အခန်း (၄၀) ယုံကြည်ချက်အတွက် အသက်ကိုစွန့်သူ
လမ်းဆုံးလျှင် ရွာတွေ့မြဲ၊ ညလွန်လျှင် မိုးသောက်မြဲ ဖြစ်၏။ တွမ့်ဘ၀သည် ကျွန်စနစ် ခရီး ရှည်ကြီးကို ဖြတ်လာခဲ့ရခြင်း ဖြစ်လေသည်။ ပထမတွင် သူသည် ပန်းခင်းများကို ဖြတ်သန်းလာ၏။ ထို့နောက် ချစ်သူ ခင်သူတို့နှင့် ကွေကွင်းရသောလမ်းကို နင်းခဲ့လေသည်။ သို့သော် သူ့ဘ၀သည် နေရောင်ခြည် တောက်သော ကျွန်းကလေးပေါ်သို့ ရောက်သည်နှင့် မခြား ကြည်နူးစရာအဖြစ်မျိုးကို ကြုံတွေ့ခဲ့ပြန်သည်။ ဤနည်းဖြင့် သူ့နှောင်ကြိုးကို ပန်းကြိုးပန်းကုံးများသဖွယ် မှတ်ယူနိုင်ခဲ့သည်။ အဆုံးတွင်ကား သူ့ဘ၀သည် နေ့၏အလင်းရောင်ပျောက်ကွယ်သော ညအမှောင်တွင်းသို့ ရောက်ခဲ့ ရလေသည်။
မိုးသောက်ကြယ်သည် အရှေ့ဖက်တောင်တန်းထိပ်တွင် ဆွဲချိတ် နေပေပြီ။ လေညင်း သည်လည်း သုတ်ဖြူးလာ၏။ နေ့၏ အလင်းရောင်သည် ထွန်းတောက်လာပေတော့မည်။
လက်ဂရီးသည် ရက်အတန်ကြာသည်အထိ ကက်ဆီနှင့် အမ်မလင်တို့ကို လိုက်လံ ရှာဖွေ ခဲ့သော်လည်း မမိနိုင်ပဲ ရှိသည်။ ထို့ကြောင့် သူ ဒေါသပို၍ ထွက်ရသည်။ အခဲမကျေနိုင် ဖြစ်ရသည်။ ထိုအခါ သူ့ဒေါသသည် တွမ့်ဆီကို ကူးစက်ပြန်သည်။
ကက်ဆီနှင့် အမ်မလင်ကို လိုက်၍ ဖမ်းရာ၌ ကျွန်အများ ပါဝင်ခဲ့ကြ၏။ လက်ဂရီး၏ ခြံနီး ချင်းများထံမှ ကျွန်များလည်း ပါဝင်ခဲ့ကြ၏။ သို့တိုင်အောင် တွမ်သည် ထိုကျွန်ဖမ်းအဖွဲ့၌ မပါဝင်။ တွမ့်ထံ၌ တရားနာယူကြသော ကျွန်အချို့သည်လည်း မပါဝင်။
စင်စစ် လက်ဂရီးသည် တွမ်ကို ပို၍ ပို၍ မကျေမနပ် ဖြစ်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သည်မျှ သူနှိပ်စက်ညှဉ်းပန်းသည်အထိ အလျှော့မပေး အညံ့မခံပဲ သူ့ကို အံတု ယှဉ်ပြိုင်နေခြင်း အတွက် သူသည် တွမ့်ကို မကျေနပ်။ ယခုလည်း ကျွန်ဖမ်းအဖွဲ့၌ တွမ်မပါဝင်ခြင်းကို သူ ဒေါသ ဖြစ်ရသည်။ ကက်ဆီတို့ကို မမိနိုင်သည့်အတွက် ပို၍ပင် ဒေါသ ဖြစ်ရလေသည်။
