လက်ဂရီး၏ အိမ်အပေါ်ထပ်၌ ထပ်ခိုးကလေး တခု ရှိသည်။ ထိုထပ်ခိုးကလေးသည် ဖုံမှုံ အမှိုက် သရိုက်များ၊ ပင့်ကူမှေးများ၊ ပင့်ကူအိမ်များဖြင့် ရှုပ်ထွေး နေ၏။ အိမ်ထောင် ပရိဘောဂ အဟောင်းအမြင်းတို့ကို သိုလှောင်ထားသော နေရာ ဖြစ်သည်။ လူသူစွန့်ပစ်ထားသော အခန်း ဖြစ်သော ကြောင့်လည်း အခန်း၏ အနေအထားသည် ချောက်လှန့်သော အသွင်ကို ဆောင်၏။ တစ္ဆေပုံပြင် များ၌ ဖော်ပြလေ့ရှိသော အခန်းတခု၏ အသွင်မျိုးကိုလည်း ဆောင်လေသည်။
ထို့ကြောင့်ပင် ဤအခန်းကလေးသည် တစ္ဆေသရဲ ယုံကြည်သူများအဖို့ အလိုလိုနေရင်း စိတ်ချောက်ချားဖွယ် ဖြစ်စေသည်။ ထိုအခြေအနေမျိုးမှာပင် ဤအခန်းကလေး၏ အကြောင်းသည် ပြောစရာ ထပ်ဆင့်ဖြစ်ပေါ်လာခဲ့လေသည်။
လက်ဂရီးသည် တကြိမ်၌ နီးဂရိုးမတယောက်ကို ထိုအခန်းကျဉ်းကလေး၌ ရက်ပေါင်းများ စွာ သိုလှောင် အကျဉ်းချထားခဲ့၏။ ထိုစဉ်က ထိုမိန်းမသည် ထိုအခန်းကလေး၌ မည်သို့သော အဖြစ်မျိုးနှင့် ရင်ဆိုင် ရသည် ကို မည်သူမျှ တပ်အပ်သေချာစွာ မပြောနိုင်စေကာမူ များမကြာမီ အတွင်းမှာပင် ထိုမိန်းမ၏ အလောင်း ကို ထိုအခန်း ကလေးမှ ထုတ်ယူလာပြီး မြေမြှုပ်သင်္ဂြိုဟ် လိုက်ကြသည့် အဖြစ်ကိုကား တဦးစနှင့် နှစ်ဦးစ တွေ့မြင်လိုက်ရသည်မှ အစပြုကာ ထိုအခန်း ကလေး၏ ချောက်ချားဖွယ်အဖြစ်သည် လက်ဂရီး၏ ကျွန်များ ကြားတွင် ပြောစရာစကား ဖြစ်လာခဲ့ရ လေသည်။
လက်ဂရီးသည် ပင်ကိုယ်အားဖြင့် အယူသည်းသူ ဖြစ်၏။ ဘာသာတရား၌ ရိုသေကိုင်းရှိုင်း ခြင်း မရှိ သလောက် သရဲတစ္ဆေကို ယုံကြည်သူ ဖြစ်သည်။ သူသည် သူ့အိမ်ထပ်ခိုးကလေးနှင့် ပတ်သက်၍ မူလကပင် စိတ် မသိုးမသန့် ရှိခဲ့သည်။ ထို့ကြောင့် ဤအခန်းကလေးတွင်းသို့ မဆို ထားနှင့်၊ အခန်းကလေး၏ အနီးအပါး သို့ပင် သူ သွားလေ့ သွားထ မရှိပေ။
အခန်းကလေးနှင့် ပတ်သက်သော သတင်းစကားသည် နီးဂရိုးများအတွင်း၌ ပျံ့နှံ့လာ၏။ ထိုအခန်း ကလေး ဆီမှ ညည်းညူသံများ၊ ဆဲဆိုသံများ၊ ကျိန်စာတိုက်သံများ၊ ပြင်းထန်သော ထိုးနှက်သံများသည် မပြတ် မပြတ် ရောထွေးထွက်ပေါ်လာတတ်သည်ဟူသော သတင်းစကား ဖြစ်သည်။
ထိုစကားသည် မကြာမီမှာပင် လက်ဂရီးနားသို့ ရောက်လာ၏။ လက်ဂရီးသည် နဂိုကပင် ထိုအခန်းနှင့် ပတ်သက် ၍ အလိုလို သွေးလန့်နေပြီဖြစ်ရာ ထိုစကားကို ကြားရသောအခါ ပို၍ စိတ် နှလုံး တုန်လှုပ် ချောက်ချား ရလေသည်။ ထို့ကြောင့် ဤအကြောင်းကို မည်သူ့အားမျှ မပြောရန်နှင့် အကယ်၍ တယောက် ယောက် သည် ထိုထပ်ခိုးကလေး၏ ချောက်လှန့်တတ်သော အကြောင်းကို ပြောပါက အခန်းတွင်း၌ အကျဉ်းချ ပိတ်လှောင်ထားမည်ဖြစ်ကြောင်း အမိန့်ထုတ်ခဲ့ရလေတော့ သည်။
