Monday, June 28, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၁၄)

အခန်း (၁၄) အီဗာ

သင်္ဘောသည် မစ္စစ္စပီပြစ်ကြောစုန်ဆင်းလာခဲ့သည်။ ကမ်းနှစ်ဖက်မြင်ကွင်းသည် တဖြည်းဖြည်း ပြောင်းလဲ လာနေ၏။ နေရောင်လက်သော မြစ်ပြင်၌ သင်္ဘောသည် တောင်ဖက်သို့ ဦးတည် ခုတ်မောင်းလာခဲ့သည်။ သင်္ဘောပေါ်တွင် ၀ါဂွမ်းထုပ်များ စုပြုံလာပေပြီ။ ခရီးသည်များဖြင့်လည်း ပြွတ်သိပ်လာ၏။

    မစ္စတာဟာလေသည် တွမ်၏ အနေအထိုင် အမူအရာတို့ကို လေ့လာရင်းပင် မစ္စတာ ရှယ်လဗီ၏အဆိုကို တနေ့ တခြား သက်ဝင်ယုံကြည်လာသည်။ ဤသို့ဖြင့် ဦးလေးတွမ်အပေါ် စိတ်ချလာသည်။ ထို့ကြောင့် ပထမ တွင် ဦးလေးတွမ်အား အနှောင်အတည်းမပါပဲ အိပ်ရန် ခွင့်ပြုခဲ့ သည်။ ထို့နောက်တွင်ကား ဟာလေ သည် တွမ်အား နှောင်ကြိုးမှ လွှတ်ထားလိုက်သည်။ တွမ် သည် သင်္ဘောပေါ်တွင် လွတ်လွတ်လပ်လပ် သွားလာနေထိုင်ခွင့် ရလာသည်။ ထိုအခါမှစ၍ ဦးလေးတွမ်သည့် သင်္ဘောသမားတွေ၏အလုပ်ကို ၀ိုင်းဝန်းကူညီသည့်အခါ ကူညီသည်။ ကူညီ လုပ်ကိုင်စရာ ရှိပါက တွမ်သည် ဦးပိုင်းရှိ ၀ါဂွမ်းပုံများထက်သို့ တက်ကာ သမ္မာကျမ်းစာကို ဖတ်ရှု နေတတ်မြဲ ဖြစ်၏။

    သင်္ဘောသည် နယူးအောလင်းမြို့သို့ ဆိုက်ကပ်ရန် မိုင်တရာသာသာမျှသာ လိုတော့ သည်။ တွမ်သည် ပတ်ဝန်းကျင် ရှုခင်းများကို ငေးမောမိသည့်အခါ ငေးမောမိလေသည်။ ကမ်းတဖက်တချက်က စိုက်ခင်းများ၊ စိုက်ခင်းမျးအတွင်း၌ အလုပ်လုပ်နေကြသော နီးဂရိုးကျွန် များ၊ ထိုနီးဂရိုးကျွန်များ၏ တဲပုတ်များ စိုက်ခင်း ပိုင်ရှင် တို့၏ တိုက်တာအိုးအိမ်များကို မြင်ရ၏။ ထိုအခါ သူသည် ကင်တတ်ကီပြည်နယ်က သူ့လုပ်ငန်း နှင့် စိုက်ခင်းများကို ပြန်လည် မြင်ယောင်လာသည်။

