Friday, July 16, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၃၂)

အခန်း (၃၂) အမှောင်နှင့်ပိန်းပိန်း
    ဤကမ္ဘာမြေ၏ ပိန်းပိတ်မှောင်သောနေရာများ၌ ရက်စက်ယုတ်မာသူများ အပြည့်အသိပ် ရှိ၏။ တွမ်နှင့် သူ့အဖော်များသည် လှည်းကြမ်းကြီးနောက်မှနေ၍ လမ်းကြမ်းပေါ်တွင် ပင်ပန်း နွမ်းနယ်စွာဖြင့် ရှေ့တူရူသို့ လျှောက်လာခဲ့ကြလေသည်။

    လှည်းပေါ်တွင်ကား ဆိုင်မွန်လက်ဂရီးနှင့်အတူ မိန်းမနှစ်ယောက် ထိုင်လျက် လိုက်ပါလာ သည်။ မိန်းမ နှစ်ယောက်မှာ တွဲလျက် လက်ထိပ်ခတ်ထားဆဲ ဖြစ်သည်။ လှည်းနောက်ပိုင်း၌ ပစ္စည်း အချို့ကို တင်ထား၏။ လှည်းသည် ခပ်လှမ်းလှမ်းရှိ လက်ဂရီးအိမ်ဆီသို့ ရှေ့ရှုလာခဲ့ခြင်း ဖြစ်သည်။

    လမ်းသည် အလွန်ကြမ်းသည်။ လူသူလေးပါး အသွားအလာ နည်းဟန်လည်း ရှိ၏။ ရွှံ့ဗွက် ကျင်းချိုင့်တို့ဖြင့်လည်း ထူပြော၏။ လမ်းနှစ်ဖက်သစ်ပင်များမှ သစ်ကိုင်များသည် လမ်းပေါ်သို့၎င်း၊ လမ်းဘေး နှစ်ဖက်သို့၎င်း ကျိုးကျနေ၏။ သစ်ကိုင်းကျိုင်းများကြား၌ မြွေများ ဖြတ်သန်းသွားလာနေ သည်ကိုပင် တွေ့နိုင်၏။

    ထိုလမ်းတွင် လှည်းနောက်မှ လိုက်ခဲ့ရသူများ၏ ညှိုးငယ်နေကြသည်။ ခရီးပန်းသဖြင့် တကြောင်း၊ လမ်းကြမ်း သဖြင့်တကြောင်း နွမ်းနယ်သောအသွင်ကို ဆောင်နေကြ၏။
    သို့စေကာမူ လက်ဂရီးအဖို့ ဤလမ်းခရီးသည် အဆန်းမဟုတ်တော့ပေ။ သူသည် နောက်ဖက်သို့ လှည့်၍
    "ဟေ့ကောင်တွေ သီချင်းဆိုကြစမ်းဟေ့" အမိန့်ပေးလိုက်သည်။

    နီးဂရိုးကျွန်ကြီးများသည် အချင်းချင်း တယောက်ကို တယောက်လှည့်ကြည့်မိကြသေး သည်။ ထိုအခိုက် မှာပင် ကျွန်ထိန်းအဖြစ် ပါလာသူသည် လက်က ကြာပွတ်ကို တချက်ဝှေ့ရမ်း လိုက်သည်။ တွမ်သည် သူ ရထားသော ဓမ္မသီချင်းကို စတင် ရင့်ကျူးလိုက်သည်။