လက်ဂရီးအိမ် အထပ်ခိုးကလေးကား ဤမျှ ထင်ရှားကျော်ကြားပြီး ဖြစ်သည်။
သို့ဖြင့် ထိုထပ်ခိုးကလေး၏ အကြောင်းကိုလည်း မည်သူမျှ မပြော၊ ထိုထပ်ခိုးကလေးဆီသို့ တက်ရာ လှေကား ရှိသည့် လမ်းကြားကလေးကိုလည်း မည်သူမျှ မသွားမလာကြတော့ပဲ အခန်း ကလေးနှင့် ဤအိမ်ကြီး အဆက်ဖြတ်ထားခဲ့သည်မှာ ကြာပြီ ဖြစ်၏။
ကက်ဆီသည် သူ၏လွတ်မြောက်ရေးကို ကြံစည်ရာ၌ လက်ဂရီး၏ ကြောက်တတ်သော စိတ်ထားနှင့် အခန်းကလေး ၏ အခြေအနေကို အသုံးချရန် စိတ်ကူးခဲ့ရလေသည်။
ကက်ဆီ၏ အခန်းသည် ထိုထပ်ခိုး၏ အောက်တည့်တည့်၌ ရှိ၏။ တနေ့တွင် ကက်ဆီ သည် လကဂရီးအား အသိမပေး ပဲ သူ၏ အိပ်ခန်းကို အခြားတခန်းသို့ ရုတ်တရက် ပြောင်းရွှေ့လိုက် လေသည်။ ထိုသို့ ပြောင်းရွှေ့ သည်ကို လက်ဂရီးတွေ့ရလျှင်ပင် စိုးရိမ်အံ့သြဖြစ်သွားကာ
"ဟေ့၊ ကက်ဆီရ။ ဒါက ဘာလုပ်တာလဲကွ" ဟု မေးလိုက်မိသည်။
"ဘာမှ မဟုတ်ပါဘူး။ ကျမ တခြားအခန်းတခုမှာ ပြောင်းနေမလားလို့ပါ"
"ဘာဖြစ်လို့လဲ"
"ဘာမှ မဟုတ်ပါဘူး။ ကျမ ပြောင်းချင်လို့ပါ"
"ဟာ၊ ဒီမိန်းမ ဘာလုပ်တာလဲ"
"ကျမ ကောင်းကောင်း အိပ်ရအောင်လို့ပါ"
"ခါတိုင်းတော့ ကော မင်း ကောင်းကောင်း မအိပ်ရလို့ ဘာဖြစ်နေလို့လဲ"
"ဒါတော့ ရှင် နားထောင်ချင် ကျမ ပြောရသေးတာပေါ့" ကက်ဆီက ခပ်ပေါ့ပေါ့ ဖြေသည်။
"ဘာဖြစ်လဲ၊ ဘာဖြစ်လဲ။ ပြောစမ်း"
"အို၊ ဘာမှ မဟုတ်ပါဘူး။ ဒါ သိလို့လဲ ရှင် ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ ညည်းသံတွေ၊ တရှပ်ရှပ် သွားသံတွေ၊ တခါတခါ လိမ့်လိမ့်သွားတဲ့ အသံတွေပါ။ ထပ်ခိုးပေါ်ကနေ သန်ကောင် လောက်ဆို ကြားကြား လာရတယ်။ မနက်အထိဘဲ။ အိပ်လို့ကို မရဘူး"
"ဘာ ထပ်ခိုးပေါ်က။ ဟုတ်လား။ ဘယ်သူလဲ" လက်ဂရီးသည် မအီမသာ ဖြစ်သွား၏။ သို့သော် ဟန်လုပ် ပြုံးရယ် လိုက်သေး၏။
ကက်ဆီသည် မျက်လွှာကိုပင့်ပြီး လက်ဂရီးကို စိုက်ကြည့်လျက်
"ဘာတွေတုံးဆိုတာ ရှင် ပြောပြပါလား။ တကယ်တော့ ရှင်လဲ သိမှာ မဟုတ်ပါဘူး" ပြော ပြန်သည်။
လက်ဂရီး သည် ကက်ဆီကို ကြာပွတ်နှင့် လှမ်းရိုက်လိုက်သည်။ ကက်ဆီသည် သူ့အခန်း ထဲသို့ ၀င်သွားပြီး မှ လည်ပြန်လှည့်၍