"ငါ ဒင်းကို မုန်းတယ်။ ဒင်းကို မုန်းတယ်" လက်ဂရီးသည် ထိုည ကျွန်ဖမ်းထွက်ရာမှ အပြန် တွင် အခဲမကျေနိုင်သဖြင့် တဖျစ်တောက်တောက် ပြောနေ၏။ သူသည် အိပ်ရာမှ ထလိုက်ပြီး "ဒီကောင်ဟာ ငါ့ကျွန် မဟုတ်ဘူးလား။ ငါ ဒီကောင်ကို ဘာကြောင့် မနိုင်နိုင်ရတာလဲ။ ဒီကောင် ဘယ်သူ့အားကိုးနဲ့ ငါ့ကို အာခံနေရတာလဲ" လက်ဂရီးသည် မိမိ လက်သီးဆုပ်တွင်းမှ အရာဝတ္ထု တခုကို မွမွချေနေဘိသကဲ့သို့ လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး လှုပ်ရမ်းလိုက်လေသည်။
နောက်တနေ့နံနက်တွင် သူသည် ကက်ဆီတို့ကို ရှာဖွေဖမ်းဆီးရန် နောက်လိုက် နောက်ပါ များနှင့် ထွက်ခဲ့ပြန်သည်။ သူတို့သည် ရွှံ့အိုင်ကြီးကို စနစ်တကျ ၀ိုင်းပြီး ရှာဖွေကြမည် ဖြစ်သည်။ လက်ဂရီးသည် တစုံတခုကို ဆုံးဖြတ်ထားပြီး ဖြစ်၏။ ယနေ့ ကက်ဆီတို့ကို မိမည်ဆိုလျှင် ဘာမျှ မထောင်းတာ။ မမိလျှင် သူသည် တွမ့်ကို သူ့ရှေ့သို့ ခေါ်ယူမည်။ တွမ့်ကို သူရိုက်နှက် မေးမြန်း စစ်ဆေးမည် စသည်ဖြင့် သူ ဆုံးဖြတ်ထားပြီး ဖြစ်၏။ ယခုပင် သူသည် အံ့ကို ကြိတ်လိုက်ပြန်သည်။ သူ့သွေးသည် ပွက်ပွက်ဆူနေပြီ ဖြစ်၏။
"အင်း၊ သူတို့တော့ အရှာ သွားကြ ပြန်ပြီ" ကက်ဆီသည် ထပ်ခိုးရှိ အပေါက်မှ လှမ်းကြည့် ရင်း အမ်မလင်းအား လှမ်းပြောလိုက်သည်။
အိမ်ရှေ့မျက်နှာစာ၌ မြင်းစီးသမားသုံးယောက်နှင့်အတူ မြင်းများသည် ပတပ်ရပ်လျက် ဟန်တပြင်ပြင် ဖြစ်နေ၏။ ကြိုးတန်းလန်းနှင့် ခွေးများသည် ကြိုးဆွဲထားသော နီးဂရိုးများလက်မှ ရုန်းကန်ရင်း တ၀ုန်းဝုန်း ဟောင်နေ၏။
အနီးအပါးရှိ စိုက်ခင်းမှ အကူအညီများလည်း ရောက်ကြပေပြီ။ လက်ဂရီးသည် ထွက်ပြေး ကျွန်အရှာထွက်အဖွဲ့က လူအားလုံးကို အရက်တိုက်နေ၏။
ကက်ဆီသည် အပေါက်က ချောင်းကြည့်နေရာမှ အပေါက်တွင် နားကို ကပ်လိုက်ပြီး အိမ်ရှေ့က လူများ ပြောဆိုကြသည်ကို နားစွင့်လိုက်ပြန်သည်။ အတန်ကြာသောအခါ အပေါက်မှ နားကို ခွာလိုက်ပြီး
"ညီမအတွက်အသာ မဟုတ်ရင် ကိုယ်အပြင်ကို ထွက်ပြီး အပြစ်ခံလိုက်မယ် အမ်မလင်။ တကယ်ဘဲ။ ဟုတ်တယ်။ ကိုယ့်အဖို့ လွတ်မြောက်ရေးဟာ ဘာအဓိပ္ပာယ် ရှိသလဲ။ ကိုယ်လွတ် သွားပြီဘဲထားပါ။ ကိုယ့်ကလေးကို ကိုယ်ပြန်ရမလား။ ဒီတော့ကော ဘာအဓိပ္ပာယ်ရှိသေးသလဲ" အမ်မလင်အား လှမ်း၍ ညည်းတွား ပြောဆိုပြန်သည်။