    "ဟေ့ ငမဲကောင်၊ ပိတ်လိုက်စမ်း အလကားသီချင်း။ ငါပြောနေတာက ခပ်သွက်သွက် ခပ်မြူးမြူးသီချင်းကို ပြောနေတာကွ ဆိုစမ်း ဆိုစမ်း" လက်ဂရီးသည် အော်ဟစ်ပြော၏။
    ထို့ကြောင့် တယောက်ကစ၍ အဓိပ္ပာယ်မရှိ ဆူဆူညံညံနိုင်လှသော အရိုင်သီချင်းတပုဒ်ကို စ၍ ဆိုလိုက်သည်။ သံပြိုင်ပိုဒ်၌ အားလုံးလိုက်၍ ဆိုကြသည်။
    လက်ဂရီးသည် အတော်ကြီး သဘောကျသွားသည်။ ဤသို့ဖြင့် သူ့လူတွေ ပျော်ပျော်ကြီး လိုက်ပါ စေချင်သည်။ သို့မှသာ သူ့လူတွေသည် ပင်ပန်းသမျှ၊ ဆင်းရဲနွမ်းနယ်သမျှကို မေ့လျော့ကာ လိုက်ပါ လာကြလိမ့်မည်ဟု သူသဘောရသည်။

    ထို့နောက် လက်ဂရီးသည် အမ်မလင့်ဖက်လှည့်၍ အမ်မလင်၏ ပခုံးကို လက်တင်လျက်
    "ကိုယ်တို့ အိမ်ရောက်လုနီးပါပြီကွယ် မိန်းခလေးရဲ့" ဟု ပြောလိုက်သည်။
    အမ်မလင်သည် စောစောပိုင်း လက်ဂရီး အော်ဟစ်ကြိမ်မောင်းနေစဉ်ကပင် ကြောက် ကြောက်လန့်လန့် ဖြစ်နေသည်။ ထို့ကြောင့် သူ့ပခုံးပေါ်သို့ လက်တင်လာသည်ကို သူ့အား ရိုက်လိုက်သည်ဟု ထင်မိသေး၏။ သို့သော် လက်ဂရီး၏ မရိုးသားသော မျက်လုံးကို မျက်နှာမူမိပြီ ဆိုသောအခါ အမ်မလင်အဖို့ ရှက်ရှက်ရွံ့ရွံ့ ဖြစ်ရသည်။ ထိတ်ထိတ်ပျာပျာလည်း ဖြစ်သွားသည်။ ထို့ကြောင့် သူ့ဘေးက မိန်းမကြီးအပါးသို့ တိုးကပ် သွားမိသည်။

    "မင်းက နားဆွဲတွေ ဘာတွေ မ၀တ်ဘဲကိုးကွယ့်" လက်ဂရီးသည် အမ်မလင် ၏ နားရွက် ကို သူ၏ လက်ကြမ်း ကြီးဖြင့် ကိုင်ဆွဲပြီး မေးပြန်သည်။
    "မ၀တ်ပါဘူးသခင်" မျက်လွှာကို ချထားသည်။ အသံသည် တုန်ယင်နေ၏။
    "မင်း လိမ်မာမယ်ဆိုရင် ကိုယ် အိမ်ကျတော့ မင်းကို နားဆွဲ တရံပေးမယ်၊ ဟုတ်လား။ မင်း ဘာမှ ကြောက်စရာ မရှိဘူး။ မင်းဘာမှလဲ ပင်ပင်ပန်းပန်း မလုပ်ရဘူး။ အေး၊ မင်းကိုယ်နဲ့အတူ နေရုံ ဘဲ။ အိမ်ရှင်မ တယောက် လိုပေါ့ကွယ်။ အရေးကြီးတာက မင်းလိမ်မာဘို့ဘဲ"