သူ့သခင်အိမ်ကိုလည်း သတိရသည်။ သူ့သခင်အိမ်ဘေးက သူ့အိမ်ခန်းကလေးကိုလည်း မြင်လာ သည်။ သူ့သခင်အိမ်ကိုလည်း သတိရသည်။ သူ့သခင်အိမ်ဘေးက သူ့အိမ်ခန်းကလေးကိုလည်း မြင်လာသည်။ သို့ဖြင့် သူနှင့်အတူ လုပ်ကိုင်ခဲ့သော လုပ်ဖော်ကိုင်ဖက်များနှင့် သူစားသုံးရန် ညနေစာ ပြင်ဆင်ခြင်းဖြင့် အလုပ်များ နေတတ်သော ဇနီးသည်ကိုလည်း မြင်ယောင်လာသည်။ သူ့ရင်ခွင် တွင် တွတ်တီးတွတ်တာ လုပ်လာ တတ်သော ကလေးငယ်နှင့် ပျော်ရွှင်မြူးတူးနေသော သားငယ် တို့၏ အသံပလံများကိုလည်း ကြားယောင် လာသည်။

    ဤသို့ သားမယားတို့နှင့် ခွဲလာရသည့်အခါမျိုး၌ စာကလေးတစောင် ပေကလေးတဖွဲ့မျှ ရေးသားပေးပို့နိုင်ဖို့ ကောင်းပေသည်။ သို့သော် တွမ်တို့လို လူစားမျိုး၌ သည်အခွင့်အရေးမျိုး မရှိ။ သူတို့၏ ကွေကွင်းမှု ကို အဆက်အစပ်ပြုပေးနိုင်သည့် ပေါင်းကူး တန်ထားည် မရှိ။ မာကြောင်း သာကြောင်း စာကလေး မျှပင် ရေးနိုင်ခွင့် မရှိ။

    မျက်ရည်ပေါက်သည် သူ့ ရှေ့က  သမ္မာကျမ်းစာပေါ်သို့ ကျခဲ့ရလေပြီ။ ဤသမ္မာကျမ်းစာ ကို ဖတ်ရပြီဆိုသောအခါ  ဂျော့ကိုလည်း သူ သတိရပြန်သည်။
    မည်သို့ဖြစ်စေ၊ ဤသမ္မာကျမ်းစာကို ဖတ်ဖြစ်ပြီဆိုသောအခါ ဟိုစဉ် သူ့ အခန်းကလေး တွင်၌ တစုတဝေး သမ္မာကျမ်းစာဖတ်ခဲ့ကြသည့်အဖြစ်၊ ပျော်ရွှင်ကြည်နူးဖွယ်အဖြစ်တို့ကို သူ အမှတ်ရနိုင်သည်။ သို့ဖြင့် သမ္မာ ကျမ်းစာ သည် အတိတ်ကာလ ပျော်ရွှင် ကြည်နူးဖွယ်ဖြစ်ရပ်များကို ပြန်လည် မြင်ယောင်စေသကဲ့သို့ပင် အနာဂတ် အတွက် အားတက်ဖွယ်ရာကို ဖန်တီးပေးနေခြင်းပင် ဟု သူ မှတ်ယူနိုင်လေသည်။

    ဤသို့သင်္ဘောပေါ်တွင် လွတ်လပ်စွာ သွားလာရင်း၊ ထိုသင်္ဘောပေါ်ထပ်တွင် သမ္မာကျမ်း စာဖတ်ရင်း သူသည် သူငယ်မကလေးတယောက်ကို သတိပြုမိလာသည်။
    ထိုသူငယ်မကလေးအား သင်္ဘောပေါ်တွင် ပါလာသော စိန့်ကလဲယားဆိုသူ၏ သမီး ဖြစ်သည်။ စိန့်ကလဲယားသည် နယူးအော်လင်းမြို့၌ စီးပွားဖြစ်နေသော လူငယ်တယောက် ဖြစ် သည်။ သူနှင့်အတူ သူ့အမ ဖြစ်ဟန်ရှိသူ တယောက်လည်း ပါလာ၏။