အမ်မလင်သည် ကက်ဆီ ချောက်ချောက်ချားချား ဖြစ်နေသည်ကို မြင်ရသဖြင့် ကြောက်ကြောက်ရွံ့ရွံ့ ဖြစ်ရပြန်လေသည်။ သူ ဘာမျှ စကားပြန် မပေးနိုင်ပေ။ ကက်ဆီ့ လက်ကို သာ အငြင်အသာ လှမ်းယူဆုပ်ကိုင်လိုက်သည်။
"မင်း ဒီလို မလုပ်နဲ့ ခလေး။ ကိုယ့်မှာ မေတ္တာတရားဆိုတာ ပြန်လည် ရှင်သန်လာလိမ့် အုံးမယ်လို့များ ထင်နေသလား"
"ဒီလိုလဲ မပြောပါနဲ့ မမကက်ဆီ။ မမ လွတ်မြောက်လာရင် မမ သမီးကိုလဲ ပြန်တွေ့ရမှာ ပေါ့။ ဘာဘဲဖြစ်ဖြစ်ပေါ့ မမရယ်။ ညီမဟာ မမရဲ့သမီးပေါ့။ ညီမဟာ မမရဲ့သမီးဘဲပေါ့။ ညီမ သိပါတယ်။ ညီမဟာ ဒီတသက်မှာ ညီမအမေကို ပြန်တွေ့ရမှာ မဟုတ်ဘူး။ ဒီတော့ မမ ညီမကို ချစ်ချစ် မချစ်ချစ် ညီတော့ မမကို ချစ်မှာဘဲ"
ကက်ဆီသည် အမ်မလင်ထံမှ ကလေးငယ်တယောက်၏ သန့်စင်သော စကားကြောင့် စိတ်ထိခိုက်သွားကာ အမ်မလင့်ဘေးတွင် ၀င်ထိုင်လိုက်သည်။ အမ်မလင့်လည်ပင်းကို ဖက်ပြီး ဆံပင်စကို ပွတ်သပ်ပေးနေပြန်သည်။ မျက်ရည်စသည် ရီဝေလာသည်။
"အို၊ ညီမရယ်။ မမဟာ မမခလေးတွေကို တမ်းတနေခဲ့ရတာပါ။ မမခလေးတွေကို တွေ့ချင်တယ်" ကက်ဆီသည် သူ့ရင်ကို ပုတ်လျက် "ဟောဒီ မမရင်ထဲမှာ ဆိုတာ ကွဲအက် ကြေမွ နေကြပလား အောက်မေ့ရတယ်။ ဖုရားသခင်ဟာ မမ ခလေးတွေနဲ့ မမကို ပြန်တွေ့အောင် ဖန်တီး ပေးမယ်ဆိုရင် မမလေ ဖုရားသခင်ကို ဆည်းကပ်ပါရဲ့ကွယ်"
"ဖုရားကို ယုံပါ မမ။ ဖုရားသခင်ဟာ ကျမတို့ရဲ့ အဖ ဖုရားသခင်ပါ"
"ဖုရားသခင်ဟာ ဒို့အပေါ်မှာ အမျက်ထားပြီး ဒို့ကို စွန့်ပစ်ထားပြီဘဲ"
"မဟုတ်ဘူးမမ။ ဖုရားသခင်ဟာ ကျမတို့ကို အမြဲစောင့်ရှောက်မှာပါ။ ဒါကြောင့် စိတ်မပျက် ပါနဲ့ မမရယ်။ ကျမတို့မှာ မျှော်လင့်ချက်ဆိုတာ ဘယ်တော့မှ ဆုံးခန်းမတိုင်ပါဘူး မမရယ်"
လက်ဂရီးတို့ လူသိုက်သည် စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာခဲ့ကြပြန်လေပြီ။ ကက်ဆီ သည် အဖြစ်အပျက် အားလုံးကို အပေါက်က လှမ်းမြင်နေရ၏။
လက်ဂရီးသည် မြင်းပေါ်မှ ပင်ပန်းကြီးစွာဖြင့် ဆင်းပြီး အိမ်ထဲသို့ ၀င်သွားလေသည်။
အနားယူအခန်း၌ လက်ဂရီးသည် လက်ဂရီးသည် မိမိကိုယ်ကို ပစ်လှဲချလိုက်ပြီး
"ဟေ့ ကွင်ဗို။ မင်း ဟိုအကောင်ကြီး တွမ့်ဆီကို သွားစမ်း။ ခုကိစ္စတခုလုံးမှာ ဒီကောင်ကြီး အခရာဘဲကွ။ အဲဒီတော့ ဒီကောင်ကြီးကို ခေါ်မေးရမယ်" ကွင်ဗိုအား လှမ်း၍ အမိန့်ပေးလိုက်သည်။
