Wednesday, June 2, 2010

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၁၁)

အခန်း (၁၁)

နီကိုလတ်စ်သည် ဂျိုစီဘယ်မှာနေသည်ကိုမသိချေ။ စပ်စပ်စုစုလုပ်၍ မေးမြန်းစုံစမ်းခြင်းလည်းမပြု ပေ။ သူ့အဖို့တော့ ဂျိုစီဘယ်မှာ နေသည်ဟူသောအချက်က အရေးကြီးသည်မဟုတ်။ သူ့အနား၌ ဂျိုစီ ရှိနေ ဖို့ သည်သာ လျှင် အဓိကလိုအပ်ချက်ဖြစ်၏။ အခုဆိုလျှင်သူသည် ဂျိုစီနှင့်အတူ ဂရေစီယာ နှင့်ဝေးရာ မြို့ဘက် သို့ ခြေကျင်လျှောက်နေကြညပီဖြစ်ရာ အပူအပင်အကြောင့်အကြ ကင်းမဲ့သွားပြီ ဖြစ်၏။ ရုတ်တရက် ချက်ချင်း ဖြစ်ပေါ်လာသော အပြောင်းအလဲကြောင့် နီကိုလတ်စ် သည် ယမန်နေ့ညက သူကြုံခဲ့ ရသမျှ ကို မေ့သွားခဲ့လေပြီ။

သူ့အာရုံသည် အခု သူလျှောက်သွားနေသည့် လမ်းမတလျှောက်ရှိ အရာဝတ္ထုများအပေါ် ၌သာ စိတ်ဝင်စား နေပြီဖြစ်ရာ တလမ်းလုံးသူသိချင်တာမှန်သမျှကို ဂျိုစီအား မေးမြန်းရင်း လိုက်ပါလာလျက်ရှိ၏။ အနက်ရောင် နှင့် အ၀ါရောင်ကွက်ကျားငှက်က ဘာငှက်လဲ။ လမ်းတဘက်တွင် ပွင့်နေသော ပန်းက ဘာပန်းလဲ .. စသည့် မေးခွန်းများ ဖြစ်သည်။ သို့သော်လည်း ဂျိုစီမှာ သူ့အတွေးနှင့်သူ ဖြစ်၍ သူ့စကား များ ကို ကြားတချက် မကြားတချက်...။
ကွင်းတခုကို ဖြတ်မိသောအခါ ဂျိုစီသည် လမ်းတဘက်ရှိဘုရားရှိခိုးကျောင်း တကျောင်း၏ လှေကားထစ် များ အတိုင်း တက်သွားသည်။

' မင်းဒီနေရာက ခဏစောင့်နေကွာ နီကို '
' ခင်ဗျားက ဘယ်သွားမှာလဲ '
' ငါသွားနေကျမဟုတ်တဲ့ နေရာတစ်ခုကိုသွားမလို့ပါကွာ ' ဟု ပြောကာ ဂျိုစီက ပြုံးသည်။ ' ဒါပေမယ့် ဒီကနေ့ ဒီနေရာကို ငါသွားတာဟာ မှန်လိမ့်မယ် ထင်တယ်ကွ '
' ကျွန်တော်လည်း လိုက်ချင်တယ်ဗျာ '
ဂျိုစီ ဆုတ် ဆိုင်းဆိုင်း ဖြစ်နေသည်။ ပြီးမှ သူ့ပခုံးနှစ်ဘက်ကို တွန့်လိုက်ကာ ရှေ့မှနေ၍ တက်သွား သည်။

နီကိုလတ်စ် မျက်စိထဲတွင် ဘုရားရှိခိုးကျောင်းသည် ကြီးမားကျယ်ဝန်းလှသည်။ နေရာတိုင်းတွင် အမှောင်ရိပ် များ ယှက်သန်းနေသည်။ ပြီးတော့ ထူးခြားသော အနံ့ ...။ မွှေးကြိုင်လှသော ကတိုးနံ့.။ ခေါင်မိုး မျက်နှာကျက် အခုံးများပေါ်တွင် ရှေးဟောင်းပန်းချီများ...။ ဘေးတဘက်တချက်စီတွင် အဆောင် ကလေး များ ထုတ်ထားသည်။ ထိုအဆောင်များထဲတွင် ဖယောင်းတိုင်မီးများသည် လင်းလက်နေကြသည်။ ဂျိုစီ သည် အဆောင်ကလေးတခု ရှေ့သို့သွား ကာ တရိုတသေ ဒူးထောက်၍ ထိုင်သည်။ လက်နှစ်ဘက် ကို ယှက်၍ ဦးခေါင်းကို ငုံ့ထားသည်။ သူ့ ရှေ့တွင် မှန်ပုံးကြီးတပုံးရှိသည်။ ထိုမှန်ပုံးထဲတွင် အလွန်လှပသော ရုပ်တု တခု ရှိ၏။ ထိုရုပ်တု၏ တပိုင်းမှာ အမျိုးသမီးဖြစ်၍ တပိုင်းမှာ ကလေးဖြစ်သည်။ ၀တ်ဆင်ထားသည့် အ၀တ် အစား များမှာ အပြာရောင် ...။ တကယ့်အ၀တ်စ အစစ်များကို ချုပ်လုပ်၍ ၀တ်ပေးထား ခြင်းဖြစ်သည်။ ရုပ်တု၏ ဦးခေါင်းတွင် ရွှေနှင့်စိန်များ စီခြယ်ထားသော သရဖူ ဆောင်ထားလေသည်။