    သူငယ်မကလေးသည် သင်္ဘောပေါ်တွင် ဟိုမှသည်သို့ ပြေးလွှား ကစား ပျော်ပါးနေတတ် သည်။ အသက်အရွယ်မှာ ငါးနှစ်ခြောက်နှစ်ခန့် ရှိသေးပုံရသည်။ ဖြူဆွတ်သော အ၀တ်ကို အမြဲလို ၀တ်ဆင် ထားသည်။ သူ့ကို သင်္ဘောတစ်စင်းလုံးကပင် ခင်မင်ကြလေသည်။ သူ့မျက်နှာ ဟန်ပန် ကလည်း ချစ်စဖွယ် ပင်။

    ကွမ်အဖို့ သူငယ်မကလေးကိုမြင်ရတိုင်း စိတ်မှာ ကြည်နူးသည်။ သဘောကျသည်။ ရံခါ၌ သူငယ်မ ကလေးသည် ဟာလေ၏ ကျွန်များအကြားသို့ ရောက်လာတတ်သည်။ သူသည် သံကြိုး တန်းလန်းနှင့် ကျွန်တွေကို မြင်ရသောအခါ မျက်နှာညှိုးငယ်တတ်မြဲ ဖြစ်၏။ ရံခါတွင် သူသည် လက်မှာ သကြားလုံးများ၊ မြေပဲများကို တဆုပ်တထွေးကြီး ယူလာကာ ထိုနီးဂရိုးကျွန်များကြားသို့ ရောက်လာတတ်သည်။ သူ့လက်တွင် ပါသမျှကို ကျွန်များအား ဝေငှပေးလိုက်သည်။

    ဤသို့သော သူငယ်မကလေးကို မြင်ရသော တွမ့်အဖို့ ထိုသူငယ်မကလေးကို ရင်းနှီးချင် လာသည်။ ထို့ကြောင့် သူငယ်မကလေးနှင့် ရင်းနှီးရန် အခွင့်အလမ်းကို သူ ရှာသည်။ သို့သော် သူငယ်မကလေးသည် ရှက်တတ်ပုံရသည်။ ပြီး သူ့မှာ အငြိမ်နေသည်ဟူ၍လည်း မရှိ။ ထို့ကြောင့် တွမ့်အဖို့ သူငယ်မကလေးကို အလွယ် နှင့် မိတ်ဖွဲ့ဖွင့် မရပဲ ဖြစ်နေသေး၏။ နောက်ဆုံးတွင်ကား တွမ်သည် သူငယ်မကလေးနှင့် ရင်းနှီးခွင့် ရရန် စကားစဖြစ်လေတော့သည်။

    "မိန်းခလေးနာမည်က ဘဲ့နဲ့ခေါ်သလဲကွယ့်"
    ကြိမ်ဖန်များစွာ ဦးလေးတွမ်နှင့် တွေ့ဆုံခဲ့ရပြီဖြစ်၍ သူငယ်မကလေးသည် အစပိုင်း ကလောက် ရှက်ရွံ့ရွံ့ ဖြစ်နေပုံ မပေါ်တော့ပေ။
    "အီဗန်ဂေလင် စိန့်ကလဲယားပါရှင်။ သို့ပေမယ့် ဖေဖေနဲ့ တခြားလူတွေကတော့ အီဗာလို့ ဘဲ ခေါ်ကြပါတယ်။ ဒါထက် ဦးလေးနာမယ်ကျတော့ကော ဘယ်လိုခေါ်ပါသလဲ"
    "ကျုပ်နာမည်က တွမ်တဲ့ကွယ်။ ဒါပေမယ့် ကင်တတ်ကီမှာတုန်းကတော့ ခလေးတွေက ဦးလေးတွမ်လို့ ခေါ်ကြတယ်"