ကွင်ဗိုနှင့် ဆမ်ဗိုသ်ည တဦးနှင့်တဦး မသင့်မြတ်ပေ။ တယောက်နှင့်တယောက် သဘော ချင်း တိုက်ဆိုင်ခဲ့လှစေကာမူ တွမ့်ကို မုန်းတီးရာ၌ကား တသဘောတည်း ဖြစ်ကြသည်။ လက်ဂရီး သည် တွမ့်ကို ဤအိမ်သို့ ခေါ်လာစဉ်က တွမ့်အား ဆမ်ဗိုနှင့် ကွင်ဗိုင်တို့ထက်ပင် မြှောက်စားရန် ရည်ရွယ်ထားကြောင့်း ဆမ်ဗိုနှင့် ကွင်ဗို သိထား၏။ ထို့ကြောင့် သူတို့သည် တွမ့်ကို မုန်းတီးကြ သည်။ တွမ်ဒုက္ခရောက်မည်ကို နှစ်ဦးစလုံး အလိုရှိကြသည်။
ကွင်ဗိုသည် သူ့သခင်ခိုင်းသည့်အတိုင်း မဆိုင်းမတွပင် ဦးလေးတွမ်ရှိရာသို့ ရောက်လာ သည်။ ဦးလေးတွမ်ကို ဒရွတ်ဆွဲလျက် ခေါ်လာသည်။ ထိုသို့ ဆွဲခေါ်လာရင်းပင် ကွင်ဗိုသည် နှုတ်မှ လည်း ပစ်တင်ကြိမ်းမောင်းချေ။ လှောင်ပြောင်ချေဖြင့် ပြောဆိုလာသည်။ စင်စစ်မူ ကွင်ဗို၏ စကား များကို သူမကြား။ "သူတို့ကို မကြောက်လင့်၊ သူတို့သည် သင်၏ ခန္ဓာကိုယ်ကို သတ်ဖြတ် ပြီးသည် ၏ အခြားမဲ့၌ သင့်အား နောက်ထပ်၍ ဘာမျှ ပြုလုပ်နိုင်ကြတော့မည်မဟုတ်" ဟူသော စကားကို သာ နားမှာ ကြားနရ၏။ ဤသို့ဖြင့် အဆုံး၌ သူသည် လွတ်မြောက်ရမည်။ သူ့အိမ်သို့ သူရောက်ရ တော့မည်ဟု ထင်မှတ်လျက် ပါလာသည်။
"ဟေ့ကောင် တွမ်။ မင်းကို ငါသတ်တော့မယ်ဆိုတာ မင်းသိတယ် မဟုတ်လား" လက်ဂရီး သည် တွမ့်ဆီသို့ ထလာပြီး တွမ်၏ အင်္ကျီကော်လာစကို ဆွဲယူ မေးမြန်းသည်။
"ဒါဘဲ ရှိတော့ မပေါ့သခင်" တွမ့်အသံသည် တည်ငြိမ်အေးဆေးလှစွာ၏။
"အေး ဟိုကောင်မနှစ်ကောင်မ ခု ဘယ်မလဲ။ အဲဒါပြော။ မပြောရင်တော့ မင်း သေရ အောင် ပြင်ပေတော့"
တွမ်သည် ဘာမျှ နှုတ်တုံ့မပြန်။
"ဟေ့ကောင်၊ မေးတာ မကြားဘူးလား။ပြောလေကွာ"
"ကျုပ်မှာ ဘာမှ ပြောစရာမရှိပါဘူး သခင်"
"ဘာကွ။ ဘာပြောတယ်။ မင်း သိတယ် မဟုတ်လား"
တွမ်သည် နှုတ်တုံ့မပြန်။
"ပြောလေ။ မင်း သိတယ် မဟုတ်လား" လက်ဂရီးသည် တွမ့်ကို ခပ်ပြင်းပြင်း ထိုးနှက်လိုက် သည်။
"ဟုတ်တယ်။ ကျုပ်သိတယ် သခင်။ ဒါပေမယ့် ကျုပ်မပြောနိုင်ဘူး။ ကျုပ် အသေခံမယ်"