ဂျိုစီသည် ရုပ်တုရှေ့တွင် ဒူးထောက်ထိုင်ကာ စက္ကန့်အနည်းငယ်ကြာမျှ ငြိမ်သက်နေသည်။ ထို့နောက် ရှေ့သို့ တိုးသွားပြီး မှန်ပုံးထဲသို့ ငွေစတပြားထည့်သည်။ မှန်ပုံးရှေ့ရှိ မှန်ခွက်တခုထဲ ၌အသင့်စိုက်ထားသည့် ဖယောင်းတိုင် တတိုင် ကိုလည်း မီးထွန်းသည်။
အပြင်သို့ ရောက်သောအခါ နီကိုလတ်စ်က ဂျိုစီ၏ အရိပ်အခြည်ကို အကဲခတ်သည်။ ဂျိုစီသည် ဤ ကိစ္စကို သူ့အား ရှင်းလင်းပြောပြချင်သည့် ဆန္ဒရှိပုံမရဟု သူတွက်သည်။ သို့သော်လည်း ဂျိုစီ ရုပ်တုရှေ့၌ ထိုင်၍ ဆုတောင်း ခဲ့ခြင်းသည် သူ့အတွက် ဖြစ်လိမ့်မည်ဟု သူ့စိတ်က နားလည် နေသည်။ သူသည် ဂျိုစီအား တချက် လှမ်းကြည့်သည်။

‘ ဖယောင်းတိုင်ဖိုး ကို ကျွန်တော် ပေးမယ်လေ ဂျိုစီ ‘
သူ့စကားကို ကြားသောအခါ ဂျိုစီက ဟက်ဟက်ပက်ပက်ရယ်သည်။ သူ့ကျောကိုလည်း တရင်း တနှီး လှမ်းပုတ် သည်။ ဘာကြောင့် ထိုကဲ့သို့ ရယ်ရပါသနည်း။ ဒါကိုတော့ သူ နားမလည်။
အခု ဆိုလျှင် သူတို့သည် ကွင်းပြင်၏ မြောက်ဘက်ရှိ လမ်းသေးလမ်းမြွာများအပေါ် ရောက်နေကြပြီ။

သူ့အဖေနှင့် လာခဲ့ဖူးသည့် ပီလိုတာ ဘောလုံးကွင်းကိုပင် ကျော်ဖြတ်ခဲ့ကြပြီ။ အိမ် ကြို အိမ်ကြားရှိ လမ်းငယ် တခုမှ အထွက်တွင် ကော်ရီရင်တီ လမ်းမပေါ်သို့ရောက်သည်။ ထိုလမ်း မှာ လမ်းရှည်ကြီး တလမ်း ဖြစ်၍ မြစ်ဘက်သို့ မျက်နှာပြုထားသော်လည်း သန့်သန့်ပြန့်ပြန့်မရှိ။ လမ်းမကြီး၏ တဘက်တွင်မူ ပုံစံ အမျိုးမျိုး ထွက်နေသော အိမ်တန်းများ…။ တဘက်တွင် အများသုံး အ၀တ်လျှော်ကန် တကန်…။ မြည်းအုပ် တအုပ်သည် သတ္တုခွက်ရှည်ကြီး တလုံးထဲမှ ရေများကို သောက်နေကြသည်။ မြည်းထိန်း ကတော့ မြစ်ကမ်းပါးပေါ်မှ ရပ်စောင့်လျက်ရှိ၏။ သူ့ခြေထောက် များတွင် ဖိနပ်စီးမလာ။

ပလက်ဖောင်းမှာ နေရာတိုင်းလိုလိုတွင် ပျက်စီးယိုယွင်းလျက် ရှိသည်။ ထိုပလက်ဖောင်းပေါ်ဝယ် ကလေး ပေါင်း မြောက်မြားစွာသည် ကစားလျက် ရှိကြလေသည်။ သူတို့ ကစားနည်းကို နီကိုလတ်စ် နားမလည်။ တကြိမ်တခါမှလည်း မမြင်ခဲ့စဖူး။ သူ့စိတ်တွင် အထူးအဆန်းတခုဖြစ်နေသည်။ မေးချင် စိတ်ဖြင့် ဂျိုစီ၏ မျက်နှာကို မော့်ကြည့်သည်။ သို့သော်လည်း ဂျိုစီ၏ မျက်လုံးများသည် သူတို့ရှေ့ခပ်လှမ်း လှမ်း မှ အ၀တ်ထုပ်ကြီး တထုပ်ခေါင်းပေါ် ရွက်ထားသော အရပ်ပုပု အမျိုးသမီးကြီး တဦးထံ ရောက် နေ သည်။ ဂျိုစီ ၏ ခြေလှမ်းများသည် မြန်လာသည်။

‘ ဟို… ဟာ ငါ့အမေပဲ နီကို ‘ ဟု ပြောကာ သူ့အမေကို လှမ်းခေါ်သည်။ ‘ မာရီ ယာ … ၊ မာရီယာ ဆန်တီရို ‘
ခဏ နှင့်ပင် ဂျိုစီ့ အမေကို မီလာကြသည်။ ဂျိုစီက သူ့အမေ ခေါင်းပေါ်မှ လျှော်ပြီးသား အ၀တ် ထုပ်ကြီးကို လှမ်း ယူကာ ပခုံးပေါ် ထမ်းသည်။ သူ့အမေ နား နားကပ်၍ တိုးတိုး … တိုးတိုးနှင့်ပြော ပြသည်။ နားဝင်အောင် ရှင်းပြနေရသည်မှာ လွယ်ပုံမပေါ်။

ဂျိုစီ အမေ၏ မျက်နှာသည် အသွင် အမျိုးမျိုး ပြောင်းလျက်ရှိသည်။ ပထမတော့ အံ့အားသင့်ခြင်း။ နောက်တော့ မရေမရာနှင့် မဝေခွဲ နိုင်ခြင်း။ နောက်ဆုံးကျတော့ ထိတ်လန့်ကြောက်ရွံ့ခြင်း…။ သို့သော် လည်း နောက်ထပ် ဘာမှ ဆက်မပြောနိုင်သေးခင်မှာပင် သူတို့ သုံးယောက်သည် အလွန်ကျဉ်းသော လမ်းမြောင် ကလေး တခုအတွင်းသို့ ၀င်လာမိကြပြီး ချော့ကလက်ရောင် နံရံကြီးနှစ်ခုကြားရှိ ကျောက်လှေ ကား အတိုင်း တက်နေကြရသည်။ ထိုလှေကားထိပ်သို့ ရောက်သောအခါ ဂျိုစီက အားနေသော သူ့ လက်တဘက်ဖြင့် တံခါးတချပ်ကို တွန်းဖွင့်လေသည်။