"ရှင် အိပ်ကြည့်ပါလား။ ဒါဆို ရှင်သိမှာပေါ့။ စမ်းကြည့်ပါလား" ပြောပြီး တံခါးကို ပိတ်လိုက် သည်။
လက်ဂရီးသည် ကြောက်လာသည်။ အားတင်းသေး၏။ အခန်းတွင်းသို့ ခေါက်တုံ့ခေါက်ပြန် လျှောက်နေလင့် ကစား စိတ်ဂဏှာကား မငြိမ်ဆိမ်။
ကက်ဆီသည် သူဆင်သော အကွက်တွင်းသို့ လက်ဂရီး ၀င်လာပြီဟု ရိပ်မိသည်။ ထို့ကြောင့် သူ့လုပ်ငန်း ကို ဆက်လက်လုပ်ကိုင်ရန် စီစဉ်ရလေတော့သည်။
ထိုထပ်ခိုးတနေရာ၌ အပေါက်ကလေးတခု ရှိသည်။ ကက်ဆီသည် ထိုအပေါက်တွင် ပလင်းလည်ပင်းတခု တပ်လိုက်သည်။ ဤနည်းဖြင့် လေသည် အထပ်ခိုးတွင်းသို့ ဤအပေါက် ကလေးမှ ၀င်နိုင်ထွက်နိုင်သည်။ ထို အခါတိုင်း ပလင်းလည်ပင်းတွင်းမှ ဖြတ်၍ လေတိုးဝင်သံကို ကြားရ၏။
များမကြာမီပင် ထိုထပ်ခိုးဆီမှ အသံဗလံများ ကြားရသည်ဟူသော သတင်းစကားသည် မူလ ပေါ်ပေါက်ခဲ့သော တစ္ဆေဇာတ်လမ်းနျင့် ဆက်စပ်ကာ အသစ် ပေါ်ပေါက်ခဲ့ရပြန်လေသည်။ သို့သော် မည်သူ မျှ ဤအကြောင်းကို လက်ဂရီးကြားအောင် မပြောရဲကြပေ။ အားလုံး၏ အမူအရာဟန်ပန်များသည် ထိုအခန်းနှင့် ပတ်သက်၍ ထိတ်လန့်တုန်လှုပ်သောအသွင်ကို ဆောင် နေ၏။ သည့်အတွက် လက်ဂရီးအဖို့ ပို၍ပင် ကြောက်ရွံ့လာသည်။
ကက်ဆီသည် လက်ဂရီးပိုက်ဆံပေး၍ ၀ယ်လာသော ကျွန်မတယောက် ဖြစ်၏။ ကျွန်မ တယောက် အနေနှင့် သခင်၏အမိန့်သြဇာကို နာခံရန် ဖြစ်သော်လည်း ကက်ဆီသည် မိန်းမ တယောက်အနေဖြင့် လက်ဂရီး အပေါ် ကောင်းစွာလွှမ်းမိုးနိုင်ပြီ ဖြစ်၏။
ထိုအခြေအနေမျိုးကို မည်သို့ အသုံးချရမည်ကိုလည်း ကက်ဆီသည် ကောင်းစွာ သဘောပေါက်ပြီး ဖြစ်၏။
ဖော်ပြပါ အဖြစ်အပျက်များ ပေါ်ပေါက်ခဲ့ပြီးနောက် တညနှစ်ညအကြာ တခုသောညတွင် ဖြစ်သည်။ လက်ဂရီး သည် အနားယူခန်းတွင်းရှိ မီးဖိုဘေး၌ ထိုင်နေ၏။ သူ့မျက်လုံးအစုံသည် အခန်းတွင်းပတ်လည်ကို မကြာ မကြာ လှည့်ကြည့်နေ၏။
အပြင်ဖက်၌ လေပြင်းတိုက်နေ၏။ တအိမ်လုံးသည် လေပြင်း၌ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်နေ ၏။ ပြတင်းတံခါးများဆီမှ တဒေါက်ဒေါက်အသံများ၊ တရုတ်ကတ်များဆီမှ တဖြတ်ဖြတ်အသံများ၊ လေတိုက်သံများ။ တခါတရံ အပြင်ဖက်ကလေသည် မီးဖိုခေါင်တိုင်မှ ၀င်လာသောအခါ ပြာများ သည် မီးဖိုမှ ပြန်ထလာတတ်သေးသည်။
လက်ဂရီးသည် သတင်းစာတစောင်ကို ဖတ်နေ၏။ ကက်ဆီသည် မလှမ်းမကမ်း၌ နေ၍ မီးဖိုကို စူးစိုက် ကြည့်နေ၏။ အတန်ကြာသောအခါ လက်ဂရီးသည် သတင်းစာကို လွှတ်ချလိုက် သည်။ ထိုအခါ စပွဲပေါ်တွင် မှောက်လျက် တင်ထားသော စာအုပ်ကို သတိပြုမိပြန်၏။ ထိုစာအုပ် ကား ခပ်စောစောပိုင်းက ကက်ဆီ ဖတ်ပြီး ချထားသော လူသတ်ဇာတ်လမ်း၊ တစ္ဆေပုံပြင်များ ပါဝင် သည့် လျှို့ဝှက်သဲဖိုဝတ္ထုတိုများ စာအုပ် ဖြစ်သည်။