"ဟိတ်တွမ်။ မင်းက ငါ မင်းကို မလုပ်ဖူး ထင်နေတာပေါ့ ဟုတ်လား။ အေး၊ ဟုတ်တယ်။ မင်းကို ငါပြုပြင်လို့ရအုံးမလားလို့ စောင့်ကြည့်ခဲ့တာ။ ဒီတခါတော့ ငါ ဆုံးဖြတ်ပြီးပြီ။ မင်းသေတဲ့ အထိ မင့်းသွေးကို တစက်ချင်းတစက်ချင်း ထုတ်ယူပြီး ငါသတ်ပြမယ်" ဒေါသတကြီး ပြောသည်။
တွမ်သည် သူ့သခင်ကို မော့်ကြည့်ပြီး
"သခင် နေမကောင်းဘူးဆိုရင်၊ ဒုက္ခရောက်နေတယ်ဆိုရင်၊ ဒါမှမဟုတ် သခင်သေလု မျောပါး ဖြစ်နေတာမျိုးဆိုရင် ကျုပ် သခင့်ကို ကယ်ဘို့ ဘာမှဝန်မလေးဘူး။ သခင့်အတွက် ကျုပ် အသည်းနှလုံးက သွေးကိုလဲ ပေးမှာဘဲ။ ဒီမှာသခင်၊ သခင့်အဖို့ အမြဲသဖြင့် စိတ်ထိခိုက်နေရမှာမျိုး ကို သခင် မကျူးလွန်စေချင်ဘူး။ သခင် ကျုပ်ကို ကြိုက်သလောက် ညှဉ်းဆဲပါ။ ဒါက အကြောင်း မဟုတ်ဘူးသခင်။ ကျုပ်ခံစားရတဲ့ဒုက္ခဆိုတာက ခဏဘဲ သခင်။ ဒါပေမယ့် သခင့်အဖို့ မဆုံးနိုင်တဲ့ ဒုက္ခတွေနဲ့ တွေ့ရလိမ့်မယ်။ ပြုသူအသစ်၊ ဖြစ်သူ အဟောင်းလို့ဆိုတယ် မဟုတ်လားသခင်" ပြောလိုက်ကာ စကားကြောင့် လက်ဂရီးသည် အံ့သြတွေဝေရလေတော့သည်။
ရုတ်ရက်၌ လက်ဂရီးသည် ဖုရားသခင်၏ အမိန့်စကားကို ကြားလိုက်ရဘိသကဲ့သို့ ထင်မှတ် လိုက်ရသေးသည်။ သို့သော် ချက်ချင်းပင် မကြားဟန် ပြုလိုက်၏။ သူ့စိတ်အာရုံသည် ဘီလူးသဘက်အသွင် ပြောင်းလဲလာသည်။ သူသည် ဦးလေးတွမ်အား မြေကြီးသို့ လဲကျသွား သည်အထိ ရိုက်ပုတ် ထိုးနှက်လေ တော့သည်။
ထိုညက တွမ်ခံစားရသော အဖြစ်အပျက်များကား စာလုံးအက္ခရာတို့ဖြင့် ဖော်ပြခြင်းငှာ မစွမ်းနိုင် လောက်အောင်ပင် ရက်စက်ကြမ်းကြုတ်လှဘိသည်။ သို့သော် ဤနိုင်ငံကြီး၏ တရား ဥပဒေသည် ဤသို့သော ရက်စက်မှုများအတွက် ခွင့်ပြုထားပြီးဖြစ်လေသည်။ ဤနေရာ၌ ဖုရားရှိခိုး ကျောင်းများသည် နှုတ်ပိတ် နေကြသည်သာ ဖြစ်၏။
တွမ်သည် သူ၏နေရာတင်းကုပ်တွင်း၌ လဲနေ၏။ သူ့ကို အထီးတည်း လဲနေသည်ဟု ထင်ရသည်။ သို့သော် စင်စစ်အားဖြင့်မူ သူသည် အထီးတည်း မဟုတ်ချေ။ သူ့စိတ်အာရုံ၌ ဖုရား သခင်၏ မေတ္တာ အရှိန်အ၀ါသည် ထင်ဟပ်နေ၏။ ဖုရားသခင်သည် သူ့အပါးတွင် ရှိနေဘိသကဲ့သို့ ထင်မှတ် နေလေသည်။