    ထိုအခိုက် လှည်းသည် လက်ဂရီး၏ခြံနှင့် မလှမ်းမကမ်းသို့ ရောက်လာသည်။ ထိုခြံမှာ မူလက သူဌေး တယောက် ပိုင်သော ခြံ ဖြစ်သည်။ ခြံရှင်သည် သူ့ခြံကို ဂရုတစိုက်ပြုပြင်ခဲ့ဟန် ရှိ၏။ သို့သော် ထိုလူ သေဆုံးပြီးနောက်တွင် လက်ဂရီးသည် ထိုခြံကို ၀ယ်ခဲ့သည်။ လက်ဂရီးသည် ထိုခြံ ကို စီးပွားရှာရန် ခြံတခု အဖြစ်သာ အမှတ်ထားခဲ့သည်။ အပြင်အဆင် အပြုအပြင် အမွမ်းအမံ မရှိခဲ့ပေ။ သို့ဖြင့် ခြံကြီးမှာ ဖြစ်ကတတ် စန်း ပျက်ဆီးယိုယွင်းနေသောအသွင်ကို ဆောင်နေ၏။

    တချိန်က ပန်းပင်များ ပန်းရုံများဖြင့် ပြုပြင်မွမ်းမံထားခဲ့ဟန် ရှိသော အိမ်ရှေ့ပိုင်းမြက်ခင်း ပြင်သည်ပင် ချုံနွယ် ပိတ်ပေါင်း တို့ဖြင့် ရှုပ်ထွေးနေပေပြီ။ နေရာအနှံ့ မြင်းချည်တိုင်များ ရှိနေ၏။ အိမ် ၏ အဆင်တန်ဆာ မြက်ခင်းပြင် တခု၏ အသွင် လက္ခဏာမျိုး လုံးဝ မရှိတော့ပေ။
    လှည်းသည် ပေါင်းပင်များ ရှုပ်ထွေးသော ကျောက်ခင်းလမ်းအတိုင်း ခြံထဲသို့ ၀င်ခဲ့လေ သည်။
    အိမ်ကြီးသည် ခမ်းနားကြီးကျယ်လှဘိ၏။ နှစ်ထပ်အိမ်ဖြစ်သည်။ ပတ်လည်တွင် ၀ရန်တာ များ ရှိသည်။ အောက်ပိုင်း တွင် အုတ်တိုင်များ ရှိ၏။ သို့သော် အိမ်ကြီးမှာ အပြုအပြင် အမွမ်းအမံ မရှိသဖြင့် အိမ်အိုကြီး၏ အသွင် ကို ဆောင်နေ၏။

    လှည်းသံကြား ခွေးကြီးသုံးလေးကောင်သည် ဟောင်သံပေးလျက် ပြေးထွက်လာသည်။ ခွေးများနှင့်အတူ လက်ဂရီး ၏ ကျွန်အချို့သည် ခွေးများ  လွတ်ထွက်မသွားအောင် ကြိုးဆွဲလျက် လိုက်ပါလာ၏။
    "ကြည့်ထားကြဟေ့။ ဒါဘဲ။ ပြေးမယ်တော့ မကြံကြနဲ့နော်။ ဒီကောင်တွေက အမိဖမ်းပြ လိမ့်မကွ၊ ဒါဘဲ" လက်ဂရီး သည် တွမ်နှင့်အဖော်များဖက် လှည့်ပြောပြီး ခွေးတွေနဲ့အတူ ပါလာသော အစေခံ တယောက်ဖက် လှည့်၍ "ဟေ့ ဆမ်ဗို။ အခြေအနေတွေ ဘယ်နဲ့လဲကွ" မေးပြန်သည်။

    "ဟန်ကျပါတယ် သခင်"
    "ဟေ့ ကွင်ဗို၊ မင်း ငါပြောထားတာတွေ မမေ့ဘူးနော်" လက်ဂရီးသည် ဆမ်ဗိုနှင့်အတူ ပါလာသော အခြား တယောက် အား လှည့်ပြီး စကားစပြန်သည်။
    "မမေ့ပါဘူး သခင်"
    ထိုသူနှစ်ယောက်ကား လက်ဂရီး လက်သပ် မွေးထားသော ကျွန်နှစ်ယောက် ဖြစ်သည်။ လက်ဂရီးသည် ထိုကျွန်နှစ်ယောက် အား ရက်စက်မှု ကြမ်းတမ်းမှု ပေါင်းစုံကို စနစ်တကျ သင်ပေး ထားပြီး ဖြစ်၏။ သူတို့သည် လက်ဂရီး၏ ကျွန်ထိန်းများ ဖြစ်ကြသည်။ ရက်စက်ကြမ်းတမ်းခြင်း အရာ၌ ကမ်းကုန် နေသူ များလည်း ဖြစ်ကြ၏။