    "ဒါဖြင့် ကျမလဲ ဦးလေးတွမ်လို့ ခေါ်နိုင်တာပေါ့နော်။ ခု ဦးလေးတွမ်က ဘယ်သွားမလို့လဲ ဟင်"
    "ကျုပ် ဘယ်သိပါ့မလဲ အီဗာ"
    "မသိဘူး ဟုတ်လား"
    "ဒါပေါ့ကွယ်၊ ကျုပ်တို့ကို ရောင်းဘို့ ခေါ်လာတာဘဲဟာ။ ဘယ်က ဘယ်သူက ၀ယ်လို့ ဘယ်ရောက် မယ် ဆိုတာ ဘယ်မှာလာပြီး သိနိုင်ပါ့မလဲ"
    "ဒီလိုဆို ဖေဖေ ၀ယ်နိုင်တာပေါ့။ ဟုတ်တယ်၊ ဖေဖေ့ကို ၀ယ်ခိုင်းအုံးမှဘဲ။ ဖေဖေသာ ၀ယ်ရင် ဦးလေးတွမ် ဟန်ကျမှာ" အီဗာသည် ခပ်သွက်သွက် စကားဆိုလိုက်သည်။
    "ကျေးဇူးပါဘဲ မလေးမရယ်"

    ထိုအခိုက်မှာပင် သင်္ဘောသည် ဆိပ်ကမ်းတခုတွင် ဆိုက်ကပ်လေသည်။ အီဗာသည် သူ့ အဖေခေါ်သံ ကြားသဖြင့် နေရာမှ ထသွားလေသည်။ တွမ်သည်လည်း သင်္ဘောသားများကို အကူ အညီပေးနိုင်ရန်အတွက် အောက်ထပ်သို့ ဆင်းခဲ့လေသည်။
    သားအဖနှစ်ယောက်သည် သင်္ဘောလက်ရန်းတွင် ရပ်လျက် သင်္ဘောဆိုက်ပုံ၊ ထွက်ခွာ လာပုံများကို ကြည့်နေကြ၏။

    သင်္ဘောသည် ခဏချင်းပင် ဆိုက်ကပ်ရာမှ ပြန်လည် ထွက်ခွာရန် ပြင်လေသည်။ သင်္ဘောစက်ရှိန် တင်လိုက် သည်နှင့် သင်္ဘောသည် နေရာမှ ဆတ်ကနဲ ထွက်လေ၏ လက်ရန်းတွင် ရပ်ကြည့်နေသော အီဗာ သည် သူ့ကိုယ်သူ မဟန်နိုင်ပဲ ရေထဲသို့ ချော်ကျသွားလေတော့သည်။

    တွမ်သည် အောက်ထပ်ကနေ၍ အပေါ်ထပ်မှ ချော်ကျလာသော အီဗာကို ရိပ်ကနဲ မြင် လိုက်သည်။ ချက်ချင်းပင် တွမသည် ရေထဲသို့ ခုန်ချပြီး အီဗာကို ဆယ်ယူသည်။ ထို့နောက် သင်္ဘောသို့ ခေါ်ယူ ခဲ့လေ သည်။ ဤသို့ဖြင့် အီဗာ့အသက်ကို ကယ်ဆယ်လိုက်သည်။
    နောက်တနေ့တွင် သင်္ဘောသည် နယူးအောလင်းသို့ ဆိုက်ကပ်ရန် နီးကပ်လာခဲ့လေ သည်။ ခရီးသည်အများပင် သင်္ဘောမှ ဆင်းကြရတော့မည် ဖြစ်သောကြောင့် အထုပ်အပိုးများ သိမ်းဆည်း ပြင်ဆင် ကြလေပြီ။

    တွမ်သည် ခပ်လှမ်းလှမ်းက သားအဖနှစ်ယောက်ကို ငေး၍ ကြည့်နေသည်။ အီဗာ့ မျက်နှာ ကလေးမှ မသိမသာ ညှိုးငယ်နေဟန် ရှိ၏။ ဖခင်ဖြစ်သူသည်မူ ဟာလေနှင့် စကားလက်ဆုံ ကျနေ ၏။ သူ့ဟန် အမူအရာ မှာ ရွှင်ရွှင်မြူးမြူး ဖြစ်နေသည်။
    "ကဲ၊ ကောင်းပြီလေ။ ခင်ဗျား ကင်တတ်ကီမှာ ဘယ်လောက် ထိခိုက်နစ်နာခဲ့ရသလဲ။ တိုတို ပြောရရင်တော့ ဘယ်လောက်ပေးရမလဲပေါ့ဗျာ။ ခင်ဗျားကော ဘယ်လောက် ကျုပ်အပေါ် ပတ်တီးချ မလဲပေါ့ဗျာ"