တွမ်သည် ခံစားရလွန်းသဖြင့် သူသိသမျှကို ပြောလိုက်မည်ဟုပင် အကြံ ဖြစ်သေးသည်။ စင်စစ်အားဖြင့် ကက်ဆီ၏ အကြံအစည်ကို သူ ကြိုတင်သိခဲ့ပြီး ဖြစ်၏။ သို့သော် သူ့၌ ယုံကြည် ချက်သည် အခိုင်အမာ စွဲမြဲဖြစ်ရာ စိတ်ကို ပြန်လည်တင်းနိုင်ခဲ့လေသည်။ သူသည် ဖုရားကိုသာ တမ်းတဆုတောင်းနေ၏။
"တူ သေလောက်ပါပြီသခင်" ဆမ်ဗိုသည်ပင်လျှင် ဤမျှ ရိုက်နှိပ်ညှဉ်းပန်းနေသည်အထိ စိတ်မလျှော့ပဲ တင်းခံနေသော ဦးလေးတွမ်ကို အံ့သြလာသည်။
"ဆက်သာလုပ်။ ဒီအကောင် မဖော်မချင်း သွေးတပေါက် တပေါက်ကျပြီး သေတဲ့အထိ ချသာချ"
တွမ်သည် မျက်လုံးကို အားယူ၍ ဖွင့်ပြီး "သင်ဟာ တယ်ပြီး သနားစရာကောင်းပါကလား။ သို့ပေမယ့် ကျုပ်အသင့်ကို ခွင့်လွှတ်တယ်"ပြောရင်း မေ့မျောသွားပြန်သည်။
လက်ဂရီးသည် တွမ်သေပြီအထင်ဖြင့် ဦးလေးတွမ်၏ တင်းကုပ်တွင်းမှ ထွက်ခဲ့သည်။ ဆမ်ဗိုနှင့် ကွင်ဗိုသည် တွမ့်ဘေးတွင် ကျန်ရစ်သည်။ ဦးလေးတွမ်၏ စွဲမြဲသော ယုံကြည်ချက်၊ မတွန့် မဆုတ်သော စကားတို့သည် သူတို့၏ ရက်စက်ရုန့်ရင်းသော အသည်းနှလုံးများသို့တိုင်အောင် ထိုးဖောက် ၀င်ရောက် လာခဲ့ချေပြီ ဖြစ်လေသည်။ သူတို့သည် ဦးလေးတွမ် ပြန်လည်သတိရလာ အောင် ပြုစုကြသည်။ အိပ်ရာကို ခင်းပေးသည်။ ဦးလေးတွမ်၏ ဒဏ်ရာများကို ဆေးကြော သုတ်သင်ပေးကြသည်။
"အို၊ တွမ်ရာ။ ဒို့တတွေ တင့်ကို အတော်ရက်စက်ကြတာဘဲ" ကွင်ဗိုက ပြောသည်။
"ဒီမယ် တွမ်။ ယေရှုသခင်ဆိုတာ ဘယ်သူလဲ။ ဒို့ကို ပြောစမ်းပါ" ဆမ်ဗိုက မေးသည်။
ဆမ်ဗို၏ အမေးကြောင့် ဦးလေးတွမ်၏ စိတ်ဓာတ်သည် ပြန်လည် ရှင်သန်လာ၏။ သူသည် လူယုတ်မာနှစ်ယောက်အား ဖုရားသခင်၏ဘ၀နှင့် ဖုရားသခင် အသက်ဆုံးရှုံးရပုံများကို အတိုချုံး ပြောပြ နေ၏။
"ဒို့ ဒါတွေကို အရင်က မကြားဖူးပါလား" ဆမ်ဗိုလ်သည် အံ့သြထိတ်လန့်နေ၏။ "တပည့်တော်တို့အား ချမ်းတာ ပေးတော်မူပါ အရှင်ဖုရား"
ထိုအခါ ဦးလေးတွမ်သည်လည်း ဆမ်ဗိုတို့နှစ်ယောက်အတွက် ဖုရားသခင်ထံတွင် ဆုတောင်း လိုက်လေသည်။
အခန်း (၄၁) ဆက်ရန်
.

2 comments:
မျှော်လင့်ချက် ရောင်ခြည် လင်းပြီလို့ ပြောလို့ရပြီလား..
နောက်အပိုင်းဆက်မျှော်.....ရဦးမည်..
အမ ခုထက်ထိ ကံမကောင်းသေးဘူးလားးးး
ဖတ်ရတာ မချိဘူး..။
မြတ်နိုး
Post a Comment