    "ဟေ့ ဆမ်ဗို။ ဒီကောင်တွေကို နောက်ဖေးတန်းလျား ခေါ်သွား။ အေး၊ မင်းတို့ ငါ ကောင်မတယောက် ခေါ်လာတယ်"
    လက်ဂရီးသည် ဆမ်ဗိုအား အမိန့်ပေးစကားပြောပြီး အမ်မလင် နှင့် တွဲလျက် ပါလာသော နီးဂရိုး ကပြားမ ကို လက်ထိပ် မှ ဖြုတ်၍ ဆမ်ဗိုရှိရာသို့ တွန်းလွှတ်လိုက်သည်။
    နီးဂရိုးကပြားမသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားကာ နောက်ဆုတ်လိုက်ပြီး
    "အို၊ သခင်။ ကျုပ်မှာ ယောက်ျား ရှိပါတယ်။ ကျုပ် ယောက်ျားက နယူးအောလင်းမှာ ကျန်ခဲ့လို့ပါ" ရုတ်တရက် ပြောလိုက်သည်။

    "ဒါက ဘာစကားလဲ။ မင်း ဒီမှာ နောက်တယောက် မယူချင်ဘူးလား။ ယူရမှာပေါ့ကွ။ မင်း ဘာမှ အတွန့်တက် မနေနဲ့။ ခုသွားလိုက်" ကြိမ်ကိုဝင့်ပြီး ပြောသည်။ ထိုနောက် အမ်မလင့် ဖက်သို့ လှည့်၍
    "ကဲ၊ မင်း ကိုယ်နဲ့ လိုက်ခဲ့ပေတော့။ လာ" ပြောပြန်သည်။
    ထိုအခိုက် အိမ်ပြင်တင်းမှ မိန်းမတယောက် မျက်နှာသည် ရုတ်ကနဲ ပေါ်လာပြီး လက်ဂရီး အား တစုံတခု လှမ်းပြော လိုက်သည်။
    "ဟေ့၊ မင်းပါးစပ် ပိတ်ထားလိုက်စမ်း။ ငါ့သဘောအတိုင်း ငါလုပ်မှာဘဲ"
    လက်ဂရီး လှမ်းပြောသောအသံကို တွမ်ကြားလိုက်ရသည်။ တွမ်သည် အိမ်ထဲသို့ လိုက်ပါ သွားရသော အမ်မလင့် ကို စိုးရိမ်တကြီး ငေးစိုက်ကြည့်ရင်း ဆမ်ဗိုခေါ်ရာသို့ လိုက်ပါခဲ့ရလေတော့ သည်။