    "ထောင့်သုံးရာဆိုရင် မများဘူး ထင်ပါတယ်။ ကျုပ် အဆုံးအရှုံး ကာမိရုံဆိုပါတော့။ နောက်ပြီး ခင်ဗျားလဲ မြင်တဲ့ အတိုင်းဘဲ။ ဒီကောင်က တောင့်တောင့်တင်းတင်းရယ်။ ခိုင်းချငိုင်း ခိုင်းဘဲ" ဟာလေက သူ့ကုန် ပစ္စည်း အတွက် သူ အဘယ့်ကြောင့် ဤဈေးကို တောင်းဆိုရကြောင်း ရှင်းပြသည်။
    "ဟဲ၊ ဟဲ၊ မလုပ်ပါနဲ့ဗျို့။ အဲဒီလို တောင့်တောင့်တင်းတင်းတွေဘဲ မြင်းတွေ ဘာတွေ ခိုးခိုး ပြီး ထွက်ပြေး သွားတတ်ကြတာ။ ဒီတော့ ခင်ဗျားပြောတဲ့အတိုင်း တောင့်တောင့်တင်းတင်း ဖြစ်နေ တာကြောင့် အဲဒီ အတွက် ဈေးတော့ လျှော့အုံးမှ ဖြစ်မယ်ဗျ"

    "ဒီကောင်က ဒီလိုလူ မဟုတ်ပါဘူး။ သူ့မူလ သခင့်ဆီက ထောက်ခံစာတွေ ကြည့်ပါ။ ဒီကောင်ဟာ ရိုးသားတယ်၊ အလုပ်ကြိုးစားတယ်၊ ဘာသာတရားလဲ ကြည်ညိုတယ်ဗျာ"
    အီဗာ့သခင် စိန့်ကလဲယားသည် ဟာလေ့ထံမှ တွမ်ကို ၀ယ်ယူရန်အတွက် စကားဆိုနေ ခြင်း ဖြစ်၏။ ထိုအခိုက် မှာပင် ဘေးက သမီးငယ်သည် ဖခင်အား လှမ်း၍
    "ဖေဖေရယ် ၀ယ်လိုက်ပါ။ ဖေဖေ့မှာ ပိုက်ဆံရှိသားနဲ့ဟာ" တိုက်တွန်းသည်။

    "ဘာလုပ်ဖို့လဲ သမီးရယ်။ ဘာလဲ သမီးက သူ့ကို မြင်းလုပ်စီးချင်လို့လား" ဖခင်လုပ်သူက ရန်ရွှန်းပရွှန်း တုံ့ပြန်သည်။
    "သူစိတ်ချမ်းသာ လက်ချမ်းသာ နေစေ့ချင်လို့ပါ ဖေဖေရယ်"
    စိန့်ကလဲယား သည် ဟာလေနှင့် အရောင်းအ၀ယ် စကားပြောဆို ပြေလည်ကြပြီးနောက် တွင် ဟာလေ့ ထံမှ တွမ်နှင့် ပတ်သက်သမျှသော ပိုင်ဆိုင်ခွင့် စာချုပ်များကို လှမ်းယူသည်။ ဟာလေ့ အားလည်း တွမ့် အတွက် ကျသင့်ငွေကို ပေးချေလိုက်သည်။