‘ ဟေး … နီကို၊ ဒီဟာ ငါတို့ နန်းတော်ပဲကွ ‘ ဟု မြူးကြွသော လေသံဖြင့် ပြောသည်။ ‘အိပ်ခန်း ကတော့ နှစ်ခန်း ပဲ ရှိတယ်၊ ဒါပေမယ့် မြို့ရှုခင်းကိုတော့ ကောင်းကောင်း မြင်ရတယ်ကွ သိလား ‘
သူတို့သည် အမိုးခပ်နိမ့်နိမ့် အိမ်ခန်းအတွင်းသို့ ၀င်ခဲ့ကြသည်။ အခန်းဖွဲ့ထားပုံမှာ ထူးခြားသည်။ မီးဖိုနှင့် ဧည့်ခန်းမှာ တဆက်တည်း။ တဘက်တွင် သံမီးဖိုတလုံး ချထား၍ အခြားတဘက် မျက်နှာ ချင်းဆိုင်တွင် အရောင် အဆင်း ကင်းမဲ့နေပြီ ဖြစ်သော ဆက်တီတစုံ ချခင်းထားသည်။

ထိုနှစ်ခု၏ အလယ်တည့်တည့် သစ်သားကြမ်းခင်းပေါ်တွင် ထမင်းစား စားပွဲရှည်တလုံးနှင့် ကုလားထိုင်များ ရှိသည်။ အစိမ်းရောင်ဖျော့ဖျော့သုတ်ထားသည့် နံရံပေါ်တွင် ဓာတ်ပုံများ၊ ငှက်နှင့် လိပ်ပြာ ရုပ်တု များ၊ ပီလိုတာ ဘောလုံးပုတ်ခြင်းတစုံ၊ ပြက္ခဒိန်တခုနှင့် ဘုရားပုံတော်များ သူ့နေရာနှင့်သူ အဆင်ပြေအောင် ချိတ်ဆွဲ ထားသည်။ ပြတင်းပေါက်အနီးရှိ ခွေးခြေထိုင်ခုံတလုံးပေါ်ဝယ် အဘိုးအို တဦးထိုင်နေသည်။ အဘိုးအို သည် အရိုးအပ်ရှည်ကြီးများဖြင့် သိုးမွေးအင်္ကျီထိုးလျက်ရှိသည်။ မီးဖို ပေါ်မှ တပွက်ပွက် ဆူ နေသော သံအိုးတလုံးကို စိတ်ဝင်တစား ရပ်ကြည့်နေသူမှာ မျက်လုံးနက်နက် ဗိုက်စူစူ နှင့် အသက် ဆယ့်နှစ် နှစ် အရွယ် မိန်းကလေးတယောက်…။

‘ ဟိုဟာက အဘိုးပက်ဒရို၊ ဒါက မက်ကွီတာ’ ဂျိုစီက ပခုံးပေါ်မှ အ၀တ်ထုပ်ကိုချရင်း နီကိုလတ်စ် အား မိတ်ဆက် ပေးသည်။ ‘ တခြား ကလေးတွေ ဘယ်သွားကုန်ကြသလဲ ‘
‘ ကျောင်းကပြန်မလာကြသေးဘူး ‘ ဟု မက်ကွီတာကဖြေသည်။ သူ့မျက်လုံးများကတော့ မီးဖိုပေါ် မှ အိုး ကိုသာ ကြည့်နေဆဲ။ ခဏနေတော့မှ လှည့်ကြည့်သည်။ သူ့အကြည့်သည် နီကိုလတ်စ်အပေါ် စူးစိုက် လျက် ရှိ၏။ ‘ အစ်ကိုပြန်လာတာ စောတယ်နော် “ ‘ အေး … ဟုတ်တယ် ‘ ဟု ဂျိုစီကပြန်ပြောသည်။

ဂျိုစီအမေ မာရီယာသည် သူ့ကျောပေါ်မှ ခြုံထည်ကို မချွတ်သေး။ နီကိုလတ်စ်နှင့် ပတ်သက်နေသော ကိစ္စ အတွက် စိတ်အေးဟန် မတူ။ ဂျိုစီအား လှမ်း၍ စကားတခွန်းပြောသည်။
‘ ကဲ … လာပါဦး သားရယ် …’၊ တို့သားအမိ စကားပြောကြဦးစို့ ‘ သားအမိနှစ်ယောက် အခန်းတခန်းထဲသို့ ၀င်ရောက် သွားကြသည်။
သူတို့ ၀င်သွားခိုက်မှာပင် လှေကားဆီမှ အပြေးအလွှား တက်လာနေသော ခြေသံများကို နီကိုလတ်စ် ကြား ရ သည်။

ထို့နောက် အခန်းတံခါးပွင့်သွားပြီး အိမ်တွင်းဖြစ် လက်ချုပ် ဂါဝန်ကလေး များ ၀တ်ထားသည့် မိန်းကလေး လေးယောက် အလုအယက် တိုးဝှေ့ ၀င်လာကြသည်ကို မြင်ရ လေ၏။ သူတို့ လက်ထဲတွင် စာအုပ် ကလေး တွေ ကိုယ်စီ ကိုင်လျှက် ..၊ နီကိုလတ်စ် မှာ ထူပူလျက်ရှိ၏။ သူ့ဘ၀ တသက်တာတွင် အခုအချိန်အထိ ဤ မျှလောက် များပြားသော မိန်းကလေးများကို မတွေ့ခဲ့စဖူး။ ဘာပြော၍ ဘာလုပ်ရမှန်းလည်း မသိ။ ရှက်စိတ်ဖြင့် နံရံပေါ်မှ လိပ်ပြာရုပ်တုများကိုသာမဲ၍ ကြည့်နေမိသည်။ ကံအားလျော်စွာပင် အဘိုးအို က လှမ်း၍ ကြည့်နေမိသည်။ ကံအားလျော်စွာပင် အဘိုးအိုကလှမ်း၍ စကားပြောလိုက်သဖြင့် သူ့မှာ နေသာ ထိုင်သာ ဖြစ်သွားသည်။