    ဆမ်ဗိုသည် ဦးလေးတွမ်နှင့်တကွသော ကျွန်များကို တန်းလျားရှိရာသို့ ခေါ်လာ၏။ ကျွန် များ နေထိုင်သော တန်းလျားသည် အိမ်နှင့် အတန်ငယ် အလှမ်းကွာသည်။ တင်းကုပ်ရှည်ကြီး သဏ္ဍာန်ရှိသည်။ ဖရိုဖရဲ ညစ်တီးညစ်ပတ် နိုင်လှသည်။ တွမ်သည် သူတို့နေရမည့် တန်းလျားကြီး ကို မြင်လိုက်ရသည်နှင့် စိတ်အကြီး အကျယ် ပျက်သွားသည်။ အခန်းတွင်း၌လည်း ပစ္စည်းပစ္စယ အဟောင်းအမြင်းများဖြင့် ရှုပ်ထွေး ပွေလီ နေလေသည်။ အမှိုက်သရိုက်များဖြင့်လည်း ညစ်ပတ်ပေ ရေနေ၏။ ညနေပိုင်းတွင် ၀ါခင်းမှ ကျွန်များ ပြန်လာကြ လေသည်။ သူတို့တကိုယ်လုံးမှာ ပေရေနေ သည်။ အ၀တ်များမှာလည်း စုတ်ပြတ်နေ၏။ သူတို့သည် ယနေ့မှရောက်လာသော ကျွန်အသစ်များ ကို နှုတ်မဆက်အားကြပေ။ လုပ်ငန်းခွင့်မှ ပြန်ရောက် လျှင်ပင် စားရေးသောက်ရေးအတွက် စီမံကြရ လေသည်။ သို့ဖြင့် ထိုနေရာသည် လှုပ်လှုပ်ရှားရှား ဖြစ်လာ ၏။

    သူတို့သည် အာရုဏ်တက်စတည်းကပင် လုပ်ငန်းခွင်သို့ ရောက်ခဲ့ကြရ၏။ လုပ်ငန်းခွင် တွင် အရိုက် အနှက် အကြိမ်းအမောင်း တို့ကို ခံလျက် တနေကုန် လုပ်ကိုင်ခဲ့ကြရ၏။ ရာသီမှာ ပူလောင်သော ရာသီ ဖြစ်သော ကြောင့် သူတို့သည် ပို၍ ပင်ပန်း လာခဲ့ကြလေသည်။

    တွမ်သည် လုပ်ငန်းခွင်မှ ပြန်လာသူများကို ငေးစိုက်ကြည့်နေမိသည်။ သူတို့သည် အလုပ်၌ ပင်ပန်း သည်ထက် နှိပ်စက်ညှဉ်းပန်းခြင်းဒဏ်ကို ခံရလွန်းသည်က ပိုကဲသဖြင့် နွမ်းနယ်ဆင်းရဲသော အသွင်ကို ဆောင်နေ ကြ၏။ အင်အားချည့်နဲ့သော အသွင်ကိုလည်း ဆောင်နေ၏။ သူတို့အဖို့ လူ့ဘ၀၌ ဘာဆိုဘာကိုမျှ မျှော်လင့် ထားခြင်း ရှိဟန်မတူပေ။ လူသား ဆိုရစေကာမူ တိရစ္ဆာန်ထက် ပင် နိမ့်ကျသော ဘ၀မျိုးပေတည်း။

    ညပိုင်း ရောက်လာသည့်တိုင်အောင် စားရေး သောက်ရေးအတွက် ကြိတ်သံထောင်းသံ များမှာ မပြတ် သေးပေ။ ရှိလူနှင့် ကြိတ်ဆုံဦးရေ မမျှသဖြင့် ချက်ဖို့ပြုတ်ဖို့ထက် ကြိတ်ကြ ထောင်းကြရဆဲ ရှိလေသည်။
    ထိုအခိုက် ဆမ်ဗိုသည် ရောက်လာသည်။ သူသည် စောစောက နီးဂရိုးကပြားမဆီသို့ အိတ်တလုံးကို လှမ်းပေးရင်း
    "ဟေ့ ဟေ့။ မင်းတို့ ပြောင်းဆန်အိတ်။ ဒါထက် မင်းနာမယ်က"
    "လူစီ"
    "အေး၊ ကောင်းပြီ။ ခု မင်း ငါ့မိန်းမဖြစ်ပြီ။ ဟုတ်လား။ ဒီတော့ အဲဒီပြောင်းကို မင်းကြိတ်။ ငါ့ဘို့ ညစာ လုပ်ပေတော့ ကြားလား"
    "ကျုပ် တော့်မိန်းမ မဟုတ်ဖူး"
    လူစီသည် ခပ်ပြတ်ပြတ် ပြောလိုက်သည်။