    "ကဲ၊ ဖေဖေ ၀ယ်လိုက်ပြီးသမီး" စိန့်ကလဲယားသည် သမီးအား လှမ်းပြောပြီး သမီးကိုပါ လက်ဆွဲခေါ်၍ တွမ်ရှိရာသို့ လာခဲ့သည်။ တွမ့်ရှေ့သို့ ရောက်လျှင် တွမ့်မေးစေ့ကို လက်ဖြင့်ပင့်၍
    "ကဲ၊ တွမ်။ မင့်းသခင် အသစ်ကို သဘောကျရဲ့လား၊ ကြည့်စမ်းပါအုံးကွ" ဟု ရယ်ရယ် မောမော ပြောလိုက်သည်။
    တွမ်သည် နုမျစ် ပျိုရွယ်သော သူ့သခင်သစ်ကို ကြည့်ရင်း ၀မ်းမြောက် ၀မ်းသာခြင်းဖြင့် မျက်ရည်စို့ လာကာ "သခင့်ကို ဖုရားသခင် စောင်မပါစေ" သည်းလှိုက် အူလိုက် ပြောလိုက်၏။
    "ဒါထက် မင်းနာမယ်က တွမ်၊ ဟုတ်တယ်နော်။ မင်းမြင်းလှဲတော့ မောင်းတတ်ရဲ့လားကွ"

    "ကျုပ် မောင်းနေကျပါဘဲ"
    "အေး ဒီလိုဆို မင်း တပတ် တကြိမ်ထက် ပိုပြီး အရက်မသောက်ဖူးဆိုရင်တော့ မင်းကို ငါရဲ့ မြင်းလှည်း မောင်း သမားအဖြစ် ခိုင်းရမှာဘဲ
    တွမ်သည် ထိုစကားကြောင့် ထိတ်ထိတ်ပျာပျာ  ဖြစ်သွားကာ
    "ကျုပ် အရက်မသောက်တတ်ပါဘူး သခင်"

    "ဒါမျိုးတွေ ကြားရပေါင်းများပါပြီ တွမ်ရယ်။ အေးလေး ကြည့်သေးတာပေါ့။ မင်း တကယ် မသောက်ဖူးဆိုရင် မင်းအဖို့ အထူးအခွင့်အရေးရရမှာပေါ့ကွာ။ ထားပါလေ။ ဒါက အရေးမကြီးပါ ဘူး။ မင်းကြည့်ရပုံ ကတော့လဲ ဆိုးမယ့်ပုံ့ မပေါ်ဘူး။

    "စိတ်ချပါသခင်"
    ထိုအခိုက်မှာပင် အီဗာက ကြားဝင်၍
    "ဒီမယ် ဦးလေးတွမ်၊ ဦးလေးတွမ် ဟန်ကျမှာပါ။ ဖေဖေကတော့ ဒီလိုဘဲ။ လူတကာကို ပြောင်ချင် နောက်ချင် တာကလွဲ လူတိုင်းအပေါ် ကောင်းပါတယ်" ပြောသည်။
    "သမီး ထောက်ခံတာနဲ့ဘဲ ဖေဖေက သမီးကို ကျေးဇူးတင်လှပါပြီကွယ်" ရယ်မောပြောဆို ရင်း နေရာမှ ထွက်သွား လေတော့သည်။

အခန်း (၁၅) ဆက်ရန်
.

2 comments:

မြတ်နိုး said...

အမ.. ဦးလေးတွမ်က တအားတိုတယ်နော်..တနေ့ ၂ပိုင်းတင်ပေးပါလား..ဟင်.... ဟီး


ဖတ်ရတာအားမရဘူး။ ဒဂုန်ခင်၂လေးကတော့ ကျော်ဖတ်ဖြစ်တယ်။ စာရေးတဲ့သူ့ကို အထင်သိပ်မကြီးတော့လို့..။

Anonymous said...

Totally agree with the above one, Myat Noe San. :D :D


Pleaseeeeeeeeeee:)))))))


Ray