‘ မင်းနာမည် ဘယ်သူလဲ ဆီညော် … ‘
‘ နီကိုလတ်စ်…’
‘ ဟောဒီ လေးယောက်က ဂျိုစီရဲ့ နှမလေးတွေပဲ၊ သူက ဂျူအာနာတဲ့၊ အငယ်ဆုံး၊ အသက်က ငါး နှစ်၊ သူကတော့ လူဝီဆာတဲ့၊ အသက်ခုနစ်နှစ်၊ ဟောဟိုဟာက အီလီနာ ကိုးနှစ်မပြည့်သေးဘူး၊ ပြီးတော့… အဆိုးဆုံး တယောက်က ဘီယန်ကာ၊ သူက မက်ကွီတာထက် နှစ်နှစ်ပဲ ငယ်တယ် …’
ကလေးအားလုံးသည် နီကိုလတ်စ်အား ၀ိုင်းအုံပြီး ကြည့်နေကြသည်။ ကြောက်ခြင်းလန့်ခြင်းမရှိ။ သူ့အား အထူးအဆန်း တယောက်သဖွယ် စေ့စေ့စပ်စပ် လေ့လာလျက်ရှိကြသည်။ သူ့နက္ကတိုင်ကို ကိုင်ကြည့် သူက ကိုင် ကြည့်သည်။ သူ့ဘောင်းဘီကြိုးသိုင်းကို ဆွဲသူက ဆွဲကြည့်သည်။ ပြီးတော့ သူ့ဖိနပ်ကြီးများ…။ သူတို့ ပါးစပ်များ ကလည်း အငြိမ်နေ။ တယောက်တပေါက် လျှောက်မေးကြလေသည်။

' ဘယ်တုန်းက ရောက်လာတာလဲ…'
' ဒီကိုလာတာ ဘာလုပ်မလို့လဲ '
' နင်က ဘယ်သူလဲ …'
နောက်ဆုံးမေးခွန်းကို ထုတ်လိုက်သူမှာ အဘိုးပက်ဒရိုက အဆိုးဆုံးဟု ပြောခဲ့သော ဘီယန်ကာ ဖြစ်သည်။
' ငါက … မစ္စတာ ဟာရင်တန် ဘရန်းဒီးရဲ့ သား…၊ သူက စပိန်နိုင်ငံမှာ လာနေရတဲ့ အမေရိကန် ပြည်ထောင်စု ကောင်စစ်ဝန် '
' အေး… အေး ဟုတ်တယ်…' ဟု လူဝီဆာက ကြောက်လန့်သော အမူအရာဖြင့် ရေရွက်သည်။ ' ဒီ …ဆီညော် ကလေး က အမေရိကာနိုးလူမျိုးပဲ၊ တို့အစ်ကို ဂျိုစီ ရဲ့ သခင်ကြီး သားပေါ့ '

ကလေးအားလုံး နောက်သို့ ဆုတ်ခွာသွားကြသည်။ နီကိုလတ်စ်၏ မျက်နှာသည် ရှက်စိတ်ဖြင့် နီရဲ လျက်ရှိလေသည်။ သူတို့ပြောနေကြသည်မှာ သူ့အကြောင်းပင် ဖြစ်ရမည်။ ထိုအခိုက်မှာပင် ဂျိုစီတို့ သားအမိ အခန်းထဲမှ ပြန်ထွက်လာကြသည်။ နှစ်ဦးစလုံး၏ မျက်နှာများမှာ သာသာယာယာရှိကြ သည်။ မဆိုစလောက် သောက အရိပ်အငွေ့ကလေးကတော့ ဂျိုစီ၏ မခင်မျက်နှာတွင် ရှိနေသေး၏။
' ကဲ…လာကြ၊ ညနေစာ စားကြမယ်' ဂျိုစီအမေ မာရီယာက အားလုံးကိုခေါ်သည်။ နီကိုလတ်စ်ကိုပါ ပြုံး၍ ထိုင်ကြသည်။

မာရီယာက အိုးကြီးတလုံးကို ရင်ခွင်ထက်တင်၍ ပွေ့ထားသည်။ သူ့လက်များ မှာ အ၀တ်လျှော်ရလွန်း အားကြီး၍ ပဲကြီးရေစိမ်ကဲ့သို့ ဖြူဖွေးတွန့်လိမ်နေကြသည်။ လက်သည်းခွံ များမှာလည်း သွေးရောင် ပင် မမြင်ရ။ နူးပွဖြူဆွတ်နေသည်။ သူသည် အိုးထဲမှ ရေလုံပြုတ်ဟင်းကို ပန်းကန်ပြားထဲသို့ တဇွန်းစီ အညီအမျှ လိုက်ထည့် ပေးသည်။ စားပွဲထိပ်မှ ထိုင်နေသော ဂျိုစီသည် မြစ်ဘက်သို့ ငါးမျှားထွက်စဉ်က နီကိုလတ်စ် စားခဲ့ရဖူးသည့် ပေါင်မုန့်ကြမ်းမျိုး တလုံးကို လှီးလျက် ရှိ၏။ ထို့နောက် လူဝီဆာက ဘုရားသခင်အား ကျေးဇူးတင် စကားရေရွက်သည်။ ပြီးမှပင် အစား အစာကို စားကြလေသည်။

သူတို့ အစားအစာတွင် အချဉ်ရည်မပါ။ ၀ိုင်အရက်မပါ။ ထောပတ်မပါ။ ထောပတ်အစား အပေါစား သံလွင်ဆီ ကို ပေါင်မုန့်ကြမ်းတွင် ခပ်ပါးပါးကလေး ပါသည်ဆိုရုံမျှ သုတ်၍ စားကြသည်။ ရေလုံပြုတ် ဟင်းထဲ ၌ အမဲသားစ အနည်းငယ်တော့ ပါပါ၏။ သို့သော်လည်း ထိုအမဲသားစမှာ အပေါစား အညံ့ စား အဆီ နှင့် အရွတ်များသာဖြစ်၍ ပါသည်ဆိုနိုင်ရုံမျှသာ ပါခြင်းဖြစ်သည်။ မျက်စိကိုဖြဲ၍ မနည်းကြီး ရှာနိုင် မှ တဖတ်စ နှစ်ဖက်စသာ ရနိုင်သော အမဲသားစ ဖြစ်လေသည်။ မည်သို့ပင်ဖြစ်စေ ကြက်သွန် နီ နမ်းချင်း ထည့်၍ ပြုတ်ထားသောရေလုံပြုတ်ဟင်းရည်မှာ အနံ့အရသာနှင့် ပြည့်စုံလှချေသည်။ နီကိုလတ်စ်အဖို့တော့ ဘယ် အချိန် ဘယ်ကာလကမှ မစားခဲ့ရဖူးသော အလွန်အရသာထူးသည့် ဟင်းကောင်းတခွက် ဖြစ်နေ ပေသည်။