    "ကောင်မနော်။ အကန်ခံ ထိချင်ပြီထင်တယ်" ဆမ်ဗိုက ခြေထောက်ကို မြှောက်ပြီး ကန်မည့်ကဲကဲ ချိန် လိုက်သည်။
    "တော် သတ်ချင်သတ်ပေါ့။ မြန်မြန်သေရရင် ကောင်းတာဘဲ"
    "ဟေ့ ဆမ်ဗို။ မင်းဒီမှာ လာရှုပ်မနေနဲ့။ ငါ သခင့်ကို တိုင်ပြောလိုက်ရမလား" ကြိတ်ဆုံတခု နှင့် အလုပ်များ နေသော ကွင်ဗိုက ၀င်ပြောသည်။
    စင်စစ် ကွင်ဗိုနှင့် ဆမ်ဗိုတို့သည် တယောက်နှင့်တယောက် ဘယ်အခါမျှ မသင့်မြတ်ကြ ပေ။ ထိုအခြေအနေ ကို လက်ဂရီး ကောင်းကောင်းသိသည်။ လက်ဂရီးသည် ဤသို့ အချင်းချင်း မသင့်မြတ်သော အခြေ အနေ ကိုပင် အခွင့်ကောင်း ယူလိုသူ ဖြစ်သည်။

    ကွမ်ဗိုသည် စောစောကပင် ဤနေရာသို့ ရောက်လာကာ ကြိတ်ဆုံမှ မိန်းမများကို မောင်းထုတ်ပြီး သူအပိုင်စီးကာ သူ့ပြောင်းဆန် သူကြိတ်နေခဲ့ခြင်း ဖြစ်သည်။
    "အောင်မာ။ မင့်းမိန်းမတွေ ကြိတ်ဆုံနေရာဝင် လုပြီး လုပ်တာတော့ ငါက မပြောရတော့ ဘူးလား။ အေး၊ မင်းလုပ်စရာ ရှိတာလုပ်။ ၀င်မရှုပ်နဲ့"
    ဦးလေးတွမ် သည် တနေကုန် ခရီးပြင်းလာခဲ့ရသဖြင့် ဆာလောင်မွတ်သိပ်နေပြီ ဖြစ်သည်။ ကွင်ဗိုသည် ဦးလေးတွမ် ရှိရာသို့ ပြောင်းဆန်တအိတ် လှမ်းပစ်ပေးရင်း
    "ဟေ့၊ အမဲကောင်။ ဒါ မင်းဘို့ဘဲ။ ဆီးဖမ်း။ ဒါဘဲ။ ဒီတပတ်တွက် ဒါနဲ့လောက်အောင်စား" အော်ပြော လိုက်သည်။

    တွမ်သည် ပြောင်းဆန်အိတ်ကိုရပြီးနောက် ပြောင်းဆန်ကြိတ်ရန်အတွက် ကြိတ်ဆုံအအား ကို စောင့်ရ ပြန်သည်။ အတော်ကြီးညဥ့်နက်မှပင် ကြတ်ဆုံအားတခုကို ရသည်။ ထိုအခါ သူသည် ပင်ပန်းနေသော မိန်းမ နှစ်ယောက် ၏ ပြောင်းဆန်များကိုပါ ယူ၍ ကြိတ်ဆုံတွင် ကြိတ်ပေးသည်။

    ကျွန်များသည် ကြိတ်ဆုံ၌ ကြိတ်ပြီး ပြောင်းဆန်များကို မုန့်လုပ်၍ ဖွဲမီးစာ၌ ဖုတ်ကြသည်။ ထိုနောက် နေရာ မှာပင် ညစာ စားကြသည်။
    ဦးလေးတွမ် ပြောင်းဆန် ကြိတ်ပြီးသောအခါ မိန်းမနှစ်ယောက်က ဦးလေးတွမ်၏ စေတနာ ကို အသိ အမှတ် ပြုသောအားဖြင့် ဦးလေးတွမ်အတွက်ပါ မုန့်ဖုတ်ပေးကြသည်။
    ညစာ စားပြီးလျှင် ဦးလေးတွမ်သည် မီးရောင်၌ ထိုင်ကာ သမ္မာကျမ်းစာစာအုပ်ကို ထုတ် သည်။