စာအုပ်ကို မြင်လျှင် စက်ဆုပ်ရွံရှာ မနှစ်သက်သည့် ဟန်ဖြင့် ဖွီဖွမ် လုပ်လိုက်သေးသည်။ သို့သော် သူသည် စာအုပ်ကိုဆွဲပြီး ဟိုလှန်သည်လှန် လုပ်နေပြန်သည်။ ထိုသို့လုပ်ရင်းပင် စာအုပ်ပါ အကြောင်းများကို ဖတ်ကြည့်မိပြန်၏။ ထို့နောက် လက်ဂရီးသည် ပါးစပ်က မြည်တွန်တောက်တီး ရင်း စာအုပ်ကို လွှတ်ချ လိုက်သည်။
"မင်း တစ္ဆေတွေဘာတွေ မယုံဘူး မဟုတ်လား ကက်ဆီ" လက်ဂရီးသည် မီးညှပ်ကိုယူပြီး မီးဖိုကိုဆွရင်း စကားကိုဆက်ပြန်သည်။ "ဒါနဲ့တောင် အလကား၊ မင်း အသံဗလံတွေ ကြားကြားပြီး ကြောက်နေရတယ်လို့"
"အို၊ ကျမဘာသာ ယုံယုံမယုံယုံ ဘာဆိုင်တာမှတ်လို့" ခါးခါးတောက်တောက် ပြန်ဖြေ သည်။
"ကိုယ်ငယ်ငယ် ပင်လယ်ထဲလိုက်ကထဲက အဲဒီလို အဓိပ္ပာယ်မရှိတဲ့ ပုံပြင်တွေ ကြားရဘူး လှပါပြီ။ ဒါပေမယ့် ဒါတွေကို ကိုယ်တခုမှ မယုံဘူး။ အလကား အဓိပ္ပာယ်မရှိတဲ့ဟာတွေဘဲ။ ဒါမျိုး တွေကြောင့်များဖြင် ကိုယ်နဲနဲကလေးမှ မကြောက်ဘူး"
ကက်ဆီသည် လက်ဂရီးကို စူးစိုက်ကြည့်နေ၏။ လက်ဂရီးသည် ကက်ဆီနှင့် မျက်နှာချင် ဆိုင်မိတိုင်း ကသိကအောက် ဖြစ်နေ၏။
"အဲဒီအသံဗလံတွေဟာ လေတိုက်တာတို့၊ ကြွက်တွေပြေးတာတို့ ရှိမှာပါ။ ဒီကြွက်တွေဟာ ဒီလိုဘဲ၊ အလွန်မတန် ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်တဲ့အကောင်တွေ"
လက်ဂရီး အဘယ်မျှ နေမထိထိုင်မသာ ဖြစ်နေသည်ကို ကက်ဆီသည် ကောင်းကောင်း ၇ိပ်မိသည်။ ထို့ကြောင့် ဘာစကားမျှ နှုတ်တုံ့မပြန်ပဲ စူးစိုက်လျက်သာ ကြည့်နေ၏။
"ဟေ့ မိန်းမ၊ ပြောလေ။ ဒါဘဲ မဟုတ်လား။ ကြွက်တွေဘာတွေ ဟိုပြေး ဒီပြေး လုပ်တာဘဲ မဟုတ်လား"
"အော်၊ ကြွက်တွေကလား ရှင်။ ရှင် သော့ခတ်ထားတာကို လှပ်ပြီး ၀င်နိုင်မှာ"
"ဘာကွ၊ ဘာပြောတယ်။ တံခါးကို လှပ်ဝင်တယ်၊ ဟုတ်လား"
"အို၊ ဒီလိုတော့လဲ မဟုတ်ဖူး ထင်တာဘဲ"
"ပြောစမ်း၊ ပြောစမ်း။ မင်း မင်း မင်း၊ ဘာတွေလဲ"
"ဒါတော့ ရှင် သိချင်ရင် အရင် ကျမအိပ်တဲ့ အခန်းမှာ ရှင် အိပ်ကြည့်ပေါ့ရှင့်"
"ဘာလဲ၊ အဲဒါထပ်ခိုးပေါ်က ဆင်းလာသလား ကက်ဆီ"
"ဘာ အဲဒါလဲ"
"မင်း ပြောဒါလေ"
"အို၊ ရှင့်ကို ကျုပ် ဘာမှ မပြောရပါကလား"