မာရီယာ သည် အားလုံး၏ အရိပ်အခြည်ကို ကြည့်၍ သူအနည်းဆုံးစားသည်ကို နီကိုလတ်စ် သတိ ထားမိ သည်။ အဘိုးပက်ဒရို ကလည်း မာရီယာ လိုပင်ဖြစ်သည်။ နောက်ထပ် ထပ်ထည့်သည်ကို မတွေ့ရ။ တအိမ်လုံး တွင် ၀င်ငွေအကောင်းဆုံးရှာနိုင်သည့် ဂျိုစီ တယောက်ကိုသာလျှင် နောက် တကြိမ် ထပ်ထည့် ပေးသည်ကို တွေ့ရသည်။

နီကိုလတ်စ်သည် အိမ်သားများ အခြေအနေကို ကြည့်၍ သူကိုယ်တိုင်လည်း နောက်ထပ်မထည့်။ ထို့နောက် ပါကွီတာ သည် ထိုင်ရာမှ ထသွားကာ မီးဖိုပေါ်မှ ကရားကြီး တလုံးကို ယူလာပြီးမည်း နက်နေသော ကော်ဖီ ကို တခွက်စီ လိုက်ငှဲ့ပေးသည်။ ကော်ဖီ အရောင်အဆင်းမှာ သောက်ချင်စရာ မရှိ။ အနံ့ကလည်း မီးခိုးနံ့ သင်း သည် ဟု နီကိုလတ်စ် နားလည်ထားသည်။ သို့သော်လည်း သူပြော၍ မဖြစ်။ ဣနြေ္ဒမပျက်ပင် သူ့ရှေ့ မှ ကော်ဖီ ပန်းကန်ကိုယူ၍ သောက်သည်။ သူမကြိုက်ကြောင်း တခြား လူတွေရိပ်မိကုန်မည်ကို စိုးရိမ် သဖြင့် မျက်နှာကို မရွံ့မိစေရန် အောင့်ထားလေသည်။

ကော်ဖီသောက်ယင်း စကားစမြည်ပြောကြသည်။ ကလေးများက သူတို့ကျောင်း၌ ကြုံခဲ့ရသည့် တနေ့တာ အတွေ့ အကြုံများကို တယောက်တပေါက် ၀ိုင်းပြောကြသည်။ ပြောယင်းမှလည်း သူတို့၏ ဧည့်သည် နီကိုလတ်စ် အား မကြာခဏ လှမ်း၍ …လှမ်း၍ ကြည့်တတ်သည်။ မာရီယာက ပါကွီတာအား သူ ယနေ့ ဆိုင်တဆိုင် ၏ မှန်ဗီရိုထတြွင် မြင်ခဲ့ရသည့် အစိမ်းရောင် ၀တ်စုံအကြောင်း ကိုပြောပြနေသည်။ 


ဂျိုစီ ကတော့ ကုလားထိုင်တွင် ကျောမှီကာ သူ့အဘိုးပက်ဒရိုနှင့် ပီလိုတာ ဘောလုံးပွဲအကြောင်း ပြောနေ ကြသည်။ အထူးသဖြင့် နောက်တကြိမ် ဟူစကားအသင်းနှင့် ထပ်မံ ကစားရဦးမည့် သူတို့ ဆန်ဂျော်ဂျီ အသင်း နိုင်ခြေ ရှိ မရှိ ဆွေးနွေး ပြောဆိုလျက် ရှိကြသည်။ ရှက် စိတ်ဖြင့် မွှန်ထူနေသော နီကိုလတ်စ် တယောက် သာလျှင် နှုတ်ဆိတ်လျက်ရှိ၏။ အခြေအနေကို ရိပ်စားမိသော ဂျိုစီက နီကိုလတ်စ်အား စကား ပြောလာ အောင် ရေလာမြောင်းပေးလုပ်သည်။

' မင်းကော ဘယ်လိုထင်သလဲ နီကို '
နီကိုလတ်စ်က သက်ပြင်းတချက် ရှူလိုက်၏။
' ပြီးခဲ့တဲ့ ပွဲတုန်းက ကစားသလိုသာ ခင်ဗျား ကစားမယ်ဆိုရင်တော့ ခင်ဗျားတို့ ဘက်ကနိုင်မှာ သေချာ ပါတယ်။ သူသည် စကားကို ဆက်မပြောပဲ ရပ်ထားသည်။ သို့သော်လည်း သူ့စိတ်ထဲ၌ ဖြစ် ပေါ်လာသည့် အတွေး ကိုတော့ သူ ထုတ်ဖော်မပြောပဲ မနေနိုင်။ ' ခင်ဗျား မြို့ကြီးတွေ တက်ပြီး ကစားဖို့ ကောင်းတယ်ဗျ၊ ဒါဆိုရင် ငွေတွေ အများကြီး ရမှာ '
ဂျိုစီပြုံးလေသည်။