    "အဲဒါက ဘာလဲ"
    မိန်းမတယောက်က မေးသည်။
    "သမ္မာကျမ်းစာလေ"
    "ဖုရား၊ ဖုရား။ ကျုပ်ဖြင့် ကင်တက်ကီက ထွက်လာကထဲက သမ္မာကျမ်းစာများ မတွေ့ခဲ့ရ တာကြာပေါ့"
    "အော်၊ မင်းက ကင်တက်ကီ ကလား"
    "ဟုတ်တယ်။ ဟိုမှာတုန်းကတော့ ဟန်ကျ ပန်ကျပေါ့ရှင်။ ကျုပ်ဖြင့် ဒီနေရာမျိုး ရောက်ရ လိမ့်မယ်လို့ တခါ မှ မထင်ခဲ့ဘူး" အမျိုးသမီးကြီးသည် သက်ပြင်းကို မှုတ်ထုတ်င်္ရင်း ပြောလိုကသ်ည်။
    "အဲဒီစာအုပ်က ဘာလုပ်ရတာလဲတော့်" အခြားမိန်းမကြီးတယောက်က ၀င်မေးပြန်သည်။

    "သမ္မာကျမ်းစာလေ"
    "အလိုလေး၊ အဲဒါက ဘာလုပ်ရလို့လဲ"
    "ဘာလုပ်ရတယ် ဟုတ်လား။ တော် တခါမှ မကြားဘူးဘူး ကင်တက်ကီနေတုန်းက ကျုပ်သခင်မ ဖတ်ဖတ်နေတာ ကြားခဲ့ရဘူးတယ်။ အမယ်လေးတော်။ ဟိုတုန်းကတာ ဖုရားစာ တရားစာ ကြားခဲ့ရတာ။ ဒီရောက်မှ ဖြင့် ဒါမျိုး ကြားဘူးပေါင်။ တနေ့ တနေ့ ဆဲသံ၊ ဆိုသံ၊ ရိုက်သံ တွေဘဲ ကြားနေရာတာ"
    "နည်းနည်း ဖတ်ပြစမ်းပါတော်"
မိန်းမကြီး တယောက်က တွမ့်စာအုပ်ပေါ် ငုံ့ကြည့်ရင်း အထူးအဆန်းအဖြစ် ပြောလိုက်သည်။

'၀န်ထုပ်ဝန်ပိုးလေးလံလှစွာဖြင့် ပင်ပန်းတကြီးအလုပ်လုပ်ကြရကုန်သော သင်တို့အားလုံး ကျွန်ုပ်ထံသို့ လာကြ ကုန်လော့။ သင်တို့အတွက် နားနေရာကို ကျွန်ုပ်ဖန်တီးပေးအံ့' ဦးလေးတွမ် ဖတ်ပြသည်။
' တယ်ကောင်း ပါလားတော့်။ အဲဒါဘဒူပြောတာလဲတော့်' တယောက်ကပြောပြန်သည်။

