မေဓာဝီ said...

ဒီတခါ မြန်မာဆန်တဲ့ ကြယ်နီက ကပြားဖြစ်သွားလား မသိဘူး။
နွားက မြန်မာလို ဘွတ်အဲ မအော်ဘဲ ဘိုလို ၀ပ်ထရိန်း အော်နေတယ်နော်။ :)
ဖတ်လို့ကတော့ ကောင်းပါတယ်။ ၀ပ်ထရိန်းဆိုတော့ ငပိထဲ ချိစ်ရောထားသလို ဖြစ်နေတာ တခုပဲ။

အခန်း (၆) အပိုဒ် ၃ မှာပါတဲ့ "လသည် ကြက်သီးတွန်လောက်မှ" ဆိုတာဖတ်ပြီး ကြက်သီးက ဘယ်လိုတွန်ပါလိမ့် စဉ်းစားနေတာ။ နောက်ဆက်ပြီး ဖတ်မှ သဘောပေါက်တယ်။ ကြက်ဦးတွန်တာကို ရေးတာထင်တယ်။ ဥ - ကို Shift နှိပ်တာ မမိလိုက်တော့ သ - ဖြစ်ပြီး ကြက်သီး ဖြစ်သွားရော။ ဟီးဟီး မရွှေစင် နာမည်ရေးလဲ သတိထားနော် ရွှေစင်ဦး ကနေ ရွှေစင်သီး ဖြစ်သွားအုံးမယ်။
ချစ်၍ နောက်သည်။ :)

မေဓာဝီ said...

ခုန ပြောဖို့မေ့သွားတယ်။ နောက်ချင်နေတာနဲ့ပဲ။
နှပ်တယ်တို့ ကြူတယ်တို့ဆိုတာ အဲဒီခေတ်ကတည်းက သုံးကြတာပဲကိုး ... နော်။
ကြူတယ်ဆိုတာ ခုခေတ်မှ ပြောတာမှတ်လို့။
ပထမပို့စ်တုန်းက နှပ်တာကိုလည်း သေချာကို ရှင်းပြပေးထားတာပဲ။ ဒီအသုံးအနှုန်းတွေကျတော့ မတိမ်ကောသေးဘူးနော်။
နောက်ဆုံးနားမှာ အပြုံးတွေကို ခွဲခြားသရုပ်ဖော်ထားတာလေး ဖတ်ပြီး စိတ်မကောင်းစွာဘဲ ပြုံးမိတယ် မရွှေစင်ရေ ... ။

ကိုဇော် said...

ကျနော် သိသလောက်ပေါ့ဗျာ။ လျှာရှည်တယ် ထင်ရင်လည်း ခံပါ့မယ်။ နွားသိုးတွေ အော်တာကို “ ဝပ်ထရိန်း ” ဆို သုံးကြပြီး နွားမ ၊ ခိုင်းနွား တွေကို ဘွတ်အဲ လို့ သုံးတာ များတယ်။ အခုတော့ နွားသိုးလို့ ရေးထားလို့ “ ဝပ်ထရိန်း ” လို့ သုံးတာလို့ ထင်ပါတယ်။

တကယ့် ငါးမျှားသမားဟာလေ ဘယ်လောက် ကြာကြာ ညောင်းတယ် လို့ မထင်ဘူးဗျ။ သူတို့ကတော့ ဝမ်းစာ ရှာရလို့နဲ့ တူပါတယ်လေ။

အပြုံးအကြောင်းလေးကိုတော့ ကြိုက်တယ်။

ဧပရယ်လ်ပူး@ပူးတေ said...

သူ့အဖို့က ဤမျှလောက် ရည်ရွယ်ချက် မကြီးမားပါ။ သူ ပင်ပန်းကြီးစွာ ရှာရသော သားငါးများ ဖောဖောသီသီရ၍ ထမင်းနပ်မှန်အောင် စားရလျှင် ဒုက္ခဟူသမျှ မေ့ပြီး ပြုံးဖို့ အသင့်ပင် ဖြစ်ပါသည်။

သူတို့ဘဝတွေနဲ့ သူတို့တော့ ရောင့်ရဲနိုင်ကြတယ်နော်... ဒါမှလဲ ဖြစ်မှာလေ... မရောင့်ရဲနိုင်လဲ ဘာမှတတ်နိုင်မှာမှ မဟုတ်တာပဲနော်...

အပြုံးတွေကို ဖွင့်ဆိုထားတာလေး သဘောကျမိတယ်...

မေဓာဝီ said...

သြော် ဒီလိုလား။
ကျမတော့ အဲဒီဗဟုသုတနည်းတယ်လို့ ၀န်ခံရမှာပဲ။
စိတ်ထဲမှာ နွားဆို ဘွတ်အဲ တမျိုးထဲ အော်တယ်ထင်မိတာ။
အမျိုးအစားအလိုက် အော်ပုံမတူတာ ခုမှသိတယ်။
နွားသိုးဆိုတာ ရိုးရိုးနွားနဲ့ ဘယ်လိုများ ကွဲပြားလဲမသိဘူး ကျမဖြင့် နွားဆို တမျိုးထဲထင်တာ။ ခွဲတတ်ဘူးရယ်။
ခုလို ရှင်းပြပေးတာ ကျေးဇူးပါပဲ။

An Asian Tour Operator said...

အင်္ဂလိပ် လို "Moo မူးးး" လို့နွားအော်သံ ကိုရေးလေ့ ရှိတာ ဖတ်ဖူးပါတယ်..