' ငါက မြို့ကြီးတွေပေါ် တက်ကစားနိုင်လောက်အောင် မကျွမ်းကျင်သေးဘူးကွ၊ ပြီးတော့လဲ ငါက မြို့ကြီး တွေမှာ မနေချင်ဘူး၊ အသက်ရှူကျပ်ပြီး သေမှာ၊ ငါက တောပိုင်းမှာ ပျော်တဲ့ကောင်၊ လေကောင်း လေသန့် လဲရတယ်၊ ငါးမျှားလို့လဲရတယ်၊ ဘယ်လောက် ဟန်ကျသလဲ '
' အဘိုး တို့ ဆန်တီရိုမျိုးတွေက ပီလိုတာ ဘောလုံးကို မျိုးနဲ့ ရိုးနဲ့ ချီပြီး ကစားခဲ့ကြတာကွဲ့၊ ဒါပေမယ့် ငွေရဖို့ ကစား ကြတာ မဟုတ်ဘူး၊ သက်သက် ၀ါသနာပါတဲ့ အားကစားတခု အနေနဲ့ ကစားခဲ့ကြတာ'ဟု ပက်ဒရိုက လေအေး ကလေးဖြင့် ၀င်ပြောသည်။ ' ဂျိုစီအဖေဟာ နာမည်ကြီး ပီလိုတာဘောလုံးသမား တယောက် ပေါ့…၊ ဟောဟိုမှာ သူ့ဓာတ်ပုံ' အဘိုးအိုက နံရံပေါ်မှာ မုတ်ဆိတ်မွေး စစနှင့် ခပ်တုတ်တုတ် ခိုင်ခိုင် လူတယောက် ၏ ဓာတ်ပုံကိုညွှန်ပြသည်။

 ' အဘိုးတောင်မှ ငယ်ငယ်တုန်းက ပွဲကြည့် ပရိသတ် သဘောကျအောင် အသုံးတော်ခံခဲ့တဲ့ ပီလိုတာ ဘောလုံး သမားတယောက်ဖြစ်ခဲ့သေးတယ် '
' အဘိုးဟာ ကျွန်တော်တို့ မိသားစုထဲမှာ အကောင်းဆုံး ဘောလုံးသမားပါ အဘိုးရာ' ဟု ဂျိုစီက ၀င် ပြောသည်။ ' တခါလောက်တော့ အဘိုးတို့ ဇာရောစာအသင်းနဲ့ ကစားခဲ့ကြတဲ့ ပွဲအကြောင်း နီကိုလတ်စ်ကို ပြောပြ ပါလား ' အဘိုးအိုက နှစ်နှစ်ခြိုက်ခြိုက် ပြုံးသည်။

' ကနေ့ ညနေခင်း လေ့ကျင့်ဖို့ သွားဦးမယ် မဟုတ်လား ' ဟု အဘိုးအိုကမေးသည်။ ' ဂျေဗီကတော့ သူ ကစား ကွင်းမှာ ရှိမယ်လို့ မှာထားတယ် '
ဂျိုစီက ခေါင်းခါသည်။
' ကျွန်တော် ကနေ့ည နီကိုနဲ့နေရဦးမယ်၊ ဟေး … ငှက်ကျားလေးတွေ…၊ မင်းတို့ စကားပဲ များနေကြ တယ်၊ ကနေ့ည ဖဲမကစားကြတော့ဘူးလား၊ ငါတို့ ဧည့်သည် အမေရိကာနို လူမျိုးကြီးကို ငါတို့ ဘယ် လောက် တော်တယ်ဆိုတာ ပြကြရအောင် '

ဂျိုစီ၏စကားကို သဘောကျလွန်းသဖြင့် ကလေးအုပ်စုသည် ဆူညံဆူညံဖြစ်သွားသည်။ ဘီယန်ကာ သည် စားပွဲ တလုံးဆီသို့ ပြေးသွားကာ အံဆွဲထဲမှ ဖဲထုပ်ဟောင်း တထုပ်ကို ဆွဲထုတ်သည်။ ထမင်း စား စားပွဲ ပေါ်မှ ပန်းကန်များကို တယောက်တလက် ၀ိုင်းသိမ်းကြသည်။ ကစားပွဲတွင် မာရီယာ ကတော့ မပါနိုင်။ သူ့မှာ အ၀တ်ခြောက်များ ခေါက်စရာအလုပ်၊ အ၀တ်ဟောင်းများ ဖာထေးစရာ အလုပ်များ ရှိနေသည် ဟုဆိုကာ စားပွဲမှ ထသည်။ ကျန် လူစုကတော့ ကစားဝိုင်းတွင် ပွက်စီ…ပွက်စီ နှင့် ကျန်ခဲ့ကြလေ၏။

ဖဲကစားနည်းမှာ ရိုးရိုးရှင်းရှင်းကလေးဖြစ်၍ တပွဲ နှစ်ပွဲ ကစားမိသည်ဆိုလျှင် နီကိုလတ်စ် နားလည် သွားသည်။ ကစားဝိုင်းတွင် အသံတစာစာနှင့် ရယ်တတ်သူမှာ ဂျူအာနာ…။ ဖွင့်ထားသော ပြတင်း ပေါက်မှ နေ၍ အပြင် လောကမှ အသံဗလံများသည် အဆက်မပြတ် ၀င်လာလျက်ရှိ၏။ မြို့ဘက်မှ တ၀ီဝီ အသံများ…။ မြစ်ဘက်မှ လမ်းလျှောက်ထွက်သူများ၏ ခြေသံများ…။ ညနေထုတ် ဂေစီးတား သတင်းစာ အော်ဟစ် ရောင်းချနေသံများ…။ တချုန်းချုန်း၊ တခြိမ်းခြိမ်းမြည်နေသော လက်တွန်း လှည်းတွန်းသံများ။ တပြိုင် တည်း ထိုးလိုက်သော ခေါင်းလောင်းသံများ။

မှောင်စပျိုးလာသည့်အခါ လမ်းမတလျှောက်ရှိ လမ်းမီးတိုင်များသည် လင်းလာကြသည်။ မြို့ဘက်မှ ဆိုင်းဘုတ် တခုသည် မှိတ်လိုက် လင်းလိုက်…။ ပတ်ဝန်းကျင် တခုလုံး သာတောင့်သာ ယာမှုသည် အသက် ၀င်နေသည်။ ဤလှုပ်ရှားမှုများကြားတွင် သူ့ဘ၀အတွက် အာမခံချက်သည် ရှိလာသည်။ နေရ ထိုင်ရ သည်မှာ လုံခြုံမှုရှိလာသည်။ အခန်းထဲရှိ လူအားလုံး၏ ပွင့်လင်းရင်းနှီးမှု သည် နီကိုလတ်စ်၏ စိတ်ကို ထိထိခိုက်ခိုက် ရှိလွန်းလှချေသည်။ ကြောက်စရာလန့်စရာ၊ စိတ် ချောက်ချားစရာ ဖြစ်ရပ်များသည် ပျောက်ကွယ် သွားသည်။ သာယာခြင်း ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း ချမ်းမြေ့ခြင်း စသော ခံစားမှုများသည် သူ့စိတ် ကို ရစ်ပတ်ဖွဲ့နှောင်လာသည်။