' ဖုရားသခင်လေ' တွမ်ကဖြေသည်။
' တူက ဘယ်ကလဲ။ ဘယ်မလဲ။ ကျုပ်တွားချင်လိုက်တာတော်။ ကျုပ်ဖြင့် လူဖြစ်လာကထဲက နားရတယ် မရှိခဲ့ပေါင်။ အတားတွေဆိုတလဲ နာနေပြီ။ ကျုပ်က ၀ါကောက်နှေးတယ်မဟုတ်လား။ အဲဒါ တနေ့နေ့ ဆမ်ဗို့ အဆူအပူ ကလဲ ခံရတေးတတော့်။ ညကျတော့လဲ ညကြီးနက်မ ထမင်းစားရ တာ။ အဲဒါတောင် အိပ်မလို့ မျက်စိမှိတ်ခါ ရှိတေး အလုပ်ဆင်းဘို့နှိုးဘီ။ နားရတယ်ကို မရှိပါဘူးတော်။ ကျုပ်ဖြင့် အဲဒီဖုရားတခင်ဆိုတာ ဘယ်နေလဲ တိချင်လိုက်တာ။ ကျုပ်ဖြင့်ပြောပြချင် လိုက်တာ'
' ဖုရားသခင်ဟာ နေရာတကာမှာ ရှိတာဘဲ'

' အလိုလေး။ တော်ပြောတာ ကျုပ်ဖြင့် မယုံပေါင်။ ဟောဒီမှာ ဖုရားတခင်ဆိုတာ မရှိတာတော့ အမှန်ဘဲ။ ရှိရင် ကျုပ်တူ့ဆီတွားပီး တရေးဖြစ်တော့ ၀၀အိပ်ချင်ပါရဲ့'
ထို့နောက် မိန်းမများသည် နေရာမှ ထွက်သွားကြလေသည်။ တွမ်သည် နေရာတွင် တယောက်တည်း ကျန်ခဲ့သည်။ မိန်းမကြီးပြောသွားသော စကားများသည် သူ့စိတ်အာရုံတွင် မွှေ နှောက်နေဆဲဖြစ်သည်။
အတန်ကြာမှပင် တွမ်သည် နေရာမှ ထလာခဲ့သည်။ သူ့အတွက် သတ်မှတ်ပေးထားသော အခန်းတွင်းသို့ ၀င်ခဲ့သည်။ အခန်းသည် ရှုပ်ပွပေရေနေ၏။ ပုပ်ဟောင်နံစော်နေ၏။
သို့သော် တနေကုန်ပင်ပန်းလာသဖြင့် ခဏအကြာမှာပင် သူသည် ကောက်ရိုးပေါ်တွင် အိပ်ပျော် သွားလေ သည်။

ထိုညမှာ သူ အိပ်မက်မြင်မက်ပြန်သည်။ ထိုအိပ်မက်ကား အီဗာနှင့်အတူနေခဲ့ရသော နေ့များက အဖြစ် အပျက် များတည်း။ အီဗာကို အိပ်မက်မှာ တွေ့သည်။ အီဗာဖတ်ပြသော တရားစာကို အိပ်မက်တွင် ကြား လာသည်။

အခန်း (၃၃) ဆက်ရန်
.

3 comments:

ဧပရယ်လ်ပူး@ပူးတေ said...

ဆိုးသထက် ဆိုးလာနေပြီနော်... စိတ်ဆင်းရဲဖို့ကောင်းလိုက်တာ....

လသာည said...

ဖတ်ရတာ စိတ်မကောင်းဘူး။ ဒါပေမယ့်လည်း ဆက်ပြီး ဖတ်ချင်နေသေးတယ်..

Anonymous said...

အမရယ်... အဲလိုလူတွေ အများကြီးရှိတယ်။
အကြင်နာမရှိတဲ့သူတွေက ကံစွတ်ပီးကြိုးစား..ပိုက်ဆံရှိလာရင်မောက်မာ သိပ်မုန်းဖို့ကောင်းတဲ့လူတန်းစားတွေ..အဲလိုလူတန်းစားတွေ အခုချိန်မှာအတော်များများတွေ့နေရတယ်။
ကြောင်သူတော်တွေပေါ့ ကွယ်ရာမှာအများကနှာခေါင်းရှုံတာ မသိကြဘူး။

ဦးလေးတွမ်တို့ကိုသနားပါတယ်။

မြတ်နိုး