လက်ဂရီးသည် အခန်းတွင်း၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။
"အေး၊ မင်း ပြောတာ ငါ တက်ကို ကြည့်အုန်းမယ်။ ဒီည တွင်းချင်း တက်ကြည့်မယ်။ ခြောက်လုံးပူးကိုလဲ ယူသွားမယ်" လက်ဂရီးသည် ခြေဖြင့် ကြမ်းပြင်ကို ဆောင့်ပြီး ကျိန်ဆဲလိုက်ပြန် သည်။
"အို၊ ရှင် ဘာလို့ ကျိန်ဆဲနေတာလဲ။ ရှင် ကျိန်ဆဲတာကို ဘယ်သူကြားမှာ မှတ်လို့။ ဟော၊ ဘာပါလိမ့်"
"ဘာလဲ" လက်ဂရီးသည် လှုပ်လှုပ်ချောက်ချောက် ဖြစ်သွားသည်။
အခန်းဒေါင့်ရှိ နာရီကြီးဆီမှ နာရီဆယ့်နှစ်ချက် ခေါက်သံတည်း။
လက်ဂရီးသည် ကြောင်ကြောင် အအကြီး ဖြစ်နေပြန်လေသည်။
"ဆယ့်နှစ်နာရီထိုးပြီ။ အဲ ဒါဆို ကျမတို့ တွေ့ရမှာဘဲ" ကက်ဆီသည် ထပ်ခိုးလှေကားဆီသို့ သွားရာ လမ်းကြားတံခါးကို လှပ်ပြီး အသံပလံကို နားစွင့်ဟန်ဖြင့် တံခါးဝတွင် ရပ်လျက် "ဟော။ ဘာတုန်းလဲ အပေါ်ထပ်သို့ လက်ညှိုးထိုး၍ ပြောသည်။
"လေတိုက်တာပါကွ။ အပြင်မှာ လေတွေ တိုက်နေတာ မင်း မကြားဘူးလား"
"လာ၊ လာ၊ ဆိုင်မွန်" ကက်ဆီသည် လက်ဂရီးအား တီးတိုးပြောပြီး လှေကားခြေသို့ ဦးဆောင်ခေါ်ခဲ့သည်။ "ဟော၊ ဘာလဲဆိုတာ ရှင် မသိဘူးလား"
စူးစူးရှရှ အသံတသံသည် ထပ်ခိုးဆီမှ ပေါ်ထွက်လာ၏။ လက်ဂရီး ဒူးတုန်နေလေပြီ။ မျက်နှာ၌လည်း သွေးမရှိတော့ပေ။
"ရှင့် သေနတ် သွားယူရင် ကောင်းမယ် ထင်တယ်" ခပ်လှောင်လှောင် ပြောလိုက်သည်။ "အဲဒါ အထဲ ရောက်နေပုံရတယ်။ ရှင် တက်ကြည့်ပါလား"
"မကြည့်ချင်ပါဘူးကွာ"
"အဲ၊ ဘာလို့မကြည့်ရမှာလဲ။ တစ္ဆေမှ မဟုတ်တာဘဲ။ လာပါ။ လာစမ်းပါ" ကက်ဆီသည် လှေကားအတိုင်း ရယ်မောလျက် တက်သွား၏။ နောက်ဖက်သို့ လည်ပြန်လှည့်ပြီး လက်ဂရီးအား လှမ်းခေါ်သေးသည်။
"ဟေ့၊ ဟေ့၊ ပြန်ဆင်းခဲ့လေ"
ကက်ဆီသည် အားရပါးရ ရယ်လိုက်သည်။ လက်ဂရီးသည် ထပ်ခိုးဆီမှ တံခါးလှပ်သံကို ကြားရသည်။ လေသည် ဟုတ်ကနဲ တိုက်လာ၏။ လက်ဂရီး လက်က ဖယောင်းတိုင်သည် ငြိမ်းသွား သည်။ ကြောက်ကြောက်လန့်လန့် စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရသလို ရှိသည်။
လက်ဂရီးသည် ဧည့်ခန်းတွင်းသို့ ပြေးဝင်လာခဲ့လေတော့သည်။ ခဏအကြာတွင် ကက်ဆီ ရောက်လာ သည်။ ကက်ဆီမျက်နှာပြင်သည် ဖြူဖတ်ဖြူရော် ဖြစ်နေ၏။ ထိတ်လန့် ကြောက်ရွံ့နေ ဟန် ရှိသည်။
"ဘယ်နဲ့လဲ၊ ရှင် ကျေနပ်ပလား"
"တော်စမ်း၊ ကက်ဆီ"
"အော၊ ဘာဖြစ်ရပြန်တာလဲ။ ကျမ အပေါ်တက်ပြီး တံခါးပိတ်တာဘဲဟာ။ ဘာလဲ၊ ရှင်က ထပ်ခိုးပေါ်မှ တခုခု တွေ့လာတယ် ထင်သလား"
"ဒါ၊ မင်းအလုပ်မဟုတ်ဘူး"
"ဟုတ်ပါတယ်လေ။ ဘာဖြစ်ဖြစ် ကျမ အခန်းပြောင်းအိမ်တာ ကံကောင်းတာဘဲ"
ဤသို့ဖြင့် ကက်ဆီသည် လက်ဂရီး၏ အကဲကို စမ်းပြီး နောက်မကြာမီမှာပင် သူ့လုပ်ငန်း ကို စတင်ဆောင်ရွက်လေတော့သည်။ ပထမတွင် သူသည် ထပ်ခိုးအခန်းတွင်းသို့ သူနှင့် အမ်မလင် အတွက် အစား အစာများ၊ အ၀တ်အထည်များကို တိတ်တဆိတ် ပို့ထားလိုက်သည်။ ဤနည်းဖြင့် သူတို့သည် ထပ်ခိုးတွင် ရက်အတန်ကြာပုန်းအောင် နေနိုင်ကြမည် ဖြစ်၏။
ထို့နောက် တနေ့တွင် ကက်ဆီသည် လက်ဂရီးနှင့်အတူ မြစ်နီပေါ်ရှိ မလှမ်းမကမ်းက မြို့ကလေးတမြို့သို့ အလည်လိုက်သွားရင်း သွားလမ်း လာလမ်းတို့ကို မှတ်သားလာခဲ့သည်။ ဤသို့ ဖြင့် ကြိုတင်စီစဉ်သဖွယ် ကိစ္စများ ပြီးသည်နှင့် သူတို့၏ လွတ်မြောက်ရေး ရုန်းကန်မှုကို အစပြုရန် ဆုံးဖြတ်လိုက်လေသည်။
ထိုနေ့က ညနေစောင်း အချိန်တွင် ဖြစ်သည်။ လက်ဂရီးမှာ အနီးအပါး ခြံတခုသို့ သွားရ သဖြင့် အိမ်၌ မရှိပေ။
အခန်းတွင်း၌ အမ်မလင်သည် အထုပ်အပိုးများကို ထုပ်ပိုး ပြင်ဆင်နေ၏။
"ကဲ၊ သွားကြစို့" ကက်ဆီသည် အမ်မလင့်ထံသို့ ရောက်လာပြီး ပြောသည်။
"ဖြစ်ပါ့မလား။ ခုနေသွားရင် သူတို့ မြင်ကုန်မှာပေါ့"
"မြင်ပစေပေါ့။ တမင် မြင်အောင်လုပ်တာဘဲ။ ခု ဒို့ နောက်ဖေး တံခါးက ထွက်မယ်။ အစေခံတွေ တန်းလျားဖက် ကနေ သွားမယ်။ ဒါဆို ဟို ဆမ်ဗိုနဲ့ ကွင်ဗို ဒို့ကို မြင်ရောပေါ့။ မြင်တာနဲ့ တပြိုင်နက် ဒင်းတို့ ဒို့နောက်ကို လိုက်မှာဘဲ။ ဒို့က နွံထဲဆင်းပြေးမယ်။ အဲဒီအချိန်မှာ သူတို့တတွေ ခွေးတွေကို ပြန်ခေါ်လိမ့်မယ်။ အဲဒီတုန်း ဒို့ရေထဲကနေပြီး အိမ်ဖက်ကို ပြန်ပြေးလာမယ်။ ရေထဲဆို ခွေးတွေလဲ အနံ့မခံနိုင်တော့ဘူး မဟုတ်လား။ အဲဒီအချိန်မှာ ဘယ်နည်းနဲ့မဆို အိမ်ကလူတွေ အားလုံး ဒို့ကို လိုက်ဖမ်းဘို့ အပြင် ရောက် နေမှာဘဲ။ ဒို့ အိမ်နောက်ဖေးကနေ ၀င်ပြီး ထပ်ခိုးပေါ်ကို ပြေးတက်ရမယ်။ ဒို့အဲဒီ အခန်းထဲမှာ တော်တော်ကြာ နေကြမယ်။ ဒီရက်တွေမှာ သူ ဒို့ကို လိုက်ရှာ လိမ့်မပေါ့။ ညီမ ဘာမှ မပူနဲ့။ ထပ်ခိုးပေါ်မှာ မမ အားလုံး စီစဉ်ထားပြီးပြီ"
"မမက အကျအန စီစဉ်ထားတာကိုး"
"ကဲ လာ၊ သွားကြမယ်"
သူတို့သည် နောက်ဖေးဖက်မှ တိတ်တဆိတ် ထွက်လာခဲ့ကြလေသည်။ ကောင်းကင်၌ ဆန်းစ သော်တာ သည် အလင်းရောင် ထွက်စ ပြုနေပေပြီ။ သူတို့သည် စိုက်ခင်းပတ်လည်က နွံစပ် သို့ ရောက်လာကြသည်။ ထိုအခိုက်မှာပင် အသံတသံကို ကြားလိုက်ရ၏။ အသံရှင်ကား သူတို့ မျှော်လင့်ထားသော ဆမ်ဗို၊ ကွင်ဗိုတို့ မဟုတ်ပေ။ လက်ဂရီး ကိုယ်တိုင် ဖြစ်သည်။ အမ်မလင်သည် ကက်ဆီ့လက်ကို လှမ်းပြီး ဆုပ်ကိုင်လိုက်သည်။
သူတို့သည် လက်ဂရီး အရပ်ခိုင်းသည်ကို မရပ်စဲ ဆက်ပြေးကြသည်။ လက်ဂရီးသည် အိမ်ဖက်သို့ လှည့်၍
"ဟေ့၊ ဆမ်ဗိုတို့ ကွင်ဗိုတို့ အားလုံးဘဲဟေ့။ လာကြ၊ လာကြ။ ဟိုနှစ်ကောင် နွံထဲ ဆင်းပြေး သွားပြီ။ လာကြဟေ့။ မိအောင်ဖမ်းပေးတဲ့ကောင်ကို ငွေငါးဒေါ်လာစီပေးမယ်။ ခွေးတွေကို လွှတ် လိုက်ဟေ့။ တိုက်ဂါး တို့ ဖျူရီတို့ကို လွှတ်လိုက်" လှမ်းအော်သည်။
ထိုအချိန်မှာ အစေခံများ အလုပ်ခွင်မှ ပြန်လာစအချိန် ဖြစ်သည်။ အလုပ်ခွင်မှ ပြန်လာကြ သူများသည် သူတို့သခင်ရှိရာသို့ ပြေးလာကြ၏။ အချို့သည် လပ်ကိုမျှော်၍ လာခဲ့ခြင်း ဖြစ်၏။ အချို့ကား အမိန့်ကို မလွန်ဆန်ဝံ့သဖြင့် လာခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် လူစုခွ၍ လိုက်ကြ၏။ ခွေးသံများလည်း ဆူညံ လာသည်။
"ဖမ်းမမိရင် တနပ်နဲ့ ပစ်ရမလား သခင်" သူ့ သခင်ပေးထားသည့် သေနတ်ကို လက်၌ ကိုင်ထားသော ဆမ်ဗို က မေးသည်။
"အေး ကက်ဆီကို မင်း ပစ်ချင်ရင် ပစ်၊ ဒီကောင်မ စခန်းသိမ်းဘို့ ကောင်းပြီ။ ဒါပေမယ့် ကောင်မလေး ကိုတော့ မပစ်နဲ့။ ကဲဟေ့ အားလုံးဘဲ မိရင် ငါးဒေါ်လာ။ လိုက်ဖမ်းတဲ့ လူတိုင်းကို အရက်တခွက်စီတိုက်မယ်" လက်ဂရီး သည် ဆမ်ဗို့ကို ပြောပြီး အားလုံးဖက်သို့ လှည့်၍ ပြောသည်။
တဖွဲ့လုံး မီးတိုင်များကို ကိုင်လျက် အော်ဟစ် ငြာသံပေး၍ ရွှံနွံတွင်းသို့ ဆင်းလိုက်ကြ၏။ ထိုအခိုက်မှာပင် ကက်ဆီ နှင့် အမ်မလင်တို့သည် အိမ်ဖက်သို့ ပြန်လှည့်လာကြ၏။
"မြန်မြန်လုပ်ပါ မမရဲ့။ သူတို့ လိုက်လာကြလိမ့်မယ်"
"သိပ်မလောနဲ့ အမ်မလင်။ နေစမ်းပါစေကွယ်။ သူတို့ ဒို့ကို ရွှံ့ထဲမှာ လိုက်ရှာ နေလိမ့် မပေါ့။ ဒီတုန်း ဒို့အပေါ်တက်တာပေါ့"
သူတို့သည် နောက်ဖေးဖက်မှနေ၍ အိမ်တွင်းသို့ ၀င်ခဲ့ကြသည်။ ကက်ဆီသည် အခန်း တွင်း၌ တွေ့ရသော လက်ဂရီး၏ အင်္ကျီမှ သော့ကို နှိုက်ယူလိုက်ပြီး လက်ဂရီး၏ ပိုက်ဆံထားရာ စားပွဲသို့ လာခဲ့သည်။ စပွဲစောင်း ကို လှပ်ပြီး ငွေစက္ကူအချို့ကို ယူ၍ အလျင်အမြန် ရေတွက်လိုက် သည်။
"မလုပ်ပါနဲ့ မမရယ်" အမ်မလင်က ပြောသည်။