ယခုလို စုတ်စုတ် ချာချာနိုင်လွန်းသော ဤအိမ်မျိုးအတွင်း၌ မြင်နိုင် တွေ့နိုင်၏။ ဤမျှလောက် အောက်တန်း ကျ၍ ဤမျှလောက် နိမ့်ကျသော သာမန် လက်လုပ်လက်စား ဆင်းရဲသား မိသားစုတစု၏ ကြားတွင် သူ့ စိတ်မှာ သာယာပျော်ရွှင်ခြင်းနှင့် ကြည်နူး ချမ်းမြေ့ခြင်းဟူသော အရသာကို ရရှိခံစားနေရ၏။ တကယ် မှ ဟုတ်ပါလေစ။ နီကိုလတ်စ် အနေဖြင့် ဘာကြောင့် သူအခုလို ဖြစ်ရသည်ကို အပင်ပန်း ခံ၍ မစဉ်းစား။ 

အခါအခွင့်သင့်၍ ရလာသည့် အခွင့်အရေးကို အပြည့်အ၀သုံးကာ ပျော်ရွှင်မှု တည်း ဟူသော ရေလျဉ်ကြောတွင် မျောပါသွားသည်။ သူ့မျက်လုံးအစုံသည် ကြည်လင်တောက်ပနေကြ သည်။ သူ့ရယ်သံ သည် သွက်လက်မြူးကြွနေသည်။ သူသည် စိတ်ပါလက်ပါပင် ဖဲချပ်များကို ကောက်လိုက် ပြန်ပစ် ချလိုက်…။

မည်မျှကြာကြာ ကစားနေမိကြသည်ကို သူ သတိမထားမိ။ ပြူတင်းပေါက်အနီးတွင် ထိုင်၍ အ၀တ် များ ဖာထေး နေသည့် ဂျိုစီ၏ အမေ မာရီယာ ထလာခါမှပင် ကိုးနာရီ ထိုးလုနီးနေမှန်း သိကြလေ တော့သည်။
‘ ကစားပွဲ မသိမ်းကြသေးဘူးလား ‘ ဟု မာရီယာက အသံအေးအေးဖြင့် လှမ်းမေးသည်။ ‘ အိပ်ကြ ဖို့ အချိန် တော်ပြီထင်တယ် ‘
 
မာရီယာက လှမ်း၍ သတိပေးလိုက်ချိန်တွင် နီကိုလတ်စ်မှာ ကစားဝိုင်းတွင် မဲနေခိုက်ဖြစ်သည်။ အများ နည်းတူ အော်ကြီးဟစ်ကျယ် ရယ်မောနေချိန်ဖြစ်ရာ ရုတ်တရက် အငိုက်မိခံရသလို ဖြစ်သွား သည်။ သူသည် ပါးစပ်အဟောင်းသားဖြင့် မာရီယာကို မော့်ကြည့်နေမိလေသည်။ ဤမျှလောက် ကျဉ်းမြောင်း သော အိမ်ထဲတွင် သူတို့လူစု ဘယ်လိုပုံဖြင့် အိပ်ကြရပါမည်နည်း။ အထူးသဖြင့် ဧည့် သည်ဖြစ်နေသော သူ့ အတွက် အိပ်စရာနေရာ ရှိနိုင်ပါမည်လော။ ဒီအချိန်ကျမှတော့ သူ့ကို ကာဆာ ဘရီဇာ အိမ်ကြီးသို့ ပြန်သွား ပါတော့ဟု ပြောကြလိမ့်မည်မထင်။

သူ့မျက်နှာရိပ် မျက်နှာကဲကို အကဲခတ်မိဟန် တူသော ဂျိုစီက အားရပါးရရယ်သည်။
‘ စိတ်မပူပါနဲ့ကွ နီကိုရ၊ မင်းဟာ အလွန်ပူတတ်တဲ့ ကောင်းကလေးတယောက်ပါလား…၊ ငါတို့မှာ အိပ်စရာ နေရာတွေရှိပါတယ်၊ ဟောဒီမှာကြည့် ‘ ဂျိုစီက သူ့ကုလားထိုင်တွင် ခြေပစ်လက်ပစ် မှီချ လိုက်ပြီး အတွင်း ဘက် အခန်းတခန်းကို လက်ညိုးထိုးပြသည်။ ‘ အမျိုးသမီးအားလုံး အဲဒီ အခန်းထဲ မှာ အိပ်ကြတယ် ‘
နီကိုလတ်စ်က ဂျိုစီ ညွှန်ပြသော အခန်းကို လှည့်ကြည့်သည်။ အခန်းထဲတွင် ခုတင်နှစ်လုံးနှင့် ပြည့် လျက်ရှိ လေသည်။

‘ ဒါပေမယ့် … ကျွန်တော်တို့က ဘယ်မှာ အိပ်ရမှာလဲ ‘
ဂျိုစီက မာရီယာအား ရပ်လျက်ရှိ၏။ သူသည် လက်တဘက်ဖြင့် ခန်းဆီးအစကို ဆွဲဖယ်နေသည်။ ခန်းဆီး နောက်မှ အိပ်ရာတခုပေါ်လာသည်။ နံရံတွင် ခပ်ချထားသည့် သေတ္တာများနှင့် ပြုလုပ်ထား သော အိပ်ရာ…၊ မာရီယာသည် ထိုအိပ်ရာပေါ်သို့ အ၀တ်သန့်သန့်များ ထပ်ခင်းလျက်ရှိလေသည်။
‘ ပက်ဒရို နဲ့ ငါနဲ့ ညတိုင်း ဒီပေါ်မှာ အိပ်တယ် ‘ ဟု ဂျိုစီက ရှင်းပြသည်။ ‘ ဒါပေမယ့် ကနေ့ညတော့ မင်းနဲ့ ငါနဲ့ အိပ်ရမယ်။ အဘိုးက ဟိုခုံရှည်ပေါ်မှာ အညောင်းဆံ့ရမယ်နော် …အဘိုး’
‘ ဒါပေါ့ကွ၊ ရပါတယ်’ ဟု ပက်ဒရိုက ကျေကျေနပ်နပ် ပြန်ဖြေသည်။ ‘ ခုံရှည်ပေါ်မှာလဲ ဇိမ်ကျပါတယ်ကွ ‘