"မလုပ်ရဘူး ဟုတ်လား။ ဘာလို့ မယူရမှာလဲကွယ့်။ ဒို့ရှေ့ဆက်သွားရအုံးမယ် မဟုတ် လား။ ပိုက်ဆံ ရှိဘို့က အရေးကြီးတယ်။ ပိုက်ဆံရှိရင် ဘာလုပ်လုပ် ဖြစ်တာဘဲ မဟုတ်လား" ကက်ဆီသည် ပိုက်ဆံများကို သူ့ အင်္ကျီအတွင်းသို့ ထည့်လိုက်သည်။
"ဒါဆို သူများ ဥစ္စာ ခိုးရာကျမှာပေါ့ မမရဲ့" စိတ်ပျက်လက်ပျက် လေသံဖြင့် ခပ်တိုးတိုး ပြောပြန်သည်။
"ခိုးတာ ဟုတ်လား" လှောင်ရယ် ရယ်လိုက်သေးသည်။ "သူတို့ကဒို့တကိုယ်လုံး လူရော စိတ်ရော ခိုးယူတာကျတော့ မပြောကြဘူးလား။ ဟောဒီ ပိုက်ဆံတွေကိုဘဲ ဒင်း ခိုးယူ လုယူထား တာတွေ မဟုတ်လား။ ငတ်နေတဲ့လူတွေ၊ ဆင်းရဲနေတဲ့လူတွေ၊ အလုပ်ကြမ်းလုပ်ကြရတဲ့ လူတွေ ဆီက ဒင်း လုယူထားတာဘဲ မဟုတ်လား။ ကဲလာ။ မမတို့ ထပ်ခိုးအပေါ်တက်ကြရအောင်။ အပေါ် မှာ ဖယောင်းတိုင်တွေ ယူထားတာလဲ ရှိတယ်။ ဖတ်စရာ စာအုပ်တွေလဲ မမ ယူထားတယ်။ သူတို့ ဘယ်နည်းနဲ့မှ အပေါ်ကို တက်ရှာမှာ မဟုတ်ဘူး။ အပေါ်တက် လာရင်တော့လဲ မမ တစ္ဆေလုပ်ပြီး အချောက်ပဲ"
သို့ဖြင့် သူတို့သည် ထပ်ခိုးဆီသို့ တက်ခဲ့ကြလေသည်။
"သူတို့ အပေါ်တက် မရှာဘူးဆိုတာ သေချာပါ့မလား မမရဲ့"အပေါ်တွင် နေရာယူ ပြီးသောအခါ အမ်မလင်က စိုးရိမ်မကင်းစိတ်ဖြင့် မေးသည်။
"ရှာစမ်းပါစေ။ လက်ဂရီးသာ တက်လာပြီး ရှာစမ်းပါစေ။ ဒါပေမယ့် ဒင်း မရှာပါဘူး"
ထို့နောက် အခန်းသည် ငြိမ်သက်သွား၏။ ကက်ဆီသည် ပြင်သစ်စာအုပ်ကို ဖတ်နေ၏။ အမ်မလင်သည် အိပ်ရာအဖြစ် ပြင်ထားသောနေရာ၌ လှဲလျောင်းလိုက်သည်။ ပင်ပန်းမောဟိုက် နေသဖြင့် တမှေးမျှ ပျော်သွားသည်။ ခဏအကြာမှာပင် လူသံခွေးသံများကြောင့် အမ်မလင်သည် ထိတ်ထိတ်လန့်လန့် နိုးထ လာသည်။
"သူတို့ ပြန်လာတာပါ။ ဘာမှ ကြောက်စရာမရှိဘူး။ ဟောဒီ အပေါက်က လာကြည့်။ သူတို့ အားလုံးကို ဒီက မြင်ရတယ်" ကက်ဆီသည် ခပ်အေးအေး ပြောနေသည်။
"စကား သိပ်မပြောနဲ့လေ။ တော်ကြာနေ သူတို့ ကြားသွားမှဖြင့်"
"ကြားစမ်ပါစေအေ။ အသံကြားရင် သူတို့ ဒီနေရာတောင် ပိုပြီး မကပ်ဖဲနေကြလိမ့်မယ် ကွယ့်။ ဒို့ အသံကြားရင် သူတို့ တစ္ဆေချောက်တယ်ထင်ရုံဘဲပေါ့။ ဘာမှ ကြောက်စရာမလိုပါဘူး ညီမရယ်။
မကြာမီမှာပင် တိတ်ဆိတ်ငြိမ်သက်သော ညအမှောင်သည်အိမ်ကြီးကို လွှမ်းဖုံးလိုက်လေ သည်။
အခန်း (၄၀) ဆက်ရန်
.
1 comment:
သူတို့လွတ်ဖို့နီးလာပြီ..ပဲ..။ ဇာတ်လမ်းက ပိုပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပြီ..။
Post a Comment