နီကိုလတ်စ် သက်ပြင်းချသည်။ သူ့တသက်တာတွင် တခြားလူတဦးနှင့် တအိပ်ရာတည်းတွဲ၍ အိပ်ခဲ့ဖူး သည်မဟုတ်။ အခုညတော့ဖြင့် အိပ်ရပေတော့မည်။ ထိုအတွေးဝင်လာသောအခါ တကိုယ် လုံး ယားသလို ဖြစ်လာသည်။ သူ့အဖြစ်ကို မည်သူမှ သတိထားမိကြပုံတော့မပေါ်။ 

ညီအစ်မငါး ယောက်သည် အိပ်ရာဝင်ကြတော့မည်ဖြစ်၍ သူ့လက်ကို တယောက်စီ လာဆွဲ၍ နှုတ်ဆက် နေကြ သည်။ ထို့နောက် သူတို့ မိခင်မာရီယာနောက်မှ လိုက်သွားကြသည်။ အဘိုးပက်ဒရိုသည် ငါးမိနစ် ခန့် အပြင်ထွက်၍ ခြေညောင်း လက်ဆံ့ သဘောဖြင့် လမ်းလျှောက်နေသည်။ ဂျိုစီကတော့ သေတ္တာ တလုံးဘေး၌ ပုံထားသည့် စာအုပ် ပုံပေါ် မှ မဂ္ဂဇင်း တစောင်ကိုဆွဲယူပြီး တောင်လှန် မြောက်လှန် လုပ်နေ သည်။

နီကိုလတ်စ်သည် ဆုတ်ဆိုင်းနှင့်ပင် အ၀တ်အစားများကိုချွတ်၍ ကုလားထိုင်တလုံးပေါ် လှမ်းတင် သည်။ ရှက်စိတ်ဖြင့် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်လျက်ရှိ၏။ ဂျိုစီကတော့ သူ့ကိုမကြည့်။ သူ့အမေအား စကား တခွန်း နှစ်ခွန်း လှမ်းပြောပြီး အိပ်ရာအောက်မှ ပစ္စည်းတခုကို ယူပေးသည်။ မာရီယာက နီကိုလတ်စ်၏ နောက်မှ လာရပ်ပြီး ဂျက်ကက်အင်္ကျီကြီးတထည်ခြုံပေးသည်။ 

အင်္ကျီ မှာ လူကြီးဝတ်ပုံဆန်းဆန်း၊ သို့သော်လည်း ကျကျနနလျှော်ဖွက်ထားသဖြင့် သန့်သန့်ပြန့်ပြန့် ရှိသည်။ နီကိုလတ်စ်က အင်္ကျီကို လက်နှစ်ဘက်ဖြင့် လျှုပြီး အလိုက်သင့် ၀တ်လိုက်သည်။ လည်ပင်းနှင့်ခါး မှ ကြယ်သီးများကို တပ်လိုက်သည်။ အခုလို ဆိုတော့လည်း အဆင်ပြေသွားလေသည်။ ခြုံစရာ စောင်မလို။ ဤအင်္ကျီတထည်တည်းနှင့် လုံလောက် သွားပြီ။ သူသည် အိပ်ရာပေါ်တက်ကာ နံရံကို ကျောနှင့်ကပ်၍ လှဲ လိုက်လေ၏။

အပြင်ဘက်တွင် လမ်းလျှောက်နေသော အဘိုး ပက်ဒရိုအိမ်ထဲပြန်ဝင်လာသည်။ အခန်းထဲတွင် ခဏမျှ လမ်းသလားနေသည်။ ပါးစပ်မှလည်း တွတ်တွတ် တွတ်တွတ်နှင့် စကားပြောလျက်ရှိ၏။ တယောက် တည်း ပြောနေခြင်း…။ ထို့နောက် ခုံရှည်ပေါ် လဲလျောင်းသံကို ကြားရသည်။

ဂျိုစီကတော့ မဂ္ဂဇင်း စာအုပ်နှင့် ကုလားထိုင်တွင် ထိုင်နေဆဲ၊ ထိုင်ရာမှ ထရပ် လိုက်သောအခါ အားရပါးရ တချက်မျှ သမ်းလိုက်သည်။ ကုန်းလိုက်ကွလိုက်နှင့် လေ့ကျင့်ခန်းအနည်းငယ် လုပ်ပြီးမှ ဖိနပ်များကို ချွတ်သည်။ ထို့နောက် မီးကိုပိတ်သည်။ နောက်တမိနစ် နှစ်မိနစ်ခန့်အကြာတွင် ဂျိုစီ သည် အိပ်ရာထဲသို့ ရောက်လာ လေ၏။
နီကိုလတ်စ် အိပ်မပျော်သေးမှန်းကို သူသိနေသည်။

‘ မင်း အိပ်ရတာ အဆင်ပြေရဲ့လား … နီကို…၊ သိပ်များကျဉ်းကျပ်နေသလား ‘
‘ မကျပ်ပါဘူး … ရပါတယ် ‘
တဖြည်းဖြည်း နှင့် နီကိုလတ်စ်၏ ကိုယ်ခန္ဓာပေါ်ရှိ အကြောအချဉ်များသည် ပြေစပြုလာသည်။ သေတ္တာ အိပ်ရာ သည် ပျော့ပျောင်း နူးညံ့လာသည်။ စည်းစိမ်ရှိလာသည်။ သူသည် စိတ်အေးနား အေးပင် အိပ် ပျော်ခြင်း သို့ရောက်သွားလေ၏။
………………………….
အခန်း (၁၂) ဆက်ရန်
.

No comments: